Showing posts with label မိုးမြင့်အောင်. Show all posts
Showing posts with label မိုးမြင့်အောင်. Show all posts

Sunday, August 22, 2010

ညမချုပ်သေးဘူး


ညမချုပ်သေးဘူး

၎င်းတို့ ဟာ အရွယ်အားဖြင့် တချို့ က ၃၅၊ တချို့ က ၄၀၊ တချို့ က ၄၅။ အမေရိကန်မှာ ရောက်တာ တချို့က ၁၀နှစ်၊ တချို့ က ၁၅နှစ်၊ တချို့ ကြတော့ အခုမှရောက်ခါစ ပူပူနွေးနွေး။ ရောက်တာကြာပြီဖြစ်တဲ့ တချို့ကတော့ မနက်ပိုင်း အလုပ်လုပ်ပြီး၊ တချို့ က ညပိုင်း အလုပ်လုပ်ကြတယ်။ အများအားဖြင့် ၎င်းတို့ဟာ ၎င်းတို့ နေထိုင်လျက်ရှိတဲ့ ပတ်ဝန်းကျင်ထဲမှာ ပါဝင်စီးမျော (နိုင်)မှု မရှိသလောက်ပဲ။

အကြောင်းအမျိုးမျိုးရှိတယ်။

တချို့ က ဘာသာစကား အကန့်အသတ်ကြောင့်။ တချို့ က နေထိုင်ပုံစရိုက်ခြင်း ညှိမယူနိုင်တာကြောင့်။ တချို့ က အကြိုက်ချင်းမတူဘူး။ အဓိက ပါဝင်စီးမျော (နိုင်)မှု မရှိနိုင်ရတဲ့ အကြောင်းကတော့ ၎င်းတို့ရဲ့ ကြီးပြင်းရှင်သန်ပုံက ၎င်းးတို့ ပတ်ဝန်းကျင်နဲ့ အပုံကြီး ကွဲပြားနေတဲ့ အတွက်ကြောင့်ပဲ။ အမေရိကန် ရောက်လာတဲ့ မြန်မာပြည်သားချင်းအတူတူတောင် ကြီးပြင်းရှင်သန်ပုံမတူရင် ၎င်းတို့ဟာ စကားပြောလို့ မရဘူး။ မွေးနေ့ပွဲ သွားလို့  မရဘူး။ အလှုအတန်း အတူတူလုပ်လို့ မရဘူး။

၎င်းတို့ ဟာ အလုပ်သွားတယ်။ အလုပ်ပြန်လာတယ်။

အလုပ်ပြန်လာတယ်။ ပြီးရင် အလုပ်သွားတယ်။

စနေ၊ တနင်္ဂနွေလို၊ သို့ မဟုတ် ရက်ကြီးခါကြီး အားလပ်ရက်လို နေ့မျိုးဆိုရင်တော့ ၎င်းတို့ ဟာ ၎င်းတို့ ထဲက တအိမ်အိမ်မှာ ဆုံကြတယ်။

ည မချုပ် တချုပ်၊ ညချုပ်ခါစ အချိန်မျိုးမှာပေါ့။

၎င်းတို့ တချို့ က ဘီယာယူလာတယ်။ တချို့ အရက်ပါလာမယ်။ ရောက်ခါစ ပူပူနွေးနွေးတွေကတော့ ရှိတာတွေကို ချက်မယ် ပြုတ်မယ်၊ ခွက်တွေ ရေခဲတွေ အမြည်းတွေကိုအဆင်သင့်လုပ်မယ်။

အားလုံးပြီးသွားရင် ၎င်းတို့ ထဲက တယောက်တယောက်က ခွက်ကိုမော့သောက်ရင်း၊ ပြီးရင် အမြည်းတလုတ်ကိုစားရင်း စကားစပါလိမ့်မယ်။

ဒီလိုပဲ လုပ်လာခဲ့တာ ၎င်းတို့ ရဲ့ ဓလေ့ထုံးတမ်း ရိုးရာအစဉ်အလာတခုတောင် ဖြစ်လာပါပြီ။

ဘာတွေထူးသေးလဲ။ ဘာမှမထူးပါဘူး။ ရေဒီယိုတွေထဲက ပြောနေကြတာတွေရယ်၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ဘာတွေလုပ်မယ်ဆိုတာရယ်၊ နအဖက လူ့ အခွင့်အရေး ဘယ်လိုချိုးဖာက်နေတာတွေရယ်၊ ပညာရှင်တွေ စကားဝိုင်းတွေ သုံးသပ်နေတာရယ်။

တခါတခါ ဒီရေဒီယိုတွေကိုနားထောင်ရတာ အကုသိုလ်ပွားတယ်ကွာ။ (၎င်းတို့ထဲက ၎င်းတို့ကို ပြောလိုက်သည်။)

၎င်းတို့ ထဲက ၎င်းတို့ ကတော့ အခုလို ပြန်ပြောသည်။

ဒါကတော့ အကြမ်းမဖက်တော်လှန်ရေး လုပ်နေတာပဲ။ ဒီလောက်တော့ရှိမှာပေါ့။ စိတ်ရှည်ရမယ်။ သည်းခံရမှာပေါ့။ သတင်းမီဒီယာတွေကနေတဆင့် ပြည်သူကို ဖြစ်နေတာတွေ တင်ပြသွားရမယ်။ လှုံ့ဆော်သွားရမယ်။ နိုင်ငံတကာမိသားစုရဲ့ စာနာမှုနဲ့ ကူညီမှုကိုယူပြီး ကုလသမဂ္ဂကနေ၊ နိုင်ငံတကာကနေ ဖိအားပေးသွားရမယ်။ လောလောဆယ်အခြေအနေအရ ဒါကလွဲပြီး ငါတို့ မှာ ဒီထက်ပိုပြီး ဘာလုပ်နိုင်တာ ရှိလို့ လဲ။

၎င်းတို့ထဲက ၎င်းတို့က ပြောသည်။ တော်လိုက်တော့လေကွာ… နိုင်ငံတကာဖိအား။ ရွှေဝါရောင် တော်လှန်ရေးမှာ ဘုန်းကြီးတွေကို ရိုက်သတ်လိုက်တာ အားလုံးတွေ့ နေတာပဲ။ နာဂစ်မုန်တိုင်းမှာရော မင်းတို့ အားကိုးနေတဲ့ အမေရိကန်ရော ကုလသမဂ္ဂရော နိုင်ငံတကာရော ဘာလုပ်နိုင်လို့ လဲ။ နောက်ဆုံး နအဖ ဟပေးသလောက်နဲ့ ပဲ လျိုဝင်သွားရတာ မဟုတ်လား။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ မြန်မာပြည်မှာ နအဖပြုတ်ကျသွားရင်တောင် အဲဒါနိုင်ငံတကာကြောင့်၊ ကုလသမဂ္ဂကြောင့်၊ အမေရိကန်ကြောင့်၊ ဘယ်သူ့ ကြောင့်မှ မဟုတ်ဘူး။ နအဖက ဖောက်ပြန်လွန်းအားကြီးလို့  သူ့ အလိုလို ပျက်သွားတာပဲ ဖြစ်ရမယ်။

၎င်းတို့ ထဲက ၎င်းတို့ ကို ဝင်ရောက်ဖြေသိမ့်သည်။ ဒါကတော့ကွာ တရုတ်က ရှေ့ ကနေဝင်ပြီး ရပ်နေတာကို။ ဘေးအိမ်နီးချင်းနိုင်ငံတွေကိုလည်း ကြည့်ပါအုံး။ နအဖအကြိုက်လိုက်ပြောပြီး ငါတို့ နိုင်ငံက ကုန်ကြမ်းတွေနဲ့ လုပ်အားတွေကို ဈေးပေါပေါနဲ့ ဝယ်ပြီး၊ ကိုယ်ကျိုးစီးပွား ကြည့်နေကြတာကို… ..ကွ။ အထူးသဖြင့် တရုတ်က အဆိုးဆုံးပဲ။ ဒီကောင်မရှိရင် နအဖပြုတ်သွားတာကြာပြီ။

၎င်းတို့ ထဲက ၎င်းတို့ ကပဲ ရေဒီယိုစကားဝိုင်းတွေမှာ ကြားနေကြ ပညာရှင်လေသံမျိုးဖြင့် ဝင်ရောက် နေရာယူလိုက်သည်။ ကိုယ်ကျိုးစီးပွားကြည့်တာကတော့ အပြစ်သွားပြီး ပြောလို့ မရဘူး။ ၎င်းတို့ ကိုယ်ကိုပဲ ၎င်းတို့ ပြန်ကြည့်။ ၎င်းတို့ အရေး ၎င်းတို့ မိသားစုအရေး အတွက်ပဲ လုပ်နေ ဦးစားပေးနေရတယ် မဟုတ်လား။ အမျိုးသားနဲ့ ယှဉ်ပြီး တိုင်းပြည်လိုက်ဆိုရင် ပိုဆိုးတာပေါ့။ ကိုယ်ကလည်း ကိုယ့်အကျိုးပဲ ကြည့်ဖို့ လိုတယ်။ ဘယ်သူ့ မျက်နှာမှ ကြည့်စရာမလိုဘူး။ အခြေအနေတွေကို မြင်နေတာပဲကွာ။ လုပ်စရာ များများစားစား ဘာကျန်သေးလို့ လည်း။ လုပ်လိုက်ပေါ့။

၎င်းတို့ ထဲက ၎င်းတို့ က ဝင်ပြောသည်။ ဒါကြောင့် ၎င်းတို့ ပြောတာ။ ၎င်းတို့ ပြောတဲ့ အစီအစဉ်ကိုကြတော့ ၎င်းတို့ လက်မခံနိုင်ဘူး။ အကြမ်းဖက်သမားလုပ်ရပ်တို့ ။ အပြစ်မဲ့ပြည်သူတွေကို သတ်တာတို့ ။ ၎င်းတို့ ပဲ ပြောတယ် တိုင်းပြည်အားလုံးကတော့ ကိုယ့်တိုင်းပြည်အတွက်ပဲ ကိုယ်လုပ်ကြမှာပဲ။ ဘယ်တိုင်းပြည် မျက်နှာမှာကိုမှ မကြည့်ဘူး။ ဒါဆိုရင် ၎င်းတို့ ကရော ဘယ်သူ့ မျက်နှာကို ကြည့်နေရာမှာလည်း။

၎င်းတို့ ရဲ့ ရေချိန်က မြင့်လာသည်။ အမြည်းတွေလည်း ကုန်လုပြီဖြစ်သလို၊ အရေလည်း ခမ်းတော့မည်။

၎င်းတို့ ပြောတဲ့ အစီအစဉ်က ဒီလိုဖြစ်သည်။

အမေရိကန်မှာ လူ ၁၀ယောက်လောက်စုမည်။ သေနတ်တွေဝယ်မည်။ ရှေ့ နေတဖွဲ့ ငှားမည်။ နယူးယောက်မှာ ရှိတဲ့ China Townက တရုတ်တွေကို ၅မိနစ် ၁၀မိနစ်အတွင်းမှာ လူ၅၀၀ လောက် သေသွားအောင် ပစ်သတ်မည်။ ရဲတွေရောက်လာတာနဲ့  လက်နက်ချ အဖမ်းခံမည်။ တရားရုံးကို တက်မည်။ ငှားထားတဲ့ ရှေ့ နေအဖွဲ့ ကနေတဆင့် ၂၂နှစ် မြန်မာပြည် ကြိုးပမ်းလာခဲ့တဲ့ အကြမ်းမဖက်လှုပ်ရှားရလဒ်နဲ့  မြန်မာပြည်သူတွေ ခံလာခဲ့ရတဲ့ ခံနေရတဲ့ အဖြစ်အပျက်တွေ၊ ကုလသမ္မဂနဲ့  အန်ဂျီအိုတွေ စုဆောင်းထားတဲ့ အထောက်အထား သတင်းအချက်အလက်တွေကို တရားရုံးခွင်မှာ တရားဝင်တင်ပြပြီး နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ CNN BBC FOX ABC NBC တို့ ကနေ မြန်မာပြည်အရေးကို ကမ္ဘာကသိစေမယ်၊ အရေးတယူ ရှိလာအောင်လုပ်မယ်။ ဘယ်လိုလဲ။

၎င်းတို့ ထဲကပဲ ၎င်းတို့ က ၎င်းတို့ ရဲ့အဆိုကို ပိုပြီးခိုင်မာအောင် အခုလိုဆက်ပြောသည်။

ဒါက တခါတည်းလုပ်လို့ မရဘူး။ တနေရာတည်းမှာ လုပ်လို့ မရဘူး။ ထိုင်းအပါအဝင် အိမ်နီးချင်း နိုင်ငံတွေမှာလည်း လုပ်ရမယ်။

၎င်းတို့ ထဲက ၎င်းတို့ က ခုန်ပြီးပြောသည်။ ဒါမဖြစ်နိုင်ဘူး။ မဆိုင်တဲ့သူတွေကိုသတ်တဲ့ လူသတ်တဲ့အလုပ်။ ရာဇဝတ်မှုပဲ။

၎င်းတို့ ထဲက ၎င်းတို့ က ခုန်ပြီးပြောသည်။ ပိုက်ဆံဘယ်ကရမလဲ။ လူဘယ်လိုစုမလဲ။ ခဏလေး အဖမ်းခံ သွားရမယ်။

ခေတ်နဲ့ မဆီလျော်ဘူး။ ခေတ်မရှိတော့ဘူး။

ဟိုနိုင်ငံတွေ ဟိုအဖွဲ့ တွေ ဘာဖြစ်သွားလဲ။

မဆုံးတော့အောင်ပဲ ပြောကြသည်။

မိုးမြင့်အောင်

A

B

C

The Kitchen မီးဖိုချောင်