Thursday, November 18, 2010

နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့

နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့

သမိုင်းဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိဥာဉ်ဖြစ်တယ်။ အသက်ကို စောင့်ရှောက်သလို၊ ဂရုတစိုက်နဲ့ ထိန်းသိမ်း စောင့်ရှောက်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုးထား အလေးအမြတ် ပြုရတယ်။

အရှိကိုအရှိအတိုင်းကြည့်

သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင်တာလည်း မလုပ်ရဘူး။ အရှိကို အရှိအတိုင်း တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်တဲ့အခါမှာ သူ့ခေတ်သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ်ကိုယ့်အခါက အမြင်နဲ့ သမိုင်းကို ဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။ ဆိုရှယ်လစ်စကား လူတိုင်းပြောနေတဲ့အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့ စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တစ်ပါးရဲ့ အမြင်တွေက၊ နှစ်ဆယ်ရာစု လူမှုတော်လှန်ရေးသမားတစ်ယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရတာ ပေါ့ပျက်ပျက်ဖြစ်ပြီး ၀တ္ထုအနေနဲ့လည်း မကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျ ဖြစ်သွားတော့တယ်။

အကွဲတွေမီးမောင်းထိုးပြ

အသုံးမကျရုံဆို တော်သေးတယ်။ တစ်ချို့က မြန်မာ့သမိုင်းကို နောင်လာနောက်သားတွေ အထင်သေး အမြင်သေးဖြစ်ပြီး ယုံတမ်းစကားတွေအဖြစ် ပြက်ရယ်ပြုအောင် တမင်လုပ်သလို ဖြစ်နေတယ်။ အခုခေတ်မှာလည်း သမိုင်းကို ပြန်လည် ဖော်ထုတ်နေကြတယ်။ ရည်ရွယ်ချက် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတယ်။ အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြရာမှာ ကောင်းတဲ့ အပိုင်းကို မဖော်ပြကြဘဲ၊ မကောင်းတဲ့ အပိုင်းကိုချည့် ဆွဲထုတ်ဖော်ပြနေကြတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကိုတော့ ချန်ထားပြီး၊ ဖဆပလနဲ့ ကွန်မြူနစ်အကွဲ၊ ကွန်မြူနစ်ပါတီအကွဲ၊ တည်မြဲသန့်ရှင်းအကွဲ၊ ဦးဗိုလ်သခင်အကွဲ စတဲ့ အကွဲအပြဲတွေကိုချည့် မီးမောင်းထိုးပြနေတယ်။

မြန်မာမျိုးချစ်ကြီးများရဲ့ဝံသာနု

ဖဆပလမတိုင်မီ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေ အကြောင်းဖော်ပြတော့လည်း ရှေးမြန်မာ မျိုးချစ်ကြီးများရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ၀ံသာနုရက္ခိတ စိတ်ဓါတ်များကို လျစ်လျူရှုထားပြီး၊ အကွဲအပြဲတွေအကြောင်းချည့် တူးဆွရှာဖွေ ဖော်ထုတ်နေကြတယ်။ သင်ခန်းစာ ထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူများကလည်း၊ သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ၊ အခုနှစ်ဆယ့်တစ်ရာစုအမြင်နဲ့ ရှုမြင် သုံးသပ်တာမျိုးပဲ လုပ်လေ့ရှိကြတယ်။ ဘာကြောင့် ကွဲတာ ပြဲတာတွေကိုချည့် မီးမောင်းထိုးပြနေကြတာလဲလို့ မေးတော့၊ အကွဲအပြဲတွေကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ သင်ခန်းစာ ယူကြစေချင်လို့၊ ညီညွတ်စေချင်လို့ ဆိုတဲ့ အဖြေပဲ ခပ်လွယ်လွယ် ပေးကြတယ်။

ခုတ်ရာတခြားရှရာတခြား

ဒီလိုဖော်ပြချက်တွေက လက်တွေ့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတယ်ဆိုတာတော့ သူတို့သတိမထားမိကြဘူး။ သူတို့ဖော်ထုတ်တာတွေကို ဖတ်ပြီး၊ စာဖတ်သူများရဲ့ အမြင်မှာ နိုင်ငံရေးသမားမှန်သမျှ ဘယ်သူမှ မကောင်းဘူး၊ နိုင်ငံရေးဆိုတာလည်း ကလိမ်ကကျစ် လုပ်နေကြတာပဲ။ အချင်းချင်း အာဏာလုပြီး ခွက်စောင်းခုတ်နေကြတာပဲဆိုတဲ့ အမြင်တွေပဲ ပေါ်ထွက်လာစေတယ်။ ဒီနေ့ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သမိုင်းကြောင်းစာတွေ၊ ကာတွန်းတွေကိုကြည့်ပြီး၊ ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပြက်ရယ်ပြုကြ လုပ်တာတွေ့ရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ မြန်မာလူမျိုးမှန်သမျှ ဦးညွတ်အလေးပြု ကြတဲ့ “ရဲဘော်သုံးကျိပ်” ဆိုတာ အားလုံးနိုင်ငံရေးသမား သခင်တွေဘ၀က ဗိုလ်ဖြစ်လာကြတယ်ဆိုတာ ကလေးတွေ မသိနိုင်ကြတော့ဘူး။ နိုင်ငံရေးသမားတွေ ဘယ်သူမှမကောင်းဘူးဆိုတဲ့ စကားကို ဟိုးတစ်ချိန်တုန်းက ဂိုဏ်းအုပ်စုတစ်ခုက လူပုဂ္ဂိုလ်တစ်ချို့နဲ့ စာရေးဆရာတစ်ချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ကြွေးကြော် လွှင့်ထုတ်ခဲ့ကြတာ ဖြစ်တယ်။

မတူညီမှုများဖြင့်ပေါင်းစည်းမှု

ညီညွတ်ကြစေချင်လို့ဆိုတဲ့ စကားကလည်း မစဉ်းစားဘဲ ခပ်ပေါ့ပေါ့ပြောရင် အဓိပ္ပါယ်ကောက် လွဲပြီး တစ်လွဲဆံပင်ကောင်း ဖြစ်သွားစေနိုင်တာကြောင့် သတိထားပြောသင့်တယ်။ သဘာဝ တရားကြီးကိုက လူ့လောကကို အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားခြားနားမှုတွေနဲ့ ဖန်တီးပေးထားတာ ဖြစ်တယ်။ မတူညီမှုများ၏ ပေါင်းစည်းမှုကို အခြေခံထားတာဖြစ်တယ်။ ဒါကြောင့်လည်း လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံ အသွေးစုံတွေနဲ့ လှပသာယာတဲ့ နေရာကြီး ဖြစ်နေတာပါ။ တစ်ရောင်တည်းခြယ်တဲ့ လောကကြီးဆိုရင် ဘယ်ဒီလိုသာယာလှပနေတော့မှာလဲ။ ကွဲပြားခြားနားခြင်း ဆိုတာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာ မဟုတ်ဘူး။ ကြောက်စရာမဟုတ်သလို စက်ဆုပ်စရာလည်း မဟုတ်ဘူး။ ကွဲပြားခြားနားခြင်းကြောင့် တိုက်ခိုက်ကြတာမဟုတ်ဘူး။ “မတူညီမှုများ၏ ပေါင်းစည်းမှု” သဘောကို လူတွေက နားမလည် သဘောမပေါက်လို့ တိုက်ကြ ခိုက်ကြတာ ဖြစ်တယ်။

ရန်ဖြစ်တာမပြည့်ဝလို့

အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက၊ မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ်ယုံချင်တာ လွတ်လပ်စွာ ယုံခွင့်ရှိတယ်။ အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ရေကိုသားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တကယ် လက်တွေ့တော့ မရှိနိုင်ဘူး။ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တစ်သားတည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင် တစ်လွဲ ဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည် ရောက်ရှိသွားစေနိုင်တယ်။ သတိထား သုံးသင့်တယ်။

အစွဲတွေချွတ်ပစ်ရမယ်

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နှစ်ငါးဆယ်နီးပါး တစ်ပါတီ၊ တစ်ဖွဲ့တစ်စည်းရဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းဖို့ တာစူနေတဲ့ အချိန်ကာလ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှ လူတိုင်းရဲ့ ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ (brain washed လုပ်ခံထားရတဲ့) နိုင်ငံရေးဆိုတာ၊ ကိုယ်နဲ့ မဆိုင်ဘူး၊ အုပ်ချုပ်သူ လူတစ်စုနဲ့ပဲ ဆိုင်တယ်၊ ၀င်မစွက်နဲ့ ၀င်မပါနဲ့၊ ကြောက်စရာ ကောင်းတယ်၊ စက်ဆုပ်စရာ ကောင်းတယ်၊ နိုင်ငံရေး သမားဆိုရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အစွဲအယူအဆတွေကို ချေးချွတ်ပစ်ဖို့ အများကြီး ကြိုးစားကြရမယ်။ တိုင်းသူပြည်သားအားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ အားတက်သရော၊ တက်တက်ကြွကြွ ပါဝင်မလာသရွေ့ ဘယ်လို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှ မအောင်မြင်နိုင်ဘူး။

ကျေးဇူးမမေ့သင့်

ဒီလိုအခြေအနေမှာ သမိုင်းဖြစ်စဉ်တွေထဲက မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး မီးမောင်းထိုးတင်ပြနေကြတာမျိုးတွေကို ဆင်ခြင်သင့်ကြတယ်လို့ သဘောရပါတယ်။ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာရတာကို ကျေးဇူးမကန်းသင့်ဘူး။ နှစ်ပေါင်းတစ်ရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ အသက်စွန့်ခဲ့ကြရတဲ့ မျိုးချစ် အာဇာနည် သူရဲကောင်းများရဲ့ ကျေးဇူးကိုလည်း မမေ့သင့်ကြပါဘူး။

လူထုစိန်ဝင်း
အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၀ပြည့်နှစ်။

A

B

C

The Kitchen မီးဖိုချောင်