ကောက်နေတဲ့သမိုင်းနဲ့ ဖြောင့်တန်းရဲဖို့သတ္တိ
မန်းကိုကို
၂၀၁၀ အတွင်းမှာ လူအတော်များများသတိထားမိနိုင်မယ့် ကိစ္စတစ်ခုကတော့ ပုဂံဘုရားတွေထဲက နံရံကပ်ပန်းချီတွေကို ထုံးသုတ်ဖုံးအုပ်တဲ့ ကိစ္စပါ။ အောက်မှာ ထုံးတွေဖုံးသွားတဲ့ ပန်းချီအလွှာဟောင်းတွေက နှစ်ထပ်၊ သုံးထပ်လောက်ရှိတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ သိရက်နဲ့ကော မသိရက်နဲ့ပါ ဒီလိုရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးပစ်တာ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို စနစ်တကျလေ့လာဖေါ်ထုတ်ဖို့ နေနေသာသာ ရှိပြီးသားတွေကိုတောင် ယုန်ထင်ကြောင်ထင်ဖြစ်အောင် ပြန်ပြင်နေတာတွေများလွန်းလို့ ဘယ်ဟာတွေကမှားလို့ ဘယ်ဒင်းတွေက အမှန်ဆိုတာ သာမန်မြန်မာပြည်သူပြည်သားတွေအတွက် ဝေခွဲနိုင်ဖို့ရာ ကြာလေခက်လေ ဖြစ်လာနေပါတယ်။
မန်းကိုကို
၂၀၁၀ အတွင်းမှာ လူအတော်များများသတိထားမိနိုင်မယ့် ကိစ္စတစ်ခုကတော့ ပုဂံဘုရားတွေထဲက နံရံကပ်ပန်းချီတွေကို ထုံးသုတ်ဖုံးအုပ်တဲ့ ကိစ္စပါ။ အောက်မှာ ထုံးတွေဖုံးသွားတဲ့ ပန်းချီအလွှာဟောင်းတွေက နှစ်ထပ်၊ သုံးထပ်လောက်ရှိတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ သိရက်နဲ့ကော မသိရက်နဲ့ပါ ဒီလိုရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးပစ်တာ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို စနစ်တကျလေ့လာဖေါ်ထုတ်ဖို့ နေနေသာသာ ရှိပြီးသားတွေကိုတောင် ယုန်ထင်ကြောင်ထင်ဖြစ်အောင် ပြန်ပြင်နေတာတွေများလွန်းလို့ ဘယ်ဟာတွေကမှားလို့ ဘယ်ဒင်းတွေက အမှန်ဆိုတာ သာမန်မြန်မာပြည်သူပြည်သားတွေအတွက် ဝေခွဲနိုင်ဖို့ရာ ကြာလေခက်လေ ဖြစ်လာနေပါတယ်။
မနှစ်က ဈေးကွက်ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကြည့်လိုက်ရင် သထုံပြည်ပျက်တာဟာ ပုဂံကသွားတိုက်လို့ မဟုတ်ပဲ ကပ်ဘေးတွေကျလို့ မနူဟာဘုရင်တို့တတွေ ပုဂံကို လာရောက်ခိုလှုံကြတာပါဆိုပြီး ရေးထားပါတယ်။ အဆုံးသတ်မှာ ကိုးကားကျမ်းစာရင်းတွေပါ ပါလိုက်ပါသေးတယ်။ လူငယ်တွေဖတ်မိရင်တော့ သမိုင်းကို ဘယ်လိုနားလည်သွားမလဲဆိုတာ တွေးပြီး ပူပင်စရာပါ။ ဒီလိုသိက္ခာရှိရှိ ရပ်တည်သင့်တဲ့ အများသိ သတင်းနဲ့ စာနယ်ဇင်းထဲမှာ သမိုင်းကို လက်လွတ်စပယ် ကောက်ချက်ဆွဲတာကတော့ အတော်ရုပ်ဆိုးပါတယ်။
မနူဟာဘုရင့်မိသားစု သထုံကနေ ပုဂံအထိ ဘုရားကျွန်သွားခံမယ်ဆိုတာမျိုးကတော့ ဘယ်လိုမှ မဖြစ်နိုင်သလို နောက်လိုက် ၄၀ နဲ့ ကရင့်ပေပုရပိုဒ်တွေတင်ပြီး စစ်ဘေးရှောင်တိမ်းခဲ့တဲ့ ကရင်အမတ် ဖူ့ဒိုက်ကော်ရဲ့ ဖြစ်ရပ်ဟာလည်း သက်သေရှိပါတယ်။ ဒီနေရာမှာ မွန်တွေရဲ့ တင်ပြချက်တွေကို မြန်မာပြည်မသားတွေ ကြားဖူးကြမယ်တော့ မထင်ပါ။
မသိခြင်းတွေဟာ ထပ်ဆင့်မသိခြင်းတွေနဲ့ နားမလည်ခြင်းတွေကို ဦးဆောင်သွားနိုင်သလို ပြည့်စုံတဲ့ နောက်ခံတွေကို အခြေမခံပဲ တည်ဆောက်ထားတဲ့ သမိုင်းဟာလည်း စိတ်ကူးယဉ်သမိုင်းပဲ ဖြစ်ပါလိမ့်မယ်။
တစ်ဆက်ထဲမှာပဲ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရဲ့ မတူကွဲပြားတဲ့ သမိုင်းတွေနဲ့ တင်ပြချက်တွေ ရှိကြတာကိုတော့ အတော်များများ သိကြကြားဖူးကြမယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့ပါတ်သက်လို့ ကြုံရတာတစ်ခုကိုကြည့်ရင် မနှစ်က သတင်းဋ္ဌာနတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ (တိုင်းရင်းသား) ပညာရှင်အချို့ကနေ တိုင်းရင်းသားတွေရဲ့ သမိုင်းကို ကျောင်းသင်ရိုးညွှန်းတန်းထဲထည့်ဖို့ အဆိုပြုတဲ့ကိစ္စ ပါလာခဲ့ပါတယ်။ ဒီမှာတင် နိုင်ငံခြားရောက် ဗမာပညာတတ် အချို့က အကြောက်အကန် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ပုဂ္ဂိုလ်ရေးအရကော အခြားဘယ်အကြောင်းနဲ့မှ မဝေဖန်လိုပေမယ့် သိပ္ပံစက္ကူလို့ခေါ်ကြတဲ့ litmus paper အလုပ်လုပ်ပုံကို သွားသတိရမိပါတယ်။ သူတို့ရဲ့တုန့်ပြန်ပုံဟာ ဒီကနေ့ မြန်မာပြည်သူပြည်သား (ဗမာ) တွေရဲ့ စိတ်နေစိတ်ထားကို တစ်စိတ်တစ်ပိုင်း ဖေါ်ကျူးပေးတယ်လို့ မြင်ပါတယ်။ လူတိုင်းရှိကြတဲ့ အတ္တစွဲနဲ့ တုန့်ပြန်တာကို မှားတယ်လို့ မဆိုချင်ပါဘူး။
ဒါပေမယ့် အခြားတစ်ဖက်က သူတို့သိမထားခဲ့တဲ့ သမိုင်းရဲ့ အစိတ်အပိုင်းတွေကို မြင်နိုင်ဖို့ အခွင့်အရေးတစ်ခု လက်လွတ်လိုက်ကြသလို ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ဒီကနေ့ မြန်မာပြည်ကျောင်းတွေမှာ သင်နေရတာနဲ့ အပြင်မှာရှိတဲ့ မှတ်တမ်းမှတ်ရာအများစုဟာ ဗမာတွေရဲ့ သမိုင်းကို ဗဟိုပြုထားသလို အခြားတိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေမှာတော့ အကန့်အသတ်နဲ့သာ စာအဖြစ်တင်ထားတာ (အချို့ကတော့ လုံးဝပျောက်နေတာ) ကို လူအများစုကနေ သတိပြုကြမိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကျနော့်အမြင်မှာကတော့ တိုင်းရင်းသားတွေရဲ့ သမိုင်းကို ကျောင်းပြဋ္ဌာန်းစာအုပ်ထဲ ထည့်တာမထည့်တာက နောက်တစ်ဆင့်မှပါ။ ပထမအဆင့်အနေနဲ့ မြန်မာပြည်မှာရှိတဲ့ လူမျိုးနွယ်စုတွေဆီမှာ မတူညီတဲ့ သီးခြားသမိုင်းကိုယ်စီ ရှိခဲ့ကြပြီး ရှေးဘိုးဘေးများရဲ့ (ကောင်းကောင်း မကောင်းကောင်း) လုပ်ဆောင်ချက်တွေကြောင့် ဒီကနေ့ အတူတကွ စုစည်းနေထိုင်နေကြရတဲ့ အနေအထားကို ရောက်ရှိလာခဲ့တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖေါ်ထုတ်တင်ပြခွင့်ရှိကြဖို့ အခြေခံအားဖြင့် လိုပါတယ်။ ဒီလိုပြောလို့ အကန့်အသတ်မရှိ လုပ်ချင်ရာလုပ်ဖို့ ၊ ထင်ရာမြင်ရာ အဆိုပြုကြဖို့ ပြောတာမဟုတ်ပါဘူး။ မှန်ကန်တဲ့သမိုင်းကြောင်းတွေကို စေတနာသန့်သန့်နဲ့ တတ်စွမ်းသမျှ လက်လှမ်းမှီသမျှ အတတ်ပညာနည်းပညာတွေကို သုံးစွဲဖေါ်ထုတ် သင်္ခန်းစာတွေယူပြီး မြန်မာပြည်သူပြည်သား အားလုံးအတွက် အကျိုးရှိနိုင်မယ့် အနာဂါတ်ကို ဦးတည်လျှောက်လှမ်းနိုင်အောင်၊ လမ်းကြောင်းရှာနိုင်အောင်ရယ်ပါ။
ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ ပုံပမာနဲ့ နည်းနည်းခိုင်းနှိုင်းချင်ပါတယ်။ မျက်နှာဖြူတွေလည်း အရင်က သူတို့ဖက် သူတို့ယက်ပြီး သူတို့ပဲ အလွန်ကောင်းခဲ့လေဟန် (လူများစုက) လုပ်ခဲ့ပေမယ့် မျက်မှောက်ကာလမှာတော့ သမိုင်းထဲက သူတို့ရဲ့လုပ်ရပ်အမှားတွေကို အမှန်အတိုင်းထုတ်ဖေါ်ဝန်ခံပြီး ဋ္ဌာနေလူနီ (သို့မဟုတ်) အခြားဒေသခံတွေနဲ့ အမြင်ရှင်းရှင်း လက်တွဲနေထိုင်နိုင်ဖို့ ဆုံးဖြတ်လျှောက်လှမ်းခဲ့ကြပါတယ်။ ဒီကနေ့ အမေရိကန်ဟာ ယဉ်ကျေးမှုပေါင်းစုံ ဆုံစည်းရောနှော ပျော်ဝင်ရာ (the melting pot) လို့ တင်စားခေါ်ဝေါ်တာခံရပြီး လူသားအားလုံး အတွက် အခွင့်အလမ်း တန်းတူ (နီးပါး) ရှိတဲ့ ဒေသ (နိုင်ငံ) အဖြစ်နဲ့ ရပ်တည်နေတာဟာ အတုယူချင်ရင် နမူနာကောင်း တစ်ခုပါ။ (ချွင်းချက်နဲ့ အခက်အခဲတွေကိုတော့ ကောင်းကျိုးနဲ့စာရင် နည်းတာမို့ သီးသန့် မပြောတော့ပါဘူး)။ ဒီလိုဆင်တူရိုးမှားပုံစံကို သြစတြေးလျနိုင်ငံမှာလည်း တွေ့ရနိုင်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ မကောင်းတာလုပ်သူတွေ အများကြီးရှိသလို မတရားတာကို လက်မခံပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ့်သူတွေ၊ အမှန်တရားဖက်က ဝိုင်းဝန်းရပ်တည်ပေးမယ့်သူတွေ ဘယ်တုန်းကမှ မလျော့နည်းခဲ့တာဟာ အတုယူသင့်တဲ့ ကိစ္စတစ်ခုပါ။
ဒီကနေ့မြန်မာပြည်ရဲ့ အနေအထားတစ်ခုကိုပဲ ကြည့်ကြရအောင်။ အာဏာပိုင်တွေရဲ့အလိုအရ မြန်မာပြည်ရဲ့ တိုင်းရင်းသား မျိုးနွယ်စုပေါင်းဟာ အရင် ၁၃၅ မျိုးကနေ အခုဆိုလိုသလို ဖေါ်ထုတ်ရင်း ၁၄၀ မက ဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် ဘယ်လိုခွဲခြားရေတွက်ကြသလဲဆိုတာ ဘယ်တော့မှ ထင်သာမြင်သာအောင် အသေးစိတ် ရှင်းရှင်းလင်းလင်း မပြောကြတာကို အခြေခံအားဖြင့် တွေ့ရပါတယ်။
သာမန် မြန်မာပြည်သားတစ်ဦးကိုမေးရင် ဗမာ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ကယား၊ ကရင်ဆိုတဲ့ အဓိက လူမျိုးနွယ်တွေရဲ့နောက် ပအို့ဝ်၊ ပလောင်၊ ဝ၊ လီဆူး၊ ပဒေါင်၊ ဓနု၊ ထားဝယ်၊ လားဟူတွေလောက်ပြီးရင် ဆက်ရွတ်ဖို့ အတော်လေး နှေးကွေးလာပါလိမ့်မယ်။ လူမျိုးနွယ်စု ၁၀၀ ကျော်လို့ ပြောတဲ့အထဲမှာ ချင်းတစ်မျိုးထဲတင် ၆၂မျိုး ပြန်ခွဲထည့်ထားတာကျတော့ ရှင်းမပြနိုင်ကြတော့ပါဘူး။ တွေးစရာက သက်ဆိုင်ရာသမိုင်းတွေကို ဖျောက်ဖျက်တဲ့အပြင် မျိုးနွယ်စုတွေ အသေးစိတ်တွေ ထပ်ခွဲပြီး သွေးခွဲစနစ်ကိုကျင့်သုံးဖို့ ကြိုးစားနေကြသလား၊ မဟုတ်ရင်လည်း အတင်းလွမ်းမိုးချုပ်ကိုင်နိုင်ဖို့ အကြောင်းပြကောင်းအောင် တမင်ဆင်ထားတာလား ဆိုတာကိုပါ။
တကယ်ဖြစ်ပျက်ခဲ့တဲ့သမိုင်းဆိုတာ ပြင်လို့ရကောင်းတဲ့ အရာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်နေကြပါတယ်။ အမှန်ကတော့ ဖြစ်ပြီးတာကို ဘယ်လိုမှ ပြင်လို့မရတာ အားလုံးအသိပါ။ သက်ဆိုင်ရာလူတွေရဲ့ အမြင်အသိကိုသာ ပြင်ဖို့ကြိုးစားနေကြတာပါ။ (ဦးအောင်ခင်ရေးထားတဲ့ “အရပ်သားအမြင်နဲ့ စစ်သားအထင်” ဆိုတဲ့ဆောင်းပါးနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး တွေးလို့ရမယ်ထင်ပါတယ်။) သတိပြုစရာက ဗမာတွေဟာ ကိုယ့်သမိုင်းကိုယ် စိတ်ကြိုက်ရေးရင်း ကိုယ်ဖြစ်စေချင်တာတွေကို အမှန်ထင် နစ်မျောနေမိကြသလားဆိုတာ ပြန်မဆန်းစစ်ကြရင် ရေရှည်မှာ အခက်ကြုံစရာတွေ အများကြီး ရှိလာနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိပေးချင်တာက (ဆရာ) ဒေါက်တာသန်းထွန်းဟာ လူအများ လေးစားခံရတာ သိကြမှာပါ။ ဒါပေမယ့် မြန်မာပြည်နိုင်ငံရေး အခြေအနေအရ သူအပါအဝင် နိုင်ငံရေးသမား၊ သမိုင်းဆရာတွေဟာ သူတို့သိသမျှ အပြည့်အစုံကို မှန်မှန်ကန်ကန်ပြောနိုင် ရေးနိုင်ခဲ့ကြရဲ့လားဆိုတာ သံသယရှိစရာပါ။ တစ်ခုရှိတာက သူတို့ရဲ့ အသိပညာနဲ့ ရိုးသားမှုကို မေးခွန်းထုတ်တာ မဟုတ်ဖူးဆိုတာတော့ နားလည်စေချင်ပါတယ်။ ခုချိန်မှာ သက်ရှိသမိုင်းအချို့ ကျန်ရစ်နေကြတုန်းပါ။ သူတို့သိသမျှ အမှန်တွေကို စာအက္ခရာပြည့်ပြည့်စုံစုံ တင်နိုင်ကြရင်တော့ဖြင့် ၂၀ ရာစုမှာ လိုနေခဲ့တဲ့ ကွက်လပ်အချို့ကို ဖြည့်ဖို့နဲ့ လိုရာဆွဲ ဝါဒဖြန့်ခဲ့တာအချို့ကို တန်ပြန် ခြေဖျက်နိုင်ကောင်းပါတယ်။
ဒီနေရာမှာ တစ်ခုသတိပေးချင်တာက (ဆရာ) ဒေါက်တာသန်းထွန်းဟာ လူအများ လေးစားခံရတာ သိကြမှာပါ။ ဒါပေမယ့် မြန်မာပြည်နိုင်ငံရေး အခြေအနေအရ သူအပါအဝင် နိုင်ငံရေးသမား၊ သမိုင်းဆရာတွေဟာ သူတို့သိသမျှ အပြည့်အစုံကို မှန်မှန်ကန်ကန်ပြောနိုင် ရေးနိုင်ခဲ့ကြရဲ့လားဆိုတာ သံသယရှိစရာပါ။ တစ်ခုရှိတာက သူတို့ရဲ့ အသိပညာနဲ့ ရိုးသားမှုကို မေးခွန်းထုတ်တာ မဟုတ်ဖူးဆိုတာတော့ နားလည်စေချင်ပါတယ်။ ခုချိန်မှာ သက်ရှိသမိုင်းအချို့ ကျန်ရစ်နေကြတုန်းပါ။ သူတို့သိသမျှ အမှန်တွေကို စာအက္ခရာပြည့်ပြည့်စုံစုံ တင်နိုင်ကြရင်တော့ဖြင့် ၂၀ ရာစုမှာ လိုနေခဲ့တဲ့ ကွက်လပ်အချို့ကို ဖြည့်ဖို့နဲ့ လိုရာဆွဲ ဝါဒဖြန့်ခဲ့တာအချို့ကို တန်ပြန် ခြေဖျက်နိုင်ကောင်းပါတယ်။
သမိုင်းမှာ ပြန်ကြည့်ရင် မြန်မာပြည်ကို မွန်ဂိုတွေ လာတိုက်စဉ်အခါက မွန်ဂိုစစ်သူကြီးကို စီးချင်းထိုးပြီး အနိုင်ယူပေးခဲ့သူဟာ မွန်သူရဲကောင်း သမိန်ဗရမ်းပါ။ ဗမာဘုရင်ကို မသတ်ခဲ့တာ၊ ဗမာအမတ်တွေကို မသေအောင် သတိပေးခဲ့သူဟာ (လူ ၁၀၀ နဲ့ ၄၀၀ မတန်တဆ အတိုက်ခံရပြီး ကျဆုံးခဲ့တဲ့) မွန်သူရဲကောင်း လဂွန်းအိမ်ပါ။ ဒီအဖြစ်တွေနဲ့တင် မြန်မာ့သမိုင်းကို ပြောင်းပြန်မလှန်နိုင်ရင်တောင် ဒီကနေ့ကျနော်တို့သိတဲ့ မြန်မာနိုင်ငံကြီးဆိုတာနဲ့ မတူတဲ့ ပြောင်းလဲမှုတွေကို ပေးနိုင်ခဲ့မှာ သေချာပါတယ်။ ဒါပေမယ့်တကယ်တန်းကျတော့ မွန်တွေမှာ အပြန်အလှန် အသိအမှတ်ပြုတာကို မခံကြရတဲ့အပြင် လူမျိုးနဲ့ ယဉ်ကျေးမှုကိုပါ ဝါးမျိုခံနေရပါတယ်။
သမိုင်းမှာ ဗမာတွေ ကံကောင်းတာ တစ်ခုရှိပါသေးတယ်။ ဘုရင့်နောင်လက်ထက်မှာ နန်းတွင်းကို ဓါးစာခံအဖြစ် ခေါ်ထားခဲ့တဲ့ နာရက်စူဝမ်မင်းသားဟာ သူ ဘုရင် (King Naresuan the Great) ဖြစ်လာတဲ့အခါမှာ စီယံ (Siam) လို့ခေါ်တဲ့ ကနေ့ထိုင်းနိုင်ငံကို ပြန်စုစည်းပြီး အင်းဝကို စစ်သည် ၁သိန်းနဲ့ ချီခဲ့ရာမှာ လမ်းတစ်ဝက် နတ်ရွာစံခဲ့တာကြောင့် သမိုင်းတစ်ပတ် မလည်ခဲ့တာ ဖြစ်ပါတယ်။
ကျနော်တစ်ယောက်ထဲ အမြင်အနေနဲ့ အဓိက အဆိုတစ်ခု ပြုချင်တာက “ဗမာ” တွေမှာ အခြေခံကျတဲ့ စိန်ခေါ်မှုတစ်ရပ် ရှိနေပါတယ်။ အဲဒါကတော့ “ဗမာဆိုတာ ဘာလဲ၊ ဘယ်လို အနက်အဓိပ္ပါယ် ဖွင့်ဆိုခံယူပြီး သတ်မှတ်ရပ်တည်ကြမလဲ” ဆိုတာပါ။ ထူးဆန်းကောင်း ထူးဆန်းပါလိမ့်မယ်။ ဒါပေမယ့် ဗမာတွေရဲ့ ဆင်းသက်လာပုံ အဦးအစကို ပြန်ကောက်ကြည့်ရင် အစောပိုင်းဟာ အတော်အသင့် ဝေဝါးနေပြီး သွေးနှောမှုတွေလည်း ရှိနေနိုင်တာတွေကို သတိထားမိကြရင်တော့ ဒီမေးခွန်းကို ပိုပြီး အမြင်ကြည်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ဗမာတွေနဲ့ ပတ်သက်လို့ အများသိတဲ့ အချက်အချို့ကို ယေဘုယျ စီကြည့်ရအောင်။
** ဗမာတွေရဲ့ မူလအစကို အားလုံးလက်ခံနိုင်ကြမယ့် နောက်ခံသမိုင်းကို ရေရေရာရာ စနစ်တကျ သုတေသနပြု တည်ဆောက် အဆိုပြုထားချက်တွေ ခုထိမရှိသေးဘူးလို့ ယေဘုယျ ပြောလို့ရပါတယ်။ အိန္ဒိယနောက်ခံနဲ့ သာကီနွယ်လိုလို၊ တိဘက်ကဆင်းလာတဲ့ အနွယ်လိုလိုနဲ့ ဗမာအစ တကောင်းက၊ ဗမာအစ ကျောက်ဆည်က အပြင် လူသားအစ ပုံတောင်ပုံညာကဆိုပြီး အဆက်အစပ် သက်သေပြမှု ဝေဝါးဝါးတွေရဲ့ ရောသမမွှေချက်တွေဟာ နားလည်ရ ပိုခက်လာစရာတွေပဲ ဖြစ်နေပါတယ်။ ဗမာလူမျိုးကို တိဘက်-မြန်မာ စကားအုပ်စုထဲ ထည့်သွင်းခံထားရပေမယ့် စကားမှာလည်း ခုထိ ဆက်စပ်သက်သေပြလို့ မရကြသေးပါဘူး။
** ပုဂံမတိုင်ခင် ပျူလူမျိုးတွေအပြင် ကမ်းယံနဲ့ သက်လူမျိုးတွေ ရှိခဲ့ကြတယ်လို့ဆိုတယ်။ ပျူပြည်ပျက်တယ်လို့ သိကြရပြန်ပါတယ်။ ပျူ၊ ကမ်းယံ၊ သက်တွေဟာ ဒီကနေ့ ဘာလူမျိုးလဲ၊ ဘယ်ကိုပြောင်းသွားကြလဲ၊ မျိုးပြုတ်သွားလား၊ ဗမာတွေက မျိုးဖြုတ်လိုက်တာလား၊ ဗမာတွေ ကိုယ်တိုင်က အဲဒီလူမျိုးတွေရဲ့ အဆက်အနွယ် သို့မဟုတ် သွေးနှောသူတွေလား။ မေးစရာမေးခွန်းတွေ အများကြီးရှိပေမယ့် မှတ်တမ်းသက်သေတွေမရှိ သို့မဟုတ် ရှာမတွေ့သေးတာကြောင့် အတူနေခဲ့တာသော်လည်းကောင်း၊ သွေးနှော ရောထွေးသွားတာသော်လည်းကောင်း ယူဆလို့ ရနိုင်ပြန်ပါတယ်။
** ပုဂံခေတ်ကတည်းကစပြီး မွန်တွေနဲ့ ကူးလူးဆက်ဆံမှု အတော်များများတွေ့ရတာကြောင့် မွန်-ဗမာ သွေးနှောမှုတွေ အတော်ရှိခဲ့တယ်လို့လည်း ကောက်ချက်ဆွဲ အဆိုပြုလို့ ရနိုင်ပြန်ပါတယ်။ အင်းဝခေတ် မွန် -ဗမာ နှစ်လေးဆယ် စစ်ပွဲလိုမျိုး အကြိတ်အနယ် တိုက်ခိုက်နိုင်ခဲ့ကြတဲ့ မွန်လူမျိုးတွေဟာ ကနေ့အချိန်မှာ ဗမာတွေထက် လူဦးရေ အဆမတန် နည်းနေတာ၊ မွန်ဒေသတွေဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး ကနေ့မြန်မာပြည်ထဲ ပါဝင်ဖွဲ့စည်းထားတာဟာလည်း ထည့်တွက်စရာပါ။
ယေဘုယျအားဖြင့်တော့ သွေးနှောသွားတယ်လို့ပဲ ဆိုလို့ရနိုင်ပါတယ်။ (မွန်ပြည်နယ်သတ်မှတ်ဖို့ လုပ်စဉ်တုံးက ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ကလည်း ဒါကိုအတည်ပြုပေးခဲ့ပြီးပါပြီ)။ အထူးသဖြင့် အောက်ပြည်ဖက်မှာဆိုရင် တစ်ခါတစ်ရံ ဆုံလာသူတွေထဲက မွန်၊ ကရင်တိုင်းရင်းသားပုံတွေ ပေါက်နေပေမယ့် သူတို့ကိုယ်ကို ဗမာလို့ပဲ ပြောနေကြသူတွေကို တွေ့ဖူးမြင်ဖူးကြမှာပါ။ (နောက်တစ်မျိုးကတော့ ကပြားမှန်း သေချာပေမယ့် လူမျိုးတစ်ဖက်ကိုပဲ ခံယူထားတဲ့သူတွေပါ။ ကိုယ်ပိုင်မြင်မိတာကတော့ ယေဘုယျအားဖြင့် ရခိုင်ကလေးတစ်ယောက်ကို ကျနော်မွေးစားလို့ သူကရင်စကားပြောပြီး သူ့ကိုယ်သူ ကရင်လို့ခံယူရင် သူဟာ ကရင်ပါပဲ။ ကျနော့်သားသမီးဖြစ်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် ချင်းမိသားစုထဲ ရောက်ပြီး ချင်းစကားပြော၊ သူ့ကိုယ်သူ ချင်းပါဆိုရင် ကျနော် လက်ခံရမှာပါပဲ)။
** အစောပိုင်းခေတ်မှာ ရှမ်းတွေ အထက်ဗမာပြည်ကို အောင်နိုင်ပြီး နှစ်ပေါင်းများစွာ (ကြီးစိုး)အုပ်ချုပ်ခဲ့တာဟာလည်း သမိုင်းမှာ အထင်အရှားပါနေတာမို့ ကူးလူးဆက်ဆံမှု၊ သွေးနှောမှုတွေကတော့ အထူးထပ်ပြောစရာကို လိုမယ် မထင်ပါဘူး။
** ဘန်ကောက်ပို့စ်သတင်းစာမှာ ယိုးဒယားပညာရှင်တစ်ဦး တင်ပြချက်ကို မြင်ဖူးပါတယ်။ သူ့အဆိုအရ ပုဂံခေတ် (နှောင်း)ဝန်းကျင် ယိုးဒယားနိုင်ငံ နယ်နိမိတ်ဟာ ပုဂံအောက်နားအထိအောင် ရောက်နေခဲ့ပါတယ်။ ဒီနေရာမှာ သတိပြုစရာက မြန်မာပြည်သူပြည်သားတွေ မသိသေးတဲ့ (အချို့လည်း မသိချင်တဲ့) ရှည်လျားရှုပ်ထွေးတဲ့ သမိုင်းနဲ့ ရှေးအရင် ရောက်ရှိနေထိုင်ခဲ့သူတွေကို ထည့်မတွက်ပဲ မဖြစ်ပါဘူး။
မြန်မာ့သမိုင်းမှာ အသေးစိတ်မပါပဲ လစ်ဟာနေတဲ့ ဒေသ အချိန်တွေကို အသေအချာ လေ့လာရင် မြင်နိုင်ကြပါတယ်။ ဒါ့ပြင် နယ်နိမိတ် ဆိုတာဟာလည်း အနောက်နိုင်ငံတွေ နယ်ချဲ့ပြီး နောက်ပိုင်းမှ ဖြစ်လာတာ ပညာရှင်တိုင်း လက်ခံထားကြတဲ့ အချက်ပါ။ အလွယ်ဆုံး နမူနာအနေနဲ့ ပြောရရင် ကရင်ပြည်နယ် ဖာပွန်မြို့တစ်ဝိုက်က ဥယျာဉ်ခြံတွေဟာ ကနေ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြေရှင်တွေက ပိုင်ဆိုင်ခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်မပြီးခင်အထိ သူတို့ပိုင်တဲ့ ဥယျာဉ်ခြံမြေတွေအတွက် အဌားခ (သီးစားခ) လာကောက်နေခဲ့ကြတာကို နယ်ခံလူကြီးများအဆိုအရ သိရပါတယ်။ စစ်ပြီးနောက် နယ်နိမိတ်တွေ အတိအကျ လုပ်ကြတဲ့ အခါမှာတော့ သူတို့မြေတွေကို ဆုံးရှူံးသွားကြရပြီး သီးစားခကောက်ခံတာတွေလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။
ဆိုချင်တာက မြန်မာ့သမိုင်းဟာ အခြားတိုင်းရင်းသားတွေနဲ့ အိမ်နီးချင်းလူမျိုးတွေရဲ့ သမိုင်းတွေနဲ့ တိုက်ဆိုင်ရှာဖွေ ဖေါ်ထုတ် လေ့လာမှတ်တမ်းတင်ဖို့ လိုနေသေးတာကိုပါ။
** တဆက်ထဲမှာ တရုပ်တွေ ဝင်တိုက်ခဲ့တာ၊ ယိုးဒယား ရခိုင် စစ်တကောင်းစစ်ပွဲတွေကအစ ခေတ်အဆက်ဆက် စစ်ချီစစ်တက်ခဲ့တာတွေဟာလည်း သွေးနှောစရာ အကြောင်းတွေပါ။ အရင်ခေတ်တွေက စစ်တို့ရဲ့ ထုံးစံဖြစ်တဲ့ စစ်နိုင်သူတွေက ရှူံးသူရဲ့ နယ်ထဲမှာ သူတို့လူတွေကို အခြေစိုက် နေရစ်စေခဲ့တာ (ဥပမာ - အလောင်းစည်သူထားခဲ့တဲ့ ကနေ့ ထားဝယ်တွေ၊ ဘုရင့်နောင်ထားခဲ့တဲ့ ကနေ့ ယိုးဒယားကရင်အချို့၊ တနင်္သာရီဖက်က အချို့ရှမ်းရွာတွေ)၊ စစ်နိုင်တဲ့အခါ ရှူံးသူရဲ့ လက်မှု အနုပညာသည်တွေနဲ့ အသုံးဝင်မယ့်သူတွေကို ထောင်သောင်းနဲ့ ချီပြီး ပြန်ခေါ်လာတာ၊ ရွှေသမင် မင်းကြီးတာက လွတ်သလို ဘုရင်များရဲ့ လူမျိုးခြား မင်းသမီးတွေနဲ့ လက်ဆက်ခဲ့တာတွေကတော့ ရေတွက်လို့ ကုန်မယ် မထင်ပါဘူး။ ဒါဟာလည်း သွေးနှောစေတဲ့ ပြယုဂ်တွေပါ။
သွေးစပ်သူ (ကပြား) တွေကို ခေတ်အဆက်ဆက်မှာ မျိုးအပြုတ် သုတ်သင်ခဲ့ကြတယ်လို့ မှတ်တမ်းမှတ်ရာတွေ မရှိတဲ့အပြင် ပညာရှင်တွေရဲ့ ရှာဖွေ တွေ့ရှိချက်တွေအရ လူမျိုးတိုင်း သွေးနှောနေကြတယ် ဆိုတာဟာလည်း ထည့်တွက်စရာပါ။ ချုပ်ရရင်တော့ ဒီကနေ့ ဗမာတွေ ဆိုတာဟာ ကိုယ့်ကိုယ်ကို ဗမာလို့ နားလည်သတ်မှတ်နေလို့ ဗမာဆိုပြီး ဖြစ်နေတာပါ။ ယဉ်ကျေးမှုနဲ့ ဓလေ့တွေမှာလည်း ဋ္ဌာနေခြံပေါက် ဆိုတာထက် အိန္ဒိယ၊ မွန်နဲ့ ယိုးဒယားတို့ဆီက ရလာတာတွေကို ရှိထားတာတွေနဲ့ ပေါင်းစပ်မွမ်းမံပြီး အသုံးတည့်အောင် လုပ်ထားတာတွေဆိုတာ စိတ်ရှင်းရှင်းထားရင် မြင်နိုင်ကြပါတယ်။
ဒါတွေ ထုတ်နှုတ်ပြနေတာဟာ ဗမာလူမျိုးကို တိုက်ခိုက်ချိုးဖဲ့ဖို့ ကြိုးစားဖို့ မဟုတ်ပါဘူး။ အမှန်ကို ဝိုင်းဝန်းအဖြေရှာပြီး ကိုယ့်ကိုယ်ပိုင် လက္ခဏာ (identity) သတ်မှတ်ဖို့နဲ့ ရှေ့လျှောက်ဘယ်လို စိတ်ဓါတ်တွေထားပြီး တွေးခေါ် လျှောက်လှမ်းကြမယ် ဆိုတာကို လမ်းကြောင်းဖေါ်နိုင်အောင် အခြေခံအုတ်မြစ်တွေကိုချနိုင်ဖို့ အဓိကထား ထောက်ပြချင်တာပါ။
ဒီနေရာမှာ မြင်မိတာက လူကျင့်ဝတ်တွေနဲ့ ဖီလာဆန့်ကျင်တဲ့ မျိုးမစစ်တွေလို့ နှိမ့်ချတွေးတောမယ့် အတွေးအမြင် စိတ်ဓါတ်တွေအစား အင်္ဂလိပ်တွေလို သွေးနှောပေမယ့် နိုင်ငံကြီး လူမျိုးကြီး တစ်ရပ်အနေနဲ့ ကမ္ဘာမှာ သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တာမျိုးကို အားကျအတုယူကြလို့ရပါတယ်။ နှိုင်းယှဉ်ကြည့်ရင် ဗမာနဲ့ အင်္ဂလိပ်တွေရဲ့ နောက်ကြောင်းပုံစံဟာ ဒီတစ်နေရာတော့ ဆင်တူယိုးမှားလို့တောင် ယေဘုယျ ဆိုရနိုင်ပါတယ်။
လူမျိုးအရ သွေးနှောမှုတွေ ရှိနိုင်သလို အိန္ဒိယ၊ မွန်၊ ယိုးဒယားတွေဆီက စာပေ၊ ယဉ်ကျေးမှုနဲ့ ပညာတွေကို ယူဆောင်လာခဲ့ပြီး ကိုယ့်နဲ့ ကိုက်ညီမယ့် အနေအထားကို ပေါင်းစပ်ပေးနိုင်ခဲ့လို့ ဒီကနေ့ မြန်မာပြည်မှာ အဓိက လူမျိုးစုအနေနဲ့ ရပ်တည်နေနိုင်တာဟာ အောင်မြင်တယ်လို့ ခေါ်လို့ရပါတယ်။ ဘယ်လူမျိုးမဆို နှိမ့်ချအပြောခံရလို့ လူအဖြစ်ကနေ နိမ့်လျှောမသွားနိုင်ပါဘူး။ လက်ရှိပကတိကို နားလည်လက်ခံပြီး ဆက်လျှောက်သွားတာဟာသာ လက်တွေ့ကျတဲ့ နည်းလမ်းပါ။ မြန်မာပြည်(နဲ့ အာရှ)ရဲ့ သဘောသဘာဝအရ နိမ့်ကျနေတဲ့ စိတ်ဓါတ်တွေကိုတော့ ကြီးကြီးမြင့်မြင့် ထားတတ်အောင် ပျိုးထောင်ဖို့ လိုပါလိမ့်မယ်။
မြန်မာပြည်မှာ ကနေ့အထိ အားနည်းနေတဲ့ အဓိကတစ်ချက်ကတော့ ခေတ်မှီသမိုင်းပညာရှင်နဲ့ နည်းပညာ ကရိယာတွေ အသုံးပြုတဲ့ လေ့လာမှုတွေပဲဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ ခေတ်ပြောင်းလဲနေသလို သမိုင်းကို လေ့လာရာမှာလည်း အသေးစိတ်ဘာသာရပ်ခွဲတွေ၊ ဘာသာရပ် ကူးယှက်လေ့လာမှုတွေ (cross displine) အပြင် စက်ကရိယာနဲ့ နည်းပညာအသစ်တွေကိုပါ တွဲစပ်သုံးပြီး လူသားမျိုးနွယ်တွေရဲ့ သမိုင်းဇစ်မြစ်ကို ပိုပြီးတိတိကျကျ ပုံဖေါ်လာနေကြတဲ့ အနေအထားကို ရောက်နေပါပြီ။ ချွင်းချက်တစ်ခုတော့ ရှိပါတယ်။ ကိုယ့်သမိုင်းကိုယ် အတိအကျ သိရရင် လက်ရှိတည်ဆောက်ထားပြီးတဲ့ အိပ်မက်နဲ့ စိတ်ကူးတွေ ပြိုကွဲပြောင်းလဲသွားမှာ စိုးရိမ်နေရင်တော့လည်း ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။
ဒီလိုပြောနေတာတွေဟာ မနိုင်တဲ့ဇာတ်ကို ကဖို့ ကြိုးစားတယ်လို့ ပြောနိုင်ကြပါတယ်။ ဒီတော့ အပေါ်က ရေးခဲ့သမျှတွေနဲ့ ပတ်သက်လို့ မှတ်ချက်တစ်ခု ပြုချင်တာကတော့ ဒီစာဟာ တွေးစရာအချို့ကို မျိုးစေ့ချပေးရုံ ခြုံငုံတင်ပြ ဆွေးနွေးချက် တစ်ခုသာဖြစ်ပြီး သမိုင်းအပြည့်အစုံ ခင်းပြီးတင်ဆက်တဲ့ စာတမ်းတစ်စောင် မဟုတ်တဲ့အတွက် ဖတ်သူရဲ့ နောက်ခံနဲ့ သိမြင်နားလည်မှုအပေါ် တည်မှီပြီး အမြင်အတွေးတော့ အများကြီး ကွာသွားနိုင်တဲ့ ကိစ္စပါ။
ကျနော်ဟာ ဗမာပညာရေးစနစ်နဲ့ ကြီးပြင်းလာတာမို့ သာမန်ဗမာတစ်ဦး နားလည်ထားသလောက် တင်ပြထားတာ ဖြစ်ပါတယ်။ အကယ်၍ မြန်မာပြည် သမိုင်းအကြောင်းကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လေ့လာနားလည်ထားတဲ့ ဆွေးနွေးတင်ပြလိုသူများ ရှိရင်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်ဟာ သာမန်ဗမာတစ်ယောက်ရဲ့ အခြေပြဇယား (meter) လို ကိုယ်စားပြုနေတာကြောင့် ကျနော်မှားတယ်ဆိုတာ ထောက်ပြနိုင်သူအနေနဲ့ မြန်မာတစ်ပြည်လုံးက လူတွေပါ သိအောင်၊ လက်ခံလာအောင် နောက်တစ်ဆင့် လုပ်ဖို့လည်း လိုမှာသေချာပါတယ်။
ထို့နည်းတူစွာပဲ တစ်ဖက်မှာ ပြောင်းပြန် ပြန်တွေးရင် မြန်မာပြည်က လူမျိုးစုအတော်များများဟာလည်း ဗမာနဲ့သော်လည်းကောင်း၊ အခြားမျိုးနွယ်စုများနဲ့သော်လည်းကောင်းး သွေးနှောနေနိုင်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေမှာလည်း ရောနှောသွားတာတွေရှိသလို ဗမာတွေလို ပေါင်းစပ်ဆန်းသစ်တီထွင်မှုတွေ အားနည်းခဲ့လို့ တဖြည်းဖြည်း နောက်ကျကျန်ရစ်မယ့် အနေအထားကို ဦးတည်နေကြတာလည်း ရှိပါတယ်။ ဒီလို နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တဲ့ အခြေအနေတွေဟာလည်း မြန်မာပြည်မှာ လူမျိုးရေးခွဲခြားတဲ့ ဘယ်လိုအပြုအမူမျိုးကိုမှ လက်မခံသင့် မကျင့်သုံးသင့်တဲ့ အကြောင်းရင်းခံကြီးတွေလို့ မြင်မိပါတယ်။
အချုပ်ဆိုရရင်တော့ ဗမာတွေကော အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ နောက်ပြန်လှည့်လို့ မရတော့တဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ရင်ဆိုင်လိုက်ပါ၊ ဆွေးနွေးတိုင်ပင် နှီးနှောကြပြီး ရှေ့လျှောက်မယ့်လမ်းကို စုပေါင်းအုတ်မြစ်ချလိုက်ကြပါ၊ ယှဉ်တွဲနေထိုင်နေကြတဲ့ ဘယ်လူမျိုး ဘာသာ ဝါဒ အဆင့်အတန်းမျိုးနဲ့မဆို အတူရင်ပေါင်တန်းပြီး အကျိုးရှိမယ့် အနာဂါတ်ဆီကို စာမျက်နှာသစ်တစ်ခု ရဲရဲဝံ့ဝံ့ ဖွင့်လိုက်ကြစမ်းပါလို့သာ စေတနာရှင်းရှင်းနဲ့ တိုက်တွန်းလိုက်ချင်ပါတယ်။
မန်းကိုကို
၁၅၊ ၀၂၊ ၂၀၁၁။
မှတ်ချက် - မြန်မာ့သမိုင်း ကျောင်းသုံးသင်ရိုး၊ မန်းသင့်နောင်(ကော့ကရိတ်)ရဲ့ ကရင်ပြည်နယ်သမိုင်း၊ အီးအန်စီထုတ် စာအုပ်တွေ၊ နိုင်ဖေသိန်းဇြာရဲ့ ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမားလိုစာအုပ်တွေအပြင် မှတ်တမ်းမရှိပဲ ကျော်ဖြတ်ခဲ့ဖူးတဲ့ စာအုပ်စာပေတွေနဲ့ အင်တာနက်ထဲက ခြုံငုံမိတာတွေကို သင့်တော်သလို ဆွဲယူသုံးစွဲ တင်ပြထားတာဖြစ်ပြီး reference လို တိုက်ရိုက်ညွှန်းဆိုမှုတွေ မဟုတ်ပဲ bibliography ဆန်ဆန် ယူငင်သုံးသပ်ထားတာမို့လို့ အမှားအယွင်းများပါခဲ့ရင်လည်း မူရင်းရေးသူတွေထက် ကျနော့်အမှား ဖြစ်ဖို့များတယ်လို့ စကားပလ္လင် ခံထားပါရစေ။
No comments:
Post a Comment