Wednesday, January 5, 2011

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း
ထွန်းအောင်ကျော်

နောက်ခံသမိုင်း

မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီစံနစ်အောက်မှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုကို ဦးရွက်ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည် ပင်လုံမြို့လေးတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးကို အတူတကွ ယူပါမည်ဆိုသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေး ရရှိခဲ့သည့်အခါ ၁၉၄၇ အခြေခံဥပဒေသည် ပြည်ထောင်စုစံနစ် အုပ်ချုပ်ပုံမဟုတ်ဘဲ တပြည်ထောင်စနစ်သာ ဖြစ်သည်ဟု ရှမ်းခေါင်းဆောင်များက ဦးဆောင်တင်ပြလာခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရေးဆွဲရေးကို တောင်းဆိုလာခဲ့ကြသည်။

လွတ်လပ်ရေးရရှိပြီးနောက် ပြည်တွင်းလက်ဝဲ ကွန်မြူနစ်များက ပုန်ကန်ထကြွခဲ့ပြီး၊ ကရင်တပ်များကလည်း ကေအင်ဒီအို (KNDO) Karen National Defense Organization က ဦးဆောင်ပြီး ပုန်ကန်ခဲ့ကြသဖြင့် လွတ်လပ်ခါစနိုင်ငံသည် ပြည်တွင်းစစ်မီးများကြားတွင် ကျရောက်ခဲ့ရသည်။ ထိုအခါ ပြည်သူများက သူပုန်များကို နှိမ်နှင်းနေသည့် တပ်မတော်ကို အားကိုးလာခဲ့ကြပြီး တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံရေးတွင် အရေးပါလာခဲ့သလို ပြည်တွင်းစစ်ကို ရင်ဆိုင်ရင်း သြဇာအာဏာ ကြီးမားလာခဲ့ရသည်။ တပ်မတော်ဗိုလ်ချုပ်ကြီး နေ၀င်းကို အားကိုးလာခဲ့ကြသည်။

ပြည်တွင်းစစ်ဖြစ်ရခြင်းမှာ မြန်မာပြည်ကွန်မြူနစ်ပါတီမှ အာဏာရယူရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာပြည်မှ ခွဲထွက်၍ မိမိကိုယ်ပိုင်နိုင်ငံ ထူထောင်လိုခြင်းနှင့် အုပ်ချုပ်နေသော အစိုးရမှ စစ်မှန်သော ဖယ်ဒရယ်အခြေခံဥပဒေကို မရေးဆွဲနိုင်ခြင်းကြောင့်ဟု ယေဘုယျသုံးသပ်နိုင်ပါသည်။ လက်ဝဲ လက်ယာနိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်လိုရာဆွဲရေးသည့် သမိုင်းကလည်းရှိသဖြင့် အဓိက ပြည်တွင်းစစ်ဖြစ်ရခြင်း (၃) ချက်ကို အကျဉ်းရုံး၍ တင်ပြခြင်းဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ဖြစ်ထွန်းလာခြင်းမှာ ပင်လုံညီလာခံတွင်ပါသည့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုသည့် စာပိုဒ်သည် အဓိကအကြောင်းအရာ ဖြစ်နေသည်ဟု ထင်သည်။ မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြို့တွင် ဆွေးနွေးခဲ့ကြစဉ် တန်းတူညီမျှရေးနှင့် အကယ်၍ မကျေနပ်လျှင် နောင် (၁၀)နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိစေရမည်ဆိုသည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းက ထိုစဉ်အခါက ဗြိတိသျှတို့က ပြည်မနှင့် တောင်တန်းဒေသဟူ၍ အုပ်ချုပ်ထားခြင်းကြောင့် အကယ်၍ ဤအချက်ကို လက်မခံပါက တိုင်းရင်းခေါင်းဆောင်များက ပြည်မနှင့်အတူ မပူးပေါင်းဘဲ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သည့်အတွက် လက်မှတ်ရေးထိုးပေးခဲ့သည်ဟု ယူဆရသည်။

တချို့သော လက်ဝဲနိုင်ငံရေးသမားများက “အောင်ဆန်းအသုံးမကျလို့ လက်မှတ်ထိုးခဲ့တာ၊ အောင်ဆန်းဟာ တရားခံ”ဟု စွပ်စွဲခဲ့ကြသည်။ ထိုစဉ်က ခွဲထွက်ပိုင်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်းက လက်မှတ်မထိုးခဲ့လျှင် မြန်မာရာဇ၀င်သည် တမျိုးတဖုံပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ လက်မှတ်မထိုးသဖြင့် သဘောတူညီချက်မရဘဲ တိုင်းရင်းသားများက ဗြိတိသျှ အင်ပါယာ ဓနသဟာယထဲတွင် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပြည်မနှင့်သာ လွတ်လပ်ရေးရလာစရာ အကြောင်းရှိသည်။

ရှမ်းပြည်၊ ကယားပြည်၊ ချင်းပြည်၊ ကချင်ပြည်နယ်တို့ ဗြိတိသျှ လက်အောက်မှ မည်သည့်အခါတွင် လွတ်လပ်ရေးရမည် မပြောနိုင်သော်လည်း အကယ်၍ သီးခြားလွတ်လပ်ရေးရရှိပါကလည်း ရှမ်းပြည်သည် ပတ်လည်တွင် ကုန်းလမ်းပိတ် (Land Lock) နိုင်ငံအဖြစ် ပေါ်ထွက်လာပြီး ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ တို့ကို အားကိုးရမည့် အနေအထားဖြစ်ပေလိမ့်မည်။ ထို့အပြင် ရှမ်းပြည်သည် ယိုးဒယားပြည်နှင့် ပူးပေါင်းကောင်း ပူးပေါင်းသွားနိုင်ချေရှိသည်။ ဥပမာ SSA ခေါင်းဆောင် ခွန်ဆာ၏ ဋ္ဌာနချုပ်တွင် ထိုင်းဘုရင်နှင့် မိဖုရားဓါတ်ပုံကြီးများ ချိတ်ဆွဲထားပြီး ခွန်ဆာက ၎င်း၏ ဘုရင်နှင့် မိဖုရားဟု ဆိုခဲ့သည့် သာဓကရှိသည်။ သို့မဟုတ် နိုင်ငံကြီးဖြစ်သည့် ယိုးဒယား သို့မဟုတ် ဗမာက ၀င်ရောက် သိမ်းပိုက်နိုင်သည်။

ထို့အတူ ကချင်နိုင်ငံငယ်လေးသည်လည်း ရှမ်းအလား ကုန်းပိတ်နိုင်ငံဖြစ်၍ မြန်မာနှင့် တရုတ်ကို အားကိုးရပေလိမ့်မည်။ တရုတ်က တိဗက်ပြည်ကို ၀င်သိမ်းသလို သိမ်းယူသွားနိုင်ချေရှိသလို မြန်မာနိုင်ငံကလည်း မိမိပိုင် နယ်မြေအဖြစ် တောင်းယူသိမ်းပိုက်ခံရဘွယ်လည်း ရှိနိုင်သည်။ ထိုနည်းတူ ချင်းနိုင်ငံအဖြစ် ထွက်ပေါ်လာမည် ဆိုပါက ပြည်မကိုပင် အားကိုးရမည့်အသွင်ရှိသည်။ သို့မဟုတ် ကုလားနှင့် ပေါင်း၍ မီဇိုရမ် ပြည်နယ်ထဲတွင် ပါဝင်သွားနိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း အမျှော်အမြင်ရှိသည့်အတွက်ကြောင့် ယနေ့အထိ မြန်မာနိုင်ငံ ဟူ၍ တိုင်းရင်းသားများအားလုံး စုစည်းထားသည့် အနေအထားသို့ ရှိနေခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါ။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည် ကိုးစားသည့် ပုဂ္ဂိုလ်ကို မသမာသူတစုက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ၊ တန်းတူညီမျှရေးဆိုသည့် ကတိများကို နောင်တက်လာသည့် ခေါင်းဆောင်များက ပျက်ကွက်ခဲ့ကြသည်။

ဝန်ကြီးချုပ်ဦးနုကို ၁၉၆၁ ခုနှစ် ဂျွန်လတွင် ကရင်၊ ကရင်နီ၊ ကချင်၊ ရှမ်း၊ မွန်နှင့် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်သည့် တောင်ကြီးမြို့ ညီလာခံမှ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စကို ဖြေရှင်းရန် ဦးနုက ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ၌ ရန်ကုန်မြို့တွင် အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။

တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်တော်များနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ၀န်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ဖွဲ့စည်းရေး၊ လွှတ်တော် (၂)ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက်ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျှောက် လွဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေးတို့ဖြစ်သည်။

၎င်းအကျိုးဆက်သည် နောက်တလအကြာ မတ်လ (၂)ရက်နေ့ ၁၉၆၂ နှစ်တွင် ဗိုလ်နေ၀င်းက တိုင်းပြည်ပြိုကွဲတော့မည်ဆိုသည့် အကြောင်းပြချက်ကို အသုံးချ၍ စစ်တပ်ကို ခုတုံးလုပ်၊ အခြေဥပဒေကို သစ္စာဖေါက်ဖျက်၍ အာဏာသိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်စံနစ်ကို ထူထောင်ခဲ့လေသည်။

ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရင်ဆိုင်ရမည့် အတားအဆီးများ

(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်။

(၂) မိမိလူမျိုးတမျိုးတည်းကိုသာ ကြည့်လုပ်ဆောင်ရွက်သော လုပ်ရပ်။

(၃) လူမျိုးကြီးဝါဒတည်ရှိနေမှု။

ဤသုံးချက်သည် ဖယ်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားကြီးများဖြစ်သည်။

(၁) ဗမာမုန်းတီးရေးစိတ်ဓာတ်

တိုင်းရင်းသားများသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် မိမိတို့ အိုးအိမ်ပစ်၍ လည်းကောင်း၊ သားမယား သေကြေပျက်စီး၍ လည်းကောင်း၊ စစ်တပ်၏ ချောဆွဲ ပေါ်တာလိုက်ရ၍ လည်းကောင်း၊ သားပျို သမီးပျိုများ ဖျက်ဆီးခံရ၍ လည်းကောင်း စစ်တပ်ကို မုန်းတီးလာကြသည်။ ဗမာစစ်တပ်ဟူ၍ ဗမာလူမျိုးများကိုပါ မုန်းတီးနေကြသည်။

အမှန်စဉ်စစ် ဗမာလူမျိုးများလည်း တိုင်းရင်းသားပြည်သူများနည်းတူ စစ်အာဏာရှင်စနစ်ဒါဏ်ကို ခံစားနေကြရသည်။ စစ်အာဏာရှင်တို့ကို တိုင်းရင်းသားများနည်းတူ တိုက်ပွဲဝင်နေကြသည်ကို နားလည်သဘောပေါက်လာလျှင် လူမျိုးရေးမုန်းတီးမှုကို ပြေပျောက်အောင် လုပ်နိုင်မည် ဖြစ်သည်။

အထူးသဖြင့် ပြည်နယ်များရှိ တိုင်းရင်းသားများ အများစုမှာ ပြည်မသို့ မရောက်ဘူးကြသဖြင့် ပြည်မတွင်လည်း ပြည်နယ်များမှာကဲ့သို့ နှိပ်စက်ညှင်းပန်းမှုရှိကြောင်း မသိမြင်ကြသဖြင့်သာ ဗမာတပ်ဟူ၍ ဗမာလူမျိုးများကို မုန်းတီးနေကြခြင်းဖြစ်သည်။ ဗမာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဋ္ဌေးကြွေ၊ မင်းဇေယျာတို့ ထောင်ထဲတွင် ဆယ်စုနှစ် နှစ်ခုနေလျှက် တိုက်ပွဲဝင်နေကြခြင်းကို သိချင်မှ သိပေလိမ့်မည်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်တို့ကိုသာ သိရှိချင် သိရှိနေမည်ဖြစ်သည်။

အချုပ်မှာ လူမျိုးရေး မုန်းတီးမှုသည် ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် ကြီးမားသော အဟန့်အတားကြီး ဖြစ်သည်။ စစ်အာဏာရှင်စံနစ်ကြောင့်သာ ဗမာလူမျိုးများ အပါအ၀င် တိုင်းရင်းသားများ အားလုံး ဒုက္ခဆင်းရဲခံနေရသည်ကို ရှင်းလင်းစွာ သိပြီး လူမျိုးရေးမုန်းတီးမှုမှာ မှားယွင်းကြောင်း သိမြင်လာဘို့ အဓိကလိုအပ်သည်။ လူမျိုးရေးမုန်းတီးမှုမရှိမှ၊ တွေ့ဆုံဆွေးနွေးသော အခါတွင် အလွယ်တကူ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။

(၂) မိမိလူမျိုးတမျိုးတည်းအတွက်သာကြည့်ပြီး လုပ်ဆောင်နေသော လုပ်ရပ်

တတိုင်းပြည်လုံးကို တပ်သားသုံးသိန်းကျော်အင်အားဖြင့် ဖိနှိပ်ထားသော စစ်အာဏာရှင်စံနစ်ကို မိမိပြည်နယ်တခုတည်း လွတ်မြောက်ရေးအတွက် သက်သက်တိုက်ပွဲဝင်နေမှုသည် “တောင်ကြီးဖြိုမဲ့ကြံ ခါးကမသန်” ဆိုသည့်ပမာ ဖြစ်နေသည်။

အဓိက တိုင်းရင်းသား ခေါင်းဆောင်များ မြင်ရမည်မှာ မြန်မာပြည် တပြည်လုံး လွတ်မြောက်မှ ငါတို့ပြည်နယ်ပါ လွတ်မြောက်မည် ထို့ကြောင့် တပြည်လုံးလွတ်မြောက်ရေးကို ငါတို့ ကြိုးစားရမည် ဆိုသည့် အမြင်ကို ထားရှိဘို့လိုသည်။

ထိုသို့ တပြည်နယ် လွတ်မြောက်ရေး အရေးထက် တပြည်လုံး လွတ်မြောက်ရေးဆိုသည့် အမြင်သို့ ပြောင်းပစ်လိုက်ပါက တော်လှန်ရေး အောင်မြင်သောနေ့တွင် ထိုခေါင်းဆောင်များသည် ပြည်နယ်ခေါင်းဆောင်များဘ၀ သာမက တနိုင်ငံလုံး လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးသော အမျိုးသားခေါင်းဆောင်များ ဘ၀သို့ တက်လှမ်း ရောက်ရှိလာပေလိမ့်မည်။

(၃) လူမျိုးကြီးဝါဒ တည်ရှိနေမှု

နေ၀င်းလက်ထက်မှစ၍ ယနေ့သန်းရွှေလက်ထက်အထိ မြန်မာစစ်တပ်သည် လူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားပြည်သူများကို မြန်မာမှု (Burmanization) ပြုခဲ့ကြခြင်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ကြီးစွာသော ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေများ သင်ကြားခွင့်ကို ပိတ်ပင်၍ မြန်မာစာကိုသာ သင်ကြားစေခြင်း တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းပေးခြင်းမပြုဘဲ မျက်ကွယ်ပြုခြင်းတို့သည် အလွန်ကျဉ်မြောင်းသည့် လူမျိုးကြီးဝါဒဖြစ်သည်။

အမေရိကန်၊ ဥရောပနိုင်ငံများတွင် မူလတန်းအောင်ပြီး (၄-၅)တန်း ရောက်လျှင် အင်္ဂလိပ်ဘာသာစကားအပြင် နိုင်ငံခြားဘာသာရပ် တခုခုကိုပါ တွဲယူရသည်။ နိုင်ငံခြားသား အခြေချသူများ ရောက်လာသည့်အခါတွင် စာသင်အရွယ် ခလေးသူငယ်များကို အင်္ဂလိပ်ဘာသာအပြင် မိမိလူမျိုး ဘာသာစကား မပျောက်ကွယ်ရအောင် စောင့်ရှောက်ကြဘို့ အားပေးခြင်း ကူညီခြင်းကို ပြုကြသည်။ တိုင်းတပါး ဘာသာစကား၏ တန်ဘိုးကို လေးစားကြသည်။ အမျှော်အမြင် ကြီးကြသည်။ ငါ့ဘာသာစကားပဲ သင်ရမည်မရှိ။ ဘာသာစကားနှင့် ပတ်သက်၍ နောက်တွင် အကျယ်ဆွေးနွေး တင်ပြသွားပါမည်။

ပထမပိုင်းတွင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ရှိသည့် အတားအဆီး (၃)ရပ်ကို ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ထိုအတားအဆီး (၃)ရပ်ကို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးမည်သို့၊ မည်ကဲ့သို့ ကျော်ဖြတ်ရမည်ကို ဉာဏ်မီသလောက် တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။ ထိုသို့တင်ပြ ဆွေးနွေးရာတွင် ကျွန်တော့်၏ စိတ်ထဲတွင် မြန်မာပြည်ဖွါး တိုင်းရင်းသား ပြည်သူများအားလုံး-

(၁) လွတ်လပ်သော လူသားများအဖြစ် ပျော်ရွှင်ချမ်းမြေ့ လူပီသစွာ နေထိုင်နိုင်ရေး။

(၂) လူ့အခွင့်အရေး တန်းတူညီမျှ ရရှိရေး။

(၃) စည်းလုံးညီညွတ်သော ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်ရေး

ဟူသော စစ်မှန်သည့် စေတနာ အမြင်ဖြင့် တင်ပြခြင်းဖြစ်ကြောင်း စကားပလ္လင်ခံပါရစေ။ ထို့ကြောင့် ကျွန်တော် ရေးသားတင်ပြချက်များကို လူမျိုးကြီး စိတ်ဓာတ်ရှိသော ဗမာလူမျိုးများနှင့် ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ဓာတ်ရှိသည့် တိုင်းရင်းသားတို့က လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ပြည်သူတို့ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်တွင်းတွင် တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော၊ တစည်းတလုံးသော ဖယ်ဒရယ်စစ်စစ်ကို လိုလားသည့် မည်သည့် တိုင်းရင်းသားခေါင်းဆောင်မဆို ကျွန်ုပ်၏ တင်ပြ ဆွေးနွေးချက်ကို မူအားဖြင့် လက်ခံနိုင်လိမ့်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ဖယ်ဒရယ်ဆိုလျှင် မထိနဲ့ မကိုင်နဲ့ဟု မိမိပြောမှားဆိုမှားဖြစ်ခဲ့လျှင် နိုင်ငံရေး သေသွားမည်ဆိုသည့် အတွေးဖြင့် ယနေ့နိုင်ငံရေးသမား တော်တော်များများနှင့် ခေတ်ဟောင်း နိုင်ငံရေးသမားကြီးတို့က လက်ရှောင်ခဲ့ကြပေသည်။

ကျွန်တော့အမြင်သည် အကယ်၍ ကျွန်တော်တို့က လက်ရှောင်နေသော ကိစ္စကို ထိုအတိုင်း လွှတ်ထားပါက ထိုလိပ်ခဲတင်းလင်းဖြစ်နေသော ကိစ္စကို စစ်အာဏာရှင်တို့က အသုံးချ၍ “တိုင်းပြည်ပြိုကွဲမည့် အရေးကြောင့်” တပ်မတော်ကို တိုးချဲ့နေရပါသည်ဟု အကြောင်းပြချက်ဖြင့် တောင်တန်းပြည်မ မကျန် စစ်အာဏာဖြင့် ဆက်လက်နှိပ်ကွပ်နေမည်သာ ဖြစ်သဖြင့် ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု ဆိုသော စိတ်ဓာတ်ဖြင့် မိမိ၏ အမြင်ကို တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဗမာမုန်းတီးရေးစိတ်ကို ချေဖျက်ခြင်း

ဗမာမုန်းတီးရေးစိတ်ကို ခြေဖျက်လိုလျှင် တိုင်းရင်းသားများဖက်မှ ၎င်းတို့ကို ဖိနှိပ်သတ်ဖြတ်နေသော ရင်းမြစ်ကို သိမြင်ဘို့ လိုသည်။ ၎င်းတို့နှင့် ဗမာတိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်နေသည့် စစ်အာဏာရှင်စံနစ်ကို မြင်မှသာ ဗမာမုန်းတီးရေးစိတ်မှ ဗမာများနှင့် အကျိုးတူပူးပေါင်း၍ စံနစ်ဆိုးကို အတူတကွ တိုက်ထုတ်ပစ်မှသာ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော သာတူညီမျှရေး၊ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် ပန်းတိုင်ကို အဖိနှိပ်ခံ ပြည်သူများ၏ စုပေါင်းအားဖြင့် တည်ဆောက်နိုင်မည် ဖြစ်သည်။

၎င်းနည်းတူ ဗမာလူမျိုးများကလည်း စစ်အာဏာရှင်စံနစ်သည် တတိုင်းပြည်လုံးကို ဗမာမှုပြုခြင်း (Burmanization) သည် အားကျစရာ၊ သဘောတူစရာ လုပ်ရပ်မဟုတ်၊ အလွန်ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ တနည်း မဟာဗမာဝါဒ ဖြစ်သည်။ ၎င်းဝါဒသည် မြန်မာနိုင်ငံကြီးကို အင်အားတောင့်တင်းသည့် ဗမာနိုင်ငံတော်ကြီးအဖြစ်သို့ တွန်းမပို့ဘဲ ပြည်တွင်းစစ် သံသရာ၌ တ၀ဲလည်လည်ဖြစ်နေမည့် ၀ါဒဖြစ်သည်။ ထိုအခါ ညီနောင် တိုင်းရင်းသားများ၏ တန်ဘိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်သည့် တိုင်းရင်းစာပေ၊ စကား၊ ယဉ်ကျေးမှုများကို ပြုစုပျိုးထောင်ပေးခြင်း၊ မြေတောင်မြှောက်၍ အရှည်တည်တံ့အောင် တန်ဘိုးထား အားပေးခြင်း၊ ကာကွယ်စောင့်ခြင်းတို့ကို ယုံယုံကြည်ကြည် အားတက်သရောဖြင့် ရိုးသားစွာ ပြုကြဘို့ လိုအပ်ပေသည်။

ဥပမာ- ကော်နဲမ်တက္ကသိုလ် (Cornell University) သည် အရှေ့တောင်အာရှဒေသ နိုင်ငံများ၏ စာပေများကို အဓိက စုဆောင်း မှတ်တမ်းတင်သည့် စာကြည့်တိုက်များ ထားရှိသည်။ Kroch Library သည် အရှေ့တောင်အာရှနှင့် အရှေ့အာရှစာပေများကို အထူးသိုလှောင်ထားသော စာကြည့်တိုက်ကြီးဖြစ်သည်။ ပေါပေါ့ခမာနီများ ကမ္ဘောဒီယားနိုင်ငံကို တိုက်ခိုက် အာဏာသိမ်းယူပြီးနောက် ရှေးဟောင်းအမွေအနှစ် စာပေယဉ်ကျေးမှုများကို ဖောက်ပြန်သော စာပေများအဖြစ် သတ်မှတ်၍ ကမ်းကုန်အောင် ဖျက်ဆီးပစ်ခဲ့သည်။ နောင်ဗီယက်နမ် ထောက်ခံမှုဖြင့် တက်လာသော ဟွန်ဆန်အစိုးရ လက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ်များ ခေါင်းပါးလျက် ရှိသည်ကို ပြန်လည်ပျိုးထောင်ရန် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်၍ ကော်နဲတက္ကသိုလ် စာကြည့်တိုက်မှ တန်ဖိုးထား ငွေကုန်ကြေးကျခံ သိမ်းဆည်းထားသော စာပေများ အားလုံးကို ကူးယူနိုင်ခဲ့သဖြင့် ကမ္ဘောဒီးယား လူမျိုးတို့ မိမိစာပေ ယဉ်ကျေးမှုတို့ကို ပြန်လည်ပြုစု ထူထောင်နိုင်ခဲ့ပေသည်။

ဤအချက်က နိုင်ငံခြားတိုင်းပြည်တခုဖြစ်သည့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၏ အမျှော်အမြင် ကြီးမားမှု၊ မိမိနှင့် ဘာသာမတူ လူမျိုးမတူသဖြင့် ဂရုစိုက်စရာမလိုဆိုသည့် စိတ်ထားမျိုးမရှိဘဲ၊ တိုင်းတပါးယဉ်ကျေးမှုပင် ဖြစ်လင့်ကစား တန်ဘိုးထား ထိမ်းသိမ်းထားကြသည်ကို လေးစားမိပါသည်။ မြန်မာနိုင်ငံတွင်မူ ဗမာစကားသာ သင်ယူရမည်၊ တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားများ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ တိုင်းရင်းသားစာပေကို သင်ကြားခွင့်မရှိ ပိတ်ပင်ထားခဲ့သည့် ကျဉ်းမြောင်းသည့် လူမျိုးကြီးဝါဒ ကျင့်သုံးလျက်ရှိသည်ကို ၀မ်းနည်းစွာ တွေ့နေရသည်။

မြန်မာပြည်ပညာရေးစံနစ်သစ်

မြန်မာပြည်ပညာရေးစံနစ်သစ်တွင် တိုင်းရင်းသားပြည်နယ်များတွင် မူလတန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ မိမိလူမျိုးစာပေကို သင်ကြားခွင့်ရှိစေရမည်၊ ထို့အပြင် မြန်မာစာပေကိုလည်း သင်ယူရမည်၊ အင်္ဂလိပ်စာကိုလည်း သင်ယူရမည်။ တိုင်းရင်းသားစာပေ သင်ယူရခြင်းမှာ ကိုယ့်ဘာသာယဉ်ကျေးမှုကို ထိမ်းသိမ်းရန်အတွက် ဖြစ်ပြီး၊ မြန်မာစာပေကို သင်ယူရခြင်းမှာ ပြည်တွင်း၌ အခြားလူမျိုးစုများအားလုံးနှင့် ဆက်သွယ်ရန် Internal Communication အတွက် ဖြစ်သည်။ အင်္ဂလိပ်စာပေသင်ယူရခြင်းမှာ ကမ္ဘာနှင့် ဆက်သွယ်နိုင်ရန် ဖြစ်သည်။

မြန်မာပြည် အရှေ့မြောက်ပိုင်း ၀ဒေသ၊ လာရှိုးအထိ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများ မြန်မာစကားထက် တရုတ်စကားကို အများသုံးဘာသာစကားအဖြစ် ပြောဆိုနေကြပြီ ဖြစ်သည်။ ထိုဒေသတွင် တရုတ်လွှမ်းမိုးမှု ကြီးမားလာနေပြီ ဖြစ်ကြောင်း ဤအချက်က ထင်ရှားသဖြင့် အထူးသတိထားကြရန် လိုပေသည်။

ထို့အတူ ပြည်မရှိ တိုင်းများတွင်လည်း ကျောင်းများ၌ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ တခုခုကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းရမည်။ ထိုအခါ ဗမာစကားပြော ကျောင်းသားများ တိုင်းရင်းသားဘာသာ တတ်လာသဖြင့် ညီနောင်တိုင်းရင်းသားများ၏ ဘာသာယဉ်ကျေးမှုတို့ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ လိုက်စားသူများ ပေါ်ပေါက်လာပြီး၊ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်များကိုလည်း တန်ဘိုးထားသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာမည် ဖြစ်သည်။

ထို့အတူ တိုင်းရင်းသားများသည်လည်း ဗမာစကားတတ်ကြွမ်းသဖြင့် မိမိပြည်နယ်မှ အခြားပြည်နယ်များကို အလည်သွားရောက်သည်ဖြစ်စေ၊ အခြေချ ပြောင်းရွေ့နေထိုင်သည်ဖြစ်စေ ဗမာစကားဖြင့် ပြောဆိုဆက်ဆံနိုင်မည် ဖြစ်သလို၊ တိုင်းရင်းသား ဘာသာဆရာများလည်း ပြည်မတွင် အလုပ်အကိုင်များ ရရှိ ပွင့်လန်းလာပြီး အပြန်အလှန် လေးစားမှု၊ တဦးယဉ်ကျေးမှု ဓလေ့ထုံးစံကို တဦးက နားလည်မှု၊ တန်ဘိုးထားမှုတို့ ပေါ်ပေါက်လာပေလိမ့်မည်။

ဖို့ဒ်ဝိန်းမြို့တွင် နှစ်အတန်ကြာက ၎င်းအတွေးအခေါ်ကို ဆွေးနွေးတင်ပြသည့်အခါ တိုင်းရင်းသားများလည်း တက်ရောက်ဆွေးနွေးကြပြီး၊ ထိုအထဲမှ ရှမ်းအမျိုးသမီးတဦး (ဒေါက်တာသောင်းထွန်း၏ ဇနီး) က သူမအနေနှင့် ရှမ်းပြည်တွင် ဗမာစကားသင်ကြားရန် မဖြစ်နိုင်ကြောင်း ရှမ်းပြည်တွင် ရှမ်းစကားသာ သင်ရမည်ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုခဲ့ပါသည်။ သူမက ထိုသို့ ကန့်ကွက်ခြင်းကို ဗမာစကားနှင့် ပြောဆိုကန့်ကွက်ခဲ့ခြင်းအပေါ် ကျွန်ုပ်က သူမပြောဆိုသည့် စကားမှ-

(၁) ဗမာစကားဖြစ်ခြင်း

(၂) ဗမာစကားနှင့် ပြောဆိုခြင်း

ကို တက်ရောက်သူများတွင် ရှမ်း၊ ကရင်၊ ကချင်၊ မွန်တိုင်းရင်းသားများ ပါဝင်နေခြင်း။ ထိုတိုင်းရင်းသားများ သူမပြောသမျှကို နားလည်သည်မှာ ၎င်းတို့ အားလုံး ဗမာစကားကို ကျွမ်းကျင်စွာ တတ်ကြွမ်းခြင်းကြောင့် ဖြစ်ကြောင်း၊ ဗမာစကားသည် အများသုံးစကား နိုင်ငံသုံးစကားဖြစ်ကြောင်း၊ သူမအနေနှင့် ရှမ်းစကားဖြင့် ပြောဆိုပါက ရှမ်းများမှ လွဲ၍ ကျန်လူများ နားလည်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ထို့ပြင် သူမအနေနှင့် ဗမာစကားကို သင်ကြားတတ်မြောက်ထားပြီး အခြားရှမ်းပြည်သူများကို သင်ရန်မလို ဆိုသည်မှာလည်း အဓိပ္ပါယ်မရှိကြောင်း ထောက်ပြခဲ့ပါသည်။

မွန်ကိုယ်စားလှယ်များက ကျွန်ုပ်၏ တင်ပြမှုကို လက်ခံပြီး မေးခွန်းတခု ထုတ်ခဲ့ပါသည်။ ၎င်းမေးသောမေးခွန်းမှာ မြန်မာလို့ခေါ်ခေါ် ဗမာလို့ခေါ်ခေါ် ကျွန်ုပ်တို့ နိုင်ငံသည် ဗမာလူမျိုးကို ကိုယ်စားပြုပြီး ပေးထားသလို ဖြစ်နေသည့်အတွက် ၎င်းအနေနှင့် မြန်မာနိုင်ငံသို့မဟုတ် ဗမာနိုင်ငံဟူသော အသုံးအနှုန်းကို နိုင်ငံတခုအမည်ဖြင့် လက်မခံနိုင်ပါဟု တင်ပြဆွေးနွေးသွားပါသည်။

သူ့တင်ပြချက်ကို ကျွန်ုပ်၏ ကိုယ်ပိုင်တဦးတယောက်အနေနှင့် လက်ခံပါသည်။ ဟုတ်ပါသည်။ မြန်မာနိုင်ငံဟုခေါ်ခေါ် ဗမာနိုင်ငံဟုခေါ်ခေါ် ၎င်းအမည်သည် ဗမာလူမျိုးကို ကိုယ်စားပြုနေယောင် ရှိပါသည်။ ထို့ကြောင့် ခင်ဗျားမှာကော ဒီနံမည်မကြိုက်ရင် ဘယ်လို စဉ်းစားထားတာ ရှိသလဲဟု မေးခဲ့သည့်အခါ ထိုပုဂ္ဂိုလ်က သူတွင်လည်း မစဉ်းစားရသေးကြောင်း သို့ရာတွင် လက်ရှိအမည်ကိုမူ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဟု ခံစားရပြီး ဗမာလူမျိုးကိုသာ ကိုယ်စားပြုနေသည်ဟု တင်ပြခဲ့ပါသည်။

နိုင်ငံတော်အမည် ပြဿနာ

မွန်ကိုယ်စားလှယ် တင်ပြချက်သည် ဗမာလူမျိုးများအားလုံး စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ မြန်မာဟုဆိုဆို ဗမာဟုဆိုဆို ၎င်းနံမည်သည် ဗမာလူမျိုးများကို အဓိက ဇောင်းပေး မှည့်ခေါ်ထားသော နံမည်ဖြစ်ပါသည်။ ထိုကြောင့် အများသဘောတူသည့် နိုင်ငံ့အမည်ကို အနာဂါတ် ခေါင်းဆောင်များ စဉ်းစားဘို့ လိုလာပါသည်။ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်လျှင် ဗမာလွှမ်းမိုးမှုကို ပယ်ဖျက်ရာ၌ နိုင်ငံအမည်သည်လည်း အဓိက ပြောင်းလဲရန် လိုအပ်နေသည်ဟု ထင်ပါသည်။

မြန်မာပြည်ဖွား ကိုယ့်လူများသည် မိမိကိုယ်ကို အလွန်သိဒ္ဓိတင်လေ့ရှိသူများ ဖြစ်သည်။ ကိုရီးယားများကို ကကြီးဟု၎င်း၊ ဂျပန်များကို ခွေးဟု၎င်း၊ မိမိကိုယ်ကို ရွှေဟုလည်းကောင်း တင်စားကြပါသည်။ ထို့ကြောင့် ကျွန်တော် အကြံထွက်သည်မှာ မြန်မာနိုင်ငံကို “သုဝဏ္ဏဘူမိ” ခေါ်ရင်ကော တိုင်းရင်းသားအများစုက ကြေနပ်ကြပါမည်လားဟု မေးချင်ပါသည်။ သုဝဏ္ဏ= ရွှေ၊ ဘုမ္မိ= မြေ၊ ရွှေမြေဟု အဓိပ္ပါယ်ရသည်။

ဤသည်က တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရှေးရှု၍ တတ်သလောက်နှင့် စိတ်ကူးယဉ် တင်ပြချက်သာ ဖြစ်ပါသည်။ တိုင်းပြည်အမည်ကို န၀တ/ နအဖ တို့က ပြည်သူ့ဆန္ဒမပါဘဲ ပြောင်းလိုပြောင်း၊ အလံတော်ကို ဖြုတ်လိုဖြုတ် လုပ်နေသော်လည်း အကယ်၍ ဖယ်ဒရယ်စစ်စစ် တည်ဆောက်ရာတွင် ပြည်တွင်းရှိ လူအားလုံး၏ သဘောဆန္ဒကို ခံယူ၍ အများကြေနပ်သော အမည်ကို လက်ခံရယူခြင်းသာလျှင် အကောင်းဆုံးဖြေရှင်းခြင်း ဖြစ်ပါလိမ့်မည်။

ဗမာလူမျိုးကြီးကို မယုံကြည်ခြင်း၊ လူအင်အားများသော ဗမာများက မိမိပြည်နယ်ငယ်လေးကို ဖိအားသုံး အနိုင်ကျင့်ခြင်းမှ လွတ်ကင်းရန်ဟု ကြံရွယ်ကာ တိုင်းရင်းသား ခေါင်းဆောင်များက ပြည်မကို ပြည်နယ်တနယ်အဖြစ် သတ်မှတ်ရေးကို ၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားနှီးနှော ဖလှယ်ပွဲတွင် အဆိုပြုခဲ့သည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုအချက်က တိုင်းရင်းသားများက ပြည်မ၏ သြဇာအာဏာကို ထိမ်းချုပ်ရန် ကြိုးပမ်းမှုပင် ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ လူမျိုးရေးအမြင်ဖြစ်သော ရှမ်း၊ ဗမာ၊ ကရင်၊ ကချင်စသည့် အစွဲများရှိနေပြီး ဗမာမုန်းတီးရေး (သို့) ဗမာဆန့်ကျင်ရေးစိတ်ဓာတ်များ တိုင်းရင်းသားခေါင်းဆောင်များတွင် ကိန်းဝပ်နေခဲ့၍ ဖြစ်သည်။ ပြည်နယ်များနှင့် ပြည်မဟူသည့် ကွဲပြားမှုက အားပြိုင်မှုကို ဖြစ်စေခဲ့သည်။ ထိုကိစ္စသည် ဗမာအများစုက လက်ခံကျင့်သုံးနိုင်သည့် တောင်းဆိုမှုဟု မထင်ပါ။ ပြည်နယ်အားလုံး စုပေါင်းထားသော လူဦးရေထက် များနေသော ဗမာအုပ်စုကို တပြည်နယ်တမဲစံနစ်နှင့် သွားမည်ဆိုသည်က ဗမာများက လက်သင့်ခံမည့်စနစ် မဟုတ်ချေ။

အဓိကပြဿနာမှာ လူမျိုးစု အခြေခံသည့် ပြည်နယ်များ ဖြစ်နေကြ၍ ဖြစ်သည်။ ရှမ်းပြည်နယ် တခုတည်းတွင်ပင် ပြဿနာများစွာ ရှိသည်။ ကျွန်တော်၏ ဖြေရှင်းချက်သည် တုံးတိတိဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ပြည်နယ်ပြည်မ ပြဿနာများအားလုံးကို ဖြေရှင်းပေးနိုင်မည့် တခုတည်းသော ဖြေရှင်းနည်း ဖြစ်သည်ဟု မြင်သဖြင့် တင်ပြပါမည်။

မိမိတို့ လူမျိုးစုအတွက်လည်း မိမိလူမျိုးစုပြည်နယ် လိုချင်ပါသည်ဟူသော တောင်းဆိုမှုကို ပြေပျောက်စေပါလိမ့်မည်။ ရှမ်း(ကမ္ဘောဇ) ပြည်နယ်တွင်း နေထိုင်သူများအားလုံးက မိမိယုံကြည် အားထားသူကို ခေါင်းဆောင်တင်၍ ပြည်နယ်အစိုးရ ဖွဲ့နိုင်ခွင့်ရှိရမည်။ ထိုအခါ ထိုပြည်နယ်ရှိ ပြည်သူများက ပအို့ဝ်လူမျိုးကို ကြိုက်လျှင် ထိုပအို့ဝ်လူမျိုးသည် ကမ္ဘောဇပြည်နယ်၏ ခေါင်းဆောင် ဖြစ်လာပေမည်။ ထိုခေါင်းဆောင်သည် ထိုပြည်ရှိ ရှမ်းလူမျိုးတို့၏ ခေါင်းဆောင်လည်း ဖြစ်သည်။

ထို့အတူ လူမျိုးစု ပြည်နယ်များဖြစ် သော ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ် တို့ကိုလည်း လူမျိုးစွဲပြည်နယ်များ အဖြစ်မှ နယ်မြေကို အခြေပြုသည့် ပြည်နယ်များအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။

ထို့အတူ ပြည်မရှိ တိုင်းရင်းသားကိုလည်း တိုင်းအဖြစ်မှ ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်ဟူ၍ ကွဲပြားမှု မဖြစ်တော့ဘဲ ပြည်နယ် (၁၄) ပြည်နယ်ဖြင့် ဖွဲ့စည်းထားသော ဖယ်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည် ပေါ်လာမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ ဖယ်ဒရယ်စံနစ်သည် လူမျိုးစုတို့ကို အခြေမခံဘဲ ပြည်နယ်အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် မည်သည့်လူမျိုးစု ပြဿနာမှ ကြီးကြီးကျယ်ကျယ် မကြုံတွေ့ရသော်လည်း လူဖြူလူမဲ ပြဿနာကတော့ အကျွင်းအကျန်အဖြစ် ရှိနေသေးသည်။ လူဖြူလူများစုက အခွင့်အရေးပို၍ ရနေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုရနေခြင်းကို ထိန်းညှိရန်အတွက် Minority Rights ကို ဥပဒေထဲတွင် လည်းကောင်း ပြည်နယ်အုပ်ချုပ်ရေးအတွက် လည်းကောင်း ထည့်ပေးထားခြင်းဖြင့် လူနည်းစုများ အခွင့်အရေးကို ကာကွယ်ပေးသည်။ မည်သည့်ဥပဒေ၊ နည်းဥပဒေတို့ဖြင့် လူနည်းစု လူမျိုးစုတို့ကို မြှင့်တင်ပေးမည်ဆိုသည်ကို နောင်တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးတွင် ဆွေးနွေးညှိုနှိုင်းကြဘို့ လိုသည်။

ခေတ်သစ်ပင်လုံစာချုပ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဗမာအဖွဲ့အစည်းများ တက်ရောက်သည့် မဲသရောထဆွေးနွေးပွဲမှ ကြေငြာချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် ထိုမဲသရောထ ကြေငြာစာတမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံညီလာခံဟာ တိုင်းရင်းသား ခေါင်းဆောင်များက စာရွက်ပေါ်မှာတင် ရေးထိုးခဲ့ကြတာမဟုတ် ၎င်းတို့ရဲ့ နှလုံးသားပေါ်မှာ စည်းလုံးညီညွတ်မှုကို ယုံကြည်ပါတယ်ဆိုပြီး ထိုးထားတဲ့ စာချုပ်ဖြစ်သည်။

ယ္ခုအချိန်မှာ စစ်မှန်တဲ့ တိုင်းရင်းသား ညီညွတ်မှုကို မစွမ်းဆောင်နိုင်တဲ့အတွက် ပြည်ထောင်စုလို့ အခေါ်ရ ခက်နေပါသည်ဟု ၀န်ခံခဲ့သည်။ ဒါကြောင့် စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်ဘို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဟာ မိမိတို့ မကြေနပ်မှုတွေ၊ သဘော မတူညီမှုတွေကို ပွင့်ပွင့်လင်းလင်းအန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ ဆွေးနွေးမှုရှိတဲ့ စံနစ်တခုရှိဘို့ လိုတယ်လို့ ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားတွေ ပြည်ထောင်စုပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာတာက အင်မတန်ဝမ်းနည်းဘို့ ကောင်းတယ်လို့ ရင်ဖွင့်ခဲ့ပါသည်။

မဲသရောထကြေငြာချက်မှာပါတဲ့ တိုင်းရင်းသားများ လိုလားချက်ဖြစ်သည့်-

(၁) စစ်အာရှင်စံနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်။

(၂) ဒီမိုကရေစီနိုင်ငံရေးစံနစ် ကျင့်သုံးရန်။

(၃) လူမျိုးတိုင်းတန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများရရှိရန်။

(၄) ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် တို့ဖြစ်သည်။

မဲသရောထ ကြေငြာစာတမ်းပါ အချက် (၆)ချက်သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်လိုသူများ မငြင်းပယ်နိုင်သည့် အချက်ကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်းအချက်များကို အများပြည်သူ ရှေ့မှောက်တွင် ဖတ်ပြပြီး ထောက်ခံခဲ့ သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသား ခေါင်းဆောင်များက ချစ်ခင်လေးစား ထောက်ခံကြသည်ဟု ဆိုလျှင် မမှားနိုင်ပါ။

၂၁ ရာစု ပင်လုံစာချုပ်ဟု ဆိုရာ၌ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် တူနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် အဓိကမူဖြစ်သော-

(၁) တန်းတူညီမျှရေး

(၂) ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် ရရှိရေး

(၃) စစ်မှန်သော ဖယ်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်ရေး

ဆိုသည့် မူများကိုတော့ ပြောင်းလဲနိုင်မည် မဟုတ်သလို၊ ငြင်းပယ်လို့လည်း မရနိုင်ပါ။ ၁၉၄၇ စာချုပ်တွင် ပါရှိသည့် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်”ကို ယနေ့ တိုင်းရင်းသားခေါင်းဆောင်များက ပစ်ပယ်လိုက်ပြီး ပြည်ထောင်စုကြီးအဖြစ် မခွဲမခွာဘဲ ရပ်တည်သွားမည်ဖြစ်ကြောင်း NDF (National Democratic Front) တွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများက အတိအလင်း ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဖြစ်သည်။ ထိုအချက်သည် ဗမာလူမျိုးများဘက်မှ တိုင်းပြည်ပြိုကွဲမည်ကို စိုးရိမ်ကြောင့်ကျနေသော စိတ်ကို ငြိမ်းအေးသက်သာရာ ရစေသည်ဟု မြင်သည်။

န၀တ/နအဖ လက်ထက် ငြိမ်းချမ်းရေး ယူထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယနေ့ အခြေအနေသည် ပြိုကွဲ ပျက်စီးတော့မည့် အနေအထားသို့ ဆိုက်ရောက်လျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် နအဖနှင့် ရယူထားသည့် ငြိမ်းချမ်းရေးသည် ယာယီ အပစ်အခတ်ရပ်ထားသည့် ငြိမ်းချမ်းရေး ကာလတခုသာ ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်မှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် ရရှိရေးနှင့် တန်းတူညီမျှရေးသည် အလွန်အရေးကြီးသည်။ ထိုအချက်တို့ကို စားပွဲဝိုင်းတွင် မဖြေရှင်းသရွေ့ ပြေလည်နိုင်လိမ့်မည် မဟုတ်ချေ။

နအဖ ကျင်းပပြုလုပ်သော အမျိုးသားညီလာခံတွင် တိုင်းရင်းသားများကို တက်ရောက်ခွင့်ပြုသော်လည်း လေ့လာသူများ အနေဖြင့်သာ တက်ရောက်ခွင့် ပြုခဲ့ပြီး၊ ဆွေးနွေးခွင့်ရသည့် အနည်းစုမှာလည်း နအဖချပေးသည့် အကြောင်းအရာထက် ပို၍ တင်ပြခွင့် မရခဲ့သည့်အတွက် အများသဘောတူညီသော အချက်အလက်များ ပါမလာခဲ့ချေ။ ထို့ကြောင့် ၎င်းတို့လိုလားသည့် အဓိက ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သော ဖယ်ဒရယ်အုပ်ချုပ်ပုံ မပါဝင်သဖြင့် ၎င်းအခြေခံ ဥပဒေဖြင့် ဖေါ်ဆောင်လာမည့် အစိုးရသစ်သည် တိုင်းရင်းသားများ သာမက ဗမာနိုင်ငံရေး ပါတီများအတွက်လည်း လက်ခံနိုင်စရာ မရှိခဲ့ခြင်း ဖြစ်သည်။

တခုတည်းသော တပ်မတော်

အမေရိကန်နိုင်ငံသည် ဖယ်ဒရယ်အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်နယ်တိုင်း ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် ရှိသည်။ ပြည်နယ်တခုချင်းစီ၏ အခြေခံဥပဒေသည်၊ ပြည်နယ်တခုနှင့်တခု ပြဋ္ဌါန်းသော ဥပဒေများ တူညီချင်မှ တူညီနိုင်သော်လည်း ဖယ်ဒရယ် အခြေခံဥပဒေနှင့် ဆန့်ကျင်ဖက်ဖြစ်လျှင် ဖယ်ဒရယ်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

ဖယ်ဒရယ် အစိုးရသည် ဗဟိုအစိုးရ ဖြစ်သည်။ ပြည်နယ် အစိုးရသည် ၎င်းပြည်နယ်ရှိ ပြည်သူများက ရွေးချယ် တင်မြောက်သည့် သူသည် Governor ဘုရင်ခံဖြစ်သည်။ ပြည်နယ်တိုင်းတွင် အထက်လွှတ်တော်အမတ် နှစ်ဦးနှင့် လူဦးရေအလိုက် အောက်လွှတ်တော် အမတ်များကို ရွေးချယ်ပေးရသည်။ သမ္မတကို ပြည်နယ်အားလုံးမှ ပြည်သူများက တိုက်ရိုက် ရွေးချယ်ခွင့် ရှိသည်။ သမ္မတသည် ပြည်နယ် အားလုံး၏ ရွေးချယ် တင်မြှောက်မှုကြောင့် ဖယ်ဒရယ် အစိုးရကို ဦးဆောင်သည်။

ဖယ်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် ဦးစီးချုပ်သည် သမ္မတဖြစ်သည်။ ဖယ်ဒရယ် ပြည်ထောင်စုတွင် တပ်မတော် တခုတည်းသာရှိပြီး ပြည်နယ်များတွင် ကိုယ်ပိုင်တပ် မရှိချေ။ ကျွန်တော့အနေနှင့် တပ်မတော် တခုတည်းသာ ရှိရမည်ကို လက်ခံပါသည်။ ယနေ့ နအဖသည်လည်း တခုတည်းသော တပ်မတော် ဖြစ်စေရန် ကြိုးစားသည့် အနေနှင့် နယ်ခြားစောင့်တပ်ဟု ဆိုသည့် ဝေါဟာရကို သုံးပြီး တိုင်းရင်းသား ငြိမ်းအဖွဲ့များကို ၎င်း၏ လက်အောက်ခံ တပ်အသွင် ကူးပြောင်းရန် ကြံရွယ်ခြင်း ဖြစ်ပါသည်။ မူအားဖြင့် ဟုတ်သလို ရှိသော်လည်း နအဖ၏ တခုတည်းသော တပ်မတော် ဖြစ်ပေါ်ရန် လုပ်ဆောင်မှုသည်-

(၁) အများလက်ခံနိုင်သည့် အခြေခံဥပဒေမဟုတ်ခြင်း

(၂) တိုင်းရင်းသားများ တောင်းဆိုချက်များကို ပစ်ပယ်လစ်လျှူရှုထားခြင်း

(၃) တွေ့ဆုံဆွေးနွေး အဖြေရှာရေးထက် စစ်အာဏာကိုသုံး၍ ပြုလုပ်ခြင်း

(၄) တိုင်းရင်းသား ရပိုင်ခွင့်ဖြစ်သည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်များကို အာမခံချက် လုံးဝ မရှိခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်နက် စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်ဟု သုံးသပ်ပါသည်။

အကယ်၍ အများသဘောတူ စစ်မှန်သော ဖယ်ဒရယ် အခြေခံဥပဒေကို တိုင်းရင်းသားများအားလုံး ညှိုနှိုင်းရေးဆွဲခွင့်ရပြီး အပြန်အလှန် အလျော့အတင်း ညှိုနှိုင်းနိုင်ကြလျှင် အများလက်ခံသည့် အခြေခံဥပဒေ ပေါ်ပေါက်လာပြီး ထိုမှတဆင့် လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ပြုလုပ်ပေးခြင်းဖြင့် အများထောက်ခံမှုဖြင့် တက်လာသော အစိုးရကို ဖန်တီးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားများ၏ ရပိုင်ခွင့် အပြည့်အ၀ရှိလျှင် မည်သည့် တိုင်းရင်းသားများကမှ လက်နက်ကိုင်တပ်များ လိုအပ်တော့မည် မဟုတ်ဘဲ ဖယ်ဒရယ် တပ်မတော်ကသာ တိုင်းပြည်၏ ကာကွယ်ရေးကို တာဝန်ယူသွားလိမ့်မည် ဖြစ်သည်။ ပြည်နယ်များတွင် လက်နက်ကိုင်တပ်ဖွဲ့ အနေဖြင့် ရဲတပ်ဖွဲ့များသာ တည်ရှိပေလိမ့်မည်။

ယနေ့နိုင်ငံရေး အခြေအနေနှင့် ဖယ်ဒရယ်စိတ်ဓာတ်

ယနေ့နိုင်ငံရေး အခြေအနေသည် ပြည်တွင်းစစ်ဆီသို့ ဦးတည်နေသည်ဟု သုံးသပ်သည်။ ကချင်တပ်များ၊ ၀တပ်များ၊ ရှမ်းတပ်များ၊ မွန်တပ်များ နအဖနှင့် ငြိမ်းချမ်းရေးယူထားခြင်းမှ ပျက်ပျယ်နေပြီ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ရုပ်ပျက်ဆင်းပျက် မဲလိမ်မဲခိုးမှုများ စံချိန်တင်လောက်အောင် သမိုင်းတွင်ရစ်မည့် ဗြောင်လိမ်ဗြောင်စားလုပ်ရပ်ဖြင့် ပြီးစီးသွားခဲ့ပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် နအဖတို့ကြား နိုင်ငံရေးတင်းမာမှုကို ဖြစ်စေခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်စဉ်ကာလ DKBA နှင့် နအဖတို့ မြ၀တီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ ကချင်ပြည်နယ်တွင် တိုက်ရန် တာစူနေခြင်းတို့သည် ပြည်တွင်းစစ်မီး အချိန်မရွေး ထတောက်မည့် အနေအထားသို့ ရောက်ရှိနေခဲ့သည်။ ငြိမ်းချမ်းရေး ယူထားသည့် ကာလတွင် ၎င်းတို့နယ်မြေတွင် အဆောက်အဦးများ၊ လမ်းများ၊ တံတားများ ပြည်တွင်းစစ်ဖြစ်လျှင် အားလုံး ပျက်စီးကြဘို့ ရှိသဖြင့် တိုင်းရင်းသားများ အနေနှင့် စစ်ဖြစ်ရန် မလိုလားချေ။ သို့ရာတွင် ၎င်းတို့လိုလားသည့် ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် မရလျှင် လက်နက်ကိုင် လမ်းစဉ်ကို မျက်စိမှိတ်ပြီး စွန့်လွှတ်ရန်လည်း မဖြစ်နိုင်ချေ။

ထိုကဲ့သို့ လိပ်ခဲတင်းလင်း ဖြစ်နေသော အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ကြားဝင်၍ တိုင်းရင်းသား ခေါင်းဆောင်များ၊ နအဖ စစ်ခေါင်းဆောင်များနှင့် ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်များကို ဆွေးနွေးလာစေရန် အဆိုပြု တိုက်တွန်းချက်များ တင်ပြလာပါက၊ တပ်မတော် အတွင်းရှိ အမှန် ငြိမ်းချမ်းရေး လိုလားသော ခေါင်းဆောင်များ စဉ်းစားလာနိုင်ချေ ရှိသည်။ ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်လာရန်မှာ တပ်မတော်တွင်းရှိ ခေါင်းဆောင်များက လိုက်လျောမှု မရှိက ဖြစ်နိုင်ချေ မရှိချေ။

ထိုကြောင့် ဒုတိယ ပင်လုံညီလာခံ ဖြစ်ပေါ်လာစေရန် စစ်ခေါင်းဆောင်များဖက်မှ ပင်လုံစိတ်ဓာတ်ရှိသူ ခေါင်းဆောင်များ ပေါ်ထွက်လာဘို့ လိုအပ်သည်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များ ထဲမှလည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် အစွဲမှ ကင်းလွတ်ပြီး တနိုင်ငံလုံး လွတ်မြောက်မှ ငါတို့ လွတ်မြောက်မယ် ဆိုတဲ့ နိုင်ငံနဲ့ ချီတဲ့ ဦးဆောင်မှုကို ပြောင်းလဲ ကြိုးစားဘို့ လိုပါသည်။

မိမိပြည်နယ်တွင်းရှိ လူမျိုးပေါင်းစုံ တိုးတက်ရေးထက် မိမိ လူမျိုး တမျိုးတည်း အတွက်သာ ဦးတည် လုပ်ဆောင်ပါက ဒေသတွင်းရှိ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေပါသည်။ တချို့ တိုင်းရင်းသား ခေါင်းဆောင်များတွင် မိမိခေါင်းဆောင်မှု ရရှိရေး အတွက် လူမျိုးရေး လှုံ့ဆော်မှုကို လုပ်ပြီး ခေါင်းဆောင်မှုရအောင် ယူတတ်ကြသည်။ ထိုကဲ့သို့သော လူမျိုးများသည် တိုင်းပြည်အတွက်ရော ၎င်းကိုယ်စားပြုသည့် ပြည်နယ်အတွက်ရော အလွန်အန္တရာယ် ကြီးပါသည်။ ဗမာအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ့်လူမျိုး သူ့လူမျိုး အမြင်ထက် တနိုင်ငံလုံးရှိသူ သူများသည် မိမိနိုင်ငံသားများ ဖြစ်သည် ဆိုသည့် အမြင်ရှိဘို့ လိုပါသည်။ ထိုအမြင် ထိုအတွေးရှိမှ တနိုင်ငံလုံး အရေးကို စေတနာထား၍ လုပ်နိုင်မည်ဖြစ်သည်။

ခေါင်းဆောင်ဆိုသည်မှာ ရေရှည် အမြင်ရှိသူ ဖြစ်ခြင်း၊ သဘောထား ကြီးသူ ဖြစ်ခြင်း၊ မှန်ကန်သည်ဟု ယုံကြည်လျှင် ပြတ်သားစွာ ဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက်သူဖြစ်ခြင်း၊ မှားမှန်းသိလျှင်လည်း ၀န်ခံ၍ ပြင်ဆင်ရန် ၀န်မလေးသူ ဖြစ်ခြင်း၊ အများကောင်းစားရေးကို ရှေးရှုသူဖြစ်ခြင်း၊ မိမိကိုယ်ရေးကိုယ်တာထက် တိုင်းပြည်အရေးကို ဦးထိပ်ပန်ဆင်လျက် ကိုယ်ကျိုးစွန့်နိုင်သူ ဖြစ်ခြင်းဆိုသည့် အချက်များနှင့် ညီညွတ်မှု ရှိမှသာ ခေါင်းဆောင်ကောင်း မည်ပါသည်။

ထို့ကြောင့် မြန်မာပြည်ရှိ ခေါင်းဆောင်များအနေနှင့်

(၁) တနိုင်ငံလုံး အကျိုးစီးပွားကို ကြည့်ပြီး လူမျိုးရေး ၀ါဒကို စွန့်ပစ်နိုင်ရမည်။

(၂) နိုင်ငံအတွင်းရှိ လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကား စာပေတို့ကို မပျောက်ပျက်ရန် ထိမ်းသိမ်းခြင်းသည် တာဝန်တရပ်အနေနှင့် လည်းကောင်း၊ မိမိကိုယ်တိုင်က နှစ်နှစ်ကာကာ လုပ်သင့်သည်ဟု ယုံကြည်၍ လည်းကောင်း သဘောတူ လုပ်ဆောင်ခြင်းဖြစ်ဘို့ လိုသည်။

(၃) ပြည်နယ်အားလုံး တိုးတက်ဖွံ့ဖြိုးမှု ညီမျှမှုရှိအောင်လည်း သမာသမတ်ကျကျ ပြုလုပ်နိုင်သည့် မျှတသည့် စိတ်ထားလည်း ရှိရမည်။

ဥပမာ။ ။ ချင်းတောင်တန်း ဖွံ့ဖြိုးမှုသည် အခြား ပြည်နယ်များထက် နိမ့်ကျနေပါက ဖယ်ဒရယ် ဗဟိုအစိုးရမှ ချင်းတောင်တန်းကို ဖွံ့ဖြိုးရေးအတွက် ပိုမို ထောက်ပံ့ပေးခြင်းဖြင့် ချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်သည်။ အဓိက အရေးကြီးသော အချက်မှာ ဖယ်ဒရယ် နိုင်ငံတော်ကြီး ပေါ်ပေါက်လာရန် ဆွေးနွေး ညှိနှိုင်းကြသော အဖွဲ့အစည်းများသည် မိမိ လိုလားချက်များကို အသေဆုတ်ကိုင်ထားခြင်း မပြုဘဲ (Compromise) အလျော့အတင်း ပြုလုပ်နိုင်သည့် နေရာတွင် ပြုလုပ်နိုင်ဘို့ လိုသည်။

ထိုကဲ့သို့ အလျော့အတင်း ပြုလုပ်နိုင်သည့် စိတ်ဓါတ်ကို မွေးမြူမှသာ ဆွေးနွေးပွဲများ အောင်မြင်နိုင်မည် ဖြစ်သည်။ မည့်သည့်အရာမျှ အလျော့မပေး ဆိုသည့် စိတ်ဓါတ်ဖြင့် ဆွေးနွေးခြင်းသည် အောင်မြင်နိုင်သည့် နည်းလမ်း မဟုတ်သလို၊ ဆွေးနွေးပွဲ ဟူ၍လည်း မခေါ်ဆိုနိုင်ပါ။ တောင်းဆိုပွဲသာ ဖြစ်ပါလိမ့်မည်။

(၄) မြန်မာပြည်တွင်းရှိ နေထိုင်နေသည့် ပြည်သူများအားလုံး တန်းတူညီမျှရှိမှု၊ လွတ်လပ် ပိုင်ခွင့်တို့ကို လေးစားမြတ်နိုးရမည်။

(၅) လူမျိုးစု တစုနှင့်တစု ပဋိပက္ခဖြစ်စေနိုင်မည့် လူမျိုးရေးအရ နှိမ့်ချခြင်း၊ စော်ကားခြင်းတို့ကို ရှောင်ရမည်။

(၆) လူမျိုးစုအခြေခံ ပြည်နယ်များအဖြစ်မှ နယ်မြေအခြေခံ ပြည်နယ်များအဖြစ်ကို ရဲဝံ့စွာ ပြောင်းလဲ၍ သွေးစည်းမှုကို တည်ဆောက်ရမည်။

လွတ်လပ်ရေး ရပြီးခါစ မြန်မာပြည်တွင် ပြည်တွင်းစစ် တောက်လောင်စဉ်က ရည်မှန်းချက်နှင့် ယနေ့ ရည်မှန်းချက် တို့သည် သိသိသာသာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးသည် ဒီမိုကရေစီ ရရှိရေးမဟုတ်၊ ကွန်မြူနစ်ပါတီ၏ တပါတီ အာဏာရှင်စံနစ်ကို အလုပ်သမား လယ်သမား လူတန်းစား အခြေပြု၍ တည်ဆောက်ရန် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၅ ခုနှစ် ကွန်မြူနစ်ပါတီ ကွန်ဂရက်မှ ပါတီစုံ ဒီမိုကရေစီစံနစ်ကို ဖော်ဆောင်ရေး လမ်းစဉ်ကို ချခဲ့သည်။ ယနေ့ ကွန်မြူနစ်ပါတီသည် ပါတီစုံ ဒီမိုကရေစီစံနစ်ကို အားပေးလာခဲ့သည်။

ထို့အတူ ကရင်ပုန်ကန်မှုသည် ဗြိတိသျှ နယ်ချဲ့တို့၏ Divide and Rule Policy အရ ပြည်နယ်ပြည်မ သွေးခွဲ အုပ်ချုပ်သွားခြင်း၏ ရလာဒ်ဖြစ်သည်။ ရှမ်းစော်ဘွားများ၏ ခွဲထွက်ပိုင်ခွင့် တောင်းဆိုမှုကလည်း ပဒေသရာဇ် စံနစ်ကို ထူထောင်၍ မိမိပြည်နယ် မိမိအုပ်ချုပ်ပြီး သားစဉ်မြေးဆက် အမွေ ဆက်ခံနိုင်ရေး ဖြစ်သည်။ ဒီမိုကရေစီ ရရှိရေး မဟုတ်။

ယနေ့ တောင်းဆို တိုက်ပွဲဝင်နေခြင်းသည် ထိုအယူအဆတို့နှင့် လားလားမျှ မသက်ဆိုင်သည့် ဒီမိုကရေစီစံနစ် တည်ထောင်ရေး ဖြစ်သဖြင့် များစွာကွာခြားပါသည်။ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းသည် အာဏာရှင်စံနစ်များ တဖြုတ်ဖြုတ် ကြွေကျ၍ ဒီမိုကရေစီနိုင်ငံများ အသွင် ပြောင်းနေသည့်ခေတ် ဖြစ်သည်။ ထို့အတူ IT ခေတ်ကို ရောက်နေပြီဖြစ်၍ သတင်း မှောင်ချ၍ အာဏာကို ချုပ်ကိုင်ထားသောခေတ် ကုန်ပြီဖြစ်ကြောင်း အာဏာရှင်များ ကိုယ်တိုင်က သိမြင်နေပြီး ဖြစ်သည်။ ထို့ကြောင့် တိုးတက်သော ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်ကို အသုံးချ၍ မြန်မာပြည်ဖွား တိုင်းရင်းသား အားလုံး လက်တွဲညီညီဖြင့် လုပ်ဆောင်ကြမည်ဆိုလျှင် စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန် မဝေးတော့ပါ။

နိဂုံး

ကမ္ဘာ့ပေါ်ရှိ နိုင်ငံအများက အမေရိကန်နိုင်ငံ၏ တိုးတက်မှုကို အားကျကြသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများကလည်း အမေရိကန်နိုင်ငံလို ဖြစ်ချင်ကြသည်။ အမေရိကန်နိုင်ငံသည် ဖယ်ဒရယ်စစ်စစ် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံသား စစ်စစ်များသည် Native American ဟု ခေါ်သော Red Indians များ ဖြစ်သည်။ ၎င်းတို့သည် အသားနီစပ်စပ်နှင့် ကုလားရုပ် ပေါ်နေ၍ လူဖြူများက Red Indians ဟု ခေါ်ဝေါ်ခဲ့သည်။

နောင်တွင် ဌာနေ လူမျိုးစုတို့က Red Indians (ကုလားနီများ) အခေါ်အဝေါ်သည် ၎င်းတို့ကို နှိမ့်ချထားသည်ဟု ကန့်ကွက် ပြောဆိုလာသဖြင့် Native Americans ဟု အခေါ်ကို ပြောင်းလဲ သုံးစွဲလာကြသည်။ ၎င်း (Native) ဌာနေ လူမျိုးစုတို့က လူဖြူများ ၎င်းနိုင်ငံသို့ အခြေချ နေထိုင်လာသဖြင့် ၎င်းတို့မှာ လူနည်းစု ဖြစ်လာရသည်ကို ထောက်ပြ၍ ၎င်းတို့၏ လူနည်းစု အခွင့်အရေး၊ ယဉ်ကျေးမှု ထိမ်းသိမ်းရေးတို့ကို တောင်းဆို တင်ပြမှုအပေါ် အစိုးရက ၎င်းတို့အတွက် အထူး ရန်ပုံငွေများ၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် စီးပွားရေး လုပ်ကွက်များကို ပေးခဲ့ရသည်။ ယ္ခုအခါ ၎င်းတို့ကိုယ်၌ ၎င်းတို့သည် အမေရိကန်များအဖြစ် ခံယူနေကြပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာအရပ်ရပ် အထူးသဖြင့် ဥရောပမှ လာရောက် အခြေချခြင်းဖြင့် လူနီနေထိုင်သော နိုင်ငံမှ လူဖြူများ ကြီးစိုးသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲလာသည့် နိုင်ငံဖြစ်သည်။ ဥရောပမှ အင်္ဂလိပ်များ၊ ပြင်သစ်များ၊ ဂျာမန်များ၊ ပေါ်တူဂီများ၊ အီတာလျံများ၊ ဒတ်ခ်ျများ အုပ်စုလိုက် ပြောင်းရွေ့ အခြေချလာခြင်းဖြင့် နိုင်ငံသစ် ထူထောင်လိုသူများ ပေါင်းစည်း နေထိုင်ကြပြီး ပေါ်ပေါက်လာသော နိုင်ငံတော်ကြီးဖြစ်သည်။

အမေရိကန်နိုင်ငံသည် ပထမ ဗြိတိသျှတို့ လက်အောက်ခံ နိုင်ငံဖြစ်သည်။ ဗြိတိသျှတို့ကို အခြေချနေထိုင်သူများက တော်လှန်ပြီး လွတ်လပ်ရေးကို ရယူခဲ့သည်။ ထို့နောက် ဖယ်ဒရယ် နိုင်ငံတော်ကြီးကို တည်ထောင်ရန် ကွဲပြားနေသော ပြည်နယ်များကို စုပေါင်းပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ အမေရိကန်နိုင်ငံ၏ Federalist paper သည် ထင်ရှားသော စာတမ်းတခုအဖြစ် ကျန်ရစ်ခဲ့သည်။ အမေရိကန်၏ ဖယ်ဒရယ်မူအရ ပြည်နယ်တိုင်းသည် ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်ရှိသည်။ သို့ရာတွင် ဗဟို အစိုးရ၏ အခြေခံဥပဒေပါ အချက်များနှင့် သွေဖီခြင်း မရှိစေရပေ။

အမေရိကန်ပြည်သည် ဆိုးဝါးသော ပြည်တွင်းစစ်ကိုလည်း တောင်မြောက်ကွဲပြီး ဖြတ်သန်းခဲ့ရသည်။ မြောက်ပိုင်းမှ ကျေးကျွန်စံနစ်ကို ဖျက်သိမ်းမှုကြောင့် ဖြစ်ပွားလာခဲ့သော စစ်ပွဲသည် ကျွန်စံနစ် ဖျက်သိမ်းလိုသည့် မြောက်ပိုင်းမှ အနိုင်ရသွားခဲ့သည်။

ယနေ့ အမေရိကန်နိုင်ငံသည် ပြည်ထောင်စုစစ်စစ် နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် နေထိုင်သူများက မိမိကိုယ်ကို မိမိ အမေရိကန်များဟု ယုံကြသည်။ အမေရိကန်နိုင်ငံတွင် မွေးဖွါးသည့် မည်သည့် လူမျိုးမဆို အမေရိကန် နိုင်ငံသားဖြစ်သည် ဆိုသည့် ဥပဒေသ ရှိသလို၊ တခြားနိုင်ငံတွင် မွေးဖွါးခဲ့ပြီး အမေရိကန်နိုင်ငံတွင် ဥပဒေ ဘောင်အတွင်းမှ အချက်အလက်များနှင့် ပြည့်စုံလျှင်လည်း နိုင်ငံသား ခံယူခွင့်ရှိသည်။

တရုတ်၊ ရုရှား၊ ဂျာမန်၊ အာဖရိက စသည့် နိုင်ငံတို့မှ လာရောက် အခြေချ နေထိုင်သူများ အားလုံး မိမိတို့သည် အမေရိကန်များ ဖြစ်သည်ဟု ခံယူကြသည်။ ၎င်းတို့၏ အသားအရေသည် ဖြူ၊ ၀ါ၊ မဲ၊ နီ ဖြစ်ချင်ဖြစ်မည် ၎င်းတို့သည် အမေရိကန်များ ဖြစ်ကြသည်။ ထိုအခါ အာရှနွယ်ဝင် တဦးကို ဘာလူမျိုးလဲဟု မေးလျှင် ၎င်းက အမေရိကန်လူမျိုးဟု ဖြေမည်ဖြစ်သည်။ ဘာမျိုးရိုးက ဆင်းသက်လာသလဲဟု ဆိုလျင် Chinese American တရုတ်- အမေရိကန် ဖြစ်သည်ဟု ဖြေပေလိမ့်မည်။

အဓိပ္ပါယ်မှာ မိဘ မျိုးရိုးသည် တရုတ်ဖြစ်သည်၊ သို့ရာတွင် သူသည် အမေရိကန် ဖြစ်သည်။ ထို့အတူ ကပ္ပလီ တဦးကို မေးပါကလည်း အမေရိကန်လူမျိုး ဖြစ်ပြီး မျိုးရိုးဗီဇမှာ African- American အာဖရိကန်- အမေရိကန် ဖြစ်သည်ဟု ပြောမည်ဖြစ်သည်။ အမေရိကန်လူမျိုး ဆိုသည်မှာ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်သည့် အမေရိကန်နိုင်ငံတွင်းရှိ လူအားလုံးကို ခေါ်ပါသည်။ ထိုအချက်က ၎င်းတို့သည် တနိုင်ငံလုံးနှင့် သက်ဆိုင်သူများ၊ တနိုင်ငံလုံးရှိ သူများက ၎င်းတို့ နိုင်ငံဟု သတ်မှတ်သည်ဟု အဓိပ္ပါယ် ရပါသည်။

ယနေ့ မြန်မာပြည်တွင် တိုင်းရင်းသားများက မိမိပြည်နယ်ကိုသာ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံကို မိမိတို့ နိုင်ငံဟု အသိအမှတ် ပြုမထားခြင်းသည် အမေရိကန်တို့နှင့် ကွာခြားပါသည်။ အမေရိကန်နိုင်ငံလို ဖြစ်ချင်ပါက ၎င်းတို့ကဲ့သို့ စိတ်ဓါတ်ကို မွေးမြူရမည်ဟု တင်ပြလိုပါသည်။

အမေရိကန်နိုင်ငံသားများသည် မိမိတို့ မျိုးရိုးက ဒုတိယနေရာတွင်ရှိသည်။ တိုင်းပြည်က ပထမဖြစ်သည်။ အမေရိကန်ဆိုသည်ကို ဂုဏ်ယူ ၀င့်ကြွားစွာ ပြောနိုင်ကြသည်။ မြန်မာပြည်တွင် မိမိတို့သည် မြန်မာနိုင်ငံသား ဖြစ်သည်ဟု တိုင်းရင်းသား လူမျိုးစုတို့က မပြောလိုကြ၊ မြန်မာနိုင်ငံ၏ နိုင်ငံသားများ ဖြစ်သည်ဟူသော ခံယူချက်ကို ထားနိုင်မှ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လူမျိုးစွဲများကို ဖြေဖျောက်နိုင်မှသာ ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ထွန်းအောင်ကျော်

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်