Friday, April 30, 2010

အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံ

အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံ
မင်းဟန် | ကြာသပတေးနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၃၂ မိနစ်။

(မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့သို့ …..)

(က)
ကျွန်နှင့် ကျွန်ပိုင်ရှင်….။
မြေယာလုပ်သားနှင့် မြေပိုင်ရှင်….။
စက်ရုံအလုပ်သမားနှင့် စက်ရုံပိုင်ရှင်…..။

လူတန်းစား ၂ ရပ်နှင့် သူတို့၏ ပဋိပက္ခတိုက်ပွဲက သွေးမတိတ်သည့် အနာအဖြစ်နှင့် ယနေ့တိုင် အသွင်သဏ္ဍာန်တမျိုးမျိုးနှင့် ရှိနေမြဲ။ ပြဿနာက …. အလေးအပေါ့၊ အပျော့အပြင်း၊ အထူအပါးသာလျှင် ခြားနားမည်။ ပျောက်ကွယ်သွားလိမ့်မည်ကား မဟုတ်….။

ဘုံအကျိုးစီးပွားတခုအပေါ်၌ အကျိုးတူပေါင်းဖက် လုပ်ကိုင်နေကြသည့် လုပ်ဖော်ကိုင်ဘက်များ ဖြစ်သည်ဟူ၍ သဘောထား၊ မထားရှိနိုင်သ၍ ရှိနေမည်ပင်…။

ထိုင်းနိုင်ငံအတွင်း တနံတလျား၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများအတွင်း၌က …. ၂ မျိုး ၂ စား ရှိ၏။ ထိုင်းအစိုးရ၏ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားကြသည့် မြန်မာအလုပ်သမားများနှင့် တရားမဝင် ဝင်ရောက်၍ လုပ်ကိုင်နေကြရသည့် မြန်မာအလုပ်သမားများဟူ၍ ဖြစ်သည်။ မြန်မာအလုပ်သမားအများစုက တရားမဝင် အလုပ်သမားများသာ ဖြစ်ကြ၏။

တနှစ်လျှင် …ထိုင်းဘတ်ငွေ ၄ဝဝဝ မျှအား ပေးချေ၍ တရားဝင် အလုပ်လုပ်ခွင့်ရရန် အကုန်အကျ မခံနိုင်ကြ…..။

“ကျနော်တို့ကို သူဋ္ဌေးက ပိုက်ဆံပုံမှန် ရှင်းမပေးဘူး။ အကြွေးဝယ်စားလို့ရတဲ့ ဆိုင်ကိုလည်း ပိတ်လိုက်တယ်။ အလုပ်ချိန်ကလည်း မနက် ၄ နာရီကနေ ည ၇ နာရီအထိ လုပ်ခိုင်းတယ်။ အချိန်ပိုကြေးကို တနာရီ ဘတ် ၂ဝ ပဲ ပေးတယ်။ အချိန်ပိုမဆင်းရင်လည်း တနေ့လုံး လုပ်ထားတဲ့ လုပ်အားခကို မပေးဘူး။ ပြီးတော့ ကျနော်တို့ နေထိုင်တဲ့ နေရာမှာ သောက်သုံးရေက လုံလောက်အောင် မရဘူး။ ဒါကြောင့် အလုပ်သမားတွေက အလုပ်မဆင်းဘူးဆိုပြီး ဆန္ဒပြကြလို့ သူဋ္ဌေးက ရဲကို ဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းလိုက်တာ”

ထိုင်းနိုင်ငံ ဖူးခတ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုမှ မြန်မာနိုင်ငံသား အလုပ်သမား ၉၅ ဦး အဖမ်းခံကြရ၏။ ၉၅ ဦးထဲမှ ၇၇ ဦးကမူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်ရှိ၍ ထိုင်းရဲများက ပြန်လွှတ်ပေးလိုက်၏။ ကျန် ၁၈ ဦးကမူ အချုပ်အနှောင်အတွင်း၌ အဖမ်းခံနေကြရဆဲ….။

“ကျန်ခဲ့တဲ့ ၁၈ ယောက်ထဲမှာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အလုပ်သမားတွေ ပြောတာတွေကို ဘာသာပြန်ပြောပေးတဲ့ သူတွေကို ဆန္ဒပြတဲ့နေရာမှာ ခေါင်းဆောင်တယ်ဆိုပြီး ဆက်ဖမ်းခံထားရတဲ့ သူတွေလည်း ပါတယ်။ အဲဒီလူတွေထဲက တယောက်မှာ ကလေးက ၄ လပဲ ရှိသေးတယ်။ သူ့မိန်းမကလည်း ဗိုက်ခွဲပြီး ကလေးမွေးထားလို့ ကျန်းမာရေး သိပ်မကောင်းဘူး။ အခု သူတို့နေတဲ့ နေရာကနေ သူဋ္ဌေးက မောင်းထုတ်နေတယ်။ သူတို့သားအမိ တော်တော်ဒုက္ခရောက်နေတယ်”

(ခ)

ညောင်ဦးကမ်းပါးပြိုခြင်းနှင့် စံပနဂိုက နွားမပေါင်းကျိုးခြင်းက ဆက်စပ်၍ မရသော်လည်း ….. အိမ်ဖြူတော်အပြိုကမူ ….. ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့်ကား ဆက်စပ်၍ နေသည်။ မြန်မာအလုပ်သမားများအား ထိ၏။

ဥရောပနှင့် အမေရိကန် ဈေးကွက်များမှ ဝယ်လိုအားကျလာသည့်အတွက် ထိုင်းလုပ်ငန်းရှင်များထံသို့ ဥရောပ၊ အမေရိကန် ဈေးကွက်များမှ ကုန်ပစ္စည်းအော်ဒါများ အမှာနည်းလာ၏။ ထုတ်လုပ်ပြီးသား ကုန်စည်များပင် ဝယ်လက်မရှိ၍ ရောင်းမထွက် ဖြစ်နေရ၏။ ဤတွင် စက်ရုံပိုင်ရှင်များက အလုပ်သမားများအား လျှော့၏။ ဦးစားပေးအလျှော့ခံရသည့် အလုပ်သမားများက မြန်မာအလုပ်သမားများ….။ မြန်မာအလုပ်သမားတို့ အလုပ်ဖြုတ်ခံကြရသည်။ ဤသို့သော …. အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားတို့က ထိုင်းနိုင်ငံ တနံတလျား၌ ရှိ၏။ ဤအတွင်း၌ …. မဟာချိုင်ခရိုင်အတွင်းရှိ ‘ကီလိုစီစုန်မုန်းမိုင်’ ရှိ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမား ၄ဝဝ ကျော်လည်း ပါရှိ၏။

"ကျမတို့ အလုပ်ဆင်းသွားတာနဲ့ အလုပ်ဖြုတ်လိုက်ပြီလို့ အလုပ်သမားခေါင်းဆောင် (ဝဏ္ဏ) က ဆီးပြီးပြောပါတယ်။ ကျမတို့ တော်တော်နစ်နာပါတယ်။ ပုလိပ်ကြေး ဘတ် ၆ဝဝ အလုပ်ဆင်းတဲ့ ကားခဘတ်ငွေ ၂ဝဝ၊ ပြီးတော့ ဘတ်ဖိုးဆိုပြီး လစဉ် ဘတ် ၁၃ဝဝ လောက်က ပုံမှန်ဖြတ်ပါတယ်။ အလုပ်ပျက်ရက်ဆိုပြီးတော့လည်း ဖြတ်တယ်။ ပေးတဲ့ဈေးနှုန်းက တနေ့ကို ၂ဝ၃ ဘတ်၊ အချိန်ပိုကြေးက တနာရီ ၃၈ ဘတ်ပါ။ ဒါပေမဲ့ ကျမတို့ လစဉ် လစာထုတ်ရင် ဘတ် ၂ဝဝဝ ထက်ပိုပြီး မရဘူး။ မနေ့က ၁၅ ယောက် အလုပ်ဖြုတ်ခံရပါတယ်။ နေ့စဉ် ဖြုတ်လာလိုက်တာ အခုဆိုရင် လူ ၂ဝ ကျော်လောက်ပဲ ကျန်တယ်။ ဘာဖြစ်လို့ အလုပ်ဖြုတ်လဲဆိုတော့ လုပ်ထားတဲ့ ကုန်ပစ္စည်းတွေက ရောင်းမထွက်တော့ နောက်ထပ် လုပ်စရာ အလုပ်မရှိဘူးလို့ ပြောပါတယ်။ ကျမတို့ဆီက လစဉ်ဖြတ်ထားတဲ့ ငွေတွေကိုတော့ ပြန်ရချင်တာပေါ့နော်”

(ဂ)

ကမ္ဘာ့အလုပ်သမားများ၏ မေလ ၁ ရက်နေ့ … အလုပ်သမား တော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ခဲ့သည်မှာ ရာစုနှစ်တခုပင်လျှင် စွန်း၍နေခဲ့ပြီ….။

တနေ့လျှင် …. အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်ရန်….။
လုပ်အားခခေါင်းပုံဖြတ်မှု မရှိရေး….။
အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်၊ အခွင့်အရေးများက ကမ္ဘာကြီး၏ နေရာဒေသအသီးသီးတွင် တည်တံ့ အသက်ဝင်နေသော်လည်း …. ထိုင်းနိုင်ငံ “ရပ်ခ်ျဘူရီခရိုင်၊ တန်ဘွန်နမ်ကယောက်၊ အန်ဖေဆိုတာလန် အမှတ် ၅ဝ/၁” တွင် ရှိသည့် “ဖွိုင်ချော့ဖိုင်စစ်” ဆန်စက်ဝင်းအတွင်း၌မူ အသက်မဝင် …..။ ထိုဆန်စက်အတွင်း လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများ၏ အခြေအနေက ကမ္ဘာဟောင်း အလုပ်သမားတို့၏ ဘဝအတိုင်းသာ ကျန်ရှိ၍နေဆဲ …..။

“ကျနော်တို့ မနက် ၇ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ လုပ်ပြီး၊ နေ့လည် ၁၂ နာရီ မိနစ် ၄ဝ ဆိုရင် ပြန်ဆင်းရတယ်။ ညနေ ၆ နာရီမှ အလုပ်ပြီးပါတယ်။ မနက်ပိုင်းမှာ နာရီဝက်၊ နေလည်ထမင်းစားချိန်မှာ မိနစ် ၂ဝ၊ ညနေပိုင်းမှာ ၁ နာရီ အပိုလုပ်ပေးနေရတယ်။ လုပ်အားခက ပိုမပေးပါဘူး။ လူသစ်ကို တနေ့ ၁၅ဝ ၊ လူဟောင်းဆိုရင် ၁၈ဝ ပဲ ရပါတယ်။ အဆိုးဆုံးက လုပ်အားခ ၁၅ ရက်စာ ထုတ်မပေးဘူး။ ရက်ပေါင်ထားရတယ်။ ထွက်မယ်ဆိုရင် အဆုံးခံပြီး ထွက်ရတယ်။ သွားတောင်းရင်ပဲဖြစ်ဖြစ် အလုပ်ထွက်မယ်ဆိုရင်ပဲဖြစ်ဖြစ် သူဋ္ဌေးကို သွားပြောရင် ပုလိပ်ကို ဖမ်းခိုင်းလိုက်တော့တာပဲ”

ထိုထက်ဆိုးသည်က …. ဘန်ကောက်ရှိ ပိုက်ဆံအိတ်အမျိုးမျိုး ချုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမများ၏ ဘဝ…..။

အသက် ၁၈ နှစ်မျှသာ ရှိသေးသည့် မြန်မာအလုပ်သမ ၁၃ ဦးနှင့် မြန်မာအလုပ်သမား ၂ ဦးတို့အား ဘန်ကောက်ရှိ “စံထော်ဘူလီတရားရုံး” က …. ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်အတု ကိုင်ဆောင်ထားမှုနှင့် ထောင်ဒဏ် ၄ နှစ်ခွဲစီ ချလိုက်၏။ အမှန်တွင်မူ …. အလုပ်သမများက …. သူတို့ကိုင်ဆောင်ထားသည့် လက်မှတ်အား အတုဟူ၍ မသိ….။ အလုပ်ရှင်သူဋ္ဌေးက အတုများ လုပ်ပေးထားခြင်း ဖြစ်၏။ အလုပ်သမားလက်မှတ် လုပ်ဆောင်ရန် ကုန်ကျစရိတ်များကိုမူ သူဋ္ဌေးက လစဉ်လုပ်အားခများအတွင်းမှ ဖြတ်ယူပြီး သူ၏ အိတ်ဖောင်းဖောင်းကြီး အတွင်းသို့ ထည့်၏။ သူ၏ ဝမ်းစူစူကြီးအတွင်းသို့ မြို၏။ အမှုရင်ဆိုင်ရသည့် အချိန်တွင်မူ …. မြန်မာအလုပ်သမားများသာ ထောင်နန်းစံသွားခဲ့ကြရ၏။ အလုပ်ရှင်သူဋ္ဌေးကမူ အေးရာအေးကြောင်း …..။

“မနေ့က ထောင်ဒဏ် ၄ နှစ်ခွဲ ချလိုက်ပါတယ်။ ကျမတို့လည်း ဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်း မသိဘူးလေ။ သူဋ္ဌေးတော့ ဘာမှမဖြစ်ပါဘူး။ ဘန်ဘော်စံ ထောင်မှာလို့တော့ ကြားတယ်။ သူဋ္ဌေးကို ကျမတို့ နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်) လုပ်ခ တယောက်ကို ဘတ်ငွေ ၆ဝဝဝ ပေးရတယ်။ ပုလိပ်ဖမ်းတော့လည်း ရှင်းမပေးဘူး။ အခုတော့ ကျမသမီးတို့ ထောင်ကျခံနေရပြီ”

(ဃ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံအလုပ်သမများ၏ အခြေအနေက …. လုပ်ငန်းခွင်လုံခြုံမှု ဟူသည်ကား နတ္တိ…..။ လုပ်ငန်း၏ သဘောအရသည်ပင် ကြက်ပေါင်းစေးခြစ်သည့် လုပ်ငန်းက ညဥ့်သန်းခေါင်ကျော် နံနက်လင်းအားကြီး အချိန်များ၌ လုပ်ရခြင်းဖြစ်သည်။ ရာဘာပင်ခြံကျယ်ကြီးအတွင်း ညအမှောင်၌ ရာဘာစေးခြစ်ကြရခြင်း ဖြစ်သည်။ ဆိတ်ကွယ်ရာအရပ် အမှောင်ထုနှင့် တဦးတည်း၊ တယောက်တည်း လုပ်ကိုင်နေကြရခြင်းက ဓားပြနှင့် မုဒိန်းကောင်များအတွက် အခွင့်အလမ်း ရှိနေသကဲ့သို့ ….။

“သူက ရာဘာပင်ဘက်ကို လှည့်ပြီး ရာဘာအစေး ခြစ်နေတုန်း နောက်ကနေ ရောက်လာတယ်။ ပြီးတော့ အတင်းဆွဲလှဲပြီး မုဒိန်းကျင့်ဖို့ ကြိုးစားတယ်။ ပါးစပ်ကိုလည်း လက်နဲ့ အတင်းပိတ်ထားတယ်။ ကောင်မလေးက အတင်းရုန်းကန်ပြီး ထွက်ပြေးတော့ နောက်ကနေ ဓားနဲ့ လှမ်းခုတ်လိုက်တာ နောက်စေ့ကိုထိပြီး လဲကျသွားလို့ သူတို့က သေပြီထင်ပြီး ထားခဲ့တာ။ ကောင်မလေးကလည်း သေချင်ဟန်ဆောင်ပြီး ငြိမ်နေလိုက်တယ်။ သူတို့ထွက်သွားတော့မှ သူ့ယောက်ျားကို အော်ခေါ်ပြီး ဆေးရုံသွားရတာ။ ဒဏ်ရာကို ၂၃ ချက် ချုပ်လိုက်ရတယ်။ ကောင်မလေးက အခုတော့ အိမ်ပြန်ရောက်နေပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်။ အလုပ်ပြန်လုပ်ဖို့ မပြောနဲ့ အပြင်ထွက်ရမှာကိုတောင် ကြောက်နေတယ်။ သူ့ရဲ့အနောက်မှာ လူအရိပ်တွေ လိုက်နေပြီး အန္တရာယ် ပေးနေသလို ခံစားနေရတယ်လို့ ကျနော်ကို ပြောပြတယ်။”

သောက …. နာကျဉ်မှု၊ မျက်ရည်များနှင့် မြန်မာအလုပ်သမတို့၏ ဘဝများ ….။ အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံများ ….။ အမှောင်တွင်းမှပင် အလင်းရောင်အား ရှာဖွေ၍နေကြရ၏။

“အလုံးစုံသော ကာယ ဝဇီ မနော ဒုစရိုက် အညစ်အကြေးကို စင်ကြယ်သော သီလတည်းဟူသော ရေစင်ဖြင့် ဆေးကြောလတ္တံ ….
ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်ကို လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပစ်လတ္တံ ….
စိတ်နှလုံးပူဆွေးသူတို့၏ နှပ်ရည်ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပစ် လတ္တံ …..
လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်းမုန့်ပေးလတ္တံ …..
လက်ဝဲလက်ဖြင့် ပြည်သူအပေါင်းအား ပစ္စည်း၊ ဥစ္စာ၊ အဝတ်ပုဆိုးပေးလတ္တံ ….”
(မြန်မာသက္ကရာဇ် ၄ဝ၂ခုနှစ် ကျန်စစ်သားမင်းကြီး ရေးထိုးလှူဒါန်းခဲ့သော ရွှေစည်းခုံ မွန်ကျောက်စာမှ)

Nyein Lu's Poems

Nyein Lu's Poems

Sunday, April 18, 2010

သစ်ပင်တု


သစ်ပင်တု
Written by စန်းစန်းတင်

သစ်ပင်တုတွေကြား
နေရတာ
မာယာများတဲ့ လူတွေကြား
နေရတဲ့အလား။

နေရောင်မလိုဘဲ
နေရောင်လိုသလို
ဟန်ဆောင်
ရေမလိုဘဲ ရေလိုနေသယောင်
ဟန်ဆောင်
မြေမရှိလည်း မြေအတုနဲ့
အယောင်ဆောင်နိုင်လိုက်တာ။

အနုပညာနှလုံးသားရှင်
အော်စကာဆုရှင်တွေတောင်
သူတို့လောက် ဟန်မဆောင်နိုင်။

သစ်ပင်တုကပွင့်တဲ့ ပန်းအတု
ရေမွှေးဆွတ် အတင်းမွှေးခိုင်းလည်း
အတုဟာ အတုပဲဖြစ်
အစစ်ကို မယှဉ်နိုင်လည်း
ပန်းစစ်စစ်ကတောင်
သူ့လောက် မစစ်သလို
ဟန်တွေပို။

သစ်ပင်တုက သီးတဲ့ သစ်သီးတု
သူမို့ သီးရဲလေတယ်။

အနံ့လည်းမမွှေး
အဟာရလည်း မပေး
ဒါပေမယ့်
မာယာများစွာသုံး
အကောင်းဆုံး အသီးမျိုး
သူကလွဲလို့ ဘယ်မှာမှ မသီးတဲ့ပုံ။

မာယာတွေကြား
နေတာများတော့
နှလုံးသားမှာ
ဒဏ်ရာတွေ ဗလပွ
တလောကလုံး
မာယာတွေသာ ဒီလိုသုံးနေရင်
သစ်ပင်တုတွေနဲ့
လေထုမသန့် ၀န်းကျင်ညစ်ညမ်း
စိတ်လည်း မကျန်းမာ။

သစ်ပင်တုများရဲ့  ကမ္ဘာ။ ။

စန်းစန်းတင်
ဧပြီ ၁၇။ ၂၀၁၀
http://www.kaungkin.com/

သစ်တုပင်များ

 
Garten am Thuner See (1913) by August Macke

သစ်တုပင်များ
By တောကျောင်းဆရာ • April 17, 2010
...သစ်တုပင်ကိုယ်စီနဲ့။ သစ်တုပင်တွေက နေရာတကာမှာ ရှိလာခဲ့တယ်။ သစ်တုပင်တွေက ဒီတစ်မြို့လုံးကို သိမ်းပိုက်ထားပြီးလားလို့တောင် ကျွန်တော်ထင်မိတယ်။

သစ်တုပင်။ ဒီအပင်တွေကို ဒီလိုပဲ ကျွန်တော် ခေါ်လေ့ရှိတယ်။ ဒီအပင်တွေက သစ်ပင်လို့ ပြောရင်လည်း ရတယ်။ သစ်ပင်မဟုတ်ဘူးလို့ ပြောလည်းရတယ်။ အမှန်တော့ သစ်ပင် အယောင်ဆောင်ထားတဲ့ သစ်ပင်တွေပါ။ သစ်ပင်အတုတွေပေါ့။ ကျွန်တော်ကတော့ ဒီအပင်တွေကို သစ်တုပင်တွေလို့ပဲ ခေါ်တယ်။

သစ်တုပင်တွေကို စတွေ့ဖူးတဲ့အချိန်က ရုံးမှာရှိနေတုန်းက။ နောက်တော့ သစ်တုပင်တွေက အိမ်ပေါ်ကိုပါ ရောက်လာတယ်။ ခင်ဗျားတို့ သတိထားမိမလားပဲ။ ဗိုလ်ချုပ်လမ်းပေါ်မှာ သစ်တုပင်တွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်ရှေ့က ဖြတ်သွားတိုင်း ဆိုင်ထဲက သစ်တုပင်တွေကို လှမ်းလှမ်းကြည့်ဖူးတယ်။ စိတ်ပျက်စရာပါပဲဗျာ။ အရောင်အသွေးမျိုးစုံနဲ့ သစ်တုပင်မျိုးစုံက အလင်းရောင်နည်းတဲ့ မှောင်ကုပ်ကုပ် ဆိုင်ထဲမှာ။ သူတို့ကြည့်ရတာလည်း ထောင်လွှားနေတဲ့ ပုံစံပေါက်နေတယ်။ သူတို့ကိုယ်သူတို့ သစ်ပင်အစစ်တွေလို့ အထင်ရောက်နေကြတာ ဖြစ်မယ်။ အမြင်ကတ်စရာပဲ။ သစ်တုပင်တွေကို ကြည့်မိတိုင်း စိတ်ထဲမှာ ဘယ်လိုမှ အလိုမကျဘူး။ သစ်တုပင်တွေကို သဘောမကျတဲ့ စိတ်ကြောင့်လည်း ဖြစ်မှာပါ။

တစ်ရက်မှာတော့ ကျွန်တော့်ရုံးခန်းရှိရာဆီကို သစ်တုပင်တွေ အများကြီးရောက်လာတယ်။ အလှဆင်ပစ္စည်းဆိုင်က ၀န်ထမ်းတွေက သစ်တုပင်တွေကို ကားပေါ်က ဆင်းခိုင်းနေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော့်အမြင်တွေကိုတောင် မယုံနိုင်ဖြစ်ရတယ်။ ဒီလိုနဲ့ သစ်တုပင်တွေက ကျွန်တော်ရှိနေတဲ့ အ၀န်းအ၀ိုင်းထဲကို ရောက်လာတယ်။ ဒီတော့ပိုပြီး စိတ်အနှောက်အယှက် ဖြစ်လာရတော့တာပဲ။ မှတ်မိသေးတယ်ဗျာ။ သစ်ပင်တုတွေ ရုံးကို ရောက်လာတဲ့နေ့က။ လူတော်တော်များများက သစ်တုပင်တွေ ရောက်လာတာကို ၀မ်းသာနေကြတယ်။ အရမ်းသဘောကျတဲ့ ပုံစံတွေလုပ်ပြကြတယ်။ အဲ့ဒီမှာတင် သစ်တုပင်တွေက လိုတာထက်ပိုပြီး ထောင်လွှားပြတော့တာပဲ။ လူတွေကတော့ ဒါကိုသတိမထားကြဘူး။ ဘယ်သစ်တုပင်က ဘယ်လောက်လှတယ်၊ ဘယ်သစ်တုပင်က ချစ်စရာကောင်းတယ်၊ ဘယ်သစ်တုပင်ကတော့ အရုပ်ဆိုးတယ်။ အဲတာတွေကိုပဲ အချင်းချင်း ပြောကြရင်း သူတို့ လိုချင်တဲ့ သစ်တုပင်တွေကို သူတို့ကိုယ်တိုင် အပင်ပန်းခံပြီး သယ်သွားကြတယ်။

ကျွန်တော်ကတော့ သစ်တုပင်တွေရဲ့ စိတ်အနှောက်အယှက်ပေးမှုကို ရုံးမှာနေတဲ့ အချိန်တိုင်းလိုလို ခံနေရတယ်။ ကျွန်တော်က သစ်တုပင်တွေကို သဘောမကျဘူးလေ။ အပြန်အလှန် သဘောတရားအရ သစ်တုပင်တွေကလည်း ကျွန်တော့်ကို သဘောမကျဘူး။ အဲတာကို ကျွန်တော် ကျိန်းသေသိတယ်။ ဘယ်လိုသိသလဲ ဆိုတာကတော့ ပြောပြရခက်တယ်။ ဓာတ်သဘော ဆိုတာကို ခင်ဗျားတို့နားလည်မလား။ သစ်တုပင်တွေနဲ့ ကျွန်တော်က ဓာတ်မတည့်ဘူး။ မြင်မြင်ချင်း မြင်ပြင်းကတ်စရာကောင်းလို့ နောက်ပိုင်း လမ်းတွေ့ရင်တောင် နှုတ်မဆက်ပဲ ရှောင်နေလိုက်တဲ့သူတွေ ကျွန်တော့်မှာ အများကြီးရှိတယ်။ သစ်တုပင်တွေကိုလည်း မြင်မြင်ချင်းမှာပဲ အမြင်ကတ်ခဲ့တယ်။ အမြင်ကတ်တဲ့သူတွေကို စတွေ့ပြီးနောက်ပိုင်း ဘယ်တော့မှ ပြန်မခေါ်လို့ရတယ်။ ကျွန်တော် အမြင်ကတ်တဲ့ သစ်တုပင်တွေကတော့ ကျွန်တော့် အခန်းထဲ ရောက်နေပြီ။ အဲတာမှ ပြဿနာပဲ။

သစ်တုပင်တွေ ကျူးကျော်ရောက်လာတဲ့ နောက်တစ်နေရာက ကျွန်တော့်အိမ်ပဲ။ ဘယ်လိုနည်းကြောင့် ရောက်လာတာလဲတော့ မသိဘူး။ အဲ့ဒီနေ့ကအိမ်ပြန်တော့ အိမ်ထဲမှာ သစ်တုပင်တစ်ပင် ရောက်နေတယ်။ ထုံးစံအတိုင်း။ ထောင်လွှားပုံစံနဲ့ပဲ။ ဟန်တစ်ခွဲသားနဲ့။ ကျွန်တော့်စာအုပ်စင် ဘေးတစ်နေရာမှာ ခပ်တည်တည် ရပ်နေတယ်။ ကျွန်တော့်ဖြင့် ဒေါသတော်တော်ထွက်သွား တယ်။ ပိတ်ကန်ပစ်လိုက်ချင်တဲ့ စိတ်တောင်ပေါ်တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းလို့ရခဲ့တယ်။ အိမ်ကလူတွေကတော့ သစ်တုပင်တစ်ပင် အိမ်ပေါ်ခေါ်တင်ထားတဲ့ အကြောင်း။ လှတပတရှိတဲ့ အကြောင်း။ ဈေးလည်း အများမပေးရတဲ့ အကြောင်း။ အခြား အခြားသော အကြောင်းတွေ အများကြီးဆက်ပြောတယ်။ ကျွန်တော်လည်း သိပ်မကြားတော့ဘူး။ အဲ့ဒီအချိန်တုန်းက တွေးနေမိတာက ဒီသစ်တုပင်တွေနဲ့ ကျွန်တော့်အကြားမှာ ဘယ်လိုရန်ငြိုး၊ ရန်စတွေများ ရှိနေသလဲဆိုတာပဲ။

ခက်တာက ကျွန်တော်နဲ့သစ်တုပင်တွေကြားက အဆင်မပြေမှုကို ဘယ်သူမှမသိကြတာပဲ။ ကျွန်တော်ကလည်း ထုတ်မပြောဖြစ်ဘူး။ အောင့်အီးသည်းခံပြီးပဲ နေရတော့တယ်။ ရုံးမှာရှိနေလည်း သစ်တုပင်နဲ့။ အိမ်ပြန်ရောက်သွားလည်း သစ်တုပင်နဲ့။ ဟား .. အတော်ဆိုးတယ်။ ကျွန်တော့် မိတ်ဆွေတွေရဲ့ အိမ်မှာလည်း သစ်တုပင်ကိုယ်စီနဲ့။ ကျွန်တော် သောက်နေကျ ကော်ဖီဆိုင်၊ လျှောက်နေတဲ့ လမ်းမပေါ်က ဆိုင်တွေရဲ့ အ၀င်အ၀တွေဆီမှာ။ အားလုံးနီးပါးပဲ။ သစ်တုပင်ကိုယ်စီနဲ့။ သစ်တုပင်တွေက နေရာတကာမှာ ရှိလာခဲ့တယ်။ သစ်တုပင်တွေက ဒီတစ်မြို့လုံးကို သိမ်းပိုက်ထားပြီးလားလို့တောင် ကျွန်တော်ထင်မိတယ်။ လူတွေဟာ ဒီလောက်အမြတ်ကတ်စရာ ကောင်းတဲ့ သစ်တုပင်တွေကို ဘာကြောင့် ခုံမင်နေကြတာလဲ။ ကျွန်တော်ဖြင့် မတွေးတတ်တော့ဘူး။ လူအများက သစ်တုပင်တွေကို လိုလိုလားလား ရှိနေချိန်မှာ မလိုမလား ဖြစ်နေရတဲ့ ကျွန်တော်စိတ်မှာ ပြဿနာ ဖြစ်လာတယ်။

ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။ သစ်တုပင်တွေကို ကျွန်တော်မုန်းတီးတာဟာ ကျွန်တော့်အလွန်လား ဆိုတာ။ ခင်ဗျားတို့ အမှန်ပြောနိုင်မယ်တော့မထင်ဘူး။ ခင်ဗျားတို့ကိုယ်တိုင်ကလည်း သစ်တုပင်တွေကို လိုလိုလားလား ရှိနေခဲ့မယ်ဆိုရင်ပေါ့။ ဒီလိုဖြစ်နေခဲ့ရင်လည်း ခင်ဗျားတို့ကို ကျွန်တော်နားလည်ပါတယ်။ အတုတွေများနေတဲ့ ဒီအချိန်မှာ အစစ်လား၊ အတုလားဆိုတာ ခင်ဗျားတို့ မဝေခွဲတတ်တော့ဘူး။ အတုတွေရဲ့ လွှမ်းမိုးတိုက်ခိုက်မှုကို ခင်ဗျားတို့ခံလိုက်ရပြီ။ ခင်ဗျားတို့ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အဲလိုခံနေရတာပဲ။ ဘာပဲဖြစ်ဖြစ်ဗျာ။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ လိုနေသေးတယ်။ အချိန်အခါအရပေါ့။ အတုတွေများတော့ ဘယ်အတု အကောင်းဆုံးလဲဆိုတာ ရွေးချယ်နေရတာနဲ့ အချိန်ကုန်မနေသင့်ဘူး။ အတုတွေထဲမှာ ပျော်ဝင် မနေသင့်ဘူး။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။

သစ်တုပင်တွေကို ဘာကြောင့်မုန်းလဲလို့ မေးလာတဲ့သူရှိရင် အစစ်မှမဟုတ်တာပဲလို့ ကျွန်တော် ပြန်ဖြေရလိမ့်မယ်။ သစ်ပင်မှာ သစ်ပင်အဂါင်္ရပ်ရှိရတယ်။ သစ်တုပင်တွေမှာ သစ်ပင်တွေရဲ့ အဂါင်္ရပ်မရှိဘူး။ အပေါ်ယံကြောနဲ့ ဖမ်းစားပြရုံလောက်ပဲ သူတို့လုပ်တတ်တယ်။ ခက်တာက လူတွေက သူတို့ကို သဘောကျတယ်။ ဒါကို ကျွန်တော်ပြောရင် လူတွေနဲ့ဆန့်ကျင်ဘက်ကို ကျွန်တော်ရောက်သွားမှာပဲ။ သစ်တုပင်တွေဟာ လူတွေအတွက် ဘာအကျိုးမှ မဖြစ်စေဘူး။ နေရာတစ်နေရာပိုပေးထားပြီး အမြင်ရှုပ်စေတာကလွဲပြီး သစ်တုပင်တွေက ဘယ်လိုရလဒ်မှ မဖြစ်ထွန်းစေဘူး။ လူတွေက ဒါတွေကို သိပေမယ့် တဒင်္ဂသဘောနဲ့ သစ်တုပင်တွေကို လက်ခံထားကြတယ်။ တဒင်္ဂသဘောနဲ့ ထာဝရ လက်ခံလာကြတဲ့ သဘောပဲ။ အတုတွေကိုပေါ့။ ကြာလာတဲ့ အခါကတော့ အတုတွေ ဖောင်းပွလာကြတယ်။ အိုဗျာ။ ပြောရရင်တော့ အတုကမှ အစစ်ထက် ပိုတန်ဖိုးရှိနေသယောင် ထင်လာကြတယ်။ အဲ့တာ ဘာကြောင့်ပါလဲ။

သိပ်ဆန်းကြယ်တဲ့ အရာတော့မဟုတ်ပါဘူး။ ထိတ်လန့်စရာတော့ ကောင်းပါတယ်။ ရုပ်ရှင်ကား တစ်ကားလည်း ဖြစ်နိုင်တယ်။ လျိုဝှက်သည်းဖို ၀တ္ထုတစ်ပုဒ်လည်းဖြစ်တယ်။ ညနေခင်း တစ်ခုမှာ သစ်တုပင်တစ်ပင်နဲ့ ကျွန်တော်စကားပြောဖြစ်တယ်။ ကျွန်တော်နဲ့စကားပြောဖြစ်တဲ့ သစ်တုပင်က သိပ်ပြီး ထောင်လွှားမှုတော့ မရှိတော့ပါဘူး။ လမ်းဘေးတစ်နေရာမှာ တွေ့ပြီး ပြောဖြစ်ခဲ့ကြတာပဲ။ အခက်လက်တွေ ကျိုးပဲ့နေတဲ့ သစ်တုပင်က ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ်ကောင်အနေနဲ့ ကြည့်နေတယ်။ သစ်တုပင်နဲ့ စကားတွေအများကြီးပြောဖြစ်တယ်။ ကျွန်တော့်စိတ်ကလည်း ဟိုရောက်ဒီရောက်ဆိုတော့ အကုန်မမှတ်မိတော့ဘူး။ မှတ်မိတာ တစ်ခုတော့ရှိတယ်။ အဲ့ဒီအကြောင်းကို မှတ်စုစာအုပ်ထဲမှာ ကျွန်တော်ရေးထည့်ထားတယ်။

“တစ်နေ့နေ့ ဖြစ်လာမယ်ဆိုတဲ့ စကားတွေဟာ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်တွေပဲ။ လူတွေလည်း မစစ်တော့ဘူး။ ဘယ်အရာမှ မစစ်တော့ဘူး”။ သစ်တုပင်စုတ်က ကျွန်တော့်ကိုပြောခဲ့တယ်။ ကျွန်တော့်ကို ပြောသလိုနဲ့ သူတစ်ကိုယ်တည်း ရေရွတ်သွားတာ။ ကျွန်တော့်ကို ပြောခဲ့တာလို့ ဆိုရင်လည်းရတယ်။ သစ်တုပင်နဲ့ လမ်းခွဲခါနီးအချိန်မှာ ပြောသွားခဲ့တာပါ။ သစ်တုပင်ပြောတဲ့ စကားကို ယုံစားဖို့ တော်တော်ခက်ခဲပါတယ်။

ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်လိုမျိုး သစ်တုပင်တွေကို မုန်းတီးနေတဲ့သူတွေ ရှိနေမယ် ဆိုတာကို။ သူတို့လည်း ကျွန်တော့်လိုပဲနေလိမ့်မယ်။ ထုတ်မပြောပဲ စိတ်ထဲက မုန်းတီးနေကြတာ။ သူတို့စိတ်သဘောအရဆို သစ်တုပင်တွေကို လက်မခံချင်ပေမယ့် သစ်တုပင်တွေက သူတို့ နေထိုင်ရာ အရပ်တွေမှာ ရှိနေလိမ့်မယ်။ ဒီသစ်တုပင်တွေကို ဖယ်ရှားဖို့သူတို့လည်း စိတ်ကူးမိကြလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ မလုပ်ဆောင်နိုင်ကြသေးဘူး။ လူအများစုက သစ်တုပင်တွေကို လက်ခံထားကြတဲ့ အတွက်ကြောင့်လို့ ခင်ဗျားပြောမလား။ အဲတာ မဟုတ်ဘူး။ ကျွန်တော်လည်း အဖြေရှာနေတုန်းပဲ။ သစ်တုပင်တွေကိုလည်း မုန်းတီးနေတုန်းပဲ။

တောကျောင်းဆရာ
ဧပြီလ ၁၇ရက်၊ ၂၀၁၀ပြည့်နှစ်။

Thursday, April 8, 2010

အရူး

အရူး
Written by ယဉ်ယဉ်နု(မန္တလေး)
ပေဖူးလွှာ မဂ္ဂဇင်း

“မိထားတော့ ထွက်သွားပြီ ဆရာကျော်”

“ဟောဗျာ ၁၅ရက် သမီးလေးကို ထားပစ်ခဲ့တယ်”

“ဟုတ်တယ် ဆရာကျော် ဘယ်လို စဉ်းစားပြီး ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ ကျုပ် ကျုပ်” ပြောနေရင်းနဲ့ အေးလွင် အသံတွေတုန်ပြီး တိမ်ဝင်သွားတယ်။ ကျောင်းသွားမယ့် တန်းလန်း စက်ဘီးလေးနဲ့ ထွက်လာတဲ့ ကျောင်းဆရာ ကိုဘကျော်လည်း စက်ဘီးဒေါက်ထောက်ပြီး ဆင်းလိုက်ရတယ်။ အေးလွင် လက်ထဲက အနှီးထုတ်ကလေးနဲ့ ၁၅ရက်သမီးလေးကတော့ လောကကြီးရဲ့ မာယာတွေ၊ ဒဏ်ရာတွေကို ဘာမှ ဂရုပြုမိပုံ မပေါ်ဘဲ မျက်လုံးလေး မှေးစက်ပြီး အိပ်လို့။

အဲဒီနေ့က ကျောင်းသာရောက်တယ်။ ကိုဘကျော်စိတ်တွေ မကြည်လင်တော့ဘူး။ မထားထွက်သွားတဲ့ အကြောင်းကို ခြေရင်းအိမ်က ကုမ္ပဏီကို အစောကြီး ထွက်သွားရလို့ မသိလိုက်တဲ့ အရောင်းသမား ကိုစည်သူ သိရင်လည်း သူ့လိုပဲ စိတ်မကောင်းဖြစ်နေမှာလို့ တွေးရင်းနဲ့ အရပ်ထဲကို မထားတို့လင်မယား ရောက်လာတဲ့နေ့ ပြန်စဉ်းစားမိနေတယ်။

“ဟဲ့ ကောင်မ အခုထွက်ခဲ့ စုကြေးတွေ မပေးဘဲ လစ်ပြေးတဲ့ ကောင်မ။ နင် ပေးရမယ့် နှစ်သောင်းခွဲ အခု ချက်ချင်းပေး”

နေ၀င်စ ရှိသေးတယ်။ အိမ်ရှေ့ကနေ ရိုင်းရိုင်းစိုင်းစိုင်း စူးစူးဝါးဝါး အော်လိုက်တဲ့ မိန်းမသံ တစ်သံကြောင့် ဆရာကျော် ထမင်းစားပြီး သောက်နေတဲ့ ရေနွေးခွက် ပြုတ်ကျမလို ဖြစ်သွားတယ်။ “ဘာလဲကွ” လို့ မိန်းမကို မေးမိတော့ “ကျွန်မလည်း မသိဘူး” ဆိုတဲ့ ဆရာကတော် မလှလှ အသံ အဆုံးမှာ “ဟဲ့ကောင်မ သူများရှေ့လာဟောင်မနေနဲ့ လစ်ပြေးတာ မဟုတ်ဘူး။ ယောက္ခမကခေါ်လို့ အိမ်ပြောင်းလာတာဟဲ့။ နင့်စုကြေးမပေးချင်လို့ မပေးတာ၊ အချိန်တန်တော့ ရလိမ့်မယ်ပေါ့” ဆိုပြီး ပထမ မိန်းမထက် ပိုပြီး ပြင်းထန်စူးရှ ရိုင်းစိုင်းတဲ့ မိန်းမသံတစ်သံ ခေါင်းရင်းအိမ်ထဲက ပေါ်လာတယ်။ ကိုဘကျော် ပိုလန့်သွားတယ်။

ထိုင်ရာကထပြီး အိမ်ရှေ့ရောက်တော့ မိန်းမနှစ်ယောက်ဟာ ခြံဝန်းထဲက တစ်ယောက်၊ လမ်းပေါ်ကတစ်ယောက် အပြင်းအထန်ပေါက်ကွဲပြီး စက်သေနတ်ပစ်သလို ဆူညံ အော်ဟစ် ရန်ဖြစ်နေကြပြီ။ တခြားက လာတဲ့ မိန်းမထက် ခေါင်းရင်းအိမ်က မိန်းမက ပိုပြီး အော်နိုင် ဟစ်နိုင်တယ်။ ပိုပြီး ရိုင်းတယ်။ တစ်ရပ်ကွက်လုံး အုံခဲနေအောင် ထွက်ကြည့်နေကြတာကိုမှ အားမနာဘဲ တိုင်းထွာ ဆဲရေးနေကြတာ။ ကိုဘကျော် စိတ်ပျက်ပျက်နဲ့ ခေါင်းခါမိတယ်။

အဲဒီ လင်မယား နှစ်ယောက်က ခေါင်းရင်းအိမ်ရဲ့ ခြေရင်းဘက်မှာ အဖီချပြီး နေကြတာ။ ကိုဘကျော်တို့ ဘုရားစင်နဲ့ ကပ်နေတာ။ နောက်တစ်နေ့ မနက် ကိုဘကျော် ကြည်ကြည်လင်လင်နဲ့ နိုးလာပြီး သောက်တော်ရေချမ်းကပ်၊ ဆီမီးပူဇော် ဘုရားမှ ရှိခိုးမလို့ ရှိသေး

“ကိုအေးလွင် ကိုအေးလွင် ဘယ်အချိန် ရှိပြီလဲ။ နေဖင်ထိုးနေပြီ၊ ထတော့ ဒီလိုပုံစံမျိုးနဲ့ ခွက်ဆွဲပြီး တောင်းစားရလိမ့်မယ်။ ကျက်သရေ မရှိဘူး”

ဆိုတဲ့ စူးစူးဝါးဝါး စီစီညံညံ အသံက နားနားမှာ ကပ်အော်လိုက်သလို ထွက်ပေါ်လာတယ်။ ဟိုဘက်အိမ်က မိန်းမရဲ့ အသံလေ။ စိတ်ပျက်ပျက်နဲ့ ဘုရားကို ဦးသုံးကြိမ်ချပြီး ကိုဘကျော် ကြေးစည်ကို နာနာ ဖိထုပစ်လိုက်တယ်။ ဒုက္ခပါပဲ။ ဒီလို အိမ်နီးနားချင်းမျိုးနဲ့ ဟိုဘက်၊ ဒီဘက်နေရမယ့် ကိစ္စကို တွေးပြီး ကိုဘကျော် သက်ပြင်းချမိအောင် စိတ်လေးမိတယ်။

“တော့်နှယ်တော်၊ သူ့ဘာသူနေ၊ ကိုယ့်ဘာကိုယ် နေတာပဲ” လို့ အိမ်သူဇနီးက ပြောရလောက်အောင်ဖြစ်တော့ ကိုဘကျော်က “ဟ လှလှရ လူဆိုတာ တစ်ယောက်တည်းနေလို့ မရဘူးကွ။ ပတ်ဝန်းကျင်နဲ့ နေတဲ့ သတ္တ၀ါ၊ ငါတို့ အမေ မိဘများ ဆုတောင်းရင် အိမ်နီးနားချင်း ကောင်းပါစေလို့ ရှေးလူကြီးတွေ ထည့်ဆုတောင်းကြတာ၊ ငါတို့ ရပ်ကွက်က တစ်အိမ်နဲ့တစ်အိမ် ဆက်နေတာ။ သူပြောကြား၊ ကိုယ်ပြောကြား ဘယ်လိုပဲ ကင်းအောင်နေနေ ဒီလောက် စရိုက်ကြမ်းတဲ့ မိန်းမနဲ့ ကပ်လျက် နေရတာ ငါတော့ စိတ်မချမ်းသာဘူး” လို့ ကိုဘကျော် ပြောမိတယ်။ ပြောမိပြီး မကြာပါဘူး။ တစ်ပါတ်တောင် ပြည့်မယ် မထင်ဘူး။ မလှလှနဲ့ မထားနဲ့ ပြဿနာ တက်ကြပါလေရော။

အဲဒီနေ့က တပည့်ဟောင်းတွေ ကိုဘကျော်ကို ပစ္စည်း ပစ္စယတွေနဲ့ လာကန်တော့တာ။ မထားက မြင်သွားပါလေရော။ တစ်ပါတ်လောက်ကြာပြီ ဆိုတော့ မလှလှနဲ့ မထားလည်း ပြောတစ်ခွန်း၊ မေးတစ်ခွန်းနဲ့ စကားပြောဖြစ်ကြတယ်။ မလှလှက “ကိုဘကျော်၊ တပည့်တွေပါ ဆရာဝန်ဖြစ်တဲ့လူနဲ့ သူနာပြုဆရာမ၊ ကျောင်းဆရာမ ဖြစ်တဲ့လူနဲ့ စုပြီး လာကန်တော့ကြတာ” ဆိုတော့ မထားက . . .

“အမယ်လေး အံ့သြပါ။ ၆ နှစ်၊ ၇ နှစ် စာသင်ပြီး ဘာလုပ်ဖို့တုန်း ကျုပ်တို့တော့ ကလေးကို ၂တန်းက နုတ်ပြီး စားပွဲထိုး လုပ်ခိုင်းတယ်။ အကြီးမ ကောက်စိုက်တယ်။ ကိုအေးလွင်နဲ့ မရခင် အရင်ယောက်ျားက မွေးတဲ့ဟာတွေလေ။ ပညာတတ်တာ ဘာလုပ်ဖို့တုန်း”လို့ ငါသိ ငါတတ် ပြောပါလေရော။ မလှလှက ကျောင်းဆရာကတော် ဆိုတော့ ပညာတန်ဖိုးကို စော်ကားတဲ့ စကားမို့၊ သူ့ယောက်ျား အလုပ်အကိုင် စော်ကားတယ်လို့ ထင်ပေမယ့် ခပ်စာစာမို့ ပြန်မပြောဘဲ ကြောင်ကြည့်နေတုန်း ဖြတ်သွားရင်း ကြားတဲ့ ကိုစည်သူက . . .

“အို မထားနှယ်၊ ပညာတတ်တော့ လူရာဝင်တာပေါ့။ လူ့အောက်မကျဘူးပေါ့” လို့ ၀င်ပြောတယ်။ မဟာပညာကျော် မရွှေထားက . . .

“အမယ်လေး ကျုပ်တို့မြိုင်က ပွဲရုံပိုင်ရှင် ကိုရွှေသီး လူရာဝင်ပါ့တော်၊ တစ်မြို့လုံး သူလှူထားတာချည်းပဲ။ ဘာပညာမှ မတတ်ပေါင်” လို့ ပြောသတဲ့။ ကိုဘကျော်ကတော့ ဝေးဝေးရှောင် တစ်ခွန်းပဲ ပြောနိုင်တယ်။ ကိုဘကျော် သူငယ်ချင်း ကိုစည်သူကတော့ မရှောင်နိုင်ရှာဘဲ တည့်တည့်တိုးတော့တယ်။ ဖြစ်ပုံက ကိုဘကျော်နဲ့ ကိုစည်သူတို့ အိမ်ကြား လမ်းမပေါ်မှာ ဗွက်အိုင်ဖြစ်ပြီး ရေတွေ တင်ကျန်နေတဲ့အချိန် မထားရဲ့သမီး ၆ နှစ်၊ ၇နှစ်လောက် ကောင်မလေးက ဗွက်ထဲ ထိုင်ပြီးတော့ ရေတွေ ခပ်ချိုးနေတယ်။ ဆေးကုမ္ပဏီက အရောင်းသမားဖြစ်တဲ့ ကိုစည်သူက ရောဂါတွေ၊ ရောဂါပိုးတွေအကြောင်း ဆရာဝန်လောက် နီးပါး နားလည်နေတာနဲ့. . .

“ဟ ကောင်မလေး ဘယ့်နှယ် ဗွက်ရေတွေ ချိုးနေရတာလဲ။ ဗိုင်းရပ်စ်ပိုးတွေ ၀င်ပြီးတော့ ယားနာတွေ ပေါက်ကုန်တော့မှာပဲ။ ထ အခုထ အခုထ ဆပ်ပြာတိုက်ပြီး ရေချိုးပစ် ထလေ” လို့ ခပ်ငေါက်ငေါက် ပြောတော့ အိမ်ထဲက မထား ပြေးထွက်လာပြီး

“အံမာ သူများ သားသမီးကို ငေါက်ငမ်းလို့ မိထားနဲ့ တွေ့သွားမယ်။ ဘာမှတ်လဲ။ ချိုး သမီး ချိုး လှဲအိပ်လိုက်ဦး” ဆိုပြီး သူ့သမီးကို ဗွက်အိုင်ထဲ လှဲအိပ်ခိုင်းတယ်။ ဒီကတည်းက ကိုဘကျော်ရော၊ မလှလှရော၊ ကိုစည်သူတို့ရော၊ မထားကို အရိပ်မြင်ရင် ရှောင်ရတော့တာပဲ။

ဒီကြားထဲမှာ မထားက ကိုယ်ဝန် ရှိလာတယ်။ အရင် ယောက်ျားတွေနဲ့ သုံးလေးယောက် မွေးဖူးပေမယ့် ကိုအေးလွင် အတွက် သားဦးဆိုတော့ ကိုအေးလွင်က မျှော်လင့်တယ်။ ကိုအေးလွင်ရဲ့အမေ ဒေါ်ကြီးတင်ကလည်း မြေးလိုချင်တယ်။ မထားကတော့ ကိုယ်ဝန် ရှိနေလည်း ပါးစပ်သေနတ် ပစ်တာကို မရှောင်ဘူး။ ဒီကြားထဲ ကုန်စိမ်းသည်နဲ့ ရန်ဖြစ်လိုက်၊ ပန်းသည်နဲ့ ရန်ဖြစ်လိုက်၊ ကက်ကက်လန် အော်လိုက်၊ သူနဲ့ ရန်ဖြစ်တဲ့ သူတွေက ကလေး ကန့်လန့်မွေး သေမယ့်ကောင်မလို့ ကျိန်ဆဲလိုက်၊ သူမရောက်ခင်က တိတ်ဆိတ်နေတဲ့ အရပ်ကလေးမှာ စီကနဲ ညံကနဲ မကြားလိုက်နဲ့ ဗိုက်ကြီး တဗြဲဗြဲနဲ့ မထားချည်းဖြစ်နေတယ်။ ကိုးလ၊ ဆယ်လအလွန်မှာ ကိုဘကျော်ဆီကို မထား ယောက္ခမ ဒေါ်ကြီးတင် မျက်နှာငယ်လေးနဲ့ ရောက်လာတယ်။

“ဆရာရယ် ငွေလေး နည်းနည်းပါးပါး လှည့်စမ်းပါဦး။ မိထားကို ဆေးရုံတင်ရတယ်။ ကိုယ်ဝန် ကန့်လန့် ဖြစ်နေလို့ ခွဲရမယ်တဲ့ ဆရာရယ်” ကိုဘကျော် ကျိန်ဆဲသံတွေကို ပြန်သတိရပြီး ထိတ်ကနဲ ဖြစ်သွားတယ်။ ဒေါ်ကြီးတင်နဲ့ ကိုအေးလွင် မျက်နှာ ရှိပါသေးတယ်လေ ဆိုပြီး ရှိစု၊ မဲ့စုထဲက ငွေတစ်သောင်း ချေးလိုက်တယ်။ မထားဆေးရုံမှာ ကြာသင့်တာထက် ပိုကြာပြီး ကလေးက အိမ်ရောက်လာတယ်။ ကိုဘကျော် စိတ်အထင်၊ ဆေးရုံတက်လို့ ၁၅ ရက်လောက်ရှိတော့ မလှလှက အရေးတကြီး မျက်နှာမျိုးနဲ့ “ကိုဘကျော် ကိုဘကျော် ဒီမယ် မထားက အေ ဖြစ်နေတာတဲ့တော့” လို့ ပြောတော့ ကိုဘကျော်က “ဟေ့ သူများကိစ္စ မဟုတ်ဘဲနဲ့ မပြောနဲ့” လို့ ဟန့်ပေမယ့် . . .

“ဟုတ်တယ်တဲ့တော့ ခွဲမွေးရမှာ ဆိုတော့ သွေးစစ်ရတယ်လေ။ အဲဒီမှာ ဆရာဝန်ကြီးက ကိုအေးလွင်ကို ခေါ်ပြောလို့ မျက်ရည်တွေနဲ့ ပြန်လာတာတဲ့။ ဘီလား၊ စီလားဆိုတော့ မဟုတ်ဘူး။ အေမို့လို့ ကလေးတောင် နို့မတိုက်ရဘူးတဲ့။ မထားကတော့ မျက်နှာတချက် မညှိုးဘူး။ ဒါများ အဆန်းလုပ်လို့ ငါသိသားပဲ။ ဆေးသောက်နေတယ်လေလို့ ပြောတယ်တဲ့။ သနားပါတယ်တော်။ ကလေးလေး မကူးတာ ကံကောင်းလို့ ကိုအေးလွင်လည်း ကူးနေပြီပေါ့” ဆိုရင်း မလှလှ စိတ်မကောင်း ဖြစ်နေတယ်။ ကိုဘကျော်လည်း ငိုင်ငိုင်ကြီး ဖြစ်သွားတယ်။ မအေရော၊ ဖအေရော ပိုးရှိနေပြီ။

မွေးထားတာက သမီးလေး ဖြူဖြူဝိုင်းဝိုင်း လှက လှနဲ့ ကလေး မျက်နှာမြင်ရင် တစ်ရပ်ကွက်လုံးက ချစ်ခင်ကြတာ။ မြှူကြ။ ချီကြနဲ့ မွေးစပေါက် ကလေးလေး မျက်နှာပန်း ပွင့်လန်းနေလိုက်တာ။ မထားဆေးရုံက ပြန်ဆင်းလာတော့ ကလေးကို နို့မတိုက်ရလို့ လက်သာကိုယ်ကျွတ် ဖြစ်နေတယ်။ ကလေးက ဒေါ်ကြီးတင် လက်ထဲမှာချည်းပဲ။ ရပ်ကွက်ကတော့ ထုံးစံအတိုင်း မထား ဆိုးခဲ့တာတွေ မေ့ပြီး ကလေးကို သနားကြတာပေါ့။ တစ်ရက်မှာ ကိုအေးလွင်နဲ့ မထား အကြီးအကျယ် ရန်ဖြစ်ကြတယ်။ မထားရဲ့ စူးစူးဝါးဝါး အသံကို တစ်ရပ်ကွက်လုံး ကြားရတယ်။

“နို့မှုန့်ဘူးဖိုး တတ်နိုင်ပါ့မလား” ဆိုပြီး ဆရာကြီးတောင်းတုန်းက နင်ဘာလို့ မပေးခဲ့တုန်း။ ခုမှ ပိုက်ဆံမရဘူးလို့ မပြောနဲ့”

“ငါလည်း ရှာတာပဲ။ ဒါပေမယ့် ယူနီဆက်ဘူးက ငါးထောင်ကျော်တောင်”

“နင်မတတ်နိုင်ရင် ကလေးကို ပေးပစ်လိုက်”

ကြားရတာ စိတ်မချမ်းသာစရာကောင်းလိုက်တာ။ မနက်ရောက်တော့ မလှလှက နွားနို့ ၅၀၀ ဖိုးဝယ်၊ ကျက်ကျက်ကြိုပြီး ဒေါ်ကြီးတင်ကို သွားပေးတယ်။ နို့ဘူးထဲ နွားနို့ထည့်ပြီးတော့ တပြွတ်ပြွတ် စုပ်နေတဲ့ ကလေးလေးကို ၀ိုင်းသနားနေကြတယ်။ ကိုစည်သူနဲ့ ကိုဘကျော်နှစ်ယောက် ပေါင်းပြီး ယူနီဆက် နို့မှုန့်ဘူးတစ်ဘူး ဝယ်ပေးလိုက်တယ်။

“အမေကြီး ယူနီဆက် နို့မှုန့်ဘူးအစား နန်းဝေနို့မှုန့် တိုက်ပါလား။ တစ်ထုပ်မှ တစ်ထောင်ကျော်ရယ်” လို့ ကိုဘကျော်က ပြောတော့ ဒေါ်ကြီးတင်က မျက်နှာငယ်လေးနဲ့ ကြည့်နေတယ်။ တစ်ရပ်ကွက်လုံး ဝိုင်းထိန်းတဲ့လူနဲ့ နို့မှုန့်ဝယ်တဲ့လူနဲ့ မထားသမီးလေးကို ၀ိုင်းပံ့ပိုးနေကြတာ။ ဟော ဒီနေ့မနက်တော့ အိမ်က ထွက်သွားပြီတဲ့။

ကလေးဟာ ဒေါ်ကြီးတင် လက်ထဲမှာပဲ ရယ်တတ်၊ ပြုံးတတ်လာတယ်။ ကိုအေးလွင်ကတော့ သူ့အမေကောင်းလို့ သမီးလေး အသက်ရှင်တာ မိထားပြန်လာလည်း မပေါင်းတော့ဘူးလို့ တတွတ်တွတ် ပြောတယ်။ ဒီလိုနဲ့ တစ်လ၊ နှစ်လ ထပ်ကြာသွားတယ်။ နေ့လည်ခင်းဆို ကိုဘကျော်တို့အိမ်မှာ စောင်ပုခက်ဆင်လို့၊ တစ်ရပ်လုံးက သားသည် အမေတွေစုလို့ မလှလှနဲ့အတူ ကလေးလေး ပုခက်လွှဲ၊ စကားပြောကြ၊ စည်ကားနေလိုက်တာ၊ ကိုစည်သူတို့၊ ကိုဘကျော်တို့လည်း ကိုအေးလွင် သမီးလေးကို ကိုယ့်တူမလေး တစ်ယောက်နဲ့မခြား ချစ်ခင်တွယ်တာလာတဲ့ တစ်ရက်မှာ မနက် ကိုဘကျော် ကျောင်းမသွားခင်

“ထွက်သွား ထွက်သွား မိန်းမရွှင်မ ညည်းမျက်နှာ ငါမကြည့်ချင်ဘူး” ဆိုတဲ့ ဒေါ်ကြီးတင်ရဲ့ ငိုသံပါကြီးကို ကြားလိုက်ရတော့ ကိုဘကျော် အံသြတကြီးနဲ့ အိမ်ရှေ့ကို ထွက်ကြည့်မိတယ်။ ဒေါ်ကြီးတင်တို့ အိမ်ရှေ့မှာ ဆိုင်ကယ် တစ်စီးနဲ့ ခပ်တင်းတင်းရပ်နေတဲ့ မထားကို အံ့သြစရာကောင်းလောက်အောင် မြင်တွေ့လိုက်ရတယ်။

ဆွဲသားလုံချည်နဲ့ ရယ်ဒီမိတ် အင်္ကျီနဲ့ မိတ်ကပ်တွေဖွေးလို့ ဒေါက်ဖိနပ်ကို ဟန်ပါပါစီးထားတဲ့ မထားက ဒေါ်ကြီးတင်ကို လုံးဝ ဂရုမစိုက်ဘဲ

“ကိုအေးလွင် ကိုအေးလွင်” လို့ ခေါ်နေတယ်။ ဒေါ်ကြီးက ခြံပေါက်ဝကို ထွက်လာပြီး

“ထွက်သွား ထွက်သွား” ဆို ကုန်းအော်တယ်။ တဖြည်းဖြည်းနဲ့ လူတွေ အုံလာတယ်။ ကိုစည်သူလည်း ရောက်လာတယ်။ ကိုအေးလွင်က ပျာယာပျာယာ အိမ်ထဲက ထွက်လာပြီး

“အမေ တော်ပါဗျာ သွားသွား အိမ်ထဲဝင်” ဆိုပြီး ဒေါ်ကြီးတင်ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး အိမ်ထဲကို ဆွဲသွင်းတယ်။ ဒေါ်ကြီးက

“ငါမ၀င်ဘူး ဒီကောင်မ လူမဆန်အောင် ကလေးကို ပစ်သွားတာ၊ ကောင်းသလား ဖယ် ငါရိုက်လွှတ်မှာ” ဆိုပြီး ရုန်းတယ်။ ကိုအေးလွင်က

“အမေဗျာ” ဆိုပြီး တောက်ခေါက်တော့ ကိုစည်သူနဲ့ ကိုဘကျော် မျက်စိလည်ချင်သလိုလို ဖြစ်သွားတယ်။ ဘယ့်နှယ်လဲ မထားကို စိတ်ဆိုးရမှာ၊ ပြောပစ်ရမှာ မဟုတ်လား။ အခု ကိုအေးလွင်က အမေကြီးကိုပဲ တားနေတယ်။ အမေကြီး ကလည်း တားမရဘူး။ ကိုအေးလွင် ဒေါသတွေ ဖြစ်သွားပြီး

“အမေဗျာ”ဆိုပြီး အုတ်ခဲကျိုးနဲ့ ကြုံရာနေရာကို ပစ်လိုက်တာ၊ ၀ိုင်းကြည့်နေတဲ့ လူတွေ ရှဲသွားတယ်။ အဲဒီလိုနေတုန်းမှာ မထားက အလွန် အံ့သြစရာကောင်းတဲ့ စကားတစ်ခွန်း ပြောလိုက်တယ်။

“ကျွန်မက အိမ်ငှားပြီးပြီ။ ကျွန်မယောက်ျားနဲ့ ကျွန်မကလေးကို လာခေါ်တာ။ ဘာပြဿနာ လုပ်နေတာတုန်း၊ ကိုအေးလွင် ထော်လာဂျီလည်း ငှားလာခဲ့ပြီ ပစ္စည်းတွေတင်လေ” လို့ အလွန် ခန့်ညားတဲ့ လေသံနဲ့ ကိုအေးလွင်ကို အမိန့်ပေးလိုက်တယ်။ ကိုအေးလွင်လည်း အိမ်ထဲ ပြန်ဝင်သွားပြီး ခြင်ထောင်တွေ၊ စောင်တွေ၊ ဖြုတ်သိမ်းနေတယ်။ ဒေါ်ကြီးတင်ကတော့ ဟီးတိုက်ငိုနေပြီ။ မထားက ခပ်တည်တည်နဲ့ လက်ပိုက်လို့။ ကိုဘကျော်၊ ဒီရှုခင်းကိုကြည့်ရင်း ရယ်ချင်ချင်ဖြစ်လာတဲ့အချိန် သူ့ဘေးက ပြင်းထန်တဲ့ တောက်ခေါက်သံကြီးကို ကြားရလို့ လှည့်ကြည့်လိုက်တော့ မျက်နှာကြီး နီရဲအောင် စိတ်ဆိုးနေတဲ့ ကိုစည်သူကို တွေ့လိုက်ရတယ်။

“ဒီကောင် အေးလွင် အရူးပဲ” တစ်ခွန်းတည်းပြောပြီး ကိုစည်သူ လှည့်ထွက်သွားတယ်။ ဆိုင်ကယ်ပေါ်တက်ပြီး ရုံးသွားမလို့ အမြန် မောင်းသွားတော့တယ်။ ကိုဘကျော်ကတော့ တစ်နေ့လုံး ကျောင်းမှာ စာသင်အားတဲ့ အချိန်တိုင်း တခွိခွိနဲ့ ရယ်ချင်ပက်ကျိဖြစ်နေတယ်။ ကြည့်ပါဦး ကိုအေးလွင်တို့များ ဘယ်အချိန်ကတည်းက မထားနဲ့ ပြန်ပြေလည်ပြီး ဒီအကြံအစည်ကို ရခဲ့ကြတာပါလိမ့်။ ကိုအေးလွင်က သူ့အမေကိုရော၊ ရပ်ကွက်ကိုရော ပိပိရိရိ လိမ်သွားတာ၊ သူတို့ အိမ်ခန်း မငှားနိုင်ခင် အထိ သမီးလေးကို ရပ်ကွက်နဲ့ အမေ့လက်ထဲ အပ်ပြီး သူတို့က ငွေကျိတ်စုနေကြတာ။

ကိုဘကျော်လို ဘွဲ့ရရော၊ တစ်ရပ်ကွက်လုံးရော သူတို့ ဆူရင် ဆူခြင်း၊ ငိုရင်ငိုခြင်း လိုက်ပြီးတော့ ခံစားနေကြရတာ အချိန်တွေပေး၊ ငွေတွေ အကုန်ခံပြီး ကလေးလေးကို သနားကြ၊ ကိုအေးလွင်ကို သနားကြ၊ မထား အတင်းတွေ ပြောကြနဲ့

“အင်း ရူးလည်းရူးတဲ့ ငါတို့တွေ၊ သူများကိစ္စကို ၀င်ခံစားပြီး ဒေါသတွေ အကုသိုလ်တွေ ပွားကြတာ။ တကယ်တော့ ငါတို့က အရူးတွေပဲနော်”

ဒါပေမယ့် ကိုဘကျော် ကျောင်းက အပြန် ကိုစည်သူ အလုပ်က အပြန် လက်ဖက်ရည်ဆိုင်မှာ စကားစပ်ပြီး ဒီအကြောင်း ပြောတော့ ကိုစည်သူက မထင်မှတ်ဘဲ ဒေါသအိုး ပေါက်ကွဲတော့တယ်။

“ဘာဗျ အကုန်လုံး ၀ိုင်းကူညီတဲ့ ကျုပ်တို့က အရူးဟုတ်လား၊ ဒီမယ် ကျောင်းဆရာ၊ ကျုပ်တို့က မရူးဘူးဗျ။ ဟိုကောင်အေးလွင်ကသာ အရူး သိလား”

ကိုယ့်ဟာကိုယ် ရူးမှန်းသိတဲ့ လူက တော်သေးတယ်။ ကိုယ့်ဟာကိုယ်ရူးလို့ ရူးမှန်းမသိတဲ့ လူက ပိုဆိုးတယ်လို့ စဉ်းစားရင်း ကိုဘကျော်၊ ကိုစည်သူ မျက်နှာကို ငေးကြည့်နေမိပါတော့တယ်။

ယဉ်ယဉ်နု(မန္တလေး)
(မူပိုင်) ပေဖူးလွှာ မဂ္ဂဇင်း
http://www.paephuhlwarmagazine.asia/

Wednesday, April 7, 2010

ဆိုင်ကယ်လှလှလေးတွေ...


ဆိုင်ကယ်လှလှလေးတွေ...
ရေးသူ ဇာဂနာ

ပုဇွန်သေစေသော တော်သလင်းနေသည် ကျွန်တော့်အား ကောင်းစွာဒုက္ခပေးနေတော့၏။ အကြိုအကြားများပါမကျန် ဒရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့်တကိုယ်လုံးမှာ ရွှဲနစ်နေတော့သည်။

ခန္ဓာကိုယ်အောက်ပိုင်းတခုလုံးမှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်များလောက်အောင်ပင် ထုံကျင်နေတော့၏။

မဖြစ်ခံနိင်ပါရိုးလား။

ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ။

အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်ထောက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကို ယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေသည်။

ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါတော့ဘိ။

မိမိတို့သည် သူပုန်လည်းမဟုတ် ဓားပြလည်းမဟုတ်ပါပဲလျက် အဘယ့်ကြောင့် ဤသို.ဤနှယ် လူ့တန်ဘိုးကို လျစ်လျူရှုသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိင် ဖြစ်ရလေသည်။

ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ဟု ဆိုရပြန်ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ် ကာလကပင် ၀ိုင်းအုံ ကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရားတပေါင်းပွဲတော်တမျှ စည်ကားနေပေရာ ဤအချက်သည် မဖြစ်နိင်ပါချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည်။

ဤအချက်သည်လည်း မအောင်မြင်နိင်ပါချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားဝတ္တုများနှင့် ကြီးပြင်းလာရသော ကျွန်တော်သည် ခေသူမဟုတ်ရကား ကားရပ်ပုံ မောင်းပုံချိုးကွေ့ပုံ တို့ကို စိတ်ဖြင့်မှန်းပြီး ဟော သိမ်ကြီးဈေး၊ ဘုန်းကြီးလမ်း၊ ပြည်လမ်း၊ ဦးဝိစာရလမ်း စသည်ဖြင့် မှတ်သားလာနိင်ခဲ့ပေသည်။

"ခ၀ဲခြံရောက်မယ် တက်တက်" ဟူသော ကားစပယ်ယာများ၏အသံကို ကြားရသည့်အခါ အော်...မရမ်းကုန်းလမ်းဆုံရောက်ပြီကိုး ဒါဆို တို့ကို ထောက်လှမ်းရေး၆ နဲ့ ရေကြည်အိုင် တခုခုကို ပို့မှာသေချာပြီဟု တွက်ဆမိလိုက်၏။ များမကြာမီပင် ကျွန်တော်တို့၏ တီအီး၁၁ ကားကြီးသည် လက်ျာဘက်သို့ ချိုးကွေ့လိုက်ရာ ထောက်လှမ်းရေး၆ ပဲဟု တထစ်ချ ယူဆလိုက်ရပါတော့သည်။

မြေနီလမ်းအတိုင်း မောင်းချလာသော ကိုရွှေတီအီးသည် လက်ျာဘက်ကို ထပ်မံချိုးပြီးနောက် ကုန်းခပ်မြင့်မြင့်တစ်ခုကို တက်ကာ သက်ပြင်းခပ်ကြမ်းကြမ်းတခု မှုတ်ထုတ်ပြီးနောက် ရပ်ချလိုက်လေတော့သည်။

"ဟေ့ တယောက်မှ ခေါင်းထောင်မကြည့်စေနဲ့ တစ်ယောက်စီဆင်းခိုင်း ဒါအရင်ယူ ဟေ့ကောင် သော့ဖွင့်ပြီးပလား "စသည်ဖြင့် တယောက်တပေါက် အော်ဟစ် ပြောဆိုနေသံများကို ကြားနေရသဖြင့် ဧကန္တဖြင့် ဒီနေရာဟာ ရုံးခန်းတစ်ခုခု ဒါမှမဟုတ် ကင်းတဲတခုခုဖြစ်လိမ့်မယ်ထင်တယ်ဟု တွက်ချက်နေမိ၏။ ထိုအခိုက်မှာပင် ဖြုန်းခနဲ ကျွန်တော့်ခေါင်းကို အ၀တ်ကြီးတခု စွပ်ချလိုက်ပြီး "ထ" ဟု ပြောလာသဖြင့် ကျွန်တော့်မှာ ခြေကျင်နေသည့်ကြားမှပင် အသာဖြေးဖြေး ထလိုက်ရ၏။ တဖန် "ခုန်ချ"ဟု ဆိုပြန်သဖြင့် ကျွန်တော့်မှာ မမြင်မကန်း ရမ်းခုန်ချလိုက်ရာ ကံအားလျော်စွာ သဲပုံပေါ် တည့်တည့် ကျသွားသဖြင့် သက်သာရာရသွားပေသည်။ ထိုနောက် "ကဲ, ထ"ဟု ဆိုကာ ကျွန်တော်၏ လက်မောင်းအား လူတစ်ယောက်က ခပ်ကြမ်းကြမ်းဆွဲခေါ်ပြန်သဖြင့် ကျွန်တော့်မှာ ထိုပုဂ္ဂိ္ဂ္ဂုလ်နောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားရပြန်တော့သည်။

ထိုပုဂ္ဂိုလ်သည် တစ်လမ်းလုံး ကျွန်တော့်အား "ရှေ့မှာတန်း ခေါင်းငုံ့" "ရေမြောင်းရှိတယ် ကျော်လိုက်" "လှေကားထစ်တခု ရှိတယ်" စသဖြင့် ပြောပြီးစေခိုင်းလာလေသည်။ ကျွန်တော်သည်လည်း ရှေးက ထောက်လှမ်းရေး စာအုပ်များ ဖတ်ခဲ့ဘူးသည့် အားလျော်စွာ " ခေါင်းငုံ့" ဟု အမိန့်ပေးသူက "လုံးဝမငုံ့ "ဘဲ နေသည့် အဖြစ်ကို သံသယ၀င်ပြီး နောက်ပိုင်း ထိုသူ စေခိုင်းသမျှကို လိုက်မလုပ်ဘဲနေရန် ဆုံးဖြတ်လိုက်တော့၏။ "သံဆူးကြိုး ရှိတယ် ခေါင်းငုံ့"ဟု ထိုသူက ပြောလာသောအခါ ကျွန်တော်က မငုံ့ဘဲ တဲ့တဲ့ဝင်တိုးပစ်လိုက်ရာ ဘာသံဆူးကြိုးနှင့်မှ မငြိဘဲ ရှိလေသည်။ အနှီပုဂ္ဂိုလ် ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်မှု ပျက်ပြားသွားသဖြင့် ဒေါသများကာ ကျွန်တော့်အား သစ်ပင်ကြီးတစ်ပင်ဆီသို့ အတင်းဆွဲခေါ်သွားလေရာ ကံအားလျှော်စွာ မျက်နှာနှင့်မတိုက်မိဘဲ ပခုံးနှင့်သာ တိုက်မိသဖြင့် သက်သာသွားရပြန်လေသည်။

သည်နောက်မှာတော့ ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်ချက်များ ကုန်ဆုံးသွား၍ထင့် ကျွန်တော့်အား အခန်းတခုထဲသို့ ထည့်လိုက်တော့၏။ အုတ်နံရံနှင့် ကျွန်တော့်ကို မျက်နှာချင်းဆိုင် အနေအထားဖြင့် ကပ်ထားခိုင်းပြီးနောက် "နောက်လှည့် မကြည့်နဲ့" ဟု အမိန့်ပေးကာ အနှီပုဂ္ဂိုလ်သည် အခန်းအပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားလေသည်။

ကျွန်တော့်မှာဖြင့် ငိုအားထက် ရယ်အားသန်။ ဘယ့်နှယ့် ခေါင်းစွပ်ကြီး စွပ်ထားတဲ့ဟာ ဘာမှ မမြင်ရတဲ့သူက လှည့်ကြည့်တော့ကော ဘာမြင်ရမှာမို့တုံး၊ အကန်းကို တောင်ကြည့်မြောက်ကြည့် မလုပ်နဲ့လို့ ပြောသလိုချည်းပါလား...။ ထို့နောက် ထိုပုဂ္ဂိုလ်သည် အခန်းထဲပြန်ဝင်လာပြီး ကျွန်တော်၏ လက်နှစ်ဘက်ကို နောက်ပြန် လက်ထိပ်ခတ်လိုက်ပြန်ပါသေးသည်။ အော် ဒုက္ခ ဒုက္ခ အခု ထွက်ပြေးပါလို့ ခိုင်းရင်တောင်မှ မမြင်မကန်းနဲ့ ဘယ်သွားရမှန်း ဘယ်လာရမှန်းတောင် သိမှာ မဟုတ်။ လိပ်ကို မျက်နှာအ၀တ်နဲ့စည်းပြီး ပက်လက်လှန်ထားသလိုပါလား။

မကြာမတင်မှာပဲ အသံခပ်သြသြတခုက ထွက်လာပြန်သည်။ ဒါက ဇင်ဝိုင်း ဒါက ဇာဂနာ ဒါက မိုးဝင်း စသည်ဖြင့် တခန်းစီ တခန်းစီ လိုက်၍ မိတ်ဆက်ပေးနေပါတော့၏။ တဆက်တည်းဆိုသလိုပင် လူလေးငါးယောက်ခန့် ကျွန်တော်ရှိနေရာ အခန်းထဲသို့ ၀င်လာကြလေသည်။ "မင်းက ဇာဂနာလားကွ" ဟူသော ခပ်ကြမ်းကြမ်း အသံနဲ့အတူ အုန်းခနဲ ရိုက်လိုက်သော လက်ဖ၀ါး၏ အရှိန်ကြောင့် ကျွန်တော်၏ နဖူးမှာ အုတ်နံရံနှင့် မိတ်ဖွဲ့သွားရကား ကြယ်တွေ လတွေသည် စီကာတန်းကာ ပေါ်ထွက်လာပါတော့သည်။ သည်နောက်မှာတော။့

"ဟေ့ကောင် လုပ်စမ်းပါဦးကွ ဒို့အရေးလေး ဘာလေး"

"ဒီမိုကရေစီ အော်ပါဦးကွ"

"ဟေ့ကောင် အီမာ ပီတာ ကီစောင် လုပ်စမ်းပါဦး"

စသည်ဖြင့် ပြောလိုက် ထိုးလိုက်ဖြင့် အနှီပုဂ္ဂိုလ်များမှာ စံချိန်စံညွှန်းမမီမှာ စိုးသည့်အလား ကျွန်တော့်အား တဖုံးဖုံးတဒိုင်းဒိုင်းနှင့် ၀ိုင်းထိုးနေကြပါတော့သည်။

ကျွန်တော့်မှာတော့ သမ္မတ လူကြမ်းအဖွဲ့ အလယ်သို့ ရောက်သွားရှာသော ရိုးရိုးအအရွာသားလေး တစ်ဦးလိုပင် ဖြစ်နေတော့၏။ သည်အထဲ ကောင်းကောင်းမထိုးဘဲ " နောက်လှည့် မကြည့်နဲ့"ဟု အမိန့်ပေးနေသေးသဖြင့် သြော်... သူတို့ မျက်နှာကို မြင်သွားမှာ တော်တော်စိုးရိမ်နေကြရှာပါလား။

ကိုယ့်ကိုပြန်မမြင်နိင်တဲ့သူ ဘာမှ ပြန်မလုပ်နိင်တဲ့သူ တစ်ဦးကိုမှ ၀ိုင်းဝန်းထိုးကြိတ်ရဲတာ နည်းတဲ့ သတ္တိမဟုတ်ပါလား လို့ တွေးမိပြီး အနှီပုဂ္ဂိုလ်များကို မချီးကျုးဘဲ မနေနိင်အောင် ဖြစ်နေရပါတော့သည်။

သည့်နောက်မှာတော့ သူတို့ပဲ ညောင်းသွားလို့လား ကျွန်တော့်ကိုပဲ သနားသွားလို့လားမသိ ခေတ္တအားလပ်ချိန် ဖြစ်သွားလေသည်။ ကျွန်တော်၏ ကျောပြင် ၀မ်းဗိုက် တို့မှာလည်း သူတို့ကြိုက်သလို ထိုးကြိတ်ခွင့်ပေးထားပြီး ယခုမှပင် အနားရလေတော့သည်။ သို့သော်လည်း "နားပြန်လည်း မသက်သာ" ဟူဘိကဲ့သို့ အသံစူးရှရှ နှင့် လူတစ်ယောက် ရောက်လာပြီး။

" ဟေ့ ဒါ ဇာဂနာလားကွ"

"ဟုတ်ပါတယ် ဆရာကြီး "

ဟူ၍ အမေးအဖြေလုပ်ကြကာ ထို စူးရှရှငနဲသည် အခန်းသံတံခါးကို ဖွင့်၍ ၀င်လာပါတော့သည်။

သည့်နောက်မှာတော့ "ဟေ့ကောင် ဒီမိုကရေစီတော့ မရဘူး ဒါပဲရမယ်ကွ" "မအေ ..." "ငါ.. မသား" စသည်ဖြင့် ကျွန်တော်၏ တစ်သက်တာမှာ တခါဘူးမျှ မကြားဘူးသော ဆဲနည်းကထာ ပဒေသာဖြင့် အသုံးတော်ခံကာ သူ၏ ဒူးခေါင်း လက်ဝါးစောင်း ခြေထောက်တို့ဖြင့် ကျွန်တော်၏ ၀မ်းဗိုက် ကျောကုန်း လည်ကုတ်တို့ကို မိတ်ဆက်နေပါတော့သည်။ အချက်ပေါင်း နှစ်ဆယ်ခန့် စိတ်ရှိသမျှ သုံးဆောင် ပြီးသည့်အခါမှာတော့ ဤစူးရှရှငနဲသည်လည်း ခေတ္တအနားယူပြန်လေသည်။ သို့သော်လည်း ကျွန်တော်ကတော့ မနားရပါချေ။

"ဟေ့ကောင် ဆိုင်ကယ်စီးတတ်သလား။ စီးတတ်မှာပါကွာ"

ဟူ၍ သူ့ဖာသာသူ အမေးအဖြေလုပ်ကာ ထောက်လှမ်းရေးတပ်၏ နာမည်ကျော် ဆိုင်ကယ်ကို အစီးခိုင်းပါတော့သည်။

ဆိုင်ကယ်ဆိုသည်မှာ အခြားတော့ မဟုတ်ပါချေ။ ခြေဖျားထောက်၍ ခြေထောက်ကို ကားနိုင်သမျှ ကားခိုင်းပြီး ဒူးကို ကွေးနိင်သမျှ ကွေးခိုင်းထားကာ လက်နှစ်ဘက်ကို (လက်ထိပ်ဖြုတ်၍) မြှောက်၍ မတ်တပ်ရပ်ခိုင်းထားခြင်းပင် ဖြစ်လေသည်။ အတော်ပင် ညောင်းညာကိုက်ခဲသော အလုပ်ပင်ဖြစ်၏။ ခြေထောက်များ တဆတ်ဆတ်တုန်သည် အထိ ခံစားရလေ၏။

ထိုအချိန်မှာပင် ၀ုန်းကနဲပြိုလဲကျသံကြီးနှင့်အတူ "ဟေ့ကောင် ဇင်ဝိုင်း ဘာဖြစ်တာလဲ ထစမ်း။" ဟူသော အသံကို လည်းကောင်း။

"ကျုပ်တို့တပ်ထဲမှာ အသက်ကြီးတာ ငယ်တာမရှိဘူး၊ ဟေ့လူရပ်စမ်း။" ဟူသော ဦးအောင်မြင့်မြတ် အခန်းမှ အသံကို လည်းကောင်း။

"တရုတ်ထဲမှာတော့ မင်းတော်တော် သောက်သုံးမကျတဲ့ ကောင်ပ။ဲ" ဟူသည့် ကိုအမိန်၏ အခန်းမှ အသံကို လည်းကောင်း။

"ကျွန်တော် မရပ်နိင်လို့ပါခင်ဗျာ၊ တောင်းပန်ပါတယ်ဗျာ။" ဟူသော ဦးတင်စိုး၏ အသံကို လည်းကောင်း။

"ဟေ့ ကောင် မိုးဝင်း မအေ ...ဆဲစမ်းပါဦးကွ" ဟူ၍ လည်းကောင်း။

"ကြောက်လှပါပြီ ခင်ဗျာ၊ ကျွန်တော့် တသက်တာ တခါမှ ဒီလို မခံစားဖူးပါ ခင်ဗျား။" ဟူသော နောက်ပိုင်းဇာတ်ထုပ်၏ အာဏာပါးကွက်သားများအား ငိုယိုတောင်းပန်နေသည့်နှယ် ကိုညီဝင်းစိန်၏ အသံတို့ကို လည်းကောင်း ဆက်တိုက် ဆက်တိုက် ကြားလာရတော့သည်။

ဒီအကောင်တွေ ရှေ့မှာတော့ လဲကျလို့ အညံ့ခံလို့မဖြစ်ဘူး၊ မင်းတို့ကြိုက်သလောက်လုပ် တောင့်ခံမယ်ကွ ဟု စိတ်ထဲမှာ ကျိန်းဝါးပြီး ကိုယ့်ကိုယ်ကို အားတင်းလိုက်မိ၏။ သို့ငြားလည်း "တင်းပြန်လည်း မသက်သာ" ဆိုသလိုပင် သူတို့ရှေ့မှာ လဲမကျသဖြင့် မကျေမနပ်ဖြစ်ကြသည်ထင့်။ ကျွန်တော်၏ ပေါင်နှစ်ချောင်းကို တဖုံးဖုံးနှင့် လာကန်ကြပါလေတော့သည်။ အော် ရှင်မဟာမောဂ္ဂလာန်လို မထေရ်မြတ်ကြီးပင်လျှင် ခိုးသားငါးရာ ၀ိုင်းရိုက်သည့်ဒဏ် ခံရသေးသည်ပဲ။ ကိုယ်က ဘာကောင်မှ မဟုတ်တာ ၀ဋ်ရှိသ၍ ခံအုံးပေါ့လေ ဟူ၍သာ ဖြေသိမ့်၍ ကြိတ်မှိတ်ခံနေရတော့၏။

သို့သော်လည်း ကံကောင်းထောက်မစွာ ကယ်တင်ရှင်တဦးက ပေါ်လာပါတော့သည်။ "ဟေ့ ဒို့ဆီက ကောင်တွေ အကုန်ထွက်" ဟူသော အသံနှင့်အတူ "ကိုဇာဂနာ သက်သာသလိုနေပါ သက်သာသလိုနေပါ" ဟူ၍ ချိုသာပျော့ပြောင်းစွာ လာပြောလေသည်။ သို့ဖြင့် ကျွန်တော့်မှာ ဆိုင်ကယ်စီးခြင်း ဘေးဒုက္ခမှ ကင်းငြိမ်းချမ်းသာရတော့၏။ ညောင်းညာကိုက်ခဲ နာကျင်မှုတို့က ယခုမှပင် စုပြုံတိုးဝှေ့ ရောက်လာတော့သည်။ မတ်တပ်ရပ်ရင်းနှင့်ပင် လက်မောင်းကလေး နှိပ်လိုက် ပေါင်ကလေး နှိပ်လိုက်ဖြင့် သက်သာရာ ရလိုရငြား ကျွန်တော့်မှာ လုံးပန်းနေရတော့၏။ ထိုအချိန်မှာပင် နူးညံ့သော အသံပိုင်ရှင်သည် ပြန်လည်ရောက်ရှိလာပြီး။

"ကိုဇာဂနာ ခေါင်းစွပ်ချွတ်လိုက်ပါ အေးအေး နားပါ။ အဲ့ဒီမှာ ဖျာရှိပါတယ် လှဲချင်လှဲနေပါ ကျွန်တော့်ကို ခေါင်းစွပ်ပေး၊ အပေါ့သွားချင်ရင် ဟိုထောင့်မှာ ခွက်ရှိတယ်။"

ဟူု၍ လာပြောပြန်လေသည်။ ခေါင်းစွပ်ကို သံတိုင်များအကြားမှ လှမ်းပေးရင်း ကိုနူးညံ့၏ မျက်နှာကို ကြည့်လိုက်တော့ အသားဖြူဖြူ နှာတံပေါ်ပေါ်နှင့် ကုလားမင်းသား မီသွန်းနှင့်တူသော လူငယ်တဦးကို တွေ့လိုက်ရ၏။ ကျွန်တော်ကတော့ ထိုပုဂ္ဂိုလ်ကို "လျှပ်တပြက် မီသွန်း"ဟု အမည်ပေးလိုက်မိသည်။ သူထွက်ခွာသွားပြီးသည့်အခါမှာတော့ သမံတလင်း ကြမ်းပြင်ပေါ်မှာပင် ခြေပစ်လက်ပစ် လှဲချပစ်လိုက်မိတော့၏။

ကျွန်တော်၏ နားထဲမှာတော့ "တရားမျှတ လွတ်လပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်။ တပ်မတော်သားတွေဟာ မိဘပြည်သူနဲ့ ဆက်ဆံရင် နှိမ့်ချပြီး ဆက်ဆံရမယ၊် ယဉ်ယဉ်ကျေးကျေး ရှိရမယ်" ဟူသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ဆိုသူ၏ စကားသံများကိုသာ ကြားယောင်မိ နေပါတော့သည်။ ။

ဇာဂနာ

Tuesday, April 6, 2010

လူကိုလူလိုလေးစားခြင်းဟာ ယဉ်ကျေးမှု

လူကိုလူလိုလေးစားခြင်းဟာ ယဉ်ကျေးမှု Written by လူထုစိန်ဝင်း
http://www.news-eleven.com/
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံပကာသနအဆောင်အယောင် တွေကိုကြည့်ပြီး'ခယ၀ပ်တွား' ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။

စာနယ်ဇင်းတွေဖတ်ရင်းနဲ့ အနယ်နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေလုပ်ကြတဲ့ သတင်းတွေ မပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လတစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော်နေ့ကျော်လွန်သွားလည်း ဟောပြောပွဲတွေ ဆက်လုပ်ကြတယ်။

ဆရာတွေဖောင်းပွနေ

အခုတော့ နတ်တော်လတစ်လတည်းသာ မကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာတွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေလှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာလေးတစ်ခု ရှိပါတယ်။ နယ်တစ်နယ်မှာ စာပေလှုပ်ရှားမှုတစ်ခုလုပ်တဲ့ သတင်းကိုရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူက သဘာပတိလုပ်ပြီး အတွင်းရေးမှူးဆရာ မောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ ဆရာမောင်ပန်းရောင်တို့က ကဗျာရွတ်ကြတယ်စတဲ့ အရေးအသားမျိုးတွေကိုချည်းတွေ့ရတယ်။ သတင်းတစ်ပုဒ်အနေနဲ့ 'လိုတိုရှင်း'မဖြစ်သလို ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။

ခြေသည်းလှီးတဲ့ ဆရာကတော်

ပြောရတာအားနာပါတယ်။ ကိုယ်ကစာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့ နာမည်တွေအားလုံးလောက် နီးပါးဟာ ကိုယ်မကြားဖူးတဲ့နာမည်တွေချည့် ဖြစ်နေတတ်တယ်။ ရှေ့လျောက်ကြိုးစားပြီး စာကိုနှံ့စပ် အောင်ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုကိုယ် သတိပေးရတယ်။ တစ်ဆက်တည်းပြောချင်တာလေးတစ်ခု ကြုံတုန်းပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကိုရက်ရောလွန်းတယ်လို့ စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ်ဆရာစသဖြင့် လူတွေ့တိုင်း ဆရာခေါ်တာ အကျင့်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ငယ်ငယ်က မန္တလေးမှာ ရပ်ကွက်ထဲလှည့်ပြီး ခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။ သူတို့ကို ဘာကြောင့်မှန်းမသိ 'ဆရာကတော်'လို့ ခေါ်ကြတယ်။

သခင်ခေါ်ရာက ကူးစက်တာလား

အသက်ကြီးလာတော့သူများတွေက ဆရာကတော်၊ ဆရာကတော်နဲ့ ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည့်ပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့်ဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကိုသခင်ခေါ်ရာက ကူးစက်သွားတာလား။ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့်ဖြစ်သွားတာလား။ သေသေချာချာ လေ့ကျင့်ကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြတာတွေတွေ့တိုင်း စိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။

သွေးနထင်ရောက်ဖြစ်တတ်တယ်

အချက်နှစ်ချက်ပေါ်မူတည်ပြီး ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ထင်တာပါ။ ပထမအချက်ကတော့ဆရာ၊ ဆရာနဲ့အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့သွားတဲ့အခါတွေ့တဲ့ ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင်ခေါ်တဲ့ အခါကျတော့ ပင်ကို ရိုးသားတဲ့လူတောင် ဆရာဆိုတဲ့အခေါ်နဲ့လိုက်အောင် အာဏာပါဝါပြချင်တဲ့ စိတ်တွေဝင်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ကြောက်သလိုလို၊ ရွံ့သလိုလိုနဲ့သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ ''ဒါလူနာတွေ့ချိန်မဟုတ်ဘူး'' ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း ''ဆရာဝန်ကြီးရောင်း လှည့်နေတယ်။ ဘယ်သူမှမ၀င်ရဘူး''လို့ ဟောက်ဦးမှာပါပဲ။

ကျွန်စိတ်

လူတွေ့တိုင်း ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူနဲ့ ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ် ကိုတောင် ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင်လူတိုင်းဟာ ကြောက်ရမယ့်လူ၊ 'ခယ၀ယ' လုပ်ရမယ့်လူလို့ချည်း ထင်မှတ်ပြီး အလိုလိုနေရင်း 'သိမ်ငယ်စိတ်' (inferiorty complex)တွေ ၀င်လာတတ်ပါတယ်။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ရှိပါတယ်။ ကျွန်စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

သခင်စိတ်

နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော်နေခဲ့ရလေတော့။ လူတွေမှာ အနည်းနဲ့အများဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ နေခဲ့ကြတဲ့ သခင်လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးဖို့ အတွက် အဖွဲ့ဝင်တိုင်းရဲ့ နာမည်ရှေ့မှာ 'သခင်'တပ်ပြီး၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။ ''မင်းတို့ဆရာကိုလေ စာရင်းတို့ကာသာ ထားလိုက်ပေတော့''လို့ ဆိုခဲ့တဲ့ ဆရာကြီး ဦးလွန်းတောင် တပည့်တွေဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့က မားမားမတ်မတ်နဲ့ ပါမြဲဖြစ်တဲ့အတိုင်း ''သခင်ကိုယ်တော်မှိုင်း'' ဖြစ်သွားခဲ့ရပါတယ်။

ဇွတ်ရိုက်မသွင်းသင့်

ယဉ်ကျေးတယ်ဆိုတာ အင်မတန်လိုလားအပ်တဲ့အရာဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာနှိမ့်ချတာကို ယဉ်ကျေးမှုလို့ ထင်မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချစိတ်ထားဖို့ သွန်သင်ဆုံးမလေ့ရှိကြတယ်။ ''လူ့အောက်ကျို့လို့မသေပါဘူး''ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့တယ်။ အောက်ကျို့လွန်း နှိမ့်ချလွန်းတဲ့စိတ်ကနေပြီး 'ကျွန်စိတ်'ပေါက်ဖွားလာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါမရှိတာ၊ မောက်မာစော်ကားမရှိတာ အင်မတန်ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ ဒီစိတ်ဓာတ်မျိုးမွေးရမှာ။ အောက်ကျို့တာနှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေ ခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။

ထိုက်တန်တဲ့လေးစားမှု

လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံပကာသနအဆောင်အယောင်တွေကိုကြည့်ပြီး 'ခယ၀ပ်တွား' ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊ လူသားအနေနဲ့ ထိုက်သင့်တဲ့အလျောက် လေးစားမှုပေး ဆက်ဆံတာဟာ ယဉ်ကျေးခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာလိုတယ်။

ဆင်းရဲရင်မကန်တော့ချင်

မှန်တာပြောရရင်လူအချင်းချင်းလူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံပကာသနတွေကို ကြည့်ပြီးဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်သားမစပ်တဲ့ ငွေရှိသူ ဂုဏ်ဒြပ်နဲ့ ရာထူးအာဏာရှိသူကို အခါကြီးရက်ကြီး ရောက်တိုင်း မမေ့မလျော့နှစ်စဉ် ယဉ်ကျေးမှုအရဆိုပြီး သွားကန့်တော့တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန်တော့ဖို့ မေ့လျော့နေတတ်ကြတာ များတယ်။ ယဉ်ကျေးမှုဆိုတာ လူအချင်းချင်း လူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှုထွန်းကားစေဖို့ကိုပဲ မျော်လင့်ရပါတယ်။

http://www.news-eleven.com/

A

B

C

The Kitchen မီးဖိုချောင်