Tuesday, April 15, 2008

ပြောပါ

“အခက်အခဲတော့ရှိတာပေါ့။ ပို့ပေးတဲ့ငွေရတော့ ခမျာများ ကျေးဇူးတင်ရှာပါတယ်။ ဆေးဖို့းစုစုပေါင်းကတော့ ငါးသိန်းကျော်လောက်ကုန်သွားတယ်။ အဆင်တော့ပြေသွားတာပေါ့။ ပုံမှန်ထောင်ဝင်စာတွေ့တဲ့အခါ လိုတာတွေကို စီစဉ်ပေးပါတယ်။ ကိုအောင်ထွန်းတို့ကလဲ တော်လှန်ရေးနေ့ ရုံးရှေ့ကိစ္စနဲ့ ချိတ်ပြီးဖမ်းခံလိုက်ရတယ်။ စုစုပေါင်း ၁၂ယောက်။ ထောင်ဝင်စာအတွက် အားလုံးခက်ခဲကြတယ်။ ဒီအထဲက ထွန်းလင်းကျော်ဆိုတဲ့ ကောင်လေးကတော့ ဆေးရုံကြီး တင်လိုက်ရတယ်။ သွေးတွေအန်လို့။ နဂိုက သူ့မှာ အဆုပ်ရောဂါရှိတယ်။ ဖမ်းခံလိုက်ရတော့ ပိုဆိုးသွားပုံရပါတယ်။”

ကိုယ်တိုင် သွေးအန်နေသလိုပဲ ခံစားလိုက်ရတယ်။

သူတို့ကို မမြင်မသိခဲ့ဖူးပေမယ့် မလေးရှားထောင်ထဲမှာ လူမျိုးခြား မြန်မာ(ဗမာလို့ မသုံးတာက ခံလိုက်ရတိုင်း ညီအကိုတိုင်းရင်းသားတွေက အမြဲပါနေကျမို့ပါ)တွေရဲ့ အချိုးခံ အနှိမ်ခံ အဖဲ့ခံ ဘဝတွေ ကိုယ်တိုင်ရင်ဆိုင် ကြုံခဲ့ရဖူးတယ်လေ။ အထူးသဖြင့် အောင်ဆန်းစုကြည်အဖွဲ့(မလေးထောင်ရဲတွေက သံရုံးရှေ့ အမျိုးသားညီလာခံဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြရင်း ဖမ်းခံရတဲ့သူတွေကို စုကြည်ရဲ့လူတွေလို့ ခေါ်တတ်ကြပြီး စုကြည် ကိုယ်တိုင်တောင် အဖမ်းခံထားရတာ မင်းတို့ကဘာလုပ်နိုင်မှာမို့လဲနဲ့ လှောင်မေးမေးလေ့ရှိပါတယ်)တိုင်းကို တခြား ထောင်ကျ မြန်မာများထက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပါတယ်။ သွေးထွက်ကွဲပြဲ အားရအောင် ထိုးကျိတ်ကန်ကျောက် ရိုက်နှက်နှိပ်စက်ပြီးမှ တိုက်ပိတ်ဆောင်ဘက် ဆွဲထုတ်ခံသွားရတာမှာ ခံရတဲ့သူတွေဘက်က သူများနိုင်ငံထဲ တရားမဝင်ခိုးနေတဲ့ ကလေကချေတွေဘဝမို့ ခါးခါးသီးသီး အံကြိတ်လို့သာ ခံခဲ့ကြရတာပါ။

ကိုယ်ပိုင်ဆိုင်တဲ့ အမိမြေနဲ့ အဖနိုင်ငံတော်ကြီးကိုကျတော့ တရားမဝင်သူတွေက ခပ်တည်တည် တက်အုပ်ထားတာခံပြီး တရားဝင်နိုင်ငံသားတွေဖြစ်တဲ့ တိုင်းရင်းသားအပေါင်းက တပါးသူစိမ်းတွေရဲ့မြေမှာ တရားမဝင် အဖြစ်ခံလို့(တချို့များဆို ပျော်လို့ပါးလို့၊ တချို့တွေလဲ သေကြကြေကြပေါ့လေ)နေရတဲ့ ပုံတွေပြောပါတယ်။ ဒီစကားကို ဖိနှိပ်မှုတွေခံမနိုင်ကြတော့တဲ့အဆုံး ထောင်ထဲ အစာငတ်ခံဆန္ဒပြကြစဉ်နဲ့ တရားရုံးချိန်းတခုမှာ ကျနော်တို့ဟာ အပြစ်သားတွေမဟုတ်ကြောင်း ရင်ကော့ ပြောခဲ့တုန်းက အဲဒီမြန်မာစကားမတတ်တဲ့ မလေး၊ တရုတ်၊ ကုလား နိုင်ငံခြားသားများက တလေးတစား စဉ်းစားနားလည်ပေးကြတယ်။ အဲဒီရဲ့နောက်ပိုင်းမှာတော့ မလေးထောင်ဝန်ထမ်းတွေဘက်က မစရဲတော့ဘူး။ မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကိုယ်၌က ထောင်ပါအကျခံပြီး ဆန့်ကျင်ခဲ့ကြတဲ့ အဲဒီရှုတ်ရှက်ခတ်နေတဲ့ ရုတ်မတ်ခုနှစ်ချက်ရဲ့ အန္တရာယ်ကြီးမားပုံကို မင်းတို့နောက်ထပ် ဗမာဘယ်နှစ်သန်းလောက် ထပ်ပြီးလက်ခံနိုင်သေးလို့လဲဆိုတဲ့ နိမိတ်ပြမေးခွန်းတခုထဲနဲ့တင် ကောင်းကောင်းကြီးသိနားလည်သွားစေတဲ့ သူတို့ရဲ့ အစိုးရဌာနပိုင် ဝန်ကြီးအဆင့်တွေကနေ သက်ဆိုင်ရာ ထောင်ပိုင် ထောင်ချုပ်တွေဆီကို ဖုန်းဆက်ပြောဆိုလာရကုန်သည်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ သိသိသာသာမဟုတ်ပေမယ့် ပေါ်ပေါ်ထင်ထင်ကြီးတော့ အသလွတ် ရိုက်နှက်နှိပ်စက် တိုက်ပိတ်တာတွေ မလုပ်ကြတော့ဘူး။

ဆိုလိုချင်တာက သူတို့လူမျိုး သူတို့နိုင်ငံတွေက သူတို့တိုင်းပြည် ဒုက္ခရောက်မှာကို စိုးရိမ်ပူပန်တတ်ကြသလောက် ကိုယ့်လူမျိုးသား တနိုင်ငံတည်းအတူတူမှာကျတော့ အမလေးဟဲ့လို့ပဲ အမေတွေကိုတပြီး အော်နိုင်တော့တယ်။ ဗမာစကားကို ဗမာလိုပြောတာ တပြည်ထောင်တည်းသား မြန်မာအချင်းချင်း နားမလည်ကြတော့ဘူးတဲ့လား။

လုပ်ရက်ကြပုံတွေပြောပါတယ်။ သူရို့ စစ်ခေါင်းဆောင်တွေကို ဘယ်ပြည်သူကမှ အဲဒီလောက် ဒုက္ခအရောက်ခံပြီး အုပ်ချုပ်ခိုင်းမထားပါဘူးနော်။ တရားဝင် နိုင်ငံသားလက်မှတ်ကိုင်ထားတဲ့ ပြည်သူတွေနဲ့ အဲဒီပြည်သူများရဲ့ ရွေးချယ်တင်မြှောက်ထားခြင်းကို ခံရတဲ့ အစိုးရလွှတ်တော်အမတ်များက တရားမဝင် ဖမ်းဆီးခံရ၊ သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ခံရ၊ အိမ်နီးချင်းနိုင်ငံတွေထဲ တရားမဝင်ခိုးကြောင်ခိုးဝှက်နဲ့ နေရစဉ်မှာ ဒီအာဏာရှင်စောက်ရူးတွေက အတည်ပေါက်နဲ့ လူထုကိုတပြန် ဖြဲဟောက်နေသေးတယ်။ အရှက်မရှိတဲ့ အာဏာသူခိုးတွေပါ။ သူခိုးဆိုမှတော့လဲ အရှက်ကဘယ်ရှိချင်တော့မလဲလေ၊ နော့။ အများကြီးပဲ။ သူခိုးတွေ၊ သူခိုးသားမယားတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေ...။

တနိုင်ငံလုံးမှာ ကျန်နေတဲ့ လူကောင်းများက အခုလို ထောင်ထဲတွေမှာ၊ ရိပ်သာ၊ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေမှာ၊ လမ်းတွေပေါ်မှာနဲ့ ရေမလာ မီးမရတဲ့ ပိန်းပိန်းပိတ် အမှောင်ထုဖုံးလွှမ်းတဲ့ တိုက်ခန်းငယ်တွေမှာ မျှော်လင့်ချက်မဲ့စွာ...။

တိုင်းပြည်ဟာ ကံကြမ္မာရဲ့လက်ထဲ ကျရောက်လို့နေပါပြီ...။ ဥပဒေအကာအကွယ်မဲ့နေရတဲ့ ပြည်သူတွေခမျာ ဘယ်တော့ လုယက်သတ်ဖြတ်ခံရမလဲ ဆိုတာပဲ တွေးကြောက်နေရှာရတော့မယ်။ လူထုဟာ လုံခြုံရာမဲ့ခံစားလာရချိန် ကံကိုသာလျှင် ပုံချပြီးတော့ ဖြစ်လာသမျှ ဘာမဆိုကိုလက်ခံသွားရတော့မှာလား။ ဆရာတော်ဘုရားများ ဟောကြားခဲ့သလို ရတနာသုံးပါးဂိုဏ်းဝင် ရဟန်းမြတ်သံဃာတော်တွေကို ညင်းပမ်းနှိပ်စက် စော်ကားသတ်ဖြတ် မောင်းထုတ်ခဲ့မှုတွေရဲ့ အကြောင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်ရလဒ်က တိုင်းပြည်ပျက်သုန်းခြင်းပဲဖြစ်မလား။ ဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်တွေ ကျရောက်လာမယ်။ သမိုင်းမှာ မဖြစ်စဖူး မိုးခေါင်ရေရှား ရာသီဥတုတွေ ဖေါက်ပြန်လို့ စားနပ်ရိက္ခာရှားပါးမှုတွေ ကြုံလာမယ်။ လူလူချင်း အနိုင်ကျင့်ညှင်းပမ်း နှိပ်စက်သတ်ဖြတ်တာတွေ ပေါလာမယ်။

ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတခုမို့ ဒီလောက်ဒုက္ခရောက်ရဖို့ရှိမလားဆိုရင် ဘာလို့ ဒီ ရဟန်းသံဃာ ရှင်သာမဏေနဲ့ သီလရှင်သူတော်စင်တွေ သွေးမြေကျ ပျံလွန် ညှင်းပမ်းနှိပ်စက်မှုကြီးတွေ ပြုခဲ့ရတာလဲ၊ ပြုခွင့်ကိုပေးခဲ့ကြတာလဲ ဆိုတာက အဖြေပဲ ဖြစ်မှာပါ။ သွေးနဲ့ရေးတဲ့ သာသနာမှာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဆန္ဒမဲသွားထည့် ကန့်ကွက်ခဲ့ရုံနဲ့ ရလိမ့်မယ်လို့ထင်ရင် လုပ်ကြည့်ပေါ့။ နိုင်ငံတော် အကြီးအကဲတွေဖြစ်တဲ့ တိုင်းပြည်ဥသျှောင်ပါတီ ကိုယ်စားပြု ဒီမိုကရေစီအမတ်များနဲ့ သခင်ခေါင်းဆောင်ကြီး စစ်စစ်များကလဲပဲ သိက္ခာနဲ့ ရိက္ခာကို မျှတဆင်ခြင်ကြည့်မနေပဲနဲ့ တာဝန်ရှိတဲ့အလျှောက် ဆင်းရဲသားကျောမွဲ ပြည်သူတွေရဲ့ ငယ်နေတဲ့ မျက်နှာကို ထောက်လို့ ထောင်ကျကျ တန်းကျကျ လိုအပ်သလို ပြက်ပြက်သားသား အရေးယူ ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။

ဒီအတိုင်းသာသွား၊ ခင်ဗျားတို့အားလုံး တနေ့သေလိမ့်မယ် ဆိုရင် ပြောတဲ့သူကို ရန်ရှာချင်လိမ့်မယ်။ သေရင်ပြီးပြီလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ ဘာသာမဲ့တွေအတွက် ဘုန်းကြီးတို့ဘက်ကလဲ သရဏဂုံတင်ပေးဖို့ မလိုပါဗျာ။ နောင်တချိန် ပြည်သူလူထုရဲ့ မေတ္တာစူးလို့ လောကနဲ့ ဓမ္မက ဒဏ်ခတ်တဲ့အခါ ဒီလိုလူမဆန်သူတွေရဲ့ အသုဘရှုဆွမ်းသွတ်မျိုးတော့ ဆောရီးပဲဒကာလို့သာ ငြင်းလွှတ်ဖို့ ပြည်သူ့ဘုန်းဘုန်းများအားလည်း ဒီစာလက်ခံရရှိကြသူများကနေတဆင့် ကြားဖြတ်လျှောက်ထားလိုပါတယ်ဘုရား။ နောက်ထပ်ပြီးတော့ ဒီလိုလူစားမျိုးတွေအတွက် ပြောစရာက မသေခင် ထမင်းဝဝစားထားကြဦးပေါ့လို့ပဲ။ အသလွတ်ကြီး ကျိန်းတယ်လို့ စိတ်တော့မခုကြနဲ့နော်။ ဒီကတရားစကားနဲ့ သံဝေဂယူနိုင်ဖို့ ပြောတာပါ။

သူရဲကောင်းဆိုတာ ခေတ်ကာလရဲ့တောင်းဆိုမှုနဲ့ သမိုင်းရဲ့လိုအပ်ချက်အရသာ ပေါ်ထွက်လာရစမြဲပဲဖြစ်တယ်။ တိုင်းပြည်မှာ လွန်လွန်မင်းမင်း နောက်ထပ်လိုအပ်နေသေးတဲ့ သူရဲကောင်းတွေအဖြစ် ၈၈လွန် ကာလတွေထဲက တံခွန်ထူခဲ့သူတွေက ဘယ်သူလဲ။ ကံမကောင်းလှစွာပဲ ကိုယ်တော့မဟုတ်ခဲ့ဘူး။ ပေါက်ပါတယ်နော်။ မြှောက်ပေးနေတာလဲမဟုတ်ဘူး။ ၁၉၉၀ပြည့်နှစ် သမိုင်းကရွေးချယ်ပေးအပ်ထားတဲ့ တာဝန်အရနဲ့ အဲဒီပြည်သူက လှိုက်လှိုက်လှဲလှဲ ပေးအပ်ခဲ့တဲ့ ပြောဆိုလုပ်ကိုင်ပိုင်ခွင့်တွေက ဘယ်သူ့ဆီမှာလဲ။ ဘာဖြစ်လို့ နှစ်နှစ်ဆယ်ကြာမှ ပြည်သူလူထုလက်ထဲ မလှိမ့်တပတ်နဲ့ ပြန်ထိုးအပ်ပြီးတော့ ခင်ဗျားတို့ပဲ ကန့်ကွက်လိုက်ပါ၊ ဒီဟာခင်ဗျားတို့ ပြည်သူလူထုရဲ့ တာဝန်တွေချည်းပါပဲ လုပ်နေရတာလဲ။ ပြည်သူလူထုသာ အခရာ အဓိကအကျဆုံးလို့ဆိုရင် ဘုံရန်သူတွေနဲ့ အနီးကပ်ဆုံး ရင်ဆိုင်နေရတဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူတွေအတွက် အနည်းဆုံး ရင်းနှီးပေးဆပ်မှုလေးတခုခုတော့ တိုင်းရင်းသား မိဘပြည်သူအသီးသီးရဲ့ ခေါင်းဆောင်တွေအနေနဲ့ အားနာပါးနာလေးပဲဖြစ်ဖြစ် လုပ်ပြသင့်ပါတယ်။ လုပ်ကြဖို့အချိန်တန်ပြီလို့လဲ ထင်ပါတယ်။

ကိုယ်ကပြည်ပနိုင်ငံတွေမှာ ရှာဖွေထောက်ပံ့နိုင်လို့ ကိုယ့်တမိသား ချမ်းသာရာရပြီး ကုသိုလ်ကံတွေကောင်းမယ်လို့ ထင်ထားရင် အဲဒီစားနိုင်သောက်နိုင်နေတဲ့ မိသားစု ဆွေမျိုးတစုတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေက စစ်ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့ သားမယားဆွေမျိုးသားချင်းများလို မပွန်းမပဲ့ လုံခြုံစိတ်ချစွာ ရှိနေမှာ သေချာလား။

ဇာနေယျ
(Ref: Hotel Rwanda)

A

B

C

The Kitchen မီးဖိုချောင်