Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, August 1, 2011

အမေရိကန်မဲဆောက်


“အမေရိကန်မဲဆောက်”

အဲဒီမြို့ဟာ
လူများပြီး ပွဲမစည်တဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
အရူးကို လင်လုပ်ထားရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ဂလိုဘယ်လ်ဆန်ဆန် လူမျိုးစုံပြီး
ဂလိုဘယ်လ်ဆန်ဆန်လည်း ပြဿနာစုံတယ်...

အဲဒီမြို့မှာ
တယောက်နဲ့တယောက် အကြောင်းညီညွတ်ရင်
ဘောင်းဘီချွတ်လို့ရတဲ့ နောက်မီးလင်းညနေခင်းတွေလည်းရှိတယ်...

အဲဒီမြို့ဟာ
တယောက်နှစ်ပေါက်နဲ့ နှစ်ယောက်မှာလေးခြမ်းကွဲပြီး
အယူတိမ်းလို့ နတ်စိမ်းဖြစ်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ပါတီနဲ့မွေးနေ့ပွဲတွေမှာ လူများသလောက်
နိုင်ငံရေးအခမ်းအနားတွေမှာ တစ္ဆေခြောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
ဆွေမျိုး၇ဆက်လမ်းဖောက်ပြီး အိမ်လွမ်းသူတွေရှိသလို
ဇာတိငတ်နေတဲ့ တကောင်ကြွက်သူပုန်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
ဒယ်ဘယ်လ်ချာ့တ် စတိုးဆိုင်တွေများသလို
ရွှေအတု ငွေအတု စိန်အတု လိင်အတု ဘာသာအတု လူနာအတုနဲ့
အဖေအမေအတု အရေးအခင်းအတု လူအတုတွေလည်းများတယ်...

အဲဒီမြို့မှာ
ဂြိုလ်တုစလောင်း အင်တာနက်တွေထက်အားကောင်းတဲ့
ရပ်ကွက်သတင်းကွန်ယက် အင်တာပျက်တွေလည်းရှိတယ်...

အဲဒီမြို့မှာ
အမေရိကန်ရောက် အန်တီမဲဆောက်တွေရှိသလို
ပြန်တော်ပြန် အန်ကယ်လ်အမေရိကန်တွေလည်းရှိတယ်...

အဲဒီမြို့ဟာ
ရသမျှဖရီးရိုက်တတ်တဲ့ အချောင်စရိုက်တွေနဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ယဉ်ကျေးမှုခြေရာပျောက်ပြီး နိုင်ငံရေးရေနောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လူမှုရေးနွားကွဲလို့ စီးပွားရေးကျားဆွဲခံနေရတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
ခေါင်းမော့ပြီး လေထဲကို တံတွေးထွေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
လေထဲမှာ တိုက်ဆောက်နေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့ဟာ
“က” နဲ့ “ယ”၊ “ေ” နဲ့ “ခ” မှားရေးနေတဲ့မြို့ဖြစ်တယ်...

အဲဒီမြို့မှာ
မျက်မှန်နဲ့အကိုကြီးပြောတဲ့
ဖေဂါ (Figure) တွေပေါပြီး မိတ်ကာ (Maker) တွေရှားတယ်...

အဲဒီမြို့မှာ
နိုင်ငံရေးအလှည့်အပြောင်းတိုင်း ဂျီးဒေါ်နွားကျောင်းနေရတဲ့
မိတ်ကာ(Maker) စစ်စစ် ရာဇဝင်”ဗိုလ်ချစ်”နေတယ်...။ ။


http://saungyunela.blogspot.com

Wednesday, July 7, 2010

နှစ်ဘဝစာ အလွမ်း

A condom delivery service in Mexico
နှစ်ဘဝစာ အလွမ်း

မင်းယဉ်ပါးနေတဲ့
ခြံခုန်တမ်းကစားနည်းမှာ
စည်းရိုးတခုငါ မဖြစ်ပါရစေနဲ့။

တခြုံကွယ် တမယ်မေ့ရအောင်
နေ့တွက်မစီသရွေ့
ရမ္မက်သက်သက်နဲ့ ထပ်တိုး
မင်းကိုငါမြတ်နိုး...
တန်ဘိုးဖြတ်ခဲ့တာ မဟုတ်ဘူး။

အသွားအပြန်မရှိတဲ့ မေတ္တာမှာ
မမြင်သာတဲ့ သံယောဇဉ်တွေက
လူတကာနဲ့ ပျော်ပါးကောင်းတဲ့
ကုတင်အဟောင်းတလုံးလဲ မဟုတ်ခဲ့ဘူး။

ကောက်ရိုးတမျှင်ထက်ကို
ပိုလို့ အကြင်နာကြီးရတဲ့ ငါက
မင်းမွှေးသွားတဲ့ မီးတမြိုက်မှာတင်
အကြိမ်ကြိမ် သေပွဲဝင်ခဲ့ရပြီးပါပြီ။

ရှိလက်စသစ္စာတွေကပဲ
နောက်ထပ်နှစ်ဘဝစာ...
ငါ့မှာဘာကျန်သေးတော့လို့လဲ။

ဒါတော့မလုပ်ပါနဲ့ကွာ...
လူကြီးပီပီသသ နေနေရတာကိုက
ပင်ပမ်းလွန်းလှပါပြီ။

သတိထားပါ
မနက်ဖြန်တွေ အများကြီးနဲ့
ကြီးပြင်းလာမယ့် အနာဂတ်မှာ
အခမဲ့ ခံစားရသမျှက
ဘာမှ အရာထင်ကျန်ခဲ့တာ မဟုတ်ဘူးလို့
မင်းမထင်နဲ့။

အပေါ်ယံ အရေပါးနေတဲ့
ခပ်ထူထူ လူကောင်တွေရဲ့
မြူဆွယ်ဘာသာစကားတွေကြားမှာ
ရာဘာသားတွေ ပေါလွန်းတယ်။

ဇော်မျိုးလွင်
http://shwepoem.blogspot.com

Monday, July 5, 2010

၂၀၁၀ မြန်မာ့ဖလား

၂၀၁၀ မြန်မာ့ဖလား

မှောင်ကြီးမည်းထဲမှာ
ရောင်တော်ပြန်နဲ့ ရောလွှတ်ရင်း
လွတ်ကျွတ်ထွက်လာတဲ့ အခွင့်အရေးကို
လူကျွံဘောဖမ်းသတဲ့။

ပြီးတော့ ပယ်နယ်တီ
လူတွေ ရယ်လိုက်ကြတာ
သောက်သောက်လဲ။

ခြံဝင်းတံခါး
အလုံပိတ်ခံထားရတဲ့
တိုက်စစ်မှူးခမျာ
တသင်းလုံး အနီကတ်ပြ
ဂိုးသမားမကျန်
အထုတ်ခံရသလို။

ငိုစားရယ်စား
ကွင်းလယ်ထဲကဒိုင်
လက်ထဲကိုင်ထားတဲ့
ဝီစီတဖက် ဘောလုံးတဖက်နဲ့
ဖမ်းသူမဲ့ ဂိုးပေါက်ထဲ
သူကိုယ်တိုင် အလွတ်တည်ကန်။

တကွင်းလုံးတိတ်ဆိတ်
မြတ်မရိတ်ထားတဲ့
အောင်ဆန်းဂရောင်းမှာ
ရေဒီယိုက ဝေဖန်သံတွေ
မကြားတချက် ကြားတချက်။

ရင်ကိုလာမှန်တဲ့
ပရိသတ်ရဲ့ ကြေကြေကွဲကွဲ
လက်ခုတ်သံတွေနဲ့။

ဆွမ်းခံကြွမရတဲ့
တောရကိုယ်တော်တွေ
သက်ပြင်းချသံ။

တိုက်ရိုက်လွှင့်ပြီဆိုမှ
အဝေးကလှမ်းလောင်းနေကြတဲ့
လူအ,တွေ တချို့
အိပ်မက်ဆိုးမက်နေဆဲ။

မိုးလဲလင်းလုပြီ။

အားလုံးကို ကျေးဇူးတင်ပါသည်။

ဇော်မျိုးလွင်
http://shwepoem.blogspot.com/

Tuesday, June 29, 2010

ရွှေကဗျာ

ရွှေကဗျာ

စိတ်ရဲ့စေရာကို
ခစားနေရတဲ့လူသားတွေ။

မက်မောတွယ်တာမှုနဲ့
ရယူပိုင်ဆိုင်လိုစိတ်တွေကတဖွားဖွား
ဒီကြားထဲ ပွားသွားတဲ့
နေရင်းထိုင်ရင်း စကားလုံးများက
သောက်မကုန် မြိုမခမ်း။

အဘက်ဘက်က
အသွားမြမြချွန်တဲ့ နံမည်တွေနဲ့
သေတာထက်ဆိုးမယ့် ဒဏ်ရာတွေ
ခြေမနဲ့တော့ ကော်မထုတ်လိုက်ပါနဲ့
တနေ့သေရမှာကို လူတိုင်းသိသလို
မင်းချစ်တာကိုလဲ ငါသိတယ်။

ရွှေရယ် ငွေရယ် ကလေးရယ်နဲ့
ပတ်လည်ဝိုင်းနေတဲ့ အစိမ်းသရဲတွေကြား
ရှုပ်ပွပေရေနေတဲ့ လောကသေးသေးလေးထဲမှာ
ကိုယ်ဟာ ဘာကောင်မှ မဟုတ်သလို
အလိုတူအောင်လဲ အားမထုတ်နိုင်ခဲ့ဘူး။

အဲဒါ...
ဘုရားစူး ချစ်ကြတာတဲ့လေ
တန်ဘိုးထပ်ခဲ့တာတွေ မြေမကျစေနဲ့
ဝေလို့ရသမျှ တယောက်တဝက်က
ဘယ်လောက်ထိ ရေစိမ်ခံမတဲ့လဲ။

ဝေးသွားမှ
ကျန်ရစ်ရမယ့် စေတနာတွေနဲ့
ပါးရိုက်ခံလိုက်ရတဲ့ သစ္စာတွေအတွက်
လူရှေ့မှာ ကလေးနို့လှန်တိုက်သလို
နားကိုက်လိုက်ကြပါ။

ဘယ်တယောက် ညာတယောက်နဲ့
မဏ္ဍပ်ကြီးလဲ ဝက်ဝက်ကွဲ
ပြဲရာချုပ်ရာတွေ ဗရပွ
ဂီလာနဘာဝနာ ဆိုတာက
မျက်မမြင် ချွင်ချွင်မြည်တိုင်း
ရွှေထင်တဲ့အမျိုး။

အစစ်တွေ ရေနစ်နေချိန်မှာ
မယူလို့ မရကောင်းတဲ့ သီလတွေနဲ့
ဆန်ပေးမှ ဆေးရမယ့်ဝါဒက
အရင်တယောက်တုန်းကလို
ရေမြေတဆုံး ကမ္ဘာသုံးဖြစ်ခဲ့ပြီ။

ဇော်မျိုးလွင်
http://shwepoem.blogspot.com/

Tuesday, May 11, 2010

အရှုံး - Lose

အရှုံး

ဘဝမှာ
အနိုင်မရရင်ရှိစေ
သရေပွဲတော့ဖြစ်ချင်ကြ
ဂျိုးလူးဝစ်ကပြောဘူးတယ်
သူရှုံးခဲ့တဲ့ပွဲတွေဆို
အမှတ်မရချင်တော့ဘူးတဲ့။

မြွေအရေခွံလဲတဲ့အခါ
နာကျင်ရတဲ့ဝေဒနာ
မြွေသာသိသမို့
အရေခွံရှိတဲ့နေရာ
မြွေမရှိနိုင်တော့ပါ။

ဒုက္ခတွေနဲ့ ရောပြွန်းနေတဲ့
ချာလီချက်ပလင်ရဲ့ဟာသ
အူနာအောင်ရယ်ရသလို
ရင်နင့်အောင်လဲ ခံစားရပေါ့။

ပင်လယ်ကို အရောက်သွားမယ် ဆိုကာမှ
ခရုကောက်ဖို့ သက်သက်လားတဲ့
မေးရက်ကြတာ သဘာဝကျပါတယ်။

မောင်အေးနီ
(နွယ်နီမဂ္ဂဇင်း၊ ၂၀၀၁ နိုဝင်ဘာ)

L O S E

In life
May be I could not win
I want it to draw.
Joe Lewis said once,
He never wants to remember
About his losing game.

When the snake changed its skin,
How it gets painful cast
That only snake could know.
So will not resides again
Where it old skin remained.

All around in trouble of
Charlie Chaplin humoring,
Make us to heartfelt laugh
And sadly feeling in emotion.

Though I declared as I go to sea,
People asked if only to quest for snail;
No wonder whether they could be queries.

Maung Aye Ni
(Nwe Ne Magazine, 2001 November)

(Translated in May 2002, Kuala Lumpur)

Sunday, April 18, 2010

သစ်ပင်တု


သစ်ပင်တု
Written by စန်းစန်းတင်

သစ်ပင်တုတွေကြား
နေရတာ
မာယာများတဲ့ လူတွေကြား
နေရတဲ့အလား။

နေရောင်မလိုဘဲ
နေရောင်လိုသလို
ဟန်ဆောင်
ရေမလိုဘဲ ရေလိုနေသယောင်
ဟန်ဆောင်
မြေမရှိလည်း မြေအတုနဲ့
အယောင်ဆောင်နိုင်လိုက်တာ။

အနုပညာနှလုံးသားရှင်
အော်စကာဆုရှင်တွေတောင်
သူတို့လောက် ဟန်မဆောင်နိုင်။

သစ်ပင်တုကပွင့်တဲ့ ပန်းအတု
ရေမွှေးဆွတ် အတင်းမွှေးခိုင်းလည်း
အတုဟာ အတုပဲဖြစ်
အစစ်ကို မယှဉ်နိုင်လည်း
ပန်းစစ်စစ်ကတောင်
သူ့လောက် မစစ်သလို
ဟန်တွေပို။

သစ်ပင်တုက သီးတဲ့ သစ်သီးတု
သူမို့ သီးရဲလေတယ်။

အနံ့လည်းမမွှေး
အဟာရလည်း မပေး
ဒါပေမယ့်
မာယာများစွာသုံး
အကောင်းဆုံး အသီးမျိုး
သူကလွဲလို့ ဘယ်မှာမှ မသီးတဲ့ပုံ။

မာယာတွေကြား
နေတာများတော့
နှလုံးသားမှာ
ဒဏ်ရာတွေ ဗလပွ
တလောကလုံး
မာယာတွေသာ ဒီလိုသုံးနေရင်
သစ်ပင်တုတွေနဲ့
လေထုမသန့် ၀န်းကျင်ညစ်ညမ်း
စိတ်လည်း မကျန်းမာ။

သစ်ပင်တုများရဲ့  ကမ္ဘာ။ ။

စန်းစန်းတင်
ဧပြီ ၁၇။ ၂၀၁၀
http://www.kaungkin.com/

Friday, February 29, 2008

“ယုံကြည်ရာရင်ခွင်မဲ့သောငါ”

“ယုံကြည်ရာရင်ခွင်မဲ့သောငါ”

ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်
အဆင်ခြင်မဲ့သောငါ...
မဖြစ်လိုပါ။


သို့သော်...
ပြောလည်းမသိ
ထိလည်းမနာ
သာလည်းမနေ
သေလည်းမခင်
ယုံကြည်ရာ ရင်ခွင်မဲ့သောငါ...
ဖြစ်လာပါ၏။


ဇော်မျိုးလွင်

A

B

C

The Kitchen မီးဖိုချောင်