Sunday, June 29, 2008

စက္ကူကျား စီမံကိန်း


စက္ကူကျား စီမံကိန်း
သကြားမင်းကြီး
ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၀၇။
(ပေးပို့သူ ။ ။ အခြေအနေ ကိုက်ညီနေဆဲဖြစ်၍ ပြန်လည်ဆန်းသစ်ရန် ပေးပို့လိုက်ပါသည်။ ဇွန်လ၊ ၂၀၀၈)

တခါက အင်မတန် သာယာလှပတဲ့ ခြုံဖုတ်စားကျက်ခင်းကြီးတခုမှာ တိရိစ္ဆာန်လေးတွေ စုပေါင်းနေထိုင်ကြ တယ်။ တနေ့တော့ ကျားဆိုးကြီး ရောက်လာတယ်။ တောကောင်လေးတွေအပေါ် ဗိုလ်ကျနေတယ်။ နေ့စဉ် သတ်ဖြတ် စားသောက်နေတဲ့အတွက် တိရိစ္ဆာန်လေးတွေဟာ အတော့်ကို ဒုက္ခရောက်နေကြသတဲ့။ ကျားဆိုး ကြီး နှိပ်စက်ထားတဲ့အတွက် တိရစ္ဆာန်လေးတွေဟာ သားတကွဲ မယားတကွဲဖြစ်ကြ၊ ဒုက္ခိတတွေ ဖြစ်ကြပေါ့။

ဒီတော့ သူတို့ဟာ ကျားဆိုးကြီးကို ခုခံတော်လှန်ကြသတဲ့။ ဘယ်လိုမှ မအောင်မြင်နိုင် ဖြစ်နေကြတယ်။ ကျားဆိုးကြီးကို နှိမ်နင်းတဲ့နေရာမှာ တကွဲတပြားစီ ဖြစ်နေလို့မရဘူး။ စုပေါင်းမှ ရမယ်ဆိုတာကို သူတို့လက် ခံထားတဲ့အတွက် ပြည်ထောင်စုခြုံဖုတ် အမျိုးသားကောင်စီ National Council of Union of Bush၊ အတို ကောက် NCUBကို ဖွဲ့စည်းပြီး ကျားဆိုးကြီးကို တအိအိနဲ့ တော်လှန်နေခဲ့ကြတာ အချိန်အတော်ကြာသွား ပြီဆိုပဲ။

သူတို့က တောထဲက ဆူပါပါဝါ တိရစ္ဆာန်ကြီးတွေ ထောက်ခံမှုရအောင် လော်ဘီလုပ်ဖို့ လိုတယ်ဆိုပြီး အစိုးရတခုကိုလည်း ဖွဲ့လိုက်သေးတယ်။ ဒီအစိုးရကိုတော့ National Coalition Government of Union of Bush – NCGUB လို့ ခေါ်ကြသတဲ့။ အစိုးရအဖွဲ့ကို ဒေါက်တာဖွတ်ကြားက ဦးဆောင်တယ်။ ဖွတ်ကြားကို အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် တင်ထားရတာကတော့ ကြားနဲ့ ကျားက အသံတူတယ်။ ဒီတော့ သူက ဝန်ကြီးချုပ် ဖြစ်သင့်တယ်လို့ တိရစ္ဆာန်တွေက ယူဆကြတယ်။ သူက အေးတယ်၊ စကားနည်းတယ်၊ ပြဿနာ မရှိနိင်ဘူးထင်ပြီး တိရစ္ဆာန်လေးတွေက တင်ထားလိုက်တယ်။


သူဦးဆောင်တဲ့အဖွဲ့ရဲ့ တာဝန်ကလည်း ကျားကိုခြောက်ဖို့ စက္ကူကျားရုပ်ကြီး တခုကိုလုပ်ပြီး ကျားယောင်ဆောင်ရတဲ့ တာဝန်တဲ့။ ဒါပေမယ့် သူက အရမ်းပျင်းပြီး အမြဲတမ်းခွေနေတဲ့အတွက် သူ့ကျားရုပ်ကြီးကို ဘယ်သူမှ ရှိတယ်လို့တောင် မထင်ကြတော့ဘူး။ တခါကဆို သူ့ကျားရုပ်ကြီးကို ကျားဆိုးကြီးက သေးနဲ့တောင် ပန်းသွားသေးရဲ့။

ဒါကြောင့် ကျားဆိုးကြီးကို ထိထိရောက်ရောက် နှိမ်နင်းမဲ့သူ မရှိတော့တဲ့အတွက် အခြေအနေက အတော့်ကို ဆိုးဝါးလာတာပေါ့။ တနေ့တော့ အလုပ်သမားခေါင်းဆောင် ကိုတောနွား ဦးဆောင်ပြီး အရေးပေါ် အစည်းအဝေး ခေါ်လိုက်ကြသတဲ့။

"ညီအကိုတော်တို့၊ ငါတို့ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး။ တို့တိရိစ္ဆာန်တွေ မျိုးတုံးတော့မယ်။ ဒီတော့ ငါ့မှာ အကြံတခုရှိတယ်။ ငါတို့က အားနည်းသတ္တဝါတွေ ဖြစ်လို့သာ ခွေးမသား ကျားဆိုးကြီးက ငါတို့ကို နှိပ်စက်နေတာ။ ငါတို့သာ ကျားဆိုရင် သူ ဒီလိုနှိပ်စက်နိုင်ပါ့မလား။"

တောနွားက စကားကို ခဏဖြတ်ထားလိုက်တယ်။ တောသတ္တဝါလေးတွေဟာ တောနွားရဲ့လေကို မိသွားကြတယ်၊ ငြိမ်သက်သွားကြတယ်။ တောနွားက ဆက်ပြီး "ငါတို့ဟာ နွားမဟုတ်၊ လိပ်မဟုတ်၊ တကယ့်ကျားဖြစ်အောင် လုပ်ရမယ်။"

"တကယ့်ကျားဖြစ်အောင် လုပ်ရမယ်" ဆိုတဲ့စကားကို တောနွားက သုံးခါတိတိ ဆက်တိုက် ပြောလိုက်တဲ့အတွက် နားထောင်နေတဲ့ တောကောင်လေးတွေက ကြက်သီးတွေ ဘာတွေ ထသွားသတဲ့။ ခွေးအ တကောင်ဆိုရင် တောနွားရဲ့ စက္ကူကျားစီမံကိန်းသာ အောင်မြင်ရင် တိရစ္ဆာန်လေးတွေကို ခုတ်နိုင်မယ်၊ ဒါဆိုရင် အရိုးအရင်း စားရနိုင်တယ်လို့ ယူဆပြီး အူချင်သလို ဖြစ်လာတယ်။

တိရိစ္ဆာန်လေးတွေက "ဒီတော့ ဘာဆက်လုပ်မလဲ ဆရာကြီး" လို့ မေးလိုက်တဲ့အခါမှာ တောနွားက "ငါ့မှာ အကြံရှိတယ်။ ငါတို့ ကျားဆိုးကြီးထက်ကြီးတဲ့ စက္ကူကျားရုပ်တခု လုပ်ရမယ်။ ဒါပေမယ့် ဒီကျားက တကယ့်ကျားအတိုင်း ဖြစ်ရမယ်။ ကျားရဲ့ သဘာဝက သူ့ထက်မိုက်တဲ့ ကျားတကောင်ပေါ်လာရင် အမြီးကုတ် ထွက်ပြေးစမြဲပဲ။"

ဒါပေမယ့် ယုန်လေးတကောင်က "ကိုနွားကြီး၊ အရင်ကလည်း ကျနော်တို့ ကျားရုပ်တွေ လုပ်ခဲ့ဖူးတယ်။ ကျားရုပ်တွေ များလာတာပဲ အဖတ်တင်တယ်ဗျ။ ၁၉၈၈ တုန်းက ဦးခရု စင်ပြိုင်ကျားရုပ်တခု၊ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိင်ရတဲ့ လိပ်တွေနဲ့ ဖွတ်ကြီးဦးဆောင်ပြီး ကျားရုပ်တခု လုပ်ခဲ့သေးတယ်။ ကျားဆိုးကတောင် သေးနဲ့ပန်းသွား သေးတယ် မဟုတ်လား။"

မြက်စားနေတဲ့ တောင်ဆိတ်တကောင်ကလည်း "ဒရယ်တွေက ကျားဆိုးကြီး နှိပ်စက်နေတာ ဒီစားကျက်ကြီး ထဲမှာနေလို့ ဖြစ်ရတယ်လို့ ယူဆပြီး တလောကပဲ သီးခြားစားကျက်ခင်း နိုင်ငံတော်ဆိုပြီး ကြေညာတယ်။ ကျားရုပ်ကြီးတခုကို သူတို့လုပ်သေးတာပဲ။ ဒါပေမယ့် မထိရောက်ဘူး။ သူတို့ကျားအရုပ်က မိုးတွေရွာလိုက်လို့ ရေထဲမှာ ပျော်သွားတယ်ဗျ။"

ဖြူကောင်ကလည်း "ဟုတ်ပါရဲ့ဗျာ။ သူတို့က ကျားရုပ်တွေလုပ်ပြီး ကျားခြောက်ကြတော့ ကျုပ်တို့ကလည်း ကျားနဲ့ တူအောင်ဆိုပြီး ရိုသေပြ၊ အမြီးကုတ်ပြရတာပဲ။ ကျားဆိုးကိုလည်း ကြောက်ရ၊ ကျားတုကိုလည်း ရိုသေပြရ၊ အလုပ်က မတွင်လှဘူးဗျ။ ကျားရုပ်တခုတော့ ထပ်မလုပ်ပါနဲ့ဗျာ။ ရှစ်ကြီးခိုးပါရဲ့" လို့ ငိုမဲ့မဲ့ အသံနဲ့ တောင်းပန်တယ်။

ယုန်လေး၊ တောင်ဆိတ်နဲ့ ဖြူတို့က အလိုက်ကန်းဆိုးမသိ ဗိုလ်ပုံအလယ်မှာ ထောက်လိုက်တော့ တောနွားကြီးက ရှူးဆို ဒေါသထွက်သွားတယ်။ နှာခေါင်းက လေတွေကို ရှူးဆို တချက်မှုတ်လိုက်ရင်း "မင်းတို့ ပါးစပ်ပိတ်ထားစမ်း၊ ခွေးမသားတွေ။ ဘာနားလည်လို့လဲ။ ငါ့ကျားရုပ်စီမံကိန်းကို မကြိုက်ရင် မင်းမှာ ဘာအကြံရှိလဲ။ ကဲ၊ ခုပြော" လို့ တောနွားကဆိုတော့ ယုန်လည်း ပါးစပ်ပိတ်သွားတယ်။ တောင်ဆိတ်လည်း ဗျစ်တောက်ဗျစ်တောက်ပဲ လုပ်နိုင်တော့တယ်။ ဖြူက ကိုယ်ကို လုံးလိုက်တယ်။

ဒါပေမယ့် တောနွားရဲ့ ကျားရုပ်စီမံကိန်းကို ဒေါက်တာဖွတ်ကြားကလည်း အပြင်းအထန် ထပြီး ကန့်ကွက်တယ်။
"ဒီကိစ္စ ကျုပ်သဘောမတူနိုင်ဘူး။ ဒီမှာ ကိုတောနွား၊ ခြုံဖုတ်တခုတည်းမှာ ကြက်ဖနှစ်ကောင် မအောင်းသင့်ဘူး။ ကျားရုပ်တရုပ် ရှိပြီးသားကို နောက်ထပ်ကျားရုပ် ထပ်လုပ်တာ မဖြစ်သင့်ဘူး။"

သူကန့်ကွက်ရတဲ့ အကြောင်းက ကျားယောင်ဆောင်ထားရတဲ့ အရသာကို သူ သဘောခွေ့နေလို့ ဖြစ်တယ်။ ကျားဆိုးကြီးက ဖွတ်ကြား ကျားရုပ်ကို ဂရုမစိုက်ဘူး။ တောကောင်ငယ်လေးတွေကလည်း ဖွတ်ကြားကိုတွေ့ရင် အားနာပါနာနဲ့ "မစ္စတာ ကျားရုပ်ကြီးခင်ဗျား"လို့ အခေါ်ခံရတာကိုပဲ သူက သိပ်ကို သာယာနေတာကိုး။ ကျားသေးပန်း သွားတဲ့အတွက် ကျားသေးစော် နံနေတာကို သူ့ကိုယ်ကထွက်တဲ့ ကျားနံ့လို့ထင်ပြီး ပြုံးပြုံးနဲ့ ကျေနပ်နေသတဲ့။

ငယ်သူငယ်ချင်းတွေက ကိုဖွတ်ကြားလို့ တရင်းတနှီး ခေါ်ရင်တောင် သူက မကြိုက်ချင်တော့ဘူး။ ဖွတ်ကျား (ယပင့်နဲ့ ကျားထားတယ်) လို့ ခေါ်တဲ့သူကို သူက နေရာပေးတယ်။ သူ့ကျားရုပ်ကို ဖျက်ပြီး တောနွားက ကျားရုပ်အသစ်တခု လုပ်လာမှာကို စိုးရိမ်လာတယ်။

တောနွားက မျက်ဆန်ကြီး နီလာပြီး ဖွတ်ကြားကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့ "ယူနိုးဟွိုင်း You know why?" (ဘာကြောင့်လဲ သိလား) လို့ ပြန်မေးတယ်။ သူ့အမေးကို သူ့ဖာသာ ဖြေလိုက်တယ်။ "ခင်ဗျားတို့ လုပ်ထားတဲ့ ကျားရုပ်တွေက ကျားနဲ့ မတူလို့ဗျ" လို့ ပြန်ဟောက်လိုက်တယ်။ ဆက်ပြီး "ငါလုပ်ပြမယ်။ တကယ်ကျားနဲ့ တူတဲ့ ကျားရုပ်။"

ဒါနဲ့ ဖွတ်ကြားလည်း ဘာမှပြန်မပြောနိုင်ဘူး ဖြစ်သွားတယ်။

တိရစ္ဆာန်လေးတွေက နောက်ထပ်ကျားရုပ်တခု ထပ်လုပ်ရမှာကို ချီတုံချတုံ ဖြစ်နေကြတယ်။ ကျားရုပ်တွေများပြီး တခုမှ အလုပ်မဖြစ်တာကို သိနေတယ်။ ဆုံးဖြတ်ချက်ချလို့ မရသေးလို့ အစည်းဝေးကို ခဏနားလိုက်တယ်။ သူများနားနေတဲ့ အချိန်မှာ တောနွားက မနားဘူး။ ကျန်တဲ့ တောသတ္တဝါလေးတွေကို လိုက်စည်းရုံးတော့သတဲ့။ သူ ကျားရုပ်လုပ်တဲ့အခါမှာ တိရစ္ဆာန်လေးတွေကို ကျားရေခြုံဖို့ အလှည့်ကျ တာဝန်ပေးမယ်ဆိုပြီး လက်သိပ်ထိုး စည်းရုံးတော့တယ်။ တိရစ္ဆာန်လေးတွေကလည်း ကျားရူးရူးနေတဲ့ကောင်တွေ ချည်းပဲဆိုတော့ ကျားရုပ်တခု ထပ်လုပ်မယ် ဆိုတာကို သဘောခွေ့နေကြသတဲ့။ တချို့ကောင်တွေဆိုရင် နောင်ဘဝမှာ ကျားဖြစ်ရပါစေလို့ တောထဲက ရသေ့ထံမှာ ဆုတောင်းကြတယ်။

တောနွားက သဘာပတိ တောဝက်ကြီးကို ကျားရေခြုံရမယ်လို့ မဲဆွယ်ထားတယ်။ "ဥက္ကဌကြီးခင်ဗျား၊ ခင်ဗျားနဲ့ ကျားရေလေးနဲ့ သိပ်လိုက်တာပဲ။ ကြက်သရေရှိတယ်။ ဒါမှ တခြားတိရစ္ဆာန်လေးတွေက ခင်ဗျားကို လေးစားမယ်"လို့ ပင့်ထားတယ်။ သဘာပတိကြီးလည်း အတော့ကို ပီတိဖြစ်တယ်။ ဒေါက်တာကိုရွှေလိပ်ဆိုရင် ကျားဖြစ်ချင်နေတာ ကြာပြီ။ ဖွတ်ကြားက သူ့ကို ချောင်ထိုးထားတယ်လို့ ခံစားနေရတယ်။


ဒါကိုသိတဲ့ တောနွားက "ခင်ဗျားလို အရည်အချင်းရှိတဲ့ လိပ်တကောင်ကို ဖွတ်ကြားက ကျားယောင်ဆောင်ဖို့ တာဝန်မပေးတာ ခင်ဗျားအတွက် ကျုပ်ရင်နာ တယ်" လို့ နှဲ့တယ်။ နှစ်ကိုယ်ကြားလေသံနဲ့ တောနွားက "ဒီမှာ ကိုလိပ်၊ ခင်ဗျား ကျားရေခြုံရစေမယ်။ ခင်ဗျား ကျုပ်ကို ထောက်ခံပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျားဆိုးကြီးက ဆိုးလွန်းလို့ပါ။ ကျုပ်လုပ်နေတာ ခင်ဗျားတို့ အတွက်ပါ" လို့ ပူပုံပန်းလှည့်ပြောတယ်။

သူက အိမ်ပြန်ရောက်တော့ သူမိန်းမ မရွှေလိပ်ပုကို ကြွားတယ်။ "မိန်းမရေ၊ ကိုတောနွားကြီးကလည်း ခက်တာပဲကွာ။ ခင်ဗျားအခွံက မာတယ်၊ သန်တယ်၊ ခင်ဗျား ကျားလုပ်မှ ဖြစ်တော့မယ်လို့ ကိုယ့်ကို မေတ္တာရပ်ခံနေတယ်။ မင်း ဘယ်လိုသဘောထားလဲ။"

မရွှေလိပ်ပုကလည်း "ဟုတ်လား၊ ဒါလင်။ ကျားဖြစ်ရင်တော့ ခင်လည်း ကျားမယား ဖြစ်ရပြီပေါ့။ ကိုယ့်ဖက် ကိုယ်ယက်နိုင်ပြီ" ဆိုပြီး အားရဝမ်းသာ ထောက်ခံလိုက်သတဲ့။

ပုတ်သင်ညိုကိုလည်း တောနွားက "အသင် ပုတ်သင်ညို၊ သင်က အရောင်ပြောင်းနိုင်တဲ့ အစွမ်းရှိတယ်။ ဘယ်သူမှ သင့်လို အရောင်ပြောင်းနိုင်စွမ်း မရှိဘူး။ ကျားအရောင်တိုင်း သင်ပြောင်းနိုင်မယ်လို့ ငါယုံကြည်တယ်။ "သူကဆက်ပြီး "သင့်ရဲ့မူရင်းအရောင်ကိုတောင် ကျုပ်မမှတ်မိတော့ဘူး"လို့ မြှောက်ပေးလိုက်တဲ့အခါမှာ ပုတ်သင်ညိုဟာ သဘောအကျကြီး ကျနေတယ်။ ခေါင်းတငြိမ့်ငြိမ့်နဲ့ "ကျုပ်သဘောတူတယ်။ ကျုပ်သဘောတူတယ်" ဖြစ်သွားတာပေါ့။

တောနွားက တောကြောင်နဲ့ ချောင်းစပ်မှာတွေ့တယ်။ ပဋိသန္တာရစကားဆိုရင်း "နီတိဆရာတွေရဲ့အဆိုအရ ကျားဆရာက ကြောင်ကိုးဗျ။ အကြောင်းမညီညွတ်လို့ တညောင်ညောင်အော်နေရတာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် တတောလုံး ပြေးကြည့်လို့မှ ကျားနဲ့တူတဲ့ အကောင်ကို ပြပါဆိုရင် ဘယ်မလဲ၊ ဘယ်သူကိုပြမလဲ။ ကိုရင်တော ကြောင်ကိုပဲ ပြရမှာပဲ။ ဒါကတော့ ကိုယ်လူကိုယ် တင်တယ်လို့ စွပ်စွဲလည်း ခံရမှာပဲ၊ ဟုတ်တာကိုဗျ။ ကျုပ်ရဲ့ မဟာစက္ကူကျား စီမံကိန်းမှာ ကျားသံလို အော်နိုင်တာ ကိုကြီးတောကြောင်ပဲ ရှိတာပဲ။ ဒီတာဝန်ကို ရဲရဲယူစမ်းပါ" လို့ မြှောက်ပင့်လိုက်တယ်။

ကျားသံနဲ့ တူတယ်လို့ မြှောက်လိုက်တဲ့အတွက် တောကြောင်ကလည်း သဘောခွေ့သွားတယ်။ "ခင်ဗျားတို့ တာဝန်ပေးတယ် ဆိုရင်တော့ အများကောင်းစားရေးအတွက်ပဲ ယူပါတယ်ဗျာ" ဖြစ်သွားတယ်။

ဒါနဲ့ အစည်းဝေး ပြန်စကြတယ်။ တောနွားက လိပ်နဲ့ ပုတ်သင်နဲ့ တောကြောင်ကို စည်းရုံးထားတဲ့အတွက် မဟာကျားရုပ် စီမံကိန်းကို အများစုက ထောက်ခံမဲ ရသွားတယ်။ သဘာပတိ တောဝက်ကြီးက ကျားရုပ်တခု လုပ်စေလို့ အတည်ပြုလိုက်တယ်။

ကျားရုပ်ကိုလုပ်ဖို့ တောနွားကိုပဲ တာဝန်ပေးလိုက်တယ်။ တောနွားလည်း ကျားရုပ်လုပ်တတ်တဲ့ လူတယောက်ကို ဘုရားပွဲဈေးက ရှာလာတယ်။ ဒီလူက ကျားရုပ်ကြီးကို လက်ခယူပြီး လုပ်ပေးလိုက်သတဲ့။

တောနွားလည်း ကျားရုပ်ကြီးကိုသယ်ပြီး စာကျက်ခင်းကြီးထဲကို ပြန်လာတယ်။ သူလုပ်လာတဲ့ ကျားရုပ်ကြီးကို တိရစ္ဆာန်လေးတွေရှေ့မှာ ပြလိုက်တယ်။ တိရစ္ဆာန်လောကတခုလုံး …
"ဟာ"
"အို"
"အလိုတော်"
"အလိုဗျာ"
ဆိုတဲ့ အာမေဋိတ်သံတွေလွမ်းသွားသတဲ့။ ကျားက တကယ်တူတယ်။ တချို့ဆိုရင် ထွက်ပြေးကြတယ်။ ကန့်ကွက်မိတဲ့ ယုန်က ထခုန်တယ်။ ဖွတ်ကြားက ယောင်ပြီး ခွေမိတယ်။

သဘာပတိ တောဝက်ကြီးက "ကျားအစစ်ထက်တောင် ကျားနဲ့တူတယ်"လို့ ချီးမွမ်းတယ်။ ဒီလိုဖြစ်နေတာတွေကို ကြည့်ပီး တောနွားကြီးက ပီတိဖြစ်နေသတဲ့။ တော်လှန်ရေးအောင်ပြီလို့ "ဖွတ်အဲ" လို့ တချက်တွန်လိုက်သတဲ့။ တောနွားကြီးက "ကဲ၊ ရဲဘော်တို့၊ မကြောက်ကြပါနဲ့။ ဒါက စက္ကူကျားပါ၊ ကျုပ် လုပ်ထားတာပါ။"

"ဟဲ့ကောင်၊ ဟိန်းဟောက်လိုက်စမ်း" လို့ အမိန့်ပေးပြလိုက်တယ်။ ကျားရုပ်ထဲမှာဝင်နေတဲ့ တောကြောင်က စပီကာကနေ ကျားသံလို တချက်ဟိန်းလိုက်တယ်။ တိရစ္ဆာန်တွေ အကုန်လုံး အမြီးမလှုပ်၊ နားရွက် မကုတ်ရဲဘူး ဖြစ်သွားတယ်၊ ငြိမ်ကျသွားတယ်။ ဉာဏ်မရှိတဲ့ တိရစ္ဆာန်လေးတွေက တောနွားကြီးကို လှိမ့်အထင်ကြီးသွားကြတော့ တာပေါ့။

"ကဲ၊ ရဲဘော်တို့၊ လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျားဆိုးကြီးကို နှိမ်နင်းတဲ့ တာဝန်ကို ကျုပ်ယူလိုက်ပြီ။ ကျုပ်ရယ်၊ ကိုလိပ်ရယ်၊ တောကြောင်ရယ်၊ ကျားရုပ်ထဲမှာ ဝင်ပြီး ကျားယောင်ဆောင်ပေးနေပါမယ်။ ကျားဆိုးကြီးကို ပြန်ချမယ်။"

တိရစ္ဆာန်လေးတွေလည်း ပြန်သွားကြတော့တယ်။ တောနွားတို့ အဖွဲ့လည်း ကျားရုပ်ကြီးထဲဝင်ပြီး စားကျက် အလယ်ကောင်မှာ ကျားဆိုးကြီး အလာကို စောင့်နေကြတယ်။

ဒီအချိန်မှာ ကျားဆိုးကြီးက ဗိုက်ဆာလာတဲ့အတွက် တောလည်ဖို့အတွက် စားကျက်လွင်ပြင်ထဲကို ရောက်လာတယ်။ စားကျက်ထဲက အရုပ်ကျားကို တွေ့သွားတယ်။ ရုတ်တရက် လန့်သွားသတဲ့။ ကျားနဲ့ သိပ်တူနေတာကိုး။ ကျားကြီးက အနီးနားကို မသိမသာနဲ့ ကပ်သွားတော့၊ ကျားရုပ်ကြီးထဲက တောနွား၊ လိပ်နဲ့ တောကြောင်တို့ဟာ ကျားသံမျိုးစုံ လုပ်ကြတာပေါ့။

ဒါပေမယ့် ကျားဆိုးကြီးက မပြေးဘဲ ရစ်သီရစ်သီ လုပ်နေသတဲ့။ ကျားမလို့ ထင်နေတယ်။ ဖီလင်တွေ တက်လာသတဲ့။ နောက်တော့ စိတ်မထိန်းနိုင်တော့ဘဲ ကျားဆိုးကြီးက ကျားရုပ်ကြီးပေါ် ခုန်တက်လိုက်ပြီး အချစ်နလန်ထတော့တာပဲ။

တောနွား၊ လိပ်နဲ့ တောကြောင်တို့လည်း သံပြိုင်အော်ကြတယ်။ သူတို့အော်လေ ကျားဆိုးကြီးက ဖီလင်တက်လေပဲတဲ့။

ကျားဆိုးကြီးကလည်း ဖွန်မကြောင်ရတာကြာတော့ အမေရိကန် အာကာသယာဉ်မှူးမ လီဆာနိုးဝပ်လို စိတ်တွေ ထချင်တိုင်း ထနေတော့တာပေါ့။

"ခင်ကလည်းကွာ၊ ကိုကိုကျားက အတည်ယူမှာပါ" လို့ ပတ်ချွဲနှပ်ချွဲ လုပ်လိုလုပ်၊ "ကောင်မ၊ သေနာမ၊ ငါလုပ်လိုက်ရ" ပုဏ္ဏက တိုက်လိုတိုက်၊ "ကိုကိုကျားတော့ ညီမကို စွဲပြီကွာ" လို့ ပလီစိခြောက်ချက် ဆိုလိုဆို၊ "မသာမ၊ နင် ငါ့အလို မလိုက်ရင်တော့ ဂုတ်ကိုခဲပြီး ခြေခွင်ရိုက်လှဲလိုက်မှာနော်" ပြောပြီး ဖနောင့်နဲ့ ပေါက်လိုပေါက်။ ဒီလိုနဲ့ ချော့တခါ ခြောက်တလှည့်နဲ့ နသားပါယား လုပ်တော့တယ်။

တောနွားကြီးတို့ အဖွဲ့လည်း ကျားဆိုးက မပြေးတဲ့အပြင် ဖွန်ကြောင်တာကိုပါ အဆစ်ခံနေရတယ်။ ငြင်းနေရင် ကျားဆိုးကြီး ရိပ်မိပြီး ကျားစာဖြစ်မှာ စိုးတာနဲ့ ကျားဆိုးကြီး ပြုသမျှကို သူတို့ငြိမ်ခံပေးနေရလေတော့သတည်း။

----------------------------------------------------------------

ကလေးတို့ရေ၊ အိမ်မှာ လူကြီးတွေမရှိတုန်း တယောက်ယောက်က
ကျားယောင်ဆောင်ဖို့ လာခေါ်ရင်တော့ မလိုက်သွားကြနဲ့နော်။
နေ့ကောင်းရက်သာ ဖြစ်ကြပါစေကွယ်။
Have a nice day!

သကြားမင်းကြီး
ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၀၇။

‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု’

Saturday, 28 June 2008
‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု’

(၀င်းတင့်ထွန်း)
နယ်စပ်ဘ၀ ၀တ္ထုတိုများ အမှတ်(၉)

( ၁ )
‘မောင်မောင်’ဆိုတဲ့ကောင်ဟာ စီးပွားရေးသမားတယောက်ပါ။ စီးပွားရေးသမားတွေထဲမှာ‘ဘနဖူးသိုက်တူးချင်’ တဲ့ ကောင်တွေ တော်တော်များများရှိတာမှန်ပေမဲ့၊ အဲသလောက်လောဘ ဇောတိုက်တဲ့စီးပွားရေး သောင်းကျန်းသူမျိုးတွေထဲမှာ မောင်မောင် တယောက်မပါခဲ့ဖူးဘူးဆိုတာတော့ ကျမ်းကျိန်ပြောရမယ်ဆိုရင်လဲ ပြောရဲပါတယ်။ တကယ်ပါ။ ဒါကြောင့်လဲ ကိုယ့်ဟာကိုယ် အမြဲလိပ်ပြာသန့်သန့်နဲ့နေနိုင်ခဲ့သလို မောင်မောင့်အပေါ် ယုံကြည်သူတွေလဲရှိခဲ့ပါတယ်။ စီးပွားရေးကလဲ ဖြစ်ထွန်းသင့်သလောက်တော့ ဖြစ်ထွန်းခဲ့ပါတယ်။ ကျောင်းကနေဘွဲ့ရပြီးကတည်းက စီးပွားရေးလောကထဲ ခြေစုန်ပစ်ရောက်လာတော့လဲ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကြီးကြီးကျယ်ကျယ် ပြသာနာမရှိခဲ့ပါဘူး။ မိဘတွေဆွေမျိုးသားချင်းတွေ ကိုယ်တိုင်ကလဲ ကုန်သည် ကြီးမျိုးရိုးတွေ မဟုတ်လား။

လူကတရုတ်သွေးပါတော့။ ကျောင်းကပြီးလို့ စီးပွားရေးလုပ်တော့ မယ်ဆိုတော့။ မိဘတွေ ကရော ဆွေမျိုးသားချင်းတွေကပါ တရုတ်-ဗမာနယ်စပ်သွားလုပ်ဖို့ပဲ တိုက်တွန်းကြတာပေါ့။ တရုတ်စာ တရုတ်စကားကလဲ တတ်ပြီးသားဆိုတော့။ နယ်စပ်မှာဘာမှသိပ်ပြီးမကြာလိုက်ပါဘူး။ ကိုယ်လဲ ရာဘရိတ် ထောင်ဘရိတ်လောက် တော့ ကိုင်နိုင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်လာခဲ့တာပေါ့။

မိဘဆွေမျိုးအ၀န်းအ၀ိုင်း တွေဖက်က ရေခံမြေခံရှိပြီးသားဆိုတော့။ တရုတ်ပြည်ဖက်က ဘယ်ကုန် ယူချင်သလဲ။ ကြိုက်သလောက် ယူလို့ရပါတယ်။ ရောင်းပြီးငွေချေ ဒါမှမဟုတ် နှစ်ကုန်မှ စာရင်းရှင်း၊ ကြိုက်တဲ့ကုန်ကို ကြွေးယူလို့ ရပါတယ်။ ဒါနဲ့ နှစ်ဆယ်နဲ့ချီပြီး ကြာလာတဲ့အခါ ကိုယ်လဲ ကုန်သည်ကြီးတယောက် စီးပွားရေး သမားကြီး တယောက်အဖြစ်တော့ ရောက်လာခဲ့ရပါတယ်။

ကုန်သည်ဆိုတာ မြတ်မယ့်ဥစ္စာ လိုက်လုပ်ကြလေ့ရှိ တယ်ဆိုပေမဲ့ ကျနော်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ ကိုယ်သန်ရာသန်ရာ တလိုင်းကောင်း နှစ်လိုင်းကောင်းပဲ လုပ်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်သည်ကြီးတွေ တော်တော်များများဟာ သွင်းကုန်ရော ပို့ကုန်ပါ လုပ်ကြလေ့ရှိပေမဲ့။ ကျနော်ကတော့ သွင်းကုန်ပဲ အဓိက ထား လုပ်ခဲ့ပါတယ်။ သွင်းကုန်ဆိုတာ ဗမာပြည်ဖက်က သွင်းမယ့်ကုန်။ တရုတ်ကုန်ကိုပဲသွင်းပြီး လက်ကားဖြန့်တဲ့အလုပ်ကို ပြောတာပါ။

အဲဒီတော့ ကုမ္မဏီတော့ ထောင်ရ တာပေါ့။ ဒီခေတ်က ကုမ္မဏီခေတ် မဟုတ်လား။ ကိုယ်ပိုင်ကုမ္မဏီမရှိပဲ ဘယ့်နှယ်လုပ် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်မလဲ။ လက်ကား ဖြန့်တဲ့အခါ ပိုပြီးအဆင်ပြေအောင် ရန်ကုန်မှာလဲ ကုမ္မဏီခွဲတခု ထောင်ထားပါတယ်။ ကိုယ်တိုင်ကတော့ နယ်စပ်မှာပဲ ထိုင်ထား လိုက်တယ်။ ဒီဖက်ကနေ ဖုန်းနဲ့ပြော ဖုန်းနဲ့လုပ်ပေါ့ ။

လူက နယ်စပ်မှာပဲ အနေကြာလာတော့ ရန်ကုန်တို့မန္တလေးတို့မှာလဲ မနေချင်ဘူး။ ကိစ္စ၀ိစ္စရှိလို့ သွားရတာတောင် ရာသီ ဥတုကကိုယ်နဲ့သိပ် သဟဇာတမတည့် သလို ဖြစ်ဖြစ်လာတယ်။ နယ်စပ်ကမှ ကိုယ်နဲ့ပိုတည့်သလိုလို ခံစားလာရတယ်။ ဒါပေမဲ့ လူက တရုတ်သွေးတာ ပါတာ ကိုယ့်ကိုမွေးလာခဲ့တာက ရန်ကုန်လဲ မဟုတ်သလို မန္တလေးလဲ မဟုတ်ပါဘူး။ မြို့ကြီး ပြကြီးလဲ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်မှာတောင် ပင်လယ်ဝမှာ မွေးလာခဲ့တာဗျ။

မူလတန်း ကျောင်းသားထိအောင် ပင်လယ်ဝမှာပဲနေ လာခဲ့ရတာဗျ အရွယ်ရောက်တော့ ရန်ကုန်မှာလဲ အကြာကြီး ဘွဲ့ရတဲ့အထိနေခဲ့ဖူးသလို။ မန္တလေးမှာလဲနေခဲ့ထိုင်ခဲ့ဖူးပေမဲ့ ရင်ထဲမှာ စွဲနေမိတာက မြစ်ဝကျွန်းပေါ်ပဲ၊ ပင်လယ်ဝပဲ။ မကြာမကြာ သတိတရ ဖြစ်ဖြစ်နေတတ်တာကလဲ ပင်လယ်ဝပဲ။

အုပ်လိုက်မျောသွား တတ်တဲ့ ဗေဒါအုပ်တွေကို သတိရတယ်။ လမုတောနဲ့ဓနိတောကို သတိရတယ်။ တရှဲရှဲ အသံပေးရင်း ဘယ်ညာယိမ်းထိုးနေတတ်တဲ့ အုန်းတန်းအုန်းတော အုန်းလက် အုန်းရွက်တွေကိုလဲ သတိရတယ်။ အိပ်မက်တွေထဲထိအောင် သတိရနေတတ်တာကတော့။ နေ၀င်ခါနီးမှာ နေလုံးနီနီကြီး ပင်လယ်ထဲ တရွေ့ရွေ့ငုပ်ဆင်းသွားတဲ့ မြင်ကွင်းပါပဲ။ ကဗျာ ဆန်ဆန်ပြောရရင်တော့ ၀င်တော့မယ့်ဆည်းဆာမှာ နေလုံးနီနီကြီး ပင်လယ်ထဲ ရေသောက်ဆင်း သွားတဲ့ မြင်ကွင်းပါပဲ။ ငယ်ငယ်တုန်းကဆိုရင် အဲဒီအချိန် အဲဒီမြင် ကွင်းကို တမေ့တမောကို ထိုင်ထိုင်ကြည့်နေတတ်ဖူးတာ ခဏခဏပါပဲ။

ပြောချင်တာက ကျနော်ဟာ ကျနော့်မွေးရာဇာတိ ကိုဘယ် တော့မှ မမေ့နိုင်ခဲ့ဘူးဆိုတာပါပဲ။ လူကရှမ်းကုန်းပြင်မြင့်မှာ လာပြီးအခြေချမိထားတော့။ စိတ်ကသာ ရောက်ပေမဲ့။ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ဝကို ကိုယ်တိုင်မရောက်နိုင်တာတော့ ကြာပြီပေါ့ဗျာ။ ဟော...ရောက်မယ့်ရောက်ရတော့လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ တက်သုတ်ရိုက်ပြီး ရောက်ခဲ့ရတော့တယ်ဗျာ။ ဘာလို့လဲ သိလား။ နာဂစ်ကြောင့်ပေါ့ဗျာ...နာဂစ် ကြောင်...နာဂစ်ကြောင့် ...

( ၂ )
နာဂစ် ၀င်မွှေသွားတဲ့အတွက် ရန်ကုန်ရော မြစ်ဝကျွန်းပေါ်တခုလုံး တော်တော်ကို ခံလိုက်ရတယ်ဆိုတဲ့သတင်း စ၀င်လာ တော့။ တော်တော်ကို တုန်လှုပ်သွားမိတယ်။ စီးပွားရေးအရ ရန်ကုန်ကကုမ္မဏီခွဲ ပြုတ်ပြုတ်ပြုန်းသွားနိုင်တာကို တွေးမိပြီး စိုးရိမ်သွားလို့ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်ဖက်မှာ အထူးသဖြင့် ပင်လယ်ဝနဲ့ ဘိုကလေးနယ်ဖက်မှာ လူတွေတော်တော်ကို သေကြေကြ တယ် ဆိုတဲ့သတင်း ကြားလိုက်ရလို့ပါ။

ရန်ကုန်က ကုမ္မဏီက လူတွေက နာဂစ်ဝင်မွှေပြီး နောက်နှစ်ရက်မှာပဲ နည်း အမျိုးမျိုးနဲ့ကြိုး စားပြီး ချက်ချင်းသတင်းပို့လို့ ကိုယ့်ကုမ္မဏီကဘာမှ ထိခိုက်ဆုံးရှုံးမှု မရှိလိုက်တာကိုလဲ သိလိုက်ပါတယ်။ ဘယ်သူသေသေ စိတ်သာရှိရင် အမြတ်ထုတ်ချင်တောင် အမြတ်ထုတ်လို့ရတဲ့အခြေအနေတွေတောင် ပေါ်လာပါသေးတယ်။ ဟုတ်တယ်လေ... ကျနော့် ကုမ္မဏီက စက်ပစ္စည်းတွေ ဖြန့်နေတဲ့ကုမ္မဏီလေ ရေစုပ်စက်၊ မော်တာ၊ပန့်နဲ့ ချိန်းစော လို့ခေါ်တဲ့ လွှစက်တွေ အဓိကဖြန့်နေတဲ့ ကုမ္မဏီပဲ။

တချို့ကုမ္မဏီတွေများ စက်တွေကို ဈေးနှစ်ဆသုံးဆ ခုန်တက်ပစ်လိုက်ကြတယ်။ အရင်ကရောင်း ဈေးတသိန်း နှစ်သောင်းသုံးသောင်းရှိတဲ့ ချိန်းစောလွှစက်တလုံးကို နှစ်သိန်းခွဲသုံးသိန်း ဖြစ်သွားတယ်။ သွပ်တချပ်တသောင်းဖြစ်သွားတယ်။ အိမ်ရိုက်သွပ်သံတချောင်း သုံးရာအထိ ဖြစ်သွားတယ်။ အိမ်ခေါင်မိုးတွေအကုန်လန် သွပ်ပြားတွေ ပြုတ်ပျက်ထွက်ကုန်ကြတော့ မ၀ယ်မဖြစ် ပစ္စည်းတွေ မဟုတ်လား။ ရောင်းတာတောင် တံခါးပိတ်ပြီး ရောင်းရတဲ့ပစ္စည်းတွေ ဖြစ်သွားတာ ခင်ဗျားလဲ ကောင်း ကောင်းကြားမှာပါ။ကုန်သည်ဆိုတာ လုပ်ငန်းရှင်ဆိုတာ အမြတ်ကောင်း

ကောင်းရချင်တယ်ဆိုပေမဲ့ သူများတွေ ဒုက္ခ သုက္ခအကြီး အကျယ် ရောက်နေကြတုန်း အမြတ်ထုတ်မှ ရမယ့်အမြတ်ငွေမျိုး ကျနော်မယူချင်ဘူး။ မောင်မောင်ဆိုတဲ့ကောင် မယူချင်ဘူး။ ဒါကြောင့် ကျနော် ဘယ်လို လှမ်းအမိန့်ပေးခဲ့သလဲ သိလား။ ဒို့ကုမ္မဏီက စက်ပစ္စည်းတွေဘာမှထပ်ပြီး ဈေးမတက်နဲ့အရင် ရောင်းမြဲ ဈေးအတိုင်းရောင်း။ ဘယ်ကုမ္မဏီတွေ ဈေးတက်တက် ဈေးတက်မရောင်းနဲ့လို့ ချက်ချင်း အမိန့်ပေးခိုင်းလိုက်တယ်။ အဲဒီမှာ ကျနော့်လိုပဲ စက်ပစ္စည်းတွေပဲ ရောင်းနေတဲ့ကုမ္မဏီတချို့က ကုန်သည်ကြီးတချို့က ‘မောင်မောင် မင်းရူးနေသလား -တဲ့။ အရောင်းအ၀ယ်ဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ကြည့်ပြီး။ ၀ယ်လိုအား Demand ကသိပ်များနေပြီး ရောင်းလိုအား သွင်းနိုင်အား Supply က သိပ်နည်း နေရင်။ ကုန်ဈေးနှုန်းဟာ တက်လာရမှာပဲ။ တက်ရောင်းရမှာပဲ။ ဒါ တရားပဲ။

ဒါမှမဟုတ် မင်းက ဒို့ဈေးတက်ရောင်းတာကို တမင်ဂွတိုက်ပြီး လုပ်ပြလိုက်တာလား-တဲ့။ ပြီးတော့ ထပ်ပြောကြ သေးတယ်။ အဲဒီလိုဆိုရင် -မင်းကုမ္မဏီထဲကရော ဂိုဒေါင်ထဲလှောင်ထားတာတွေ ရှိသမျှကိုပါ ဒို့ ကုမ္မဏီတွေ အခုမင်းရောင်းနေတဲ့ ဈေးနှုန်းအတိုင်းလွှဲပေးလိုက်၊ ဒို့အကုန်ချုပ်ပြီး ၀ယ်မယ်။ မင်းရောင်းနေတဲ့ ဈေးနှုန်း အတိုင်း အကုန်ပေးမယ်။ မင်း ပစ္စည်းတွေ အားလုံးကို ဒို့ဝယ်မယ်-တဲ့ ’။ မကျေမနပ် နဲ့ပြောလိုက်ကြတာဗျာ။ မောင်မောင် ပြုံးနေလိုက်တယ်။ ပြီးတော့ မောင်မောင် ပြောလိုက်တယ်။ ဟေ့ ဘယ်သူ့မှ ပစ္စည်းတွေအားလုံး ချုပ်ပြီးမရောင်းဘူး။ ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ်ပဲ ရောင်းမယ်ပြောပြီး တကယ်လိုအပ်လို့ မလွှဲသာလွန်းလို့ လာဝယ်ကြ သူတွေကိုပဲ ဈေးမတက်ပဲ အရင်ရောင်းနေကြဈေးအတိုင်းပဲ လက်လီ နှစ်လုံးချင်းသုံးလုံးချင်းပဲ ဆက်အရောင်းခိုင်းလိုက်တယ်။

ကျနော် ပိုက်ဆံမလိုချင်လို့ မဟုတ်ဘူးဗျ။ ပိုက်ဆံတွေတအားကြီးကို ချမ်းသာနေလို့လဲ မဟုတ်ပါဘူး။ဒါပေမဲ့ လူတွေအ သက်တွေသေကြ၊ ဒါလောက်တောင် ဒုက္ခသုက္ခတွေရောက်နေကြတဲ့အချိန်မှာ မတန်တဆ ဈေးတက်ရောင်းလဲ မလွှဲသာမရှောင်သာ ၀ယ်ကြရရှာတော့မယ့်အချိန်မျိုးမှာ ကျနော် သူတို့ အပေါ်လည်မြိုညှစ် မယူချင်ဘူးဗျာ။ မတော်မတရားအမြတ်ထုတ် မယူချင်ဘူးဗျာ။ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမယ့် သူတွေလက်ထဲလဲ ရောက်မသွားရအောင် ကုမ္မဏီကကောင်တွေကိုလဲ လှမ်းပြောထားလိုက်တယ်။ တကယ်ဒုက္ခရောက်လို့ တကယ်သုံးမယ့်သူတွေလက်ထဲ ရောက်အောင်ရောင်းကြကွာ...လို့။ ဈေးလဲ လုံးဝ မတက်ရဘူး...လို့။

အဲဒီတော့ ရန်ကုန်က ကျနော့်ကုမ္မဏီမှာ လာ လာ ၀ယ်လိုက်ကြပုံများ ဘာပြောကောင်းမလဲ။ ဒီဆိုင်က ဈေး ချိုတယ် ဟ၊ သဘောထားကောင်းတယ် ဟ..နဲ့ တဲ့။ ဘုန်းကြီးတွေ ဦးပဇင်းတွေပါ ဆိုင်ကိုလာပြီး ၀ယ် ကြသတဲ့။ ခင်ဗျားတို့လဲ ကြားကြ သိကြတဲ့အတိုင်းပဲလေ။ နာဂစ် ၀င်ပြီးမွှေသွား ရက်စက်သွားလို့ ရန်ကုန်ရော မြစ်ဝကျွန်းပေါ်ရော တုန်းလုံးပက်လက်ဖြစ်သွားရတာတွေက သစ်ပင်ကြီးတွေ ဧရာမသစ်ပင်ကြီးတွေ ကုန်သလောက် နီးပါး မဟုတ်လား။ လမ်းတွေပေါ်ရော အိမ်တွေပေါ်မှာပါမြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်ကုန် ဖိမိကုန် ထိခိုက်ကုန်ကြ ရတယ် မဟုတ်လား။

မုန်တိုင်းစဲတာနဲ့ မရှင်းမဖြစ် စရှင်းကြရတဲ့ ပြသာနာက အမြစ်ကနေပါ ကျွတ်ထွက်လဲပြိုနေတဲ့ ဒီတုံးလုံး ပက်လက် သစ်ပင်အိုကြီးတွေကို မဟုတ်လား။ ဒါလောက်ကြီးတဲ့ သစ်ပင်ကြီးတွေမျိုးစုံကို လက်ထိုးလွှလေးတွေလောက်နဲ့ ရှင်းနေ လို့ကတော့ ဘယ်ပြီးတော့မလဲ။ ချိန်းစောကြီးတွေ စက်လွှကြီးတွေနဲ့ ရှင်းရတော့တာဗျ။ အဲဒီတော့ အဲဒါကြီးတွေ ဘယ်လောက်ရောင်းကောင်းလိုက်မလဲ။ ခင်ဗျားစဉ်းစားကြည့်၊ ပုံမှန်ဈေးထက် နှစ်ဆကျော် ခုန်တက်တောင် ရောင်းကြတယ်။


ကျနော်လဲ ဈေးတက်ရောင်းရင် ရတာပဲ။ လာ လာ ၀ယ်ကြတဲ့အထဲ ဘုန်းကြီးတွေ ဦးပဇင်းတွေကိုယ်တိုင် လာကြတယ်ဗျာ။တပါး နှစ်ပါး။တကျောင်းနှစ်ကျောင်းနဲ့ ပိုက်ဆံမတတ် နိုင်တော့တဲ့ ကိုယ်တော်တွေ ကျောင်းတွေက။ စုပေါင်းပြီး တောင်လာဝယ်ကြသတဲ့။ ပြီးတော့ အဲဒီသံဃာတော်တွေကိုယ်တိုင် သင်းပိုင်ကို ခါးတောင်းကျိုက်ပြီး လွှဆွဲကြ အမြင်မတော်တာတွေ ရှင်းပေးကြတော့တာလဲ အားလုံးတပြည်လုံးအသိ၊ တပြည်လုံးအမြင်ပါပဲဗျာ။ အဲဒီလို အခြေအနေမှာ သံဃာတော်တွေ လူထုတွေ အပေါ်မှာ ကျနော်ဘယ်လိုမှ အမြတ်မထုတ်ချင်ဘူး။ အမြတ်မထုတ်နိုင်ဘူးဗျာ။

ဒါကြောင့်မို့ တချို့လူတွေက သောက်ရူးလို့ ကင်ပွန်းတပ်ပေးကြ ပြောနေကြတဲ့အထဲကကို ကျနော် အဲသလိုပုံမှန်အတိုင်းပဲ ရောင်းခဲ့တာဗျ။ ကျနော့်ဘ၀မှာ တသက်နဲ့တကိုယ် ပီတိအဖြစ်ရဆုံးအချိန်ကို ပြပါဆိုရင်။ ကျနော် အဲဒါကို ပြလိုက်မှာပဲ။ စိတ်မကောင်းတဲ့ ကြားကနေ ဖြစ်လိုက်ရတဲ့ ပီတိပေါ့ဗျာ။ ခင်ဗျားတို့ အနုပညာသမားတွေရဲ့ ဝေါဟာရ နဲ့ဆိုရင်- ကြေကွဲ ပီတိ ပေါ့ဗျာ။

အဲ-အဲ-နောက်ထပ် ပီတိတခု ရှိသေးတယ်။ အဲဒါကိုလဲ ဘယ်လို ပြောရမလဲ။ ကျနော်တော့ ဝေါဟာရရှာလို့ မရဘူး။ တသက်နဲ့တကိုယ် ဒီလိုအကြီးအကျယ် ဒုက္ခရောက်နေကြချိန်မှာ တကယ်ဒုက္ခရောက်နေကြသူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပန်းစားနဲ့မရောက်ရောက်အောင် သွားပြီးတတ်နိုင်သမျှ အောင်အောင်မြင်မြင် အ ကူအညီ ပေးနိုင်ခဲ့တာကိုပဲ ပြောရမှာဗျ၊ အောင်အောင်မြင်မြင် ကြိုးစားပန်းစား ရောက်အောင်သွားပြီး ကူညီနိုင်ခဲ့တာ အကူအညီပေးနိုင်ခဲ့တာအပေါ်မှာတော့ တဖက်ကနေပြောရရင် ကျေနပ်တယ်။ ၀မ်းသာ တယ်။ ပီတိဖြစ်ရတယ်။

ဒါပေမဲ့... တဖက်ကနေပြောရရင်လဲ တော်တော်ကို စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေရော။ အကြီးအကျယ် ဒေါသထွက်စရာ အော့နှလုံးနာစရာတွေပါတွေ့ခဲ့ရတယ်ဗျာ။ ပီတိက အေးအေး မြမြ ကြည်ကြည်လင်လင်လေး ဖြစ်နေရမယ့်အစား။ ပူလောင်ရတာ တွေရော- နောက်ကျိ ရတာတွေပါအကုန်ကို ရောနေရတော့တာပါပဲဗျာ။ သောမန တွေရော...ဒေါမနတွေပါ အကုန် ခံစားလိုက်ရတော့တာပါပဲဗျာ။ အဲဒီတော့...ဒီလို ပီတိမျိုးကိုဘာပီတိလို့ ကင်ပွန်းတပ်ရမလဲ၊ ခင်ဗျားဟာခင်ဗျားပဲ ကြိုက်သလိုသာ နာမည်တပ်ပေရော့။ ကျနော်ကတော့ ကျနော်လက် တွေ့ကြုံတွေ့ခဲ့ရသလို၊ ခံစားရသလိုပဲ ပြောပြမယ်။

မုန်တိုင်းဝင်ပြီးပြီးချင်း ရန်ကုန်ရဲ့အခြေအနေပဲ စကြားကြရတာလဲ အားလုံးအသိပါပဲ။ နောက်မှ မီဒီယာတွေကျေးဇူးနဲ့ တဖြေးဖြေးချင်းကြားလိုက်ကြရတာက နာဂစ်ကြောင့် အထိ အနာဆုံးနေရာဟာ မြစ်ဝကျွန်းပေါ်ဆိုတာပဲ။ မြစ်ဝကျွန်းပေါ်မှာမှ ဘိုကလေးနဲ့လပွတ္တာဟာ ကျောကော့အောင် ခံလိုက်ကြရတာ သိလိုက်ရတယ်။ သေဆုံးသွားကြရရှာသူတွေလဲ သောက် သောက်လဲမဟုတ်လား။ ဘိုကလေးနဲ့ပင်လယ်ဝလို့ ကြားလိုက်ရတာနဲ့ ရင်ထဲ ကျင်ကနဲနေအောင် ခံစားလိုက်ရပြီး။ တော်တော်ကိုစိတ်မချမ်းမသာ ဖြစ်မိတယ်။ ဘိုကလေးနယ်နဲ့ ပင်လယ်ဝဟာ မောင်မောင့်ချက်မြှုပ်မွေးရာဒေသမဟုတ်လား။

မောင်မောင် ဆိုတဲ့ကောင်ဟာ တရုတ်သွေးပါတဲ့ ကောင်ပေမဲ့။ ဇာတိသွေးကပဲ စကားပြောလာသလား မသိပါဘူးဗျာ။ ငါ့ ဇာတိချက်မြှုပ်နယ်ကိုတော့ မရောက်ရောက်အောင်သွားပြီး ငါတတ်နိုင်သမျှ အကူအညီသွားပေးမယ်။ လှူနိုင်သမျှလှူဒါန်းမယ်ဆိုတဲ့ စိတ်ကတ ဖွားဖွားနဲ့ ၀င်လာခဲ့တယ်ဗျ။ ကိုယ်နဲ့ရင်းတဲ့ ကုန်သည်ကြီးတွေထဲက သဒ္ဒါတရားထက်သန်သူတချို့ကိုလဲ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေး နွေးပြီး ကျနော်ကိုယ်တိုင်က သိန်း(၁၀၀)မတည်လိုက်တယ်ဗျာ။ ကျနော်လုပ်ချင်တာကို နားလည်ယုံကြည်တဲ့လူ လေးငါးဦးကလဲ အသီးသီးဝိုင်းဝန်းထည့်ဝင်ပါဝင်ကြတော့။ သိန်း(၂၀၀)လောက် ဖြစ်သွားတယ်။ ဒီထဲက လိုက်နိုင်တဲ့သူ အလှူရှင်နှစ်ယောက်ကိုပါ အတူခေါ်ပြီး နာဂစ်အပြီး တပတ်အကြာမှာပဲ ရန်ကုန်အရောက် ဆင်းခဲ့ကြတယ်။

နယ်စပ်က ရနိုင်သမျှ သင့်တော်မယ်ထင်ရတဲ့ အ၀တ်အထည်လေးတွေကိုလဲ သိမ်းကျုံးပြီးဆွဲခဲ့ဝယ်ခဲ့ကြတယ်ဗျ။ လေဘေးဒုက္ခသည်တွေ ဝေဖို့အတွက် ဆိုတော့။ ကလေးဝတ်ရော လူကြီးဝတ်ရော။ ယောက်ကျားဝတ်ရော မိန်းမ၀တ်ပါ ရသမျှအစုံပါပဲဗျာ။ ပီနံအိတ်ကြီးတွေနဲ့(၁၈)လုံး အပြည့်အသိပ်ထည့်ပြီး သယ်သွား ခဲ့ကြတယ်ဗျ။ အဓိကကျတဲ့ဆန်နဲ့ရေသန့်ပုလင်းတွေကိုတော့ ရန်ကုန်ကျမှ ၀ယ်မယ်ဆိုပြီး တက်သုတ်ရိုက်သွား ကြတယ်။

အဲ...ရန်ကုန်မှာ စိတ်ချရတဲ့နေရာသွားပြီး ဆန်သွားဝယ်တော့။ ဆန်ရောင်းတဲ့ ဆန်ကုန်သည် အမျိုးသမီးက ‘လေဘေး ဒုက္ခသည်တွေကို ဝေဖို့ လှူဖို့ ဆန်ဝယ်ချင်တာ မဟုတ်လား...တဲ့။ ဒုက္ခသည်တွေဝေဖို့ဆိုရင် ဒီလိုဈေးပေါပေါ ဆန်ကိုပဲ ၀ယ်သွားလို့’အကြံပေးပြီး ကျနော်တို့ကို ထိုးပြတာက တော်တော်ကိုညံ့တဲ့ ဆန်တွေဗျာ။ ဆန်တွေက ဖုံစုတ်စုတ် ၀ါတာတာအရောင်တွေဗျ။ ရေစို ဆန်တွေပေါ့ဗျာ။ ဈေးလဲအနိမ့်ဆုံး အမျိုးအစားတွေပေါ့။ သူကတော့ အိတ်များများရတော့ လူများများ ပြီများများ ဝေနိုင်အောင် အကြံကောင်း ဥာဏ်ကောင်း ပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ မောင်မောင်က မြစ်ဝကျွန်းပေါ်မွေးလာတဲ့ကောင်ပဲ။ ဒီလိုဆန်မျိုးက မြစ်ဝကျွန်းပေါ်မှာ ၀က်ကျွေးတဲ့ ဆန်လောက်ပဲအဆင့်ရှိတာ သိတာပေါ့။ အဲဒီတော့..ဟာ..ဒီဆန်မျိုးတော့ ကျနော်မဝေဘူး။ မပေးဘူး။ ဆန်ဖြူဖြူပဲပေး။ လူစားလို့သင့်လျော်မယ့် ဆန်ပဲလိုချင်တယ်လို့ပြောပြီး ကောင်းတဲ့ဆန်ပဲ ၀ယ်လိုက်တယ်။ ဆန်ချောမဟုတ်ပေမဲ့ ဆန်ကြမ်းထဲမှာတော့ လူစားလို့ကောင်းမယ့်ဆန်မျိုးပဲရွေးပြီး အိတ်(၅၀၀)၀ယ်လိုက်တယ်။

ပြီးတော့ ကဒုံ ဧရာ ပင်လယ်ဝအထိ လိုက်မယ့် မော်တော်ကြီးကြီးတစီး လိုက်ရှာရ ငှါးရ ပြန်တယ်ဗျ။ မော်တော်ကလဲ ရှားလိုက်တာဗျာ။ ပင်လယ်ဝအထိ လိုက်ချင်တဲ့ မော်တော်က တော်တော်ကို ရှာရတယ်။ အကြောင်းက အပြန်မှာ ဟိုသတ္တဝါတွေက မော်တော်ကိုပေါ်တာဆွဲလိုက်မှာကိုကြောက်သလို။ ရာသီဥတုကလဲ သိပ်ငြိမ်သေးတာမဟုတ်တော့ နည်းနည်းတော့ စိုးရိမ်နေသေးတာကိုး။

နောက်တကြောင်းကတော့.. ဟိုကသည်က အာဏာပိုင်အဆင့်ဆင့်ဆိုတဲ့ ကောင်တွေကလဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တာတားမြစ်တာ ဟန့်တားနှောက်ယှက်တာတွေ အကြီးအကျယ် လုပ်နေတဲ့အချိန်ကြီး မဟုတ်လား။ ပြီးတော့ ဆီဈေးတွေကလဲ ခေါင်ခိုက်အောင်ကို ထိုးပြီးတက်နေချိန်ဗျာ၊ ဆီဈေးက တဂါလံကို တသောင်း အထိတောင် ခုန်တက်သွားတယ် မဟုတ်လား။

နာဂစ်လက်ချက်နဲ့ မော်တော်တွေ စက်လှေတွေ သင်္ဘောတွေ တော်တော်များများကလဲ ဆုံးရှုံးပျက်စီးသွားကြ တာတွေက မနည်းမနောဆိုတော့ ရေယာဉ်တွေကလဲ သိသိသာသာကို နည်းနေတဲ့ အချိန်ဖြစ်နေပြန်တယ်ဗျာ။ အဲဒီကြားထဲကပဲ မဖြစ်ဖြစ်အောင်သွားမယ်ဆိုပြီး ကြိုးစားပန်းစား လိုက်ပြီးရှာကြတော့ မော်တော်ကြီးကြီး တစင်းကို ရှာလို့ရလာတယ်ဗျာ။

မော်တော်ပိုင်ရှင်က သူလိုက်ပို့မယ်...တဲ့။ ဈေးကတော့ တပြားမှ မဆစ်နဲ့။ ဆီဈေးက ဒီလောက်တောင်ကြီး နေတာ။ အသွားအပြန် သိန်း(၃၀)ပေးရမတဲ့။ ဒါတောင်...ကျနော်တို့သွားမှာက ပင်လယ်ဝဖက်ဆီက မုန်တိုင်းသင့်ဒုက္ခရောက် နေသူတွေဆီ အကူအညီသွားပေးမှာ။ အလှူအတန်းသွားလုပ်မှာ ဖြစ်လို့၊ မွန်မြတ်တဲ့ ကုသိုလ်ခရီး ဖြစ်နေလို့လိုက်မှာ ဖြစ်တယ်လို့ဆိုသဗျ။

ကျနော်ကလဲ -ကိုင်း-မထူးဘူး။ သုံးဆယ်ဆိုလဲသုံးဆယ်ပေါ့ဗျာ၊ လိုအပ်တဲ့ဆီလုံလုံလောက်လောက်သာ ထည့်ထား။ ရာသီဥတုအခြေအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကောင်းကောင်းမွန်မွန် သင့်တော်မယ့် စက်ဆရာနဲ့ အလုပ်သမားတွေသာ လုံလုံလောက်လောက်ဖြစ်အောင် ထည့်သွင်းစီစဉ်ပေးလိုက်၊ ကျနော်ငှါးမယ် ဆိုပြီး စင်းလုံးပြတ်အော်ဒါငှါးလိုက်တယ်။ အဲ...အဲဒီလို မော်တော်လဲ ရှာပြီးပြီ၊ ဆန်အိတ်တွေလဲ အိတ်(၅၀၀)တင်ထားပြီးပြီ၊ တရုတ်ဖက်ခြမ်းကနေ ဆွဲလာခဲ့တဲ့ အ၀တ်အစားမျိုးစုံ ပီနံအိတ်ကြီး(၁၈)လုံးလဲ တင်ထားပြီးပြီ။ လမ်းခရီးစားစရာ သောက်စရာတွေလဲ တပတ်ဆယ်ရက်စာ မပူရအောင် ဖြည့်ဆည်း ထားပြီးပြီ ဆိုတဲ့အချိန်မှာ ဘယ်လိုထွက်မှာလဲ။

လမ်းမှာ အကုသိုလ်တွေ သတ္တ၀ါတွေ မိစ္ဆာတွေ ဂြိုလ်ဆိုးတွေက တနေရာရာကနေ တားဆီးပြီး ရစ်လာရင် နှောက်ယှက်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ့ခွင့်ပြု မိန့်နဲ့ထွက်လာသလဲဆိုပြီး ၀ိုင်းပြီး ဗျင်းကြရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာကြီးက ထပ်ပြီးပေါ်လာပြန်တယ်ခင်ဗျ။ လှူချင်တာတောင် လွယ်မှတ်သလား။ အဲ...အဲဒီမှာ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးလာတယ်လို့ပဲ ပြောရမလား။ ဘယ်လိုပြောရမလဲ မသိပါဘူး။ နာမည်ကြီး ဆရာတော်ကြီး တပါးနဲ့သွားပြီး တိုက်တိုက်ဆိုင်ဆိုင် ကြုံလိုက်ရတယ်။ ဘယ်ကနေဘယ်လို တိုက်ဆိုင်သွားရသလဲဆိုတော့။ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်နော်၊ ကျနော်တို့ အဲဒီလို ဖြစ်နေတာ ဆရာတော်က ကြားသွားတော့။

‘ဟ...အဲဒီကုမ္မဏီက ကောင်တွေလား...တဲ့။ လွှစက်တွေ ဈေးမတက်ပဲ ရောင်းနေတဲ့ ကုမ္မဏီက ကောင်တွေလား...တဲ့။ ဒို့သံဃာတွေ ဦးပဇင်းတွေတချို့ သစ်ပင်ကြီးတွေ တုံးလုံးပက် လက်ဖြစ်နေတာ ရှင်းပစ်ဖို့ မရှိရှိတဲ့ ငွေလေးတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်ပြီး လွှစက်တွေ ၀ယ်ရာမှာ ဈေးမတက်ပဲ နဂိုဈေးအတိုင်း ရောင်းပေးလို့ သူတို့ကိုယ်တိုင် ကိုယ်တော်တွေအချင်းချင်းကြား ပြောဆိုနေသံတွေ သာဓုခေါ်သံတွေ ထွက်လာနေတဲ့ ကုမ္မဏီက တကာတွေလား’တဲ့။ ‘ဟုတ်ပါတယ်ဘုရား’လို့လျှောက်ထားသူတွေက လျှောက်ထားလိုက်ကြတော့။ အဲဒီ ဆရာတော်ကြီးကပဲ ‘ငါ လုပ်ပေးမယ်။ ငါ ဆောင်ရွက်ပေးမယ်။ ငါ့အစီအမံနဲ့ လာတယ်ဆိုတာပြော-’ဆိုပြီး သူ့နည်းသူ့ဟန်နဲ့သူ စီစဉ်ကူညီပေးလိုက်တော့ ကျနော်တို့လဲ တက်သုတ်ရိုက်ပြီး ထွက်နိုင်တော့တာပေါ့ဗျာ။

နာဂစ်ပြီးလို့တပတ်အကျော် (၁၁)ရက်နေ့မှာပဲ ကျနော်တို့ မော်တော်ကြီး ရန်ကုန်ကနေအောင်အောင်မြင်မြင် ထွက်နိုင်လာခဲ့တာပေါ့ဗျာ။ ကျနော်နဲ့အတူ အလှူရှင်တွေလဲဖြစ်တဲ့ ကျနော့်မိတ်ဆွေလေးယောက် ကိုယ်တိုင်ကိုယ်ကျ မော်တော်နဲ့ လိုက်လာခဲ့ကြတယ်ဗျ။

မော်တော်ထွက်ခါနီးမှာပဲ သောက်ရေသန့်ပုလင်း အတွဲလိုက် အတွဲလိုက် (၂၀၀)ကျော်လောက်ကိုလဲ ဆွဲပြီးတင်လာခဲ့ကြသေးတယ်ဗျ။ ခေါက်ဆွဲခြောက်ထုပ်ဖာတွေ ကိုလဲ အနားကနေ ရနိုင်သမျှ တော်တော်များများ ဆွဲပြီး တင်လာခဲ့ကြသေးတယ်ဗျ။

အင်း...လမ်းခရီးတလျောက် သိပ်ပြီးထူးထူးထွေထွေဘာပြဿနာမှ မပေါ်ခဲ့ပေမဲ့၊ ကိုယ့်ဇာတိ ကိုယ်ပြန်ပြီး အောင်အောင် မြင်မြင်လှူနိုင်တော့မယ်ဆိုပြီး ပီတိလေး တောင်ဖြစ်လိုက်မိသေးပေမဲ့။ မော်ကျွန်းကျော်ကတည်းက ရင်ထဲကို ထစ်ဆို့ဆို့ကြီး ဖြစ်လာတာပါပဲ၊ ပတ်ဝန်းကျင်တခုလုံးဟာ မြင်မကောင်းအောင်ပါပဲဗျာ။ ဘာတခုမှ ရှုရက်စရာ မရှိတော့အောင်ကို အပျက်အစီးတွေက နေရာတိုင်းလိုလိုပါပဲ။

ရန်ကုန်ကအထွက်ကတည်းက အပျက်အစီးတွေ နာဂစ်ရဲ့ခြေရာလက်ရာတွေကိုတော့ နေရာအနှံ့တွေ့ခဲ့ ရပေမဲ့ ဘိုကလေးနယ်ထဲဆီ ၀င်လာလေလေ အပျက်အစီးတွေက မြင်မကောင်း ရှုမကောင်းအောင် များလာလေလေလို့ခံစား လိုက်ရတယ်ဗျာ၊ တကယ်ဗျာ...တကယ် တကယ်၊ မြစ်ဝကျွန်းပေါ်ဇာတိ မဟုတ်တဲ့ ကျနော့် မိတ်ဆွေတယောက်ကတောင် ဟင်းကနဲ ဟင်းကနဲ သက်ပြင်းရှည်ကြီးကို ခဏခဏချနေရ လောက်အောင် မြင်ကွင်းတွေက ဆို့နင့်စရာကြီးတွေချည်းဖြစ်နေတော့။ မြစ်ဝကျွန်းပေါ်သား ဇာတိစစ်စစ်ဖြစ်ခဲ့တဲ့ ကျနော့်လိုကောင်ရဲ့ရင်ထဲ ဘယ့်နှယ်ဖြစ်နေမလဲဆိုတာ ခင်ဗျားဟာ ခင်ဗျားပဲ မှန်းကြည့် ပေရော့။

ဘိုကလေးနား နီးလာလေ အလောင်းတွေက ဟိုနားတလောင်း ဒီနားတလောင်း စပြီးတွေ့လာရတယ်ဗျ။ ရေပေါ်မှာ ပေါလောပေါလောနဲ့ပေါ့။ ဘိုကလေးလဲ ကျော် ရော အလောင်းတွေက ပိုပိုပြီးများလာလိုက်တာ ဟိုနားတစု ဒီနားတစု ခပ်စိပ်စိပ်ကို တွေ့လာရတယ်။ စိတ်မကောင်းစရာဗျာ။ အလောင်းတွေထဲမှာ ကလေးလေးတွေရော သက်ကြီးရွယ်အိုတွေရော အစုံမှ အစုံဗျာ။ အလောင်းတွေကလဲ ဖေါင်းကား ဖူးရောင်လို့။ မှောက်ရက်ရော ပက်လက်ပါ ရေပေါ်မှာ ပေါလောပေါလောနဲ့။

မော်တော်ပေါ် ပါလာတဲ့ မော်တော်အလုပ်သမားလေးတယောက်က ပြောတယ်။ ‘ ဒါ...ဘာများအုံးမလဲ။ ပြီးခဲ့တဲ့ သုံးလေးရက်ကဆိုရင် မော်တော်တွေစက်လှေတွေ ဖြတ်သွားရတာ အလောင်းတွေနဲ့ချည်း တိုးတိုးနေရလို့။ စက်နဲ့ လာမငြိရအောင် ဟိုဖက်ဒီဖက် နှစ်နေရာကနေ ထိုးဝါးကြီးတွေကိုယ်စီကိုင်ပြီး မျောလာနေတဲ့ အလောင်းတွေ ကိုထိုးဝါးတွေ နဲ့ချည်း ထိုးထိုးဖယ်ဖယ်ပစ်ပြီးတောင် သွားရတာ။ အခုဟာက ဘာဟုတ်သေးလဲ’တဲ့။ ကဲ ခင်ဗျားဟာ ခင်ဗျား မှန်းသာ ကြည့်ပေရော့ဗျာ။ ကျနော်တို့မော်တော်ကြီး သွားနေ တော့လဲ ရေလယ်မှာသာ အလောင်းတွေက ဒီလောက်မများတော့တာ။ ဟိုနား တမျောမျော ဒီနား တမျောမျော - ကြည့်လေရာ တွေ့နေရတုန်း။ ဒီထဲမှာ ကျွဲသေကြီးတွေ နွားသေ ခွေးသေတွေကလဲ မနဲဘူး။ ကျွဲ ဆိုတာ တော်တော်ကို ခံနိုင်ရည်ရှိတဲ့ သတ္တ၀ါ၊ ရေ လဲ အင်မတန်ကြိုက်၊ ရေထဲလဲ တနေကုန် ရေစိမ်ခံပြီး နေနိုင်တဲ့ အကောင်မျိုး၊ အဲဒီလိုအကောင်မျိုးတွေတောင် ဒီနာဂစ်နဲ့ ကျတော့ အတုံးအရုံးဖြစ်ပြီး သေသွားရတယ်ဆိုတော့ ဒီမုန်တိုင်းဟာ ဘယ့်လောက်ပြင်းမလဲ ဆိုတာ စဉ်းစားသာ ကြည့်ရော့ဗျာ။

အဲ...မိန်းမလှကျွန်းနားလဲရောက်ကရော။အလောင်းတွေကတော့ မြင်မကောင်းအောင်ကို တွေ့ရတော့တာပါပဲ။ ကမ်းစပ်တွေမှာရော ကျွန်းပေါ်တွေမှာပါ။ သစ်ပင်ကြားတွေ မှာရော။ တောစပ်တွေမှာပါ ဘယ်နေရာကြည့်ကြည့် လူသေအလောင်းတွေချည်းပါပဲဗျာ။ စစ်ဖြစ်ထားတဲ့စစ်မြေပြင်မှာ အလောင်းတွေ တုန်းလုံးပက်လက်ဖြစ်နေတဲ့ မြင်ကွင်းတွေ ဓါတ်ပုံတွေ ကင်မရာရိုက်ချက်မျိုးတွေကို ကျနော် အများကြီး မြင်ဖူးတွေ့ဖူးတာပေါ့။

အဲဒီမြင်ကွင်းတွေက သွေးရဲရဲ သံရဲရဲတွေပဲပိုမယ်။ ဒါလောက် ခြောက်ချားစရာ မကောင်းဘူးလို့တောင် ပြောလိုက်ချင်တယ်။ အခုဟာကဗျာ...အလောင်းတွေကိုက ဖူးရောင်ဖေါင်းကားပြီး သပြေသီးမှည့်ရောင် ပေါက်နေကြပြီး တကယ့်ကို အလောင်း ဒိုက်ပုံတောကြီးလိုကို ဖြစ်နေတာ။ တကယ့်ကို မြင်မကောင်း ရှုမကောင်းအောင်ပါဗျာ။ မော်တော်ကလဲ ဖြေးဖြေးချင်းခုတ်နေရတာ ဆိုတော့၊ ပထမတော့ ကျနော် စိတ်နဲ့လိုက်ပြီး တလောင်းနှစ်လောင်း လိုက်ပြီးရေတွက်ကြည့်နေမိသေးတယ်။ ထောင်ဂဏန်းလောက် ရောက်လာတော့ ဆက်ပြီးတော့ကို မရေနိုင်တော့ဘူးဗျာ။ အနဲဆုံး ဟောဒီမိန်းမလှကျွန်းတ၀ိုက်မှာကို ကျနော်တို့ မော်တော်ပေါ်ကနေ မြင်ရတာကို အနဲဆုံးငါးထောင်အထက်ရှိတယ်။

ရန်ကုန်ကနေ ကျနော်နဲ့လိုက်လာခဲ့တဲ့ ကျနော့်သူငယ်ချင်း တရုတ်မျက်နှာတောင် တုန်တုန်ရီရီနဲ့ ဖြူပတ်ဖြူလျော် ဖြစ်သွားတယ်။ လူကတရုတ်သွေး ပါတဲ့အပြင် အစားကောင်းအသောက် ကောင်းတွေ ကြိုက်လွန်းစားလွန်းလို့အမြဲလိုလို ပန်းရောင်သန်းနေတဲ့ ကျနော့်သူငယ်ချင်းရဲ့မျက်နှာဟာ တကယ်ကို ဖြူပတ် ဖြူရော်ဖြစ်သွားတယ်။ အလောင်းတွေကို ကြည့်ပြီးသွေးမရှိတော့သလိုကို ဖြစ်သွားတယ်။ ဘယ်နေရာ ကြည့်ကြည့် အလောင်းတွေချည်းလေဗျာ။

မိန်းမလှကျွန်းဆိုတာ မိုင်နှစ်ဆယ်ပတ်လည်လောက်ရှိတဲ့ တကယ့်ကျွန်းကြီးဗျ။ ဟိုတုန်းကဆိုရင် အမြဲတန်းစိမ်း လန်းစိုပြေနေတဲ့ တကယ့်ဒီရေတောကြီး။ ဘေးမဲ့တောကြီးဗျ။ အဲဒီမှာလူနေအိမ်ခြေမရှိပဲနဲ့ ဒီအလောင်းတွေက ဘယ်ကနေရောက်လာသလဲဆိုတော့ ဘိုကလေးနယ်တလျောက် ပတ်ပတ်လည်က ဓါးမြချောင်းလောက်အထိ ရွာတွေရွာတွေက ရွာလုံးပြုတ် ကွင်းလုံးပြုတ်သွားရတဲ့ နေရာတွေကနေ လာတင်ရတဲ့ အလောင်းတွေပဲဗျ။

ဒီမိန်းမလှကျွန်း တလျောက်ကအခြေအနေ မြင်ရရှုရတာတွေနဲ့ မော်တော်သမားလေးတွေ ပြောတာတွေနဲ့တင် ချိန်ထိုးကြည့်ရရင်။ ကျနော့်အထင်... ဒီ ဘိုကလေးနယ်တခုထဲမှာတင် အနဲဆုံး သေဆုံးရသူ သိန်းဂဏန်း ရှိလောက်တယ်ဗျာ။ အဲဒါ သူတို့က ပြောတယ်။ ဒါ ခင်ဗျားမြင်ရတာ ကမ်းစပ်လောက်ပဲ ရှိသေးတယ်။ ကမ်းစပ်ကနေ မြင်ရတာလောက် ရှိသေးတယ်။ ကျွန်းပေါ်မှာလဲ အများကြီး ရှိသေးသတဲ့။

ကဲ...စဉ်းစားသာ ကြည့်တော့ဗျာ။ ဘုန်းကြီးကျောင်းလေး တကျောင်းပဲ ကျန်ခဲ့တဲ့ရွာမှာ ဘုန်းကြီးကျောင်းတောင် ကျောင်းတိုင် တိုင်ငုတ်လောက်ပဲ ကျန်ခဲ့တာတို့။ တရွာလုံး အိမ်တိုင်ငုတ်တိုလေး သုံးလေး ငုတ်ပဲ ကျန်ခဲ့တာတို့။ ဘာမှတောင် မကျန်ခဲ့ပဲ ရေပြင်ဖြစ် ကျန်ခဲ့တာတို့ အို... ကြားရ ကြားရ နားဝမသက်သာတွေကလဲ အများကြီးမှ အများကြီးဗျာ။

တယောက် ပြောတာကတော့ဗျာ။ အဲဒီတုန်းက ရေတက်နေ တုန်းကများ။ ရေပြင်ပေါ် ရောက်နေတဲ့ မော်တော်ပေါ် သင်္ဘော ပေါ်ကနေအောက်ကို ခြေထောက်ချ ကြည့်လိုက်မိရင်။ တချို့ နေရာတွေများ အိမ်ခေါင်မိုး ခြေထောက်နဲ့တိုက်မိ စမ်းမိတာမျိုး အထိတောင် ရှိသတဲ့။

မုန်တိုင်းပြီးလို့တပတ်ကျော်မှ ကျနော်တို့ ရောက်တာတောင် အလောင်းတွေက ဒီလောက်များ နေသေးတယ်ဆိုတော့။ ဒီတပတ်ကျော်အတွင်းလှိုင်းတွေ ဒီရေတွေနဲ့ ပင်လယ်ထဲအထိ ရောက်သွား မျောသွား ပါသွားပြီးသားကလဲ ဘယ်လောက်တောင် ရှိနေပြီလဲ။ ဘယ်သူမှရေတွက်လို့ရနိုင်မှာ မဟုတ်ဘူး။

ရွာလုံးကျွတ်သွားရတဲ့ နေရာတွေမှာ ရွာတောင်မရှိတော့တာ ဒီအလောင်း တွေကို ဘယ်သူကမှလဲလာပြီး ဆယ်တော့ မြှုပ်တော့မယ့်သူ မရှိတော့ဘူးဆိုတော့ စဉ်းစားကြည့်လိုက်မိရင်။ တော်တော်ကို ကြေကွဲစရာ စိတ်မချမ်းမြေ့စရာကြီးပါဗျာ။

အဲ...ဒီကြားထဲမှာ...လူမဆန်တဲ့ကောင်တွေကလဲ ရှိလိုက်သေးဗျာ။ ဘယ်လို လူမဆန်တယ် မှတ်သလဲ။ လှေတွေသမ္မာန်တွေ လေးငါးစင်းလောက်နဲ့ အလောင်းတွေကို လှန်လှောရှာဖွေပြီး ရွှေတိုရွှေစ လိုက်လံရှာဖွေ ဖြုတ်ယူနေကြတဲ့ အကောင်တွေလေဗျာ၊ ကျွန်းပေါ်အထိတက်ပြီး လိုက်လံရှာ ဖွေနေကြတဲ့ကောင်တွေကလဲ အယောက်နှစ်ဆယ်လောက်တောင်ရှိမတဲ့။ အဲဒီလို ရွှေတိုရွှေစ ရှာနေကြတဲ့အကောင်တွေကို ကျနော်တို့ ကိုယ်တိုင်လှမ်းမြင်ရတယ်။

သူများမှာ ကံဆိုး မိုးမှောင်ကျလို့သေကြရရှာတဲ့အကြားမှာ သူတို့မှာ အတော်တွက်ခြေကိုက်တဲ့ လုပ်ငန်းကြီးတခု ရလိုက်ကြသလိုပါ့။ ဘယ့်လောက် များ လူမဆန်လိုက်တယ် မှတ်သလဲ။ အလောင်းက လက်မှာ လက်ကောက်ပါတာတွေ့ရင်။ လက်ကနေတောင် ချွတ်မယူဘူး။ မြန်မြန်ဆန်ဆန်ယူရအောင် လက်ကိုဖြတ်ယူတယ်။ နားက နားကပ်ပါတာတွေ့ရင် နားရွက်ကို ဖြတ်ယူသတဲ့ဗျာ။ တောက်... လူကမွေးတဲ့ ကောင်တွေမှ ဟုတ်ရဲ့လား မသိပါဘူးဗျာ။

တချို့လူတွေကတော့ ‘သေပြီးသွားမှပဲဗျာ။ ဒီလို လုပ်ယူသွားလို့ အဲဒီလိုယူတဲ့ သူတွေအဖို့ ရွှေငွေအဖိုးတန်ပစ္စည်းတွေ ရလိုက်တယ်ဆိုရင်လဲ အလကားမဖြစ်တော့ပဲ သူတို့မှာ သုံးစရာ စွဲစရာလေးတွေ ဖြစ်သွားသေးတယ်လို့သဘောထား ကြည့်လိုက်ပေါ့ဗျာ’လို့ပြောချင် ပြောကြမယ်။ ကျနော်ကတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဒါ...လူ မဆန်တာပဲဗျ။ အဲဒီတုန်းက အဲဒီလို ရလာတဲ့ ရွှေတို ရွှေ စတွေကို အဲဒီလို လူတွေက ဘိုကလေးမြို့ပေါ်အထိ တက်ရောင်းကြတာ ရှိသတဲ့ဗျ။

အဲဒီလို ရွှေတိုရွှေစကို ၀ယ်တဲ့သူတွေကလဲ လက်ခံပြီးဝယ်တာ ရှိသတဲ့ဗျ။ ဈေးကောင်းကောင်း နှိမ်ပြီး ခိုးကြောင် ခိုးဝှက်ဝယ်ကြရာမှာ ရွှေဈေးက တကျပ်သား တသိန်းတောင်မပေးရဘူးဆိုပဲ။ အပြင်ပေါက်ဈေးက ရွှေဈေး(၅)သိန်းကျော်ဖြစ်နေချိန်မှာ တသိန်းတောင်မပေးရပဲ ၀ယ်ကြဆိုပဲ။ ကျနော်တို့နိုင်ငံမှာ ဒီလောက်တောင် ဖြစ်နေကြပြီလားလို့တောင် တွေးလိုက်မိပြီး တဖက်က တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။

စာရိတ္တတွေ အဖျက်စီးခံထားလိုက်ကြရတာဟာ တော်တော်နဲ့ကုစားလို့တောင် ရတော့မှာ မဟုတ်ပါဘူးဗျာ။ သူဌေးဆိုတဲ့ကောင်ကလဲ သူဌေးအလျောက်။ အခြေအနေမဲ့ဆိုတဲ့ကောင် ကလဲ အခြေအနေမဲ့ ဆိုတဲ့ အလျောက် တော်တော်ကို စာရိတ္တတွေက ထိခိုက်ကုန်ကြပြီဗျ။ ..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလူတွေ...ဖြစ်ကုန်ကြ ရတော့ တာပါပဲဗျာ။

အဲ...လမ်းခရီးအတွေဏ္ဍအကြုံတွေ ဆက်ပြောအုန်းမယ်။ လမ်းမှာ လှေအိုလေးတွေရရာ သမ္မာန်စုတ်လေးတွေနဲ့ အပြေး အလွှား လှော်ခတ်လာကြပြီး စားစရာ သောက်စရာ ၀တ်စရာလေးတွေ တတ်နိုင်သမျှ ကူညီခဲ့ပါဗျာ...လို့ ကျနော်တို့ မော်တော်နားအထိ ကပ်လာပြီးတောင်းကြတယ်။ တချို့လဲ ခပ်လှမ်းလှမ်းဆီကနေ အော်ပြီး အကူအညီ တောင်းကြတယ်။

ကျနော်တို့လဲ ရေသန့် ပုလင်းအတွဲတွေ ခေါက်ဆွဲခြောက်ထုပ်ဖာလေးတွေ ပစ်ပေးခဲ့ပါတယ်။ အနားထိ ရောက်လာတဲ့ အကူအညီတောင်းလာသူတွေကိုတော့ ဆန်တအိတ်စ နှစ်အိတ်စ ချပေးခဲ့တာတွေရှိသလို အဝတ်အိတ်ထုပ်ဖေါက်ပြီး သင့်သလို စွန့်ကြဲဝေငှပေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူမှတော့ လက်ချည်း ဗလာဖြစ်မသွားရအောင် ချင့်ချိန်ပြီး ပေးပစ်ဝေပစ်ခဲ့ပါတယ်။ အဓိက ဝေဖို့လှူဖို့ ရည်မှန်းသွားခဲ့တာက ကျနော့်ဇာတိမွေးရာ ကဒုံကနိဖက်ကိုဆိုတော့။ လမ်းမှာ တွေ့ရတာတွေ များများစားစားတော့ မဝေခဲ့နိုင်ဘူးပေါ့ဗျာ။ တတ်နိုင်သမျှ မလွတ်ရအောင်တော့ ပေးခဲ့ ကမ်းခဲ့ ကူခဲ့ပါတယ်။ ဘိုကလေးတနယ်လုံးဟာလဲ ကိုယ့်နယ်ပဲ မဟုတ်လား။

ကျနော့် မွေးရပ် ဇာတိရွာလေး ရောက်တော့။ တော်တော်ကို ၀မ်းနည်းဝမ်းသာ ခံစားရတယ်။ နာဂစ်ရဲ့ဒဏ်ကို ဘယ်သူမှ မလွတ်အောင်ခံထားရတယ်။ ဒါပေမဲ့ အဆိုးဝါးဆုံး ခံလိုက်ရတဲ့ တခြားရွာတွေနဲ့စာရင်တော့ တော်တော် တော်သေးတယ်လို့ ပြောရမှာပဲ။ ရွာလုံးပြုတ်ဖြစ်သွားတဲ့အထဲမပါဘူး။ ဒဏ်ရာတွေ ကြားထဲမှာ ရွာအဖြစ် ရပ်အဖြစ်တော့ ပီပီသသ ကျန်နေရစ်ပါသေးတယ်။

တခြားတခြားသော ဆိုးဆိုးဝါးဝါး ခံလိုက်ကြရတဲ့ရွာတွေက ပြေးလာကြ တက်လာကြတဲ့ ဒုက္ခသည်တွေတောင် တော်တော်များများ ရောက်လို့ဗျ။ ဒီဖက်ကနေ ဘိုကလေးတက်သွားကြ။ မအူပင် ရောက်သွားကြသူတွေလဲရှိလို့။ ကျနော်တို့ရောက်တဲ့ အချိန်မှာတော့ တခြားရွာက ဒုက္ခသည်တွေ အရင်ရက်တွေကလောက် မများတော့ပဲ ရွာခံရပ်ခံတွေပဲ အများဆုံး ရှိတော့တယ်လို့ ပြောကြသဗျ။ ဟာ...ဒုက္ခသည်တွေကတော့ ရှိတာပေါ့။ ဒီမှာလဲ ထိတော့ ထိထားတာပဲဟာ။ နာဂစ်လက်ချက်နဲ့တော့ ဘယ်လွတ်မလဲ။ နည်းတာနဲ့များတာ၊ ကုန်းကောက်စရာ မကျန်အောင် ခံလိုက်ကြရတာနဲ့ အဲသလောက်အထိ မခံလိုက်ကြရတာ။ ဒါလောက်ပဲ ကွာတာ။ ခံတော့ ခံလိုက်ကြရတာချည်းပါပဲ။ အခံရကြီးနဲ့ အခံရလေးပဲကွာတာ။

အဆိုးဆုံး ခံလိုက်ကြရသူတွေဟာ အဆင်းရဲ ဆုံးလူတွေချည်းပေါ့ဗျာ။ မုန်တိုင်းရဲ့ ပြင်းအားက အတူတူဆိုရင်။ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ တိုက်တွေ အိမ်တွေက ခေါင်မိုးလန်တာ မှန်တွေတံခါးတွေ ကွဲအက်ယိုင်ရွဲ့သွားတာလောက်ပဲ ရှိမယ့်အချိန်မှာ။ အိမ်အိုနဲ့ တဲစုတ်တွေ။ အဖြစ်လောက်ဆောက်ထားရတဲ့ ဆင်းရဲသားအိမ်တွေမျိုးကတော့ စုတ်ပြတ်သတ်သွားရတော့မှာပေါ့။ တဲလေးတွေ ထရံကာလေးတွေကတော့ ဘယ်ရောက် သွားမှန်းမသိရအောင်ကို တစစီလွင့်စင်သွားရတော့တာပေါ့။

ဆင်းရဲလေလေ ခံရလေလေသာမှတ်။ ကျနော်တို့ရွာမှာလဲ နာဂစ်ပြီးတော့ အကြမ်းဖျင်းအားဖြင့် လူအတန်းအစား သုံးမျိုးလောက် ဖြစ်လာတာတွေ့ရတယ်။ ချမ်းသာတဲ့လူတွေနဲ့ အာဏာပါဝါရှိတဲ့ကောင်တွေ။ အာဏာပိုင်အဆင့်ဆင့်ရဲ့ လက်ကိုင်ဒုတ်လို ကောင်မျိုးတွေက တအုပ်စု။ ဆင်းရဲမွဲတေပြီး အကြီးအကျယ်ဒုက္ခ ရောက်နေကြသူ လက်တွေ့ကပ်ဆိုးဒဏ်သင့်နေကြရသူတွေက တအုပ်စု။ အစက ဒီရွာကမဟုတ်ပဲ မုန်တိုင်းဒဏ်ကြောင့် ရွာလုံးပြုတ်သွားကြရ ရွာပျက်သွားကြရတဲ့ အနီးအပါး နေရာပေါင်းစုံ ရွာပေါင်းစုံကနေ ဒုက္ခသည်တွေအဖြစ် ရောက်လာကြသူတွေက တအုပ်စု။ အုပ်စုသုံးစုလောက် ဖြစ်နေတာ သွားတွေ့ရတယ်။

အဲဒီထဲမှာ ငယ်တုန်းက ကျောင်းနေဖက်တချို့ ငယ်သူငယ်ချင်းတချို့ သိဟောင်း ကျွမ်းဟောင်းတွေတချို့လဲ ပြန်တွေ့ရတယ်ဗျ။ တယောက်နဲ့ တယောက်ကတော့ ဘယ်ထပ်တူ တူမလဲဗျာ၊ သူတို့ ဘ၀တွေ အခြေအနေတွေကလဲ အမျိုးမျိုးပဲ။ ဘာပဲဖြစ်ဖြစ် ခုတင်ကပြောတဲ့ အုပ်စုသုံးမျိုးထဲက တမျိုးမျိုးတွေချည်းပါပဲ။ ကျနော် ရောက်လာတာမြင်တော့ အားလုံးလိုလိုကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်လို့ပြောရမှာပဲ။ ဘာပဲပြောပြော ကျနော်က ကျနော်တတ်နိုင်သလောက် ရွာကိုကူညီဖို့လာတဲ့သူကိုးဗျ။ အဲဒီထဲမှာ လက်ရှိရွာမှာ အာဏာပါဝါရှိနေတဲ့ ကောင်တချို့လဲပါတယ်။

ကျနော်ကလဲ ခင်ဗျားသိတဲ့အတိုင်းပဲ။ လူအမှမဟုတ်တာ။ ကုန်သည်ကြီး မျက်စေ့ကလဲ ရှိပြီးသားပဲဟာ။ အဲဒီတော့ ကိုယ်လှူမယ့် တန်းမယ့်ဟာလေး အဖုအထစ်မရှိရအောင်ရော သူတို့တွေလဲ ကျေကျေနပ်နပ် ဖြစ်သွားအောင်ပါ တွက်ချက်ပြီး အဲဒီ အာဏာပါဝါ ရှိနေတဲ့ အသိကောင်တွေကို ရောက်ရောက်ချင်း ‘ငါကတော့ ကိုယ့်ရွာကိုယ်မမေ့လို့။ ဒုက္ခရောက်နေကြတဲ့သူတွေကိုလာပြီး သံယောဇဉ်စိတ်နဲ့ လာလှူတာ တန်းတာ ကူညီတာပဲကွာ။ အဲဒါ...မင်းတို့လဲ ငါ့ကို ၀ိုင်းကူညီကြအုန်း’လို့ပြောလိုက်တယ်။ ပြီးတော့ ဦးဦးဖျားဖျား အဲဒီကောင်တွေ အိမ်အတွက်လဲ ဆန်အိတ်တအိတ်စီ အရင်ဆုံး ပေးပစ်လိုက်တယ်။

ယူလာတုန်းက ပီနံအိတ်ကြီး (၁၈)လုံးပေမဲ့။ လမ်းမှာ တလုံးဖေါက်ပြီး ဝေငှပစ်ခဲ့လို့(၁၇)လုံးကျော်ကျော်ပဲ ရှိတော့တဲ့ တရုတ်နယ်စပ်က အ၀တ်အထည်အိတ်ကြီး တွေကိုလဲ အဲဒီထဲက တယောက်ရဲ့ အိမ်ထဲအထိ သယ်ပြီး ချထားလိုက်တယ်။ သင့်မယ်အ၀တ်အထည်လေးတွေ ရွေးပြီးတယောက်မကျန် ထိုက်သင့် သလောက်စီ အရင်ဆုံး လက်ဆောင်ပေးပစ်လိုက်တယ်။

ပြီးတော့မှ အခုရွာမှာ လူဘယ်နှယောက်လောက် ရှိနေသလဲ။ အိမ်ထောင်စုက ဘယ်နှအိမ်ထောင်စုလောက် ရှိနေသလဲ။ ဘယ်ကနေ ရောက်လာ ရောက်လာ အခုရှိနေတဲ့ ဒုက္ခသင့်နေကြသူအားလုံး ရွာရှိလူကုန်သာ အကုန်ပါအောင် တွက်ချက်ကြည့်ပေးကွာ...လို့ပြောပြီး နယ်စပ်ကတည်းကပါလာတဲ့ ကျနော့်မိတ်ဆွေ ကုန်သည်ကြီးနှစ်ယောက်ရော ရန်ကုန်ကလိုက်လာတဲ့ မိတ်ဆွေကိုပါ အတူခေါ်ပြီး ရွာလည်လမ်းကနေ နေရာအနှံ့ လိုက်ကြည့်မိတယ်။

ပြီးတော့ အိမ်ပြန်ရောက်တော့ သူပြောတဲ့ လူဦးရေနဲ့ ကျနော်တို့သယ်လာတဲ့ ဆန်အိတ်(၅၀၀)နီးပါးကို ပြီဖွဲ့ပြီး။ တယောက် ဘယ်နှပြီလောက် ဝေလို့ရနိုင်မလဲဆိုတာ တခါတည်း တွက်ကြည့်လိုက်မိတယ်။ လမ်းမှာ နည်းနည်းပါးပါး ချပေးခဲ့တာတွေလဲ ရှိသေးတော့ ဆန်က အိတ်(၅၀၀)နီးပါးပဲ ကျန်တော့တာပေါ့ဗျာ။ တွက်ကြည့်လိုက်တော့ တယောက် နှစ်ပြီနှုန်းတော့ ကောင်းကောင်းဝေနိုင်သေးတာ တွက်မိပြီး လူတယောက် နှစ်ပြီနှုန်း လိုက်ပြီး အဝေခိုင်းလိုက်တယ်။

ကျနော်တို့ကိုယ်တိုင်လဲ ကိုယ်တိုင်ကိုယ်ကျ ချင်ပြီး ဝေပေးတာတွေ လိုက်ဝေပေးတာတွေ ရှိသလို။ သူတို့တွေကိုလဲ အဝေခိုင်းလိုက်ရတာ ရှိတာပေါ့။ ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ်ချည်းတော့ နေရာစုံ ရောက်အောင် နှံ့အောင် လူစေ့အောင် ဝေပေးနိုင်မလဲဗျာ။ ပြီးတော့ ကိုယ်တိုင်ကလဲ မြန်မြန်ဆန်ဆန် ပြီးအောင် ဝေလိုက်ချင်တာပါတော့။ ကိုယ်ကိုယ်တိုင်လဲဝေ။ သူတို့ကိုလဲ လိုက်ဝေပေးပါလို့ ပြောလိုက်ရတာပေါ့ဗျာ။

အဲဒီမှာ...ဘာ ထပ်တွေ့လိုက်ရပြန်သလဲသိလား။ ဒီခေတ်မှာ ရွာလူကြီး ရပ်လူကြီး လူတွင်ကျယ် လုပ်နေကြသူ တွေထဲမှာ အကျင့်ဆိုး ဥာဉ်ဆိုးက ဘယ်လောက်ပါနေကြသလဲ သိလား။ သူတို့ကို ဦးဦးဖျားဖျား တအိမ် ဆန်တအိတ်စီ ပေးထားပြီးသား ဖြစ်တဲ့ကြားထဲက။ ဆန်အိတ်ကို ထပ်ပြီး ကဲ့ထားခိုးထား လိုက်ကြသေးတယ်ဗျာ။

ကိုယ်ကိုယ်တိုင်က ဆန်အိတ် ထမ်းပြီး အိမ်ပေါက်စေ့ လူတိုင်းစေ့အောင် လိုက်ဝေနိုင်တာ မဟုတ်တော့။ သူတို့တွေကိုပါ လိုက်အဝေခိုင်းရတာဆိုတော့။ အဲဒီလို သူတို့ကိုယ်တိုင်လိုက်ဝေပေးရတဲ့ အချိန်လေး နေရာလေးတွေ ကြားထဲမှာ မဖြစ်ဖြစ်အောင် ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာပေါ့ ဗျာ။

ကျနော်တို့က ဒီဖက်ခြမ်း သွားဝေနေရင်။ သူတို့က ဟိုဖက်ခြမ်း သွားဝေနေရင်းက။ ရသမျှအချိန် လေးတွေ ကြားထဲမှာ သူတို့အတွက် ထပ်ပြီး ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာမျိုးပေါ့။ အကြံအဖန်လုပ်ပြီး ကဲ့ထား ယူထားလိုက်ကြတာမျိုးပေါ့။အိတ် (၁၀၀)လောက်နဲ့လောက်ရမယ့် ရပ်ကွက်တခုမှာ (၁၀၂)အိတ်လောက် ကုန်သွားတာမျိုးလုပ်ပြီး (၂)အိတ်လောက်က ကိုယ်တွက်ချန်ထားပြီး ဝေပေးလိုက်တာမျိုးပေါ့ဗျာ။ ကိုယ်ကလဲ သူတို့ကို ဟုတ်မဟုတ် ဘယ်လိုသွား စာရင်းစစ်ကြည့်လို့ဖြစ်မတုန်း။

ဒုက္ခသည် တွေကလဲ ကိုယ်ရတာလေးပဲ ကိုယ်ယူပြီး ဆန်တွေ ဘယ်လောက်စာရင်းကွာနေပါတယ်။ ဘုံးသွားတာတွေ ရှိနေပါတယ်လို့ ဘယ်လိုလုပ်ပြီး စောဒက တက်မတုန်း။ ရတာလေးနဲ့ပဲ ယူသွားရမယ့် သဘောချည်းဆိုတော့။ အဲဒီကောင်တွေ ကြိုက်သလို ကဲ့ဖို့ အခွင့်အလမ်းကလဲ ပွင့်နေတာကိုးဗျ။

ရှိသမျှ လူတွေ ကြီးကြီးငယ်ငယ် အကုန်လာကြပါ ။ ကျနော် ဆန်လှူချင်လို့ပါ...လို့ပြောပြီး တန်းစီလာသမျှတွေကို ဆွမ်းကြီးလောင်းသလို တယောက်ချင်း ကိုယ်ကိုယ်တိုင် အကုန်ဝေပေးနိုင်တယ် ဝေခွင့်ရတယ် ဆိုရင်တော့လဲ။ အဲဒီလို ဘယ် ကဲ့လို့ခိုးလို့ရမလဲဗျာ။ အခုဟာက သူခိုးကို သွားပြီး အကူအညီတောင်း အဝေခိုင်းရတာမျိုး ဖြစ်နေတယ်။ ယုန်ကို မုံလာဥ ဂိုဒေါင်အစောင့် ခိုင်းထားလိုက်ရသလိုမျိုး ဖြစ်နေတာကိုး။ များများမခိုးတာ အကုန်မဘုံးလိုက်တာကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်ရဦးမယ့်ကိန်းမျိုး ဖြစ်နေတယ်။

လှူချင်တာတောင် စိတ်တိုင်းကျ ကြိုက်တဲ့ပုံစံနဲ့မှ လှူလို့မရတာ။ နဲနဲပါးပါး အဲဒီလို အကဲ့ခံလိုက်ရတာ အဘုံးခံလိုက်ရတာ ရှိပေမဲ့။ အလှူကတော့အလှူမြောက် သွားခဲ့ပါတယ်။ လူတိုင်းလူတိုင်း ဆန်နှစ်ပြီစီတော့ အကုန်ရသွားကြတယ်ဗျ။ မရလိုက်တဲ့သူ မရှိဘူး။ ကျန်သွားတဲ့လူတော့ မရှိဘူး။ ခိုးတဲ့ကောင်တွေ ခိုးလိုက်ကြတာကိုတော့ သူ့အကုသိုလ်နဲ့သူ။ သူ့အပြစ် နဲ့သူ...လို့ပဲ သဘောထားလိုက်ရတော့တာပဲ။

ဒုက္ခသည်တွေအတွက်ထဲကတောင်၊ သူတပါးရဲ့ အလှူအတန်း ဒါနထဲကတောင်၊ ရက်ရက် စက်စက် ခိုးရက်လိုက်တာ။ မျက်နှာပြောင်လိုက်တာ- လို့ပဲ သဘောထားလိုက်ပါတယ်။ အဲ...အဲဒီလိုပဲ။ ဆန်တွေမှ မဟုတ်ဘူးဗျ။ တရုတ်နယ်စပ်ကနေ ဆွဲလာခဲ့တဲ့ အ၀တ်အထည်အိတ် ပီနံအိတ်ကြီး(၁၈)လုံးထဲက (၁၇)လုံးခွဲ ကျော်ကျော်လောက်ထဲကလဲ နည်း နည်းပါးပါးတော့ သမခံလိုက်ရတယ်။

ချထားရတဲ့အိမ်က မိသားစုဝင်တွေက သူတို့ကြိုက်တဲ့အ၀တ်အစားလေးတွေ ကောင်းတာလေးတွေကို စိတ်တိုင်းကျ ရွေးချယ် ယူထားလိုက်ကြပြီး။ ကိုယ့်ဟာကိုယ် ခွဲတမ်းယူထားလိုက်ကြတာမျိုး။ ဦးဦးဖျားဖျား ရထားပြီးသား ဖြစ်တာတောင်။ အားမရနိုင်သေးပဲ ထပ်ပြီး နှိုက်ထားလိုက်ကြတာမျိုးပေါ့ဗျာ။

တရုတ်နယ်စပ်ကနေ အသစ်တွေချည်း ၀ယ်သွားတာဖြစ်ပေမဲ့။ အားလုံးက တမျိုးတစားထဲတွေချည်းမှ မဟုတ်တာ။ အမျိုးမျိုးအစားစားကိုးဗျ။ ဈေးပေါတာလဲပါ။ ဈေးသင့်တာလဲပါ။ လှတာလဲပါ မလှတာလဲပါ။ အရောင်အသွေး ဒီဇိုင်းမျိုးစုံ ဆိုက်စုံဆိုတော့။ လူကြီးအိမ်က မိသားစုဝင်တွေကတော့ အရင်ဦးအောင် ဖေါက်ပြီး။ ဘိုးဘွားပိုင်ပစ္စည်း စိတ်တိုင်းကျ ခွဲယူသလို ယူထား လိုက်ကြတာဗျ။

ကျန်တာမှ တွေ့သမျှ ဒုက္ခသည် တွေကို ရော့..အင်..ဆိုပြီး။ စေတနာသုံးတန် ပြဌာန်းပြီး မြန်မြန်ဆန်ဆန် ဝေငှပေးလိုက်ရတယ်။ တော်တော်များများ တော့ရသွားကြပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ သာဓုခေါ်သွားကြ ၀မ်းသာ သွားကြတာတွေလဲ ကိုယ်တိုင်ကိုယ်ကျမြင်လိုက်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်ရရင်း ပီတိသောမန၏တွေ ခံစားလိုက်ရတာလဲ ရှိပါတယ်။

ခုတင်က ပြောသလို နဲနဲပါးပါးတော့ စိတ်မကောင်းဖြစ်စရာတွေ ဒေါမနဿ ဖြစ်စရာတွေလဲ ရှိတော့ရှိတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အလှူအတန်းတော့ မြောက်ပါတယ်။ နယ်စပ်ကလိုက်လာတဲ့ အလှူရှင်တွေရော ရန်ကုန်ကမှ ပါလာတဲ့ ကျနော့်မိတ်ဆွေတွေရော။ အခုလို လှူလိုက်ရ ကမ်းလိုက်ရ ပေးလိုက်ရ ဝေလိုက်ရတာအပေါ်မှာတော့ စိတ်မကောင်းစရာတွေကြားထဲကနေ ၀မ်းသာပီတိတွေတော့အားလုံး ကိုယ်စီကိုယ်ငှ ခံစားလိုက်ကြရပါတယ်။ အောင်အောင်မြင်မြင် လှူဒါန်းလိုက်နိုင်တယ်ပေါ့ဗျာ။

အဲ...ရွာမှာ အဲဒီလို ရောက်ပြုနေရတုန်း ဘာထပ်ပြီး တွေ့ခဲ့ရသေးလဲဆိုတော့။ နိုင်ငံတော်အစိုးရမင်းများက မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေအတွက်ဆိုပြီး စစ်တပ်ကတပ်ခွဲ တခွဲ ချထားတယ်ခင်ဗျ။ လုံခြုံရေးတို့ ဘာတို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေမှာပေါ့ဗျာ။ တပ်မ(၆၆)က တပ်ခွဲဆိုလား ဘာလား မသိပါဘူး။အဲဒီက တာဝန်ရှိသူ အရာရှိ ဆိုတဲ့ကောင်ကလဲ မနက်လင်းကတည်းက အရက်တစွတ်စွတ်သောက်ပြီး တနေကုန်မူးနေတာခင်ဗျ။

ရွာက တာဝန်ရှိတဲ့ လူကြီးဆိုတဲ့သူတွေက သူ့ကိုပဲ ကျေနပ်အောင် ဧည့်ခံပြုစုနေရတာလဲ တွေ့ခဲ့ရတယ်။ အဲဒီအရာရှိ ဆိုတဲ့ကောင်ဆီက ဘာအကူအညီမှ မရပဲ သူ့ကိုပဲ ပြုစုဧည့် ခံနေရတာနဲ့ အချိန်ကုန်တဲ့သူကကုန်။ အရက်နဲ့မြည်းဖို့ ကြက်ရှာပေးရ ငါးရှာပေးရပေါ့ဗျာ။ ကျနော့်ကျောင်းနေဖက် တယောက်ကလဲ ရွာမှာ အာဏာပါဝါရှိသူ တယောက်အဖြစ် ပါနေတော့ ကျနော်တို့ လှူခဲ့တန်းခဲ့ရာမှာ ဘာပြဿနာမှ မပေါ်ခဲ့ရပါဘူး။

စောစောက ပြောခဲ့သလို ကျနော်တို့ကလဲ အုတ်အော်သောင်း တင်းဖြစ်အောင် ဘာမှမလုပ်ပဲ တက်သုတ်ရိုက်ပြီး မြန်မြန်ဆန်ဆန် လှူခဲ့ တန်းခဲ့ ဝေခဲ့ငှခဲ့တာလဲဖြစ်တော့။ အရက်မူးနေတဲ့ အဲဒီတပ်ခွဲမှူးဆိုတဲ့ ကောင်ဆီက ဘာပြဿနာရှာတာမှလဲ မကြုံခဲ့ရပါဘူး။ ကျနော်တို့ကလဲ ညဆိုရင် ရွာထဲတောင်မအိပ်ခဲ့ပါဘူး။ ကိုယ့်မော်တော်ပေါ် ကိုယ်ပြန်အိပ်ခဲ့ကြပြီး နှစ်ရက်ထဲနဲ့ အကုန်အောင်အောင်မြင်မြင် ပြီးမြောက် လာခဲ့ကြပါတယ်။

နှစ်ရက်ပဲကြာပြီး ပြန်လာခဲ့ကြတော့။ အပြန်လမ်း မှာ ဘိုကလေးကို ခဏတော့ ၀င်ကပ်ခဲ့ကြည့်ခဲ့ကြ သေးတယ်ဗျ။ ဘိုကလေးမှာကတော့ ဒုက္ခသည်တွေ အများကြီးပေါ့ဗျာ။ ကျနော်တို့ရောက်တဲ့အချိန်မှာ ဦးတေဇတို့ ဘာတို့ဆိုတဲ့ ထူးကုမ္မဏီကဟာတွေလဲ ရောက်နေတဲ့ အချိန်ကြီးပေါ့။

ဟိုကုမ္မဏီ ဒီကုမ္မဏီက ဆိုတဲ့ဟာတွေလဲ အများကြီး တွေ့ခဲ့ရ သပေါ့။တချို့ကလဲ လှူတာတန်းတာက နဲနဲရယ်။ ပစ္စည်းတွေ ရှေ့ကချပြီး ဓါတ်ပုံရိုက်ခံတဲ့သူက ဓါတ်ပုံရိုက်ခံကြ။ မှတ်တမ်းတင် ဗီဒီယို ရိုက်တဲ့သူက ရိုက်ပေါ့ဗျာ။ ရှိုးပြနေတဲ့သူက ခပ်များများပါ။ လမ်းမှာတွေ့လိုက်ရတဲ့ ဒုက္ခသည် သုံးလေးဦးပြောပြတာကတော့။ သူတို့မှာ အခုမှ ဆန်နို့ဆီဗူး နှစ်လုံးစီနဲ့ အာလူးက သုံးလုံးလားပဲ ရသေးဆိုပဲဗျ။

ဒါ -ရီစရာ ပြောတာမဟုတ်ဘူးနော်။ အဲဒီဒုက္ခသည်တွေကိုယ်တိုင် ပြောပြသွားတာ။ ကျနော် ပြောတာမဟုတ်ဘူး။ ကျနော်တို့မှာကလဲ ပင်လယ်ဝဖက်မှာ ယူသွားတာတွေ အကုန်လှူခဲ့ပြီးပြီဆိုတော့။ သြော် -ဒုက္ခ၊ဒုက္ခ...လို့ပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကိုယ့်ဟာကိုယ် ရင်ထဲညည်းပြီး သက်ပြင်းချရင်း အသာတပ်ခေါက် ပြန်လာခဲ့ရတယ်။

ဘိုကလေးမြို့ကနေ ပြန်အလာမှာ ကျနော့် သူငယ်ချင်းတယောက်က ကျနော် ငယ်ငယ်ကတည်းက ပုစွန်တုပ် ကြိုက်တတ်တာသိလို့။ မော်တော်ပေါ်ကို ပုစွန်တုပ် ခြောက်ကောင်လားပဲ ၀ယ်တင်လာခဲ့တယ်။ ကျနော် စားရအောင်ဆိုတဲ့ စေတနာနဲ့ပေါ့။ ဘိုကလေးဈေးထဲကပဲ ၀ယ်လာတာနဲ့တူပါတယ်။ ပုစွန်ထုပ်ကြီးတွေက အကြီးကြီးဗျာ။ ခြောက်ကောင်ကို တပိသာလောက်တောင် ရှိမလားပဲ။

အမှန်အတိုင်း ပြောရရင်။ ပထမတော့ ကျနော်လဲ တော်တော်ကို ပျော်သွားတယ်ဗျ။ အပြန်လမ်းမှာ ကနေ့ညစာတော့ ပုစွန်ထုပ်ကြီးတွေနဲ့အားရပါးရစားလိုက်ကြမယ်ပေါ့။ ကိုယ်ရည်မှန်းထားတဲ့အတိုင်း ကိုယ့်ကိုမွေးခဲ့တဲ့ ဇာတိ ရပ်ရွာအထိ ရောက်အောင်သွားပြီး ကိုယ်ပဲ ကမကထပြုပြီး။ အခုလို အချိန်ကြီးမှာ ကိုယ်တတ်နိုင်သမျှ အောင်အောင်မြင်မြင် လှူဒါန်းကူညီနိုင်ခဲ့ပြီးပြီ။ တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင် ကျေးဇူးပြုနိုင်ခဲ့ပြီးပြီ ဆိုတဲ့အတွေးနဲ့ စိတ်ညစ်ညူးစရာတွေကိုလဲ ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တယ်ဗျ။

အစက သိန်း(၁၀၀)ပဲ မတည် ရည်စူးထားခဲ့တာက နောက်ထပ် (၃၀)ကျော်လောက် ထပ်ဆောင်းလိုက်ရပြီး ကိုယ်ကပဲ သိန်း(၁၃၀)။ ကျန်တဲ့ ကိုယ့်မိတ်ဆွေရင်းတွေကလဲ စေတနာပေါက်ပြီး ပါကြထည့်ကြနဲ့စုစုပေါင်း သိန်း(၂၀၀)ဖိုး လောက်တော့ လှူနိုင်ခဲ့ကြပြီပြီဆိုပြီး ပီတိဖြစ်စရာတွေဆီပဲ လှည့်ပြီး အာရုံပြုနေလိုက်မိပါတယ်။

တရုတ်တွေဆိုတာ အထူး သဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ကြကိုင်ကြတဲ့ တရုတ်တွေဟာ ရည်မှန်းထားကြတဲ့ လုပ်ငန်းဆောင်တာတခုခု ပြီးမြောက်ပြီးပြီဆိုရင်။ ညစာစားပွဲကြီးလိုဟာမျိုးနဲ့ စားတတ်သောက်တတ် အထိမ်း အမှတ်ပြုတတ်ကြတယ် မဟုတ်လား။ ကျနော်ကလဲ ဗမာပြည်မှာမွေးပြီး ဗမာပြည်ကို ချစ်တတ်တဲ့ကောင်ပေမဲ့။ တရုတ်သွေးတော့ ပါတဲ့ကောင်မဟုတ်လား။ စီးပွားရေး လုပ်တော့လဲ တရုတ်နယ်စပ်မှာပဲ အခြေစိုက်ပြီး တရုတ်တွေနဲ့ပဲ တော်တော်ဆက်နွယ်လုပ် ကိုင်နေရပြန်တော့ တရုတ်အကျင့်တွေ ဓလေ့တွေနဲ့ကလဲ တော်တော်ကို ကျင့်သားကျ နေရတဲ့ကောင်မဟုတ်လား။ ဒီတော့ ကနေ့ည ညစာကိုတော့ ကိုယ့်အကြိုက်ဆုံး ပုစွန်ထုပ်ကြီး တွေနဲ့လဲ ကြုံနေရပြန်တော့။ ကောင်းကောင်းစားပစ် လိုက်မယ်လို့လဲ စိတ်ကို ဒုံးဒုံးချပစ်လိုက် မိတယ်ဗျ ။

မော်တော်အုံနာကိုယ်တိုင်ကလဲ မော်တော်သမားလေးတွေကို ကောင်းကောင်းခိုင်းထားတော့ ကောင်လေးတွေကလဲ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ပြုတ် နေကြတယ်ပေါ့ဗျာ။ နယ်စပ်ကနေ လိုက်လာတဲ့မိတ်ဆွေတွေရော။ ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းတွေ ကိုပါ ကြည့်လိုက်တော့လဲ။ သူတို့အားလုံး ရင်ပေါ့သွားကြသလို ပုံမျိုးတွေ့ရတယ်ခင်ဗျ။ လမ်းမှာ တချက်တချက် စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ တခါတခါ တွေ့နေရသေးတဲ့ လူသေအလောင်းတွေနဲ့ အပုပ်နံ့တွေပဲ။

မိန်းမလှ ကျွန်းနားတ၀ိုက် ပင်လယ်ဝအသွားတုန်းက တွေ့ခဲ့ရသလောက်။ ရန်ကုန်အပြန်လမ်းမှာ လူသေအလောင်းတွေ တွေ့ရတာမများတော့ပေမဲ့။ အပုပ်နံ့တွေကတော့ ဗျာ...လေအဝှေ့မှာ သိသိသာသာကို နံနေတုန်း ရနေတုန်းဗျ။

ထမင်းစား ဖို့အသင့်ဖြစ်ပြီလို့မော်တော်သမားလေးတွေ ပြောလာလို့ထမင်းစားပွဲကြီး ပြင်ထားရာဆီ ကျနော်တို့ မိတ်ဆွေတသိုက် လာခဲ့ကြ တော့။ ထမင်းဝိုင်းက မော်တော်အုံနာအပါအ၀င် ကျနော်တို့ ခြောက်ယောက်စာအတွက်ပဲ သီးသီးသန့်သန့် ကောင်းကောင်း မွန်မွန်ပြင်ထားတာ ခင်ဗျ။ အဲဒီမှာ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ထားတဲ့ပန်းကန်ကြီးကို သပ်သပ်အုပ်ဆောင်း နဲ့တောင်အုပ်ပြီး အလယ်တည့်တည့်မှာ ခင်းကျင်းထားတာ တွေ့ရတယ်။

အမှန်အတိုင်း ပြောရရင် ကျနော့်အကြိုက်ပေါ့ဗျာ။ အဲ...အဲ...အုပ်ဆောင်း လေး အသာမလိုက်ပြီး ပုစွန်ထုပ်ကြီး ပန်းကန်ကိုလဲ ကြည့်လိုက်ကရော။ အခုမှ အိုးပေါ်က ချထားခါစ အငွေ့တထောင်းထောင်းထနေတုန်း ပုစွန်ထုပ်တွေဆီက အနံ့တမျိုး ထောင်းကနဲရလိုက်တယ်။ ဘာနံ့မှတ်သလဲ။ လမ်းတလျောက်လုံးရနေရတဲ့ လူသေ အလောင်းတွေဆီက ပုပ်နံ့မျိုးဗျာ။ တကယ့်ကို လူသေပုပ်နံ့မျိုး။ ကိုယ်မှ စိတ်ထဲစွဲနေလို့ဒီအနံ့မျိုး ရတာလား ထင်မိပြီး။ တခြားသူတွေမျက်နှာ ဆီကြည့်လိုက်မိတော့လဲ။ သူတို့တတွေလဲ စိတ်မသက်သာဖြစ်သွားကြတဲ့ပုံ အထင်းသားပေါ် နေတယ်။

တယောက်က ပုစွန်ထုပ်တကောင်ရဲ့ခေါင်းကို ဇွန်းနဲ့ဖိပြီး ဖဲ့လိုက်တော့။ အနံ့က ပိုပြီးတောင် စူးကနဲဖြစ်ပြီး သိသိသာသာ အဲဒီအနံ့ကြီးထွက်လာတယ်။ စားချင်စိတ်ကို တခါထဲ ပျောက်သွားရတာပါပဲဗျာ။ ဒါတောင် ပုစွန်ထုပ်နော်။ ဂဏန်းလိုအကောင်မျိုးသာ ဆိုလို့ကတော့။ ဒိထက် ပိုဆိုးနိုင်တယ်။ လူသေအလောင်းတွေ ထိုးဆွကိုက်ဖဲ့စားပြီး ကြီးထွားလာရလို့လားတော့ မသိပါဘူးဗျာ။ အနံ့ကတော့ အဲဒီအနံ့မှ အဲဒီအနံ့အစစ်။ ကျနော်က မြစ်ဝကျွန်းပေါ်မှာမှ ပုစွန်ပေါတဲ့ ပင်လယ်ဝမှာ မွေးလာကြီးလာရတဲ့ကောင်ပဲ။ ပုစွန်ရဲ့အနံ့ဟာ ဘယ်လို အနံ့ဆိုတာ ကောင်းကောင်းကျွမ်းပြီး သိပြီးသားပဲ။

တချက်တောင် ပြို့ကနဲ ဖြစ်သွားမိတယ်။ ထမင်းဝိုင်းက လူတွေအားလုံးမျက်နှာဟာလဲ ဇာတ်မတိုက်ထားရပဲ တပုံစံထဲ ဖြစ်သွားတယ်။ အားလုံး သက်ပြင်းကြီးတွေ ကြိတ်ချလိုက်မိကြတယ်။ ဘယ်လိုလုပ် ထမင်းစားနိုင်တော့မလဲဗျာ။ ထမင်းဝိုင်းကို အသိမ်းခိုင်းလိုက်ရပြီး။ အဲဒီနေ့ညစာကို ခေါင်ဆွဲခြောက် ထုပ်လေး ရေနွေး စိမ်ပြီး ဗိုက်ပြည့်ပြီးရော စားလိုက်ကြရ တော့တာပေါ့။

(၃)
အဲဒါတွေကတော့ ကျနော့်ရဲ့ နာဂစ်ဒဏ်သင့် အလှူခရီးအတွေ့အကြုံတွေပေါ့ဗျာ။ လူဆိုတာ ကိုယ်ရွေးချယ်ခွင့်မရှိပဲ မွေးဖွားလာခဲ့ကြရတယ်ဆိုပေမဲ့။ ကိုယ့်ကို မွေးဖွားလာခဲ့ရာ ဇာတိရပ်မြေဆိုတာ မမေ့ကောင်းတဲ့အရပ်။ တတ်နိုင်သမျှ ကျေးဇူးဆပ်အပ်တဲ့ အရပ်ဆိုတော့ ကျနော်တတ်နိုင်သမျှ လှူခဲ့တန်းခဲ့ ပေးကမ်းခဲ့ပြီးပါပြီ။ အောင်အောင်မြင်မြင် သွားရောက်နိုင်ခဲ့တာအပေါ် ကျနော်ကျေနပ်ပါတယ်။ ပီတိလဲ ဖြစ်ခဲ့ရပါတယ်။

ပီတိနဲ့အတူ စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေလဲ တွေ့ခဲ့ရတာတော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ပြောရရင် ကိုယ်ပြုနိုင်သမျှ ကုသိုလ်လေး စေတနာသုံးတန် ပြဌာန်းပြီး ပြုခဲ့ရပြီးပါပြီ။ ခိုးကြ ၀ှက်ကြ ကဲ့ကြ ယူကြတာ တွေအပေါ်လဲ ကောင်းကောင်းမြင်သိ ရှုမြင်လိုက်ရပြီး တရားရမိပါတယ်။ ဘယ်လိုနှလုံးသွင်း ရမယ်ဆိုတာလဲ သဘောပေါက်ပါတယ်။..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလူ.. တွေကိုးဗျ။

အဲဒီတော့ ကျနော့်ရဲ့ဒီအလှူ ဒီခရီးစဉ်တခုလုံးအပေါ် နိဂုံးချုပ်ပြီး ပြောရမယ်ဆိုရင်...
ကျနော့်တယောက်ချင်းအနေနဲ့ကတော့ ... ‘မိစ္ဆာ ဗာလ အလစ်တော ရောရှုရပြီး။ နိဗ္ဗာန ပစ္စယော ဟောတု ’ ပါပဲခင်ဗျာ။ ဟုတ်တယ် ... မိစ္ဆာ ဗာလ အလစ်တော ရော ရှု ။ နိဗ္ဗာန ပစ္စယော ဟောတု ... ပါပဲ ခင်ဗျာ။

( ၀င်းတင့်ထွန်း )
၂၂-၆-၂၀၀၈
( မှတ်ချက်။ တရုတ်-မြန်မာနယ်စပ်မှ ကုန်သည်ကြီး ‘ကို - -’သို့ ရည်ညွှန်းအပ်ပါတယ်။ )

http://komoethee.blogspot.com/

Sunday, June 22, 2008

အမေရိကန်လွှတ်တော်အမတ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ကြေညာချက်ထုတ်ပြန်


အမေရိကန်ဝါရှင်တန်ဒီစီ အထက်လွှတ်တော် အမတ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) မြောက် မွေးနေ့ အတွက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ သည်။

အမေရိကန်ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘာရက်အိုဘားမားက မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော ဆိုးရွားလှသည့်အဖြစ်အပျက်များကို အမြဲတမ်းသတိရနေစေရန် နိုင်ငံတကာအသိုင်းအဝိုင်း ကို သတိပေးသည့်အနေဖြင့် (၁၉) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကြေညာချက်တွင် ဒီမိုကရက်တစ် သမ္မတလောင်း အိုဘားမားက “ဒီနှစ်ဟာဆိုရင် မြန်မာနိုင်ငံ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အနှစ်(၂၀)ပြည့်အထိမ်းအမှတ်လည်းဖြစ်သလို အသိဉာဏ်ပညာကြွယ်ဝတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေကို စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ဖို့အတွက် နောက်ဆုံးထွက်သက်ထိ အမှန်တရားဘက်က ရှိနေမှာ ဖြစ်ပါတယ်။ သူမဟာ အစဉ်အလာအရ ကြီးကျယ်မြင့်မြတ်တဲ့ မဟဒ္ဓမဂန္ဒီ၊ နယ်ဆင်မင်ဒဲလားနဲ့ မာတင်လူသာကင်းတို့လို (အာဏာရှင်များကို) အကြမ်းမဖက်သောနည်း(မေတ္တာဖြင့်)ကို အသုံးပြုခြင်းဖြင့် ခုခံကာကွယ်နေတဲ့အတွက် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရရှိခဲ့ခြင်းဖြစ်ပါ တယ်” ဟု ရေးသားဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့(၁၃)ကြိမ်ထိ နေအိမ် အကျယ်ချုပ်ဘဝနဲ့ နေရပြီး ခေတ်နောက်ကျကျန်နေသည့် သူမတိုင်းပြည်အတွက် မျှော်လင့်ချက်တွေ၊ ဆက်လုပ်ရဦးမည့် မျှော်လင့်ချက်များနှင့်အတူ ဆက်လက်ပြီး အကျဉ်းကျခံနေရသည်ဟု အဆိုပါကြေညာချက်တွင် ဆက်လက်ရေးသားဖော်ပြထားသည်။

“ဒီလိုမွေးနေ့မျိုးမှာ ဒေါ်စုကို ကျွန်တော်တို့ ချီးကျူးဂုဏ်ပြုကြပါတယ်။ သူလိုချင်တဲ့၊ လုပ်ချင်တဲ့ အရာတွေကိုဘဲ မြန်မာပြည်သူတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့က လုပ်ဆောင် ပေးရပါမယ်၊ သူတို့တွေရဲ့ လွတ်မြောက်ရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီရေးတို့အတွက် တိုက်ပွဲဝင်နေမှုများကို သူတို့နှင့်အတူ တသွေးတသားတည်း ထိန်းသိမ်းစောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းဖော်ပြထားသည်။

မြန်မာစစ်အစိုးရသည် ပြည်သူတို့၏ ပင်ကိုရိုးသားအကောင်းမြင် ရှုမြင်တတ်မှုအပေါ် အခွင့်ကောင်းယူပြီး အခြေခံလူ့အခွင့်အရေးများကို ချိုးဖေါက်နေသဖြင့် လူနေမှုအဆင့်အတန်းမှာ ဆယ်စုနှင့်ချီ၍ နိမ့်ကျပျက်စီးနေကြောင်းတို့ကိုလည်း ဖော်ပြထားသည်။

ပြည်ပရောက် ဒုက္ခသည်(၂)သန်း၊ အကျဉ်းထောင်ထဲရှိ ထောင်နှင့်ချီသော နိုင်ငံရေး အကျဉ်းသားများရှိနေခြင်းတို့ကို ကြည့်ခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီကို သွားနေပါသည်ဟုဆိုသော စစ်ဗိုလ်ချုပ်ကြီးများသည် မြန်မာပြည်နှင့် ပြည်သူများကို ပိုမိုပျက်စီးပြီး ခေတ်နောက်ကျ ကျန်ရစ်ခဲ့အောင် ဆက်လက်လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“စစ်အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ကောင်းမွန်စွာအသက်ရှင် ရပ်တည် နေထိုင်ရေးနဲ့ ပတ်သက်လို့ ဆက်လက်ပြီး ပျက်ကွက်နေမယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနှင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကန့်သတ်ချက်တွေကို ငဲ့ကွက်မနေတော့ဘဲ ထိရောက်တဲ့ ညှိနှိုင်းဆောင်ရွက်ရမည့် အရေးယူမှုကို ပြင်းထန်စွာလုပ်ကိုင်ရတော့မှာ ဖြစ်ပါ တယ်” ဟု ဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံ ရီပက်ပလီကန်သမ္မတလောင်း ဂျွန်းမက်ကိန်း၏ ဇနီးဖြစ်သူ ဆင်ဒီမက်ကိန်းက ယခုလ (၁၉)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့လာရောက်လည်ပတ်စဉ် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်သည်။

ဆင်ဒီမက်ကိန်းသည် ဗီယက်နမ်မှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂစ် မုန်တိုင်းဒဏ်သင့်ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် အလှူခံနေသည့် အစီစဉ်အဖြစ် ယခုအပတ်အတွင်း အာရှခရီးစဉ် လှည့်လည်နေခြင်း ဖြစ်သည်။

http://www.yoma3.org/

Saturday, June 21, 2008

Statement of Senator Barack Obama on the 63rd Birthday of Daw Aung San Suu Kyi


Statement of Senator Barack Obama on the 63rd Birthday of Daw Aung San Suu Kyi
Thursday, June 19, 2008
FOR IMMEDIATE RELEASE
CONTACT: Michael Ortiz, 202 228 5566

WASHINGTON, D.C. - U.S. Senator Barack Obama today released the following statement on the 63rd birthday of Daw Aung San Suu Kyi of Burma:

"The 63rd birthday today of Daw Aung San Suu Kyi of Burma offers an opportunity to remind the world community of the continuing tragedy in her country and the responsibility we have to press for change there.

"This year marks the 20th anniversary of Burma's 1988 democracy movement and of Daw Suu's emergence as its inspirational leader. She has sacrificed family and ultimately her freedom to remain true to her people and the cause of liberty. And she has done so using the tools of nonviolent resistance in the great tradition of Mahatma Gandhi, Nelson Mandela, and Martin Luther King, earning the 1991 Nobel Peace Prize.

"Since her last birthday, the world has watched in horror as Burma's ruling junta first crushed the "Saffron Revolution," gunning down and rounding up Buddhist monks and other Burmese citizens peacefully demonstrating for political reform and social justice, and then, last month, resisted and impeded international provision of critical assistance to millions of Burma's people in the aftermath of cyclone Nargis. Tens of thousands died from the immediate impact of the cyclone itself, and at least 2.4 million people, 40 percent of them children, remain homeless and in desperate need of assistance.

"For decades, the junta has overseen the continued deterioration of living standards, basic human rights, and general well-being of the Burmese people. Two million refugees, thousands of political prisoners in Burma's jails, and the retreat of the junta's leaders themselves to an Orwellian capital cut off from its people are further testament to the alienation and devastation that Burma's current leaders have brought upon their nation.

"This situation offends the conscience of the American people, as it does for millions of others around the world. If the junta continues its failure to protect the dignity, health and well-being of the Burmese people, the international community must be prepared to work harder toward effective coordinated action, including but not limited to action through the United Nations Security Council.

"Aung San Suu Kyi will spend her birthday the way she has spent 13 of the past 19 birthdays, under house arrest. Nonetheless, she continues to serve as a consistent manifestation of hope even as hope has been on the retreat in Burma. As we honor Daw Suu today, we must do so the way she would want it done: by honoring the people of Burma, and keeping faith with them in their struggle for freedom, justice, and democracy."

Wednesday, June 18, 2008

နိုင်ငံ + ပြည်သူ = နိုင်ငံ့အရေး = နိုင်ငံရေး

နိုင်ငံ + ပြည်သူ = နိုင်ငံ့အရေး = နိုင်ငံရေး
June 18th, 2008
ကလိုစေးထူး

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပါတယ်။

ဖို့ဝိန်းမှာကျင်းပသွားတဲ့ တင့်တင့်ထွန်း စတိတ်ရှိုးပွဲကိုသွားတော့ ခန်းမရဲ့အ၀င်ဝမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အန်တီကြီးနှစ်ယောက်နဲ့ ဆုံပါတယ်။ `အန်တီတို့၊ စတိတ်ရှိုးပွဲလာကြည့်တာလား´ လို့ နှုတ်ဆက်မေးမိပါတယ်။ ဒါပေမယ့် အဲဒီအန်တီကြီးတွေက မျက်နှာထားမသာမယာနဲ့ တယောက်စီ ဒီလိုပြန်ဖြေပါတယ်။

`မဟုတ်ဘူး၊ ကလေးမလေးတွေကို လိုက်ပို့တာ၊ တို့တွေက ပြန်မှာ´
`ကြည့်စမ်းပါဦးကွာ၊ တခုခုလုပ်ကြမယ်ဟေ့ဆိုပြီး လူစုရင်၊ အစည်းအဝေးတို့ ဘာတို့ဆိုရင် လူတွေက ဒီလို မတက်ကြွဘူး´
`မင်းလည်း တို့နဲ့တွေ့ရအောင်၊ တို့နဲ့တွေ့ချင်လို့ ဖို့ဝိန်းလာတာမှ မဟုတ်တာ၊ တင့်တင့်ထွန်းစတိတ်ရှိုးပွဲ လာတာ မဟုတ်လား´
`အန်တီတို့ကတော့ ၀မ်းနည်းတယ်၊ ကဲ.. သွားမယ်ဟေ့´

***

လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပါတယ်။

ဂျပန်မှာ ပညာလာသင်နေတဲ့ အမျိုးသမီးတယောက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုပြောပါတယ်။

`ကျမတို့က မိဘတွေက ချမ်းသာကြတာ မဟုတ်ဘူး၊ ရှိတဲ့ငွေလေးကို ခြစ်ခြုတ်ပြီး ဒီမှာ ပညာ လာသင်နေရတာ၊ နိုင်ငံရေးတွေဘာတွေ စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ အဲဒါတွေလုပ်လို့လည်း တခုခု အထိခိုက်မခံနိုင်ဘူး´

***

လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဖြစ်ပါတယ်။

မြန်မာပြည်တွင်းက နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ တာဝန်ရှိသူ လူငယ်တယောက်က ဒီလိုပြောတာကို တွေ့ဖူးပါတယ်။

`ဒီထဲမှာ နိုင်ငံရေးတွေ မပြောကြပါနဲ့ဗျာ၊ ကျနော်တို့ အရေးယူခံရပါလိမ့်မယ်။ ကျနော်က မိဘကို လုပ်ကျွေးနေရတာ၊ အဲဒါတွေအတွက်နဲ့ ကျနော့်ဘ၀ အနစ်မွန်းမခံနိုင်ဘူး´

***

အထက်ပါဖြစ်ရပ်တွေကိုကြည့်ရင် `နိုင်ငံရေး´ဆိုတဲ့ စကားရပ်လေးတခုကို လူတွေ နားလည်လက်ခံကြ တာဟာ မတူညီဘူးဆိုတာ သိလာစေပါတယ်။ အဲဒီလို မတူညီမှုနဲ့အတူ လူတန်းစားတွေ တစတစနဲ့ ကွဲပြားနေလေ မလားလို့ တွေးမိတော့ ဒီစာကို ရေးမိပါတယ်။

တကယ်တော့ ကျနော်တို့နိုင်ငံမှာ `နိုင်ငံရေး´လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက တွန့်ခနဲ ဖြစ်သွားတတ်တာ အစဉ်အလာတခုလို ဖြစ်နေပါပြီ။ နိုင်ငံရေးသမားများဆိုတာနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်သူများလို့ မျက်လုံးထဲမှာ အရင်ဆုံး မြင်ယောင်ပစ်လိုက်ကြတာ များနေပါပြီ။ သူတို့သည်သာလျှင် နိုင်ငံရေးသမား၊ အဲဒီတော့ အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တယ်။ ယုတ်စွ အဆုံး ဘ၀ပျက်သွားနိုင်တယ်..၊ အဲဒီလို တွေးပစ်လိုက်တာများပါတယ်။

တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ ပြည်သူရဲ့အရေးဆိုတာ ရှင်းနေပါတယ်။ ခေါင်းဆောင်ကြီး တွေကလည်း ဒီလိုပဲ အနက်ဖွင့်ဆိုပါတယ်။ ပါတီထောင်မှ နိုင်ငံရေးမဟုတ်သလို ပါတီအဖွဲ့အစည်းဝင်ဖြစ်မှ နိုင်ငံရေးသမား မဟုတ်ပါဘူး။ အခုတော့ နိုင်ငံရေးသမားနဲ့ ပြည်သူဆိုပြီး လူတန်းစားနှစ်ရပ်က ကွဲပြားမှန်းမသိ ကွဲပြားလာနေပါပြီ။

ခြိမ်းခြောက်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသားကျလာတဲ့ ပြည်သူတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့်ကိုတောင်မှ (အုပ်ချုပ်သူကို ဆန့်ကျင်ရမယ်ဆိုရင်)လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်မပြောရဲတော့ပါဘူး။ ပြောတဲ့လူတွေကိုလည်း `သူတို့က နိုင်ငံရေးသမားတွေ´လို့ သတ်မှတ် ပစ်လိုက်ကြပါတယ်။ သတ်မှတ်ရလောက်အောင်လည်း အခြေအနေတွေက ဖန်တီးပေးနေပါတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရသူတွေကလည်း သူတို့လိုမလုပ်၊ မပြောတဲ့ ပြည်သူကို အားမရ၊ ပြည်သူကလည်း သူတို့နဲ့ အသားမကျ၊ တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးသွားပါတော့တယ်။

တနေ့လုပ်မှ တနေ့စား၊ ၀မ်းရေးတောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ သာမန်ပြည်သူတယောက်က `စစ်အာဏာရှင် ပြုတ်ကျရေး´ဆိုတာကို ထည့်မစဉ်းစားအားသလို အစိုးရစရိတ်နဲ့ ပညာတော်သင် ထွက်လာရတဲ့ လူငယ်တယောက်ကလည်း သူ မြန်မာပြည်ပြန်ရောက်ရင် ရမယ့်အခွင့်အရေးကို အုပ်ချုပ်နေသူကိုဆန့်ကျင်လို့ ရလာမယ့် လတ်တလောရလဒ်နဲ့ မလဲလှယ်ရဲပါဘူး။ အဲဒီတော့ သူတို့ အတွေးတွေ၊ သူတို့စဉ်းစားချက်တွေထဲမှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်နေတဲ့လူတွေဟာ သူတို့နဲ့ တသားတည်း မကျတော့ပါဘူး။ တခါတရံမှာဆိုရင် `ဒီလူတွေနဲ့ပတ်သက်မိရင် ငါ့ကိုပါ ထိခိုက်လာ နိုင်တယ်´လို့တောင် တွေးပစ်လိုက်ပါတယ်။

တကယ်တမ်း သေချာစဉ်းစားကြည့်ရင် လူတိုင်းဟာ နိုင်ငံရေးသမားတွေလို့ ပြောလို့ရပါတယ်။ ပညာသင်နေတဲ့ ကျောင်းသားတယောက်ဟာလည်း ပညာသင်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ပါဝင်နေ သလို လုပ်ငန်းခွင်ဝင်နေတဲ့ လုပ်သားတွေကလည်း အလုပ်လုပ်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက် နေပါတယ်။

Seminar တခုမှာ ဆွေးနွေးသူ အမျိုးသမီးတယောက်က `လူတွေရဲ့ နေ့စဉ်ရှင်သန် သွားလာလှုပ်ရှားမှု တိုင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်´ လို့ အဆိုပြု ဆွေးနွေးဖူးပါတယ်။ အဲဒီတော့ တခြားသော ဆွေးနွေးသူ အမျိုးသားတယောက်က `အိမ်သာတက်တာကရော နိုင်ငံရေးနဲ့ ဆိုင်ပါသလား´လို့ မေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် ပြန်ဖြေတာကတော့ …

`အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပါတယ်။ အိမ်သာတက်သူဟာ အိမ်သာတက်ပြီးရင် လက်ဆေးဖို့ အရေးကြီးသလို အိမ်သာကိုလည်း သန့်ရှင်းအောင်၊ ယင်လုံအောင် ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အိမ်သာကိုတက်ပြီး လက်ကို စင်ကြယ်စွာမဆေးတဲ့ အိမ်သာတက်သူဟာ ၀မ်းရောဂါလို ရောဂါမျိုးတွေရနိုင်ပြီး သူကမှတဆင့် သူ့မိသားစုကို ရောဂါကူးစေနိုင်ပါတယ်။ အဲဒီလို မိသားစုတွေ များလာရင် တဖြည်းဖြည်းနဲ့ နိုင်ငံကိုပါ ထိခိုက်စေနိုင်လို့ အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်´

တကယ်တော့ လူတွေအားလုံး နေ့စဉ် ရှင်သန်သွားလာလှုပ်ရှား ရုန်းကန်မှုတိုင်းဟာ နိုင်ငံရေးပါ။ ပါတီထောင်မှ၊ အုပ်ချုပ်သူကိုဆန့်ကျင်မှ နိုင်ငံရေးမဟုတ်ပါဘူး။ ဆင်းရဲချို့ငဲ့သူတယောက်ကို မိမိတတ်နိုင်သလောက်လေး ဝေငှပေးလိုက်တာနဲ့ အဲဒီပေးလိုက်တဲ့ ခဏမှာတင် နိုင်ငံရေးလုပ်ပြီးသား ဖြစ်သွားပါတယ်။ မိမိသိထားတာကို မသိသေးတဲ့လူတွေကို ဝေငှပေးလိုက်တာဟာလည်း နိုင်ငံရေး လုပ်နည်းတမျိုးပါပဲ။ အဲဒီတော့ `ကျနော်/ကျမ နိုင်ငံရေးမလုပ်ပါဘူး´ဆိုတာ မရှိပါဘူး။ လူတိုင်း နိုင်ငံရေးလုပ်နေကြပါတယ်။ နိုင်ငံရဲ့အရေးကို ဆောင်ရွက်နေကြပါတယ်။ ကောင်းသောဆောင်ရွက်ခြင်းနဲ့ ဆိုးသောဆောင်ရွက်ခြင်းကတော့ မိမိရဲ့ ရွေးချယ်ယုံကြည်မှုပါပဲ။

လက်ရှိအုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောနေတဲ့ လူတွေကလည်း မိမိပြောနေသလို တခြားလူတွေက မပြောရကောင်းလားလို့ အားမလို အားမရဖြစ်နေလို့ မဖြစ်ပါဘူး။ အဲဒီလို အားမလိုအားမရ ဖြစ်လေလေ လူထုနဲ့ဝေးသွားလေလေ ဖြစ်တော့မှာပါ။

`နိုင်ငံရေး´ဆိုတဲ့ စကားလုံးရဲ့ ကန့်သတ်မှုအောက်မှာ အဖိနှိပ်ခံ ပြည်သူချင်းအတူတူ အစုမကွဲစေချင်ပါ။ `နိုင်ငံရေး´ဆိုတာဟာ ပါတီတွေထောင်၊ သာမန် တော်ရုံတန်ရုံလူတွေ နားမလည်နိုင်တဲ့ ဟိုစနစ်၊ ဒီစနစ်တွေ ပြောတဲ့အလုပ်၊ လက်ရှိအုပ်ချုပ်နေသူတွေကို ဆန့်ကျင်တဲ့အလုပ်လို့ မြင်လာနေတာက တစတစနဲ့ များလာနေပါပြီ။

တကယ်တော့လည်း အုပ်ချုပ်သူကို ဆန့်ကျင်တဲ့လူနဲ့ ပြည်သူတွေနဲ့က တဖြည်းဖြည်းနဲ့ ဝေးလာသလိုလို ဖြစ်လာနေပါတယ်။ ဒီခေတ်မှာ မိဘက အုပ်ချုပ်သူတွေကိုဆန့်ကျင်တဲ့ သားသမီးကို `နင်ဒါမျိုးတွေ လုပ်တာနဲ့ ငါတို့ပါရောပြီး ဒုက္ခမရောက်ချင်ဘူး၊ ငါတို့ အသက်ကြီးပြီ´ လို့ ဆိုဆုံးမနေတဲ့ခေတ်ကို ရောက်နေပါပြီ။ ဒါဟာ ပြည်သူနဲ့ နိုင်ငံရေးကို တသီးတခြားစီလုပ်ခဲ့တဲ့၊ လုပ်နေဆဲဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအုပ်ချုပ်သူတွေရဲ့ မကောင်းတဲ့ အောင်မြင်မှုပါပဲ။ နိုင်ငံခြားကိုရောက်နေတဲ့ လူတွေရဲ့ တ၀က်ဝန်းကျင်လောက်မှာကိုက `ငါသူတို့ကို ဆန့်ကျင်ရင် ငါ့နိုင်ငံပြန်ခွင့်ရပါ့မလား´ဆိုတဲ့ စိုးရိမ် စိတ်က ကြီးစိုးနေပါပြီ။ ဒါကြောင့်လည်း `ကျနော်/ကျမတော့ဖြင့် နိုင်ငံရေးမလုပ်ပါ´ လို့ ဖွင့်ဟ ပြောဆိုလာသူတွေ များလာနေပါတယ်။ နေရပ်ကို ပြန်ခွင့်မရမှာကို စိုးရိမ်စိတ်တခုတည်းနဲ့ ခံစားတတ်တဲ့နှလုံးသား မဲ့နေလေရော့သလားလို့ တွေးထင်ရလောက်အောင်ကို လျစ်လျူရှုနိုင်စွမ်းတွေ ရှိနေကြပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (အုပ်ချုပ်သူလူတန်းစား)တွေသည်လည်း ပြည်သူတွေထဲကပြည်သူ၊ ကျနော်တို့ (သူတို့ကိုဆန့်ကျင်နေသူ)တွေသည်လည်း ပြည်သူတွေထဲက ပြည်သူချင်းအတူတူ ကျနော်တို့တတွေ ပြည်သူနှင့် မဝေးလိုပါ။

`နိုင်ငံရေး´ဆိုသည်မှာ နိုင်ငံအတွင်းတွင် နေထိုင်ကြကုန်သော ပြည်သူများ၏အရေး၊ နိုင်ငံ့အရေး ဖြစ်တာကြောင့် ပြည်သူနှင့်နိုင်ငံရေး တသီးတခြားစီ မဖြစ်စေလိုပါ။ ဒါကြောင့်..၊ နိုင်ငံရေး= ပြည်သူ + နိုင်ငံ = နိုင်ငံ့အရေး = နိုင်ငံရေး …….။ ။

Friday, June 13, 2008

ဘာကြောင့်များလဲ နားမလည်စိတ်နဲ့ သံသယမဖြစ်ပါနဲ့၊ တုတ်မှာ နှလုံးသားမရှိ တော့လို့ပါ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

သကြားမင်းသည် မြင်းလားကြီးကို စီးကာ ဘယ်လက်မှ စွမ်းအားပြည့် ဘီစကစ်ကို ပါးစပ်တွင်း ထိုးသွင်းလျက် ညာလက်သန်းဖြင့် သူ၏ ပြောင်လက်နေသော နဖူးတော်ကြီးအား ထိသည်ဆိုရုံ ဖွဖွလေး ကုတ်ခြစ်လိုက်၏။ ထို့နောက် သွားကြားညပ်နေသည့် ဘီစကစ်စများအား ညာဘက်လက် လက်ညှိုးမှ လက်သည်းဖြင့် Pirate of the Caribbean ဇာတ်ကားမှ Captain Jack ၏ မခို့တရို့ဟန်အတိုင်း ရွရွလေး သွားကြားထိုးလိုက်၏။ သင်္ကြန် စာမဟုတ် ကျွန်ုပ်ငတုတ် မလှုပ် မရှုပ် မပြုတ် အဟုတ် အိပ်မက်မက်နေခြင်း ဖြစ်၏။ အိပ်မက်က လန့်နိုးတော့ နေတောင် အတော်မြင့်လှပြီ။
ရေကပြင်တွင် ဆောင့်ကြောင့်ထိုင်ရင်း ဘယ်လက်ဝါးထဲက ဆားကို ညာလက်ညှိုးဖြင့်တို့ကာ မျက်စိစုံမှိတ်လျက် သွားတိုက်နေစဉ် “အောက်ကပေါ် အမြှောက်နဲ့ ဆော်၊ ရန်ကုန် ဘူးသီးကြော်” ဟူသော ဟိုဖက်ခြံက အာကျယ်မ လှမ်းအော်သံကြားမှ ကမန်းကတန်း မျက်လုံးဖွင့်ဖြစ်၏။
ကျွန်ုပ်သည် စာရင်းစစ်ဝင်မည့် သတင်းကြားလိုက်ရသော သမ၀ါယမ ဥက္ကဌ၏ ပျာရိပျာယာ မလုံမလဲနိုင်မှုဖြင့် အုန်းမှုတ်ရေခွက်ကို လက်တံမှကိုင်ကာ သဲအိုးထဲမှ ရေကိုခပ်ရင်း ပလုတ် ကပျာကယာကျင်း၊ မျက်နှာပြီးစ လွယ်သစ်ကာ ရွာထိပ်လက်ဖက်ရည်ဆိုင်သို့ အလုပ်လက်မဲ့ လူငယ်ခြေကျများ၏ ထုံးစံအတိုင်း ချီတက်သွားမိ တော့၏။
……………………….
လက်ဖက်ရည်ဆိုင်ဘေး ကွမ်းယာဆိုင်မှ ထွေးခံအစုတ်တစ်ခုထဲ ထည့်ထားသော မီးခဲဖြင့် ဆေးပေါ့လိပ်တိုကို မီးထပ်ညှိလိုက်ရင်း ကွမ်းယာသည် ထွားမေကို ပေစောင်းစောင်း ကြည့်မိလိုက်တော့ ရင်ထဲ ပုဇွန်ဆိတ် အ ထောင်အသောင်းမက ထည့်ထားသလို ရွစိရွစိ ခုန်ဆွခုန်ဆွ ဖြစ်လာ၏။
“ ကိုတုတ်ကြီး၊ ဘာလိုလိုနဲ့ မေစုမွေးနေ့တောင် နီးလာပြီနော်၊ ရွာထဲကလူတွေ ဘာလုပ်ကြမလဲ မသိဘူး”
“ ဟေ … ဟုတ်လား …၊ ကောင်းတာပေါ့ ၀ါးရတာပေါ့ မုန့်ဟင်းခါးလား၊ အရင်နှစ်ကတော့ ငါ အဲဒီက မြမာလာ ဖိနပ်တရံ ရလာတာပေါ့ အဟတ်ဟတ် …”
“ သိပါတယ် ကိုတုတ်ကြီးရယ် ရှင့်ဥပဓိရုပ်ကိုက အချီကြီးတွေပြော၊ ပြီးရင် ရွာထဲအလှူရှိရင် အိမ်ဦးခန်းတက် ထိုင်၊ ရွာလည်က ကွမ်းတောင်ကိုင် ပြာလူးစိန်တို့ရှေ့ဆို မခုတ်တတ်တဲ့ကြောင်လို သမာဓိပိုးကလည်း ပိုးသေး .. ပြော မပြောချင်ပါဘူးတော၊် ပြီးရင် ရှင်နဲ့ခင်တဲ့ လုံမတွေဆို ဟိုထောင်ကျတွေ စုနေတဲ့ အရပ်ကလူလို ငါနဲ့ အိပ်ပြီးပြီဆိုတဲ့ အချိုးက လုပ်သေး၊ လူကသာ မိန်းမလိုချင်နေတာ တပိုင်းသေ”
“ ကိုကိုတုတ် တကယ်ရင်ခုန်တာက ဟောဒီက ထွားလေးပါကွာ ဟင်း ဟင်း ဟင်း”
ကိစ္စမရှိ ဒီခေတ်ကြီးထဲ အရှက်ကြီးနေလျှင် အလုပ်မဖြစ်။ဆေးလိပ်ဖက်က ခြောက်လွန်းသည်ထင့် … ဖွာနေရင်း မီးထတောက်လာတော့ ကျွန်ုပ်၏ နီရဲပြောင်တင်းနေ သော နှာခေါင်းကြီးတခုလုံး ပိုမိုထူပူလာတော့၏။
ထွားမေကို ကပ်အီနေလို့ မဖြစ်သေး။ မမစု၊ အန်တီစု၊ တီတီစု၊ မာမီစု၊ မေမေစု၊ ဘွားဘွားစု၏ မွေးနေ့၊ ဘာတွေလုပ်လို့ ဘာတွေကျွေးကြမည်နည်း။ နည်းနည်းတော့ စနည်းနာမှ ဖြစ်မည်။ မနှစ်က မွေးနေ့ပွဲမှာ ခိုးလာခဲ့သော မြမာလာဖိနပ်က စုတ်ပြတ်လု ဖြစ်နေပေပြီ။
………………………
အလဲ့ … ရွာစွန်ထုတ်ထားခံရသော ပရဆေးဆရာ ကိုရင်လွဏ်းဆွေ စာအုပ်အငှားဆိုင်မှ သမီးစု အီးထုသံက တုတ်ကြီးတို့ လက်ဖက်ရည် သောက်နေကြသော လူစု၏ နားသောတ အာရုံထိ ပဲ့တင်ရိုက်ခတ်လာတော့၏။
“တိုးတိုး သမီးစု၊ မေစုက အဓိဌာန်ဝင်နေတာ၊ ၀ဇီပိတ်တဲ့ … ဘယ်လောက် သမာဓိကောင်းလဲဆိုရင် ဘုန်းကြီး တွေ မေတ္တာပို့သံလည်း မကြား၊ မိုင်ရာချီတဲ့နှုန်းနဲ့ လေတိုက်လို့ တတိုင်းပြည်လုံး သေတာလည်း မသိ၊ အခြေခံ ဥပဒေကြီး အတင်းအဓမ္မ အုသွားလိုက်တာလည်း မသိ၊ သွားအော်ကြီးဟစ်ကျယ် မလုပ်နဲ့ အဓိဋ္ဌာန် ပျက်သွား မယ်”
အဲလိုပြောလို့လည်း မဖြစ်သေး။ သူ့ခမျာ အိမ်မှာ အကျယ်ချုပ်ကျနေတာ မစာမနာ ဖြစ်မယ်လေ …။ နောက်တဖန် အဲသလို ကျွန်ုပ်က လှမ်းအော် သတိပေးလိုသော်လည်း မိမိနှင့်အတူ ထိုင်နေသော ပဏာကိုကို နှောင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွာရုံးခွဲတာဝန်ခံ ဖြစ်နေတော့ ထမအော်ရဲ၊ ဒင်းက ရယကတို့ နအဖတို့နှင့်ဆိုလျှင်သာ ကျနော်မသိပါဘူး၊ ကျနော်မပါပါဘူး လုပ်တတ်တာ၊ တုတ်ကြီးတို့နှင့်ဆိုလျှင် အလေးစားက သိပ်ခံချင်သောသူ။
သူတို့ကိုပဲ ထိုင်လေးစားနေခဲ့လိုက်တာ တုတ်ကြီးတောင် ဒေးကာနယ်ဂျီ၏ လူပေါ်လူဇော်လုပ်နည်း ဖတ်စရာမလို လူတွင်ကျယ် လုပ်တတ်လာ၏။ ပရောဂျက်ရေးနည်း သိလာ၏။ သခင်ကြီးများအား မည်ကဲ့သို့ ညာရမည်ကို သိလာပေ၏။နည်းလား ဒီလောက်တောင် နှစ်ပေါင်းနှစ်ဆယ် မရှိတရှိအတွင်း တတ်လာတာ…။ ကျေးဇူးတင်ရပေမည်။
…………………………
နေရင်းထိုင်ရင်း မိုးက ထပ်ညိုလာပြန်ပြီ။ ဒုက္ခပါလား။ ငါတို့နှယ် ကံဆိုးမတိုင်းပြည်၊ မိုးရွာလိုက် မုန်တိုင်းတိုက် လိုက် နအဖ သတ်လိုက်။
“ဟေ့ကောင် တုတ်ကြီး …”
ကျယ်လောင်ခန့်ညား အောင်မြင်ထည်ဝါလှသော မိုးလုံးခြိမ့်အသံကိုကြားတော့ ကျွန်ုပ်အလန့်တကြား ထူး လိုက်မိ၏။
“ခင်ညာ”
“ မင်းအကြံ ငါသိတယ် ငတုတ်၊ မင်းဘာတွေ တွေးနေတယ်ဆိုတာ ငါအကုန်သိတယ်”
“ ဟုတ်ကဲ့၊ ကျနော် ဘာတွေ တွေးနေမိလို့လဲ ခင်ညာ”
“ အေး … ငါ အစီအစဉ်တိုင်း ပြောပြလိုက်ရင် မင်း စောစောက ထွားမေကို ကပ်အီရင်း တိုလာခဲ့တဲ့ ဆေးပေါ့ လိပ် နှစ်လိပ် ခါးကြားထဲက ထုတ်ပြီး အခုငါ့ကို ပေးမလား”
“ဘုရားစခင် … စုတ်ခပါလား” အာမေဋိတ်တောင် မပီတော့လောက်အောင် ကြောက်ရွံ့သွားမိ၏။ ဒင်းသည် တ ကယ့်တန်ခိုးရှင် ဖြစ်ပေတော့မည်တကား။ သည်တော့ ညာဖို့ မကြိုးစားနှင့်၊ တန်ခိုးရှင်နှင့်တွေ့တုန်း ရှိတာပေး ရတာယူ ဖြစ်သလို ဖားမှ တော်ပေတော့မည်။
“ ပေးမှာပေါ့ ခင်ညာ” ဟု ပြန်ဖြေလိုက်တော့ …။
“ အေး ဟုတ်ပြီ မင်းတွေးနေတာ တုတ်ကြီးဖောင်ဒေးရှင်းလုပ်ပြီး ဆုတွေပေးဖို့၊ မင်းအမျိုးတွေ မင်းနဲ့ကြည်တဲ့ လူတွေ အကုန်လုံး မင်းစိတ်ထဲမှာ စာရင်းတို့ထားပြီးသား၊ ဒါပေမယ့် ခက်တာက မင်းကငမွဲ မင်းမှာ ဘာမှမရှိဘူး၊ ဒါကိုလည်း မင်းကသိတယ်။ ဒီတော့ မင်းအကြံက ပြောင်းလာတယ်၊ ဟုတ်တာလေးတွေ နည်းနည်းလုပ်ပြပြီး ဆုတွေယူဖို့၊ ပြီးတော့ မနေ့ညနေခင်း ဟိုဘက်ရွာက အရက်ဆိုင်မှာ ကပ်သောက်ဖို့ သွားတာ အခြေအနေ မဟန်လို့ ပြန်လာခဲ့ရင်း သံဝေဂလေး နှစ်ပဲသားနဲ့ ဂုဏ်တော်ကွန်ချာကို ပုတီးတ၀က်စိပ်ခဲ့ပြီး မင်းကိုယ်မင်း ဘုရားအလောင်းထင်လာတယ်။ မနက်အိပ်ယာကနိုးတော့ အာကျယ်မရဲ့ အသံကိုကြားပြီး မင်းလည်း နည်းနည်းအော်ချင် ဟစ်ချင်စိတ်တွေ ပေါ်လာတယ်။ ပေါ်လာပြီး လက်ဖက်ရည်ဆိုင်ကိုလာတော့ လှည်းလမ်းကြောင်း သီပြီးလျှောက်လာရင်း အနောက်ရွာက ခွေးဟောင်သံကြားလို့ မင်းလုံခြုံရေး အကြောင်းပြပြီး ကားအသစ် ၀ယ်စီးချင်လာတယ်။ ခက်တာက မင်းမှာလည်း ကိုယ်ပိုင် ပိုက်ဆံက မရှိ အရည်အချင်းက မရှိ၊ ဒီတော့ မင်းအဖွဲ့အစည်းတစ်ခုခု ကောက်ထောင်မလား စဉ်းစားသေးတယ်။ မင်းအရင် အခြေကျနေတဲ့ ကောင်တွေ Vote No နဲ့ မဟန်မှန်း သိထားတော့ မင်း ဝေစုဝင်ခွဲဖို့ကလည်း နောက်ကျ၊ ဆက်ပြီး လုပ်ဖို့ကလည်း ဂွကျနေတော့ မင်း အတွေးတွေ ခဏ ရပ်လိုက်တယ် ဟုတ်သလား”
“ မှန်လိုက်လေ ခင်ညာ၊ အံ့သြစဖွယ် တိကျမှန်ကန်တဲ့ စကားတွေ ဖြစ်ပါတယ်ခင်ညာ” တုတ်ကြီး တဖြေးဖြေး အောင်သောင်းနှင့် တူလာ၏။ ကိစ္စမရှိ။ အခွက်ပြောင်မှ ဌေးဦးလောက်ကို မထိတထိ ကြောနိုင်မည် ဖားရသည် မှာ အပမ်းမကြီး ဆက်ဖားလိုက်ပြီး နားထောင်လိုက်ဦးမည်။
“မှန်ရမပေါ့ကွာ … မှန်ရမပေါ့”
နည်းနည်းတော့ စိတ်ထဲ အမြင်ကပ်လာ၏။ သို့သော်မဖြစ်သေး၊ ဒင်းက အကုန်သိနေတော့ ဆက်ပြီး ရေလိုက် ငါးလိုက် ဖားထားမှ။
“သိပ်တော်တာပဲ၊ ဘာနေ့သားလဲဟင် ကိုးကွယ်ချင်လို့ပါ”
“ အေးပေါ့ … မင်းကိုးကွယ်ချင်စိတ် ပေါ်လာရမှာပေါ့ကွာ … နို့မဟုတ် မင်း မီးခဲ ဖင်ခုထိုင်သလို ဖြစ်သွား မှာပေါ့”
“ ဟား ဟား ဒီတခါတော့ မှားနေပြီဗျ။ မီးခဲ ဖင်ခုထိုင်တဲ့အထဲ ကျုပ်မပါဘူး”
“ ငတုံးပဲ figure of speech ဆိုတာ မင်း နားမလည်ဘူးလား သဘောပြောပြတာ”
“အော် ဂလိုလား၊ မသိလို့ပါ ဆက်ပြောတော်မူပါခင်ဗျား”
“ အေး … ထပ်ပြောလိုက်ဦးမယ် မင်းမှတ်ထား၊ ၂၀၁၀ အတွက် တချို့ကလည်း နီပေါအိပ်မက်တွေ ထမက် နေကြတယ် မှတ်ထားကွ နအဖက တိုင်းပြည်ကို တိုးတက်အောင်သာ မလုပ်တတ်တာ သူတို့ဖင် ပလ္လင်ကပ်အောင်ကတော့ ပလ္လင်မှာ မူလီဆွဲပြီး သူတို့ဖင်နဲ့ ဖစ်ဆိုက်ဒ် တပ်ပြီးထိုင်ထားတာ၊ ပြုံးတောင်နေ သေး၊ သွားအိပ်မက်မမက်နဲ့ ဘဘတို့က နှစ်ပေါင်းငါးဆယ် လုပ်လာတာဆိုတဲ့ ကိစ္စတွေ အကုန်သဲထဲရေ သွန်ဖြစ်မယ်”
“မောင်နမ်းမှာလားကွယ့် မေ့ကို ဆိုတဲ့ အထာတွေလားဗျ”
“ ပြန်မမေးနဲ့၊ ငါပြောသမျှ နားထောင်”
“ နောင်တရပါတယ် ဆရာသမားရယ် ဆက်ပြောပါ”
“ခု လေမုန်တိုင်းတိုက်လို့ မင်းတို့တိုင်းပြည်က ပြည်သူလူထုတွေခမျာ ငတ်မွတ်သေဆုံး ပျက်စီးနေကြရတာ တော့ အားလုံးရင်နင့်စရာပဲကွ”
“ ဟုတ်ကဲ့ အင်မတန် ရင်နင့်စရာပါ၊ ကျနော်တို့မှာလည်း အားကိုးစရာက မရှိ၊ အားကိုးစရာလားလို့ ကြည့်လိုက် တော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဘတွေက ရေဒီယိုမှာ … “မဟုတ်ပါဘူးခင်ဗျ၊ ကျနော်တို့ မပါပါ ဘူးခင်ဗျ၊ ဟော …ဖမ်းသွားပါပြီခင်ဗျ၊ သဘောမတူပါဘူးခင်ဗျ၊ ပြန်လွှတ်ပေးလိုက်ပါတယ်ခင်ဗျ၊ ဟော … ပါသွားပြန်ပြီခင်ဗျ” နဲ့ပဲ ဇာတ်လမ်းက ပြတ်နေမှတော့ ဘာဆက်လုပ်ကြတော့မလဲဗျာ။ အမေရိကန်ကလည်း ကျုပ်ဝမ်းသာအောင် လေလည်ပြသွားလို သွားရဲ့၊ ဘန်ကီမွန်းဆိုတဲ့ ကောင်ကလည်း သန်းရွှေ ကြောက်ယုတ်ကြီးကို ရွှေတိဂုံဘုရားမှာ ပြုံးဖြဲဖြဲနဲ့ တက်ဖူးပြီး ပေကလပ်ပေကလပ်နဲ့ ပြန်သွားဆိုတော့ နတ်သကြားတွေ ကယ်မှပဲ ဖြစ်တော့မယ် ထင်ပါရဲ့ဗျာ”
“ဟဲ့ကောင် တုတ်ကြီး နတ်သိကြားတွေကို မင်းဆွဲမထည့်နဲ့လေ၊ မင်းတို့ သန်းငါးဆယ်ကျော်တာပဲကွ တယောက် တချက် ထထိုးရင်တောင်မှ သေနတ်နဲ့ ပစ်မယ်ထားဦး၊ တစ်သန်း မသေဘူးကွ ဒီကောင်တွေ အကုန်ပြုတ်ပြီ။ နတ်တွေ သိကြားတွေဆိုတာ အဲဒီကိစ္စတွေမှာ ၀င်မပါဘူးကွ မှတ်ထား”
ပြောစကား အဆုံးတွင်တော့ အသံသာမက ရုပ်ကိုပါ ပြက်ပြက်ထင်းထင်း မြင်လိုက်ရပါတော့၏။ လားလား … ထိုပုဂ္ဂိုလ်မှာ တုတ်ကြီးအိပ်မက်ထဲမှ သကြားမင်းကြီး ဖြစ်နေပေတော့၏။ တပြိုင်နက်တည်းတွင်ပင် သုဇိတာဆိုသည့် နတ်သမီးသည် သိကြားမင်းကြီးအား နားရွက်တဖက်မှဆွဲကာ တိမ်ထုကြားသို့ ၀င်ရောက် ပျောက်ကွယ်လုအချိန်တွင် သကြားမင်းသည် ပေစောင်းပေစောင်းဖြင့် သုဇိတာ၏ ကာတစ်ကြီးအား ဖျောင်းကနဲ ရိုက်ကာ ဟက်ပီးဘတ်ဒေး တူးယူဟုဆိုရင်း … ပျောက်ကွယ်သွားပေတော့၏။
နေလည်းမြင့်ပြီ။ တုတ်ကြီးလည်း ဖွတ်မေ့ ပဒတ်မေ့ မေ့နေသည့်အလား ခွေးခြေပုလေးပေါ် ထိုင်လျက် ကိုပဏာ မောင်မောင်နှောင်းက လက်တို့ကာ သတိပေးတော့မှ အော် … ငါလည်း လယ်ထဲဆင်းရပါဦးမည်လားဟူသော အသိဖြင့် စွပ်ကျယ်စုတ်ကလေးကိုချွတ်ကာ အရက်ပူပြန်ပြန်ဖြင့် ပုခုံးပေါ်တင်ရင်း အိမ်ဖက်သို့ ခြေဦးလှည့်လာမိ ပါတော့၏။
မုန့်ဟင်းခါးစားပြီး ဖိနပ်ခိုးဖို့ကတော့ သမိုင်းပေးတာဝန်မို့ ကျွန်ုပ်တုတ်ကြီး စောဒကမတက်လိုပါ။ သို့သော် ငတ်မွတ်ခေါင်းပါး ကပ်ဆိုက်နေရသောသူ အားလုံးသာ မုန့်ဟင်းခါးလေး ၀၀လင်လင် စားခွင့်ရကြပါလျှင် ဆိုသောအသိဖြင့် …။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

မင်းတြားကြီးရဲ့ယတြာ

မင်းတြားကြီးရဲ့ယတြာ
ရန်လိုကျွဲ
ဇွန် ၁၂၊ ၂၀၀၈

ထုံးစံအတိုင်း တနေ့သ၌တွင် ဖြစ်သည်။ ဘန်ကောက်မြို့ တက္ကသိုလ်တစ်ခုတွင် ကျောင်းသူများ၏ ၀တ်စား ဆင်ယင်ပုံကို မျက်တောင်မခတ် လေ့လာနေခိုက် တယ်လီဖုန်းက အလိုက်မသိဘဲ ထမြည်သည်။ မိုးမခ အယ်ဒီတာမင်းတစ်ယောက်က ဖုန်းလှမ်းဆက်ခြင်းပင်။ ဖုန်းထဲမှအသံက အောက်ပါအတိုင်း ထွက်ကျလာသည်။

“ဟေ့လူ၊ ခင်ဗျား မြန်မာပြည်သွားရမယ်။ နေထိုင်တည်းခိုဖို့အတွက် မပူနဲ့။ အားလုံးစီစဉ်ထားပြီးပြီလို့ ဆိုတယ်။ အဲ - ရန်ကုန်ရောက်တာနဲ့ ရန်မျိုးအောင်စေတီကိုသွား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စောင့်နေလိမ့်မယ်။ အခုချက်ချင်း မြန်မာသံရုံးကို ပြေးပေတော့၊ သံအမတ်ကြီးကိုယ်တိုင် ခင်ဗျားရန်ကုန်သွားဖို့ လေယာဉ်လက်မှတ် စီစဉ်ပေးမှာ။ ရှင်းတယ်နော်။”

ဟုတ်ပြီ၊ ကြိုက်ပြီ။ မြန်မာသံရုံးက စီစဉ်ပေးမည်ဆိုသည်ကိုတော့ အံ့သြမိသည်။ သံရုံးနှင့် ရေစက်မကုန်သေး။ အံ့သြမှုကို အသာထား၊ လေယာဉ်လက်မှတ် အလကားရမည် ဟုဆိုသဖြင့် ၀မ်းသာမိသည်။ ဘန်ကောက်တွင် ဘိုင်ကျနေသော ဂျာနယ်လစ်သမားဘ၀မို့ အငှားကားစီးဖို့ပင် အကြိမ်ကြိမ် စဉ်းစားနေရသည်မဟုတ်ပါလား။ လိုရင်းကိုရေးရလျှင် ဤသို့ဖြင့် လူထုချစ်သော မင်းတြားကြီး သန်းရွှေနှင့် ဒုတိယမ္မိ တွေ့ကြပြန်လေသည်။

သင်္ကန်းကျွန်းတွင်ရှိသော ရန်မျိုးအောင်ဘုရားသို့ ကျွန်ုပ် ရောက်လေပြီ။ ဘုရားဝင်း အတွင်းအပြင်တွင် ဂုမ္ဘန်တစ်ထောင် မဟုတ်သော်လည်း ပျောက်ကျားဝတ်စုံနှင့်စစ်သား ၁၀၀ ခန့်က ဟန်ရေးပြနေကြသည်။ မင်းတြားကြီး၏ဘေးတွင် လက်ဆွဲအိတ်ကိုယ်စီနှင့် ဆရာဝန်ဗိုလ်မှူးကြီး၂ယောက်။ မင်းတြားကြီးက စတင်နှုတ်ဆက်သည်။ ကျွန်ုပ်အား ကောင်းစွာ မှတ်မိနေသည်။

ဘယ်လိုလဲ၊ မင်း အလဲဗင်းဂျာနယ်မှာ အလုပ်မရဘူးမဟုတ်လား။

ဟုတ်ကဲ့။ ကျနော့်ကို သူတို့ အစမ်းခန့်ကြည့်ပါသေးတယ်။

ဒါဆို မင်းကို သူတို့ မကြိုက်ဘူးပေါ့။ မင်းက ခပ်ညံ့ညံ့ သတင်းထောက်ထင်ပါရဲ့။

မညံ့ပါဘူးဗျ၊ ချင်းမိုင်က စာနယ်ဇင်းကျောင်းမှာတုန်းက အတော်ဆုံး သင်တန်းသား ၁၀ ယောက်ထဲမှာ ကျနော် ပါတယ်ဗျ။ (စကားချပ်-ဟန်ကိုယ့်ဖို့ ဆိုသော်လည်း မှန်သောစကားဆိုခြင်းဖြစ်သည်။ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၀ ယောက်ခန့်သာရှိသည်။)

မညံ့ဘူးဆို မင်း ဘာကြောင့် အလုပ်မရတာလဲ။

ကျနော် သတင်းရေးတဲ့အခါ စာဖတ်သူနဲ့အယ်ဒီတာကိုပဲ စိတ်ထဲမှာ ထည့်ထားတာ၊ သူတို့ ဖတ်ပါ့မလား ကြိုက်ပါ့မလားပေါ့ဗျာ။ နို့ပေမဲ့ အလဲဗင်းဝိကလီးက အဲဒီလောက်နဲ့ မရဘူး ဗျ။ သတင်းရေးတဲ့အခါ စာပေစိစစ်ရေးရုံးက အန်တီမမများကိုလည်း အာရုံထားရမယ်လို့ ဆိုတယ်။ သူတို့ခွင့်ပြုအောင် ရေးတတ်ရမယ်ပေါ့ခင်ဗျာ။

သြော် ဒါကြောင့် အလုပ်မခန့်တာကိုး။ ခက်တာပဲ မင်းတို့ကောင်တွေ၊ နိုင်ငံတော်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ရတယ် ကွ။ ကဲ ကဲ သတင်းစာရှင်းလင်းပွဲ စမယ်။ အင်တာဗျူးဖို့ အဆင်သင့်ပြင်တော့။

သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆို။ ဘယ်သတင်းထောက်တွေလည်း မတွေ့ဘူးနော်။

မင်း အဓိက မေးစရာရှိတာ မေးစမ်းပါ။

ဟုတ်ကဲ့။ ပထမဆုံး မေးချင်တာကတော့ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော်အောင် လုပ်လိုက်တာ လောဘမကြီးလွန်း၊ မများလွန်းဘူးလား။

ရန်သူကို ကျွန်လိုဆက်ဆံရမယ်။

ဗျာ။

ငါ ဖြေပြီးပြီလေကွာ။ နောက်တစ်ခုထပ်မေး။

ဟုတ်- ဟုတ်ကဲ့။ ဟို- လောလောဆယ်မှာပေါ့လေ လေဘေး ဒုက္ခသည်တွေကို ပေါ့လေ တဖြည်းဖြည်း သေအောင် ပစ်ထားတယ်။ သူတို့သေမှ နိုင်ငံတကာက ပေးထားတဲ့ အကူအညီတွေကို အဆင်ပြေတဲ့နေရာမှာ သုံးမယ်လို့ စွပ်စွဲလာရင် ဘယ်လိုဖြေရှင်းမလဲ။

ရန်သူကို ကျွန်လိုဆက်ဆံရမယ်။

ဟာ … အဘကလည်း ဒါချည်းပဲ ဖြေနေတာ။ ဟုတ်ပြီဗျာ။ နောက်ဆုံးမေးခွန်း မေးမယ်။ မေးခွန်းက အဘမှာ လူစိတ်ရှိသေးလားလို့ မိုးမခပရိသတ်တစ်ယောက်က သိချင်နေကြတယ်။ ဒါကိုရော ဘာပြောချင်လဲ။

ရန်သူကို ကျွန်လိုဆက်ဆံရမယ်။

ဟုတ်ကဲ့။ မေးချင်တာတွေ ရှိသေးပေမဲ့ ဒီလောက်နဲ့ပဲ ရပ်ပါတော့မယ်။

ဟုတ်ပြီလေ။ ကဲ အမေးအဖြေပြီးပြီဆိုတော့ ပိတ်လိုက်တော့ မင်းအသံဖမ်းစက်။ မင့်စက်က တယ်လီဖုန်းလိုလို ဘာလိုလိုနဲ့ ဘာလဲကွ၊ အသံဖမ်းတာမှ ဟုတ်ရဲ့လား။

ဒါက အိုင်ဖုန်း လို့ ခေါ်ကြတာပဲ။ အသံဖမ်း၊ ဓာတ်ပုံရိုက်၊ ဖုန်းဆက်၊ အီးမေးလ်အင်တာနက်သုံးလို့ ရတယ်။ စီးတီးအက်ဖ်အမ် ရေဒီယိုနားထောင်၊ မြ၀တီ ရုပ်မြင်သံကြားတောင် ကြည့်လို့ရတယ်ဗျ။ အစုံပဲဗျာ။ ဣစ္ဆာသယဖုန်းပေါ့ဗျာ။

တယ်ဟုတ်ပါလား။ ဒါပေမဲ့ ကျည်ဆံထည့်ပြီးပစ်လို့ရရင်တော့ ပိုကောင်းမှာပဲ။

ဟုတ်ကဲ့။ အတိုင်းထက် အလွန်ပေါ့ဗျာ။ ဒါနဲ့ ကျနော် နေပြည်တော်ကို မသွားရဘဲ ရန်ကုန်ကို လာရတယ်။ ရန်ကုန်ကိုလာတော့ ရန်ကုန်အင်တာနေရှင်နယ်ဟိုတယ်မှာ တည်းရတယ်၊ ပြီးတော့ ရန်မျိုးအောင်ဘုရားကို ပြေးလာရတယ် ဆိုတော့ ရန်တွေချည်းပါပဲလား ဗျ။ တိုက်ဆိုက်တာတော့ မဟုတ်ဘူး ထင်တယ်၊

တိုက်ဆိုင်တာ မဟုတ်ဘူး။ မင်းနာမည်ကိုက ရန်လိုကျွဲမဟုတ်လား။

ဟုတ်ပဗျာ။ ဒါဆိုရင် အဘက ရန်တွေကို လာပြီး ရင်ဆိုင်တဲ့သဘောဖြစ်နေပြီ။ ဒါလည်း ယတြာချေတာပဲ မဟုတ်လား။

အင်း။

ထိုင်းမှာ အခြေစိုက်တဲ့သတင်းသမားတွေထဲမှာလည်း “ရန်”တွေရှိပါတယ်။ ရန်ကုန်သားတာတေတို့ ဘာတို့။ သူတို့လို ၀ါရင့်တွေကို မခေါ်ဘဲ ကျနော့်လို သတင်းထောက်ပေါက်စနကို ခေါ်တယ်ဆိုတော့-

ရန်ကုန်သားတာတေက အင်္ဂလိပ်တွေကို သဘောမကျဘူးလို့ ငါ့ကောင်တွေက ပြောတယ်။

အနောက်နိုင်ငံသားတွေကို သဘောမတွေ့ဘူးဆိုတော့ အဘနဲ့ အဖွဲ့ကျလို့ရပြီပေါ့။

အဲသလို ခပ်တိမ်တိမ်တွေးရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီငနဲက နိုင်ငံခြားသားမျက်နှာဖြူတွေကိုတောင် သောက်ဂရုမစိုက်ဘူး၊ ရင့်ရင့်သီးသီး ဆက်ဆံတယ်လို့ ငါ့ကောင်တွေက ပြောတာပဲ။ ဆိုတော့ ငါ့ကိုလည်း မလေးမစားလုပ်တာမျိုးတော့ ငါ လက်မခံဘူး။ ဒါကြောင့် သူ့လိုလူတွေကိုတွေ့ဖို့ အစီအစဉ် မရှိဘူး။ ယတြာချေတာပဲကွာ၊ ကိုယ်စိတ်ချမ်းသာသလို ချေမှာပေါ့။

ဟုတ်ကဲ့။ ဒါနဲ့ စောစောတုန်းက ကျနော် ဘာမေးမေး အဘအဖြေက တစ်မျိုးတည်းပဲ။ ဘာတဲ့ ရန်သူကို ကျွန်လိုဆက်ဆံရမယ် တဲ့။ အဲဒါ ကျနော်တော့ နားမလည်ဘူး။

အေး၊ အဲဒါ ငါ့ဗေဒင်ဆရာ ရွေးပေးတဲ့ အဖြေပဲ။ ဘာမေးမေး အဲဒါဖြေလို့ ဆိုတယ်။

ဟုတ်ကဲ့။ မှတ်ဖွယ်မှတ်ရာပါပဲခင်ဗျာ။ ဒါဆို ရန်သူက အမေရိကန်လား၊ ဒါမှမဟုတ် စာနယ်ဇင်းသမားတွေလား။ ဘယ်သူတွေလဲ၊ ဘယ်သူတွေကို ဆိုလိုတာလဲ။ ကျေးဇူးပြုပြီး နည်းနည်းလောက် ရှင်းပြပေးပါဦးဗျာ။ ကျနော့်အယ်ဒီတာများကို ပြန်အစီရင်ခံဖို့ လိုလို့ပါ။

ရန်သူဆိုတာ မြန်မာပြည်ထဲက မြန်မာပြည်သားတွေ ကိုယ်တိုင်ပါပဲကွာ။ မင်း ပြန်လေ့လာရင် သိပါလိမ့်မယ်။ ၁၉၈၈ တုန်းက အစိုးရကို ပြည်သူတွေက ပုန်ကန်တယ်လေ။ နိုင်ငံတော်မှာက တပ်မတော်ဟာ အစိုးရ၊ အစိုးရဟာ တပ်မတော်ပဲ မဟုတ်လား။ ဆန္ဒပြတယ် ဘာတယ်ဆိုတာ ဒါ တပ်မတော်ကို ပုန်ကန်တဲ့သဘော၊ စော်ကားတဲ့သဘော။ သူတို့က တို့ကို ရန်ဘက်ပြုတော့လည်း တို့က သူတို့ကို ရန်သူလို သဘောထားရတော့မှာပေါ့။

သြော် ဟုတ်ကဲ့။ ရှင်းသလိုလိုတော့ ဖြစ်သွားပါပြီ။ နို့ပေမဲ့ ကျွန်လိုဆက်ဆံရမယ် ဆိုတာက ဘာလဲခင်ဗျ။ ကျွန်ဆိုတာ ဘာလဲ။

မင်းနဲ့တော့ ခက်တော့တာပဲ။ ကျွန်ဆိုတာ ကျွန်ပေါ့ကွာ။ သခင်တွေက သူတို့ကို ဘာမှ ဂရုစိုက်စရာမလိုဘူးပေါ့ကွာ။ အေး အသေးစိပ် တွေ့ချင်ရင်တော့ ဧရာဝတီတိုင်းကိုသွားပေတော့။ ကဲ- ငါ ပြန်ပြီဟေ့။

ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီးသည် “ရန်သူကို ကျွန်လိုဆက်ဆံရမယ်” ဟု တဖွဖွ ရွတ်ဆိုပြီး လှုပ်တုပ်လှုပ်တုပ်ဖြင့် ထွက်သွားလေသည်။

Wednesday, June 11, 2008

လူသားချင်း စာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ကြ


လူသားချင်း စာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ကြ
ကျော်ဗလ

မကြာခင်က အမေရိကန်သတင်းထောက်တယောက်က လက်ရှိ အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲမှာ ဘယ်သူ့ကို ပိုမိုသဘောကျ ထောက်ခံသလဲလို့ မေးခဲ့ဘူးပါတယ်။ ကျနော်က လူပုဂ္ဂိုလ်အရ ဂျွန်မက်ကိန်းကို သဘောကျပါတယ်။ ဒါပေမယ့် မူဝါဒပိုင်းမှာတော့ ဒီမိုကရက်တွေရဲ့ ပေါ်လစီကိုပဲ နှစ်သက်ထောက်ခံချင်တယ်လို့ ဖြေခဲ့မိတယ်။ ဒီတော့ သူက ဘာကြောင့်လဲလို့ ထပ်မေးပြန်ပါတယ်။ လူပုဂ္ဂိုလ်အရ မက်ကိန်းဟာ သမ္မတ ဘုရှ်လိုပဲ ရဲရဲတင်းတင်း ပြတ်ပြတ် သားသား ဆောင်ရွက်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်နေလို့ပါပဲ။

သမ္မတဘုရှ်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ တင်းမာပြတ်သားတဲ့ သဘောထားတွေကို သဘောကျ ကျေနပ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒအပိုင်းမှာတော့ ဘ၀င် မကျစရာ ပြဿနာတွေ မနည်းလှဘူးလို့ ဖြေခဲ့ပါတယ်။ တကယ်လည်း နိုင်ငံတကာ ဆက်ဆံရေးမှာ ခြုံငုံပြောရရင် သမ္မတ ကလင်တန်လက်ထက်က ကျင့်သုံးခဲ့တဲ့ ဒီမိုကရက်တွေရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပိုမိုသဘောကျခဲ့ပါတယ်။ အထူးသဖြင့် ကလင်တန် အစိုးရ အဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီး မက် သလင်းအောဘရိုက် ကုလသမဂ္ဂမှာ အဆိုပြုတင်သွင်းခဲ့တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ၀င်ရောက်စွက်ဖက်ရေး (Humanitarian intervention) မူဝါဒကို ပိုမိုသဘောကျမိခဲ့တယ်။

လူသားချင်းစာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ရေး မူဝါဒအကြောင်း အဆိုပြုတင်သွင်း ရာမှာ ၀န်ကြီး အောဘရိုက်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းထဲမှာ မည်သည့်တိုင်းပြည် မည်သည့် အစိုးရ၏ ပြည်တွင်းရေးတွင်မျှ ကုလသမဂ္ဂအနေနှင့် ၀င်ရောက် စွက်ဖက်ခြင်း မပြုရလို့ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

ဒါပေမယ့် သမ္မတကလင်တန်အစိုးရရဲ့ ဒါရိုက်တင်ပြမှုကြောင့်ပဲ ၁၉၉၁ ခုနှစ်က စပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အစိုးရတရပ်ဟာ မိမိပြည်သူလူထုအား လက်နက်အားကိုး ပြုကာ မတရား အနိုင်ကျင့်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုခဲ့လျှင် ကုလသမဂ္ဂအနေနှင့် ၀င်ရောက်စွက်ဖက် တားဆီးကာကွယ်ပိုင်ခွင့် ရှိရမည်လို့ ရှင်းပြခဲ့တယ်။

၁၉၈၀ ပြည့်နှစ်မှာ မာရှယ်တီးတိုး ကွယ်လွန်သွားပြီးနောက် နိုင်ငံရေး စီးပွားရေးအရ ဆုတ်ယုတ် ပျက်ပြားလာတဲ့ ယူဂိုဆလားဗီးယား နိုင်ငံကြီးဟာ လူမျိုးရေး ခွဲထွက်မှုများကြောင့် ၁၉၉၀ ပြည့်နှစ် မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့တယ်။ ဒါကို ကွန်မြူနစ်ခေါင်းဆောင်ဟောင်း ဆလိုဗိုရင် မီလိုဆီဗစ်က ဆားဗီးယားခေါင်းဆောင်အဖြစ် ဆားဗီးယား သမ္မတနိုင်ငံကြီးကို အင်အားသုံးပြီး အဓမ္မနည်းနဲ့ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒီမှာတင်ပဲ ဆာ့ဘ် လူမျိုးတွေနဲ့ ခရိုအေရှား၊ ဘော့စနီးယားနဲ့ အယ်ဘေးနီးယား မွတ်စလင်တွေအကြား လူမျိုးရေးစစ်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ရတယ်။

၁၉၉၁ ခုနှစ်မှာ ဆလိုဗေးနီးယားနှင့် ခရိုအေးရှားတို့က ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့ချိန်မှာ ဆာ့ဘ်တွေနဲ့ ခရိုအေးရှားတွေအကြား အတောမသတ်နိုင်တဲ့ မျိုးပြုတ်ရေး၊ မျိုးဖြုတ်ရေး စစ်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်။ ဒါကြောင့် ၁၉၉၂ ခုနှစ်ထဲမှာ ခရိုအေးရှားနယ်ထဲကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ပြီး ဖျန်ဖြေပေးခဲ့ရတယ်။ နောက်ပိုင်းမှာ ဆားဗီးယားသမ္မတ မီလိုဆီဗစ်ရဲ့ သွေးထိုးလှုံ့ဆော် အားပေးမှုကြောင့် ဘော့စနီးယားနယ်ရှိ ဆာ့ဘ်တွေက လွတ်လပ် ရေး ကြေညာရာမှာ ဘော့စနီးယား မွတ်စလင် ခရုစ်တွေနဲ့ လူမျိုးရေးစစ်ပွဲတွေ ပေါက်ကွဲ ပေါ်ထွက် လာတဲ့အပြင် မီလိုဆီဗစ်ရဲ့ ဆားဗီးယား တပ်မတော်က မျိုးဖြုတ်ရေး စစ်ပွဲတွေ ဆင်နွှဲလာတဲ့အတွက် ဘော့စနီးယား ခရုတ်တွေ မွတ်စလင်တွေ ထောင်ပေါင်းများစွာ သေကျေပြီး သိန်းနဲ့ ချီပြီး ထွက်ပြေး ခဲ့ရတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မီလိုဆီဗစ် ဆားဗီးယားသမ္မတနိုင်ငံကို စီးပွားရေး ပိတ်ဆို့ မှုတွေ ပြုလုပ်ပြီး ၁၉၉၅ ခုနှစ်မှာ ငြိမ်းချမ်းရေးရအောင် ဦးဆောင်ကြိုးပမ်းပေးခဲ့ရတယ်။

၁၉၉၇ ခုနှစ်မှာ ဆားဗီးယား သမ္မတအဖြစ် မီလိုဆီဗစ် ထပ်မံအရွေးခံရပြီးတဲ့နောက်ပိုင်း ကိုဆိုဗို ပြည်နယ်မှာ ဆာ့ဘ်လူမျိုးတွေနဲ့ အယ်ဗေးနီးယားတွေအကြား လူမျိုးရေးစစ်ပွဲတွေ ထပ်ပြီး ပေါက်ကွဲ ထပ်ဖြစ်ပေါ်ရပြန်ပါတယ်။

အဓိကအားဖြင့် မီလိုဆီဗစ်ရဲ့ ဆားဗီးယားတပ်မတော်က အယ်ဘေးနီးယား မွတ်စလင်တွေအပေါ် မျိုးတုံး စစ်ဆင်ရေးတွေ ဆင်နွှဲလာတဲ့အတွက် ခုခံရေး စစ်ပွဲတွေ တန်ပြန် ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိန်းရေး တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က လုံခြုံရေးကောင်စီကို တင်ပြ တောင်းဆိုခဲ့ ကြတယ်။ ဒါပေမယ့် ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးကို ဆုပ်ကိုင်ပြီး ရုရှနဲ့ တရုတ်တို့က ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ရေးကို ဗီတိုအာဏာ သုံးပြီး ပယ်ချ လိုက်ပါတယ်။

ရုရှတွေကတော့ သူတို့ရဲ့ ဆားဗီးယား သွေးသားဆွေမျိုးတွေဘက်က ကာကွယ်ခဲ့တာဖြစ်ပြီး တရုတ်ကတော့ သူတို့ မိတ်ဆွေခေါင်းဆောင်ဟောင်းကြီး မီလိုဆီဗစ်ကို အကာအကွယ် ပေးလို တာကြောင့် ဗီတိုအာဏာ သုံးခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံး ၁၉၉၇ ခုနှစ် မတ်လအတွင်းမှာတော့ ကုလသမဂ္ဂတပ်အနေနဲ့ မဟုတ်တော့ဘဲ အမေရိကန်နဲ့ ဥရောပတို့ ပူးပေါင်းပါဝင်တဲ့ နေတိုးတပ်ဖွဲ့ဝင်များအနေနဲ့ မြို့တော် ဘဲလ်ဂရိတ် အပါအ၀င် ယူဂိုဆလပ်နိုင်ငံ အနှံ့အပြားကို ၀င်ရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြရတယ်။ အဲဒီ့အချိန်က နေတိုးတပ်ဖွဲ့ရဲ့ ဒုံးကျည်တလုံးဟာ ဘဲလ်ဂရိတ်မြို့လယ်မှ ဟိုတယ်ပေါ်ရှိ တရုတ်သံအဖွဲ့ နေထိုင်ရာ အထပ်ကို တိုက်ရိုက်ထိမှန်ပြီး သံအဖွဲ့ဝင်အချို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်။ အမေရိကန်နိုင်ငံက မှားယွင်းပစ်ခတ်မိကြောင်း တောင်းပန်ခဲ့ပေမယ့် တရုတ်တို့ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိ၊ အစီစဉ်ရှိရှိ၊ တမင်သက်သက် ပစ်ခတ်တာဖြစ်တယ်လို့ ယုံကြည်ယူဆခဲ့ကြပါတယ်။

ဇွန်လထဲမှာတော့ နေတိုးတပ်ဖွဲ့ဝင်တွေဟာ ယူဂိုဆလားဗီးယားနိုင်ငံထဲအထိ ၀င်ရောက်ပြီး စစ်ဆင် တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ မီလိုဆီဗစ်လည်း ကိုဆိုဗိုနယ်မှ ဆားဗီးယားတပ်တွေကို ရုပ်သိမ်း ပေးဖို့ မလွှဲမရှောင်သာ သဘောတူ လက်ခံခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ မီလိုဆီဗစ်ဟာ သမ္မတရွေးကောက်ပွဲမှာပါ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် မီလိုဆီဗစ်ဟာ သမ္မတရာထူးက မျက်နှာပြောင်တိုက်ပြီး ဆင်းမပေးခဲ့ဘူး။ နောက်ဆုံးမှာ နိုင်ငံတကာဖိအားပေးမှုနှင့် လူထုအုံကြွ ဆန္ဒပြပွဲတွေ အဆက်မပြတ် ဖြစ်ပေါ်လာတာကြောင့် သမ္မတရာထူးက နုတ်ထွက် ပေးခဲ့ရတယ်။

၂၀၀၁ ခုနှစ်မှာတော့ မီလိုဆီဗစ်ကို စစ်ရာဇ၀တ်ကောင်အဖြစ် ဖမ်းဆီးပြီး ဟိတ်မြို့တော်ရှိ နိုင်ငံတကာခုံရုံးမှာ စစ်ဆေးအရေးယူခဲ့ရတယ်။ ဒီလို ဘော်လကန်စစ်ပွဲတွေအဆုံးသတ် ငြိမ်းချမ်းသွားချိန်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အောဘရိုက်က လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ရေးမူဝါဒကို အဆိုပြုတင်ပြခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးအောဘရိုက်ရဲ့ အဆိုပြုချက်ထဲမှာ ပြည်သူလူထုကို သေနတ်ပြ ဖိနှိပ်နေတဲ့ အာဏာရှင်အစိုးရတွေနဲ့ ရင်ဆိုင်ရာမှာ သူတို့ထက်ပိုမိုကြီးမားတဲ့ သေနတ်တွေ၊ ပိုမိုများပြားတဲ့ စစ်အင်အားတွေကို ထုတ်ပြဖို့ လူထုမှာ မလွယ်ကူလှပါဘူး။ ဒီလိုတာဝန်မျိုးကို ကုလသမဂ္ဂအနေနဲ့ ရဲရင့်ပြတ်သားစွာ ၀င်ရောက်တာဝန်ယူသင့်ပါတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၁ ခုနှစ်မှာ သမ္မတဘုရှ်အစိုးရ ရာထူးဆက်ခံယူလာချိန်မှာ အောဘရိုက်ရဲ့ လူသား ချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ရေးမူဝါဒဟာလည်း အားနည်းမှေးမှိန်သွားခဲ့ရပါတယ်။

ဒီနေ့အထိ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အပူလက်တွေ ရှိနေပါသေးတယ်။ ဒီအပူလက်တွေဟာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကင်းမဲ့နေတဲ့ ရ၀မ်ဒါ၊ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ ဗမာပြည်တို့လို တိုင်းပြည်တွေဖြစ်ပါတယ်။ ဒီတိုင်းပြည်တွေဟာ ကိုယ့်ပြည်သူလူထုကို သေနတ်ပြ ခြိမ်းခြောက် အနိုင်ကျင့်နေကြတဲ့ အာဏာရှင်အစိုးရတွေ ကြီးစိုးဗိုလ်ကျနေတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။

သူတို့ဟာ ပြည်သူ့ဘဏ္ဍာငွေနဲ့ တပ်ဆင်ထားတဲ့ သေနတ်တွေ ဖွဲ့စည်းထားတဲ့ စစ်တပ်တွေကို လက်ကိုင်တုတ်လို အသုံးချပြီး ကိုယ့်ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ် အနိုင်ကျင့်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုအာဏာရှင်တွေအတွက် အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုတဲ့ မူဝါဒက ပြည်တွင်းမှာထင်သလို ဗိုလ်ကျ၊ မင်းမူ၊ အနိုင်ကျင့်နိုင် ရေးအတွက် အကာအကွယ်ပေးထားတဲ့ ကတုတ်ကျင်းတွေဖြစ်ပါတယ်။ ဒီခြံကတုတ်တွေရှိနေသမျှ ဒီနိုင်ငံတွေမှာ စစ်အာဏာရှင်တွေဆက်ပြီး ဗိုလ်ကျမင်းမူနေကြဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ စစ်အာဏာရှင်တွေကို ပိုမို ကြီးမားတဲ့ လက်နက်၊ ပိုမိုများပြားတဲ့ စစ်အင်အားတွေကို အသုံးချပြီး ကမ္ဘာ့တရားခွင်တင်ပြီး စီရင်နိုင်ဖို့ အထူးလိုအပ်နေပါတယ်။

ဒီလိုအာဏာရှင်တွေကို ရာဇ၀တ်ကောင်တွေအဖြစ် ခုံရုံးတင်ပြီး စီရင်နိုင်ဖို့ ပထမဆုံးလိုအပ်တာက လူသားချင်းစာနာထောက်ထားမှုအရ ၀င်ရောက်စွက်ဖက်ရေးပေါ်လစီဟာ ကုလသမဂ္ဂရဲ့ မူဝါဒ တရပ်ဖြစ်ဖို့ အရေးကြီးနေကြောင်းပါ ခင်ဗျာ။ ။

Tuesday, June 10, 2008

မြစ်ဝကျွန်းပေါ် ဆိုတာ အမည်းရောင် နယ်မြေ

မိုးမခမိုးမခနဲ့ စကားလက်ဆုံ - မြစ်ဝကျွန်းပေါ် ဆိုတာ အမည်းရောင် နယ်မြေ
မိုးမခ
ဇွန် ၁၀၊ ၂၀၀၈

မိုးမခမိတ်ဆွေများရဲ့ အသံနဲ့ အတွေ့အကြုံတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

မေး - ပြန်ရောက်လာကြပြီလား၊ ကယ်ဆယ်ရေး လုပ်သားကြီးတွေ။
ဖြေ - ကယ်ဆယ်ရေး လုပ်သားကြီးလို့ အော်မပြောပါနဲ့။ တိုးတိုးလုပ်ပါဗျာ။ မြန်မာပြည်မှာ ကုသိုလ်ရတဲ့ လုပ်ငန်းမှန်သမျှက ယူဂျီအလုပ်ဖြစ်သွားပြီ အကို။ ဒီမှာ တိတ်တိတ်ပုန်း ခိုးဝှက်လုပ်ကိုင်နေရတာ။ လူတွေကို လှူဖို့ ဆန်အိတ်ထမ်းပြီး ဆင်းလာတာကို လက်ပစ်ဗုံးတွေ တကိုယ်လုံးပတ်ပြီး ဆင်းလာတဲ့ အသေခံအကြမ်းဖက်သမားမှတ်လို့ဆိုပြီး လုံထိန်းတွေက ပစ်ထည့်လိုက်မှဖြင့် …။

မေး - အလို၊ လုံထိန်း ဆိုပါကလား။ သူတို့လည်း ကယ်ဆယ်ရေးလုပ်သားတွေ အတွက် အသက်အန္တရာယ် ကာကွယ်ဖို့ နိုင်ငံတော်က နေရာချပေးထားသကိုး …။
ဖြေ - ဟုတ်ပါ့ အကိုရေ။ ကော့မှူး ကွန်ခြံကုန်းဖက် ဒီတခေါက် ဆင်းကြတာလေ။ အဝေးပြေးလမ်း တလျောက်လုံး ဓါတ်တိုင် တတိုင်စာလောက် ခြားပြီး တန်းစီပြီးစောင့်နေကြတာ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည် မဟုတ်ဘူးဗျို့။ စစ်လက်နက် အပြည့်နဲ့ ဗုးံသီးတွေ၊ လောင်ချာတွေ၊ သေနတ်တွေ၊ ဒုတ် ဓါးတွေနဲ့ လုံထိန်း တပ်သားတွေ တောက်လျောက်ပဲ။

မေး - ဟိုက်၊ ရမ်ဘို အပိုင်း ၄ ကြည့်ပြီး အရူးထကုန်ကြတာ ကျနော်တို့ အတိုက်အခံတွေချည်း မှတ်တာ။ လက်စသတ်တော့ စစ်အုပ်စုက လုံထိန်းတွေလည်း ပါသကိုး။
ဖြေ - ဟုတ်ကဲ့ပါ အကို။ ရန်ကုန်ကနေ အဝေးပြေးလမ်းမပေါ်မှာ တောင်းရမ်းစားသောက်နေတဲ့ ဒုက္ခသည် ပြည်သူလူထုကြီးကို ရိုက်နှက် ကန်ကျောက်ပြီး ရှင်းလင်းရေးတွေလုပ်၊ အလှူရှင်တွေကိုလည်း ကားပေါ်က အလှူတွေ ပစ်ချ လှူဒါန်းမှုတွေ မလုပ်နိုင်အောင် အင်အားသုံး အရေးယူ စသည့်တာဝန်တွေကို နေ့ရော ညပါ ထမ်းဆောင်နေကြတာပေါ့ အကို ရယ်။ အားရစရာပါပဲ။ စစ်အစိုးရ စီမံကိန်းတခုဖြစ်တဲ့ တဲပေါ်ကလူ တိုက်ပေါ်တင် … အဲလေ လမ်းဘေးကလူ ရွာပျက်ဆီ မောင်းထုတ်တဲ့ လုပ်ငန်းကို လုပ်နေတာပါ ခင်ဗျာ။

မေး - ခင်ဗျားတို့ရဲ့ မြေအောက်လုပ်ငန်းကြီး အဲလေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီတခေါက် အလုပ်ဖြစ်ကြရဲ့လားဗျာ။
ဖြေ - ဖြစ်ပါတယ်။ ဒီလိုပဲပေါ့။ ရှိတာလေးတွေ စုဆောင်းပြီး သွားရတာပေါ့ဗျာ။ ကိုဇာဂနာကို စစ်အစိုးရက ဖမ်းလိုက်တော့ ကိုယ်ထူကိုယ်ထ အလှူရှင်တွေတချို့က လန့်သွားကြတယ်။ ဒါပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့၊ သာသနာ့အလံ လွှင့်ထူပြီး ချီတက်နေတဲ့ ကယ်ဆယ်ရေး ကူညီရေးအဖွဲ့တွေကတော့ ရဲရဲကြီး တိုးနေကြတာပဲ။

မေး - တပ်မတော် ရမ်ဘိုတွေ အဲလေ လုံထိန်းတွေက ဘာမှ မလုပ်ဘူးလား။
ဖြေ - အ ကုသိုလ်ကြီးပြီး ပြိတ္တာဖြစ်မယ့် စစ်အစိုးရနဲ့ တကွသော အပေါင်းအပါများက အလှူုခံတွေကို လမ်းပေါ်မလာအောင် မောင်းထုတ်၊ အလှူရှင်တွေကို ကားလမ်းပေါ်မှာ မလှူရဲအောင် ခြိမ်းခြောက်နေပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့ ကားတွေကိုတော့ စွေစောင်းပြီး မျက်စောင်းထိုးပြီး ကြည့်တဲ့ အဆင့်ပဲရှိသေးတယ်။

မေး - လှူချင်ရင် ခွင့်တောင်းပြီးတော့ လှူရမှာပေါ့နော်။
ဖြေ - ဟုတ်တယ်။ ဟုတ်တယ်။ အခွင့်မရှိ မလှူရ ဆိုတာ အမှန်ပဲ။ အရပ်သားတွေ၊ စီးပွားရေးအုပ်စုတွေက လှူချင်ရင် မြို့တွေမှာ ၀င်ပြီး မှတ်ပုံတင်ရတယ်။ ဂိတ်ကြေးတွေ၊ ချလံတွေ ဖြတ်ကြရတယ်။ အဲဒီ စာရွက်စုတ်ကလေး ခေါင်းပေါ်တင်ပြီး အဲလေ ကားခေါင်းပေါ်တင်ပြီး သွားကြရင်တော့ လမ်းပေါ်က လုံထိမ်းတွေက ဘာမှ မလုပ်ဘူး။ လမ်းပေါ်က တဲထိုးပြီး စောင့်နေတဲ့ စစ်သားတွေက အဲဒါကို စစ်ဆေးပြီး ကားတွေကို လွှတ်တယ်။

မေး - သူတို့တွေကိုကော ဘယ်လို ဒါနပြုကြရသလဲ။
ဖြေ - စစ်တပ်က အလှူရှင်ကားတွေကို တားတယ်။ မြို့နယ် အာဏာပိုင်တွေဆီမှာ လှူထားခဲ့ဖို့ပြောတယ်။ နောက်ပြီးတော့ အလှူရှင်တွေက အင်တင်တင်လုပ်ရင် သူတို့က သိန်း ၃၀ မှာ သိန်း ၂၀ ကို ယူထားလိုက်ပြီး ကျန်တဲ့ ၁၀ သိန်းနဲ့ ရွာတွေကို သွားလှူဖို့ အကြပ်ကိုင်တယ်။ နောက်ဆုံး အဲလိုမျိုး မရရင်တော့ သူတို့ကို ဂိတ်ကြေးတို့၊ စာရွက်စာတမ်းကြေးတို့အဖြစ် ၃ သောင်း ၄ သောင်း ပေးပြီး လာဘ်ထိုးပြီး ချီတက်ကြရတာပေါ့ဗျာ။

မေး - လုပ်တတ်တယ်နော်။ သူတို့လည်း သတင်းစာတွေ ဖတ်ပြီးတော့ အတုယူကုန်တာနဲ့တူတယ်။ နိုင်ငံတော် အကြီးအကဲတွေက ထိပ်ကပိတ်ပြီး တောင်းစားနေတော့။
ဖြေ - အဲဒါတော့ မဖြေပါရစေနဲ့။ အမှုကြီးမှာ စိုးလို့။ အခုလို အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အာဏာရှင်များနဲ့ အပေါင်အပါတွေက မဟာဂရုဏာနဲ့ လှူဒါန်းခွင့်ပေးထားတာကို ကျေးဇူးတင်လှရပါပြီ။

မေး - ဒုက္ခသည် လက်မှတ်တို့၊ ဒုက္ခသည် စာအုပ်တို့တွေလည်း ထုတ်ပေးထားတယ်လို့ ကြားတယ်။
ဖြေ - ဟုတ်တယ်။ ဆိုရှယ်လစ်ခေတ်က ပြည်သူ့ဆိုင်တို့ သမဆိုင်တို့က ကုန်ဝယ်စာအုပ်လိုမျိုးဗျာ။ အဲဒီစာအုပ်နဲ့ နိုင်ငံတော်ဆီက ဒုက္ခသည်ခွဲတမ်းကို ထုတ်ယူလို့ရတယ်လို့ ပြောတယ်။ ဒီနေ့ သွားကြားထိုးတံ အချောင်း ၁ ထောင်ကို ဒုက္ခသည် အိမ်ထောင်စု တစုချင်းအတွက် လုံလောက်အောင် ထုတ်ပေးနေပြီ။ မယူမနေရက ဆံပင်ဆိုးဆေး ရွှေရောင်နဲ့ အုံးခွံရောင် ၂ မျိုးထဲက တမျိုး ထုတ်ပေးမယ် ဆိုတာမျိုး ဖြစ်နေတယ်။ ဟား ဟား ( ရယ်သံ)။

မေး - တကယ် အဲသလိုမျိုး ထုတ်ပေးနေတယ်။
ဖြေ - သရော်ပြီး ငေါ့ပြီး ပြောတာ အကို။ နိုင်ငံတော်က ဒုက္ခရောက်နေတဲ့ ပြည်သူကို သွားကြားထိုးတံတို့ ဆံပင်ဆိုးဆေးတို့တောင် သဒ္ဒါပါ့မလား။ ဦးနှောက်များ ရှိရင် စဉ်းစားတတ်မှပေါ့။

မေး - ဟုတ်ကဲ့ပါဗျာ။ ခင်ဗျားတို့တတွေ၊ ဘုန်းတော်ကြီးတွေ၊ ပြည်သူတွေ ကူနေကြတာကကော ပျံပျံနှံ့နှံ့ ရှိကြရဲ့လား။
ဖြေ - မရှိပါဘူးဗျာ။ ကူရမယ့် ကယ်ရမယ့် တာဝန်က ငါတို့ တာဝန်ဆိုပြီး ကျနော်တို့တတွေက သွားကြရတာကိုး။ ခင်ဗျားကို မြင်စေ့ချင်တယ်။ ရပ်ကွက်တခုက အိမ်တအိမ်မှာ၊ ဘုန်းကြီးကျောင်း တကျောင်းမှာ ကားကြီးတွေ ပြင်နေပြီဆိုရင် လူကြီးတွေ လူငယ်တွေက ၀ိုင်း သတင်းမေးကြတယ်။ ကယ်ဆယ်ရေး သွားမလို့လား ဆိုပြီး။ ပြီးတာနဲ့ သူတို့ အထုတ်လေးသူတို့ ပြင်ပြီး လုပ်အားအလှူလိုက်ပေးချင်လို့ဆိုပြီး ခွင့်တောင်းကြတော့တာပဲ။ သူတို့က ပစ္စည်းတွေ၊ ငွေကြေးတွေ မတတ်နိုင်ပေမယ့် သူတို့မှာ ရှိတဲ့ စေတနာနဲ့ လုပ်အားနဲ့ သူတို့လည်း လိုက်ကူကြမယ် ဆိုပြီးတော့ ၀ိုင်းပြီး လိုက်လာကြတာနော်။ အဲဒါ ကျနော်တို့ မြန်မာတွေ။

မေး - နိုင်ငံတကာ အဖွဲ့အစည်းတွေက အဲသည်လို ကိုယ်ထူကိုယ်ထ အလှူရှင်တွေ၊ လုပ်အားအလှူရှင်တွေနဲ့ ပူးပေါင်းပြီး၊ အသိအမှတ်ပြုပြီး လက်တွဲပြီး မလုပ်ကြဘူးလားဗျာ။
ဖြေ - သူတို့က နိုင်ငံတော်နဲ့ လက်တွဲပြီး လုပ်နေရရှာတာပါ အကိုရယ်။ ကျနော်တို့တွေကို ဘယ် ခေါင်းထဲ ထည့်စဉ်းစားမလဲ။ ကြက်ခြေနီအလံတို့၊ ယူအင်အလံတို့တောင် လူထုက အလွဲသုံးစား မလုပ်ရဆိုပြီး လိုက်တားနေတဲ့နောက်တော့ ကျနော်တို့မှာ ထူစရာ အလံက သာသနာ့ အလံပဲ ရှိတော့တယ်။

မေး - အခု ခင်ဗျားသွားတာက ကော့မှူးဖက်ပေါ့။ ဟုတ်လား။ ဘယ်လို ထူးခြားတာ ရှိလဲ။
ဖြေ - ဒုက္ခသည်တွေ၊ အလှူရှင်တွေဟာ နိုင်ငံတော်ရဲ့ ရန်သူတွေလို့များ ၀ါဒ ဖြန့်ထားသလား မသိပါဘူးဗျာ။ ညဖက် မိုးရွာကြီးထဲ ကျနော်တို့ကားကြီးနဲ့ သွားကြတာ တလမ်းလုံး မိုးကာခြုံပြီး ကင်းစောင့်နေတဲ့ လုံထိန်းတွေဆိုတာ တန်းစီနေတာပဲ။

မေး - သူတို့ အဲလိုလုပ်တော့ ခင်ဗျားတို့က ဘယ်လို လှူကြရသလဲ။
ဖြေ - စနစ်တကျတော့ ဘယ်ရှိမလဲ။ ကြားသလောက်၊ သိသလောက်၊ သွားနိုင်သလောက် လုပ်ကြရတာကိုး။ တချို့ရွာတွေဆို သူတို့ဆီကို လာမလားလို့ မျှော်နေကြတာတဲ့။ အလှူကားတွေက ကပ် ကပ်ပြီး ကျော်ကုန်ကြတယ်တဲ့။ လမ်းပေါ်ထွက်လည်း အကူမတောင်းရဲဘူးတဲ့။ ရွာချင်း ဆက်ပြီး သတင်းပို့ထားတာပေါ့နော်။ မြို့ပေါ်တက်ကြတော့လည်း စစ်သားတွေ၊ လုံထိမ်းတွေ တွေ့တော့ ဆက်မသွားရဲတာနဲ့ ပြန် နောက်ဆုတ်လာကြတဲ့ အိမ်တွေ၊ မိသားစုတွေ အများကြီးပဲ။

မေး - သတင်းတွေ မထွက်ရင် ဘယ်လို ကူကြ၊ ကယ်ကြမှာလဲ။
ဖြေ - အဲဒါတော့ အကိုတို့ပဲ ဖြေပါတော့။ ကိုဇာဂနာက အဲဒီအကြောင်းတွေကို လူရှေ့ထွက်ပြီး အများသိအောင် လိုက်ပြောနေတာ။ အဲသလိုမျိုး ပြောရေးဆိုခွင့်ရှိသူတွေက များများထုတ်ပြောမှ ကျယ်ကျယ်ပြန့်ပြန့် သိကြမှာ။ ၀ိုင်းလုပ်နိုင်မှာ။ အရေးယူတာတွေ ဘာတွေလဲ လုပ်လာနိုင်မှာ။ အဲလိုမျိုးတော့ ထင်တာပဲ။

မေး - နိုင်ငံတော်ကတော့ နာဂစ်မုန်တိုင်းကြီးကို အောင်မြင်စွာ နှိမ်နှင်းဆုံးမလိုက်ပြီဆို။
ဖြေ - အုတ်ပုံတောင် ရေထဲမျောသွားလို့၊ မြေကမူပေါ်မှာ ကျောင်းဆိုင်းဘုတ်ကို မှီထားပြီး ကျောင်း မရှိဘဲ၊ ကျောင်းသားမရှိဘဲနဲ့ ကျောင်းတွေ ဖွင့်ပြီပြောတာဟာ မုန်တိုင်းကို အောင်နိုင်ပြီလို့ ဆိုလိုသလား အကို။ ကျောင်းသားတွေဟာ ကျောင်းမတက်နိုင်ဘူး။ ကလေးတွေဟာ မိဘတွေနဲ့အတူ အကူအညီတွေ လက်ဖြန့်ပြီး လိုက်တောင်းနေကြရတယ်။ လိုက်ပြီး တန်းစီနေကြရတယ်။

မေး - သူတို့တွေ သူတောင်းစားတွေ ဖြစ်ကုန်မှာကို နိုင်ငံတော်က စိုးရိမ်တယ်လေ။
ဖြေ - ဘယ်သူက တောင်းစားချင်မှာလဲ အကို။ တန်းစီပြီး ဆန်နို့ဆီဗူးတလုံး လာတောင်းနေတဲ့ သူတွေထဲမှာ ဆန်စက်ပိုင်ရှင်တွေပါတယ်။ သူရင်းငှားတွေ ပါတယ်။ တံငါသည်တွေပါတယ်။ စက်လှေပိုင်ရှင်တွေပါတယ်။ အခု သူတို့အားလုံး အတူတူပဲ။ ဒုက္ခသည်တွေ။ သူတောင်းစားတွေ မဟုတ်ဘူး။ အဲဒီ ဒုက္ခသည်တွေကို ကူမယ် ကယ်မယ်ပြောပြီး တကယ် မလုပ်နိုင်ဘဲ အရပ်ထဲ လှည့်ပြီး တောင်းနေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကမှ သူတောင်းစားတွေ။

မေး - ခင်ဗျား အခုတွေ့ရတဲ့ အခြေအနေတွေက ကော့မှူး၊ ကွမ်းခြံကုန်းဖက်က အခြေအနေတွေကို မျက်မြင် ပြန်ပြောပြနေတာပေါ့နော်။
ဖြေ - ဟုတ်တယ်။ ခုနင်က သိန်း ၃၀ ကို ဆက်ကြေးတောင်း အသိမ်းခံလိုက်ရတာကတော့ ဘိုကလေးဖက်မှာ။ နိုင်ငံခြားက လာတဲ့ အလှူရှင်တွေ။ မြန်မာတွေပါပဲ။ သူတို့ကို စစ်တပ်က အနိုင်ကျင့်သွားတာပေါ့။

မေး - ခင်ဗျားပြောပုံအရကတော့ နိုင်ငံတော်က ဧရာဝတီတိုင်းကို စစ်ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာတခုလို သဘောထားပြီး ကျင့်ကြံနေသလိုပဲ။
ဖြေ - ဟုတ်တယ်။ ကျနော်တို့ ဧည့်သည်တွေကိုလည်း ရန်သူတွေလို သဘောထားပြီး ကြည့်နေတယ်။

မေး - ဒီထက်ပိုပြီး ဘာဖြစ်လာနိုင်သေးသလဲ။
ဖြေ - ဒုက္ခသည်တွေကို ပြန်ပေးဆွဲထားတာပါ။ အလှူတွေကလည်း အရှိန်ကျလာနေပြီ။ လူ သိန်း ၂၀ လောက် ဒုက္ခရောက်နေတာကို အရပ်က ဘယ်လောက်ကြာကြာ ကူနိုင်မှာလဲ။ တယောက်က ငွေ ၁၀၀၀ ပေးကြည့်ပါ။ ခင်ဗျားတို့ အခေါ် ၁ ဒေါ်လာပေါ့။ နာဂစ် ဒုက္ခသည်တွေအတွက် တနေ့ကို ဒေါ်လာ သိန်း ၂၀ လိုနေတယ်။ အစိုးရအဆင့် နိုင်ငံတကာ အဆင့်ကပဲ ကူနိုင်မယ်။ တကယ်တမ်းမှာ ကျနော်တို့တတွေက တနေ့တာအလှူကို ဘယ်ကနေ ရေရှည် ရှာနိုင်မှာလဲ။

မေး - ဆေးကုတာ မပါသေးဘူး။ ပြန်လည်ထူထောင်တာ မပါသေးဘူး။ ခင်ဗျားပြောတာက နေ့စဉ် ကျွေးမွေးစောင့်ရှောက်တဲ့ စာရိတ်ကို ပြောတာ။
ဖြေ - ဟုတ်တယ်။ အလောင်းတွေ မီးရှို့တာလည်း မပါသေးဘူး။ ကော့မှူး ကွန်းခြံကုန်းဖက်မှာ နာရေးအဖွဲ့က လူတွေ လာပြီး အလောင်းတွေ ရှင်းပြီး မီးရှို့ပေးနေတာ ကျနော်တွေ့ခဲ့တယ်။ အလောင်းတွေ အများကြီးပဲ။ လူတွေတောင် မကိုင်ရဲလို့ ဘုန်းကြီးတွေကိုယ်တိုင် ဆွဲပြီး မီးသဂြိုလ်ပေးကြတယ်။ ပရိတ်တွေ ရွတ်ပေးကြတယ်။ နာရေးအဖွဲ့နဲ့အတူ သုခဆေးခန်းကလူတွေလည်း တပါတည်း ဆေးကုပေးကြတယ်။ နာဂစ်မှာ လူ ၁ သိန်း ခွဲ ကျော် သေတယ်။ သတင်းစာအရ။ ခင်ဗျားတို့ အလောင်း ၁ လောင်းကို ၁ ဒေါ်လာ နှုန်းနဲ့ မီးသဂြိုလ်သလား။ ဒေါ်လာ ၁ သိန်းခေါ်ကျော် လိုတယ်။ ဒါတောင် တခြား စရိတ် မပြောသေးဘူး။

မေး - ခင်ဗျား တွက်ပြတဲ့ပုံကတော့ ကျနော်လို လူပြိန်းတောင် မျက်ဖြူဆိုက်သွားတယ်။ အကူအညီက မနည်း လိုနေတာပဲ။
ဖြေ - ကိုယ်ထူကိုယ်ထ အလှူရှင်တွေဆိုတာ နောက်ပိုင်းကျရင် အစိုးရ အပေါင်းအပါတွေနဲ့ လက်တွဲပြီး လုပ်ကိုင်လာကြဖို့ ဖိအားပိုပေးခံကြရလာနိုင်တယ်။ နိုင်ငံတကာကအဖွဲ့တွေ၊ ကုလတွေကတောင် အစိုးရနဲ့ လက်တွဲပြီး လုပ်နေကြရတော့၊ အရပ်သားစေတနာရှင်တွေနဲ့ အစုအဖွဲ့တွေဟာ သူတို့ကယ်ဆယ်ရေး လုပ်ငန်းတွေ ချောမွေ့စေဖို့ အစိုးရကို ပေးကမ်း ချော့မော့ပြီး လုပ်ကိုင်လာကြတဲ့ အကျင့် ဖြစ်လာမှာ စိုးတယ်။ အခု စစ်တပ်က လက်နက်ပြပြီး အင်အားသုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို စွက်ဖက်လာပြီကိုး။

မေး - ခင်ဗျားပြောပုံအရ အစိုးရမင်းများနဲ့ အဆင်ပြေအောင် တဖက်လှည့်နဲ့ ညှိနှိုင်းပြီး လမ်းကြောင်းဖွင့်ပေးလိုက်တဲ့ ပရိုဖယ်ရှင်နယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ အစုအဖွဲ့များကို အလှူရှင်တွေက မျက်စိကျလာမယ့် ပုံပဲ။
ဖြေ - ဟုတ်ပါ့ဗျာ။ ကင်မရာ တလုံးကို ငွေ ၁ သောင်းကျော် လောက် လာဘ်ပေးပြီး ခိုးဝှက် သယ်လာရတာဗျာ။ နောက်ဆိုရင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ကယ်ဆယ်ရေး ခရီးသွားလုပ်ငန်းကြီး၊ ဒုက္ခသည် ကယ်ဆယ်ရေး လွတ်လပ်စွာ လုပ်နိုင်မည်၊ ဓာတ်ပုံလည်း ရိုက်နိုင်မည်၊ တဲတွေ ထိုးနိုင်မည်။ ရေ လှူ မီးလှူ ကျောက်ပြား လှူ၊ ရွှေပြားကပ် … အဲလေ ယောင်လို့။ အလှူငွေ ၁၀ သိန်း လှူရန်အတွက် နိုင်ငံတော်ကို သိန်း ၂၀ လွတ်လပ်စွာ ပေးနိုင်မည် ဆိုတာမျိုးတွေ ကြေညာလာမှာတောင် စိုးရတယ်။

မေး - အဲသလို ပွင့်လင်းတဲ့ခေတ်ရောက်လာရင် ခင်ဗျားတို့က ဘာဆက်လုပ်မှာလဲ။
ဖြေ - ကျနော်တို့ကတော့ ယူဂျီပဲပေါ့ဗျာ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရနဲ့ မပတ်သက်ပဲ ခိုးဝှက်ပြီး နိုင်သလောက် ဆက်လုပ်မှာပဲ။ တော်ကြာ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ်မှာ သူတို့တွေနဲ့ ဆွေမျိုးစပ်နေရအုံးမယ်။ လှူလည်း လှူခဲ့ပါရဲ့။ သူတို့နဲ့လည်း ပတ်သက်ခဲ့တော့ သံသရာမှာ သူတို့နဲ့ ဆက်ပြီး စခန်းသွားဖို့ကိုတော့ ဆလံ အပြန် တသိန်း သ ပါတယ်။ ကန်တော့ဆွမ်းပါလို့။

မေး - အော် မေးမလို့။ ခင်ဗျားတို့ ရေဒီယိုတွေလည်း လှူတယ် မဟုတ်လား။
ဖြေ - လှူပါတယ်။ သူတို့ကို ပြည်ပ ရေဒီယိုတွေ နားထောင်နိုင်အောင် ပြသခဲ့ပါတယ်။ ဧရာဝတီရဲ့ ကယ်ဆယ်ရေး သတင်းတွေ၊ လှုပ်ရှားမှုတွေ၊ ကူညီနေတာတွေကို ကြားရ၊ သိရအောင် ရေဒီယိုနားထောင်ကြ ဆိုပြီး အားပေးခဲ့ရတာပေါ့နော်။

မေး - ၀မ်းသာကြမှာပေါ့။
ဖြေ - ၀မ်းသာပါတယ်ဗျာ။ ခင်ဗျားတို့လို အင်တာနက်တွေ၊ ကွန်ပြူတာတွေ၊ ချော့ကလက်တွေမရှိတဲ့ ဒုက္ခသည်တွေက ရေဒီယိုတော့ သိကြပါသေးတယ်။ သူတို့ကလည်း သူတို့တွေအကြောင်းကို ကမ္ဘာအရေး၊ အခြေခံဥပဒေအရေး၊ ဓာတ်ဆီဈေး အရေးတွေကြားထဲမှာ တခုတ်တရ ပါမလားရယ်လို့ နားစွင့် နားထောင် နေကြတာပေါ့ခင်ဗျာ။

မေး - သူတို့အကြောင်းတွေချည်း ရေဒီယိုတွေက လွှင့်ပေးနေရမယ်လို့ မျှော်လင့်နေတာလား။
ဖြေ - အင်းလေ။ သူတို့တွေက လာသမျှ လူတွေကို ရင်ဖွင့်နေကြတာ။ သူတို့ ဘယ်ရွာကပါ။ ဘယ်သူတွေ ပျောက်။ ဘယ်သူတွေ သေကုန်ပါပြီ။ ဘယ် နှရက် ငတ်နေပါပြီ။ ဘယ်နေရာတွေမှာ ဘယ်လို အကူအညီ လိုနေပါတယ် စသည်ဖြင့် လာတဲ့ လူတွေ၊ အဖွဲ့တွေကို ရင်ကွဲမတတ် လိုက်ပြောနေကြတာဗျာ။ ပြီးရင် ညဖက်ကျ လူတွေစုပြီး ရေဒီယိုတွေ နားထောင်ကြတာ။ သူတို့တွေအကြောင်းတွေ၊ သူတို့တွေလို လူတွေနဲ့ ပတ်သက်ပြီး သတင်းပို့တာတွေကို စောင့်မျှော်နေကြတာဗျာ။

မေး - သူတို့အကြောင်းတွေကိုတော့ တိတိကျကျ အကုန်ဘယ်လိုက်ပြောနိုင်ပါ့မလဲ။
ဖြေ - ဟုတ်ပါတယ်ဗျာ။ အဲဒါတော့ ကျနော် နားလည်ပါတယ်။ သူတို့က ဒုက္ခသည်တွေဆိုတော့ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ဆိုတဲ့ ရေဒီယိုဆိုတဲ့ ကောက်ရိုးမျှင်လေးကိုလည်း ဆွဲထားတာပေါ့။ ကျနော်တို့ ပေးတဲ့ ရေဒီယိုကြိးကို တယ်လီဖုံးပြောသလိုတောင် ပြန်အော်ပြီးတော့ ပြောလို့ရရင် ပြောချင်နေတာဗျာ။

မေး - သူတို့တွေနဲ့ ပတ်သက်တာတွေ များများ လွှင့်ဖို့၊ မျှော်လင့်တယ်ပေါ့။
ဖြေ - အဲသလိုမျိုးပေါ့ဗျာ။ ဥပမာ ဘန်ကီမွန်းဆိုတဲ့ လူကြီးလာပြီး ဘယ်နေရာမှာ မဏ္ဍပ်ဆောက်ပြီး စတုဒိသာကျွေးနေပြီလို့ကြားရင် သူတို့ အဲဒီကို သားမြေးတွေ စုပြီး ချီတက်ကြမှာပေါ့။ သားပျောက် သမီးပျောက်လို့ ရူးသွပ်နေတဲ့ မိဘတွေဆိုတာ သူတို့အကြောင်း အားလုံးက သိကြရင် ၀ိုင်းဝန်း စောင့်ရှောက်မှု ပိုရကြမှာပေါ့။ သူတို့တွေ ငတ်နေပေမယ့် ဘ၀တူတွေ တနေရာမှာ အကူအကယ်တွေ ရနေကြပြီလို့ကြားရင် မျှော်လင့်ချက်တွေကို အမြင့်မားဆုံး လွှင့်ထူလို့ အားတင်းပြီး သူတို့ ပြင်ဆင် စောင့်ဆိုင်းနေကြမှာပေါ့။

မေး - အင်း။ အဲဒါကိုတော့ ကျနော်တို့ အထက်ကို ဆက်တင်ပြလိုက်ပါ့မယ်လို့ ပြန်ပြောရမလို ဖြစ်နေပြီ။
ဖြေ - နာဂစ်က ထားခဲ့တဲ့ မျက်ရည်တွေ အများကြီးပဲ အကို။ အဖေနဲ့ သားနဲ့ သစ်ပင်ပေါ်မှာ တင်ကျန်ခဲ့တယ်။ မိန်းမနဲ့ ကလေး ၃ ယောက်က တကွဲစီ ဖြစ်သွားပြီ။ အဖေက ကျိုးတော့မယ့် နဲ့နဲ့ သစ်ပင်ပေါ်မှာ စဉ်းစားတယ်။ ငါ အသက်ရှင်ကျန်ရစ်ခဲ့ရင် ကျန်တဲ့ မိန်းမနဲ့ ကလေးတွေကို ဆက်ပြီး လုပ်ကျွေးနိုင်တယ်။ ငါနဲ့ သားလေးနဲ့ အတူတူ အသေမခံနိုင်ဘူး ဆိုပြီး သူ့သားလေးကို လက်လွှတ်လိုက်တယ်။ နောက်နေ့ကျတော့ သူ့မိန်းမနဲ့ ကလေးတွေ အားလုံး သေသွားပြီဆိုတာ သိရတော့ အဲဒီအဖေဆိုတာ ဖြေဆည်လို့ မရနိုင်တော့ဘူး။ ရူးသွားတယ်။ နံငယ်ပိုင်းလေးနဲ့ လျောက်သွားရင် သတိရရင် ငိုပြီး အဲဒီဇာတ်ကို ပြောတယ်။ ပြီးရင်တော့ သီချင်းတွေ ဆိုနေတော့တာပဲ။ အဲသလိုမျိုးတွေ အများကြီးပဲအကို။ ကလေးတွေဆိုတာ ဘယ်ကမှန်းမသိတဲ့ ကလေးတွေ။ မျက်လုံးကြောင်တောင်နဲ့။ မုန့်ဝေပေးတယ်ဆိုရင် ပျော်ပြီး တန်းစီးပြီး တိုးစား။ ရတဲ့ ကစားစရာလေးတွေနဲ့ အခြားကလေးတွေနဲ့ တိုးဝှေ့ ကစား။ ခဏနေရင်တော့ အသိပြန်ဝင်လာချိန်မှာ မျက်ရည်တွေ တွေတွေကျပြီး ငိုလို့။ အဖေ အမေ ဆိုပြီး တကြော်ကြော် အော်ပြီး လျောက်ခေါ်နေတော့တာတွေ … အများကြီးပဲ။

http://moemaka.blogspot.com

A

B

C

The Kitchen မီးဖိုချောင်