Monday, March 31, 2008

“အကိုရေ...အမေမျှော်နေပြီဆိုတာ လူကြီးတွေဆီပြောပေးပါ”

အကို,

အလုပ်က နောက်ကျပြီးမှ ပြန်ရောက်တယ်။ ဒီမှာ မိုးတွေက ရွာလို့...။ နွေရာသီအကြို ရွာနေတဲ့မိုးနဲ့အတူ စိတ်ထဲမှာ တခါမှမရနိုင်သေးတဲ့ ဒီမိုကရေစီနဲ့ မရှိဖူးသေးတဲ့ လွတ်လပ်မြေကို တမ်းတရင်း ကိုထီးသီချင်း နားထောင် ပြန်လာခဲ့တယ်။ အဲဒီစိတ်နဲ့ ခံမနိုင်တဲ့အဆုံး ရေးထုတ်တဲ့စာမှာကျတော့ ဒေါသတွေ သင့်နေပြန်တယ်။ ရူးရူးမိုက်မိုက်ကို ဆုနေ့တိုင်းတောင်းပါတယ် အကိုရာ။ သူတို့ကို ဘုရားရိုက်ပါစေလို့။ အကိုပြောတဲ့ အဲဒီနှစ်ဖက်စလုံး (ကိုကျော်သူ၊ ကိုသူရ၊ ကိုစိုင်းမွန်၊ အကျဉ်းစံ အကျယ်ချုပ်နဲ့ မိသားစု တကွဲတပြား ပုန်းအောင်းနေရသူ ဒီမိုကရက်တစ်ခေါင်းဆောင်တို့မပါ)ကို ဘုရားက တအားသာ သိမ်းကြုံးရိုက်ပါစေလို့လေ။

မြန်မာပြည်ထဲက ဆင်းရဲဒုက္ခတွေအတိနဲ့ မိသားစုကစဥ့်ကလျား ပူဆွေးသောကရောက်နေရရှာတဲ့ အမေတွေရဲ့ ရင်ထဲကကျတဲ့ မျက်ရည်၊ အဆင်ပြေနေသူတွေ ကိုယ်ချင်းမစာနိုင်ကြဘူးနော်။ ကျနော်တို့သိပါတယ်။ မြန်မာပြည်မှာနဲ့ ပြည်ပကမ္ဘာတခွင်မှာ တိုက်အိမ်ခြံကျယ်ကြီးတွေနဲ့ အဘအောင်ဆန်းပါခဲ့တဲ့ ချီးလောက်မှ တန်ဘိုးမရှိတဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်များက ဦးနေဝင်းနဲ့ တန်းပြိုင် သူရို့မို့ မရှက်နိုင်တာပါ။ အကို့ကိုပဲ ရင်ဖွင့်ရဲတယ်ဆိုတာလဲ ကျနော်တို့က ဘာကောင်ညာကောင်မှမဟုတ် သူများခေါ်မွေးစားတာခံပြီး အရေးမပါ အရာမရောက်တဲ့ နိုင်ငံပျောက်ဖြစ်နေလို့ပါ။

သိပ်ပြီးတော့စိတ်ဝင်စားစရာ မကောင်းလှတဲ့ နအဖဗိုလ်တွေရဲ့ရာဇဝင်နိဂုံးနဲ့၊ မျှော်လင့်ဘွယ်ရာ ဒီဖက်ကလူတွေရဲ့နိဒါန်းနဲ့ ပတ်သက်လို့ အရိုးသားဆုံးကျနော်ပြောနိုင်တာကတော့ ပြည်သူအတွက် ပြည်သူတွေရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည် အသက်တောင်ပေးလှုဝံ့တယ်ဆိုရင် အနှစ်နှစ်ဆယ်နီးပါး တနိုင်ငံလုံးက ပြည်သူတွေကို သိမ်းကြုံးအတင်းအဓမ္မ ကိုယ်စားပြုပြီးတော့ ဒုက္ခတွေ လှလှခံပေးခဲ့တယ်ပဲပြောပြော၊ စကားတွေ နိုင်ငံတကာ ပတ်ပြောပေးခဲ့တယ်ပဲဆိုဆို ပြည်သူက ဆုံးဖြတ်လို့ထွက်လာမယ့်ရလဒ်ကပဲ အဖြေဖြစ်မှာပါ။

ရူပဗေဒမှာ အလုပ်နဲ့ပတ်သက်လို့ ဥပမာ ဖွင့်ဆိုထားတာက ပစ္စည်းတခုကို ဒီနေရာကနေ ဟိုနေရာရောက်အောင် ရွှေ့ကြပြီ ဆိုရင် အဲဒီပစ္စည်းဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာထဲမှာ ရောက်ရှိစေလိုတဲ့ မူလရည်မှန်းချက် နေရာဆီကိုရောက်မှ အလုပ်ဖြစ် အောင်မြင်တယ်ဆိုပဲ။ အဲလိုမှမဟုတ်ပဲ နေရာလွဲသွားပြီဆိုရင်၊ ဒါမှမဟုတ် လမ်းခုလပ်မှာ အကြောင်းကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာ ပျက်စီးရပ်တံ့ရပြီဆိုရင်၊ ရှုံးနိမ့်အလုပ်မဖြစ်တော့ဘူးတဲ့။ အကိုတို့ရဲ့ ၇၄အရေးအခင်းနဲ့ပတ်သက်ပြီး ကျောင်းသားတွေ အခေါင်းထမ်းလာပုံကို မျက်နှာဖုံးထဲ လျှို့ဝှက်သရုပ်ဖေါ်ထားတဲ့ ဘွဲ့နှင်းသဘင်ခမ်းမမျှော်စင်ပုံကြီးနဲ့ ၁၉၈၀ အလွန် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းက ဝတ္ထုတစ်ပုဒ်ထဲ ဖတ်မိဖူးတာလေး ပြန်သတိရလို့ပါ။ သီဝရီတွေဆိုတာက အမြဲမှန်မမှန်တော့ မသိဖူးလေ။ စံလွဲတဲ့ သီဝရီထက် အကိုပြောသလို ငွေလွှဲတဲ့ ပေါက်ဈေးနှုန်းလောက်ပဲ သိနိုင်ဖို့ လူတွေက အားသန်နေကြတာဆိုတော့ပေါ့။

အဲဒီဥပမာဖွင့်ဆိုချက်ထဲက အတိုင်းဆိုရင် နအဖစစ်အစိုးရက မကြာခင်မှာ အလုပ်ဖြစ်တော့မှာပေါ့နော်။ ၁၉၇၄ ကာလတွေ တဝိုက်ဆီကစလို့ ဒီအာဏာရှင်စနစ်ကို အပြတ်ရွှေ့လာကြတဲ့ အကို့ အပေါင်းအသင်းတွေနဲ့ ဘော်ဒါတွေအတွက် ဒီပစ္စည်းက ရွေ့မသွားတာကြောင့် ရှုံးနိမ့်ကြရတော့မယ်ပေါ့လေ။ အကိုရေးပို့လိုက်တဲ့ စာတွေဖတ်ပြီး ကြေကြေကွဲကွဲ ရင်ထဲမကောင်းခံစားရလွန်းလို့ပါဗျာ။

ပေးဆပ်ခဲ့သမျှ သူတို့တွေရိတ်သိမ်းကြရတော့မှာပါ။ ဗိုလ်ခင်ညွန့်စီခဲ့တဲ့ ဖဲစဉ်လေးကိုင်ပြီး ခပ်တည်တည်ဆက်ရိုက်လာတဲ့ နအဖက အထွေစုံပြီမို့ ကာလာတွေ ခင်းပြီးတော့ ဒေါင်းတော့မယ်။ ဒီဘက်က ဆရာတွေခမျာမှာတော့ ဆွဲဖဲကတက်မလာလို့၊ စားဖဲက အရောင်လွဲနေလို့၊ ခင်းထားတာက အပွင့်ကွာနေလို့နဲ့၊ နောက်ပြီးတော့ တယောက်တပေါက် ဟိုလိုစီပါ၊ ဒီလိုတွဲပါနဲ့ ဖဲကိုင်ထားတဲ့ ပြည်သူတွေခမျာမယ် မျက်လုံးလေးတွေ ပေကလပ်က ပွဲလယ်မှာငုတ်တုတ်။ ဒီကြားထဲ တအိမ်ဝင်ထိုင်မယ်ဆိုပြီးတော့ ဒိုင်ကထုတ်ပေးတဲ့ငွေယူပြီး ခပ်တည်တည်ဝင်လာကြောတဲ့ ဖဲဝယ် ဖဲဆွယ် သဘောက်မသားတွေ(သူရို့အမေတွေကိုတော့ ဆောရီးပဲ)ကတမှောင့်။ အင်အယ်ဒီက မျှော်နေတဲ့ ခေါ်ဖဲလဲ ဟိုဖက်ကဆင်းမလာလို့ ကိုယ့်ဟာကိုယ် ပြန်ကောက်စားဖို့ နောက်ကျနေပြီ။ ကိုယ့်အချင်းချင်း ကျတော့လဲ အဲဒီ အင်အယ်ဒီက ချပေးမယ့် ပစ်ဖဲပဲ ဆွဲစားဖို့ ဝိုင်းမျှော်နေကြတော့ ဒိုင်ကသိပြီပေါ့။

စိမ်ပြေနပြေ အနိုင်နဲ့ပိုင်းကစားတတ်တဲ့ ကျနော်တို့ အမေနဲ့ ဦးလေး အဒေါ်တွေ၊ ညီအကိုမောင်နှမတွေကျတော့ ရှုံးမှာကြောက်လို့ ယုတ်မာပြီး သူ့လူမိုက်တွေနဲ့ ဖမ်းချုပ်ခိုင်းထားတယ်။ နောက်ပြီး ဒိုင်ဘက်မှာကော်မရှင်ယူပြီး ဝင်ရိုက်ပေးနေတဲ့ ဆရာကောင်တွေရှိမှန်းသိတော့ ကိုယ့်ဘက်က ကျွမ်းကျွမ်းကျင်ကျင် ဝင်ရိုက်ပေးမလားလို့ ကာစီနိုပေါတဲ့ အမေရိကန်ကောင်တွေကို ဒိုင်အတွက် ပြိုင်ဘက် ဖြစ်မလားနဲ့ မျှော်လိုမျှော်(တကယ်ပါ၊ အမြင်နဲ့တင် ရှုံးနေပြီဆိုတော့ ဖဲစီကျွမ်းတဲ့လူကိုမျှော်တာပေါ့နော်)။ ဒီလိုနဲ့ ဝိုင်းလုံးကျွတ် ဒိုင်စားပြီး ပွဲကသိမ်းတော့မယ်။ ကျနော်တို့ ဘေးအိမ်လိုက်ထားတဲ့ လူတွေမှာတော့ သေပြီဆရာပဲ။

ဒိုင်က ဖဲလိမ်ရိုက်နေမှန်းသိသိကြီးနဲ့ ကံအားကိုးပြီး မနိုင့်ရင်ကာ အကြမ်းမဖက် ပွဲမဖျက်ပဲ ဆက်ရိုက်နေကြတဲ့ လူကြီးတွေကပဲမှားသလား၊ ဒါမှမဟုတ် အမြင်မတော်ရင် တာဝန်ရှိ ရဲတွေက ဝင်ဖမ်းပေးမလားနဲ့ စောင့်နေတာများလား။ အဲလိုဆိုရင် ဖဲဝိုင်းခံကတည်းက မြို့ပတ်ပတ်လည်လာဘ်ထိုးပြီးသားဆိုတာ အားလုံးလဲ သိကြပြီးသားနဲ့မဟုတ်လား။ ပွဲဖျက်ပြီးဝင်လုရအောင်ကလဲ တယောက်နဲ့တယောက် မျက်စပစ်ပြ အချက်တွေပေးကြနဲ့ ဒိုင်က ရိပ်မိလို့ အိမ်သာတံခါးဖွင့်ပြုပြီး ခွေးတွေကို ခေါ်စောင့်ခိုင်းထားတယ်။ ဖြစ်လာရင် ပြည်သူက လူချင်းရိုက်ရမှာထက် ခွေးတွေနဲ့ အရင်ဆုံးဖက်ကိုက်နေရမှာ။ နောက်ပြီး ခွေးကိုက်ခံရလို့ ကာကွယ်ဆေးဘိုးလေးမှ မရှိရင်လဲ ရူးရချည်ရဲ့ ။ ဒါမှမဟုတ် ခွေးသတ်လို့ သေတယ်ဆိုဦး၊ သေရကျိုးနပ်ဖို့ ပြည်သူက နိပွန်မာစတာ ဂျပန်ဆရာတွေလဲမဟုတ်။

မတရားတာကို မတရားမှန်းသိလို့ မတရားခံနေရတဲ့ တရွာထဲနေ ပြည်သူတွေဘက်က ကျနော်တို့ ရိုးရိုးသားသား အရှုံးခံပြီး မလိုလဲလိုလဲ ဘေးအိမ်လိုက်နေတာပါအကိုရယ်။ တလျှောက်လုံးလဲ ဘယ်တုန်းကမှ ဝင်ပြီးတော့ သြဇာမပေးခဲ့ပါဘူးဆိုရင် လိမ်ရာကျမယ်။ အဲဒါကိုမှ တောင်ရေးမြောက်ရေး မရေးရပါဘူးတို့၊ ရပ်ကွက်ထဲမှာ အရင် လူမှုရေးလုပ်ဘူးအောင် ကြိုးစားတို့၊ ဒီပြည်သူတွေအတွက် ဒို့ကတသက်လုံး အပင်ပမ်းခံလာတာ မင်းက ဘာမို့လို့လဲတို့နဲ့ မဆလာလုပ်ငန်းရှင်တချို့က အတင်း မမိမိရာ လှမ်းကိုင်တာခံလိုက်ရတော့၊ ဟင့်အင်း ကိုယ့်ထက်အရင် ဟိုးနယ်ချဲ့ကိုလိုနီခေတ်ကတည်းက မိုက်ခဲ့ဖူးတဲ့ တို့ဗမာအစည်းအရုံး လူမိုက်ကြီးများကို အားကျပြီး သူတို့ "မိုက်ပါရစေ"ဆိုသလို ကိုယ်လဲပဲ မိုက်ကြည့်ဦးမှလို့ စိတ်ကူးတုန်းဟာက ပြန်သတိဝင်သွားတယ်။ ကျနော်လဲ ငယ်ငယ်က အများကလေးတွေနည်းတူ အရမ်းကို လိမ္မာခဲ့တာပါဗျာ။ ခုမှ အသက်ကြီးလာလို့ လူကြီးဖြစ်ချင်လာတဲ့ ကျနော်တို့က ဒီဖက်မှာ ရွာရိုးကိုးပေါက် ဖဲရိုက်စားလာတဲ့ မြို့ပြင်နေ ကာလသားခေါင်းကြီးများကို ကြားဖူးနားဝနဲ့တင် ချစ်ကြောက်ကြည်ညိုပြီးသားပါ။ ဘယ်ကကြားသလဲဆိုရင် ကျနော်တို့ ကြိုးမဲ့စက်က ကြားတာပါ(ယခုဆိုရင်တော့ ကွန်ပျူတာစက်ကပေါ့)။

တကယ်ပြောတာပါအကို။ ရှုံးကြေးကလဲများလှပြီ။ ငွေမျောငွေနဲ့လိုက်တဲ့။ လူမျောခဲ့တာတွေကျတော့ကော။ ဘုန်းကြီးကျောင်းက ဦးပဉ္ဖင်းတွေပါအဆစ် မျောထားတာ ရေထဲမှာမှောက်ခုံကြီး။ နားမလည်နိုင်သေးတာက ကျနော်တို့တဦးစီထက် ငွေကြေးတပည့်တပန်းတောင့်တင်းတဲ့ အမြဲတမ်းလဲ ဖဲကိုင်ပြည်သူကို ရိုက်စရာ ပိုက်လိုင်းအစား စိုက်ဖို့ကြီးပဲ ဂိုက်လိုင်းချလာပေးနေကျ တောပိုင် တောင်ပိုင်ကြီးတွေ ကိုယ်တိုင်က နှုတ်ဆွံ့လက်တွန့်နေကြတာကိုပါ။ ဝင်ငွေအချိုးအစားအလိုက် အချိုးကျလောင်းကြေးထည့်ဟေ့ဆို ကျနော်တို့က စိမ်ပြီးသားပဲ။ လူကြီးတို့ကသာ ကလေးတွေ ချီပိုးခေါ်လာပြီးတော့ မလိမ်နဲ့ပေါ့။

ဒိုင်က ဝမ်နိမ်ခေါ်နေပြီဆိုမှ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲဘို့ ကိုယ်တိုင်ဖဲဝင်ကိုင်သင့်တာပါနော်။ ဘာဖြစ်လို့လဲ။ ပြည်သူတွေ လက်ထဲစီထားတဲ့ ဖဲအစဉ်က မလှတော့လို့လား။ အဲဒီပြည်သူတွေကို ယုံကြည်ခဲ့တယ်ဆိုပြီးတော့ နှစ်နှစ်ဆယ်နီးပါးဆွဲစားလာခဲ့ကြတာပဲဟာ။ ဒီတချီပွဲသိမ်း အင်အယ်ဒီ တအိမ်လျော့မှာကိုစောင့်ပြီးမှ ကိုယ့်တော ကိုယ့်တောင်မှာ ကိုယ်ပြန်ပြီး ဖဲဒိုင်ကိုင်ဖို့ အစီအစဉ်ရှိလို့ ငွေကို ကြိုချန်ထားရတယ်ဆိုလဲ သဘောပဲ။

အဲသလိုဆိုလဲ ပြည်သူက သူ့ဟာသူ ရှိတာလေး ရင်းနှီးပြီးမှရလာရင် ဆရာကြီးလုပ်ပြီး ဝေစုတော့ သွားမတောင်းနဲ့။ ရွာထဲကမောင်းထုတ်ခံရလိမ့်မယ်။ ပြည်သူတွေရဲ့လက်ထဲမှာ ဝှက်ဖဲတချပ် ကျန်နေသေးတယ်။ ပြည်သူတွေနဲ့အတူရှိနေတဲ့ အကိုတို့တတွေ အားလုံးလဲ ကြံဆောင်သမျှ အောင်မြင်အနိုင်ရကြပါစေ။

ဇော်မျိုးလွင်


မိုက်ပါရစေ
“လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့် ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊ အို-အချင်းတို့ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ”
[တို့ဗမာအစည်းအရုံး ကြေညာစာတမ်း (၁) မှ]

A

B

C

The Kitchen မီးဖိုချောင်