Monday, March 10, 2008

ဂန်ဘာရီ ပြန်ရှာပြီ


ဂန်ဘာရီကား ပြန်ရှာလေပြီ။

နိုင်ငံတကာမှ ထုတ်ဝေသော သတင်းစာမျက်နှာများပေါ်၌ သတင်းသမားများက အလိုက်တသိနှင့် ဒေါ်စု ဂန်ဘာရီကို မျက်နှာလွှဲထားပုံများအား ရွေးချယ်ဖေါ်ပြသွားကြသည်။ ပြည်သူတို့အတွက်တော့ မျှော်လင့်ချက်မဲ့သကဲ့သို့ စိတ်မကောင်းစရာပါပေ။ ဂန်ဘာရီကတော့ ဟန်မပျက်။ နအဖနှင့် ရှေ့တွင်တမျိုး ကွယ်ရာကျတော့တဖုံ ပုံစံအမျိုးမျိုး အသုံးတော် ခံ လာနေကျမို့ သိပ်မဖြုံ။ ကုလက အာဏာကုန် လွှဲအပ်ထားခြင်းပြီး ခံထားရသူမို့လဲ ရေရှည်ရပေါက်ရလမ်းတရပ် အနေနှင့် မြန်မာ့အရေး ခွေးကတက်ကပဲ မျှော်ရမျှော်ရ၊ ခွေးတိုးပေါက်ကပဲ ဝင်ရဝင်ရ တက်အားထကြွစွာ မသေမချင်း ပါဝင်လုပ်ဆောင်ဖို့၊ နအဖကို စစ်လက်နက်ပစ္စည်းစက်ရုံကြီးတွေ တည်ပေးစဉ်က ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဘဝဖြင့် မသိကျိုးကျွန် ပြုလျှက်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် တက်ဖြစ်လာသူ ဘန်ကီမွန်းနှင့် လက်းဝါးရိုက်ပြီးသား။

ဒီကြားထဲ ဘန်ကီမွန်းကိုယ်တိုင် သွားရောက်သင့်ကြောင်း တိုက်တွန်းပြောဆိုသံတွေ ကြားလာရပြန်တော့ မြန်မာပြည်သူတွေအတွက် စိုးရိမ်တကြီးရှိကြရှာသည့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျေးဇူးတင်ရင်း ရင်ထဲဆို့နစ် ကြေကွဲရသည်။ တိုင်းပြည်ကံကြမ္မာကို ကြိုတင်မမြင်ရသည့် အနာဂတ်တွင် မှန်းဆမြင်ယောင်ရင်း ပြည်ပနေထိုင်သူတွေ အသီးသီးက ရင်တမမ ရှိကြရပြီ။ ပွင့်ပွင့်လင်းလင်းရှိလွန်းလှသည့် ကမ္ဘာကြီး၏ အတွေ့အကြုံများအရ ဆင်းရဲရိုးသားဖြူစင်သည့် ပြည်သူတွေနေထိုင်ရာ နိုင်ငံတခု လားရာနိဂုံးက ဆုံးစမမြင်နိုင်ပေ။ အနီးစပ်ဆုံး ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှနေ မြောက်ကိုရီးယား၊ အရှေ့ ဥရောပနိုင်ငံများ၊ လိုက်ဘေးရီးယား၊ ဆူဒန် စသည့် နိုင်ငံများနည်းတူ ဖြစ်လာနိုင်သည်။ နှစ်ပေါင်းခြောက်ဆယ်ကြာ လိမ်ကျစ်လာခဲ့သည့် မြန်မာစစ်အာဏာရှင် အစဉ်အဆက် နိုင်ငံရေး လူမျိုးရေး ရှုပ်ထွေးမှုပေါင်းစုံ၏ ရလဒ်က အလုံးစုံပျက်သုန်းရေးသို့ ဦးတည်နေသည်။

အိမ်နီးချင်းအင်အားကြီးနိုင်ငံများ ဝိုင်းဝန်းမြှောက်ပင့် ဘေးတီးပေးသကဲ့သို့ ပြည်ဖျက်မိစ္ဆာ စစ်အာဏာရှင်တွေ ကိုယ်တိုင် လိုလိုလားလား မျှော်လင့်တောင့်တနေသလိုမျိုး ၄င်းတို့တသက်လုံး အိပ်မက်မက်လာခဲ့ရသည့် အနောက်အင်အားကြီးနိုင်ငံ (သို့မဟုတ်) အမေရိကန်နှင့် စစ်ပြုဖို့ဆိုရာမှာလည်း အားလုံးသိကြသည့်အတိုင်း လုံးဝဥဿုံ အခြေအမြစ်ကင်းမဲ့နေသည်။

သို့ဆိုလျှင် အနှီ နလပိန်းတုံး စစ်ဗိုလ်ချုပ်ဆိုသူတစုတို့ ဘာကိုလိုချင်ပါသနည်း။ ရှင်းပါသည်။ ယောင်္ကျားကြီးများ တန်မဲ့ စစ်ဗိုလ်ကြီးများတန်မဲ့ ကိုယ်စွမ်းကိုယ်စနှင့် အရှက်သိက္ခာ ကင်းမဲ့စွာ အချောက်တိုက် အချောင်နှိုက် အချောင်စား အချောင်နေချင်သော လူသိမ်လူဖျင်းဝါဒနှင့် ရိုးသားအေးချမ်းစွာနေထိုင်လိုသည့် အပြစ်မဲ့ပြည်သူ တရပ်လုံးကို ဆင်းရဲတွင်းထဲနှစ်ကာ မတရားအဓမ္မ အနိုင်ကျင့် ယုတ်မာနေခြင်းမျှသာ ဖြစ်သည်။

ဤသည်ကိုပင် ကြီးကြီးကျယ်ကျယ် တာဝန်ကြီးသုံးရပ် အမည်တပ်လျက် ကမ္ဘာပတ်လိမ်ဖို့များ သူရို့ မို့ မတန်မရာ ကြံစည်ဝံ့သည်။ တရုတ်ကုလား အားကိုးနှင့် တောင်အော် မြောက်အော် လျှောက်အော်နေပုံမျိုးက အရှေ့ တောင်အာရှလို ရပ်ကွက်ထဲမှာသာ ရချင်ရလိမ့်မည်။ ဒီထက်တော့မပိုသလို ကမ္ဘာကလည်း လူရာမသွင်း။ သို့သော်လည်း လူမိုက်တော့ငှားခံရသည်။ အမေရိကန်ကို ကလိလိုသည့် တရုတ် ကုလား ရုရှားများက အသုံးချသမျှ ဟုတ်လှပြီအမှတ်နှင့် အဆီဗူးတခါခါ ဖြစ်နေရှာသည်။

အမှန်ရူးနေလျှင်လည်း အထူးသနားဖွယ်ရာပါပေ။ သို့သော်လည်း အရူးပါးဗိုလ်ချုပ်တို့က အများသိရှိပြီးဖြစ်သည့်အတိုင်း ရာရာသသ ပလ္လင်ပေါ်တက်ထိုင်ရုံမျှမက ကိုယ်အမျိုးကိုယ်သတ် ဟစ်တလာထက်ပင် ရိုင်းလိုက်ချေသေး၏။

ကိုယ်ပြုသော အမှုအတိုင်း ခံစားစံစားကြရသည်ချည်းသာတကား။ စစ်အာဏာရှင်တစု မတရားသောအမှု ပြုသမျှအဝဝကို လူဟူသော သုံးဆယ့်တစ်ဘုံသားတို့က ဝဋ္ဋ်ကြမ္မာအားလျှော်စွာ မနိုင့်ရင်ကာ ခံသော်ငြားလည်း ထိုမှအပ ဖြစ်သည့် ကမ္ဘာစဉ်ဆက် မပြတ်တည်တံ့သော သဘာဝလောကကြီး၏ လက်တုံ့ပြန် ဒဏ်ခတ်ခြင်းကိုမူ အဆိုပါစစ်ဗိုလ်ချုပ်ကြီများနှင့်တကွ နောက်လိုက်များအားလုံး မလွဲမသွေ ရင်ဆိုင်ပျက်စီးကြရပေလိမ့်မည်။ ရန်ကိုရန်ချင်းမတုံ့နှင်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးနှင့် ရဟန်းရှင်လူကျောင်းသားပြည်သူတရပ်လုံး၏ စေတနာပြည့်ဝ မေတ္တာဓါတ်သည် ဖြစ်လာလတံ့သော အန္တရာယ် အလုံးစုံကို လုံခြုံချမ်းသာရာ ရစေပါလိမ့်မည်။

ယခုပင်လျှင် အချိန်အခါကာလသို့ကျရောက်ပြီ ဖြစ်ပါ၍ ကမ္ဘာ့ အချုပ်အခြာအာဏာကို ပိုင်သသော ကုလသမဂ္ဂအဖွဲ့အစည်းကြီး ကိုယ်တိုင်၏ သစ္စာပျက်ယွင်းခြင်းတစ်ကြောင်း၊ တရုတ်၊ ကုလား၊ ရုရှားနှင့် တောင်/မြောက်ကိုရီးယားတို့ ထုတ်လုပ်တပ်ဆင်ပေးထားသည့် စစ်လက်နက်ပစ္စည်းများ၏ သွေးကြွရန်လိုတတ်သော သဘောဆောင်ခြင်းတစ်ကြောင်း၊ ထိုသို့ ဦးတည်ထားသည့် နအဖ၏ ဆန္ဒခံယူပွဲက ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာတို့ တောင်းဆိုလိုလားအပ်သော အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြောင်းလဲရေးအား လုံးလုံးလျားလျား ပစ်ပယ်အဆုံးသတ်စေပြီး အဓမ္မလောကကိုထူထောင်မည့် အကြောင်းဖြစ်ခြင်းတို့ကြောင့် မကြာမီ ပြည်တွင်းစစ်မီးကြီး တဖန်ပြန်လည်၍ တောက်လောင်ရန်သို့ ဦးတည်နေပြီဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
ဇော်မျိုးလွင်

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်