Thursday, June 5, 2008

ရာဇအိနြေ္ဒ ပျက်ယွင်းနေသော မင်းတြားကြီး

ရာဇအိနြေ္ဒ ပျက်ယွင်းနေသော မင်းတြားကြီး
စောထွန်း မေ ၂၉၊ ၂၀၀၈

ကျနော်ငယ်စဉ်က စစ်တပ်ဝန်းထဲတွင် နေခဲ့ရပါသည်။ ဖခင်ဖြစ်သူမှာ ထိုခေတ် တပ်မတော်အရာရှိ တဦး။ နိုင်ငံခေါင်းဆောင် က ဗိုလ်နေ၀င်း။ ပါတီတွေ ကောင်စီတွေနှင့် ဆိုရှယ်လစ်အမည်ခံဝါဒ ကြီးစိုးချိန် ဖြစ်ပါသည်။

ထိုစဉ်တုန်းက ကျနော်တို့မြို့လေးမှာ မိုးသက်လေပြင်းများ ကျလိမ့်မည်ဟု နယ်ခံ မိုးလေ၀သဌာနလေးက သတင်းပေးပြီ ဆိုလျင် တပ်ထဲက အိမ်ထောင်သည်လိုင်းတွေ လုံခြုံစိတ်ချရအောင် သတိပေးထားသော်ငြား ရဲဘော်များမှာ အိမ်တွင် မနေကြရ။ ကားများပေါ်မှာ stand by … ။ လေပြင်းတိုက်သည်နှင့် မြို့ထဲမှာ လှည့်ပတ်ကြရသည်။ သစ်ပင်ကျိုးသလား။ အမိုးတွေလွင့်သလား။ အစိုးရ ရုံးတွေရော တဲငယ်များသာရှိသည့် မြို့စွန်ရပ်ကွက်များမှာပါ အရေးပေါ် အကူအညီပေးဖို့ ထွက်ကြရသည်။

တခါ မီးတွေလောင်ပြန်တော့လည်း မီးသတ်ကားတွေပေါ်တက်၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အိမ်တွေထဲ ၀င်ဆွဲ ထုတ်ကြ၊ ပတ်လည်မှာလည်း တောကြောင်တွေ မထနိုင်အောင် ၀န်းရံကြသည်ကို မှတ်မိပါသည်။ ဒါက လွန်ခဲ့သော နှစ် ၂၀ ကျော် မဆလ ပျက်သုဉ်းခါနီးကပါ။

မနေ့တနေ့ကတော့ ကျနော်တို့အားလုံး ဘ၀မှာ မကြုံစဖူး မုန်တိုင်းဆိုသည်ကို တွေ့ကြရပါသည်။ ကျနော်သည် တိုက်ခန်း အလယ်ထပ်တစ်ခုမှာနေသူမို့ အန္တရာယ်နှင့်ဝေးသော်လည်း မအိပ်နိုင်ခဲ့။ ကလေးတွေကို အိပ်ခိုင်းပြီး လင်မယားနှစ်ယောက် တညလုံးစောင့်ကြည့်ကြသည်။ မြင်ဖူးချင်တာလည်း ပါသည်။ တခုခုဖြစ်ရင် ဘာလုပ်နိုင်မလဲ စဉ်းစားတာလည်းပါသည်။ မသိသော ထိုတခုခု ကို အိပ်ပြီး မကျော်ဖြတ်ချင်တာလည်းပါပါသည်။

မကြုံဘူးအောင် ပြင်းထန်သော လေကြမ်းအတွင်း သွပ်မိုးတွေ စက္ကူလေးတွေလို လွင့်ပျံနေချိန်ဝယ် တချို့ တက္ကစီတွေ၊ ကားလေးတွေ သတိကြီးစွာဖြင့် မောင်းနေကြသည်ကို မပြတ်တွေ့ရသည်။ တော်တော်မနေနိုင်တဲ့သူတွေပဲ၊ မိုက်မဲတဲ့သူ တွေပဲဟု မြင်မိသည်။ သို့သော် မြို့တဘက်ပိုင်းမှာ ရှိသော မိခင်နှင့် မိသားစုကို သတိရမိသောအခါ သူတို့လည်း စိုးရိမ်စရာ လူတွေ အမျိုးတွေရှိရာ ပြေးကြရှာတာနေမှာပဲဟု စဉ်းစားမိပါသည်။

ဒီအချိန်မှာ ကျနော်ရှာမိသည်။ မတွေ့ပါ။ လုံးဝမတွေ့ပါ။ တခြားတော့မဟုတ်ပါ။ ညနေမိုးချုပ်စအချိန်အထိ တွေ့ခဲ့ရသော တရုတ်ပြည်လုပ် စစ်ကားကြီးများ၊ ဒိုင်းများ၊ တုတ်များနှင့် လက်နက်အစုံပါ စစ်တပ်များ လုံထိန်းများကိုပါ။ သစ်ပင်တွေ ပြိုလဲ၍ မြို့ပျက်ကြီးဖြစ်နေသော ရန်ကုန်ကိုမြင်ကြရသည့် နောက်တနေ့တွင်လည်း သူတို့ကို ပြန်မတွေ့ရပါ။

တွေ့ရသည်က စက်တင်ဘာအကုန်ကတည်းက လမ်းတွေပေါ်မှာပျောက်သွားခဲ့သည့် သံဃာတွေကို အစုလိုက်တွေ့ရသည်။ သစ်ပင်တွေကို စက်လွှများဖြင့် ဖြတ်သူကဖြတ်၊ သစ်ကိုင်းတွေ သယ်ပြီးလမ်းရှင်းသူကရှင်း။ ဒီထဲမှာ ဆံပင်နီကြောင်ကြောင် နှင့် Hip Hop ပုံစံကောင်လေးတွေလည်းဝိုင်းလို့ ၀န်းလို့ ပါသည်။

ငယ်ငယ်တုန်းက ကျနော့်အတွေ့အကြုံကိုသတိရမိသည်။ ဘယ်လိုများဖြစ်တာပါလဲ။ အထက်က အမိန့် မရလို့ ဖြစ်မယ်ဟု ပြောသူကပြောသည်။ နောက်တော့ မိတ်ဆွေတယောက်က အနီးစပ်ဆုံးဖြစ်မည့် ဝေဖန်ချက်တခုကိုပေးသည်။

“ဘုန်းကြီးတွေကို ရိုက်နှက်သတ်ဖြတ်ခဲ့လို့ ဒီလို မုန်တိုင်းမျိုးတိုက်တာလို့ တို့တွေက ထင်ကြ ပြောကြတာ သာမာန်အနေနဲ့ပဲ။ ကိုယ်တိုင်လုပ်ခဲ့တဲ့ သူတွေကတော့ တကယ်ကို ယုံကြည်ကြတယ်။ မိုးသက်မုန်တိုင်းတွေတိုက် တပ်ဝန်းထဲမှာ သစ်ပင်တွေ ကျိုးကျ၊ သွပ်မိုးတွေပွင့်ထွက်တဲ့ အခါ သူတို့မှာ စိတ်လုံခြုံရာမရဘူး။ ဘုရားပဲ တနေခဲ့ကြရတာ အရာရှိကြီးကနေ တပ်သား တွေထိ အားလုံးပဲ။ ဘယ်မှာ သူများကို စောင့်ရှောက်ဖို့ တို့နောက်တနေ့ ထွက်ပြီး လမ်းရှင်းဖို့တို့ စိတ်ကူးနိုင်လိမ့်မလဲ” တဲ့။ ဖြစ်နိုင်ပါသည်။ နောက်တော့ ငလျင်လှုပ်လိမ့်မည်ဟု ကောလာဟလ တွေထွက်လာသည်။ ရယ်စရာလိုလို လူတွေက လျှောက်ပြော နေသော်လည်း အယုံကြည်ဆုံးမှာ ခေါင်းဆောင်ကြီးမိသားစုမှ သည် တပ်သားများအထိပါ။ ဒီတော့ ထုံးစံ အတိုင်း ငလျင်စကားပြောတဲ့သူ ဖမ်းမည်ဟု အမိန့်ထွက်လာပြန်သည်။

မုန်တိုင်းအပြီး ညနေလောက်မှစ၍ မြစ်ဝကျွန်းပေါ်က သတင်းဆိုးတွေကြားလာရသည်။ မနေ့ညကတည်းက ပျောက်သွား ခဲ့သည့် တပ်တွေ ရဲတွေ ဘယ်မှာမှ မတွေ့ရသေး။ ရေဒီယိုတွေ တီဗွီတွေလည်း မရှိ။ ပြည်သူအများမှာ လေလှိုင်းထဲက လူသတ်သမားဆိုသူ ဘီဘီစီ၊ ဗွီအိုအေတွေကိုပဲ အားထားကြရသည်။ သတင်းဆိုးတွေကြားတော့ ကိုယ့်ထက်ဆိုးပါလားဟု စိတ်မကောင်း ဖြစ်ကြရသည်။ ကူညီကြဖို့ စတင်စဉ်းစားကြရသည်။

ဆီတွေ ဂက်စ်တွေဖြတ်လိုက်သဖြင့် လူထုသယ်ယူပို့ဆောင်ရေး မရှိတော့သည့် လမ်းပေါ်မှာလမ်းလျှောက်သွားကြရင်း ၈၈ ကျောင်းသားတို့၏ လမ်းလျှောက်ပွဲတွေကို သတိရကြသည်။ သံဃာတွေကို ကူညီရင်း ကိုယ့်လမ်းကိုယ်ရှင်းကြ၊ ရေတွေ မီးတွေကို ကိုယ်တိုင်ရှာကြဖွေကြနှင့် ချမ်းသာသူတို့က အစွန်အဖျားကို သွားကြည့်ရင်း ထမင်းထုပ်ဝေဖို့ လုပ်ကြပြီ။

၂ ရက်ခန့်အကြာမှာ ပြန်တွေ့ရပါပြီ။ လမ်းဆုံလမ်းခွမှာ စစ်သားတွေ၊ အပွင့်တွေ အခက်တွေနဲ့ ခပ်ငယ်ငယ် ဗိုလ်လေးတွေ၊ ဗိုလ်ကြီးတွေ ပင်ပန်းနွမ်းနယ်နေသည့် ပုံသဏ္ဍန်နှင့် စည်ပင် စက်ယန္တယားကြီး ဘေးကနေ မ မ၊ ချ ချ အမိန့်ပေးနေသည်။ လုပ်နေကျအလုပ်ကို ဘေးက အမိန့်ပေးခံရသည့် ယာဉ်မောင်းသူမှာ လက်မောင်းခန့် သစ်ကိုင်းကို ကရိန်းဖြင့် မလို မရနှင့် အံ့သြဖွယ်မြင်ကွင်းတွေ၊ သတင်းစာ စဖတ်ရတော့ ထူးဆန်းထွေလာတွေ မြင်ကြရပြန်ပါသည်။

ဘယ်နေရာမှာ ရှားရှားပါးပါး ရိုက်လာမှန်းမသိသည့် ဓာတ်ပုံတွေပါ။ သူတို့တွေ လမ်းရှင်းပေးနေကြပြီ။ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဌကြီးတို့ အစည်းအဝေးထိုင်ပြီတဲ့။ လှည့်ကြည့် နေပြီတဲ့။ အားရဖွယ်သတင်း တွေ။ ဒီအချိန် မြစ်ဝကျွန်းပေါ် ရေစပ်စပ်မှာ မသေဘဲ မျော့မျော့ ကျန်ရစ်သူ လူ တသောင်းလောက် ကယ်သူမရှိ၍ ထပ်မံ သေဆုံးကုန်ကြလောက်ပါပြီ။

မုန်တိုင်းမကျမီ ညဦးက ဒီမိုကရက်တစ်မြန်မာ့အသံက ကန့်ကွက်မဲပေးစို့ သီချင်းတွေကိုဆို၊ သင်္ကြန်သီချင်း အလိုက်မို့ သမီးငယ် ပျော်ရွှင်စွာ ကသည်ကို ကြည့်ရင်း အားတက်နေခဲ့သည့် ကျနော် အပါအ၀င် မြန်မာတွေအားလုံး ဆန္ဒမဲပေးဖို့ ရက်ကို မေ့နေကြပါပြီ။ စိတ်လည်းမ၀င်စားကြတော့ပါ။ ခုလိုအချိန် သဘာဝဘေးအန္တရာယ်ကျခဲ့သည်မှာ စီးပွားရေး နိုင်ငံရေး မလုပ်တတ်သဖြင့် ညံ့ဖျင်းလှသည်ဟု အပြောခံခဲ့ရသည့် တပ်မတော်အတွက် ကြီးစွာသော အခွင့်အရေးပင် ဖြစ်သည်။

နေရာအနှံ့သွားနိုင်သော စစ်သားတို့ အတွေ့အကြုံ အလေ့အကျင့်၊ အလုပ်ကြမ်းကို တသက်လုံးကျင့်သားရနေသည့် သူတို့၏ အားမာန်သည် ကယ်ဆယ်ရေး၊ ရှင်းလင်း တည့်မတ်ရေးတို့တွင် တခြားသူတွေထက် အပုံကြီးသာသည်။ အစိုးရငွေ တပြား တချပ် သုံးရန်မလို၊ ပြည်ပနှင့် စေတနာရှင်တို့၏ အလှူကို လက်ရောက်အောင်ပို့ပေးရင်း ဒုက္ခသည်တွေရှိရာ အစွန်အဖျားကို သွားစောင့်ရှောက်ပေးရုံမျှနှင့် ကြက်ခြေခတ်ရန် တာစူနေသည့်သူများ သူတို့ဘက် ပါသွားမည်သာဖြစ်သည်။

စစ်သားဆိုသည်မှာ ဗိုလ်ချုပ်ကြီးများကဲ့သို့ ၀လင်နေသူများ မဟုတ်သဖြင့် အလှူ့လက်ဖက်ကို ကိုယ်လည်းစား၊ ခိုးထုတ် ပြီးလည်း ရောင်းရုံနှင့်တော့ အထူး နာမည်ပျက်မည်မဟုတ်ပါ။ ရောက်သင့်သည့် နေရာကို ၈၀ ဖိုးရောက်ခဲ့ပါက ၂၀ ဖိုး ခိုးယူခြင်းအတွက် ပြောမည့်သူ မများလှပါ။ ခုတော့ဖြင့် သူတို့၏ ခြေလှမ်းတွေမှာ ထူးခြားလွန်းလှပါသည်။ အရာရှိတိုင်းကို ထိုင်းဆန် ၁၂ ပြည်စီ ထုတ်ပေးခြင်း၊ ဒုက္ခသည်များကို ဆန်ကွဲဝေခြင်းတို့သည် သူတို့ ရေးဆွဲသည့် အခြေခံဥပဒေပါ “စစ်အုပ်ချုပ်ရေးကာလအတွင်း တာဝန်အရဆောင်ရွက်ခြင်း” အဖြစ် နောင်အခါ အရေးယူ တရားစွဲခံရမှုမှ လွတ်ကင်းသည့် သဘောရိုးဖြင့် ဆောင်ရွက်ချက်မျိုး မဟုတ်ပါ။

သန်းပေါင်းများစွာ အကူအညီကို တက်တက်ကြွကြွ လက်ခံကာ မိမိ တပ်ဖွဲ့ များအတွက် မသိမသာ အမြတ်ထုတ်လျင် နိုင်ငံရေး စီးပွားရေး အမြတ်များစွာရနိုင်ပါလျှက် မရှက်မကြောက် ခိုးဝှက်ကြသည်။ ပြည်သူပြည်သားတို့အပေါ် မစ္ဆရိယ ထားခဲ့ကြသည်။ ၂ ရက်ခန့် မစားဘဲနေနိုင်သည့် စွမ်းအားမြင့် ချောကလက်ကို ၂ တောင့် ၃ တောင့် ဆက်တိုက် ခိုးစားရင်း သူတို့သားသမီးတွေ ဆေးရုံပို့ကြရသည်ဆိုသော သတင်းမျိုးတွေ ကြားလာကြရသည်။

ဖြစ်ချင်တော့ တရုတ်ပြည်မှာ ငလျင်ကြီးလှုပ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါ။ မြန်မာ့တပ်မတော်နှင့် လုံးဝ ကွဲပြားသော စွန့်စားမှု၊ စွန့်လွှတ်မှု၊ အားကိုးရမှုတို့ကို တရုတ်ပြည်သူ့တပ်မတော်နှင့် ကွန်မြူနစ်ပါတီ အစိုးရက ပြသခဲ့သည်။ မျက်ရည် ကျဖွယ် စွန့်လွှတ်ကူညီမှုများကြောင့် အစိုးရနှင့် ရန်စစ်ဖြစ်နေဆဲ တိဘက်တို့သည်ပင် ငြိမ်းချမ်းရေး အလံပြကြသည်။ တရုတ်အိုလံပစ်အပေါ် ဆန့်ကျင်မှုများ တခန်းရပ်ကြဖို့ ညွှန်ကြားရသည်အထိ သူတို့ အောင်မြင်ခဲ့ကြသည်။

တခြားတနေရာတွင်ဖြင့် ၀ိုင်းပြောနေသည့်ကြားက မဲပေးပွဲကို ဇွတ်ပင်လုပ်ခဲ့ပါသည်။ စိတ်မပါခြင်းကြောင့် လည်းကောင်း၊ ကန့်ကွက်မိလျင် အငြိုးခံရမည်ကို ထိတ်လန့်ခြင်းကြောင့်လည်းကောင်း မန္တလေးလို မြို့တွင်ပင် တစ်ဝက်မျှ မဲလာမပေး ကြပါ။ အလွန်ကောင်းပါသည်။ မလာသူအားလုံးကို မဲစာရင်းအတိုင်း ထောက်ခံမဲ ထည့်ပေးလိုက်ခြင်းဖြင့် မဲကိုဇွတ်လိမ်ရန် သိပ်မလိုတော့ပါ။

ဒီအချိန်မှာ မြန်မာခေါင်းဆောင်ကြီး လမ်းပေါ်ထွက်လာပါသည်။ ၁၀ ရက်ကျော်အကြာ အသေအပျောက် စာရင်း ၃၅၀ မှ ၇၀၀၀၀ သို့ တိုးပြလိုက်ချိန်နှင့် အချိန်ကိုက်ပါသည်။ အမေရိကန်နှင့် မဟာမိတ် သင်္ဘောတွေကို ခံတိုက်ဖို့ မြစ်ဝကျွန်းပေါ်ကို လှည့်ကြည့်သည်။ တပ်တွေကို ဘယ်သူတက်လာလာ ပစ်ဖို့အမိန့်ပေးပြီး ရဟတ်ယာဉ်ပေါ်မှ ပြင်သစ်သင်္ဘောကို မြင်သည့် အခါ တုန်လှုပ်သွားပါတော့သည်။ အာဆီယံကို အပြေးဦးတိုက်သည်။ မနေ့တနေ့က မျက်နှာပျက်ခံ ငြင်းဆိုထားသည့် ထိုင်းကို အချိုသတ်သည်။ ပြည်သူ့ဆက်ဆံရေးမှလာ၍ လွန်စွာ ပိုင်နိုင်ကျွမ်းကျင်သော သူ၏ဗျူဟာအတိုင်း ခေါင်းညိတ်ပြီးမှ တဖြည်းဖြည်း ခေါင်းခါပြသည့် လမ်းစဉ်ကို စတင်ကျင့်သုံးတော့သည်။

နောက်တော့ အရေးပေါ်အခြေအနေ ကြေညာထားသည့် နယ်မြေတွင်ပင် ဆန္ဒမဲပေးစေခဲ့သည်။ ဆင်ဟွာကဲ့သို့ သတင်းဌာန မျိုးကပင် အံ့သြဖွယ်အဖြစ် ဖေါ်ပြခဲ့ကြရသည်။ မည်သည့် အခြေခံဥပဒေတွင်မဆို အဆိုပါဒေသမျိုးတွင် လွတ်လပ်သောမဲ မရနိုင်ကြောင်း ပါရှိကြသည် ဆိုသော်ငြားလည်း (ယခုဖွဲစည်းပုံသစ်တွင် ပါ၊ မပါ ကျနော် သေချာမသိပါ) ချုပ်နှောင်ထားတာ ၅ နှစ်ပြည့်၍ ပြန်လွှတ်ရတော့မည့် ဒေါ်အောင်ဆန်းစုကြည် ထွက်မလာမီ အပြီးသတ် ကြေညာလိုက်တော့သည်။

သို့သော်လည်း သူတို့၏ ဥပဒေနှင့် မဲစာရင်းတို့ကို စိတ်ဝင်စားမှုနည်းနေကြောင်း၊ မခိုင်မာသေးကြောင်း သတိပြုမိသည့်အခါ ဥပဒေကို မကြည့်တော့ဘဲ ချုပ်နှောင်သက်တမ်းကို မျက်စိမှိတ်တိုးလိုက်ပါသည်။

ဤမျှဖြစ်နေစဉ်မှာပင် ဗိုလ်ချုပ်မှူးကြီး၏ စဉ်းစားနည်းမှာ အံ့သြဖွယ်။ လူတိုင်းက ပြန်လည်ထူထောင်ရေးတွင် လယ်တွေ ပြန်ကောင်းဖို့၊ မုန်တိုင်းဒီရေအတွက် ဘင်္ဂလားပြည်မှာကဲ့သို့ တက်ပြေးစရာ အဆောက်အဦမြင့်များ ဆောက်ဖို့၊ infrastructure နှင့် mitigation အတွက် အမျိုးမျိုးစဉ်းစားနေချိန်မှာ နောက်နောင် အမေရိကန်လာလျင် သူပိုင်နိုင်သည့် ကြည်းတပ်ဖြင့် ခုခံနိုင်စေရန်အတွက် လမ်းမ အမြင့်ကြီးများ ဆောက်ဖို့ ဘီလျံဒေါ်လာ အကူအညီများ တောင်းခံရှာသည်။ ကယ်ဆယ်ရေးမှလွဲ၍ မျက်မှောက်ခေတ် အမေရိကန်သည် အလုံးအရင်းဖြင့် ကမ်းမတက်တော့ကြောင်း သူမသိ။ စစ်တိုက် လိုလျင် မိမိလိုသော ပစ်မှတ် ကို ဗုံးမိုးချပြီး အတန်ကြာမှ အီရတ်သို့ ၀င်ခဲ့သည်ကိုလည်း သတိမထားမိ။ ယိုင်နဲ့လာသော စည်းစိမ်အာဏာ လုပ်ချင်ရာအတွက် ဟန်မဆောင်နိုင်တော့ပါ။ ဇာတ်ဆန်ဆန်ပြောရလျင် သူသည် ရာဇအိနြေ္ဒ ပျက်ယွင်း နေပေပြီ။ ။

ဧရာဝတီ ဇွန် ၃၊ ၂၀၀၈

A

B

C

The Kitchen မီးဖိုချောင်