Wednesday, June 18, 2008

နိုင်ငံ + ပြည်သူ = နိုင်ငံ့အရေး = နိုင်ငံရေး

နိုင်ငံ + ပြည်သူ = နိုင်ငံ့အရေး = နိုင်ငံရေး
June 18th, 2008
ကလိုစေးထူး

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပါတယ်။

ဖို့ဝိန်းမှာကျင်းပသွားတဲ့ တင့်တင့်ထွန်း စတိတ်ရှိုးပွဲကိုသွားတော့ ခန်းမရဲ့အ၀င်ဝမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အန်တီကြီးနှစ်ယောက်နဲ့ ဆုံပါတယ်။ `အန်တီတို့၊ စတိတ်ရှိုးပွဲလာကြည့်တာလား´ လို့ နှုတ်ဆက်မေးမိပါတယ်။ ဒါပေမယ့် အဲဒီအန်တီကြီးတွေက မျက်နှာထားမသာမယာနဲ့ တယောက်စီ ဒီလိုပြန်ဖြေပါတယ်။

`မဟုတ်ဘူး၊ ကလေးမလေးတွေကို လိုက်ပို့တာ၊ တို့တွေက ပြန်မှာ´
`ကြည့်စမ်းပါဦးကွာ၊ တခုခုလုပ်ကြမယ်ဟေ့ဆိုပြီး လူစုရင်၊ အစည်းအဝေးတို့ ဘာတို့ဆိုရင် လူတွေက ဒီလို မတက်ကြွဘူး´
`မင်းလည်း တို့နဲ့တွေ့ရအောင်၊ တို့နဲ့တွေ့ချင်လို့ ဖို့ဝိန်းလာတာမှ မဟုတ်တာ၊ တင့်တင့်ထွန်းစတိတ်ရှိုးပွဲ လာတာ မဟုတ်လား´
`အန်တီတို့ကတော့ ၀မ်းနည်းတယ်၊ ကဲ.. သွားမယ်ဟေ့´

***

လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပါတယ်။

ဂျပန်မှာ ပညာလာသင်နေတဲ့ အမျိုးသမီးတယောက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုပြောပါတယ်။

`ကျမတို့က မိဘတွေက ချမ်းသာကြတာ မဟုတ်ဘူး၊ ရှိတဲ့ငွေလေးကို ခြစ်ခြုတ်ပြီး ဒီမှာ ပညာ လာသင်နေရတာ၊ နိုင်ငံရေးတွေဘာတွေ စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ အဲဒါတွေလုပ်လို့လည်း တခုခု အထိခိုက်မခံနိုင်ဘူး´

***

လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဖြစ်ပါတယ်။

မြန်မာပြည်တွင်းက နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ တာဝန်ရှိသူ လူငယ်တယောက်က ဒီလိုပြောတာကို တွေ့ဖူးပါတယ်။

`ဒီထဲမှာ နိုင်ငံရေးတွေ မပြောကြပါနဲ့ဗျာ၊ ကျနော်တို့ အရေးယူခံရပါလိမ့်မယ်။ ကျနော်က မိဘကို လုပ်ကျွေးနေရတာ၊ အဲဒါတွေအတွက်နဲ့ ကျနော့်ဘ၀ အနစ်မွန်းမခံနိုင်ဘူး´

***

အထက်ပါဖြစ်ရပ်တွေကိုကြည့်ရင် `နိုင်ငံရေး´ဆိုတဲ့ စကားရပ်လေးတခုကို လူတွေ နားလည်လက်ခံကြ တာဟာ မတူညီဘူးဆိုတာ သိလာစေပါတယ်။ အဲဒီလို မတူညီမှုနဲ့အတူ လူတန်းစားတွေ တစတစနဲ့ ကွဲပြားနေလေ မလားလို့ တွေးမိတော့ ဒီစာကို ရေးမိပါတယ်။

တကယ်တော့ ကျနော်တို့နိုင်ငံမှာ `နိုင်ငံရေး´လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက တွန့်ခနဲ ဖြစ်သွားတတ်တာ အစဉ်အလာတခုလို ဖြစ်နေပါပြီ။ နိုင်ငံရေးသမားများဆိုတာနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်သူများလို့ မျက်လုံးထဲမှာ အရင်ဆုံး မြင်ယောင်ပစ်လိုက်ကြတာ များနေပါပြီ။ သူတို့သည်သာလျှင် နိုင်ငံရေးသမား၊ အဲဒီတော့ အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တယ်။ ယုတ်စွ အဆုံး ဘ၀ပျက်သွားနိုင်တယ်..၊ အဲဒီလို တွေးပစ်လိုက်တာများပါတယ်။

တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ ပြည်သူရဲ့အရေးဆိုတာ ရှင်းနေပါတယ်။ ခေါင်းဆောင်ကြီး တွေကလည်း ဒီလိုပဲ အနက်ဖွင့်ဆိုပါတယ်။ ပါတီထောင်မှ နိုင်ငံရေးမဟုတ်သလို ပါတီအဖွဲ့အစည်းဝင်ဖြစ်မှ နိုင်ငံရေးသမား မဟုတ်ပါဘူး။ အခုတော့ နိုင်ငံရေးသမားနဲ့ ပြည်သူဆိုပြီး လူတန်းစားနှစ်ရပ်က ကွဲပြားမှန်းမသိ ကွဲပြားလာနေပါပြီ။

ခြိမ်းခြောက်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသားကျလာတဲ့ ပြည်သူတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့်ကိုတောင်မှ (အုပ်ချုပ်သူကို ဆန့်ကျင်ရမယ်ဆိုရင်)လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်မပြောရဲတော့ပါဘူး။ ပြောတဲ့လူတွေကိုလည်း `သူတို့က နိုင်ငံရေးသမားတွေ´လို့ သတ်မှတ် ပစ်လိုက်ကြပါတယ်။ သတ်မှတ်ရလောက်အောင်လည်း အခြေအနေတွေက ဖန်တီးပေးနေပါတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရသူတွေကလည်း သူတို့လိုမလုပ်၊ မပြောတဲ့ ပြည်သူကို အားမရ၊ ပြည်သူကလည်း သူတို့နဲ့ အသားမကျ၊ တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးသွားပါတော့တယ်။

တနေ့လုပ်မှ တနေ့စား၊ ၀မ်းရေးတောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ သာမန်ပြည်သူတယောက်က `စစ်အာဏာရှင် ပြုတ်ကျရေး´ဆိုတာကို ထည့်မစဉ်းစားအားသလို အစိုးရစရိတ်နဲ့ ပညာတော်သင် ထွက်လာရတဲ့ လူငယ်တယောက်ကလည်း သူ မြန်မာပြည်ပြန်ရောက်ရင် ရမယ့်အခွင့်အရေးကို အုပ်ချုပ်နေသူကိုဆန့်ကျင်လို့ ရလာမယ့် လတ်တလောရလဒ်နဲ့ မလဲလှယ်ရဲပါဘူး။ အဲဒီတော့ သူတို့ အတွေးတွေ၊ သူတို့စဉ်းစားချက်တွေထဲမှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်နေတဲ့လူတွေဟာ သူတို့နဲ့ တသားတည်း မကျတော့ပါဘူး။ တခါတရံမှာဆိုရင် `ဒီလူတွေနဲ့ပတ်သက်မိရင် ငါ့ကိုပါ ထိခိုက်လာ နိုင်တယ်´လို့တောင် တွေးပစ်လိုက်ပါတယ်။

တကယ်တမ်း သေချာစဉ်းစားကြည့်ရင် လူတိုင်းဟာ နိုင်ငံရေးသမားတွေလို့ ပြောလို့ရပါတယ်။ ပညာသင်နေတဲ့ ကျောင်းသားတယောက်ဟာလည်း ပညာသင်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ပါဝင်နေ သလို လုပ်ငန်းခွင်ဝင်နေတဲ့ လုပ်သားတွေကလည်း အလုပ်လုပ်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက် နေပါတယ်။

Seminar တခုမှာ ဆွေးနွေးသူ အမျိုးသမီးတယောက်က `လူတွေရဲ့ နေ့စဉ်ရှင်သန် သွားလာလှုပ်ရှားမှု တိုင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်´ လို့ အဆိုပြု ဆွေးနွေးဖူးပါတယ်။ အဲဒီတော့ တခြားသော ဆွေးနွေးသူ အမျိုးသားတယောက်က `အိမ်သာတက်တာကရော နိုင်ငံရေးနဲ့ ဆိုင်ပါသလား´လို့ မေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် ပြန်ဖြေတာကတော့ …

`အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပါတယ်။ အိမ်သာတက်သူဟာ အိမ်သာတက်ပြီးရင် လက်ဆေးဖို့ အရေးကြီးသလို အိမ်သာကိုလည်း သန့်ရှင်းအောင်၊ ယင်လုံအောင် ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အိမ်သာကိုတက်ပြီး လက်ကို စင်ကြယ်စွာမဆေးတဲ့ အိမ်သာတက်သူဟာ ၀မ်းရောဂါလို ရောဂါမျိုးတွေရနိုင်ပြီး သူကမှတဆင့် သူ့မိသားစုကို ရောဂါကူးစေနိုင်ပါတယ်။ အဲဒီလို မိသားစုတွေ များလာရင် တဖြည်းဖြည်းနဲ့ နိုင်ငံကိုပါ ထိခိုက်စေနိုင်လို့ အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်´

တကယ်တော့ လူတွေအားလုံး နေ့စဉ် ရှင်သန်သွားလာလှုပ်ရှား ရုန်းကန်မှုတိုင်းဟာ နိုင်ငံရေးပါ။ ပါတီထောင်မှ၊ အုပ်ချုပ်သူကိုဆန့်ကျင်မှ နိုင်ငံရေးမဟုတ်ပါဘူး။ ဆင်းရဲချို့ငဲ့သူတယောက်ကို မိမိတတ်နိုင်သလောက်လေး ဝေငှပေးလိုက်တာနဲ့ အဲဒီပေးလိုက်တဲ့ ခဏမှာတင် နိုင်ငံရေးလုပ်ပြီးသား ဖြစ်သွားပါတယ်။ မိမိသိထားတာကို မသိသေးတဲ့လူတွေကို ဝေငှပေးလိုက်တာဟာလည်း နိုင်ငံရေး လုပ်နည်းတမျိုးပါပဲ။ အဲဒီတော့ `ကျနော်/ကျမ နိုင်ငံရေးမလုပ်ပါဘူး´ဆိုတာ မရှိပါဘူး။ လူတိုင်း နိုင်ငံရေးလုပ်နေကြပါတယ်။ နိုင်ငံရဲ့အရေးကို ဆောင်ရွက်နေကြပါတယ်။ ကောင်းသောဆောင်ရွက်ခြင်းနဲ့ ဆိုးသောဆောင်ရွက်ခြင်းကတော့ မိမိရဲ့ ရွေးချယ်ယုံကြည်မှုပါပဲ။

လက်ရှိအုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောနေတဲ့ လူတွေကလည်း မိမိပြောနေသလို တခြားလူတွေက မပြောရကောင်းလားလို့ အားမလို အားမရဖြစ်နေလို့ မဖြစ်ပါဘူး။ အဲဒီလို အားမလိုအားမရ ဖြစ်လေလေ လူထုနဲ့ဝေးသွားလေလေ ဖြစ်တော့မှာပါ။

`နိုင်ငံရေး´ဆိုတဲ့ စကားလုံးရဲ့ ကန့်သတ်မှုအောက်မှာ အဖိနှိပ်ခံ ပြည်သူချင်းအတူတူ အစုမကွဲစေချင်ပါ။ `နိုင်ငံရေး´ဆိုတာဟာ ပါတီတွေထောင်၊ သာမန် တော်ရုံတန်ရုံလူတွေ နားမလည်နိုင်တဲ့ ဟိုစနစ်၊ ဒီစနစ်တွေ ပြောတဲ့အလုပ်၊ လက်ရှိအုပ်ချုပ်နေသူတွေကို ဆန့်ကျင်တဲ့အလုပ်လို့ မြင်လာနေတာက တစတစနဲ့ များလာနေပါပြီ။

တကယ်တော့လည်း အုပ်ချုပ်သူကို ဆန့်ကျင်တဲ့လူနဲ့ ပြည်သူတွေနဲ့က တဖြည်းဖြည်းနဲ့ ဝေးလာသလိုလို ဖြစ်လာနေပါတယ်။ ဒီခေတ်မှာ မိဘက အုပ်ချုပ်သူတွေကိုဆန့်ကျင်တဲ့ သားသမီးကို `နင်ဒါမျိုးတွေ လုပ်တာနဲ့ ငါတို့ပါရောပြီး ဒုက္ခမရောက်ချင်ဘူး၊ ငါတို့ အသက်ကြီးပြီ´ လို့ ဆိုဆုံးမနေတဲ့ခေတ်ကို ရောက်နေပါပြီ။ ဒါဟာ ပြည်သူနဲ့ နိုင်ငံရေးကို တသီးတခြားစီလုပ်ခဲ့တဲ့၊ လုပ်နေဆဲဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအုပ်ချုပ်သူတွေရဲ့ မကောင်းတဲ့ အောင်မြင်မှုပါပဲ။ နိုင်ငံခြားကိုရောက်နေတဲ့ လူတွေရဲ့ တ၀က်ဝန်းကျင်လောက်မှာကိုက `ငါသူတို့ကို ဆန့်ကျင်ရင် ငါ့နိုင်ငံပြန်ခွင့်ရပါ့မလား´ဆိုတဲ့ စိုးရိမ် စိတ်က ကြီးစိုးနေပါပြီ။ ဒါကြောင့်လည်း `ကျနော်/ကျမတော့ဖြင့် နိုင်ငံရေးမလုပ်ပါ´ လို့ ဖွင့်ဟ ပြောဆိုလာသူတွေ များလာနေပါတယ်။ နေရပ်ကို ပြန်ခွင့်မရမှာကို စိုးရိမ်စိတ်တခုတည်းနဲ့ ခံစားတတ်တဲ့နှလုံးသား မဲ့နေလေရော့သလားလို့ တွေးထင်ရလောက်အောင်ကို လျစ်လျူရှုနိုင်စွမ်းတွေ ရှိနေကြပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (အုပ်ချုပ်သူလူတန်းစား)တွေသည်လည်း ပြည်သူတွေထဲကပြည်သူ၊ ကျနော်တို့ (သူတို့ကိုဆန့်ကျင်နေသူ)တွေသည်လည်း ပြည်သူတွေထဲက ပြည်သူချင်းအတူတူ ကျနော်တို့တတွေ ပြည်သူနှင့် မဝေးလိုပါ။

`နိုင်ငံရေး´ဆိုသည်မှာ နိုင်ငံအတွင်းတွင် နေထိုင်ကြကုန်သော ပြည်သူများ၏အရေး၊ နိုင်ငံ့အရေး ဖြစ်တာကြောင့် ပြည်သူနှင့်နိုင်ငံရေး တသီးတခြားစီ မဖြစ်စေလိုပါ။ ဒါကြောင့်..၊ နိုင်ငံရေး= ပြည်သူ + နိုင်ငံ = နိုင်ငံ့အရေး = နိုင်ငံရေး …….။ ။

A

B

C

The Kitchen မီးဖိုချောင်