Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Sunday, August 22, 2010

ညမချုပ်သေးဘူး


ညမချုပ်သေးဘူး

၎င်းတို့ ဟာ အရွယ်အားဖြင့် တချို့ က ၃၅၊ တချို့ က ၄၀၊ တချို့ က ၄၅။ အမေရိကန်မှာ ရောက်တာ တချို့က ၁၀နှစ်၊ တချို့ က ၁၅နှစ်၊ တချို့ ကြတော့ အခုမှရောက်ခါစ ပူပူနွေးနွေး။ ရောက်တာကြာပြီဖြစ်တဲ့ တချို့ကတော့ မနက်ပိုင်း အလုပ်လုပ်ပြီး၊ တချို့ က ညပိုင်း အလုပ်လုပ်ကြတယ်။ အများအားဖြင့် ၎င်းတို့ဟာ ၎င်းတို့ နေထိုင်လျက်ရှိတဲ့ ပတ်ဝန်းကျင်ထဲမှာ ပါဝင်စီးမျော (နိုင်)မှု မရှိသလောက်ပဲ။

အကြောင်းအမျိုးမျိုးရှိတယ်။

တချို့ က ဘာသာစကား အကန့်အသတ်ကြောင့်။ တချို့ က နေထိုင်ပုံစရိုက်ခြင်း ညှိမယူနိုင်တာကြောင့်။ တချို့ က အကြိုက်ချင်းမတူဘူး။ အဓိက ပါဝင်စီးမျော (နိုင်)မှု မရှိနိုင်ရတဲ့ အကြောင်းကတော့ ၎င်းတို့ရဲ့ ကြီးပြင်းရှင်သန်ပုံက ၎င်းးတို့ ပတ်ဝန်းကျင်နဲ့ အပုံကြီး ကွဲပြားနေတဲ့ အတွက်ကြောင့်ပဲ။ အမေရိကန် ရောက်လာတဲ့ မြန်မာပြည်သားချင်းအတူတူတောင် ကြီးပြင်းရှင်သန်ပုံမတူရင် ၎င်းတို့ဟာ စကားပြောလို့ မရဘူး။ မွေးနေ့ပွဲ သွားလို့  မရဘူး။ အလှုအတန်း အတူတူလုပ်လို့ မရဘူး။

၎င်းတို့ ဟာ အလုပ်သွားတယ်။ အလုပ်ပြန်လာတယ်။

အလုပ်ပြန်လာတယ်။ ပြီးရင် အလုပ်သွားတယ်။

စနေ၊ တနင်္ဂနွေလို၊ သို့ မဟုတ် ရက်ကြီးခါကြီး အားလပ်ရက်လို နေ့မျိုးဆိုရင်တော့ ၎င်းတို့ ဟာ ၎င်းတို့ ထဲက တအိမ်အိမ်မှာ ဆုံကြတယ်။

ည မချုပ် တချုပ်၊ ညချုပ်ခါစ အချိန်မျိုးမှာပေါ့။

၎င်းတို့ တချို့ က ဘီယာယူလာတယ်။ တချို့ အရက်ပါလာမယ်။ ရောက်ခါစ ပူပူနွေးနွေးတွေကတော့ ရှိတာတွေကို ချက်မယ် ပြုတ်မယ်၊ ခွက်တွေ ရေခဲတွေ အမြည်းတွေကိုအဆင်သင့်လုပ်မယ်။

အားလုံးပြီးသွားရင် ၎င်းတို့ ထဲက တယောက်တယောက်က ခွက်ကိုမော့သောက်ရင်း၊ ပြီးရင် အမြည်းတလုတ်ကိုစားရင်း စကားစပါလိမ့်မယ်။

ဒီလိုပဲ လုပ်လာခဲ့တာ ၎င်းတို့ ရဲ့ ဓလေ့ထုံးတမ်း ရိုးရာအစဉ်အလာတခုတောင် ဖြစ်လာပါပြီ။

ဘာတွေထူးသေးလဲ။ ဘာမှမထူးပါဘူး။ ရေဒီယိုတွေထဲက ပြောနေကြတာတွေရယ်၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ဘာတွေလုပ်မယ်ဆိုတာရယ်၊ နအဖက လူ့ အခွင့်အရေး ဘယ်လိုချိုးဖာက်နေတာတွေရယ်၊ ပညာရှင်တွေ စကားဝိုင်းတွေ သုံးသပ်နေတာရယ်။

တခါတခါ ဒီရေဒီယိုတွေကိုနားထောင်ရတာ အကုသိုလ်ပွားတယ်ကွာ။ (၎င်းတို့ထဲက ၎င်းတို့ကို ပြောလိုက်သည်။)

၎င်းတို့ ထဲက ၎င်းတို့ ကတော့ အခုလို ပြန်ပြောသည်။

ဒါကတော့ အကြမ်းမဖက်တော်လှန်ရေး လုပ်နေတာပဲ။ ဒီလောက်တော့ရှိမှာပေါ့။ စိတ်ရှည်ရမယ်။ သည်းခံရမှာပေါ့။ သတင်းမီဒီယာတွေကနေတဆင့် ပြည်သူကို ဖြစ်နေတာတွေ တင်ပြသွားရမယ်။ လှုံ့ဆော်သွားရမယ်။ နိုင်ငံတကာမိသားစုရဲ့ စာနာမှုနဲ့ ကူညီမှုကိုယူပြီး ကုလသမဂ္ဂကနေ၊ နိုင်ငံတကာကနေ ဖိအားပေးသွားရမယ်။ လောလောဆယ်အခြေအနေအရ ဒါကလွဲပြီး ငါတို့ မှာ ဒီထက်ပိုပြီး ဘာလုပ်နိုင်တာ ရှိလို့ လဲ။

၎င်းတို့ထဲက ၎င်းတို့က ပြောသည်။ တော်လိုက်တော့လေကွာ… နိုင်ငံတကာဖိအား။ ရွှေဝါရောင် တော်လှန်ရေးမှာ ဘုန်းကြီးတွေကို ရိုက်သတ်လိုက်တာ အားလုံးတွေ့ နေတာပဲ။ နာဂစ်မုန်တိုင်းမှာရော မင်းတို့ အားကိုးနေတဲ့ အမေရိကန်ရော ကုလသမဂ္ဂရော နိုင်ငံတကာရော ဘာလုပ်နိုင်လို့ လဲ။ နောက်ဆုံး နအဖ ဟပေးသလောက်နဲ့ ပဲ လျိုဝင်သွားရတာ မဟုတ်လား။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ မြန်မာပြည်မှာ နအဖပြုတ်ကျသွားရင်တောင် အဲဒါနိုင်ငံတကာကြောင့်၊ ကုလသမဂ္ဂကြောင့်၊ အမေရိကန်ကြောင့်၊ ဘယ်သူ့ ကြောင့်မှ မဟုတ်ဘူး။ နအဖက ဖောက်ပြန်လွန်းအားကြီးလို့  သူ့ အလိုလို ပျက်သွားတာပဲ ဖြစ်ရမယ်။

၎င်းတို့ ထဲက ၎င်းတို့ ကို ဝင်ရောက်ဖြေသိမ့်သည်။ ဒါကတော့ကွာ တရုတ်က ရှေ့ ကနေဝင်ပြီး ရပ်နေတာကို။ ဘေးအိမ်နီးချင်းနိုင်ငံတွေကိုလည်း ကြည့်ပါအုံး။ နအဖအကြိုက်လိုက်ပြောပြီး ငါတို့ နိုင်ငံက ကုန်ကြမ်းတွေနဲ့ လုပ်အားတွေကို ဈေးပေါပေါနဲ့ ဝယ်ပြီး၊ ကိုယ်ကျိုးစီးပွား ကြည့်နေကြတာကို… ..ကွ။ အထူးသဖြင့် တရုတ်က အဆိုးဆုံးပဲ။ ဒီကောင်မရှိရင် နအဖပြုတ်သွားတာကြာပြီ။

၎င်းတို့ ထဲက ၎င်းတို့ ကပဲ ရေဒီယိုစကားဝိုင်းတွေမှာ ကြားနေကြ ပညာရှင်လေသံမျိုးဖြင့် ဝင်ရောက် နေရာယူလိုက်သည်။ ကိုယ်ကျိုးစီးပွားကြည့်တာကတော့ အပြစ်သွားပြီး ပြောလို့ မရဘူး။ ၎င်းတို့ ကိုယ်ကိုပဲ ၎င်းတို့ ပြန်ကြည့်။ ၎င်းတို့ အရေး ၎င်းတို့ မိသားစုအရေး အတွက်ပဲ လုပ်နေ ဦးစားပေးနေရတယ် မဟုတ်လား။ အမျိုးသားနဲ့ ယှဉ်ပြီး တိုင်းပြည်လိုက်ဆိုရင် ပိုဆိုးတာပေါ့။ ကိုယ်ကလည်း ကိုယ့်အကျိုးပဲ ကြည့်ဖို့ လိုတယ်။ ဘယ်သူ့ မျက်နှာမှ ကြည့်စရာမလိုဘူး။ အခြေအနေတွေကို မြင်နေတာပဲကွာ။ လုပ်စရာ များများစားစား ဘာကျန်သေးလို့ လည်း။ လုပ်လိုက်ပေါ့။

၎င်းတို့ ထဲက ၎င်းတို့ က ဝင်ပြောသည်။ ဒါကြောင့် ၎င်းတို့ ပြောတာ။ ၎င်းတို့ ပြောတဲ့ အစီအစဉ်ကိုကြတော့ ၎င်းတို့ လက်မခံနိုင်ဘူး။ အကြမ်းဖက်သမားလုပ်ရပ်တို့ ။ အပြစ်မဲ့ပြည်သူတွေကို သတ်တာတို့ ။ ၎င်းတို့ ပဲ ပြောတယ် တိုင်းပြည်အားလုံးကတော့ ကိုယ့်တိုင်းပြည်အတွက်ပဲ ကိုယ်လုပ်ကြမှာပဲ။ ဘယ်တိုင်းပြည် မျက်နှာမှာကိုမှ မကြည့်ဘူး။ ဒါဆိုရင် ၎င်းတို့ ကရော ဘယ်သူ့ မျက်နှာကို ကြည့်နေရာမှာလည်း။

၎င်းတို့ ရဲ့ ရေချိန်က မြင့်လာသည်။ အမြည်းတွေလည်း ကုန်လုပြီဖြစ်သလို၊ အရေလည်း ခမ်းတော့မည်။

၎င်းတို့ ပြောတဲ့ အစီအစဉ်က ဒီလိုဖြစ်သည်။

အမေရိကန်မှာ လူ ၁၀ယောက်လောက်စုမည်။ သေနတ်တွေဝယ်မည်။ ရှေ့ နေတဖွဲ့ ငှားမည်။ နယူးယောက်မှာ ရှိတဲ့ China Townက တရုတ်တွေကို ၅မိနစ် ၁၀မိနစ်အတွင်းမှာ လူ၅၀၀ လောက် သေသွားအောင် ပစ်သတ်မည်။ ရဲတွေရောက်လာတာနဲ့  လက်နက်ချ အဖမ်းခံမည်။ တရားရုံးကို တက်မည်။ ငှားထားတဲ့ ရှေ့ နေအဖွဲ့ ကနေတဆင့် ၂၂နှစ် မြန်မာပြည် ကြိုးပမ်းလာခဲ့တဲ့ အကြမ်းမဖက်လှုပ်ရှားရလဒ်နဲ့  မြန်မာပြည်သူတွေ ခံလာခဲ့ရတဲ့ ခံနေရတဲ့ အဖြစ်အပျက်တွေ၊ ကုလသမ္မဂနဲ့  အန်ဂျီအိုတွေ စုဆောင်းထားတဲ့ အထောက်အထား သတင်းအချက်အလက်တွေကို တရားရုံးခွင်မှာ တရားဝင်တင်ပြပြီး နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ CNN BBC FOX ABC NBC တို့ ကနေ မြန်မာပြည်အရေးကို ကမ္ဘာကသိစေမယ်၊ အရေးတယူ ရှိလာအောင်လုပ်မယ်။ ဘယ်လိုလဲ။

၎င်းတို့ ထဲကပဲ ၎င်းတို့ က ၎င်းတို့ ရဲ့အဆိုကို ပိုပြီးခိုင်မာအောင် အခုလိုဆက်ပြောသည်။

ဒါက တခါတည်းလုပ်လို့ မရဘူး။ တနေရာတည်းမှာ လုပ်လို့ မရဘူး။ ထိုင်းအပါအဝင် အိမ်နီးချင်း နိုင်ငံတွေမှာလည်း လုပ်ရမယ်။

၎င်းတို့ ထဲက ၎င်းတို့ က ခုန်ပြီးပြောသည်။ ဒါမဖြစ်နိုင်ဘူး။ မဆိုင်တဲ့သူတွေကိုသတ်တဲ့ လူသတ်တဲ့အလုပ်။ ရာဇဝတ်မှုပဲ။

၎င်းတို့ ထဲက ၎င်းတို့ က ခုန်ပြီးပြောသည်။ ပိုက်ဆံဘယ်ကရမလဲ။ လူဘယ်လိုစုမလဲ။ ခဏလေး အဖမ်းခံ သွားရမယ်။

ခေတ်နဲ့ မဆီလျော်ဘူး။ ခေတ်မရှိတော့ဘူး။

ဟိုနိုင်ငံတွေ ဟိုအဖွဲ့ တွေ ဘာဖြစ်သွားလဲ။

မဆုံးတော့အောင်ပဲ ပြောကြသည်။

မိုးမြင့်အောင်

Sunday, April 18, 2010

သစ်တုပင်များ

 
Garten am Thuner See (1913) by August Macke

သစ်တုပင်များ
By တောကျောင်းဆရာ • April 17, 2010
...သစ်တုပင်ကိုယ်စီနဲ့။ သစ်တုပင်တွေက နေရာတကာမှာ ရှိလာခဲ့တယ်။ သစ်တုပင်တွေက ဒီတစ်မြို့လုံးကို သိမ်းပိုက်ထားပြီးလားလို့တောင် ကျွန်တော်ထင်မိတယ်။

သစ်တုပင်။ ဒီအပင်တွေကို ဒီလိုပဲ ကျွန်တော် ခေါ်လေ့ရှိတယ်။ ဒီအပင်တွေက သစ်ပင်လို့ ပြောရင်လည်း ရတယ်။ သစ်ပင်မဟုတ်ဘူးလို့ ပြောလည်းရတယ်။ အမှန်တော့ သစ်ပင် အယောင်ဆောင်ထားတဲ့ သစ်ပင်တွေပါ။ သစ်ပင်အတုတွေပေါ့။ ကျွန်တော်ကတော့ ဒီအပင်တွေကို သစ်တုပင်တွေလို့ပဲ ခေါ်တယ်။

သစ်တုပင်တွေကို စတွေ့ဖူးတဲ့အချိန်က ရုံးမှာရှိနေတုန်းက။ နောက်တော့ သစ်တုပင်တွေက အိမ်ပေါ်ကိုပါ ရောက်လာတယ်။ ခင်ဗျားတို့ သတိထားမိမလားပဲ။ ဗိုလ်ချုပ်လမ်းပေါ်မှာ သစ်တုပင်တွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်ရှေ့က ဖြတ်သွားတိုင်း ဆိုင်ထဲက သစ်တုပင်တွေကို လှမ်းလှမ်းကြည့်ဖူးတယ်။ စိတ်ပျက်စရာပါပဲဗျာ။ အရောင်အသွေးမျိုးစုံနဲ့ သစ်တုပင်မျိုးစုံက အလင်းရောင်နည်းတဲ့ မှောင်ကုပ်ကုပ် ဆိုင်ထဲမှာ။ သူတို့ကြည့်ရတာလည်း ထောင်လွှားနေတဲ့ ပုံစံပေါက်နေတယ်။ သူတို့ကိုယ်သူတို့ သစ်ပင်အစစ်တွေလို့ အထင်ရောက်နေကြတာ ဖြစ်မယ်။ အမြင်ကတ်စရာပဲ။ သစ်တုပင်တွေကို ကြည့်မိတိုင်း စိတ်ထဲမှာ ဘယ်လိုမှ အလိုမကျဘူး။ သစ်တုပင်တွေကို သဘောမကျတဲ့ စိတ်ကြောင့်လည်း ဖြစ်မှာပါ။

တစ်ရက်မှာတော့ ကျွန်တော့်ရုံးခန်းရှိရာဆီကို သစ်တုပင်တွေ အများကြီးရောက်လာတယ်။ အလှဆင်ပစ္စည်းဆိုင်က ၀န်ထမ်းတွေက သစ်တုပင်တွေကို ကားပေါ်က ဆင်းခိုင်းနေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော့်အမြင်တွေကိုတောင် မယုံနိုင်ဖြစ်ရတယ်။ ဒီလိုနဲ့ သစ်တုပင်တွေက ကျွန်တော်ရှိနေတဲ့ အ၀န်းအ၀ိုင်းထဲကို ရောက်လာတယ်။ ဒီတော့ပိုပြီး စိတ်အနှောက်အယှက် ဖြစ်လာရတော့တာပဲ။ မှတ်မိသေးတယ်ဗျာ။ သစ်ပင်တုတွေ ရုံးကို ရောက်လာတဲ့နေ့က။ လူတော်တော်များများက သစ်တုပင်တွေ ရောက်လာတာကို ၀မ်းသာနေကြတယ်။ အရမ်းသဘောကျတဲ့ ပုံစံတွေလုပ်ပြကြတယ်။ အဲ့ဒီမှာတင် သစ်တုပင်တွေက လိုတာထက်ပိုပြီး ထောင်လွှားပြတော့တာပဲ။ လူတွေကတော့ ဒါကိုသတိမထားကြဘူး။ ဘယ်သစ်တုပင်က ဘယ်လောက်လှတယ်၊ ဘယ်သစ်တုပင်က ချစ်စရာကောင်းတယ်၊ ဘယ်သစ်တုပင်ကတော့ အရုပ်ဆိုးတယ်။ အဲတာတွေကိုပဲ အချင်းချင်း ပြောကြရင်း သူတို့ လိုချင်တဲ့ သစ်တုပင်တွေကို သူတို့ကိုယ်တိုင် အပင်ပန်းခံပြီး သယ်သွားကြတယ်။

ကျွန်တော်ကတော့ သစ်တုပင်တွေရဲ့ စိတ်အနှောက်အယှက်ပေးမှုကို ရုံးမှာနေတဲ့ အချိန်တိုင်းလိုလို ခံနေရတယ်။ ကျွန်တော်က သစ်တုပင်တွေကို သဘောမကျဘူးလေ။ အပြန်အလှန် သဘောတရားအရ သစ်တုပင်တွေကလည်း ကျွန်တော့်ကို သဘောမကျဘူး။ အဲတာကို ကျွန်တော် ကျိန်းသေသိတယ်။ ဘယ်လိုသိသလဲ ဆိုတာကတော့ ပြောပြရခက်တယ်။ ဓာတ်သဘော ဆိုတာကို ခင်ဗျားတို့နားလည်မလား။ သစ်တုပင်တွေနဲ့ ကျွန်တော်က ဓာတ်မတည့်ဘူး။ မြင်မြင်ချင်း မြင်ပြင်းကတ်စရာကောင်းလို့ နောက်ပိုင်း လမ်းတွေ့ရင်တောင် နှုတ်မဆက်ပဲ ရှောင်နေလိုက်တဲ့သူတွေ ကျွန်တော့်မှာ အများကြီးရှိတယ်။ သစ်တုပင်တွေကိုလည်း မြင်မြင်ချင်းမှာပဲ အမြင်ကတ်ခဲ့တယ်။ အမြင်ကတ်တဲ့သူတွေကို စတွေ့ပြီးနောက်ပိုင်း ဘယ်တော့မှ ပြန်မခေါ်လို့ရတယ်။ ကျွန်တော် အမြင်ကတ်တဲ့ သစ်တုပင်တွေကတော့ ကျွန်တော့် အခန်းထဲ ရောက်နေပြီ။ အဲတာမှ ပြဿနာပဲ။

သစ်တုပင်တွေ ကျူးကျော်ရောက်လာတဲ့ နောက်တစ်နေရာက ကျွန်တော့်အိမ်ပဲ။ ဘယ်လိုနည်းကြောင့် ရောက်လာတာလဲတော့ မသိဘူး။ အဲ့ဒီနေ့ကအိမ်ပြန်တော့ အိမ်ထဲမှာ သစ်တုပင်တစ်ပင် ရောက်နေတယ်။ ထုံးစံအတိုင်း။ ထောင်လွှားပုံစံနဲ့ပဲ။ ဟန်တစ်ခွဲသားနဲ့။ ကျွန်တော့်စာအုပ်စင် ဘေးတစ်နေရာမှာ ခပ်တည်တည် ရပ်နေတယ်။ ကျွန်တော့်ဖြင့် ဒေါသတော်တော်ထွက်သွား တယ်။ ပိတ်ကန်ပစ်လိုက်ချင်တဲ့ စိတ်တောင်ပေါ်တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းလို့ရခဲ့တယ်။ အိမ်ကလူတွေကတော့ သစ်တုပင်တစ်ပင် အိမ်ပေါ်ခေါ်တင်ထားတဲ့ အကြောင်း။ လှတပတရှိတဲ့ အကြောင်း။ ဈေးလည်း အများမပေးရတဲ့ အကြောင်း။ အခြား အခြားသော အကြောင်းတွေ အများကြီးဆက်ပြောတယ်။ ကျွန်တော်လည်း သိပ်မကြားတော့ဘူး။ အဲ့ဒီအချိန်တုန်းက တွေးနေမိတာက ဒီသစ်တုပင်တွေနဲ့ ကျွန်တော့်အကြားမှာ ဘယ်လိုရန်ငြိုး၊ ရန်စတွေများ ရှိနေသလဲဆိုတာပဲ။

ခက်တာက ကျွန်တော်နဲ့သစ်တုပင်တွေကြားက အဆင်မပြေမှုကို ဘယ်သူမှမသိကြတာပဲ။ ကျွန်တော်ကလည်း ထုတ်မပြောဖြစ်ဘူး။ အောင့်အီးသည်းခံပြီးပဲ နေရတော့တယ်။ ရုံးမှာရှိနေလည်း သစ်တုပင်နဲ့။ အိမ်ပြန်ရောက်သွားလည်း သစ်တုပင်နဲ့။ ဟား .. အတော်ဆိုးတယ်။ ကျွန်တော့် မိတ်ဆွေတွေရဲ့ အိမ်မှာလည်း သစ်တုပင်ကိုယ်စီနဲ့။ ကျွန်တော် သောက်နေကျ ကော်ဖီဆိုင်၊ လျှောက်နေတဲ့ လမ်းမပေါ်က ဆိုင်တွေရဲ့ အ၀င်အ၀တွေဆီမှာ။ အားလုံးနီးပါးပဲ။ သစ်တုပင်ကိုယ်စီနဲ့။ သစ်တုပင်တွေက နေရာတကာမှာ ရှိလာခဲ့တယ်။ သစ်တုပင်တွေက ဒီတစ်မြို့လုံးကို သိမ်းပိုက်ထားပြီးလားလို့တောင် ကျွန်တော်ထင်မိတယ်။ လူတွေဟာ ဒီလောက်အမြတ်ကတ်စရာ ကောင်းတဲ့ သစ်တုပင်တွေကို ဘာကြောင့် ခုံမင်နေကြတာလဲ။ ကျွန်တော်ဖြင့် မတွေးတတ်တော့ဘူး။ လူအများက သစ်တုပင်တွေကို လိုလိုလားလား ရှိနေချိန်မှာ မလိုမလား ဖြစ်နေရတဲ့ ကျွန်တော်စိတ်မှာ ပြဿနာ ဖြစ်လာတယ်။

ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။ သစ်တုပင်တွေကို ကျွန်တော်မုန်းတီးတာဟာ ကျွန်တော့်အလွန်လား ဆိုတာ။ ခင်ဗျားတို့ အမှန်ပြောနိုင်မယ်တော့မထင်ဘူး။ ခင်ဗျားတို့ကိုယ်တိုင်ကလည်း သစ်တုပင်တွေကို လိုလိုလားလား ရှိနေခဲ့မယ်ဆိုရင်ပေါ့။ ဒီလိုဖြစ်နေခဲ့ရင်လည်း ခင်ဗျားတို့ကို ကျွန်တော်နားလည်ပါတယ်။ အတုတွေများနေတဲ့ ဒီအချိန်မှာ အစစ်လား၊ အတုလားဆိုတာ ခင်ဗျားတို့ မဝေခွဲတတ်တော့ဘူး။ အတုတွေရဲ့ လွှမ်းမိုးတိုက်ခိုက်မှုကို ခင်ဗျားတို့ခံလိုက်ရပြီ။ ခင်ဗျားတို့ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အဲလိုခံနေရတာပဲ။ ဘာပဲဖြစ်ဖြစ်ဗျာ။ အတုနဲ့ အစစ်ကို ခွဲခြားတတ်ဖို့ လိုနေသေးတယ်။ အချိန်အခါအရပေါ့။ အတုတွေများတော့ ဘယ်အတု အကောင်းဆုံးလဲဆိုတာ ရွေးချယ်နေရတာနဲ့ အချိန်ကုန်မနေသင့်ဘူး။ အတုတွေထဲမှာ ပျော်ဝင် မနေသင့်ဘူး။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။

သစ်တုပင်တွေကို ဘာကြောင့်မုန်းလဲလို့ မေးလာတဲ့သူရှိရင် အစစ်မှမဟုတ်တာပဲလို့ ကျွန်တော် ပြန်ဖြေရလိမ့်မယ်။ သစ်ပင်မှာ သစ်ပင်အဂါင်္ရပ်ရှိရတယ်။ သစ်တုပင်တွေမှာ သစ်ပင်တွေရဲ့ အဂါင်္ရပ်မရှိဘူး။ အပေါ်ယံကြောနဲ့ ဖမ်းစားပြရုံလောက်ပဲ သူတို့လုပ်တတ်တယ်။ ခက်တာက လူတွေက သူတို့ကို သဘောကျတယ်။ ဒါကို ကျွန်တော်ပြောရင် လူတွေနဲ့ဆန့်ကျင်ဘက်ကို ကျွန်တော်ရောက်သွားမှာပဲ။ သစ်တုပင်တွေဟာ လူတွေအတွက် ဘာအကျိုးမှ မဖြစ်စေဘူး။ နေရာတစ်နေရာပိုပေးထားပြီး အမြင်ရှုပ်စေတာကလွဲပြီး သစ်တုပင်တွေက ဘယ်လိုရလဒ်မှ မဖြစ်ထွန်းစေဘူး။ လူတွေက ဒါတွေကို သိပေမယ့် တဒင်္ဂသဘောနဲ့ သစ်တုပင်တွေကို လက်ခံထားကြတယ်။ တဒင်္ဂသဘောနဲ့ ထာဝရ လက်ခံလာကြတဲ့ သဘောပဲ။ အတုတွေကိုပေါ့။ ကြာလာတဲ့ အခါကတော့ အတုတွေ ဖောင်းပွလာကြတယ်။ အိုဗျာ။ ပြောရရင်တော့ အတုကမှ အစစ်ထက် ပိုတန်ဖိုးရှိနေသယောင် ထင်လာကြတယ်။ အဲ့တာ ဘာကြောင့်ပါလဲ။

သိပ်ဆန်းကြယ်တဲ့ အရာတော့မဟုတ်ပါဘူး။ ထိတ်လန့်စရာတော့ ကောင်းပါတယ်။ ရုပ်ရှင်ကား တစ်ကားလည်း ဖြစ်နိုင်တယ်။ လျိုဝှက်သည်းဖို ၀တ္ထုတစ်ပုဒ်လည်းဖြစ်တယ်။ ညနေခင်း တစ်ခုမှာ သစ်တုပင်တစ်ပင်နဲ့ ကျွန်တော်စကားပြောဖြစ်တယ်။ ကျွန်တော်နဲ့စကားပြောဖြစ်တဲ့ သစ်တုပင်က သိပ်ပြီး ထောင်လွှားမှုတော့ မရှိတော့ပါဘူး။ လမ်းဘေးတစ်နေရာမှာ တွေ့ပြီး ပြောဖြစ်ခဲ့ကြတာပဲ။ အခက်လက်တွေ ကျိုးပဲ့နေတဲ့ သစ်တုပင်က ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ်ကောင်အနေနဲ့ ကြည့်နေတယ်။ သစ်တုပင်နဲ့ စကားတွေအများကြီးပြောဖြစ်တယ်။ ကျွန်တော့်စိတ်ကလည်း ဟိုရောက်ဒီရောက်ဆိုတော့ အကုန်မမှတ်မိတော့ဘူး။ မှတ်မိတာ တစ်ခုတော့ရှိတယ်။ အဲ့ဒီအကြောင်းကို မှတ်စုစာအုပ်ထဲမှာ ကျွန်တော်ရေးထည့်ထားတယ်။

“တစ်နေ့နေ့ ဖြစ်လာမယ်ဆိုတဲ့ စကားတွေဟာ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်တွေပဲ။ လူတွေလည်း မစစ်တော့ဘူး။ ဘယ်အရာမှ မစစ်တော့ဘူး”။ သစ်တုပင်စုတ်က ကျွန်တော့်ကိုပြောခဲ့တယ်။ ကျွန်တော့်ကို ပြောသလိုနဲ့ သူတစ်ကိုယ်တည်း ရေရွတ်သွားတာ။ ကျွန်တော့်ကို ပြောခဲ့တာလို့ ဆိုရင်လည်းရတယ်။ သစ်တုပင်နဲ့ လမ်းခွဲခါနီးအချိန်မှာ ပြောသွားခဲ့တာပါ။ သစ်တုပင်ပြောတဲ့ စကားကို ယုံစားဖို့ တော်တော်ခက်ခဲပါတယ်။

ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်လိုမျိုး သစ်တုပင်တွေကို မုန်းတီးနေတဲ့သူတွေ ရှိနေမယ် ဆိုတာကို။ သူတို့လည်း ကျွန်တော့်လိုပဲနေလိမ့်မယ်။ ထုတ်မပြောပဲ စိတ်ထဲက မုန်းတီးနေကြတာ။ သူတို့စိတ်သဘောအရဆို သစ်တုပင်တွေကို လက်မခံချင်ပေမယ့် သစ်တုပင်တွေက သူတို့ နေထိုင်ရာ အရပ်တွေမှာ ရှိနေလိမ့်မယ်။ ဒီသစ်တုပင်တွေကို ဖယ်ရှားဖို့သူတို့လည်း စိတ်ကူးမိကြလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာ မလုပ်ဆောင်နိုင်ကြသေးဘူး။ လူအများစုက သစ်တုပင်တွေကို လက်ခံထားကြတဲ့ အတွက်ကြောင့်လို့ ခင်ဗျားပြောမလား။ အဲတာ မဟုတ်ဘူး။ ကျွန်တော်လည်း အဖြေရှာနေတုန်းပဲ။ သစ်တုပင်တွေကိုလည်း မုန်းတီးနေတုန်းပဲ။

တောကျောင်းဆရာ
ဧပြီလ ၁၇ရက်၊ ၂၀၁၀ပြည့်နှစ်။

A

B

C

The Kitchen မီးဖိုချောင်