Showing posts with label zaw myo lwin. Show all posts
Showing posts with label zaw myo lwin. Show all posts

Wednesday, July 7, 2010

နှစ်ဘဝစာ အလွမ်း

A condom delivery service in Mexico
နှစ်ဘဝစာ အလွမ်း

မင်းယဉ်ပါးနေတဲ့
ခြံခုန်တမ်းကစားနည်းမှာ
စည်းရိုးတခုငါ မဖြစ်ပါရစေနဲ့။

တခြုံကွယ် တမယ်မေ့ရအောင်
နေ့တွက်မစီသရွေ့
ရမ္မက်သက်သက်နဲ့ ထပ်တိုး
မင်းကိုငါမြတ်နိုး...
တန်ဘိုးဖြတ်ခဲ့တာ မဟုတ်ဘူး။

အသွားအပြန်မရှိတဲ့ မေတ္တာမှာ
မမြင်သာတဲ့ သံယောဇဉ်တွေက
လူတကာနဲ့ ပျော်ပါးကောင်းတဲ့
ကုတင်အဟောင်းတလုံးလဲ မဟုတ်ခဲ့ဘူး။

ကောက်ရိုးတမျှင်ထက်ကို
ပိုလို့ အကြင်နာကြီးရတဲ့ ငါက
မင်းမွှေးသွားတဲ့ မီးတမြိုက်မှာတင်
အကြိမ်ကြိမ် သေပွဲဝင်ခဲ့ရပြီးပါပြီ။

ရှိလက်စသစ္စာတွေကပဲ
နောက်ထပ်နှစ်ဘဝစာ...
ငါ့မှာဘာကျန်သေးတော့လို့လဲ။

ဒါတော့မလုပ်ပါနဲ့ကွာ...
လူကြီးပီပီသသ နေနေရတာကိုက
ပင်ပမ်းလွန်းလှပါပြီ။

သတိထားပါ
မနက်ဖြန်တွေ အများကြီးနဲ့
ကြီးပြင်းလာမယ့် အနာဂတ်မှာ
အခမဲ့ ခံစားရသမျှက
ဘာမှ အရာထင်ကျန်ခဲ့တာ မဟုတ်ဘူးလို့
မင်းမထင်နဲ့။

အပေါ်ယံ အရေပါးနေတဲ့
ခပ်ထူထူ လူကောင်တွေရဲ့
မြူဆွယ်ဘာသာစကားတွေကြားမှာ
ရာဘာသားတွေ ပေါလွန်းတယ်။

ဇော်မျိုးလွင်
http://shwepoem.blogspot.com

Monday, July 5, 2010

၂၀၁၀ မြန်မာ့ဖလား

၂၀၁၀ မြန်မာ့ဖလား

မှောင်ကြီးမည်းထဲမှာ
ရောင်တော်ပြန်နဲ့ ရောလွှတ်ရင်း
လွတ်ကျွတ်ထွက်လာတဲ့ အခွင့်အရေးကို
လူကျွံဘောဖမ်းသတဲ့။

ပြီးတော့ ပယ်နယ်တီ
လူတွေ ရယ်လိုက်ကြတာ
သောက်သောက်လဲ။

ခြံဝင်းတံခါး
အလုံပိတ်ခံထားရတဲ့
တိုက်စစ်မှူးခမျာ
တသင်းလုံး အနီကတ်ပြ
ဂိုးသမားမကျန်
အထုတ်ခံရသလို။

ငိုစားရယ်စား
ကွင်းလယ်ထဲကဒိုင်
လက်ထဲကိုင်ထားတဲ့
ဝီစီတဖက် ဘောလုံးတဖက်နဲ့
ဖမ်းသူမဲ့ ဂိုးပေါက်ထဲ
သူကိုယ်တိုင် အလွတ်တည်ကန်။

တကွင်းလုံးတိတ်ဆိတ်
မြတ်မရိတ်ထားတဲ့
အောင်ဆန်းဂရောင်းမှာ
ရေဒီယိုက ဝေဖန်သံတွေ
မကြားတချက် ကြားတချက်။

ရင်ကိုလာမှန်တဲ့
ပရိသတ်ရဲ့ ကြေကြေကွဲကွဲ
လက်ခုတ်သံတွေနဲ့။

ဆွမ်းခံကြွမရတဲ့
တောရကိုယ်တော်တွေ
သက်ပြင်းချသံ။

တိုက်ရိုက်လွှင့်ပြီဆိုမှ
အဝေးကလှမ်းလောင်းနေကြတဲ့
လူအ,တွေ တချို့
အိပ်မက်ဆိုးမက်နေဆဲ။

မိုးလဲလင်းလုပြီ။

အားလုံးကို ကျေးဇူးတင်ပါသည်။

ဇော်မျိုးလွင်
http://shwepoem.blogspot.com/

Tuesday, June 29, 2010

ရွှေကဗျာ

ရွှေကဗျာ

စိတ်ရဲ့စေရာကို
ခစားနေရတဲ့လူသားတွေ။

မက်မောတွယ်တာမှုနဲ့
ရယူပိုင်ဆိုင်လိုစိတ်တွေကတဖွားဖွား
ဒီကြားထဲ ပွားသွားတဲ့
နေရင်းထိုင်ရင်း စကားလုံးများက
သောက်မကုန် မြိုမခမ်း။

အဘက်ဘက်က
အသွားမြမြချွန်တဲ့ နံမည်တွေနဲ့
သေတာထက်ဆိုးမယ့် ဒဏ်ရာတွေ
ခြေမနဲ့တော့ ကော်မထုတ်လိုက်ပါနဲ့
တနေ့သေရမှာကို လူတိုင်းသိသလို
မင်းချစ်တာကိုလဲ ငါသိတယ်။

ရွှေရယ် ငွေရယ် ကလေးရယ်နဲ့
ပတ်လည်ဝိုင်းနေတဲ့ အစိမ်းသရဲတွေကြား
ရှုပ်ပွပေရေနေတဲ့ လောကသေးသေးလေးထဲမှာ
ကိုယ်ဟာ ဘာကောင်မှ မဟုတ်သလို
အလိုတူအောင်လဲ အားမထုတ်နိုင်ခဲ့ဘူး။

အဲဒါ...
ဘုရားစူး ချစ်ကြတာတဲ့လေ
တန်ဘိုးထပ်ခဲ့တာတွေ မြေမကျစေနဲ့
ဝေလို့ရသမျှ တယောက်တဝက်က
ဘယ်လောက်ထိ ရေစိမ်ခံမတဲ့လဲ။

ဝေးသွားမှ
ကျန်ရစ်ရမယ့် စေတနာတွေနဲ့
ပါးရိုက်ခံလိုက်ရတဲ့ သစ္စာတွေအတွက်
လူရှေ့မှာ ကလေးနို့လှန်တိုက်သလို
နားကိုက်လိုက်ကြပါ။

ဘယ်တယောက် ညာတယောက်နဲ့
မဏ္ဍပ်ကြီးလဲ ဝက်ဝက်ကွဲ
ပြဲရာချုပ်ရာတွေ ဗရပွ
ဂီလာနဘာဝနာ ဆိုတာက
မျက်မမြင် ချွင်ချွင်မြည်တိုင်း
ရွှေထင်တဲ့အမျိုး။

အစစ်တွေ ရေနစ်နေချိန်မှာ
မယူလို့ မရကောင်းတဲ့ သီလတွေနဲ့
ဆန်ပေးမှ ဆေးရမယ့်ဝါဒက
အရင်တယောက်တုန်းကလို
ရေမြေတဆုံး ကမ္ဘာသုံးဖြစ်ခဲ့ပြီ။

ဇော်မျိုးလွင်
http://shwepoem.blogspot.com/

Friday, February 29, 2008

“ယုံကြည်ရာရင်ခွင်မဲ့သောငါ”

“ယုံကြည်ရာရင်ခွင်မဲ့သောငါ”

ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်
အဆင်ခြင်မဲ့သောငါ...
မဖြစ်လိုပါ။


သို့သော်...
ပြောလည်းမသိ
ထိလည်းမနာ
သာလည်းမနေ
သေလည်းမခင်
ယုံကြည်ရာ ရင်ခွင်မဲ့သောငါ...
ဖြစ်လာပါ၏။


ဇော်မျိုးလွင်

A

B

C

The Kitchen မီးဖိုချောင်