Showing posts with label refugees. Show all posts
Showing posts with label refugees. Show all posts

Monday, August 1, 2011

အမေရိကန်မဲဆောက်


“အမေရိကန်မဲဆောက်”

အဲဒီမြို့ဟာ
လူများပြီး ပွဲမစည်တဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
အရူးကို လင်လုပ်ထားရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ဂလိုဘယ်လ်ဆန်ဆန် လူမျိုးစုံပြီး
ဂလိုဘယ်လ်ဆန်ဆန်လည်း ပြဿနာစုံတယ်...

အဲဒီမြို့မှာ
တယောက်နဲ့တယောက် အကြောင်းညီညွတ်ရင်
ဘောင်းဘီချွတ်လို့ရတဲ့ နောက်မီးလင်းညနေခင်းတွေလည်းရှိတယ်...

အဲဒီမြို့ဟာ
တယောက်နှစ်ပေါက်နဲ့ နှစ်ယောက်မှာလေးခြမ်းကွဲပြီး
အယူတိမ်းလို့ နတ်စိမ်းဖြစ်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ပါတီနဲ့မွေးနေ့ပွဲတွေမှာ လူများသလောက်
နိုင်ငံရေးအခမ်းအနားတွေမှာ တစ္ဆေခြောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
ဆွေမျိုး၇ဆက်လမ်းဖောက်ပြီး အိမ်လွမ်းသူတွေရှိသလို
ဇာတိငတ်နေတဲ့ တကောင်ကြွက်သူပုန်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
ဒယ်ဘယ်လ်ချာ့တ် စတိုးဆိုင်တွေများသလို
ရွှေအတု ငွေအတု စိန်အတု လိင်အတု ဘာသာအတု လူနာအတုနဲ့
အဖေအမေအတု အရေးအခင်းအတု လူအတုတွေလည်းများတယ်...

အဲဒီမြို့မှာ
ဂြိုလ်တုစလောင်း အင်တာနက်တွေထက်အားကောင်းတဲ့
ရပ်ကွက်သတင်းကွန်ယက် အင်တာပျက်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
အမေရိကန်ရောက် အန်တီမဲဆောက်တွေရှိသလို
ပြန်တော်ပြန် အန်ကယ်လ်အမေရိကန်တွေလည်းရှိတယ်...

အဲဒီမြို့ဟာ
ရသမျှဖရီးရိုက်တတ်တဲ့ အချောင်စရိုက်တွေနဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ယဉ်ကျေးမှုခြေရာပျောက်ပြီး နိုင်ငံရေးရေနောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လူမှုရေးနွားကွဲလို့ စီးပွားရေးကျားဆွဲခံနေရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ခေါင်းမော့ပြီး လေထဲကို တံတွေးထွေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လေထဲမှာ တိုက်ဆောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
“က” နဲ့ “ယ”၊ “ေ” နဲ့ “ခ” မှားရေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
မျက်မှန်နဲ့အကိုကြီးပြောတဲ့
ဖေဂါ (Figure) တွေပေါပြီး မိတ်ကာ (Maker) တွေရှားတယ်...

အဲဒီမြို့မှာ
နိုင်ငံရေးအလှည့်အပြောင်းတိုင်း ဂျီးဒေါ်နွားကျောင်းနေရတဲ့
မိတ်ကာ(Maker) စစ်စစ် ရာဇဝင်”ဗိုလ်ချစ်”နေတယ်...။ ။


http://saungyunela.blogspot.com

Tuesday, May 24, 2011

မောင်ငွေမက် တစ်သက်တာမှတ်တမ်း


မောင်ငွေမက် တစ်သက်တာမှတ်တမ်း
ရေးသားသူ။ ။ နန်းရှင်

အပိုင်း(၁)
ဘယ်သူတေတေ ငတေမာရင်ပြီးရော ဆိုတဲ့ စကားပုံဟာ ကျနော့်အတွက်များ ဖြစ်ခဲ့လေသလားလို့ တွေးတွေးပြီး တည်ထွင်သူပညာရှင်ကိုတောင် ဦးခိုက်ချင်စိတ်ပေါက်သွားတယ်။ ငတေက နာမည်သာပျက်တာ မြိုးမြိုးမြက်မြက်တော့ ရှိတယ် မဟုတ်လားဗျ။

မောင်ငွေမက်ဆိုပြီး မောင်တပ်ထားလို့ မချေမငံ ဆက်ဆံဖို့တော့ မစဉ်းစားနဲ့နော်။ ချာတိတ်လေး မဟုတ်ဘူး။ အသက်က ငါးဆယ်ပြည့်တော့မယ်။ ကျုပ်ဆိုတဲ့ကောင်က သူများကိုပဲ ကျောချင်တာ ကိုယ့်ကို လာကျောရင် နဲနဲမှ ခံချင်တာ မဟုတ်ဘူး။

အသက် ခုနစ်ဆယ်ကျော် စာရေးဆရာကြီးတွေက သူတို့ကိုယ်သူတို့ ကလောင်မှာ မောင်တပ်ပြီး ရေးတာကို အားကျတာက တစ်ကြောင်း၊ ထူးချွန် ထက်မြက်သူတိုင်းသည် ၄င်းတို့ရဲ့ အကြောင်းကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ သို့ တစ်သက်တာမှတ်တမ်းများ ပြုစုသွားကြသည်ကို အားကျသည်က တစ်ကြောင်းမို့ ကျနော်၏ မှတ်သားဖွယ်ရာ ဘဝအတွေ့အကြုံ များကိုလည်း နောင်လာနောက်သားများ ရှောင်လိုက ရှောင်၍ ဆောင်လိုက ဆောင်နိုင်ကြစေရန် အလို့ငှာ မောင်ငွေမက် တစ်သက်တာမှတ်တမ်းဟူသော ဤစာတမ်းအား ပြုစုရေးသားလိုက်ရပေတော့သည်။

ကျနော့်မိဘတွေက ကျနော့်လို လည်လည်ဝယ်ဝယ် မရှိခဲ့လို့ ကျနော်ရဲ့ဘဝဟာ ဆင်းဆင်းရဲရဲ မွဲမွဲတေတေနဲ့ ကြီးပြင်းခဲ့ရတယ်။ ဒါပေမဲ့ ကိုးတန်းအထိတော့ ကျနော့်ကို ကျောင်းထားပေးနိုင်ခဲ့ကြတယ်။ ကျနော် ဆယ်တန်းတက်မဲ့နှစ်မှာ အဖေဆုံးတယ်။ အမေက ကျမ္မာရေးမကောင်းဘူး။ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ကလည်း ရှိသေးတယ်။ ကျနော်က အကြီးဆုံးသား။ အဲ့ဒါတွေထားပါ။ ကျနော်စဉ်းစားတာက သူတို့အတွက် မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်စဉ်းစားတာ။ ဘာ အကိုကြီး အဘအရာလဲ လက်မခံဘူး။ သူတို့လဲ အချိန်တန်ရင် ကိုယ့်သားကိုယ့်မယားနဲ့ ဖြစ်သွားကြမှာ။ အမေ့ အတွက်လား။ အမေက ဆင်းရဲပေမဲ့ သူ့ဆွေမျိုးတွေက တောင့်တယ်။ ချမ်းသာတယ်ပေါ့။

အဲ့ဒီ ဆွေမျိုးတွေကိုလဲ မကျေနပ်ဘူး။ သူတို့ကတော့ ကျိကျိတက် ချမ်းသာနေပြီး ကျနော်တို့ကိုတော့ နည်းနည်းလေးမှ လှည့်မကြည့်ကြဘူး။ ဘာ ဗုဒ္ဓဘာသာတွေလဲ။ ဗုဒ္ဓဘာသာမှန်ရင် ဥာတကာနဉ္စသင်္ဂဟော ဆိုတဲ့ ဘုရားဟော မင်္ဂလာတရားနဲ့အညီ ဆွေမျိုးတွေကို ချီးမြှောက်ထောက်ပံ့ရမယ် မဟုတ်လား။ ရမလားလို့တော့ အညံ့ခံ ဆက်ဆံကြည့်ပါသေးတယ်။ လုံးဝမစွန်တဲ့ဆွေမျိုးတွေမို့ လမ်းတွေ့တောင် နှုတ်မဆက်ပဲ ခပ်စိမ်းစိမ်း နေပစ်လိုက်တယ်။ ဒါပေမဲ့ သူတို့က အမေ့ကိုတော့ ကြည့်ကြတယ်။ စေတနာ နည်းနည်း ရှိကြတယ်ပေါ့။ အဲ့ဒီတော့ အမေအတွက်လဲ ထည့်စဉ်းစား မနေတော့ဘူး။

အတိုချုပ်ပြောရရင်တော့ အမေအပါအဝင် ဆွေမျိုးအားလုံးကို စွန့်ပြီးတော့ သူကောင်းဖြစ်ဖို့ တစ်ရွာပြောင်းခဲ့တယ်။ ရန်ကုန်မြို့ကို ရောက်တယ်။ အလုပ်ရှာတယ်။ ပန်းရံဆိုက်တစ်ခုမှာ အလုပ်ရတယ်။ အလုပ်ထဲမှာ သူများထက် နှစ်ဆလောက်ပိုပြီး ကြိုးစားလုပ်ကိုင်တယ်။ ကိုယ့်အတွက် အကျိုးရှိမဲ့သူကိုပဲ ရွေးပေါင်းတယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့သူတွေ ဘာမှားလဲ ဘာလိုအပ်လဲ ဘာတွေညံ့ဖျင်းနေလဲ အကုန်မှတ်ထားတယ်။ အလုပ်ထဲမှာ ကိုယ့်အတွက် အကျိုးရှိနိုင်တဲ့သူဆိုတော့ အလုပ်သမားခေါင်းနဲ့ ကန်ထရိုက်တာ တွေပေါ့ဗျာ။ အကျိုးမရှိတဲ့သူ ဆိုတာကတော့ အလုပ်သမားတွေပေါ့ဗျာ။ အလုပ်သမားတွေ ဘာလုပ်တယ် ဘာကိုင်တယ် ဘယ်သွားတယ် ဘာညံ့တယ် ဆိုတာတွေကို ပြန်ပြောပြပြီး အလုပ်သမားခေါင်းတွေ ကန်ထရိုက်တာတွေကို ပေါင်းတယ်။ သူတို့က သဘောကျတယ်။

နောက်ပိုင်း သူတို့ကိုယ်တိုင် အလုပ်ထဲမှာ မရှိရင်တောင် ကျနော်ရှိနေတယ်ဆိုရင် စိတ်ချကြတယ်။ ရှင်းရှင်းပြောရရင်တော့ အထက်ဖား အောက်ဖိနည်းနဲ့ ပါဝါကို ချဲ့ထွင်တယ်၊ အထက်လူကြီးရဲ့ ယုံကြည်ကိုးစားမှုကို ရယူတယ်။ အလုပ်သမားခေါင်းရဲ့ ချီးမြှောက်မှုကြောင့် ကန်ထရိုက်တာနဲ့ အတော်လေးကို ရင်းနှီးခွင့် ရခဲ့တယ်။ ကန်ထရိုက်တာနဲ့ ရင်းနှီးပြီ ဆိုမှတော့ အလုပ်သမားခေါင်းလောက်ကို ဘာဂရုစိုက်စရာလိုတော့လို့လဲဗျာ။

တစ်နေ့အလုပ်သမားခေါင်းက ပစ္စည်းနည်းနည်းလိုအပ်လို့ အပြင်မှာ သွားဝယ်ကြရအောင်ဆိုပြီး ကျနော့်ကို ခေါ်သွားတယ်။ ကျနော်လဲ ဆိုင်ကယ်နောက်မှီးက ခွထိုင်ပြီး ပါသွားတယ်။ တခြားသူတွေထက် အခွင့်ထူးခံအဆင့် ရောက်လာပြီဆိုတော့ နည်းနည်းလေးတော့ မြူးမိတယ်။ သူများတွေ အလုပ်ကို ကုန်းရုံးလုပ်နေရတဲ့ အချိန်မှာ ကျနော်က ဆိုင်ကယ်နောက်မှာ ငြိမ့်ငြိမ့်လေးထိုင်ပြီး အပြင်မှာ လေကောင်းလေသန့် ထွက်ရှူနိုင်နေပြီ မဟုတ်လား။

အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင် ရှေ့မှာရပ်ပြီး ဈေးဆင်းဝယ်ကြတယ်။ သူ ဘာတွေလုပ်လဲ ကျနော် အသေအချာ လိုက်မှတ်တယ်။ နောင်မှာ ကျနော်လည်း ဒါမျိုးတွေလုပ်ဖို့အခွင့်ရေးတွေ ကြုံရဦးမယ် မဟုတ်လား။ အဲဒီလို ကြုံလာအောင်လဲ ဖန်တီးနေသူ တစ်ယောက်ပဲလေ။ တစ်ရာတန်ပစ္စည်းကို တရာ့ငါးဆယ်နဲ့ ဘောက်ချာဖွင့်ခိုင်းတာကို တွေ့လိုက်တယ်။ အဲ့ဒါကို ကျနော်မြင်သွားတော့ ကျနော့်ကို ပြုံးစိစိနဲ့ကြည့်ပြီး ဟဲဟဲတဲ့။

ဘာမှမသိသေးတဲ့ အအလေး တစ်ယောက်လိုပဲ မသိဟန်ဆောင်ပြီး သူဘာတွေလုပ်လဲ ဆိုတာကို အသေအချာ လိုက်မှတ်နေတယ်။ ကျနော် ဘာမှသိဟန် မရှိတာကိုလဲ အတော်လေး သဘောကျသွားတဲ့ပုံပါ။ ပြီးတော့ သူက စားသောက်ကြီးတစ်ဆိုင်ကို ခေါ်သွားပြီး ကြိုက်ရာမှာစားဖို့ ပြောတယ်။ ကျနော် ဘယ်လိုမှာရမှန်း မသိပါဘူး။ ဒါပေမဲ့ သူဘာမှာမလဲ ဘယ်လိုမှာမလဲ ဆိုတာကို စောင့်ကြည့်မယ်လို့ စိတ်ကူးလိုက်တယ်။ သူ့ကို သေတွင်းပို့ပြီး သူ့နေရာကို ယူဖို့ ချောင်းနေတဲ့ ကျနော့်ကိုမှ လာပြီးကောင်းနေတဲ့ သူ့ကို သနားတော့ သနားမိသလိုပါပဲ။

ကြည့်လေ။ ကျနော့်ကို ဘယ်လိုမှာ ဘယ်လိုစား ဘယ်ဟာက ဘယ်လိုကောင်းတာနဲ့ ဂရုတစိုက်ကို သင်ပေးနေတာ။ သူနဲ့ ဒါမျိုးမကြာမကြာ သွားဖြစ်ခဲ့လို့လဲ လူနဲ့သူနဲ့တူအောင် နေထိုင်စားသောက် တက်လာကိုတော့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့သူဆီက ပညာစုံ တတ်မြောက်လာတဲ့ တစ်နေ့မှာ သူ့ရဲ့မသမာတဲ့ လုပ်ရပ်အားလုံးကို ကန်ထရိုက်တာဆီမှာ သွားပြီး ဖွင့်ချလိုက်တယ်။

ကျနော်ကျိတ်ပိုးနေတဲ့ ပန်းရံအလုပ်သမလေးကို ကြောင်တဲ့ကိစ္စပါ မကျန်ရအောင် ဖွင့်ချပေးလိုက်တယ်။ သူများကို လုပ်ကြံချင်ပေမဲ့ ကိုယ်ကိုယ်တိုင်လုပ်ပါတယ် ဆိုတာကြီးကိုတော့ အသိမခံချင်ဘူးလေ။ ဒါကြောင့် ကျနော်ပြောတယ်ဆိုတာကို ဘယ်သူ့ကိုမှမပြောဖို့လဲ တိုးတိုးလေး ကပ်ပြောလိုက်တယ်။ သူ့အလှည့် ဘယ်တော့ရောက်လာမယ်ဆိုတာကို မတွက်ဆတတ်သေးတဲ့ ကန်ထရိုက်တာကြီးကတော့ စိတ်ချပါ ကိုယ့်လူတဲ့။

ကျနော် အလုပ်သမားခေါင်းအဖြစ် ခန့်အပ်ခံရတဲ့နေ့မှာပဲ ကန်ထရိုက်တာက သူနဲ့အတူ စည်ဘီယာလိုက်သောက်ဖို့ ခေါ်သွားတယ်။ အတူထိုင်သောက်ဖြစ်တဲ့အချိန်မှာ သူဘာလိုလဲဆိုတာကို အသေချာကြည့်ပြီး အားလုံး ကျနော်က အလိုက်တသိ ဆောင်ရွက်ပေးတယ်။ ဘီယာကုန်သွားရင် ထပ်ငှဲ့ပေးတယ်။ အမြီးတုံးတွေ ကြီးနေရင် သေးအောင် ဖဲ့ပေးထားတယ်။ သွားကြားညပ်တာမြင်ရင် သွားကြားထိုးတန် ယူပေးတယ်။ တခုခု စားပြီးတိုင်း တစ်ရှူးတစကို ကိုယ်တိုင်ဖြဲပေးတယ်။

ဆေးလိပ်ထုတ်လိုက်တာနဲ့ မီးညှိပေးတယ်။ သူပြောသမျှ စကားအားလုံးကို ဟုတ်သည်ဖြစ် မဟုတ်သည်ဖြစ်စေ ဟုတ်ကြောင်း မှန်ကြောင်း ထောက်ခံတယ်။ ဘီယာတစ်ငုံ ငုံပြီးတိုင်းမှာ အမြီးမစားဖြစ်ဘူးဆိုရင် စိတ်ပူသယောင်ယောင်နဲ့ ခွံ့ ကြွေးဖို့ ကြိုးစားကြည့်တယ်။ သူအတော်လေး မူးနေပြီဆိုတော့မှ နောက်ထပ်မှာလိုက်ပြီး အားပါးတရ သောက်စားပြစ်လိုက်တယ်။ အိမ်က မိန်းမတောင် မင်းလောက် အပြုစု မကောင်းဘူးကွာတဲ့။ ရူးကြောင်မူးကြောင်ဖြစ်ပြီး ထအော်တယ်။

မသိဟန်ဆောင်နေလိုက်ပြီး ဝီစကီသုံးလုံးလောက် ထပ်မှာတယ်။ ကြက်ကြော်ပါဆယ် သုံးထုတ်လောက် ထုတ်ခိုင်းလိုက်တယ်။ ကျနော်ဘာတွေ မှာတယ် စားတယ်ဆိုတာ သူလုံးဝမသိဘူး။ အားလုံးရှင်းပြီးမှ သူကပြောတယ်။ မင်းဘာမှလဲ မစားပါလားကွတဲ့။ ကျနော် အတော်လေးကို သဘောကျသွားတယ်။ ဘာပဲပြောပြော သူ့ကို အိပ်ပြန်ပို့ပြီးရင်တော့ အလုပ်ထဲက ပန်းရံအလုပ်သမလေးနဲ့ ချိန်းထားသည်မို့ ဒီတစ်ညအတွက်တော့ လောကစည်းစိမ်ဆိုတာ ဘာလဲလို့ သိရပေဦးတော့မည်။

အလုပ်သမားခေါင်း ဖြစ်လာပြီဆိုတော့ အားလုံးက တရိုတသေ တလေးတစား ရှိလာတယ်။ မကြည်သူကလဲ ရယ်ပြတယ်။ မုန်းသူကလဲ ပြုံးပြတယ်။ အရပ်ထဲက ဇာတ်ပွဲမှာ ငွေမက်တို့ နေတတ်ဖို့ပဲ လိုတော့တယ် မဟုတ်လား။ စာရင်းဇယားအားလုံးကို မှန်မှန်ကန်ကန် လုပ်ပြလိုက်တယ်။ ဘယ်ကိုသွားသွား ဘယ်သူ့ကိုမှ မခေါ်ဘူး။

ဒါပေမဲ့ အသက် ဆယ့်ခြောက်နှစ်လောက် ရှိမယ်လို့ ထင်ရတဲ့ အလုပ်သမလေး တစ်ယောက်ကိုတော့ တခါတရံ အလုပ်ပိတ်ရက်တွေမှာ ရုပ်ရှင်လိုက်ပြဖို့ စသလို နောက်သလိုနဲ့ လမ်းကြောင်းထားတာ ရှိတယ်။ သူကလဲ စသလိုလို နောက်သလိုလိုနဲ့ ပြန်လက်ခံတယ်။ ဒီလိုနဲ့ ရုပ်ရှင်ရုံကို နှစ်ယောက်အတူ မကြာမကြာ သွားဖြစ်တယ်။

ဒီနေ့ညတော့ ကျနော်တစ်ယောက်တည်းနေတဲ့ အိမ်ကို ရှစ်နာရီလောက် လာလည်ဖို့ ပြောကြည့်လိုက်တယ်။ ကိုကိုနဲ့သာဆိုရင် ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ဘယ်အချိန်မှာ ဘာတွေဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် လစ်လိုက်ချင်တယ် ဆိုပဲ။ ခေတော့ မခေဘူး။ အဲ့သလောက် မခေတဲ့ မိန်းကလေးကို ကြာကြာ မပေါင်းသင့်ဘူး လို့သိလိုက်တယ်။ သုံးလလောက်နေတော့ သူနဲ့ကောင်လေးတစ်ယောက် အလုပ်ကို အတူတူလာတာ တွေ့တယ်။

ကောင်မလေးကို ဖောက်ပြန်သူအဖြစ်နဲ့ စွတ်စွဲတယ်။ ကောင်လေးကိုတော့ မင်းနဲ့ အဲ့ဒီကောင်မလေးနဲ့က ဖြစ်နေတာလား စသည်ဖြင့် အစ်မေးတယ်။ ကောင်လေးက မဟုတ်ကြောင်း ငြင်းတယ်။ ဒါဆို မင်းကြိုက်ရော မကြိုက်ဘူးလားလို့ မေးလိုက်တယ်။ ကြိုက်တယ် ဆိုပဲ။ သူက မယူချင်ဘူးလားလို့ မေးတော့ ရရင်တော့ လိုချင်တာပေါ့တဲ့။ သူတို့နှစ်ယောက်ကို ပိုပြီး နီးစပ်အောင် လုပ်ပေးလိုက်တယ်။ တဖက်ကိုလဲ ခပ်ကြမ်းကြမ်းလေး စွတ်စွဲပေးလိုက်သလို တဖက်ကိုလဲ ခပ်သွက်သွက် လှုပ်ရှားဖို့ တိုက်တွန်းပေးလိုက်တယ်။ မကြာပါဘူး။ ခိုးပြေးကြပါလေရော။

တော်သေးတယ်။ ကောင်မလေးက နှုတ်လုံတယ်။ သူနှုတ်လုံလို့လဲ အခုထိ အလုပ်မြဲနေတာ မဟုတ်လား။ ဒါပေမဲ့ ကြာရင် စိတ်ချရမှာ မဟုတ်ဘူး။ ကိုယ့်အတွက် အန္တရာယ် တစုံတရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လင်မယားနှစ်ယောက်စလုံးကို အလုပ်က ထုတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ကျနော့် အလုပ်ဆိုက်ကို ရောက်လာသမျှ ပျိုပျိုအိုအို လုံးကြီးပေါက်လှ လုံမေချောလေးများ အားလုံးလိုလိုဟာ ကျနော့်အတွက် အပန်းဖြေစရာ ညစာလေးတွေ ဖြစ်လာတော့တယ်။

ခြောက်လလောက်ထိ စာရင်းမှန် အင်းမှန် လုပ်ပြလိုက်လို့ ကန်ထရိုက်တာလဲ မြိုးမြိုးမြက်မြက်ရှိလာတာမို့ အတော်လေးနှစ်သက်ပြီး လက်ရင်းတပည့်တစ်ယောက်လို သဘောထားလာတယ်။ ဒါကြောင့် သူဋ္ဌေးအတော်များများနှင့် မိတ်ဆက်ပေးခဲ့တယ်။ ကျနော်က အလုပ်သမားခေါင်း။ ဘာမှ သိပ်လုပ်စရာမလိုဘူး။ အလုပ်သမားတွေကို ညွှန်ကြားခိုင်းစေရုံ သက်သက်ပဲ။ အဲ့ဒီတော့ ကိုယ့်အတွက် အချိန်ပိုလေးတွေ ရှိနေတယ်ပေါ့ဗျာ။ ရသမျှ အချိန်ပိုလေးတွေနဲ့ ခင်မင်ရင်းနှီးလာတဲ့ သူဋ္ဌေးတွေကို အရင်းပြုပြီး ကန်ထရိုက်တာပေါက်စ ဖြစ်လာခဲ့တယ်။

ကျနော့်ဆရာဆိုတဲ့ ကန်ထရိုက်တာကိုတော့ အဲ့ဒီလုပ်ငန်းအကြောင်း အသိမပေးဘူး။ အသိပေးလို့လဲ မဖြစ်ဘူးလေ။ သူယုံကြည်သွားတဲ့အခါမှာ သူ့ဆိုက်က ဘိလပ်မြေ သံသွပ်သစ်စသည် ခိုးမှန်းမသိ ခိုးထားတာလေးတွေနဲ့ အရင်းပြုထားတာ။ ဆိုက်ထဲက ခိုးလိုက် ဈေးချောင်လို့ ကျနော့်ကို ငှားကြတဲ့ သူဋ္ဌေးတွေဆီက ခိုးလိုက်နဲ့ ကျနော်ကိုယ်တိုင် သူဋ္ဌေးပေါက်စ အဆင့်ထိ ရောက်ခဲ့တယ်။

အဲ့သလို လုပ်တဲ့အခါမှာလဲ ကိုယ့်ဆိုက်မှာ လုပ်တဲ့ အလုပ်သမား သီးသန့် ထပ်ငှားတယ်။ ကျနော် စလုပ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး။ ရေကန်တို့ အိမ်သာတို့ ဈေးဆိုင်ခန်းတို့လို အသေးစားလေးတွေပါ။ အဲ့ဒီ ကိုယ်ပိုင်ဆိုက်လေးတွေအတွက် အလုပ်သမားငှားတဲ့ အခါမှာတော့ အလုပ်ပြုတ်ပြီး စားစရာမရှိ ဖြစ်နေတဲ့ အလုပ်သမားမျိုးကို ရွေးငှားတယ်။ လုံးဝမတတ်တဲ့သူဆိုရင် သင်ခိုင်း ခိုင်းနေရတော့ ကျနော့်အတွက် သိပ်မကျန်ဘူး။ အလုပ်ရှိပြီးသား လူတွေကို ငှားရရင်လဲ ငွေပိုပေးရလိမ့်မယ်။ အဲ့ဒီတော့ ပေါချောင်ကောင်း အလုပ်သမားတွေကိုပဲ ရွေးငှားတယ်။

လက်ဘက်ရည်တိုက်မယ်ဆိုပြီး အချိန်ပို တစ်နေ့မှာ လေးငါးနာရီလောက် ခိုင်းတယ်။ ပြီးရင် လဘက်ရည်ဆို လဘက်ရည်ပဲ မုန့်မပါဘူး၊ တိုင်ကီ မဖြစ်ရ၊ နှစ်ခွက်မဖြစ်ရ၊ ကြိုက်သလောက်သာသောက်။ ကိုယ့်စကေး မကုန်မချင်း။ ဆေးလိပ်လည်း တိုက်တယ်။ ဖက်ကြမ်းကို နှစ်ယောက်တစ်လိပ်နှုန်းနဲ့ပေါ့ဗျာ။ အဲ့ဒီလို လဘက်ရည်ဖိုးနဲ့ ရင်းတဲ့အတွက် ကျနော့်ရဲ့ အကျိုးအမြတ်ကတော့ ငါးရက်စာကို သုံးရက်နဲ့ အပြီးဖြတ်နိုင်တဲ့အတွက် နှစ်ရက်စာ ကျနော်စားရတာပေါ့ဗျာ။

တချို့ကောင်တွေက လာသေးတယ်။ လဘက်ရည် မသောက်ချင်ဘူး၊ အရက်ပဲတိုက်တဲ့။ ဘယ်ရလိမ့်မလဲ။ အရက်က ပိုဈေးကြီးတယ်ဆိုတော့၊ ဟေ့ ဘုရားမကြိုက်တဲ့ သုရာမေရယကံကိုတော့ ငါကိုယ်တိုင်လဲ မကြူးလွန်ဘူး။ ဘယ်သူ ကြူးလွန်တာကိုမှလဲ အားမပေးဘူးလို့ ရုပ်တည်နဲ့ ဟောက်ပြစ်လိုက်တယ်။

အိမ်ပြန်ရောက်မှ အလှည့်ကျ ချိန်းထားတဲ့ အလုပ်သမလေးနဲ့  ၀ီစကီလေးနဲ့ကို ရောပြီး မြည်းလိုက်တယ်။ ကျနော့်ဆရာ ကန်ထရိုက်တာက လူတော်ပါ။ လူကောင်းလဲ လူကောင်းပါ။ ဒါပေမဲ့ မိန်းမတော့ အလွန်ကြိုက်ဆိုပဲ။ ကမ္ဘာပေါ်မှာ အကြိုက်ဆုံးစားသောက်ဖွယ်ရာကို ပြောပါဆိုရင်တောင် မိန်းမ နုပ်နုပ်စင်းလို့ ဖြေမိမှာ အမှန်ပဲတဲ့။ အစပိုင်းတော့ သူမဟုတ်သလိုပဲ နေခဲ့တာပါ။

ပုံတုံးတုံး အလုပ်သမတွေနဲ့ စခန်းသွားနေရတာ ငြီးငွေ့လာတဲ့အတွက် အပြောင်းအလဲလေးတစ်ခုကို ဖန်တီးဖို့ တည်းခိုးခန်းကို ရောက်သွားတဲ့နေ့မှာ မထင်မှတ်ပဲ သူ့ကို တွေ့လိုက်ရတယ်။ သူ့ကို ကျနော်က စမြင်တာဆိုတော့ ကျနော့်ကို သူမမြင်အောင် ရှောင်နေပြီး သူဘာလုပ်မလဲလို့ အကဲခတ်နေလိုက်တယ်။ အဲ့ဒါ ထီပေါက်တာပဲ။

ဟုတ်တယ်။ သူတပါးရဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတာဟာ အသုံးချတတ်ရင် ပွဖို့လမ်းစပဲလို့ ခံယူထားသူ တစ်ယောက် မဟုတ်လား။ နောက်တနေ့ကန်ထရိုက်တာနဲ့တွေ့တဲ့အချိန်မှာ ဆရာ အသည်းလေးတွေ အသေးအမွှားလေးတွေရှိရင် အိမ်ကိုခေါ်ခဲ့နော်လို့ ကျနော်က စသလို နောက်သလိုလိုနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ သူ့မှာမိန်းမရှိကြောင်း၊ ဒါမျိုးတွေ မလုပ်တတ်ကြောင်းကို စပ်စပ်ဖြဲဖြဲနဲ့ ပြန်ပြောတယ်။ ဒါပေမဲ့ ကျနော့်ဘက်ကတော့ မလျှော့ဘူး။

ဟုတ်လို့လား ဆရာရယ် ကိုယ့်တပည့်ကို ကိုယ်ရှက်မနေပါနဲ့၊ ကျနော်က လူပျိုလူလွတ် တစ်ယောက်တည်းသမားပါ၊ ဆရာသမားအတွက် တညတလေ ရှောင်ရှားအိပ်ပေးရတာ အပန်းမကြီးပါဘူး၊ ကိုယ့်ဆရာကိုသာ မသင့်တော်တဲ့ နေရာတွေကို လျှောက်သွားမိပြီး ဟိုလူမြင် ဒီလူမြင်နဲ့ သိက္ခာကျ အထင်သေးခံရမှာကို စိုးရိမ်တာပါလို့ နားလည်မှု ရှိတာလိုလို သူ့အကျိုးကို မျှော်ကိုးတာလိုလိုပြောပြီး သူ့သေတွင်းကို သပ်သပ်ရပ်ရပ် ဝိုင်းတူးပေးလိုက်တယ်။

ကျနော့်စကားကြောင့် တချက်ငြိမ်ကျသွားပြီး၊ အေး လိုအပ်ရင် ပြောမယ်ကွာတဲ့။ ကိုယ်ပိုင်မရှိလဲ လာသာ လာခဲ့ပါဆရာ ကျနော်အားလုံးကို ဖန်တီး စီစဉ်ပေးပါ့မယ်လို့လဲ ကျိန်းသေအောင် ထပ်ပြောလိုက်သေးတယ်။ သေချာပေါက် ယုံကြည်လိုက်ပါတယ်။ ကျနော့် အကြံအစည်တွေ အောင်မြင်သွားပြီလို့။

နောက်နေ့ညနေမှာ ကောင်မလေးတစ်ယောက်နဲ့ ကျနော့်ဆီ ရောက်လာတယ်။ ကျနော်ကို ပိုက်ဆံငါးထောင် ထုတ်ပေးပြီး မင်းသွားလိုရာ သွားပေတော့ မနက်မှ ပြန်လာတော့တဲ့။ ကျနော်အရမ်း ဝမ်းသာသွားပါတယ်။ ပိုက်ဆံကြောင့် မဟုတ်ဘူး။ အဲ့ဒီနာက်မှာ ပိုက်ဆံ ငါးထောင်ထက် တန်ဖိုးကြီးတဲ့ အရာတွေ တသီကြီး ပါလာတယ်လေ။

ကျနော် အဲ့ဒီညက တန်းခိုခန်းမှာ သွားအိပ်လိုက်တယ်။ အဲ့ဒီနောက်ပိုင်း သူနဲ့ပတ်သက်ပြီး ခင်မင်းရင်းနှီးခဲ့တဲ့ အလုပ်ရှင်တွေ အားလုံးကို ဒီလူဟာ မိန်းမရှိရဲ့နဲ့ ဒါမျိုးလုပ်နေကြောင်းနဲ့ ထွေရာလေးပါး အပုတ်ချ အသိပေးလိုက်တယ်။ လူဆိုတာမျိုးကလဲ ကျနော့်အကြိုက်ချည်းပဲ။ ဟုတ်တယ်၊ ကောင်းသတင်းပြောရင် မယုံသလိုလို လုပ်တတ်ပေမဲ့ မကောင်းသတင်းကိုတော့ ချက်ချင်း လက်ခံယုံကြည် လိုက်ကြတယ်။ တချို့ သူခေါ်လာတဲ့ မိန်းခလေးများမှာ လင်ရှိမယားများ ဖြစ်ကြောင်းကိုလဲ ပိုပိုသာသာလေး တုတ်ပေးလိုက်သေးတယ်။

သက်သေခိုင်လုံဖို့အတွက် ၎င်းဖြစ်စဉ်တွေအားလုံးဟာ ကျနော့်အိမ်မှာပင် ဖြစ်ခဲ့ကြောင်းနဲ့ ကိုယ့်အထက်လူမို့ ဘာမှမပြောရဲ၍ လွှတ်ထားလိုက်ရကြောင်း၊ သူ့အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အမျိုးသားတွေအတွက် မခံချင်စိတ် ပေါက်ခဲ့ရကြောင်း စသည် စသည် ထွေရာလေးပါး ကောင်းနိုးရာရာလေးတွေကိုပါ အပြောကျကျလေး ပြောပြလိုက်တယ်။ တစ်နေရာ မကောင်းတဲ့ လူဟာ ဘယ်နေရာမှာ မကောင်းနိုင်ဘူးလို့လဲ ကောက်ချက်ချပေးလိုက်သေးတယ်။ ကျနော် ကိုယ်တိုင်ကတော့ ဒါမျိုးဆိုရင် မစင်ဘင်ပုတ်ကဲ့သို့ ရွံရှာမုန်းတီးကြောင်းကို ကြော်ငြာဝင်လိုက်တယ်။

ကျနော်ပြောမိသမျှ အလုပ်ရှင်အားလုံး ကျနော်ပြောတာကို ယုံကြည်သွားကြတယ်။ ဒါကြောင့် သူနဲ့ ဆက်မလုပ်လိုကြောင်း ပြောပြီး ကျနော်နဲ့ပဲ ဆက်လုပ်ဖြစ်ကြတယ်။ ဒီလိုနဲ့ ကန်ထရိုက်တာကြီး ဖြစ်လာပြန်တယ်။ ကျနော့် အမြင်ကတော့ ကိုယ်ကိုတိုင် အောင်မြင်တိုးတတ်ဖို့က အဓိကပဲလေ။

ဘယ်သူတေတေ ငတေမာရင်ပြီးရော ဆိုတဲ့ စကားပုံဟာ ကျနော့်အတွက်များ ဖြစ်ခဲ့လေသလားလို့ တွေးတွေးပြီး တည်ထွင်သူ ပညာရှင်ကိုတောင် ဦးခိုက်ချင်စိတ် ပေါက်သွားတယ်။ ငတေက နာမည်သာပျက်တာ မြိုးမြိုးမြက်မြက်တော့ ရှိတယ် မဟုတ်လားဗျ။

အလုပ်ရှင်တစ်ဦးက မြန်မြန်ဆန်ဆန် ပြီးစေချင်တာတွေ ရှိနေတော့ ကျနော့်ကို ကားမောင်းသင်ပေးပြီး ခပ်စုပ်စုပ် ကားလေးတစ်စီး ဝယ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျနော့်ရဲ့ ကြံရည်ဖန်ရည်နဲ့ ကားသစ်လေးတစ်စီးကို လစဉ်ကြေးပေးပြီး ဝယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ ကားလေးကို အရင်းပြုပြီး ဖြတ်လမ်းနည်းနဲ့ စီးပွားရှာလိုက်တာ အလည်လွန်ပြီး မိန်းမတစ်ယောက် ရသွားတယ်။ သူဋ္ဌေးသမီးဆိုပြီး အရချိုင်လိုက်တာပါ။ သေချာသွားအောင် ကလေးယူလိုက်မယ် စိတ်ကူးပြီး ဘာဆေးမှတောင် မတိုက်ဖြစ်ခဲ့ဘူး။ ကိုယ်ဝန်ရပြီဆိုတာ သေချာတော့ ခိုးပြေးတယ်။

သူမိဘတွေ လိုက်မလာပါလား၊ မစုံစမ်းကြပါလားလို့အောက်မေ့နေတာ၊ နောက်မှ သိလိုက်ရတာက သူ့မိဘတွေ မဟုတ်ဘူးတဲ့။ သူ့ရဲ့ တောရွာလေးက ရပ်ဆွေရပ်မျိုးတွေတဲ့။ မိဘတွေနဲ့ ရင်းနှီးနေလို့ ကျောင်းလဲထားပေးမယ်၊ အိမ်မှုကိစ္စလဲ တတ်နိုင်သလောက် ဝိုင်းလုပ်ဆိုပြီး ခေါ်ထားတာတဲ့။ ဆူလွန်း ငေါက်လွန်းလို့ အိမ်ကနေ ထွက်ပြေးချင်နေတာတဲ့။ ဒါပေမဲ့ ဆင်းရဲတဲ့ ဒဏ်ကိုလဲ မခံချင်တာနဲ့ အောင့်ပြီးနေနေတဲ့ အချိန်မှာ ကျနော်နဲ့တွေ့တော့ လွတ်ပြီကျွတ်ပြီဆိုပြီး ချက်ချင်း လက်ခံလိုက်တာတဲ့။ ကိုယ်ဝန်ရလို့ ကျနော်က ခိုးပြေးမယ်ဆိုတော့ အရမ်းနဲ့ကို ဝမ်းသာပြီး လိုက်လာခဲ့တာဆိုပဲ။ ကျနော်ကလည်း သူဋ္ဌေးသမီးပဲဆိုပြီး အပိုင်အုပ်လိုက်တာ။ အခုတော့ သေပြီပေါ့ဗျာ။

မတတ်နိုင်ဘူး။ ဖြစ်လာတဲ့ ဇာတ်ပေါ်မူတည်ပြီး အကောင်းဆုံး ကရတော့မှာပဲ။ သူမကို မြို့နဲ့ဝေးတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးတစ်ခုမှာ သွားထားလိုက်တယ်။ ဆယ်လေးငါးရက်လောက်အတူနေပြီး မျက်ချေဖြတ်ထားလိုက်တယ်။ ကျနော်ကိုယ်တိုင်လဲ တခြားမြို့တမြို့ကို ပြောင်းရွှေ့နေထိုင်လိုက်တယ်။ ကိုယ့်အတွက် အကျိုးမရှိလို့ကတော့ သဗ္ဗေသတ္တာ ကမ္မသကာပဲ။

သိပ်မကြာခင်မှာပဲ ကျနော်ဆောက်တဲ့ တိုက်တွေ ပြိုကျတာတို့ ရေစိမ့်တာတို့ ဖြစ်ပါလေရော။ အလုပ်ရှင် တော်တော်များများက ကျနော့်ကို တရားစွဲထားကြတယ်။ ဝယ်ထားတဲ့ ကားကလည်း နှစ်လလောက်ထိ အကြွေးမဆပ်ဖြစ်လို့ ရဲနဲ့တိုင်ထားတယ်။ အဲ့ဒီအချိန်မှာ အညာသား တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး ၄င်းအညာသားရဲ့ ဇာတိ အညာဒေသလေးကို အလည်လိုက်သွားခဲ့တယ်။ မြို့က ပြဿနာတွေကို ရှောင်ရင်းတိမ်းရင်းနဲ့ပေါ့။

အဲ့ဒီမှာ ရုပ်ရည်လေးကလဲချော တက္ကသိုလ်ကျောင်းသူလဲ ဖြစ်တဲ့ ချာတိတ်မတစ်ယောက်ကို တွေ့တယ်။ သူမအကြောင်းကို စုံစမ်းကြည့်လိုက်တော့ သူ့မိဘတွေက ကျိကျိတက်ချမ်းသာကြတယ် ဆိုပဲ။ ဒါပေမဲ့ သေချာအောင်တော့ ထပ်ပြီး စုံစမ်းလိုက်ရသေးတယ်။ သမီးအရင်းမှ ဟုတ်ရဲ့လားလို့။ သေချာပြီဆိုတဲ့ အချိန်မှာ သူမရဲ့ မိဘတွေကို ဝင်ရောက် ချဉ်းကပ်တယ်။ အိမ်ထဲကို ကားမောင်းပြီးတော့ ဝင်သွားတာ။ စိန်လက်စွပ်ကလဲ ရှစ်ကွင်း တိတိ ဝတ်ဆင်ထားတယ်။ ကျနော့်ရဲ့ လုပ်ငန်းဖြစ်တဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး။ ကိုယ့်ကိုယ်ကို ကျောက်ကုန်သည်တစ်ယောက်အဖြစ်နဲ့ မိတ်ဆက်တယ်။

အဖိုးကြီးရော အဖွားကြီးပါ ကျနော့်ရဲ့ ကြွားလုံးထဲမှာမြောပြီး သဘောတွေ ကျနေကြတယ်။ အဖိုးကြီး အဖွားကြီး ဆိုပေမဲ့ ကျနော်နဲ့တော့ သိပ်မကွာပါဘူး။ ဒါပေမဲ့ သူတို့သမီးကို လိုချင်တာဆိုတော့ အန်တီတို့ အန်ကယ်တို့နဲ့ ခေါ်လိုက်တယ်။ သူတို့က ကျောက်အကြောင်း နားမလည်လို့ မဝယ်သေးဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ကျနော်က ဒီနေမြေမှာ အခုမှ စတင် ခြေချသူဖြစ်ကြောင်းနဲ့ ပထမ စတင် ရင်းနှီးသူများမှာလဲ အန်တီတို့ပဲဖြစ်တဲ့အတွက် လက်ဆောင်အနေနဲ့ လက်စွပ်လေးတကွင်း ပေးချင်ပါတယ်ဆိုပြီး အတင်း ထိုးပေးလိုက်တယ်။

ပြီတော့ သူတို့ရဲ့ ယုံကြည်မှုကို ရအောင် တခြားစိတ်ဝင်စားသူများ ရှိပါကလဲ ကြုံရင်ကြုံသလို ကြော်ငြာပေးဖို့ ပြောလိုက်တယ်။ ဒီလိုနဲ့ သူတို့မိသားစုနဲ့ ရင်းနှီးသွားပြီး စားအိမ်သောက်အိမ်လို ဖြစ်လာခဲ့တယ်။ အခွင့်သာတဲ့တစ်နေ့မှာ မြို့ကို အလည်ခေါ်ချင်တဲ့ အကြောင်းပြောတော့ သူတို့မှာ ဝမ်းသာလွန်းလို့ ကျေးဇူးတင်ကြတာ အခါခါပဲ။ အဖိုးကြီးက ဘာမှ သိပ်မသိသာပေမဲ့ အဖွားကြီးက သိသိသာသာကြီးကို ပြောင်းလဲလာပြီး ညီမလေးကိုလဲ တရင်းတနှီးနေဖို့ စောင့်ရှောက်ဖို့ဘာညာ ပြောလာတော့တာပါပဲ။ ကျနော်လိုချင်တာ ဒါပဲလေ။

စနေတနင်္ဂနွေလို ကျောင်းပိတ်ရက်မျိုးမှာ ချာတိတ်မကို ခေါ်ပြီး ဟိုလည် ဒီလည် လျှောက်လည်ဖြစ်တယ်။ သူမကလဲ ဘယ်ခေါ်ခေါ် ငြင်းတယ်လို့မရှိဘူး။ ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် ချစ်သူရည်းစားအဖြစ်ထိ တိုးတက်လာခဲ့တယ်။ ကျနော်က လက်ထပ်ဖို့ပြောတယ်။ ဒါပေမဲ့ ငယ်သေးလို့ လက်မထပ်ချင်သေးဘူးတဲ့။ ရှက်တယ်တဲ့။ ကျနော်အမျိုးမျိုး စည်းရုံးကြည့်တယ်။ အစဉ်မပြေဘူး။ ဒါပေမဲ့ အခွင့်သာမဲ့ တနေ့ကိုတော့ လက်လွတ်မခံပဲ အပိုင်လှုပ်ရှားနိုင်ဖို့ အမြဲတန်း အဆင်သင့်အနေအထားနဲ့ ပြင်ဆင်ထားတယ်။

သူမရဲ့ နွေရာသီကျောင်းပိတ်ရက် တစ်နေ့မှာ သူတို့မိသားစုနဲ့အတူ ရန်ကုန်ကို ဘုရားဖူးထွက်လာခဲ့တယ်။ ရန်ကုန်ကိုရောက် ဘယ်သွားသွား ဘာလုပ်လုပ် သူမအနားမှာပဲ ကျနော် အမြဲကပ်နေတယ်။ မြို့လယ်ခေါင်တစ်နေရာ အရောက်မှာ သူမရဲ့မိဘတွေနဲ့ အနည်းငယ် မျက်ခြေပျက်သွားတယ်။ သူမကမတွေ့တာပါ။ ကျနော်က တွေ့နေရတယ်။ ဒါပေမဲ့ ဒါဟာ အခွင့်ကောင်းပဲလို့ သိလိုက်တဲ့ ကျနော်က ရသမျှ အခွင့်အရေးကို အပိုင်အသုံးချပြီး သူတို့မိဘတွေနဲ့ဝေးတဲ့ နေရာဘက်ကို ညွှန်ပြီး အဲ့ဒီဘက်ကို ထွက်သွားကြောင်း ပြောလိုက်တယ်။ သူမကတော့ စိတ်တွေပူပြီး အသဲအသန် လိုက်ရှာနေတယ်။ ကျနော်ကလည်း အရမ်းကို စိတ်ပူတဲ့ဟန်နဲ့ လိုက်ရှာပြလိုက်တယ်။

မိုးသာချုပ်သွားတယ်။ လုံးဝမတွေ့တော့ဘူး။ ထိုနေ့ အတွက် လက်လျှော့လိုက်ရန် ချော့မော့ပြောဆိုပြီး တည်းခိုခန်းတစ်ခုမှာ သွားတည်းလိုက်ကြတယ်။ ကျနော့်ရဲ့ ရှိသမျှ အစွမ်းအစ အကုန်ထုတ်သုံးပြီး နှူးနှပ်လိုက်တယ်။ အဲ့ဒီညမှာ ကျနော့်ရဲ့ အလိုဆန္ဒ ပန်းတိုင်ကို ရောက်ရှိသွားတယ်။ သူမရဲ့အလစ်မှာ မိဘတွေကို တောင်းပန်သလိုလိုနဲ့ ကျနော်ယောက်ျားကောင်းပီသစွာ ကိုယ့်တာဝန်ကိုယ်ယူမယ် ဆိုတဲ့အကြောင်း ဖွင့်ပြောလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမ ဘာမျှမသိလိုက်ဘူး။ ဒါပေမဲ့ အဖိုးကြီး အဖွားကြီးတွေကတော့ ကျနော်တို့ကို လက်ထပ်ထိမ်းမြားပေးဖို့ပဲ စီစဉ်တော့တယ်။

ဒီလိုနဲ့ ယောက္ခမအိမ်မှာပဲ တက်နေပြီး ကလေးတစ်ယောက် ရခဲ့တယ်။ ယောက်ျားလေး။ ကားလဲပြုတ် အလုပ်ကလဲ မယ်မယ်ရရ မရှိဆိုတော့ အရပ်ထဲကလဲ တစတစ အတင်းတုတ်စ ပြုလာပြီဖြစ်သလို ယောက္ခမတွေကလဲ သိပ်မကြည်ချင်တော့ဘူး။ မိန်းမကလဲ ပွစိပွစိ လုပ်လာပြီ။

ဘာမှမဟုတ်လဲ တခေါက် မြို့တက်ပြီး ရှိတဲ့ လက်စွပ်လေးတွေကို ရောင်းခဲ့ဖို့ အကြံပေးတယ်။ လက်စွပ်တွေက အစစ်မဟုတ်ကြောင်းနဲ့ မင်းမိဘတွေကိုပေးဖို့ လုပ်လာခဲ့တဲ့ လက်စွပ်ကွင်း အသေးလေးတစ်ခုသာ အစစ်ဖြစ်ကြောင်း မိန်းမကို ဖွင့်ပြောပြီး ဒါတွေအားလုံးဟာ မင်းကို ချစ်လွန်းလို့ ကြံမိကြံရာ ကြံမိကြောင်းပြောပြီး ချော့မော့နှစ်သိမ့်လိုက်တယ်။

မိန်းမကတော့ လင်အလုပ်မရှိရင် ရှက်လွန်းလို့ အပြင်တောင် မထွက်ဝံ့ဘူးတဲ့လေ။ ဒါပေမဲ့ ကျနော်ကတော့ ဂရုမစိုက်ပါဘူး။ နေ့စဉ် ယူသုံးနေကျ ငွေကို တစ်ပြားမှ မလျှော့ပဲ ပုံမှန်အတိုင်း ယူသုံးနေခဲ့တာပဲ။ အညာဘက်မှာက ဆောက်လုပ်ရေးအလုပ်က ရှားလဲရှားတယ်။ ရှိတယ်ဆိုရင်တောင် ကျနော်မကျွမ်းကျင်တဲ့ နယ်မို့မတိုးချင်ဘူး။ ကျနော်ကိုယ်တိုင်ကလဲ ဘာမှမလုပ်ပဲ အငြိမ့်သားနေရတဲ့ ဘဝကိုပဲ လိုချင်တာ။ ဒါပေမဲ့ ကြာလာရင် ကန်ထရိုက်အမှုတွေ ကားအကြွေးမှုတွေနဲ့ မိသွားခဲ့ရင် ထောင်ထဲ အောင်းနေရမှာကို တွေးပြီး လန့်လာတယ်။

နောက်ဆုံး မလေးရှားကိုထွက်ဖို့ စိတ်ကူးလိုက်တယ်။ ဟုတ်တယ်။ ကျနော် စုံစမ်းလေ့လာမိသလောက်တော့ စင်္ကာပူလို နိုင်ငံမျိုးမှာက ပညာတတ်မှတဲ့။ ပညာမတတ်ရင် အိမ်ဖော်လောက်ပဲ လုပ်ရမယ်တဲ့။ ကျနော့်မှာက မိဘတွေ သင်ပေးထားတဲ့ သေစာရှင်စာလေးနဲ့ ဟိုလိမ်ဒီပတ် ပညာလောက်ပဲ ရှိတာ အစဉ်မပြေနိုင်ဘူး။ ထိုင်းနိုင်ငံမှာ ကျတော့လဲ အန္တရာယ်များတယ်တဲ့။

ဒါကြောင့် မလေးရှားကို ရွေးလိုက်တယ်။ မလေးရှားမှာ အလုပ်လုပ်ဖို့ဆိုပြီး ယောက္ခမတွေဆီမှာ ငွေတောင်းတယ်။ မိန်းမကလဲ ဝိုင်းငိုပြတော့ ရှောရှောရှူရှူပဲ ထုတ်ပေးတယ်။ အသွားစားရိတ်ရဲ့ သုံးဆလောက်ကို ပြောပြီး တောင်းလိုက်တာဆိုတော့ အစစအရာရာ အားလုံး အစဉ်ပြေပြေ ချောချောမောမောနဲ့ မလေးရှားကို ရောက်ခဲ့တယ်။

အပိုင်း(၂)
ဒါပေမဲ့ ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုတော့ ရခဲ့တယ်။ ဒုက္ခသည် ဟန်ဆောင်ပြီး အမေရိကန်၊ သြစတေလျ စတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်လို့ရတယ် ဆိုပဲ။ ဘယ်လို ဟန်ဆောင်ရမှာလဲ။ ဘယ်လို ဒုက္ခသည်လဲ။ ကျနော်ဘာမှ မသိဘူး။ 
မလေးရှားရောက်တော့ ဆောက်လုပ်ရေးအလုပ်ပဲ ဆက်လုပ်ဖြစ်တယ်။ ထွက်လာကတည်းက လွတ်ပြီကျွတ်ပြီလို့ သဘောထားပြီး ထွက်လာခဲ့တာဆိုတော့ ပိုက်ဆံ ဘယ်လောက်ရရ မိန်းမဆီ ပြန်မပို့ဖြစ်ခဲ့ဘူး။ အဆက်အသွယ်လဲ မလုပ်တော့ဘူး။ ဒါပေမဲ့ ဒုက္ခရောက်တဲ့အခါ အကူညီတောင်းလို့ရအောင် သူတို့အိမ်က ဖုန်းနံပါတ်တစ်ခုကိုတော့ လိုရမယ်ရ သိမ်းထားတယ်။

မလေးရှားက အလုပ်ဆိုက်ထဲမှာလဲ အရင်ဗျူဟာအတိုင်းပဲ ကျင့်သုံးတယ်။ အခုခေတ်စကားနဲ့ဆိုရင်တော့ အထက်ဖား အောက်ဖိပေါ့။ သူများထက် အနည်းငယ် အခွင့်အရေး ပိုရတာလေးကလွဲပြီး ဘာမှ မထူးဘူး။ ရတဲ့ငွေကလဲ ကျနော့် အသုံးစာရိတ်နဲ့ သူဋ္ဌေးဖြစ်ဖို့မလွယ်ဘူး။ “အ”မ လို့ခေါ်တဲ့ အင်ဒိုနီးရှား အမျိုးသမီး တစ်ယောက်ကို အိမ်မှာ ခေါ်ထားတယ်။ အဲ့ဒါက ကျနော့်အတွက် မရှိမဖြစ်ဗျ။ ပေါပေါရတဲ့ နေရာဆိုတော့ ချွေတာနေစရာလည်း မလိုဘူး။ တပတ်ကို တစ်ယောက် ပြောင်းတယ်။ အိမ်က မိန်းမကို သတိတောင် မရဘူး။ သူ့ကို ဆင်းရဲဒုက္ခခံပြီး ငွေပို့နေမဲ့အစား ဒီလမ်းစဉ်က ကျနော့်အတွက် ပိုပြီးအစဉ်ပြေတယ်။

ဒါပေမဲ့ ဒီအတိုင်း စခန်းသွားနေရင် ကျနော့်ဘဝအတွက် ခိုင်လုံတဲ့ အာမခံချက်မရှိဘူး။ အလုပ်လုပ်လိုက်၊ သောက်လိုက်၊စားလိုက်၊ ‘အ’ မအသစ် နောက်တစ်ယောက် ရှာလိုက်နဲ့ ကျနော့်ဘဝရဲ့ ဇာတ်သိမ်းခန်းဟာ ဘယ်တော့မှ လှပလာမှာ မဟုတ်ဘူး။ တစ်သက်စာ ချမ်းသာ ကြီးပွားမဲ့ အလုပ်ကတော့ မလေးရှားမှာ မရှိတာ သေချာသွားပြီ။ ဗီဇာကလဲ သက်တမ်းကုန်လို့ အိုဗာစတေး ဖြစ်နေပြီ။ သက်တမ်းလဲ ထပ်မတိုးနိုင်တော့ဘူး။ လုပ်လာလိုက်တဲ့ အလုပ်တွေကလဲ စုံနေပြီ။ စားသောက်ဆိုင် တော်တော်များများ ကျနော် မလုပ်ဘူးတဲ့ဆိုင် မရှိသလောက် ဖြစ်သွားပြီ။ ဆောက်လုပ်ရေးဆိုက် တော်တော်များများလည်း ကျနော် မလုပ်ဘူးတဲ့ဆိုက် မရှိသလောက် ဖြစ်သွားပြီ။

ဘာလုပ်ရရင် ကောင်းမလဲ။ နိုင်ငံရေးလုပ်စားတယ်ဆိုတဲ့ စကားလုံး ကြားဘူးတယ်။ အဲ့ဒါကဘယ်လိုလဲ။ စုံစမ်းကြည့်တယ်။ နိုင်ငံရေးအဖွဲ့စည်း ဆိုတာတွေကို ချဉ်းကပ်ကြည့်တယ်။ အရမ်းချမ်းသာနေတဲ့ လူတွေရှိသလို ထမင်းငတ်နေတဲ့ လူတွေလဲ ရှိတယ်။ အဲ့ဒီအဖွဲ့တွေထဲဝင်ရင် ကျနော့်အနေနဲ့ အရမ်းချမ်းသာတဲ့လူ မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်။

နိုင်ငံရေးအကြောင်းလဲ ကျနော်ဘာမှမသိဘူး။ သူတို့လို စာတွေပေတွေလဲ စိတ်မဝင်စားဘူး။ သူတို့ကလဲ ကျနော် ဝင်ထွက်သွားလာတာကို သိပ်ကြိုက်ပုံမပေါ်ဘူး။ သူတို့လူတွေ အချင်းချင်းထဲက တစ်ယောက်ကတော့ မင်းကို ထောက်လှမ်းရေး ထင်နေတာကွ တဲ့။ အားပါးပါး ကိုယ့်ကိုတောင် အထင်ကြီးမိသလို ဖြစ်သွားတယ်။ ဆယ်တန်းတောင် မအောင်တဲ့ လူတစ်ယောက်ကို ထောက်လှမ်းရေးလို့ ထင်တယ် ဆိုတော့လေ။ နိုင်ငံရေး အဖွဲ့အစည်းက လူတွေဟာ တစိမ်းမြင်ရင် ထောက်လှမ်းရေးထင်တဲ့ ရောဂါရှိကြပါလားလို့လဲ ကောက်ချက်ချလိုက်တယ်။

ဒါပေမဲ့ ကြီးမားတဲ့ အကျိုးအမြတ်တစ်ခုတော့ ရခဲ့တယ်။ ဒုက္ခသည် ဟန်ဆောင်ပြီး အမေရိကန်၊ သြစတေလျ စတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်လို့ရတယ် ဆိုပဲ။ ဘယ်လို ဟန်ဆောင်ရမှာလဲ။ ဘယ်လို ဒုက္ခသည်လဲ။ ကျနော်ဘာမှ မသိဘူး။

နောက်ဆုံးတော ဒဲ့ပဲ ဝင်မေးလိုက်တယ်။ ကျနော် နိုင်ငံခြားကို ထွက်ချင်တယ်။ ဒုက္ခသည်အဖြစ် ဘယ်လို ဟန်ဆောင်ရမှာလဲပေါ့။ မင်းငွေကြေးတတ်နိုင်ရင် ဟန်ဆောင်စရာမလိုဘူး။ တစ်နှစ်အတွင်း သွားလို့ရအောင် ချိတ်ပေးနိုင်တဲ့သူရှိတယ် ဆိုပဲ။ ဘယ်လောက်ကုန်မလဲ လို့ မေးကြည့်လိုက်တော့ မြန်မာငွေ သိန်းခုဆယ်လောက်ဆိုရင် ရတယ်တဲ့။ မြန်မာသိန်းခုနစ်ဆယ် ကျနော် ဘယ်ကနေ ဘယ်လိုရနိုင်မလဲ။ စဉ်းစားတယ်။ အကြံထုတ်တယ်။

ကျနော်ကတော့ အမေရိကန်ကို သွားချင်တယ်။ အမေရိကန်မှာဆိုရင် ဘယ်လို ညာလိုနဲ့ ဟိုလူက တစ်မျိုးပြော ဒီလူကတစ်မျိုးပြောနဲ့ အမျိုးမျိုးကြားနေရတော့ ချက်ချင်းကို ထသွားချင်စိတ် ပေါက်သွားတယ်။ သူတို့စကားနဲ့ ဆိုရင်တော့ လူ့အခွင့်အရေး ပြည့်ဝတဲ့နိုင်ငံဆိုပဲ။

ဘာလူ့အခွင့်ရေးမှ နားမလည်ဘူး။ ချမ်းသာရင်ပြီးရော။ ငွေရရင်ပြီးရော။ အိုဗာစတေးလဲ မဖြစ်တော့ဘူးတဲ့။ ငါးနှစ်ပြည့်တာနဲ့ နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိတယ်တဲ့။ ဟုတ်တာမဟုတ်တာ အပထား။ ငယ်ငယ်ကတည်းက အမေရိကန် အက်ရှင်ကားတွေ ကြည့်ပြီး ဒီလိုနိုင်ငံမျိုးကို ရောက်လို့ကတော့ သေပြီး နောက်ဘဝမှာတောင် လူပြန်ဖြစ်ရင် အဲ့ဒီမှာပဲဖြစ်အောင် အဲ့ဒီမှာပဲ သေတဲ့အထိ နေပြစ်မယ်လို့ စိတ်ကူးခဲ့တာ။ အခုတော့ အဲ့ဒီနိုင်ငံကို သွားဖို့ လမ်းစတော့ ရပြီ။ လိုသော် ကြံဆ နည်းလမ်းရ ဆိုတဲ့အတိုင်း ကြံဆခဲ့ရတာပေါ့။

တနေ့ မြန်မာစားသောက်ဆိုင်တစ်ခုမှာ ထမင်းသွားစားတုန်း မြန်မာပြည်က ပြန်လာတဲ့သူတစ်ယောက်က သူ့အတွေ့အကြုံတွေကို ဖောင်ဖွဲ့ပြီး ပြောနေတာကို ကြားလိုက်ရတယ်။ အဲ့ဒီအချက်ကပဲ ကျနော့်အတွက် ရွှေသတင်း ငွေသတင်းဖြစ်ခဲ့တယ်။ ဟုတ်တယ်။ သူက အိုဗာစတေးဖြစ်နေလို့ မြန်မာပြည်ကို ပြန်ဖို့ခက်နေတာနဲ့ ဘန်ကောက်ကို ရောက်အောင်သွားပြီး ထိုင်းပုလိပ်ကို တွေ့အောင်ရှာတယ်။ ပြီးတော့ အဖမ်းခံတယ်။ ထိုင်းပုလိပ်က သူ့ကိုမိတော့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်ကို ပို့တယ်။ မဲဆောက်ကနေတဆင့် မြန်မာပြည်ထဲ ပြန်ပို့တယ်တဲ့။

တယ်ဟုတ်ပါလား။ ပိုက်ဆံကုန်စရာ မလိုပဲ အစောင့်အကြပ်တွေနဲ့ အန္တရာယ်ကင်း ဘေးရှင်းပြီး မြန်မာပြည်ကို ချောချောမောမော ပြန်နိုင်တယ် ဆိုပဲ။ ဒါပေမဲ့ ထိုင်းပုလိပ်တွေက မဲဆောက်က မိတဲ့သူကို ရိုးရိုးပြန်လွှတ်ပြီး ဘန်ကောက်က မိတဲ့သူဆိုရင်တော့ ပိုက်ဆံနဲ့ ရွေးရင်ရွေး မရွေးရင် ထောင်ဒဏ်တဲ့။ အဲ့ဒီ မြန်မာပြည်ဖွား ဥာဏ်ကြီးရှင်ကြီးဆီက ရတဲ့ သတင်းအချက်အလက်ကို အခြေခံပြီး ကျနော့်အတွက် ကြီးမားတဲ့ အကြံအစည်တစ်ခု ရခဲ့တယ်လို့ပဲ ပြောရမယ်။

ဒါပေမဲ့ နောက်တစ်ခု ထပ်ကြားလိုက်ရတာက ထိုင်းပုလိပ်တွေက အမြဲတန်းတော့ လိုက်ဖမ်းနေတာ မဟုတ်ဘူး။ ကိုယ်သွားတဲ့အချိန်က ပုလိပ်တွေရဲ့ စီမံချက်နဲ့ ဖမ်းတဲ့အချိန် မဟုတ်ရင် မလွယ်ဘူး။ အလုပ်ရှာရ အခက်၊ ပြန်လာရလဲ အခက်နဲ့ ဒုက္ခပင်လယ်ဝေသွားနိုင်တယ်ဆိုပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ပြန်ပြီး ကျနော့်အတွက် အခွင့်အလမ်းတစ်ခု ဖန်တီးနိုင်တယ်ဆိုတဲ့ အကြံတစ်ခုကတော့ သေချာသွားသွားတယ်။

အဲ့ဒီရက်အတွင်းမှာပဲ မိန်းမနဲ့ကလေးကို လွမ်းကြောင်း၊ ယောက္ခမတွေလဲ သတိရကြောင်း စသည် ပတ်ချွဲ နှပ်ချွဲလုပ်ပြီး ဖုန်းဆက်လိုက်တယ်။ မိန်းမကတော့ ဘာပဲဖြစ်ဖြစ် အစဉ်မပြေလဲ ပြန်လာပါတော့တဲ့။ ယောက္ခမတွေကလဲ သားကွဲမယားကွဲနေပြီး ဘာမှမထူးတဲ့ အလုပ်ကို လုပ်နေမဲ့အစား ကိုယ့်သားမယားနဲ့ အနီးဆုံးနေရာကို ပြန်လာပြီး ဖြစ်သလို လုပ်ကိုင်စားပါတဲ့။ အရင်းနှီးထုတ်ပေးမယ် ဆိုပဲ။

ဒါပေမဲ့ ကျနော့်ဘက်ကတော့ အလျှော့မပေးပါဘူး။ အလွန်အစဉ်ပြေကြောင်း၊ အလုပ်တွေက မအားလပ်အောင်လုပ်နေရကြောင်း၊ စိတ်ကို အလုပ်ထဲမှာပဲ နှစ်ထားပြီး အချိန်တန်မှ ငွေထုတ်ပိုက်၍ ပြန်လာရန် ဆုံးဖြတ်ထားတဲ့အတွက် လုံးဝ အဆက်အသွယ် မလုပ်ဖြစ်ကြောင်း၊ အခုအချိန်တန်ပြီဖြစ်၍ မကြာခင် ငွေထုတ်ပိုက်ပြီး ပြန်လာတော့မည် ဖြစ်ကြောင်း၊ ပတ်စပို့သက်တန်း ကုန်သွားပြီဖြစ်၍ အန္တရာယ်များတဲ့ တောလမ်းမှ ဖြတ်ပြီး ပြန်လာရမည် ဖြစ်ကြောင်း၊ ဒါပေမဲ့ စိတ်ပူရန် မလိုကြောင်း၊ ထိုင်းနိုင်ငံဘက်မှ ပြန်လာမည်ဖြစ်၍ အဖေနဲ့အမေအတွက် ရိုးဒယား လက်ဆောင်များလည်း ပါလာမည် ဖြစ်ကြောင်း စသည်ဖြင့် မစားရ ဝခမန်း ပြောလိုက်ပါတယ်။ အဖွားကြီးနဲ့ကျနော် အမျိုးသမီးလည်း အတော် ကျေနပ်နှစ်သက်သော အသံများဖြင့် ပြန်ပြောလာပါတယ်။

နောက်တနေ့ ၄င်းမြန်မာထမင်းဆိုင်သို့ ပြန်သွား၍ မြန်မာပြည်ကို ပြန်ချင်လို့ အဲ့ဒါ ဘယ်ကို ဆက်သွယ်ပြီး ပြန်ရင် ရနိုင်လဲလို့ သွားရောက်စုံစမ်းခဲ့တယ်။ မလေးရှား ရင်းဂစ် ကိုးရာပေးရင် မြန်မာနိုင်ငံ မြဝတီအထိ အန္တရယ်ကင်း ဘေးရှင်းစွာ ပြန်ပို့ပေးဖို့ တာဝန်ယူကြောင်း ဆိုင်ရှင်က ပြောပါတယ်။

ကျနော် အနေနဲ့ တခြားနေရာတွေမှာ မစုံစမ်းဖူးပါဘူး။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်က ဘယ်သူ့အပေါ်မှာမှ မရိုးသားခဲ့တဲ့ အတွေ့အကြုံအရ သူတို့ကိုလဲ မရိုးသားတဲ့လူတွေပဲလို့ မြင်ပါတယ်။ ကိုယ်ကိုတိုင်က မကောင်းမှုပေါင်းများစွာကို လုပ်နေတဲ့ လူတွေဟာ လူတိုင်းကိုလဲ ဒီလိုလုပ်လိမ့်မယ် ထင်တာ ကျနော့်ရဲ့ သီဝရီပဲ။

ရင်းဂစ်ကိုးရာဆိုတော့ သူစိမ်းမို့ သက်သက်ဈေးတင်ထားတာလို့ တွက်လိုက်တယ်။ ဒါကြောင့် အတည်ပေါက်နဲ့ ပြန်အစ်လိုက်တယ်။ ဟိုဘက်ကဆိုင်မှာတော့ ရှစ်ရာလို့ပြောတယ်ဗျ… လမ်းကြောင်းချင်း မတူလို့လား လို့။ ဆိုင်ရှင်က မျက်ထောက်နီကြီးနှင့် ပြန်ကြည့်၍ သွားချင်မှသွား မသွားချင်နေဟု ပြန်ဟောက်လိုက်သောကြောင့် အူလည်လည်ဟန်ဖြင့် အခုမဟုတ်သေးပါဘူး… ငွေစုရဦးမယ် … ပြန်မဲ့နေ့ ကျနော် ပြန်လာခဲ့မယ်လို့ ပြောပြီး ပြန်လာခဲ့လိုက်တယ်။

မလေးငွေတစ်ထောင်ကျော်လောက် စုမိတဲ့နေ့မှာ ကျနော် အဲ့ဒီဆိုင်ကို ပြန်သွားပြီး ဆက်သွယ်တယ်။ အစဉ်ပြေတယ်။ လမ်းကြောင်းကတော့ ဟယိုင်ဘက်ကနေ သွားရမှာတဲ့။ ဒါပေမဲ့အသွားလမ်းမှာ ညရထားစီးပြီး သွားရတာမို့ ကျနော် ဘာမှမမြင်ခဲ့ရပါဘူး။ ကျနော်တို့ အတူပြန်လာတဲ့လူတွေ အတော်များတယ်။ ဘယ်နှစ်ယောက်လဲတော့ အသေခြာ မရေတွက်မိဘူး။

ရထားပေါ်မှာ စကားမပြောဘို့ မှာထားသေးတယ်။ ဘယ်နေရာလို့ ပြောရမှန်း မသိတဲ့ လမ်းခရီးဘူတာတစ်ခုမှာ ဆင်းပြီး လမ်းလျှောက်ရသေးတယ်။ ပြီးတော့ အိမ်စီးကားသေးလေးတွေရဲ့  နောက်ဖုံးမှာ လူ ၆ယောက်ကို ဇွတ်ထိုးတင်ပြီး ခေါ်သွားတယ်။ နာရီဝက်လောက်ကြာတော့ ကားက ရုတ်တရက် ရပ်သွားတယ်။

ပြီးတော့ ကားနောက်ဖုံးကို ဖွင့်ပေးတယ်။ လူတွေမှ မတ်မတ်မရပ်ရသေးဘူး။ ပုလိပ်အယောက်နှစ်ဆယ်လောက်ကို တွေ့လိုက်တယ်။ ဘေးလူကတော့ ပြောတယ်။ ငါ့တို့ အဖမ်းခံရပြီတဲ့။ ဒီလိုနဲ့ အားလုံး အချုပ်ကားလေးပေါ် ပြောင်းစီးလိုက်ကြတယ်။

ထုံးစံအတိုင်း စပ်စုချင် စိတ်ကလေး ရှိတာနဲ့ စကားစပ်မိတဲ့ လူအချို့ကို မေးကြည့်လိုက်တယ်။ လမ်းစရိတ်အတွက် တစ်ယောက်ဘယ်လောက် ပေးရလဲလို့ မေးကြည့်လိုက်တော့ အချို့က တစ်ထောင်ပေးခဲ့ရကြောင်း၊ အချို့ကလဲ ကိုးရာငါးဆယ် စသည် ပေးခဲ့ရ၍ ကျနော်အတော်လေး အူမြူးသွားပြီး ကိုယ့်ကိုယ်တောင် ဂုဏ်ယူမိတယ်။ ဒါပေမဲ့ အခြားလူတွေကို ဆက်မေးကြည့်လိုက်တော့ ရှစ်ရာ့ငါးဆယ်သာ ပေးခဲ့ရတဲ့ သူတွေကိုလဲ တွေ့လိုက်ရော ဝမ်းနည်းပတ်လက်ဖြစ်ပြီး အဲ့ဒီ ဆိုင်ရှင်ဆိုတဲ့ လူကို ပြးပြီး သတ်ချင်စိတ် ပေါက်သွားတယ်။

ပြီးတော့ မဲဆောက်အချုပ်ဆိုတဲ့ နေရာကို ရောက်တယ်။ ကျနော်တို့အားလုံးရဲ့ လက်ဗွေရာတွေကို ယူထားလိုက်တယ်။ အချုပ်နဲ့ကပ်ရက် အပြင်ဘက်မှာ ထမင်းထုတ်လေးတွေ ရောင်းနေတဲ့ မြန်မာလူမျိုးတွေကို တွေ့တယ်။ ဖုန်းလဲငှားတယ်။ ရေသန့်ဗူးလဲ ရောင်းတယ်။ ဆေးလိပ်လဲ ဝယ်သောက်လို့ ရတယ်။

ခဏနေတော့ အသားမဲမဲ ပုတက်တက်နဲ့ အင်္ကျီမပါပဲ ဘောင်းဘီတို ဝတ်ထားတဲ့ စကားခပ်ဝဲဝဲ မြန်မာလူမျိုးတစ်ယောက်နဲ့ ပုလိပ်တွေ ဝင်လာတယ်။ ဒီကောင်ကို ပုလိပ်တွေက မဖမ်းဘဲ ဘာဖြစ်လို့ အရေးတယူ ဆက်ဆံနေရတာလဲလို့ မေးကြည့်လိုက်တော့ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်က အဲ့ဒါ ပုလိပ်ခွေးလို့ ခေါ်တယ်။ သူက မြန်မာပြည်သားတွေကို ဘယ်နေရာမှာ ဖမ်းပြီး ဘယ်လိုငွေညှစ်ရမလဲ ဆိုတဲ့ အချက်အလက်တွေကို ပြောပြရတယ်။ ပုလိပ်တွေက ဒီလိုလူမျိုးကို လုံးဝမဖမ်းတဲ့အပြင် ဝေစုထဲကနေတောင် သူ့ကို ခွဲပေးကြသေးတယ်တဲ့။ တယ်ဟုတ်ပါလား။ ကျနော်တောင် စိတ်ဝင်စားသွားတယ်။

ကျနော်သာဆိုရင် ဘယ်လိုလုပ်လိုက်မယ်လို့တောင် စိတ်ကူးလိုက်သေးတယ်။ ဒါပေမဲ့ ထိုင်းစကားမတတ်တာက တစ်ကြောင်း၊ ကိုယ့်မှာ ဆက်လုပ်မဲ့ အကောင်းဆုံး လမ်းစဉ်ရှိနေတာက တစ်ကြောင်းမို့ ပုလိပ်ခွေးအလုပ်ကို စွန့်လွှတ်လိုက်ရတယ်။

ပုလိပ်အချုပ်ကို ရောက်ပြီး နောက် လေးငါးနာရီလောက် အကြာမှာ အချုပ်ကားနှစ်စီး ပြန်ရောက်လာပြီး ကျနော်တို့ကို အဲ့ဒီ ကားပေါ်တက်ခိုင်းတယ်။ ဘယ်ကို ခေါ်သွားမှာလဲလို့ ဘေးလူကို မေးကြည့်လိုက်တော့ တောမောအချုပ်ကို သွားမှာတဲ့။ တောမော အချုပ်ဆိုတာ ဘယ်လိုဟာလဲလို့ မေးကြည့်လိုက်တော့ တောမောဆိုတာ မြန်မာလို လဝက ပေါ့ကွာတဲ့။ အဲ့ဒီလဝက အချုပ်ကိုရောက်တာ ကံကောင်းတယ်တဲ့။ အဲ့ဒီကို မရောက်ဘူးဆိုရင် ထောင်ခြောက်လ ကျတယ်တဲ့။ ဘာတွေမှန်းကို မသိတော့ဘူး။

အဲ့ဒီ တောမောအချုပ်ထဲကို ရောက်တော့ ပျော်တဲ့လူကလဲ ပျော်နေကြသလို ညစ်ပြီး မှိုင်တဲ့လူကလဲ မှိုင်နေတယ်။ နံရံမှာ ပေါက်ကရရေးတဲ့ လူတွေကလဲ လိုက်ရေးနေတယ်။ ပျော်နေတဲ့လူ အတော်များများက ညနေကျရင် အသွန်ခံရတော့မှာမို့ ပျော်နေကြတာတဲ့။

ကျနော်က စပ်စုလိုက်တယ်။ အသွန်ခံရတယ်ဆိုတာ ဘာလဲလို့။ ထိုင်းလူမျိုးတွေက ကျနော်တို့ မြန်မာလူမျိုးတွေကို အမှိုက်လို့ သက်မှတ်တယ်။ အဲ့ဒီအတွက် ဒီမဲဆောက်မှာတင် မိတဲ့လူတွေကို ဟိုဘက် မြန်မာပြည်ကမ်းဘက် စက်လှေနဲ့ ပြန်ပို့လိုက်တာကို သွန်တယ်လို့ ခေါ်တာတဲ့။ ဒါဆိုရင် ကျနော်တို့ကိုရော ဘယ်တော့ သွန်မှာလဲ မေးကြည့်လိုက်တော့ ဒို့ကိုတော့ မသွန်ဘူးတဲ့။ မြန်မာပြည် ရဲဆီ ပြန်အပ်မှာတဲ့။ အဲ့ဒီ ရောက်မှ မြန်မာပြည် ရဲကနေ တစ်ယောက်ကို ဘယ်လောက်ဆိုပြီး ထိုင်းပုလိပ်ကို ငွေရှင်းပေးလိုက်တာတဲ့။

ကျနော်တို့ကို မြန်မာပြည်ရဲကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တစ်ယောက်ဘယ်လောက်ဆိုပြီး ဒဏ်ရိုက်မှာတဲ့။ တချို့ နီးတဲ့လူတွေကိုတော့ အိမ်အရောက်လိုက်ပို့ပေးပြီး အိမ်ရောက်မှ ငွေရှင်းစနစ်နဲ့ လုပ်တာလဲ ရှိသတဲ့။ ဝေးလဲဝေးတယ်၊ ဒဏ်ငွေလဲ ဆောင်နိုင်တယ် ဆိုရင်တော့ သူ့အိမ်ကို ဖုန်းဆက်ပေးပြီး ဘယ်သူတော့ ဘယ်အချုပ်မှာ အဖမ်းခံထားရတယ်။ အဲ့ဒါ ဘယ်လောက်နဲ့ လာရွေးပါဆိုပြီး အရွေးခိုင်းတယ်။ မတတ်နိုင်တဲ့ သူကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်လ ဒါမှမဟုတ် တစ်နှစ်အထိလဲ ကျနိုင်တယ်တဲ့။

အဲ့ဒီ သတင်းကြားတော့ ကျနော် အရမ်းဝမ်းသာသွားတယ်။ အိမ်က လာမရွေးနိုင်မဲ့ လူတွေ ငွေပေးရမှာ ကြောက်ကြတဲ့ လူတွေကတော့ အတော်လေး စိတ်ပျက်နေကြပါတယ်။ ကျနော် ပါလာတာက မလေးငွေ တစ်ထောင်ကျော်၊ အပြန်လမ်းခရီးကို စီစဉ်ပေးတဲ့ ပွဲစားကို ပေးလိုက်ရတာက ကိုးရာ၊ ရွာရောက်ရင် ရှိုးလေးမိုးလေးလုပ်ဖို့ ဝယ်လိုက်တာနဲ့ လမ်းခရီးမှာ စားဖို့သောက်ဖို့ နည်းနည်းပါးပါး ဝယ်လိုက်တော့ ပိုက်ဆံက ဘာမှ သိပ်မကျန်တော့ဘူး။ မြဝတီရောက်ရင် ခရီးဆက်လို့ရအောင်လမ်းစရိတ် အနည်းငယ်ပဲကျန်တော့တာ။ အခုလို အဖမ်းခံလိုက်ရတော့ အချုပ်ထဲမှာ စားဖို့သောက်ဖို့ ဟိုဝယ်ဒီဝယ် လုပ်လိုက်တာ ပြောင်ရော။

ပုလိပ်အချုပ်ထဲမှာ ပိုက်ဆံရှိရင် ကြိုက်တာဝယ်လို့ ရသလို တောမော ခေါ် လဝက အချုပ်ထဲမှာလဲ ကြိုက်တာမှာပြီး ဝယ်ခိုင်းလို့ရတယ်။ အချုပ်ထဲကနေ အိမ်ကိုတောင် ဖုန်းလှမ်းဆက်လိုက်သေးတယ်။ အဖမ်းခံထားရတဲ့အကြောင်း ပြောရင်း အသနားလည်းခံရင်းပေါ့။ သူတို့ လာရွေးအောင် ကြိုပြီးတော့ စရံ ရိုက်ထားလိုက်တာ။ အဲ့ဒီနောက် မြန်မာပြည်က အချုပ်ခန်းတစ်ခုထဲကို ရောက်ပါတယ်။ ရဲတစ်ယောက်က ကျနော်ပေးတဲ့ ဖုန်းနံပါတ်နဲ့ လာရွေးဖို့ ဖုန်းဆက်ပေးပါတယ်။ သူတို့အညာက လူလည်တစ်ယောက် လာရွေးပါတယ်။ တသိန်းခွဲနဲ့။

အိမ်ကိုရောက်တော့ ယောက္ခမတွေကိုလဲ ပြားနေအောင် ရှိခိုးကန်တော့လိုက်တယ်။ သားနဲ့မယားကိုလဲ ငိုရိုပြလိုက်တယ်။ ချစ်လွန်း လွမ်းလွန်းလို့သာ၊ သားနဲ့မယားကို မခွဲနိုင်မခွါရက် ဖြစ်လွန်းလို့သာ၊ သားကွဲ မယားကွဲ နေရတဲ့ ဒုက္ခကြီးကို မခံစားနိုင်တော့လို့သာ ပြန်လာရတာပါ ဆိုတဲ့အကြောင်းနဲ့ လမ်းခရီးတွင်လဲ အသက်နဲ့ လုခဲ့ရကြောင်း တဝကြီးကို ရွှီးလိုက်တယ်။ မိန်းမကတော့ မျက်ရည်လေးစက်လက်နဲ့။ အဲ့ဒါဟာ ကျနော့်အကြံ အောင်တော့မဲ့ လက္ခဏာပဲလို့ နားလည်လိုက်တယ်။

ပြီးတော့ ပိုက်ဆံတွေလဲ များစွားပါခဲ့ကြောင်း၊ အဝတ်အစားတွေလဲ ပါခဲ့ကြောင်း၊ ဒါပေမဲ့ လမ်းခရီးတွင် အခိုးခံလိုက်ရ၍ ဘာမှပြန်မပါလာရခြင်း ဖြစ်ကြောင်းကိုလဲ ထည့်ပြောလိုက်ပါသေးတယ်။ အားလုံးက ယုံကြည်ကြပါတယ်။

အပိုင်း(၃)
ဒီလိုပဲ အခြေနေပေးရင် ပေးသလို အလစ်မှာ ဘီယာကို ယူသောက်တယ်။ ဟင်းလျာတွေကို ယူချက်တယ်။ အဆင်ကို ပြေနေတာပဲ။ ရေချိုးခန်းက သူ့သွားတိုက်ဆေးဗူးနဲ့ ဆပ်ပြာဗူး ခေါင်းလျှော်ရည်ဗူးတွေကိုပါ ယူသုံးပေးလိုက်တယ်။ တစ်ရှူးလောက်ကတော့ ပြောမနေနဲ့။ ကိုယ့်ကို လာလုပ်ကြွေးမဲ့သူ တစ်ယောက် ရထားသလိုကို ဖြစ်နေတော့ မောင်မင်းကြီးသား များများအစဉ်ပြေပြီး များများဝယ်ထားပါစေလို့တောင် ကြိတ်ပြီး ဆုတောင်းမိသေးတယ်။

နောက်လေးငါးခြောက်ရက်လောက် ကြာတဲ့အခါမှာ အခုပြန်လာတာဟာ အမေရိကန်နိုင်ငံကို ထွက်ခွါတော့မှာမို့ သားနဲ့မယားကို လာပြန်ခေါ်ရင်း အဖေနဲ့အမေကို လာရောက် ကန်တော့ရခြင်း ဖြစ်ကြောင်းကို လူစုံတက်စုံရှိတဲ့ အချိန်မှာ ပြောလိုက်ပါတယ်။ ဟိုရောက်ရင် ပိုက်ဆံတွေ ဘယ်လိုရမှာ ဖြစ်ကြောင်း၊ သားကြီးကိုလဲ ဟိုမှာပဲ ကျောင်းထားရမှာမို့ အစစအရာရာ အစဉ်ပြေမှာ ဖြစ်ကြောင်း ပြောလိုက်တယ်။

အစောတည်းက နိုင်ငံခြားကို အထင်ကြီးနေသူတွေဖြစ်လို့ သိပ်ပြီး မစည်းရုံးလိုက်ရပါ။ ယောက္ခမကြီးက အဲ့သလိုဆိုရင် ငွေဘယ်လောက်ကုန်မလဲပြော ငါ့မြေးကို နိုင်ငံခြားမှာ ကျောင်းထားခွင့်ရမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် ငါစိုက်ထုတ်မယ်လို့ ထုတ်ပြောပါတယ်။ ကျနော် လိုချင်တာ အဲ့ဒါပဲလေ။

ဘာပဲပြောပြော ကျနော့်ဘက်ကတော့ မလျှော့ပါဘူး။ အမေရယ် အဲ့ဒိငွေတွေကလဲ ဟိုရောက်ရင် နှစ်လသုံးလနဲ့ ပြန်ပို့ပေးနိုင်မှာပါ လို့ပြောလိုက်တယ်။ ကျနော်တို့က ဟိုရောက်ရင် အမေရိကန်နိုင်ငံသား ဖြစ်သွားမှာ၊ အဲ့ဒီက နိုင်ငံကူးလက်မှတ်ရတာနဲ့ အမေတို့ဆီ တစ်နှစ် တစ်ခေါက်တော့ ပြန်လာမှာပါလို့လဲ ပြောလိုက်တယ်။ အဖွားကြီးကတော့ သဘောတွေကျလို့။ အဖိုးကြီးကတော့ အဲ့သလောက် ငွေကုန်ကြေးကျ များနေမှတော့ ဒီကနေ တိုက်ရိုက်သွားလို့ မဖြစ်ဘူးလားကွလို့ ဝင်မေးပါတယ်။

ဒီကနေသွားရင် အမေရိကန်ကို ဝင်ခွင့်ဗီဇာ ရဖို့မလွယ်ကြောင်း၊ ရခဲ့ရင်လဲ ဟိုရောက်ရင် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်ရေးရမှာ မဟုတ်ကြောင်း ဘာရယ်မဟုတ် ရမ်းတုတ်လိုက်တယ်။ ဟုတ်တယ်။ ကိုယ်လဲ အသေချာသိတာ မဟုတ်ဘူးလေ။ လိုရင်းက ကိုယ့်ဆန္ဒအတိုင်း ရှေ့ဆက်နိုင်ဖို့ပဲ။

သားနဲ့မယားကို မလေးရှားထိ ပြန်ခေါ်လာပြီး တိုက်ခန်းငှားနေတယ်။ ပိုက်ဆံကလည်း လိုတာထက် နှစ်ဆပို တောင်းခဲ့တာမို့ ဟိုရောင်ရောင် ဒီရောင်ရောင်နဲ့ နှစ်နှစ်လောက် မှိန်းပြီး စားနေလိုက်တယ်။ လိုရင်လဲ အိမ်ကနေ ပြန်မှာလိုက်သေးပေါ့။

တိုတိုပြောရရင် အမေရိကကို ရောက်ခဲ့တယ် ဆိုပါတော့ဗျာ။

အမေရိကကို ရောက်တော့ ကိုယ်ထင်ထားတာနဲ့ တက်တက်စင် လွဲနေလို့ သေချင်ဆော်ပါ နံသွားတယ်။ ကျနော်က အလုပ်တွေလဲ အရမ်းပေါမှာပဲ၊ ပိုက်ဆံတွေလဲ အရမ်းရမှာပဲ၊ ပျော်စရာ ရွှင်စရာ လည်စရာ ပတ်စရာတွေလဲ အရမ်းပေါမှာပဲလို့ ထင်ခဲ့တာလေ။

ရောက်ပြီးတဲ့ အခါမှာတော့ ထင်သလို မဟုတ်ဘူး။ တက်တက်စင်အောင် လွဲနေတယ်။ ပြီးတော့ ကျနော်က ဆောက်လုပ်ရေးကို ကျွမ်းကျင်တယ် ဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးမယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အဲ့ဒီ ဆောက်လုပ်ရေးအလုပ်က အလုပ်ကြမ်းသမားတောင် အောင်လက်မှတ်ရှိမှ လုပ်ခွင့်ရှိတယ်တဲ့။

အလုပ်လုပ်တဲ့ အခါမှာလဲ ရတဲ့ ဝင်ငွေကတော့ များပါရဲ့၊ ဒါပေမဲ့ အခွန်က နှစ်ခါပြန်တောင် ဖြတ်တာတဲ့။ ပြည်နယ်အစိုးရက တစ်ခါ၊ ဗဟိုအစိုးရက တစ်ခါတဲ့။ ကံကောင်းတာက မိသားစုနဲ့ဆိုရင် အခွန်ကို သိပ်ပြီး မဖြတ်ဘူးဆိုပဲ။ ပြီးတော့ အလုပ်ရှာရတာကလဲ တော်တော်ခက်တယ်ဗျ။ ဘာသာစကားကျွမ်းကျင်မှု မရှိတော့ ပိုဆိုးတာပေါ့ဗျာ။

ကျနော်ရောက်တဲ့မြို့ (ရမ်ဆယ်လီယာမြို့၊ နယူးယောက်ပြည်နယ်။ Rensselaerville, New York)မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်။ အဲ့ဒီမှာ မြန်မာတွေအားလုံးနီးပါး ဝင်ထွက်သွားလာကြတယ်။ ကျနော်လည်း အလုပ်ကိစ္စအတွက် စုံစမ်းရင်း ဝင်ထွက်သွားလာ ဖြစ်ခဲ့တယ်။ မြန်မာတစ်ယောက်ရဲ့ အဆက်နဲ့ပဲ အလုပ်တစ်ခုရခဲ့တယ်။ မြန်မာ အသိုင်းအဝိုင်းမှာတော့ ကျနော်ရတဲ့ အလုပ်က ဝင်ငွေအကောင်းဆုံးအလုပ်လို့ လူပြောများကြတယ်။ အလုပ်မရမချင်းတော့ တွေ့သမျှလူကို ဒူးဖက်ပြီး ပေါင်းခဲ့ရတယ်ဗျာ။ အလုပ်ရပြီးတဲ့နောက်တော့ အားလုံးကို ခပ်တန်းတန်း ခပ်မှန်မှန်ပဲ ပြန်ဆက်ဆံလိုက်တယ်။ ဘုရားပြီးရင် ငြမ်းကိုဖျက်လို့ မြန်မာဆိုရိုးစကားက ရှိပေသကိုးဗျ။

အမေရိကမှာ အလုပ်ရတာဟာ ထီပေါက်သလို တန်ဖိုးရှိလေတော့ လွယ်လွယ်နဲ့ အပြုတ်ခံလို့ မဖြစ်ဘူး။ တစ်နာရီမှာ သူများက ရှစ်ခုလောက်ပြီးတဲ့ အလုပ်ကို ကျနော်က ဆယ်ခုလောက် ပြီးအောင်လုပ်တယ်။ မြန်မာပြည်မှာတုန်းကလိုပဲ ဖြုတ်ထုတ်ရှင်းနည်းကို သုံးပြီး နေရာကောင်းရဖို့ ကြိုးစားကြည့်တယ်။

ဒါပေမဲ့ ဘာသာစကား သိပ်မပေါက်တာ တစ်ကြောင်း၊ သူတို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ခံယူချက်တွေက ကျနော်တို့ မြန်မာတွေနဲ့ မတူတာက တစ်ကြောင်းမို့ ထင်သလို မဖြစ်တဲ့အပြင် အလုပ်သမားအားလုံးကို ကျနော့်စံချိန် မှီအောင်လုပ်ဖို့ သတ်မှတ်လိုက်တယ်။ အလုပ်သမားအားလုံးက ကျနော့်ကို မကျေနပ်ကြဘူး။

မတတ်နိုင်ဘူး။ ကိုယ်လဲ ကိုယ့်အခွင့်အရေးကိုယ် ဖန်တီးကြည့်တာပဲ။ သူတို့လဲ ကျနော်ကိုတော့ တိုက်ရိုက်လာမပြောရဲကြဘူး။ ကျနော် အဲ့ဒီစက်ရုံကို မရောက်ခင်မှာ အလုပ်သမားအားလုံးက အေးအေးဆေးဆေးနဲ့ ပုံမှန်လုပ်ပြီး ပိုက်ဆံကို ပုံမှန်ရနေကြတယ်။

ကျနော်ရောက်လာမှ အလုပ်ထဲမှာ မြန်မြန်လုပ်ဖို့ များများလုပ်ဖို့ ဖိအားပေးခံကြရတယ်ဆိုပြီး လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ချင်ကြတော့ဘူး။ ကြာတော့ အလုပ်တွေက တဖြည်းဖြည်း ပါးလာတယ်။ အလုပ်သမားတွေက ရှိသမျှ အော်ဒါတွေကို အကုန်ပြီးအောင် မလုပ်ကြဘဲ ဖြည်းဖြည်းချင်းလုပ်ပြီး အလုပ်ပုံမှန်ရှိအောင် ချန်ထားကြတာ။ အခု ကျနော်က များများနဲ့ မြန်မြန်လုပ်လိုက်တာဆိုတော့ အလုပ်ရှင် စိတ်ကြိုက်ပေါ့။ ကျနော့်ကိုတော့ အလုပ်ရှင်ရော မန်နေဂျာတွေရော အားလုံးက ဂွတ်ဂျော့ဘ်လို့ အမြဲတန်းပြောတယ်။

ဒီလိုနဲ့ လုပ်လာလိုက်တာ အလုပ်ထဲမှာ အလုပ်သမားတွေရဲ့ လုပ်အားက အရမ်းကောင်းလာတော့ အလုပ်သမားလျှော့ဖို့ ခြေလှမ်းပြင်လာတယ်။ ကျနော်က နောက်ဆုံးဝင်တဲ့သူဆိုတော့ ကျနော်ကိုယ်တိုင် အရင်ဆုံး အနားပေးခံရတဲ့ အထဲမှာ ပါသွားတယ်။ လုပ်သက် ငါးနှစ် ဆယ်နှစ်သမားတွေကိုတော့ ချက်ချင်း အနားပေးလို့ မရသေးလို့ ကျန်ခဲ့တယ်။

ကျနော့်အပြင် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်သမားတွေ အတော်များများလဲ အနားပေးခံလိုက်ရတယ်။ ကျနော် အဲ့ဒီလို ဖြစ်သွားတော့ အားလုံးက ဝမ်းသာနေကြတယ်။ ကျနော်နဲ့ ပတ်သက်ပြီးတော့လဲ စကားပုံတစ်ခု ကျန်ခဲ့တယ်။ ဂွတ်ဂျော့ဘ် မလိုဘူး၊ အလုပ်ပုံမှန်ဖို့ပဲ လိုတယ်တဲ့။ 

ကျနော့် အလုပ်ထဲက အနားပေး မခံရခင်မှာပဲ ကျနော့်မိန်းမ အလုပ်ရတယ်။ ပထမတော့ မိန်းမကို အလုပ်မလုပ်ဖို့ ဟန်လုပ်ပြီး တားကြည့်လိုက်ပါသေးတယ်။ သူက ကျနော့်စကားကို အတည်လက္ခံတော့မဲ့ အနေအထားမှာ ရှိနေလို့ သားလေးရှေ့ရေးက ရှိသေးတယ် ဆိုတော့ လုပ်ချင်လဲ လုပ်ပေါ့လို့ ကိုယ့်စကားကို ပြန်လျှော့လိုက်တယ်။ ဟုတ်တယ်။ သူတို့ကို လုပ်ကြွေးချင်လို့ ခေါ်လာတာမှ မဟုတ်တာ၊ ကိုယ်ကိုယ်တိုင် အစဉ်ပြေချင်လို့ အခြေအနေအရ ခေါ်လာတာပဲလေ။

ကျနော်မှာ အလုပ်လက်မဲ့ ဖြစ်နေပေမဲ့ အစိုးရဆီမှာ အလုပ်လက်မဲ့လစာ လျှောက်စားတာဆိုတော့ တစ်ပါတ် သုံးရာ့ငါးဆယ်လောက်တော့ ရတယ်။ ဒါပေမဲ့ အိမ်လခက ဈေးကြီးတော့ သိပ်မကိုက်ဘူး။ ကြားပေါက်ဝင်ငွေ ဘယ်လိုရအောင် ရှာမလဲ။ ပုံမှန်ဝင်ငွေကို ဘယ်လိုလျှော့မလဲလို့ စဉ်းစားလိုက်တယ်။

ကျနော်နေတဲ့ အိမ်က တထပ်လုံး ငှားထားတာ ဆိုတော့ အခန်းတစ်ခန်း ပိုနေတယ်။ အိမ်ရှင်ကိုယ်တိုင်က လူတင်မယ်ဆိုရင်တော့ ကျနော့်အတွက် ဈေးအနည်းငယ် သက်သာတာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်က နောက်လူ လက်မခံချင်တော့ကြောင်း ပြောပြီးတော့ လစာနည်းနည်း ပိုပေးလိုက်တယ်။

အိမ်ရှင်မသိအောင် တခြားလူကို ခေါ်တင်ပြီး အဲ့ဒီလူရဲ့ အိမ်လခကို ကျနော်က ယူမလို့ စီစဉ်တာပေါ့။ အိမ်ရှင်ကို ပုံမှန်ဈေးထက် တစ်ရာ ပိုပေးလိုက်တယ်။ တခြားလူ တစ်ယောက်ကို နှစ်ရာခုနစ်ဆယ့်ငါးဒေါ်လာနဲ့ လက္ခံထားလိုက်မယ်ဆိုရင် ကျနော်က တစ်ရာခုနစ်ဆယ့်ငါးဒေါ်လာ အသားလွတ် အမြတ်ထွက်မယ်။

ဒီအမေရိကမှာက တစ်ယောက်တည်းသမားတွေအတွက် အိမ်ငှားရတာ အရမ်းဒုက္ခရောက်တယ်။ သူတို့အတွက် အိပ်ခန်းတစ်ခန်းတည်း အိမ်က ရှားလဲရှားသလို ရှိခဲ့ရင်လဲ ဈေးကြီးတယ်။

အဲ့ဒီတော့ တစ်ယောက်တည်းသမားတွေက ကျနော်တို့လို မိသားစုရှိတဲ့ လူတွေနဲ့ ရှယ်ပြီးနေမှ ဈေးသက်သာတယ်။ ဒါပေမဲ့ မိသားစုရှိတဲ့ သူတွေအနေနဲ့ကလည်း သူစိမ်းနဲ့ အတူနေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲလေ။ အဲ့ဒီတော့မိသားစုရှိသူတွေနဲ့ အကျွမ်းတဝင် မရှိတဲ့သူဆိုရင် အိမ်ရှာဖို့က လုံးဝကို ခက်ခဲတဲ့ ကိစ္စတစ်ခုပဲ။ အဲ့ဒီ အခြေအနေကိုက ကျနော့်ကို ကံကောင်းစေတာပဲ။

အမှိုက်ကို ရွှေဖြစ်အောင် လုပ်တတ်တဲ့ ကျနော့်ကို ကျနော်တောင် မင်းဘာကြောင့် ဒီလောက် တော်နေရတာလဲလို့ ပြန်ပြန်မေးမိတယ်။ အိမ်ရှင်မသိအောင် ထားရမှာဆိုတော့ ဆိုင်းဘုတ်ကပ်ပြီး ကြော်ငြာလို့မရဘူး။ ဒါကြောင့် လူစုံတက်စုံရှိတဲ့ ဘုန်းကြီးကျောင်းတို့ ချပ်ကျောင်းတို့လို နေရာတွေကို သွားပြီးတော့ သတင်းလွှင့်တယ်။

ကျနော့်အတွက်တော့ မသာဆယ်ခေါက် ကျောင်းတစ်ခေါက်ပဲ။ အသုဘသွားရင် ငွေထည့်ရမယ်။ ဘုန်းကြီးကျောင်းသွားရင် ဝါးတီးလဲငြိမ်းတယ်။ သတင်းစုံလဲ လေ့လာလို့ရတယ်။ ကိုယ်လုပ်ချင်တာကိုလဲ ကြေငြာမောင်းထုလို့ ရတယ်။ ဒါကြောင့် မသာကိုရှောင်တယ်၊ ကျောင်းကိုဆောင်တယ်။

သိပ်မကြာပါဘူး။ စာရေးဆရာရောင်ရောင် နိုင်ငံရေးသမားရောင်ရောင်နဲ့ ဘာမှမဟုတ်တဲ့ ကောင်တစ်ကောင်ရောက်လာပြီး အိမ်ခန်းငှားချင်ကြောင်း လာပြောတယ်။ သူ့ပုံစံကြည့်ရတာတော့ ခပ်ထုံခပ်အအ ထဲကပါပဲ။ ပြီးတော့ အရေးပေါ် လိုအပ်နေတာတဲ့။

ဝယ်လိုအားကောင်း ဈေးတင်ရောင်းရမယ် ဆိုတဲ့ စီးပွားရေး မဟာဗျူဟာကို အသုံးချပြီး ကြိုက်ဈေး ပြောကြည့်လိုက်တယ်။ လက္ခံတယ်။ ဒါကြောင့် ခေါ်တင်ထားလိုက်တယ်။ မီးဖိုးပါ တပါတည်း ရောတောင်းလိုက်တယ်။ အိမ်ရှင်နဲ့တွေ့ရင် လာလည်တယ်လို့ပြောဖို့လဲ မှာထားလိုက်တယ်။

ဒီမှာက အိမ်ရှင်တွေဟာ အိမ်ကိုငှားပြီးရင် ငှားရမ်းသူရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရဘူး။ အသိပေး ခွင့်တောင်းပြီးမှ ဝင်ခွင့်ရှိတယ်။ တော်တော် အ တဲ့ငနဲပါ။ အခန်းကို ဘယ်တော့မှ သော့မခတ်ဘူး။ စားစရာ သောက်စရာတွေကိုလဲ ရေခဲသေတ္တာထဲမှာပဲ ကျနော်တို့နဲ့ အတူရောထားတယ်။ ဟင်းလဲ ချက်တတ်ပုံမရဘူး။ အသားငါးတွေ ဟင်းသီးဟင်းရွက်တွေ ဝယ်ထားပြီး ချက်လဲမချက်ဘူး။ အပြင်မှာပဲ ဝယ်စားနေပုံရတယ်။

နောက်တော့ ကျနော်ကပဲ သူဟာတွေကို သွေးထိုးစမ်းတဲ့ သဘောနဲ့ ယူချက်ပြစ်လိုက်တယ်။ သူတစ်ခုခု ပြောလာရင် လဲ ဈေးမသွားဖြစ်လို့ ကိုယ့်လူ ပစ္စည်းတွေကို ခဏ ယူသုံးထားတယ်၊ ဈေးသွားတဲ့နေ့မှ ပြန်ဝယ်ပေးမယ်လို့ ပြောမယ် စိတ်ကူးထားပြီးသား။

ဒါပေမဲ့ သူဘာမှ မပြောဘူး။ ရေခဲသေတ္တာကို ဖွင့်ကြည့်ပြီး ခေါင်းကုတ်လိုက်တာကို သတိထားမိလိုက်တယ်။ ဘယ်လိုလူမှန်း မသိပါဘူးဗျာ။ အမဲသား ဝက်သား ကြက်သားတွေ ဝယ်ထားပြီး တခါတလေ ဆီနဲ့ဆားနဲ့ စားတယ်၊ တခါတလေ ငပိရေကြိုပြီး ကြက်သွန်နီနဲ့ တို့စားတယ်။

တနေ့ ကျနော့် မိန်းမက သူ့အသားငါးတွေကို ယူပြီး ချက်ပြစ်လိုက်တယ်။ ကိုယ့်မိန်းမ ဘာလုပ်လိုက်တယ်ဆိုတာ သိပေမဲ့ ကျနော်ကတော့ နည်းနည်းလန့်သွားတယ်။ ဟိုကောင် ဘာပြောလာမလဲပေါ့။ အဲ့ဒီလူကလဲ ဘာဆိုဘာမှမပြောပဲ အသားတွေ ထပ်ဝယ်လာပြီး ထပ်ထည့်ထားတယ်။ ဘာပဲပြောပြော ကျနော် အဲ့ဒီညကစပြီး ကျနော့်မိန်းမကို လုံးဝ ချစ်သွားတယ်။ အသွင်တူတော့ အိမ်သူ ဖြစ်နိုင်ပါပြီလို့လဲ သိလိုက်တယ်။ ဒါလဲ အမေရိကန် အိမ်တွင်းစီးပွားရေး တစ်ခုပဲ မဟုတ်လား။

တနေ့ သူအလုပ်သွားနေတုန်း သူ့အခန်းထဲ ဝင်မွှေကြည့်တယ်။ ကုတင်အောက်မှာ ဘီယာဗူး ခြောက်ဗူးတွေ့တယ်။ ဘယ်ရလိမ့်မလဲ သုံးဗူးကို ဖောက်သောက်ပြီး အခွံပါ လွှင့်ပြစ်လိုက်တယ်။ ငနဲက မသောက်တတ်ဘူးလိုလိုနဲ့ ခွက်ပုန်းခုတ်နေတာ။ သေချာပါတယ်။ ဒီကိစ္စမျိုးကို သူက ပိုတောင် မပြောဘဲ နေဦးမယ်။ ငအလေ။ ရှက်သလိုလို ရွံ့သလိုလိုနဲ့ လုပ်နေတဲ့ အကောင်။ သူပြောခဲ့ရင်လဲ ညက အရမ်းချမ်းလို့ အပြင်မထွက်နိုင်တာနဲ့ ယူသောက်လိုက်တာပါလို့ ပြောလိုက်ရုံပဲ။ ဒါပေပမဲ့ ငနဲက ဘာမှမပြောဘူး။

ဒီလိုပဲ အခြေနေပေးရင် ပေးသလို အလစ်မှာ ဘီယာကို ယူသောက်တယ်။ ဟင်းလျာတွေကို ယူချက်တယ်။ အဆင်ကို ပြေနေတာပဲ။ ရေချိုးခန်းက သူ့သွားတိုက်ဆေးဗူးနဲ့ ဆပ်ပြာဗူး ခေါင်းလျှော်ရည်ဗူးတွေကိုပါ ယူသုံးပေးလိုက်တယ်။ တစ်ရှူးလောက်ကတော့ ပြောမနေနဲ့။ ကိုယ့်ကို လာလုပ်ကြွေးမဲ့သူ တစ်ယောက် ရထားသလိုကို ဖြစ်နေတော့ မောင်မင်းကြီးသား များများအစဉ်ပြေပြီး များများဝယ်ထားပါစေလို့တောင် ကြိတ်ပြီး ဆုတောင်းမိသေးတယ်။

နောက်တစ်နေ့ ဘီယာသောက်မယ်ဆိုပြီး သူ့အခန်းထဲ ဝင်သွားတော့ ဘီယာဗူးသုံးဗူး တွေ့တယ်။ သုံးဗူးစလုံး ဖောက်ထားပြီးသားတွေချည်းပဲ။ ဘေးနားမှာလဲ စာရွက်လေးတစ်ရွက် ချထားသေးတယ်။ သောက်လိုသူများ သောက်စေသတည်း ဆိုပဲ။

ကိုယ့်လူက သဘောတော့ အကောင်းသားပဲလို့တောင် တွေးမိလိုက်သေးတယ်။ ခွင့်ပြုချက် မရှိပဲနဲ့တောင် သောက်သေးတာပဲ၊ ဒီလို ခွင့်ပြုချက် ရှိလို့ကတော့ သောက်သေးသပဆိုပြီး ကောက်သောက်ချလိုက်တယ်။ အားရပါးရကို မော့ချလိုက်တာ။ ပြီးတော့မှ အလုပ်ထဲထိကို လိုက်သတ်ချင်စိတ် ပေါက်သွားတယ်။ လူယုတ်မာက ဘီယာဗူးခွံတွေထဲကို ဆီးတွေပေါက်ထည့်ပြီး စာရေးထားခဲ့တာပဲ။

ချက်ချင်း အန်ထုတ်လိုက်မယ်ဆိုပြီး ဘေးက ထွေးခံကို ကောက်ကိုင်လိုက်တော့ ထွေးခံထဲမှာ စာရွက်တစ်ရွက်နဲ့ ဟား … ဟား… ဟား… လို့ ရေးထားတယ်။ သူဆင်တဲ့ အကွက်ထဲ ဝင်သွားလို့ အတော်လေး ရှက်သွားတယ်။ စိတ်လဲ တိုမိတယ်။ စိတ်တိုလွန်းလို့ဆိုပြီး မင်းဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ မေးရအောင်ကလဲ အခက်ဆိုတော့ အောင့်သီးအောင့်သက်နဲ့ ခံလိုက်ရတယ်။ နောက် ဒီကောင် ပစ္စည်းဆို သွားကို မကိုင်ချင်တော့ဘူး။

ဒီကြားထဲ ကိုယ်ကလည်း အလုပ်ပြုတ်နေချိန်၊ မိန်းမကလဲ အလုပ်ကောင်းနေချိန်ဆိုတော့ မိန်းမက နည်းနည်း ထောင်ထောင် ထောင်ထောင် လုပ်လာတယ်။ အရင်ကဆိုရင် ကျနော်ဘာပြောပြော ဟုတ်…. ကို… ဆိုပြီး ဖြစ်နေတဲ့ မိန်းမက အခုတော့ အလုပ်မာန်နဲ့ လူကို နဲနဲကျောချင်သလိုလို လုပ်လာတယ်။ ဟိုကောင်ကို သတ်ချင်တာက တစ်ကြောင်း၊ ကိုယ့်မိန်းမက ကိုယ့်ကို အာခံချင်တာက တစ်ကြောင်းနဲ့ အကြောင်းမရှိ အကြောင်းရှာပြီး ဒေါသထွက်ချင်နေတဲ့ အချိန်မှာ ကျနော့်သားဆိုတဲ့ အကောင်က အဖေကြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့လာအီနေတယ်။

နောက်ဆုံး ကြံရာမရဖြစ်ပြီး အဲ့ဒီကောင်ကို ခပ်ပြင်းပြင်းနဲ့ အားထည့်ပြီးတော့ကို ကန်ထုတ်ပြစ်လိုက်တယ်။ သွား... ငါမင်းအဖေမဟုတ်ဘူးလို့ ပါးစပ်က ပြောပြီးတော့ပါ ကန်ထုတ်လိုက်တာ။ ဒီကောင်က ကျနော်နဲ့ရတာ မှန်ပေမဲ့ ကျနော်လိုချင်လို့ ရခဲ့တဲ့သားမှ မဟုတ်တာ။ ကျနော်က သူ့အမေကိုပဲ လိုချင်ခဲ့တာ။ သူ့အမေဆိုတာတောင် မမှန်သေးဘူး။ သူ့အမေရဲ့ မိဘတွေပိုင်တဲ့ ပိုက်ဆံကိုပဲ လိုချင်ခဲ့တာ။ သူ့အမေက သူ့သားကို ကန်လို့ဆိုပြီး ပုလိပ်တိုင်မယ် တကဲကဲ လုပ်ပါလေရော။

ကျနော်ကလဲ ဘယ်ရလိမ့်မလဲ။ ကမ္ဘာပတ်ပြီး လူတကာရဲ့ မျက်ခုံးမွှေးပေါ်မှာ စင်္ကြန် လျှောက်လာတဲ့သူပဲ။ သူ့လောက်ကတော့ သနားတာပေါ့။ ကြောက်ပြနေရင် ပိုပြီး ဖြဲခြောက်နေဦးမယ်။ ဒီတော့ သွားတိုင်ချင်တဲ့ ပုလိပ်သွားတိုင် ငါမကြောက်ဘူးလို့ပြောပြီး ဖုန်းပါ သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။ သူမတိုင်ရဲတော့ဘူး။

ဟုတ်တယ်။ လူဆိုတာ ဒီအတိုင်းပဲ။ ကြောက်ပြနေလို့ရတဲ့ အမျိုးမဟုတ်ဘူး။ သတ်မယ်ဆိုရင် လည်စင်းပေးလိုက်၊ ရိုက်မယ်ဆိုရင် ခေါင်းထိုးပေးလိုက်၊ လက်ရွယ်ရင် ပါးမော့ပေးလိုက် ဒါမျိုးမှ နောက်ပြန် တွန့်သွားတတ်တဲ့ အမျိုး။ အဲ့ဒီလို လုပ်လိုက်တော့မှ ငါဘုန်းကြီးနဲ့ တိုင်မှာတဲ့။ တဆင့်လျှော့သွားတယ်။

ရန်ဖြစ်တာက ညဘက်ကြီးဆိုတော့ ဘုန်းကြီးကို ခေါ်ပေမဲ့ မလာဘူး။ မနက်မိုးလင်းတဲ့အထိ ရန်ဖြစ်ကြတယ်။ အခြေအတင်ပဲ။ နောက်ဆုံးသူမနိုင်မှန်းသိတော့ စကားတစ်လုံး ထုတ်သုံးလာတယ်။ နင်ငါ့ကို လိမ်ယူလာတာ ငါမသိဘူး ထင်မနေနဲ့၊ နင့်ရဲ့သားကြီး မယားကြီး ရှိတာကိုလဲ ငါသိတယ်၊ နင်ရန်ကုန်မှာ ဘယ်လို လိမ်လာတယ်ဆိုတာလဲ ငါသိတယ်၊ ငါတို့ မိဘတွေဆီက ငွေဘယ်လို ချူနေတယ် ဆိုတာကိုလဲ ငါသိတယ်၊ ဒါပေမဲ့ နင်လို လူလယ်နဲ့ ဆက်ပေါင်းရင် ငါတော့ တခုခု ပြောင်းလဲလာမှာပဲလို့ တွေးပြီး အံကြိတ်ပေါင်းလာ တာ၊ အခုတော့ နင်မရှိလဲ ဖြစ်ပြီ။ ကြိုက်တဲ့ အချိန်ဆင်းသွားဆိုပဲ။

အဲ့ဒီအချက်က ကျနော့်ရဲ့ အရှိုက်ကို ထိုးလိုက်တာပဲ။ ဟုတ်တယ်။ အမေရိက ဆိုတာမျိုးက ရန်ဖြစ်ရင် ယောက်ျားက ဆင်းရတဲ့ နိုင်ငံမျိုး။ ပြီးတော့ သူက Single Mother ဆိုပြီး အစိုးရဆီက ထောက်ပံ့ကြေး ရနိုင်သေးတယ်။ ကျနော်ကတော့ အိမ်ပေါ်ကလဲ ဆင်းရဦးမယ်၊ အဲ့ဒီ ကလေးစရိတ်ကိုလဲ ထောက်ပံ့ရဦးမယ်။ လူလွတ်တစ်ယောက်ရဲ့ ဒုက္ခကိုလဲ ခံရဦးမယ်။

မဖြစ်ဘူး၊ မြန်မြန်ပြန်ချော့မှလို့ တွေးပြီး ညက ကို နည်းနည်းမူးသွားလို့ပါကွာ ဘာညာနဲ့ ဖောရွှေလုပ်ပြီး ကလေးကိုပါ တောင်းပန်ပြလိုက်တယ်။ သူကျေနပ်သွားတယ်။ ဒီမိန်းမ ကျနော့်ရဲ့ နိုင်ကွက်ကို သိသွားတာတော့ သေချာသွားပြီ။ ဒါကြောင့် ချော့ပေါင်းမှ ရတော့မယ်လို့ သိလိုက်တယ်။ အဲ့ဒီနေ့ကစပြီး သူ့ကို ကျနော် ချော့ပေါင်းနေရတော့တယ်။ 

ကျနော်လည်း သူ့ကိုနိုင်တဲ့ နိုင်ကွက်က အချော့ကြိုက်တာပဲလို့ သိလိုက်တယ်လေ။ သူက တနေ့မှာ သူ့ရဲ့ အကြံဥာဏ်ကို ထုတ်ပြီးတော့ တိုင်ပင်လာတယ်။ ကျနော်ကလည်း အလုပ်မရှိချိန် ဖြစ်နေတယ်။ ပြီးတော့ သူ့မိဘတွေဆီကိုလဲ ငွေနည်းနည်း ပို့ချင်တယ်တဲ့။ အဲ့ဒီအတွက် ပိုက်ဆံ ပိုထွက်လာအောင် လုပ်ဖို့ နည်းလမ်းလေး ဘာလေး စဉ်းစားပါဦးတဲ့။ ကျနော့်မှာ အကြံမရှိဘူး ဆိုရင်တော့ သူ့မှာ ရှိတယ်တဲ့။ ဒါပေမဲ့ ပြောပြရင် မရီရဘူးနော်တဲ့။

ကျနော်ကလည်း ကျနော့်မှာ အကြံဥာဏ် မရှိတော့ကြောင်းနဲ့ သူပေးလာမဲ့ အကြံကိုလဲ မရီဘဲနဲ့ ဝိုင်းပြီး စဉ်းစားပေးပါမယ်ဆိုတဲ့ အကြောင်းကို ပြောလိုက်တယ်။ သူက ရှက်ချင်ယောင်ဆောင်ပြီး ကျနော့်ရင်ခွင်ထဲ တိုးလာတယ်။ ပြီးတော့ မျက်နှာကို ဟိုဘက်လှည့်ပြီး ကျနော့်လက်ကို သူ့ကိုယ်လုံးပေါ် သိုင်းဖက်ခိုင်းတယ်။ မျက်နှာချင်း မမြင်တော့လို့ အရှက်ပြေဖြစ်အောင် အရင်လုပ်လိုက်တာထင်ပါ့။ ဟို ဆရာတော်ကြီး တစ်ပါးရဲ့ စကားကို သံယောင်လိုက်ပြီး ပါးစပ်က ရှက်တာမဟုတ်ဘူး၊ မျက်နှာက ရှက်တာလို့ ပြောနေတဲ့ ဟန်မျိုး။

တစ်အချက် - ဟိုအကောင်ဆီက အိမ်လစာတိုးတောင်းရမယ်တဲ့။ နှစ်အချက် - စား စရိတ် သောက်စရိတ်တွေကို သုံးပုံနှစ်ပုံ လျော့ချရမယ်တဲ့။ ဒို့က ဒီအကောင်ဆီက အိမ်လခကို အသားလွတ်ကြီး ရနေတာ ထပ်တိုးတောင်းလို့ ကောင်းပါ့မလားလို့ မေးလိုက်တော့၊ ဟာ ဘာလို့မကောင်းရမှာလဲ ဒီအကောင် ဒီအိမ်ကလွဲ တခြားနေစရာ ဘယ်မှာမှ အိမ်မရှိဘူး၊ အခု တယောက်တည်းသမားတွေ အိမ်မရှိလို့ ရှာနေကြတာ အသဲအသန်ပဲ၊ အဲ့ဒီတော့ ဒီကောင်ဆီက အိမ်လခ တိုးတောင်းလို့ ရနိုင်တယ်၊ သူမပေးနိုင်ရင် တခြားတက်လာမဲ့သူတွေ အများကြီး ရှိတယ်၊ မပူနဲ့၊ တိုးသာ တိုးလိုက်လို့ သူပြန်ပြောတယ်။

ဒီအတိုင်းကြီး တောင်းလို့ ကောင်းပါ့မလား။ အကြောင်းပြချက်လေး ဘာလေး ပေးနိုင်ဦးမှ ကောင်းမှာပေါ့လို့ ပြောလိုက်တော့ ဒို့ကို အိမ်ရှင်က လခတိုးတောင်းနေပြီ၊ မင်းလဲ တိုးပေးဦးမှ ရမယ်၊ ဘာညာပြောပေါ့၊ အိမ်ရှင်နဲ့ သူနဲ့က တိုက်ရိုက် စကားပြောလို့ ရတာမှ မဟုတ်တာ ဆိုပဲ။ ကျနော် ကိုယ့်ကိုယ်ကို တော်လှပြီထင်ထားတာ သူနဲ့အသေအချာ ပေါင်းကြည့်မှပဲ ဆရာတဆူ တိုးသွားမှန်း သိလိုက်ရတော့တယ်။

ဆရာသမားလေးကို အားကိုးတကြီးနဲ့ ဒါဆိုရင် စားစရိတ်သောက်စရိတ် သုံးပုံနှစ်ပုံ လျော့ချ ဖို့ ကိစ္စကိုရော ဘယ်လိုလုပ်မယ် စိတ်ကူးလဲလို့မေးလိုက်တော့ အခုကိစ္စကို အောင်မြင်အောင် လုပ်လိုက်ပါ။ ကျန်တာကို နောက်နေ့မှ ဆက်မယ်လို့ နားရွက်ထောင်ထားတဲ့ ယုံကလေးတစ်ကောင်လိုပဲ ပြန်ပြောတယ်။ အဲ့ဒီညက ရင်ခုန်သံများနဲ့အတူ ဒုတိယမ္ပိ သူ့ကို နမ်းရှိုက်လိုက်တယ်။

နောက်တနေ့ကျတော့ သူပြောသလိုပဲ ဟိုအကောင်ကို ပြောကြည့်လိုက်တယ်။ ဟိုအကောင် ဘာဆိုဘာမှ ပြန်မမေးတဲ့အပြင် ထင်ထားတာထက်လဲ ပိုပေးတယ်။ ဘီယာလဲ တိုက်တယ်။ ဒီတစ်ခါတော့ ဘီယာစစ်မစစ် အသေအချာကို နမ်းပြီးမှ သောက်တယ်။ ဟိုကောင်က တစ်ခုခု ပြောချင်တဲ့ ပုံစံနဲ့ ဘာမှမပြောဘဲ ပြုံးရုံပဲ ပြုံးတယ်။

သူ့ရဲ့အကြံနဲ့ ကျနော့်ရဲ့ ဆောင်ရွက်မှုကိစ္စ အောင်မြင်တဲ့ အထိမ်းအမှတ် သူကိုယ်တိုင် ဘီယာငှဲ့တိုက်တယ်။ အဲ့ဒီညမှပဲ နောက်ထပ် အကြံအစည်တခုအတွက် သူက လမ်းကြောင်းစတယ်။ ဘုန်းကြီးကျောင်းကို ရောက်တိုင်း ဘာကို သတိထားမိလဲတဲ့။ လူစည်ရင် ဘုန်းကြီးပျော်တယ်။ လူမစည်ရင် ဘုန်းကြီးက ဟိုဖုန်းဆက်၊ ဒီဖုန်းဆက်လုပ်တယ်လို့ ကျနော်ကဖြေလိုက်တော့...။

“ဒို့လူသားတွေတောင် အဲ့ဒီ ရမ်ဆယ်လာ ဘုန်းကြီးလောက် လောဘမကြီးဘူး။ သူများ ခရစ်ယာန်ဘာသာတွေက သူတို့ သာသနာကိုပြုဖို့ ရောက်လာသမျှ ဒုက္ခသည်တွေကို အသဲအသန် လိုက်ကူညီနေတဲ့ အချိန်မှာ ဒို့ရမ်ဆယ်လီယာရွာက ဘုန်းကြီးက ဘယ်ဒုက္ခသည်ကို ဘယ်လို ညာခေါ်ပြီး သူ့ရဲ့ ငှားစားမဲ့ အိမ်ကို အလုပ်သမား အခမဲ့ရဖို့ ဘာခိုင်းရင် ကောင်းမလဲလို့ ချောင်းနေတာ။

ပြီးတော့ ခိုင်းဖို့နဲ့ အလှူခံဖို့ပဲ သိပြီး ဘယ်သူ့ကိုမှ အားမနာတဲ့ ဘုန်းကြီး၊ အဲ့ဒီ ဘုန်းကြီးအကြောင်းကို ထည့်မပြောနဲ့၊ တရွာလုံးကလဲ တခြားက ကြွလာမဲ့ ဘုန်းဘုန်းတွေကို မဖူးရမှာ ကြောက်လို့ သူ့ကို ဘာမှ မပြောဘဲ လွှတ်ထားတာ။ ဒါကြောင့်မို့ ဒို့အိမ်က အကောင်က ဒီဘုန်းကြီးကို နာမည်ပေးထားတာ မတွေ့ဘူးလား။ အမေရိက က ဖို့စ် လေဘာလို့။”

“အခု သိချင်တာက ဘုန်းကြီးအကြောင်း မဟုတ်ဘူး’’တဲ့။ သူက ကိုယ်ထက် တတ်သိ နားလည်နေတော့ ကျနော်လဲ သူဘာဆက်ပြောမလဲလို့ပဲ နားထောင်နေလိုက်တော့တယ်။

သူသတိထားမိတာက “ဘုန်းကြီးကျောင်းမှာ တနင်္ဂနွေနေ့တိုင်း စတုဒိသာ ကျွေးတယ်။ အဲ့ဒါကလဲ ရှင်သိတဲ့ အတိုင်းပဲ။ ဒီအပါတ်မှာ ဘယ်သူ လှူရမယ်၊ ဟိုအပါတ်မှာ ဘယ်သူ လှူရမယ်နဲ့ ပေါ်တာဆွဲပြီး လုပ်ခိုင်းထားတဲ့ အလှူ၊ ဘာဘဲပြောပြော အဲ့ဒီ အလှူမှာ ကျမတို့ သွားစားပြီး ပိုတာရှံတာတွေ ပြန်ယူခဲ့လို့ ရတယ်၊ ပြီးတော့ ချပ်ကျောင်းတွေမှာလဲ သွားစားပြီးတော့ ပိုတာရှံတာ အိမ်ပြန်ယူခဲ့လို့ရတယ်” တဲ့။

တနေ့ထဲနဲ့ နှစ်နေရာ ဘယ်လိုလုပ်ပြီး သွားမလဲလို့ ကျနော်ကမေးတော့ “ရှင်ကလဲ တုံးစရာမရှိ ကြံဖန်တုံးနေပြန်ပြီ၊ ဘုန်းကြီးကျောင်းကို မနက်ပိုင်းသွားရင် ဧည့်သည်တွေကို ဧည့်ခံရမယ်၊ ဝိုင်းပြီး ချက်ပြုတ် သိမ်းဆည်းရမယ်၊ ကိုယ်သယ်တာ ပြုတာ လူမြင်မယ်၊ ပြီးတော့ လူမစုံသေးဘူးဆိုရင် ကိုယ်က သယ်လို့ မရသေးဘူး။

ပြီးတော့ ချပ်ကျောင်းမှာက နောက်ကျရင် အပေါက်ဝမှာ ထောက်ကြွထောက်ကြွနဲ့ ပြန်လာရမှာ။ အဲ့ဒီတော့ တစ်ချက်ခုတ် ဆယ်ငါးချက်လောက် ပြတ်အောင် ချပ်ကျောင်းကို မနက်ပိုင်း သွားစားသောက်ပြီး ပြန်သယ်ရမယ်။ ဘုန်းကြီးကျောင်းကို ညနေလူရှင်းချိန်မှ သွားစားပြီး ပြန်သယ်ရမယ်။

ဒါဆိုရင် တပါတ်မှာ ထမင်းနဲ့ ကလေးမုန့်ဖိုးလောက်ပဲ ကုန်ကျစရိတ် ရှိတော့မယ်။ ကဲ၊ ကျမအကြံ ဘယ်လောက်ပိုင်သလဲ’’ တဲ့။ ကျနော် ဒီလောက်တောင် တော်ချင်တဲ့မိန်းမ ကဲ တော်ဦးဟ ဆိုပြီး တတိယမ္ပိ အနမ်းမိုးတွေ ရွာချပေးလိုက်တယ်။

အဲ့ဒီ အချိန်ကစပြီး ကျနော်တို့ လင်မယားကို တရွာလုံးက ဗုဒ်ခရစ် စီးပွါးရေး မောင်နှံလို့ အမည်ပေးလိုက်ပါတော့တယ်။

ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ အကြံတူသူ လင်မယားကတော့ မြွေမြွေချင်း ခြေမြင်အောင် ကြည့်ပြီးတော့ တစ်သက်စာ တကယ့် ဇနီးမောင်နှံတွေ အဖြစ် ပေါင်းသင်းသွားဖြစ်ကြပါလိမ့်မည်။

ကျနော် မချစ်တဲ့ ကျနော့သားလေးကိုလဲ ဟန်ဆောင်ပန်ဆောင် ဆောင့်ခါတလှည့် အောင့်လို့တချီ နမ်းပြရှုံ့ပြရင်းနဲ့ပေါ့။ ဒီလိုနဲ့ ကျနော်တို့ မိသားစု ပျော်ရွှင်စွာ ရှေ့ဘဝ ခရီးဆက်ကြလေသတည်း လို့ အဆုံးသတ်လိုက်ရုံသာ။

ဒါပေမဲ့ ကျနော့်ရဲ့ စာဖတ်ပရိတ်သတ်အားလုံးကို တော့ ကျနော့်လို မပြုကျင့် မလိုက်နာမိဖို့ ဆုတောင်းပေးလိုက်ပါတယ်။ စာဖတ်ပရိတ်သတ်တွေကို လိမ္မာစေချင်လို့တို့၊ သံသရာခရီး မရှည်စေချင်လို့တို့၊ အဲ့ဒီလို ဆန္ဒတွေနဲ့ ဆုတောင်းခြင်း မဟုတ်ပါ။ အကြံတူ ရန်သူ ဆိုတဲ့အတိုင်း ကျနော်တို့ မိသားစုလေး စားခွက်ပျောက်သွားမှာ စိုးရိမ်လို့ ဆုတောင်းရခြင်း ဖြစ်ကြောင်းပါ ခင်ဗျာ။

မှတ်ချက်။ ။ မည်သူ၏ ကျွန်ပြုခြင်းကိုမှ မခံလိုသောကြောင့် လည်းကောင်း၊ ကျွန်ဖြစ်လျှင်တောင် ကျွန်အနုပ်၊ ကျွန်အမွဲ၊ ကျွန်အသေးအဖွဲ ဖြစ်ရမည်ကို မခံချင်သောကြောင့် လည်းကောင်း၊ ကျွန်တော် ကျွန်ုပ် စသည်ဖြင့် သုံးနှုံးခြင်းကို အထူးရှောင်ရှား ရေးသားပါသည်။

ရေးသားသူ။ ။ နန်းရှင်
http://www.nan-shin.com

Thursday, May 19, 2011

အိုဘယ့်ဒုက္ခသည်

အိုဘယ့်ဒုက္ခသည်

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတွေ တိုးတက်တဲ့ တတိယနိုင်ငံတွေမှာ ရောက်သွားကြရင် အတွေးအခေါ်တွေ မြင့်မားလာမယ်။ အတက်ပညာ၊ နည်းပညာတွေ ရရှိလာမယ်။ အဲဒီ လူ့အရင်းအမြစ်တွေဟာ မြန်မာပြည်ကြီးအတွက် အကောင်းဆုံးသော သံယံဇာတတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိတယ်။

ယနေ့ ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများ အတွင်းသို့ မြန်မာဒုက္ခသည်များ တဖွဲဖွဲ ၀င်ရောက်လျှက် ရှိသည်ကို မမြင်ချင်အဆုံး တွေ့မြင်နေရပေသည်။

နအဖစစ်တပ် တခါ ထိုးစစ်ဆင်လျှင် ဒုက္ခသည်များ အင်အားတခါ တိုးသည်။ လူသစ်များ ဓာတ်ပုံရိုက်မည် ကြားလျှင် ဓာတ်ပုံရိုက်ရန် ဒုက္ခသည်များ အင်အားတခါ တိုးသည်။

ဤသို့ဖြင့် ဒုက္ခသည်များ ကမ္ဘာ့လူဦးရေတိုးနှုန်းနှင့်အညီ တိုးလာသည့်အခါ NGO အဖွဲ့အစည်းတခုဖြစ်သည့် ရိက္ခာထောက်ပံ့သော TBBC အဖွဲ့သည်ပင်လျှင် လုံလောက်စွာ ထောက်ပံ့ခြင်းငှာ မစွမ်းသာတော့သောကြောင့် ရိက္ခာဖြတ်တောက်ခဲ့သည်မှာ လပေါင်းများစွာ ရှိခဲ့ပြီ။ ဤ ရိက္ခာမလုံလောက်သော ပြဿနာသည် အလွန်ဂွကျလှသော ကိစ္စဖြစ်သည်။

‘ခင်ဗျားတို့လို ဒုက္ခသည်တွေကြောင့် ရိက္ခာမလောက်တာ’ ပြောပြန်လျှင်လည်း တကိုယ်ကောင်းဆန်ရာ ကျမည်။ အဲလိုမဟုတ်ပြန်လျှင်လည်း ဘာအလုပ်အကိုင်မှမရှိဘဲ ထောက်ပံ့သော ရိက္ခာကိုသာ ထိုင်စားနေရသော ဒုက္ခသည်များအတွက် ၎င်းပြဿနာကို အဘယ်သို့ ဖြေရှင်းအံ့သနည်း။ အတော် ခေါင်းခြောက်စရာ ကောင်းသော ကိစ္စဖြစ်သည်။

ရိက္ခာတင်ပဲလားဆိုတော့ မဟုတ်ပြန်၊ နောက်ဆက်တွဲ ဂယက်များစွာ ကျန်သေးသည်။ UN မှ ချပေးသော အိမ်တွေ အကုန်လုံး အရောင်းအ၀ယ် ဖြစ်ကုန်သည်။ တလောတုန်းက အိမ်ဈေးများ တလုံးကို ထိုင်းဘတ်ငွေ (၆၀၀၀) ကျော်သွားသည်။ ဒါတောင် လမ်းမတန်းက တဈေးဖြစ်သည်။ ဒုက္ခသည်ဆိုပါမှ အဘယ်မှာ အိမ်ဝယ်နိုင်မည်နည်း။

သို့ပေမဲ့ ၀ယ်နိုင်တဲ့သူတွေ ၀ယ်နေတော့ မ၀ယ်နိုင်တဲ့သူတွေက ကိုယ်တိုင်ဝါးခုတ်ပြီး အဖီလေး ထိုးနေကြပေါ့။ ကျနော်တို့ ဒုက္ခသည်စခန်းထဲ စရောက်တော့ အလွန်ပျော်သည်။ မဲ့ဆောက်မှာ လက္ဘရည် တခွက် (၇) ဘတ်။ နို့ဘိုးစခန်းမှာတော့ ဒုက္ခသည်များအနေနှင့် လက္ဘရည်တခွက် (၇) ဘတ် ဘယ်မှာ ၀ယ်သောက်နိုင်မည်နည်း။

ဒါ့ကြောင့် စခန်းထဲမှာရှိတဲ့ လက္ဘရည်ဆိုင်တွေအားလုံး ဈေးနှုံးတပြေးညီ သတ်မှတ်ပေးထားသည်။ လက္ဘရည်တခွက် သုံးဘတ်၊ အသုတ်တပွဲ ၅ ဘတ် ရှိသည်။ တခါက ဆိုင်တဆိုင်က လက္ဘရည်တခွက် (၄)ဘတ် လုပ်မိလို့ စခန်းတာဝန်ရှိသူတွေက သုံးဘတ်မရောင်းနိုင်လျှင် ဆိုင်မဖွင့်နဲ့ ပြောလိုက်တာ တောင်းတောင်းပန်ပန်နဲ့ (၃) ဘတ် ပြန်ဖြစ်လိုက်ရတယ်။

မှန်တယ်လေ။ ဒုက္ခသည်တွေမှ အလုပ်လုပ်လို့မရတာ။ ဘယ်မှာဝင်ငွေရှိပါ့မလဲ။ မတန်တဆဈေးတင်ပြီး စီးပွားဖြစ်ချင်လို့ ဘယ်ရပါ့မလဲ။ ဒါပေမဲ့ အခုတော့ လက္ဘရည်တခွက် (၅) ဘတ်၊ အသုတ်တပွဲ ၁၀-၂၀ ဘတ် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ လက္ဘရည်တခွက် (၅) ဘတ်လဲ ၀ယ်သောက်နိုင်၊ အသုတ်တပွဲ ၁၀ ဘတ် လည်း ၀ယ်စားနိုင်ကြပြီကိုး။ ၀ယ်မစားနိုင်တဲ့သူကတော့ ငတ်ပေါ့။

အမှန်က ကုန်ဈေးနှုံးက မတက်ပါဘူး။ ၀ယ်လိုအားများလာတော့ ရောင်းလိုအားနည်း၊ ရောင်းလိုအားနည်းတော့ ဈေးတွေတက်တာပါဘဲ။ အဲဒီအချိန်မှာ လက္ဘရည်တခွက် (၅)ဘတ် ၀ယ်မသောက်နိုင်တဲ့သူတွေ များကြည့်။ ဘယ်မှာ သူတို့ဈေးတက်ရဲပါ့မလဲ။

အဲဒါတွေကတော့ ကြွယ်ဝသော လူသစ်ရောက်ရှိမှုများ၏ နောက်ဆက်တွဲ ဂယက်တွေပါဘဲ။ သို့ဆိုလျှင် ၎င်းကဲ့သို့ ဒုက္ခသည်အသစ်များ တစတစ တိုးပွားလားခြင်းသည် မည်သည့်အကြောင်းကြောင့်များပါနည်း။
ကျနော် လေ့လာကြည့်ရသလောက်ဖြင့် ဒုက္ခသည်စခန်းအတွင်းသို့ ၀င်ရောက်ပုံ ၀င်ရောက်နည်း (၃) မျိုး ရှိသည်။

ပထမတနည်းမှာ နအဖ စစ်တပ်၏ ထိုးစစ်ကိုခံရသော ကျေးရွာများမှ စစ်ဒဏ်မခံနိုင်၍ တိုင်းပြည်ကို စွန့်ခွာထွက်ပြေးသော စစ်ဘေးဒုက္ခသည် ဖြစ်သည်။

ဒုတိယနည်းမှာ လွတ်မြောက်နယ်မြေရှိ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တော်လှန်ရေးသမားများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ။ မြန်မာပြည်တွင် နေထိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

နောက်ဆုံးနည်းမှာ မြန်မာနိုင်ငံရှိ ငွေရှင်ကြေးရှင်များနှင့်၊ အခွင့်အလမ်း ရှာဖွေသောသူများ တတိယနိုင်ငံသို့ သွားရောက်ရန် ၀င်ရောက်သောနည်း ဖြစ်သည်။ ထိုသူတို့သည် အများစု ဖြစ်သည်။ သူတို့ကြောင့် ဒုက္ခသည် ဦးရေ ဖောင်းပွလာခြင်း ဖြစ်သည်။

၎င်းပြဿနာ အရင်းမြစ်ကို ရှာဖွေကြည့်သော် စစ်အစိုးရကြောင့်နှင့် တိုင်းပြည်တွင် အခွင့်အလမ်း နည်းပါးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အမိမြန်မာပြည်ကို စွန့်ခွာလာရခြင်းဖြစ်သည်။ အားလုံးသော ဒုက္ခသည်များကို ကျနော် နားလည်ပေးနိုင်ပါသည်။

သို့ရာတွင် ကျနော်နားမလည်သော ဒုက္ခသည်အမျိုးအစားလည်း ရှိပါသေးသည်။ အဘယ်သို့သော ဒုက္ခသည်နည်း။

အတော်ထူးဆန်းသည်။ သူတို့သည် ဒုက္ခသည်စခန်းအတွင်းမှာသာ နာမည်ပေါက်သည်။ လူတွေကတော့ ရန်ကုန်၊ မန္တလေးမှာနေမြဲ ဖြစ်သည်။ သူတို့၏ အလုပ်အကိုင်ကား အများစုသည် Company ပိုင်ရှင်တွေ၊ ရန်ကုန်မြို့ မင်္ဂလာဈေးတို့လို နေရာတွေမှာ ဆိုင်ဖွင့်ထားသူတွေ။ အဲဒီတော့ သူတို့ကိုမေးကြည့်မိသည်။

‘ခင်ဗျားတို့ဒီလောက်ချမ်းသာနေတာ မြန်မာပြည်ကနေ ကိုယ့်ဟာကိုယ် နိုင်ငံခြားသွားလို့ မရဘူးလားလို့’။

သူတို့ဖြေတာက ‘ငါတို့က နိုင်ငံသားဖြစ်ချင်တာ’။

ဟုတ်ပါသည်။ ဒုက္ခသည်အဖြစ် တတိယနိုင်ငံကိုသွားရင် နိုင်ငံသားဖြစ်ခွင့် အလွယ်တကူရှိတာကိုး။

ဒါ့အပြင် လူကသာ စခန်းအတွင်းမှာ မရှိတာ။ စခန်းအတွင်းက သတင်းများကိုတော့ ဦးဦးဖျားဖျား ရတက်ပါသေးသည်။ ဥပမာ စခန်းအတွင်းမှာ လူစစ်မည် ဆိုပါစို့။ ထို လူစစ်မည့် အချိန်ကို မြန်မာပြည်ကနေ အချိန်မီ ရောက်အောင် လာသည်။ (လူစစ်မည့် သူကိုယ်တိုင် ဖုန်းဆက် အကြောင်းကြားလေသလား)။

နောက်ပြီး ထိုလူများ ဘယ်လောက်ထိ ပေါက်ရောက်ပါသနည်းဆိုလျှင် တော်တော်ပေါက်ရောက်သည်ဟု ပြောချင်သည်။ ဥပမာ ထိုသူတို့ စခန်းအတွင်း တဖွဲဖွဲဝင်ရောက်လာလျှင် သေချာပေါက် စခန်းအတွင်းမှာ တခုခု ထူးခြားမည်။ မယုံမရှိပါနှင့် စခန်းအတွင်းမှာ ထူးခြားမှု ကြုံကိုကြုံရသည်။

နောက်ဆုံး အဘယ်မျှဖြစ်သွားသနည်းဆိုလျှင် စခန်းအတွင်းမှာ စားဝတ်နေရေးအတွက် ပြောင်းဖူး သွားချိုးရသော၊ ပန်းရံသွားလုပ်ရသော ဒုက္ခသည်များအနေဖြင့် ၎င်းတို့စခန်းအတွင်းမှာ ရှိနေလျှင် လုပ်ငန်းခွင်သို့ မသွားရဲ။ စိုးရိမ်စိတ်များကြောင့် ဖြစ်သည်။ သူတို့နေရာ ၀င်ဦးသွားမည်လား (သို့) တခုခု ထူးခြားလေမည်လား။

သေချာသည်။ ၎င်းတို့စခန်းအတွင်းရောက်ပြီး တပတ်၊ ဆယ်ရက်အတွင်း လူစစ်မည်လား၊ DHS ခေါ်တော့မည်လား၊ ထွက်မဲ့ရက် ရတော့မည်လား၊ စသဖြင့်။ တခုခုတော့ ထူးခြားသည်။ မလွဲသော တိုက်ဆိုင်မှုများပါပေ။

အဲဒီအပြင် တတိယနိုင်ငံ ကူးပြောင်းမည့် စာရင်းကို ကပ်လျှင်လည်း ပြေးမကြည့်ပါနှင့်။ ၎င်းတို့က ထိပ်ဆုံးက။ အချို့ဆိုလျှင် တတိယနိုင်ငံ ကူးပြောင်းခါနီးအထိ မြန်မာပြည်တွင်ရှိသည့် ကားတွေ၊ ခြံတွေ လုပ်ငန်းတွေက ပြည်တွင်းမှာ ဆက်လက် လည်ပတ်ခိုင်းထားဆဲပါပဲ။

ဘယ်လိုပင်ဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတွေ တိုးတက်တဲ့ တတိယနိုင်ငံတွေမှာ ရောက်သွားကြရင် အတွေးအခေါ်တွေ မြင့်မားလာမယ်။ အတက်ပညာ၊ နည်းပညာတွေ ရရှိလာမယ်။ အဲဒီ လူ့အရင်းအမြစ်တွေဟာ မြန်မာပြည်ကြီးအတွက် အကောင်းဆုံးသော သံယံဇာတတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိသည်။

ဒီလိုဆိုရင်တော့ဖြင့် ကျနော်တို့ရဲ့ဒုက္ခသည် ဝမ်းစာတွေကို အသစ်အသစ်သော အမည်ခံ ဒုက္ခသည် လူချမ်းသာတွေ အတွက် ဝေမျှပေးရတာ ဂုဏ်ယူစရာပဲပေါ့။

အခုလ ဆီဖြတ်ပြီး၊ နောက်လ ဆန်ပဲထပ်ဖြတ်ဖြတ်၊ အငတ်ခံနိုင်ပါတယ်။

မြန်မာပြည်ဖွား တတိယနိုင်ငံသွား ရွှေမြန်မာတို့သာ မြန်မာပြည်ကြီးကို မမေ့ပါနဲ့လေ…………။

(စာရေးသူသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နို့ဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦး ဖြစ်ပါသည်။)

Wednesday, April 27, 2011

တီဗီဆိုရင် ပြားရမယ် ကြီးရမယ်ဆိုတဲ့ ဒုက္ခသည်


TV ဆိုရင်ပြားရမယ်၊ ကြီးရမယ်ဆိုတဲ့ ဒုက္ခသည် 

ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။


သြစတျေးလျနိုင်ငံကိုနယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြန်မာဒုက္ခသည်တွေရောက်လာကြတယ်။ ပြည်တွင်းကလည်း လာကြတယ်။

လေးငါးခြောက်လလောက်နေပြီးတော့ သူတို့က TV ဆိုရင် အပြားမှ။ ကြီးမှ ကြိုက်ကြတယ်။ Flat TV လို့ခေါ်တဲ့ TV အပြားက နောက်ဆုံးပေါ်ဖြစ်တော့ သြစီက မြန်မာတွေ အိမ်တိုင်းနီးနီးရှိကြတယ်။

တချို့ လည်း အပြိုင်အဆိုင် သူဝယ်ရင် ကိုယ်လည်းဝယ်တယ်။ ကိုယ်ကြီးရင် သူလည်းလိုက်ကြီးကြတယ်။ TV အပြားကလည်း High Definationက ကောင်းတော့ ရုပ်တော်တော်ရှင်းတယ်။ လူတော်တော်များများ ကြိုက်ကြတယ်ပေါ့။

ဒုက္ခသည်စခန်းနဲ့ မြန်မာပြည်မှာ နေတုန်းက TV အပြား မပြောနဲ့ ဂေါ်ပြားလောက်ပဲကိုင်ဖူးတဲ့လူက အခုဆိုရင် TV အလုံးမကြည့်ချင်။ အလုံးရှိနေရင် ဂုဏ်ငယ်သလိုမျိုး။ ငါ့အိမ်က အပြားက နင့်..အိမ်က အပြားထက်ပိုကြီးတယ်။ ဒါ့ကြောင့် ငါက,နင့်ထက်ပိုပြီး ချမ်းသာတယ်ပေါ့။ ဒီလိုမျိုး။..ပြိုင်စရာမရှိ ကြံဖန်ပြီး အကြီးအသေး ပြိုင်ကြလေတယ်။

လုပ်တဲ့အလုပ်က စက်ရုံမှာ။ ဈေးဆိုင်တွေမှာ။ သန့်ရှင်းရေးနဲ့ စက်ရုံအလုပ်သမား။ ၀င်ငွေကလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာ။ အတူတူလောက်ပဲ။ ဒါကိုများ TV အပြားပြိုင်ရတာနဲ့ ဘာနဲ့။

ဗဟုသုတကလည်း ရှိသလားမမေးနဲ့။

တချို့ သော မြန်မာဒုက္ခသည်တွေက TV ပြားရင်၊ ကြီးရင် ပြီးရော ကျန်တာသူတို့စိတ်မ၀င်စား။ TV အပြားက Plasma လား၊ LCD လား၊ LED လားလည်းမသိ။ ဘယ်ဟာက ပိုပြီး မီးတာခပိုသက်သာ၊ ပိုပြီးတိကျရှင်းလင်းလည်းမသိ။ သူတို့သိတာက ပြားရမယ်၊ကြီးရမယ်။

Flat TV ဆိုပြီး ဘိုလိုမခေါ်တက်တော့ ဘယ်လိုခေါ်လဲသိလား။ "ဟို TV ပြားပြားလေးကွာတဲ့"..ရီလည်းရီရတယ်။

အနေကြာတော့ ဘိုလိုတက်တယ်လို့ထင်လား?။

ဖပ်နဲ့ ရှစ်နဲ့တော့ အလွတ်ရတယ်။ နှစ်ပေါင်း ၁၅-နှစ်လောက်နေခဲ့တဲ့ ကိုရွှေတို့ ဘိုလိုလည်း ကျွမ်းသလားမမေးနဲ့။ ရုံးကိစ္စ၊ အလုပ်ကိစ္စပြောပြီးဆိုရင် ခွေးအ,ကြီးလှည်းနင်းထားသလို။ အရေးအကြောင်းရှိရင် ဟိုလူ့ခေါ်ရ ဒိလူ့ခေါ်ရနဲ့။ ဘာသာ ပြန်ပေးပါအုံးဟဲ့။ အဲ...တခုတော့ရှိတယ်။ ဗမာတွေ ကိုယ့်အချင်းချင်းစုဝေးပြီဆိုရင် ပါးစပ်က တဖပ်ဖပ် Fuck ၊ တရှစ်ရှစ် (Shit) ပြောလိုက်တဲ့ ဘိုလို။ သူ့လောက်တက်တဲ့ လူ, မရှိတော့ဘူး။ လူအထင်ကြီးအောင်။

အားလုံးက ဓာတ်သိတွေပဲဆိုတော့ ဒီကောင်ဖပ်လည်း၊ ဖပ်တာပဲ အဖပ်တင်တယ်။ ဒီလူရှစ်လည်း ရှစ်တာပဲအဖတ်တင်တယ်။ ဘယ်သူမှလည်း အထင်မကြီး။

ထိုင်း၊ မလေးမှာရှိတဲ့ အလုပ်သမားတွေ သုံးလေးနှစ်ဆိုရင် ထိုင်းနဲ့မလေးစကားကို ကောင်းကောင်း ပြောနိုင်ပြီ။ သြစတျေးလျက ရွှေမြန်မာတွေ ၁၀-နှစ်နေလည်း တဖပ်ဖပ်၊ တရှစ်ရှစ် နဲ့ပဲ နိဂုံးချုပ်နေတော့တယ်။

ဒါ့ကြောင့် TV ဆိုရင်ပြားရမယ်။ ကြီးရမယ်။ ကျန်တာနားမလည်တဲ့ ကိုရွှေဗမာတွေ ဖြစ်နေကြတာပေါ့။

TV ပြီးတော့ ကား,အလှည့်။ ဒုက္ခသည်ဘ၀မှာတုန်းက ကားဆိုရင် ဆန်သယ်တဲ့ကားလောက်ပဲအနီးကပ်မြင်ဘူးတဲ့ လူတွေက အခုဆိုရင် ကားဆိုရင် Four Wheel မှ။ သူများတွေက Four Weel ကို တောတောင်တွေထဲမှာ စီးဖို့ အတွက်ပဲ ၀ယ်ကြတယ်။ မြန်မာတွေနဲ့  ဗီယမ်နမ်တွေကတော့ တောထဲလည်းစီးတယ်။ မြို့ ပေါ်မှာလည်းစီးတယ်။ Four Wheel ရှိမှ ခေတ်မှီကြလေတယ်။

သူက လေးဖက်ယက်ဆိုရင်၊ ကိုယ်လည်း လေးဖက်ယက်လုပ်ကြတဲ့ဓလေ့။ ဘယ်လို နားလည်ပေးရမှန်း မသိတဲ့ မြန်မာတွေပါလားလို့ဆိုပြီး တွေးနေမိတယ်။ မြန်မာတွေရဲ့ စိတ်ဓာတ်ကိုပြောတာပါ။ အားလုံးတော့ မဟုတ်ပါဘူး။

သူများလုပ်တိုင်း လျှောက်လုပ်တဲ့လူစားတွေက အထက်ကပြောတဲ့အတိုင်း TV ဆိုရင် ပြားမှကြီးမှ။ Plasma လား၊ LCD လား၊ LED လား ခွဲခြားမသိတဲ့ လူစားမျိုးတွေပါပဲ။ ပြီးတော့ ပါးစပ်ကလည်း တဖပ်ဖပ် နဲ့ တရှစ်ရှစ်နဲ့။

ခေတ်မှီကြလေသတည်း။

ရေးသူ - ဘုန်းကျော်

Monday, October 4, 2010

မလေးရှားရှိ မြန်မာ အကူအညီပေးရေး အဖွဲ့များ ဒုက္ခသည်မှတ်ပုံတင်ခွင့် ရောင်းစား

မလေးရှားရှိ မြန်မာ အကူအညီပေးရေး အဖွဲ့များ ဒုက္ခသည်မှတ်ပုံတင်ခွင့် ရောင်းစား
ကိုထွေး Monday, October 04, 2010

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြုလုပ်ပေးနေသည့် ဒုက္ခသည် မှတ်ပုံတင်ခွင့်ကို ရရှိနေသော အဖွဲ့အစည်းများက ယင်းမှတ်ပုံတင်ခွင့်ကို အကျိုးစီးပွားအတွက် ရောင်းစားနေကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား) (NLD-LA)၊ ဗမာဒုက္ခသည် ကယ်ဆယ်ရေး အသင်း (BRO)၊ ချင်းဒုက္ခသည်ကော်မတီ (Chin Refugee Committee-CRC)၊ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ (ARRC) အပါအဝင် အဖွဲ့အစည်းများက ယင်းသို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မျက်မြင်သက်သေ မြန်မာအသိုင်းအ၀န်းက ပြောသည်။

BRO နှင့် NLD-LA အဖွဲ့ဝင် တဦးဖြစ်သော ကိုမောင်က “ကျနော့်မှာ အဖွဲ့ဝင်ကတ်လည်းရှိတယ်။ လစဉ်ကြေး ရင်းဂစ် ၆၀ (၁၈၀၀ ကျပ်) လောက်ပေးလာတာ တနှစ်လောက်ရှိပြီ။ အခု UN က ဒုက္ခသည် မှတ်ပုံတင်ခွင့် ပေးတော့လည်း ကျနော့်ကို ဘာမှ မပြောဘူး။ ပိုက်ဆံပေးနိုင်တဲ့သူတွေကို ပေးလိုက်တယ်။ ပိုက်ဆံယူပြီး လုပ်နေကြတယ်” ဟုပြောသည်။

UNHCR က ဒုက္ခသည် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အထောက်အထားများ ထုတ်ပေးခြင်းကို သြဂုတ်လ ၁၇ ရက် နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည်။

“မလေးရှားမှာ ကျနော်နေထိုင်ခွင့်အတွက် လတ်မှတ် တခုမှမရှိဘူး။ UNHCR ကလည်း အဲဒီလို အဖွဲ့အစည်းတွေကိုပဲ ထုတ်ပေးတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ရခိုင်နှင့် ဗမာများကို မလေးရှား UNHCR က နှစ်အတန်ကြာ လျစ်လျူရှုထားပြီးနောက် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒုက္ခသည် မှတ်ပုံတင်ရန် လူဦးရေ ၆၀၀၀ ခန့်ကို မြန်မာ အဖွဲ့အစည်းများထံ ချပေးခဲ့ကြောင်း ယင်းအဖွဲ့အစည်းများနှင့် နီးစပ်သူများက ဆိုသည်။

UNHCR တွင် ဒုက္ခသည် အဖြစ် မှတ်ပုံတင်ခွင့် ရရှိထားသူများသည် ဆေးကုသမှုခံယူပါက ကုန်ကျစရိတ်၏ တ၀က်သာ ကျခံရမည်ဖြစ်သည့်အပြင် မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပါက UN တာဝန်ရှိသူများက လိုက်လံ ဆောင်ရွက်ပေးလေ့ရှိသဖြင့် မလေးရှားရှိ မြန်မာ အလုပ်သမားများအကြား ဒုက္ခသည် မှတ်ပုံတင်ခွင့် ရေပန်းစားလျက်ရှိသည်။

မလေးရှားတွင် လာရောက် အလုပ်လုပ်ကိုင်နေသော ဆန်နီက “ကျနော့် သူငယ်ချင်းက NLD-LA နဲ့ မှတ်ပုံတင်တာ ရင်းဂစ် ၇၀၀ (ကျပ် ၂ သိန်း ၁ သောင်းခန့်) ပေးရတယ်။ BRO က ရင်းဂစ် ၅၀၀ (ကျပ် ၁ သိန်းခွဲ) ပေါက်ဈေးရှိတယ်။ ကျနော်လည်း မှတ်ပုံတင်၊ မတင် စဉ်းစားနေတာ” ဟု ဧရာဝတီသို့ ပြောသည်။

CRC ၊ NLD-LA ၊ BRO စသော အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ပါက ရင်းဂစ် ၃၁၀ မှ ရင်းဂစ် ၇၀၀ အထိ ပေါက်ဈေးရှိပြီး အခကြေးငွေပေး၍ ဆောင်ရွက်ခြင်းသည် အဖွဲ့ဝင်များထက် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခွင့်ရရန် ပိုမို သေချာကြောင်းလည်း သိရသည်။

ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသည့် ကိုကျော်ထူးအောင်က “မလေးရှား NLD က ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆောင်ရွက်နေသလိုလို အသံလွှင့်တယ်။ တကယ်တော့ ဒုက္ခသည် မှတ်ပုံတင်ချင်တဲ့သူတွေဆီက ပိုက်ဆံ ကောက်နေတာ။ အဲဒါကို မခံချင်လို့ အလိမ်ခံရတဲ့ လူတယောက်နဲ့ အင်တာဗျူးကို ကျနော် ဘလော့ဂ်ပေါ်မှာ တင်လိုက်တယ်” ဟု ဆိုသည်။

ယင်းစွပ်စွဲချက်ကို မလေးရှား NLD-LA နှင့် ARRC တို့က ငြင်းဆိုခဲ့သော်လည်း BRO အဖွဲ့ကမူ ယင်းကိစ္စအတွက် ဖြေကြားပြောဆိုနိုင်မည့်သူ မရှိဟု ဧရာဝတီက ဆက်သွယ်ရာတွင် ပြန်ကြားခဲ့သည်။

မလေးရှား UNHCR သည် မြန်မာနှင့် ရခိုင်များကို ဒုက္ခသည်အဖြစ် အသိအမှတ် မပြုဘဲ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများကြောင့် ဇွန်လ ၆ ရက်နေ့က ရခိုင် ဒုက္ခသည် ၅၀၀ ခန့် UNHCR ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

တလလျှင် ၂ ကြိမ် ထုတ်ဝေ ဖြန့်ချိနေသည့် မလေးရှားနိုင်ငံ အခြေစိုက် သူရိယ ဂျာနယ် အယ်ဒီတာက “UNHCR က ချင်းနဲ့ ရိုဟင်ဂျာတွေကို အခွင့်အရေး ပိုပေးထားတယ်။ တခြားလူမျိုးတွေကိုတော့ ခွဲခြားဖိနှိပ်မှုတွေ လုပ်နေတယ်။ ဒါဟာ ဒုက္ခသည် အစစ်တွေ မှတ်ပုံတင်ခွင့်ရဖို့အတွက် အခက်အခဲ ဖြစ်တယ်” ဟု ပြောသည်။

“ကျနော်မှတ်မိသလောက် ပြောရရင် အရင်က မလေး UNHCR မှာ ချင်းစကားပြန် တယောက်ပဲ ထားပေးတယ်။ တခြားလူမျိုးတွေအတွက် စကားပြန်မရှိဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဧရာဝတီက ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ UNHCR ကို ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ဖြေကြားခြင်း မရှိခဲ့ပေ။

ချင်းခေါင်းဆောင်များက မလေးရှားရှိ UNHCR သို့ သွားရောက် တောင်းဆိုမှုကြောင့် ဒုက္ခသည်များအဖြစ် ချင်းလူမျိုးများကို ၂၀၀၁ မှ စတင်၍ အသိအမှတ် ပြုခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ဇွန်လမှ ၂၀၁၀ မတ်လ အထိ CRC ကို ဒုက္ခသည် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ လတ်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း CRC မှ ပူးတွဲ အကောင်ထည်ဖော်သူ တဦးဖြစ်သူ Kennedy Lal Ram Lian က ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်ကလည်း သောင်းဂဏန်းလောက်ရှိတဲ့ လူတွေကို လိုက်ပြီးတော့ မကြီးကြပ်နိုင်တော့ အဖွဲ့ခွဲလေးတွေကိုပဲ ကိုင်တွယ်ခိုင်းတယ်။ သူတို့ ကိုင်တွယ်ထားတဲ့ စာရင်းတွေဆိုတော့ အဲဒီမှာ တချို့ လွဲချော်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီကိစ္စကို အတိအကျ သွားပြီးတော့ လေ့လာနိုင်တဲ့ အတိုင်းအတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ချင်းအဖွဲ့ အနေဖြင့် မှတ်ပုံတင်ကြေးအဖြစ် လူတဦးလျှင် ရင်းဂစ် ၃၀ (ကျပ် ၉၀၀၀ ခန့်) ကောက်ခံကြောင်း၊ ဒုက္ခသည် မှတ်ပုံတင်ခွင့်အတွက် ကူညီ ဆောင်ရွက်ပေးရသူများကို ဖုန်းခ၊ ခရီးစရိတ် စသော ကုန်ကျ စရိတ်များအတွက် ပြန်လည်ထောက်ပံ့ ပေးရသည်များလည်း ရှိကြောင်း ဆိုသည်။

သို့သော်လည်း CRC နှင့် ဒုက္ခသည် မှတ်ပုံတင်ခွင့် ရရှိရန် ဆောင်ရွက်ခဲ့သည့် အမည်မဖော်လိုသူ တဦးက ဒုက္ခသည် လတ်မှတ်ရရှိရေး အတွက် CRC က ရင်းဂစ် ၃၅၀၀ (ကျပ် ၁၀ သိန်းကျော်) ခန့် တောင်းဆိုကြောင်း၊ မှတ်ပုံတင်ရန်အတွက် တခုတည်းကိုမူ ရင်းဂစ် ၁၂၀၀ (ကျပ် ၃ သိန်းခွဲကျော်) ပေးရကြောင်း ဆိုသည်။

“ဒုက္ခသည်ဖြစ်ပြီးတော့ တတိယနိုင်ငံမှာ အခြေချဖို့ အတွက် ရင်းဂစ် ၃၅၀၀ ပေးရတာ တန်တယ်လို့ သူတို့က ပြောတယ်၊ UN မှာ အင်တာဗျုးအတွက်လည်း သူတို့က ရေးပေးတယ်” ဟု ၎င်း ကဆိုသည်။

သြဂုတ်လကုန်အထိ ဒုက္ခသည် ၉၀၃၀၀ ခန့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် စာရင်းပေးခဲ့ကြောင်း၊ ယင်းတို့ အထဲတွင် ၈၃၀၀၀ သည် မြန်မာနိုင်ငံမှ ဖြစ်ကြောင်း၊ ချင်း ၃၈၅၀၀၊ ရိုဟင်ဂျာ ၁၉၇၀၀၊ မြန်မာ မွတ်ဆလင် ၇၄၀၀၊ မွန် ၃၉၀၀၊ ကချင် ၃၅၀၀ ခန့် ဖြစ်ပြီး တခြား တိုင်းရင်းသား လူနည်းစုများလည်း ပါဝင်ကြောင်း မလေးရှား UNHCR အင်တာနက် စာမျက်နှာတွင် ရေးသား ထားသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံသည် ပါဝင် လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ်အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ်ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

© ဧရာဝတီ

UNHCR Affiliates Accused of Refugee Corruption

UNHCR Affiliates Accused of Refugee Corruption
By KO HTWE Saturday, October 2, 2010

KUALA LUMPUR—Several Burmese organizations in Malaysia, which are affiliated with the United Nations High Commissioner for Refugees (UNHCR), are selling resettlement registrations for profit to refugees, according to victims of the scheme and witnesses in the Malaysian capital of Kuala Lumpur.

The groups in question include the Chin Refugee Committee (CRC), the National League for Democracy (Liberated Area) Malaysia (NLDLA), the Burma Refugee Organization (BRO) and the Arakan Refugees Relief Committee (ARRC). But sources say other affiliated groups, including several ethnic representatives, are also involved.

Earlier this year, the UNHCR began delegating the authority for issuing resettlement registration documents to Burmese groups based in Malaysia. Refugees who are recommended for resettlement by the agencies are then interviewed by the UNHCR. The exception is the CRC, which was first authorized to register its people for resettlement in 2001.

The UNHCR began issuing registration documents for Burmese refugees on Aug. 17 in a process that ended on Sept. 19. According to the sources, some 6,000 refugees from Burma were recommended for resettlement during that period.

Speaking to The Irrawaddy, Ko Maung, a member of both the BRO and NLDLA, said, “I became a member of two organizations doing business with the Burmese refugees. I have paid a so-called 'membership fee' of 60 Malaysian Ringgit (US $20) per month to each group for one year now. But when the UNHCR began registering refugees, I was overlooked for others who had paid more money.

“I’ve no document to live in Malaysia,” he added. “I am frustrated that the UNHCR passed responsibility [for the registration process] to other organizations and that it is not involved directly with the refugees.”

Possession of UNHCR registration documents are highly prized among Burmese refugees in Malaysia because it offers them some protection if they are arrested by the Malaysian authorities. Registered refugees also qualify for half-price medical services at several local hospitals.

Fees to register with brokers such the CRC, the BRO and the NLDLA have gone up since the process began from 310 Ringgit ($100) to 700 Ringgit ($225), say sources. In each case, the Burmese groups then promise to put the paying refugees on a priority list with the UN, the sources said.

“I heard that the BRO was charging 500 Ringgit ($160) to register a refugee while the NLDLA was charging 700 Ringgit,” said Sunny, a Burmese migrant worker who came to Malaysia with a work permit. “I cannot decide whether I should register or not.”

Burmese refugees who are registered for resettlement by the UNHCR frequently wait for up to one year or longer for resettlement toa third country.

“In general, many Burmese migrants think that the Malaysian-based NLDLA is organizing a boycott for the upcoming election, but what they are really doing is cheating money out of people who want refugee registration.” said Kyaw Htoo Aung, a social worker who works with illegal Burmese migrants. “I cannot stand it. I have interviewed victims of the scheme and posted their testimonies on my blog.”

Both the NLDLA and the ARRC refuted the accusations when contacted by The Irrawaddy. The BRO said it has no spokesperson who can comment on the matter.

Ethnic Burman and Arakanese people were not recognized as “refugees” by the UN until this year. About 50 Arakanese protested on June 6 outside the UNHCR office in Malaysia, saying the UN was discriminating between different Burmese ethnic groups and religious affiliations.

Yan Naing Tun, the editor of Thuriya, a bi-monthly journal based in Kuala Lumpur, said, “The UNHCR give first priority to Chins and Rohingyas. They discriminate against other ethnicities. It has become very difficult for real refugees to get registered.

“As far as I can remember, the UNHCR employed a Chin translator when it started the operation,” he added. “However, they did not employ translators for other ethnicities, including Burmese.”

The UNHCR did not respond to the accusations when contacted by The Irrawaddy.

The CRC said that in 2001 several Chin leaders urged the UNHCR to grant refugee registration to their people and that the process began that same year. 

It said that between June 2009 and March 2010 some 10,000 to 15,000 Chin refugees were registered with the UNHCR.

Speaking to The Irrawaddy on Friday, Kennedy Lal Ram Lian, the coordinator of CRC, said, “There are so many registered [Chin] refugees that we cannot monitor them all. We had to form a subcommittee.”

He added that the CRC did not collect money for registration from the refugees, only a fee for transportation, phone calls and expenses—about 30 Ringgit ($10) per person.

However, according to several of those who consider themselves victims of the scheme, a person who wants to get refugee status through the CRC must pay at least 3,500 Ringgit ($1,133) to cover the entire process. They told The Irrawaddy that others pay the minimum fee, which is 1,200 Ringgit ($390), just to register with the CRC.

“The CRC told me it was worth paying the full [3,500 Ringgit] fee because it would guarantee me a place on the resettlement list,” said Ko Aung, who spoke on condition of a pseudonym.

The Malaysian government has cooperated with the UNHCR on humanitarian grounds since 1975 even though Malaysia has not signed the “UN Convention Protocol Relating to the Status of Refugees.” Burmese refugees have since been sent to third countries including the United States, Canada, Australia, France, New Zealand, Sweden, Finland, Denmark and Norway.

According to the Malaysia UNHCR website at the end of August, there are some 90,300 refugees and asylum-seekers registered with their office; of which about 83,000, or 90 percent, are from Burma. Of that number, about 38,500 are Chins, 19,700 are Rohingyas, 7,400 are Burmese Muslims, 3,900 are Mon, and 3,500 are Kachins or from other smaller ethnic minorities.

© Irrawaddy Publishing Group.

Saturday, August 8, 2009

အတုနှင့်အတူ...


အတုနှင့်အတူ...

အစိုးရအတု
အဲဒီအတုကြီးအောက်မှာမှ
အပြုံးအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဥပဒေအတု
အဲဒီအတုကြီးအောက်မှာမှ
ဆုံးဖြတ်ချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

လွှတ်တော်အတု
အဲဒီအတုကြီးအောက်မှာမှ
အခြေခံမူအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

နိုင်ငံသားအတု
အဲဒီအတုကြီးအောက်မှာမှ
မှတ်ပုံတင်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

တော်လှန်ရေးအတု
အဲဒီအတုကြီးအောက်မှာမှ
ကြွေးကြော်သံအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဒုက္ခသည်အတု
အဲဒီအတုကြီးအောက်မှာမှ
ခံစားချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

အတုတွေကိုမှ
လိုက်လံတုပနေရဆဲ...။

တနေ့စစ်လာမလား
တနေ့မှန်လာမလားနဲ့
ထိုးလိုက်ရတဲ့ဖို...၊
ဝိဇ္ဇဓိုရ်တွေမှာ
ရင်ဘတ်ကြီးသာ
ဟောင်းလောင်းကျန်ခဲ့တယ်။

ဇော်မျိုးလွင်
၂၀၀၉၊ ဇူလိုင် ၃၀၊ ကြာသပတေးနေ့။
ကာတွန်း (ဟန်လေး)

A

B

C

The Kitchen မီးဖိုချောင်