Friday, June 13, 2008

ဘာကြောင့်များလဲ နားမလည်စိတ်နဲ့ သံသယမဖြစ်ပါနဲ့၊ တုတ်မှာ နှလုံးသားမရှိ တော့လို့ပါ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

သကြားမင်းသည် မြင်းလားကြီးကို စီးကာ ဘယ်လက်မှ စွမ်းအားပြည့် ဘီစကစ်ကို ပါးစပ်တွင်း ထိုးသွင်းလျက် ညာလက်သန်းဖြင့် သူ၏ ပြောင်လက်နေသော နဖူးတော်ကြီးအား ထိသည်ဆိုရုံ ဖွဖွလေး ကုတ်ခြစ်လိုက်၏။ ထို့နောက် သွားကြားညပ်နေသည့် ဘီစကစ်စများအား ညာဘက်လက် လက်ညှိုးမှ လက်သည်းဖြင့် Pirate of the Caribbean ဇာတ်ကားမှ Captain Jack ၏ မခို့တရို့ဟန်အတိုင်း ရွရွလေး သွားကြားထိုးလိုက်၏။ သင်္ကြန် စာမဟုတ် ကျွန်ုပ်ငတုတ် မလှုပ် မရှုပ် မပြုတ် အဟုတ် အိပ်မက်မက်နေခြင်း ဖြစ်၏။ အိပ်မက်က လန့်နိုးတော့ နေတောင် အတော်မြင့်လှပြီ။
ရေကပြင်တွင် ဆောင့်ကြောင့်ထိုင်ရင်း ဘယ်လက်ဝါးထဲက ဆားကို ညာလက်ညှိုးဖြင့်တို့ကာ မျက်စိစုံမှိတ်လျက် သွားတိုက်နေစဉ် “အောက်ကပေါ် အမြှောက်နဲ့ ဆော်၊ ရန်ကုန် ဘူးသီးကြော်” ဟူသော ဟိုဖက်ခြံက အာကျယ်မ လှမ်းအော်သံကြားမှ ကမန်းကတန်း မျက်လုံးဖွင့်ဖြစ်၏။
ကျွန်ုပ်သည် စာရင်းစစ်ဝင်မည့် သတင်းကြားလိုက်ရသော သမ၀ါယမ ဥက္ကဌ၏ ပျာရိပျာယာ မလုံမလဲနိုင်မှုဖြင့် အုန်းမှုတ်ရေခွက်ကို လက်တံမှကိုင်ကာ သဲအိုးထဲမှ ရေကိုခပ်ရင်း ပလုတ် ကပျာကယာကျင်း၊ မျက်နှာပြီးစ လွယ်သစ်ကာ ရွာထိပ်လက်ဖက်ရည်ဆိုင်သို့ အလုပ်လက်မဲ့ လူငယ်ခြေကျများ၏ ထုံးစံအတိုင်း ချီတက်သွားမိ တော့၏။
……………………….
လက်ဖက်ရည်ဆိုင်ဘေး ကွမ်းယာဆိုင်မှ ထွေးခံအစုတ်တစ်ခုထဲ ထည့်ထားသော မီးခဲဖြင့် ဆေးပေါ့လိပ်တိုကို မီးထပ်ညှိလိုက်ရင်း ကွမ်းယာသည် ထွားမေကို ပေစောင်းစောင်း ကြည့်မိလိုက်တော့ ရင်ထဲ ပုဇွန်ဆိတ် အ ထောင်အသောင်းမက ထည့်ထားသလို ရွစိရွစိ ခုန်ဆွခုန်ဆွ ဖြစ်လာ၏။
“ ကိုတုတ်ကြီး၊ ဘာလိုလိုနဲ့ မေစုမွေးနေ့တောင် နီးလာပြီနော်၊ ရွာထဲကလူတွေ ဘာလုပ်ကြမလဲ မသိဘူး”
“ ဟေ … ဟုတ်လား …၊ ကောင်းတာပေါ့ ၀ါးရတာပေါ့ မုန့်ဟင်းခါးလား၊ အရင်နှစ်ကတော့ ငါ အဲဒီက မြမာလာ ဖိနပ်တရံ ရလာတာပေါ့ အဟတ်ဟတ် …”
“ သိပါတယ် ကိုတုတ်ကြီးရယ် ရှင့်ဥပဓိရုပ်ကိုက အချီကြီးတွေပြော၊ ပြီးရင် ရွာထဲအလှူရှိရင် အိမ်ဦးခန်းတက် ထိုင်၊ ရွာလည်က ကွမ်းတောင်ကိုင် ပြာလူးစိန်တို့ရှေ့ဆို မခုတ်တတ်တဲ့ကြောင်လို သမာဓိပိုးကလည်း ပိုးသေး .. ပြော မပြောချင်ပါဘူးတော၊် ပြီးရင် ရှင်နဲ့ခင်တဲ့ လုံမတွေဆို ဟိုထောင်ကျတွေ စုနေတဲ့ အရပ်ကလူလို ငါနဲ့ အိပ်ပြီးပြီဆိုတဲ့ အချိုးက လုပ်သေး၊ လူကသာ မိန်းမလိုချင်နေတာ တပိုင်းသေ”
“ ကိုကိုတုတ် တကယ်ရင်ခုန်တာက ဟောဒီက ထွားလေးပါကွာ ဟင်း ဟင်း ဟင်း”
ကိစ္စမရှိ ဒီခေတ်ကြီးထဲ အရှက်ကြီးနေလျှင် အလုပ်မဖြစ်။ဆေးလိပ်ဖက်က ခြောက်လွန်းသည်ထင့် … ဖွာနေရင်း မီးထတောက်လာတော့ ကျွန်ုပ်၏ နီရဲပြောင်တင်းနေ သော နှာခေါင်းကြီးတခုလုံး ပိုမိုထူပူလာတော့၏။
ထွားမေကို ကပ်အီနေလို့ မဖြစ်သေး။ မမစု၊ အန်တီစု၊ တီတီစု၊ မာမီစု၊ မေမေစု၊ ဘွားဘွားစု၏ မွေးနေ့၊ ဘာတွေလုပ်လို့ ဘာတွေကျွေးကြမည်နည်း။ နည်းနည်းတော့ စနည်းနာမှ ဖြစ်မည်။ မနှစ်က မွေးနေ့ပွဲမှာ ခိုးလာခဲ့သော မြမာလာဖိနပ်က စုတ်ပြတ်လု ဖြစ်နေပေပြီ။
………………………
အလဲ့ … ရွာစွန်ထုတ်ထားခံရသော ပရဆေးဆရာ ကိုရင်လွဏ်းဆွေ စာအုပ်အငှားဆိုင်မှ သမီးစု အီးထုသံက တုတ်ကြီးတို့ လက်ဖက်ရည် သောက်နေကြသော လူစု၏ နားသောတ အာရုံထိ ပဲ့တင်ရိုက်ခတ်လာတော့၏။
“တိုးတိုး သမီးစု၊ မေစုက အဓိဌာန်ဝင်နေတာ၊ ၀ဇီပိတ်တဲ့ … ဘယ်လောက် သမာဓိကောင်းလဲဆိုရင် ဘုန်းကြီး တွေ မေတ္တာပို့သံလည်း မကြား၊ မိုင်ရာချီတဲ့နှုန်းနဲ့ လေတိုက်လို့ တတိုင်းပြည်လုံး သေတာလည်း မသိ၊ အခြေခံ ဥပဒေကြီး အတင်းအဓမ္မ အုသွားလိုက်တာလည်း မသိ၊ သွားအော်ကြီးဟစ်ကျယ် မလုပ်နဲ့ အဓိဋ္ဌာန် ပျက်သွား မယ်”
အဲလိုပြောလို့လည်း မဖြစ်သေး။ သူ့ခမျာ အိမ်မှာ အကျယ်ချုပ်ကျနေတာ မစာမနာ ဖြစ်မယ်လေ …။ နောက်တဖန် အဲသလို ကျွန်ုပ်က လှမ်းအော် သတိပေးလိုသော်လည်း မိမိနှင့်အတူ ထိုင်နေသော ပဏာကိုကို နှောင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွာရုံးခွဲတာဝန်ခံ ဖြစ်နေတော့ ထမအော်ရဲ၊ ဒင်းက ရယကတို့ နအဖတို့နှင့်ဆိုလျှင်သာ ကျနော်မသိပါဘူး၊ ကျနော်မပါပါဘူး လုပ်တတ်တာ၊ တုတ်ကြီးတို့နှင့်ဆိုလျှင် အလေးစားက သိပ်ခံချင်သောသူ။
သူတို့ကိုပဲ ထိုင်လေးစားနေခဲ့လိုက်တာ တုတ်ကြီးတောင် ဒေးကာနယ်ဂျီ၏ လူပေါ်လူဇော်လုပ်နည်း ဖတ်စရာမလို လူတွင်ကျယ် လုပ်တတ်လာ၏။ ပရောဂျက်ရေးနည်း သိလာ၏။ သခင်ကြီးများအား မည်ကဲ့သို့ ညာရမည်ကို သိလာပေ၏။နည်းလား ဒီလောက်တောင် နှစ်ပေါင်းနှစ်ဆယ် မရှိတရှိအတွင်း တတ်လာတာ…။ ကျေးဇူးတင်ရပေမည်။
…………………………
နေရင်းထိုင်ရင်း မိုးက ထပ်ညိုလာပြန်ပြီ။ ဒုက္ခပါလား။ ငါတို့နှယ် ကံဆိုးမတိုင်းပြည်၊ မိုးရွာလိုက် မုန်တိုင်းတိုက် လိုက် နအဖ သတ်လိုက်။
“ဟေ့ကောင် တုတ်ကြီး …”
ကျယ်လောင်ခန့်ညား အောင်မြင်ထည်ဝါလှသော မိုးလုံးခြိမ့်အသံကိုကြားတော့ ကျွန်ုပ်အလန့်တကြား ထူး လိုက်မိ၏။
“ခင်ညာ”
“ မင်းအကြံ ငါသိတယ် ငတုတ်၊ မင်းဘာတွေ တွေးနေတယ်ဆိုတာ ငါအကုန်သိတယ်”
“ ဟုတ်ကဲ့၊ ကျနော် ဘာတွေ တွေးနေမိလို့လဲ ခင်ညာ”
“ အေး … ငါ အစီအစဉ်တိုင်း ပြောပြလိုက်ရင် မင်း စောစောက ထွားမေကို ကပ်အီရင်း တိုလာခဲ့တဲ့ ဆေးပေါ့ လိပ် နှစ်လိပ် ခါးကြားထဲက ထုတ်ပြီး အခုငါ့ကို ပေးမလား”
“ဘုရားစခင် … စုတ်ခပါလား” အာမေဋိတ်တောင် မပီတော့လောက်အောင် ကြောက်ရွံ့သွားမိ၏။ ဒင်းသည် တ ကယ့်တန်ခိုးရှင် ဖြစ်ပေတော့မည်တကား။ သည်တော့ ညာဖို့ မကြိုးစားနှင့်၊ တန်ခိုးရှင်နှင့်တွေ့တုန်း ရှိတာပေး ရတာယူ ဖြစ်သလို ဖားမှ တော်ပေတော့မည်။
“ ပေးမှာပေါ့ ခင်ညာ” ဟု ပြန်ဖြေလိုက်တော့ …။
“ အေး ဟုတ်ပြီ မင်းတွေးနေတာ တုတ်ကြီးဖောင်ဒေးရှင်းလုပ်ပြီး ဆုတွေပေးဖို့၊ မင်းအမျိုးတွေ မင်းနဲ့ကြည်တဲ့ လူတွေ အကုန်လုံး မင်းစိတ်ထဲမှာ စာရင်းတို့ထားပြီးသား၊ ဒါပေမယ့် ခက်တာက မင်းကငမွဲ မင်းမှာ ဘာမှမရှိဘူး၊ ဒါကိုလည်း မင်းကသိတယ်။ ဒီတော့ မင်းအကြံက ပြောင်းလာတယ်၊ ဟုတ်တာလေးတွေ နည်းနည်းလုပ်ပြပြီး ဆုတွေယူဖို့၊ ပြီးတော့ မနေ့ညနေခင်း ဟိုဘက်ရွာက အရက်ဆိုင်မှာ ကပ်သောက်ဖို့ သွားတာ အခြေအနေ မဟန်လို့ ပြန်လာခဲ့ရင်း သံဝေဂလေး နှစ်ပဲသားနဲ့ ဂုဏ်တော်ကွန်ချာကို ပုတီးတ၀က်စိပ်ခဲ့ပြီး မင်းကိုယ်မင်း ဘုရားအလောင်းထင်လာတယ်။ မနက်အိပ်ယာကနိုးတော့ အာကျယ်မရဲ့ အသံကိုကြားပြီး မင်းလည်း နည်းနည်းအော်ချင် ဟစ်ချင်စိတ်တွေ ပေါ်လာတယ်။ ပေါ်လာပြီး လက်ဖက်ရည်ဆိုင်ကိုလာတော့ လှည်းလမ်းကြောင်း သီပြီးလျှောက်လာရင်း အနောက်ရွာက ခွေးဟောင်သံကြားလို့ မင်းလုံခြုံရေး အကြောင်းပြပြီး ကားအသစ် ၀ယ်စီးချင်လာတယ်။ ခက်တာက မင်းမှာလည်း ကိုယ်ပိုင် ပိုက်ဆံက မရှိ အရည်အချင်းက မရှိ၊ ဒီတော့ မင်းအဖွဲ့အစည်းတစ်ခုခု ကောက်ထောင်မလား စဉ်းစားသေးတယ်။ မင်းအရင် အခြေကျနေတဲ့ ကောင်တွေ Vote No နဲ့ မဟန်မှန်း သိထားတော့ မင်း ဝေစုဝင်ခွဲဖို့ကလည်း နောက်ကျ၊ ဆက်ပြီး လုပ်ဖို့ကလည်း ဂွကျနေတော့ မင်း အတွေးတွေ ခဏ ရပ်လိုက်တယ် ဟုတ်သလား”
“ မှန်လိုက်လေ ခင်ညာ၊ အံ့သြစဖွယ် တိကျမှန်ကန်တဲ့ စကားတွေ ဖြစ်ပါတယ်ခင်ညာ” တုတ်ကြီး တဖြေးဖြေး အောင်သောင်းနှင့် တူလာ၏။ ကိစ္စမရှိ။ အခွက်ပြောင်မှ ဌေးဦးလောက်ကို မထိတထိ ကြောနိုင်မည် ဖားရသည် မှာ အပမ်းမကြီး ဆက်ဖားလိုက်ပြီး နားထောင်လိုက်ဦးမည်။
“မှန်ရမပေါ့ကွာ … မှန်ရမပေါ့”
နည်းနည်းတော့ စိတ်ထဲ အမြင်ကပ်လာ၏။ သို့သော်မဖြစ်သေး၊ ဒင်းက အကုန်သိနေတော့ ဆက်ပြီး ရေလိုက် ငါးလိုက် ဖားထားမှ။
“သိပ်တော်တာပဲ၊ ဘာနေ့သားလဲဟင် ကိုးကွယ်ချင်လို့ပါ”
“ အေးပေါ့ … မင်းကိုးကွယ်ချင်စိတ် ပေါ်လာရမှာပေါ့ကွာ … နို့မဟုတ် မင်း မီးခဲ ဖင်ခုထိုင်သလို ဖြစ်သွား မှာပေါ့”
“ ဟား ဟား ဒီတခါတော့ မှားနေပြီဗျ။ မီးခဲ ဖင်ခုထိုင်တဲ့အထဲ ကျုပ်မပါဘူး”
“ ငတုံးပဲ figure of speech ဆိုတာ မင်း နားမလည်ဘူးလား သဘောပြောပြတာ”
“အော် ဂလိုလား၊ မသိလို့ပါ ဆက်ပြောတော်မူပါခင်ဗျား”
“ အေး … ထပ်ပြောလိုက်ဦးမယ် မင်းမှတ်ထား၊ ၂၀၁၀ အတွက် တချို့ကလည်း နီပေါအိပ်မက်တွေ ထမက် နေကြတယ် မှတ်ထားကွ နအဖက တိုင်းပြည်ကို တိုးတက်အောင်သာ မလုပ်တတ်တာ သူတို့ဖင် ပလ္လင်ကပ်အောင်ကတော့ ပလ္လင်မှာ မူလီဆွဲပြီး သူတို့ဖင်နဲ့ ဖစ်ဆိုက်ဒ် တပ်ပြီးထိုင်ထားတာ၊ ပြုံးတောင်နေ သေး၊ သွားအိပ်မက်မမက်နဲ့ ဘဘတို့က နှစ်ပေါင်းငါးဆယ် လုပ်လာတာဆိုတဲ့ ကိစ္စတွေ အကုန်သဲထဲရေ သွန်ဖြစ်မယ်”
“မောင်နမ်းမှာလားကွယ့် မေ့ကို ဆိုတဲ့ အထာတွေလားဗျ”
“ ပြန်မမေးနဲ့၊ ငါပြောသမျှ နားထောင်”
“ နောင်တရပါတယ် ဆရာသမားရယ် ဆက်ပြောပါ”
“ခု လေမုန်တိုင်းတိုက်လို့ မင်းတို့တိုင်းပြည်က ပြည်သူလူထုတွေခမျာ ငတ်မွတ်သေဆုံး ပျက်စီးနေကြရတာ တော့ အားလုံးရင်နင့်စရာပဲကွ”
“ ဟုတ်ကဲ့ အင်မတန် ရင်နင့်စရာပါ၊ ကျနော်တို့မှာလည်း အားကိုးစရာက မရှိ၊ အားကိုးစရာလားလို့ ကြည့်လိုက် တော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဘတွေက ရေဒီယိုမှာ … “မဟုတ်ပါဘူးခင်ဗျ၊ ကျနော်တို့ မပါပါ ဘူးခင်ဗျ၊ ဟော …ဖမ်းသွားပါပြီခင်ဗျ၊ သဘောမတူပါဘူးခင်ဗျ၊ ပြန်လွှတ်ပေးလိုက်ပါတယ်ခင်ဗျ၊ ဟော … ပါသွားပြန်ပြီခင်ဗျ” နဲ့ပဲ ဇာတ်လမ်းက ပြတ်နေမှတော့ ဘာဆက်လုပ်ကြတော့မလဲဗျာ။ အမေရိကန်ကလည်း ကျုပ်ဝမ်းသာအောင် လေလည်ပြသွားလို သွားရဲ့၊ ဘန်ကီမွန်းဆိုတဲ့ ကောင်ကလည်း သန်းရွှေ ကြောက်ယုတ်ကြီးကို ရွှေတိဂုံဘုရားမှာ ပြုံးဖြဲဖြဲနဲ့ တက်ဖူးပြီး ပေကလပ်ပေကလပ်နဲ့ ပြန်သွားဆိုတော့ နတ်သကြားတွေ ကယ်မှပဲ ဖြစ်တော့မယ် ထင်ပါရဲ့ဗျာ”
“ဟဲ့ကောင် တုတ်ကြီး နတ်သိကြားတွေကို မင်းဆွဲမထည့်နဲ့လေ၊ မင်းတို့ သန်းငါးဆယ်ကျော်တာပဲကွ တယောက် တချက် ထထိုးရင်တောင်မှ သေနတ်နဲ့ ပစ်မယ်ထားဦး၊ တစ်သန်း မသေဘူးကွ ဒီကောင်တွေ အကုန်ပြုတ်ပြီ။ နတ်တွေ သိကြားတွေဆိုတာ အဲဒီကိစ္စတွေမှာ ၀င်မပါဘူးကွ မှတ်ထား”
ပြောစကား အဆုံးတွင်တော့ အသံသာမက ရုပ်ကိုပါ ပြက်ပြက်ထင်းထင်း မြင်လိုက်ရပါတော့၏။ လားလား … ထိုပုဂ္ဂိုလ်မှာ တုတ်ကြီးအိပ်မက်ထဲမှ သကြားမင်းကြီး ဖြစ်နေပေတော့၏။ တပြိုင်နက်တည်းတွင်ပင် သုဇိတာဆိုသည့် နတ်သမီးသည် သိကြားမင်းကြီးအား နားရွက်တဖက်မှဆွဲကာ တိမ်ထုကြားသို့ ၀င်ရောက် ပျောက်ကွယ်လုအချိန်တွင် သကြားမင်းသည် ပေစောင်းပေစောင်းဖြင့် သုဇိတာ၏ ကာတစ်ကြီးအား ဖျောင်းကနဲ ရိုက်ကာ ဟက်ပီးဘတ်ဒေး တူးယူဟုဆိုရင်း … ပျောက်ကွယ်သွားပေတော့၏။
နေလည်းမြင့်ပြီ။ တုတ်ကြီးလည်း ဖွတ်မေ့ ပဒတ်မေ့ မေ့နေသည့်အလား ခွေးခြေပုလေးပေါ် ထိုင်လျက် ကိုပဏာ မောင်မောင်နှောင်းက လက်တို့ကာ သတိပေးတော့မှ အော် … ငါလည်း လယ်ထဲဆင်းရပါဦးမည်လားဟူသော အသိဖြင့် စွပ်ကျယ်စုတ်ကလေးကိုချွတ်ကာ အရက်ပူပြန်ပြန်ဖြင့် ပုခုံးပေါ်တင်ရင်း အိမ်ဖက်သို့ ခြေဦးလှည့်လာမိ ပါတော့၏။
မုန့်ဟင်းခါးစားပြီး ဖိနပ်ခိုးဖို့ကတော့ သမိုင်းပေးတာဝန်မို့ ကျွန်ုပ်တုတ်ကြီး စောဒကမတက်လိုပါ။ သို့သော် ငတ်မွတ်ခေါင်းပါး ကပ်ဆိုက်နေရသောသူ အားလုံးသာ မုန့်ဟင်းခါးလေး ၀၀လင်လင် စားခွင့်ရကြပါလျှင် ဆိုသောအသိဖြင့် …။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်