Thursday, May 19, 2011

အိုဘယ့်ဒုက္ခသည်

အိုဘယ့်ဒုက္ခသည်

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတွေ တိုးတက်တဲ့ တတိယနိုင်ငံတွေမှာ ရောက်သွားကြရင် အတွေးအခေါ်တွေ မြင့်မားလာမယ်။ အတက်ပညာ၊ နည်းပညာတွေ ရရှိလာမယ်။ အဲဒီ လူ့အရင်းအမြစ်တွေဟာ မြန်မာပြည်ကြီးအတွက် အကောင်းဆုံးသော သံယံဇာတတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိတယ်။

ယနေ့ ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများ အတွင်းသို့ မြန်မာဒုက္ခသည်များ တဖွဲဖွဲ ၀င်ရောက်လျှက် ရှိသည်ကို မမြင်ချင်အဆုံး တွေ့မြင်နေရပေသည်။

နအဖစစ်တပ် တခါ ထိုးစစ်ဆင်လျှင် ဒုက္ခသည်များ အင်အားတခါ တိုးသည်။ လူသစ်များ ဓာတ်ပုံရိုက်မည် ကြားလျှင် ဓာတ်ပုံရိုက်ရန် ဒုက္ခသည်များ အင်အားတခါ တိုးသည်။

ဤသို့ဖြင့် ဒုက္ခသည်များ ကမ္ဘာ့လူဦးရေတိုးနှုန်းနှင့်အညီ တိုးလာသည့်အခါ NGO အဖွဲ့အစည်းတခုဖြစ်သည့် ရိက္ခာထောက်ပံ့သော TBBC အဖွဲ့သည်ပင်လျှင် လုံလောက်စွာ ထောက်ပံ့ခြင်းငှာ မစွမ်းသာတော့သောကြောင့် ရိက္ခာဖြတ်တောက်ခဲ့သည်မှာ လပေါင်းများစွာ ရှိခဲ့ပြီ။ ဤ ရိက္ခာမလုံလောက်သော ပြဿနာသည် အလွန်ဂွကျလှသော ကိစ္စဖြစ်သည်။

‘ခင်ဗျားတို့လို ဒုက္ခသည်တွေကြောင့် ရိက္ခာမလောက်တာ’ ပြောပြန်လျှင်လည်း တကိုယ်ကောင်းဆန်ရာ ကျမည်။ အဲလိုမဟုတ်ပြန်လျှင်လည်း ဘာအလုပ်အကိုင်မှမရှိဘဲ ထောက်ပံ့သော ရိက္ခာကိုသာ ထိုင်စားနေရသော ဒုက္ခသည်များအတွက် ၎င်းပြဿနာကို အဘယ်သို့ ဖြေရှင်းအံ့သနည်း။ အတော် ခေါင်းခြောက်စရာ ကောင်းသော ကိစ္စဖြစ်သည်။

ရိက္ခာတင်ပဲလားဆိုတော့ မဟုတ်ပြန်၊ နောက်ဆက်တွဲ ဂယက်များစွာ ကျန်သေးသည်။ UN မှ ချပေးသော အိမ်တွေ အကုန်လုံး အရောင်းအ၀ယ် ဖြစ်ကုန်သည်။ တလောတုန်းက အိမ်ဈေးများ တလုံးကို ထိုင်းဘတ်ငွေ (၆၀၀၀) ကျော်သွားသည်။ ဒါတောင် လမ်းမတန်းက တဈေးဖြစ်သည်။ ဒုက္ခသည်ဆိုပါမှ အဘယ်မှာ အိမ်ဝယ်နိုင်မည်နည်း။

သို့ပေမဲ့ ၀ယ်နိုင်တဲ့သူတွေ ၀ယ်နေတော့ မ၀ယ်နိုင်တဲ့သူတွေက ကိုယ်တိုင်ဝါးခုတ်ပြီး အဖီလေး ထိုးနေကြပေါ့။ ကျနော်တို့ ဒုက္ခသည်စခန်းထဲ စရောက်တော့ အလွန်ပျော်သည်။ မဲ့ဆောက်မှာ လက္ဘရည် တခွက် (၇) ဘတ်။ နို့ဘိုးစခန်းမှာတော့ ဒုက္ခသည်များအနေနှင့် လက္ဘရည်တခွက် (၇) ဘတ် ဘယ်မှာ ၀ယ်သောက်နိုင်မည်နည်း။

ဒါ့ကြောင့် စခန်းထဲမှာရှိတဲ့ လက္ဘရည်ဆိုင်တွေအားလုံး ဈေးနှုံးတပြေးညီ သတ်မှတ်ပေးထားသည်။ လက္ဘရည်တခွက် သုံးဘတ်၊ အသုတ်တပွဲ ၅ ဘတ် ရှိသည်။ တခါက ဆိုင်တဆိုင်က လက္ဘရည်တခွက် (၄)ဘတ် လုပ်မိလို့ စခန်းတာဝန်ရှိသူတွေက သုံးဘတ်မရောင်းနိုင်လျှင် ဆိုင်မဖွင့်နဲ့ ပြောလိုက်တာ တောင်းတောင်းပန်ပန်နဲ့ (၃) ဘတ် ပြန်ဖြစ်လိုက်ရတယ်။

မှန်တယ်လေ။ ဒုက္ခသည်တွေမှ အလုပ်လုပ်လို့မရတာ။ ဘယ်မှာဝင်ငွေရှိပါ့မလဲ။ မတန်တဆဈေးတင်ပြီး စီးပွားဖြစ်ချင်လို့ ဘယ်ရပါ့မလဲ။ ဒါပေမဲ့ အခုတော့ လက္ဘရည်တခွက် (၅) ဘတ်၊ အသုတ်တပွဲ ၁၀-၂၀ ဘတ် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ လက္ဘရည်တခွက် (၅) ဘတ်လဲ ၀ယ်သောက်နိုင်၊ အသုတ်တပွဲ ၁၀ ဘတ် လည်း ၀ယ်စားနိုင်ကြပြီကိုး။ ၀ယ်မစားနိုင်တဲ့သူကတော့ ငတ်ပေါ့။

အမှန်က ကုန်ဈေးနှုံးက မတက်ပါဘူး။ ၀ယ်လိုအားများလာတော့ ရောင်းလိုအားနည်း၊ ရောင်းလိုအားနည်းတော့ ဈေးတွေတက်တာပါဘဲ။ အဲဒီအချိန်မှာ လက္ဘရည်တခွက် (၅)ဘတ် ၀ယ်မသောက်နိုင်တဲ့သူတွေ များကြည့်။ ဘယ်မှာ သူတို့ဈေးတက်ရဲပါ့မလဲ။

အဲဒါတွေကတော့ ကြွယ်ဝသော လူသစ်ရောက်ရှိမှုများ၏ နောက်ဆက်တွဲ ဂယက်တွေပါဘဲ။ သို့ဆိုလျှင် ၎င်းကဲ့သို့ ဒုက္ခသည်အသစ်များ တစတစ တိုးပွားလားခြင်းသည် မည်သည့်အကြောင်းကြောင့်များပါနည်း။
ကျနော် လေ့လာကြည့်ရသလောက်ဖြင့် ဒုက္ခသည်စခန်းအတွင်းသို့ ၀င်ရောက်ပုံ ၀င်ရောက်နည်း (၃) မျိုး ရှိသည်။

ပထမတနည်းမှာ နအဖ စစ်တပ်၏ ထိုးစစ်ကိုခံရသော ကျေးရွာများမှ စစ်ဒဏ်မခံနိုင်၍ တိုင်းပြည်ကို စွန့်ခွာထွက်ပြေးသော စစ်ဘေးဒုက္ခသည် ဖြစ်သည်။

ဒုတိယနည်းမှာ လွတ်မြောက်နယ်မြေရှိ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တော်လှန်ရေးသမားများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ။ မြန်မာပြည်တွင် နေထိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

နောက်ဆုံးနည်းမှာ မြန်မာနိုင်ငံရှိ ငွေရှင်ကြေးရှင်များနှင့်၊ အခွင့်အလမ်း ရှာဖွေသောသူများ တတိယနိုင်ငံသို့ သွားရောက်ရန် ၀င်ရောက်သောနည်း ဖြစ်သည်။ ထိုသူတို့သည် အများစု ဖြစ်သည်။ သူတို့ကြောင့် ဒုက္ခသည် ဦးရေ ဖောင်းပွလာခြင်း ဖြစ်သည်။

၎င်းပြဿနာ အရင်းမြစ်ကို ရှာဖွေကြည့်သော် စစ်အစိုးရကြောင့်နှင့် တိုင်းပြည်တွင် အခွင့်အလမ်း နည်းပါးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အမိမြန်မာပြည်ကို စွန့်ခွာလာရခြင်းဖြစ်သည်။ အားလုံးသော ဒုက္ခသည်များကို ကျနော် နားလည်ပေးနိုင်ပါသည်။

သို့ရာတွင် ကျနော်နားမလည်သော ဒုက္ခသည်အမျိုးအစားလည်း ရှိပါသေးသည်။ အဘယ်သို့သော ဒုက္ခသည်နည်း။

အတော်ထူးဆန်းသည်။ သူတို့သည် ဒုက္ခသည်စခန်းအတွင်းမှာသာ နာမည်ပေါက်သည်။ လူတွေကတော့ ရန်ကုန်၊ မန္တလေးမှာနေမြဲ ဖြစ်သည်။ သူတို့၏ အလုပ်အကိုင်ကား အများစုသည် Company ပိုင်ရှင်တွေ၊ ရန်ကုန်မြို့ မင်္ဂလာဈေးတို့လို နေရာတွေမှာ ဆိုင်ဖွင့်ထားသူတွေ။ အဲဒီတော့ သူတို့ကိုမေးကြည့်မိသည်။

‘ခင်ဗျားတို့ဒီလောက်ချမ်းသာနေတာ မြန်မာပြည်ကနေ ကိုယ့်ဟာကိုယ် နိုင်ငံခြားသွားလို့ မရဘူးလားလို့’။

သူတို့ဖြေတာက ‘ငါတို့က နိုင်ငံသားဖြစ်ချင်တာ’။

ဟုတ်ပါသည်။ ဒုက္ခသည်အဖြစ် တတိယနိုင်ငံကိုသွားရင် နိုင်ငံသားဖြစ်ခွင့် အလွယ်တကူရှိတာကိုး။

ဒါ့အပြင် လူကသာ စခန်းအတွင်းမှာ မရှိတာ။ စခန်းအတွင်းက သတင်းများကိုတော့ ဦးဦးဖျားဖျား ရတက်ပါသေးသည်။ ဥပမာ စခန်းအတွင်းမှာ လူစစ်မည် ဆိုပါစို့။ ထို လူစစ်မည့် အချိန်ကို မြန်မာပြည်ကနေ အချိန်မီ ရောက်အောင် လာသည်။ (လူစစ်မည့် သူကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားလေသလား)။

နောက်ပြီး ထိုလူများ ဘယ်လောက်ထိ ပေါက်ရောက်ပါသနည်းဆိုလျှင် တော်တော်ပေါက်ရောက်သည်ဟု ပြောချင်သည်။ ဥပမာ ထိုသူတို့ စခန်းအတွင်း တဖွဲဖွဲဝင်ရောက်လာလျှင် သေချာပေါက် စခန်းအတွင်းမှာ တခုခု ထူးခြားမည်။ မယုံမရှိပါနှင့် စခန်းအတွင်းမှာ ထူးခြားမှု ကြုံကိုကြုံရသည်။

နောက်ဆုံး အဘယ်မျှဖြစ်သွားသနည်းဆိုလျှင် စခန်းအတွင်းမှာ စားဝတ်နေရေးအတွက် ပြောင်းဖူး သွားချိုးရသော၊ ပန်းရံသွားလုပ်ရသော ဒုက္ခသည်များအနေဖြင့် ၎င်းတို့စခန်းအတွင်းမှာ ရှိနေလျှင် လုပ်ငန်းခွင်သို့ မသွားရဲ။ စိုးရိမ်စိတ်များကြောင့် ဖြစ်သည်။ သူတို့နေရာ ၀င်ဦးသွားမည်လား (သို့) တခုခု ထူးခြားလေမည်လား။

သေချာသည်။ ၎င်းတို့စခန်းအတွင်းရောက်ပြီး တပတ်၊ ဆယ်ရက်အတွင်း လူစစ်မည်လား၊ DHS ခေါ်တော့မည်လား၊ ထွက်မဲ့ရက် ရတော့မည်လား၊ စသဖြင့်။ တခုခုတော့ ထူးခြားသည်။ မလွဲသော တိုက်ဆိုင်မှုများပါပေ။

အဲဒီအပြင် တတိယနိုင်ငံ ကူးပြောင်းမည့် စာရင်းကို ကပ်လျှင်လည်း ပြေးမကြည့်ပါနှင့်။ ၎င်းတို့က ထိပ်ဆုံးက။ အချို့ဆိုလျှင် တတိယနိုင်ငံ ကူးပြောင်းခါနီးအထိ မြန်မာပြည်တွင်ရှိသည့် ကားတွေ၊ ခြံတွေ လုပ်ငန်းတွေက ပြည်တွင်းမှာ ဆက်လက် လည်ပတ်ခိုင်းထားဆဲပါပဲ။

ဘယ်လိုပင်ဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတွေ တိုးတက်တဲ့ တတိယနိုင်ငံတွေမှာ ရောက်သွားကြရင် အတွေးအခေါ်တွေ မြင့်မားလာမယ်။ အတက်ပညာ၊ နည်းပညာတွေ ရရှိလာမယ်။ အဲဒီ လူ့အရင်းအမြစ်တွေဟာ မြန်မာပြည်ကြီးအတွက် အကောင်းဆုံးသော သံယံဇာတတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိသည်။

ဒီလိုဆိုရင်တော့ဖြင့် ကျနော်တို့ရဲ့ဒုက္ခသည် ဝမ်းစာတွေကို အသစ်အသစ်သော အမည်ခံ ဒုက္ခသည် လူချမ်းသာတွေ အတွက် ဝေမျှပေးရတာ ဂုဏ်ယူစရာပဲပေါ့။

အခုလ ဆီဖြတ်ပြီး၊ နောက်လ ဆန်ပဲထပ်ဖြတ်ဖြတ်၊ အငတ်ခံနိုင်ပါတယ်။

မြန်မာပြည်ဖွား တတိယနိုင်ငံသွား ရွှေမြန်မာတို့သာ မြန်မာပြည်ကြီးကို မမေ့ပါနဲ့လေ…………။

(စာရေးသူသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နို့ဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦး ဖြစ်ပါသည်။)

A

B

C

The Kitchen မီးဖိုချောင်