Friday, August 15, 2008

The Bystander Effort, the boycott by Ashin Lay







ပွဲကြည့်သူလက်ထဲက သပိတ်
အရှင်လေး
သြဂုတ် ၈၊ ၂ဝဝ၈

(၁)
ကိုယ်တစ်ယောက်ထဲ အဖော်ကျဲလည်း
ဇွဲသန် မယုတ် နောက်မဆုတ်နဲ့
မုခ်ဝရှေ့မှာ လက်တကမ်း။
(တင်မိုး)

မွေးနေ့နဲ့ပတ်သက်ပြီးလား၊ အခြားနေ့တစ်နေ့နဲ့ ပတ်သက်ပြီးလားတော့ တိတိကျကျ မမှတ်မိ။ ဆရာ တင်မိုးက လူထု ဒေါ်အမာအတွက် ရေးပေးလိုက်တဲ့ ကဗျာတိုလေးတစ်ခုလို့တော့ အကြမ်းအားဖြင့် မှတ်မိနေတယ်။ တကယ်တော့ ဒီလိုကဗျာမျိုး ကို ဘယ်နှစ်ဘယ်အချိန်က ဘယ်သူ့အတွက် ဘယ်သူက ရေးပေးတာမျိုးဆိုတာကို တိတိကျကျ မှတ်မိနေသင့်တာ။ ဟုတ်တယ်လေ။ ဒီလောက်ရသမြောက်ပြီး အဓိပ္ပါယ်လေးနက်တဲ့ကဗျာဟာကို။ သို့ပေမယ့် ကိုယ်ကလည်း ခုနှစ်သက္ကရာဇ်တွေ၊ အချိန်အခါတွေ မှတ်ရတာမျိုးဆို အလွန်ငြီးငွေ့တာ။ ဒီတော့လည်း အဲဒီဘက်မှာ အလွန်အားနည်းတာ။ ပြောရလျင် ကိုယ့်မွေးနေ့ သက္ကရာဇ်ကိုတောင် ရုတ်တရက်ပြောဖို့ မေ့လျင်မေ့နေတတ်တာ။ ဒါကတော့ ကိုယ်က ဗေဒင် မမေးရပါပဲ ရင်းနှီးတဲ့ ဗေဒင် ဆရာတွေနဲ့ တွေ့တဲ့အခါ ဘယ်နေ့မွေးလည်းမေးတတ်လို့ နှုတ်ထဲ တွေ့ရာကို ပြောနေကြမို့ ကိုယ့်မွေးနေ့က ကဘောက်တိ ကဘောက်ချာ ဖြစ်နေတာလည်း ပါသပေါ့။

ခုလို နေ့လတွေမှတ်တာ ဝါသနာ မထုံတော့လည်း အရေးဆိုလျင် တစ်ခုခုကို တိတိကျကျပြန်ပြောနိုင်ဖို့ ခက်နေတတ်ပါတယ်။ ဒါကြောင့် အထက်က ကဗျာလေးကိုလည်း ဘယ်တုံးကရေးခဲ့တယ်ဆိုတာကို တိတိကျကျ ပြန်မပြောနိုင်ပါဘူး။ ဒါပေမယ့် ကဗျာလေးရဲ့အကြောင်းအရာနဲ့ အဓိပ္ပါယ်လေးကတော့ စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ကိုပဲ စွဲကျန်နေရစ်ပါတယ်။

ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ဆိုလျင် တစ်ယောက်ထဲပင်ဖြစ်စေဦး၊ မလျော့တမ်းဇွဲနဲ့ ဆက်လက် လျှောက်လှမ်းသွားမယ် ဆိုလျင် ပန်းတိုင်ကို ဧကန်ရောက်မှာ။ အားမလျော့နဲ့။ အားမငယ်နဲ့။ ဆက်လျောက်ပါ၊ ဆက်သွားပါတဲ့။ ဘယ်လောက်ခွန် အားဖြစ်ဖွယ် စကားပါလဲ။ တိုတိုနဲ့ ထိထိမိမိရှိတဲ့ ကဗျာလေး။ အသံကလည်း ချိုပါဘိသနဲ့။ တခေါက်ဖတ်ကြည့်ရုံနဲ့ပဲ စွဲငြိ အမှတ်ရနိုင်လောက်တာ။

(၂)
ကိုယ်ကိုယ်တိုင်ကသာ ဘယ်အားကစားမှ မကစားတတ်တာ။(ဒါလည်းကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က အခွင့်အလမ်း ဖန်တီး မပေးနိုင်ခဲ့တာလည်း ပါမှာပါ)တရားသဖြင့် ယှဉ်ပြိုင်ကြတဲ့ အားကစားတွေဆိုလျင် အားကစားနည်းပေါင်းစုံလောက်ကိုပဲ ဝါသနာပါတာ။ လက်ဝှေ့ပွဲက လွဲရင်ပေါ့။ လက်ဝှေ့ကိုတော့ အားကစားတစ်ရပ်လို့ မမြင်နိုင်တာကြောင့် ဝါသနာမပါတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီတော့ အားကစားပေါင်းစုံကို ဝါသနာပါတော့ အခွင်သာလျင် အားကစားပွဲတွေကို ကြည့်နေကြပါ။ အထူးသဖြင့် ကမ္ဘာနဲ့ချီကျင်းပတဲ့ ကမ္ဘာ့အားကစားပွဲကြီးတွေဆိုလျင်ဖြင့် အားကစားတွင်သာမက၊ ဖွင့်ပွဲ ပိတ်ပွဲစတဲ့ အနုပညာမြောက် အခမ်းအနားကြီးတွေကိုလည်း စိတ်ဝင်တစား ကြည့်တတ်ပါတယ်။

ခုလည်း ကမ္ဘာ့အိုလံပစ်ပွဲကြီး။ တရုတ်နိုင်ငံမှာ ကျင်းပနေတယ်။ ပီကင်းမှာ ကျင်းပတာမို့ ပီကင်းအိုလံပစ်တဲ့။ တရုတ်အစိုးရ အဆိုအရတော့ အကြီးကျယ်အခမ်းနားဆုံး အားကစားပွဲတော်ကြီးတဲ့။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်နိုင်ဘူး။ ကြီးကျယ်မှု ခမ်းနားမှုဆိုတာတွေကို အံ့သြဘနန်း လုပ်ပြနိုင်တာသက်သက်နဲ့ တိုင်းတာလို့မှ မဖြစ်နိုင်တာ။ လူ့အရိုးခေါင်းတွေ ရာထောင်သိန်းသန်းမက ပုံပြပြီး အရိုးတောင်ကြီး ဖန်တီးပြနိုင်တာမျိုးကို ခမ်းခမ်းနားနားလုပ်ပြနိုင်သူလို့ ဘယ်လိုလုပ် ကင်ပွန်းတတ်နိုင်မှာလဲ။

တကယ်တော့ တရုတ်အစိုးရဆိုတာက ကမ္ဘာပေါ်က ကိုယ်ကျင့်တရားခေါင်းပါးတဲ့၊ ကိုယ့်ပြည်သူ ပြည်သားတွေကို မတရား နှိပ်စက် ညှင်းဆဲသတ်ဖြတ်နေတဲ့ ခေါင်းဆောင်ဆိုးတွေကို မြှောက်ထိုးပင့်ကော် အားပေးထောက်ပံ့ပြီး အဲဒီလိုနိုင်ငံတွေက သယံဇာတတွေနဲ့ သူ့အာဏာအင်ပါယာကို ခိုင်မာအောင် တည်ဆောက်နေတာ။ သူ့စီးပွါးရေးကို အားကောင်းအောင် လုပ်နေတာ။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသလိုမျိုး။ ဘယ်သူတွေ မသာဖြစ်ဖြစ် ၊ ဝတို့ သာသာယာယာဖြစ်လျင် ပြီးရော ဆိုတာမျိုး။

ဒါကြောင့် သူ့အားကစားပွဲကြီးက ကြီးကျယ်ခမ်းနားတယ်ဆိုလျင်တောင် အပြစ်မဲ့တဲ့ သူ့ပြည်သူပြည်သားတွေရဲ့ သွေးစက်တွေ၊ ချွေးစက်တွေ ဘယ်လောက်တောင် လိမ်းကျံထားမယ်၊ ကိုယ့်ပြည်သူပြည်သားတွေရဲ့ ထမင်းလုပ်တွေလည်း ဘယ်လောက်ပါမယ်ဆိုတာ ခန့်မှန်း တွက်ဆလို့မှ မရတာ။

ကိုယ်ကတော့ ရှင်းတယ်။ အဲဒီလို လူ့ကျင့်ဝတ်တရားဖောက်ပြားချို့ယွင်းတဲ့သူတွေရဲ့ လုပ်ရပ်တွေကို ဘယ်နည်းနည်းနဲ့မှ အား မပေးနိုင်၊ မထောက်ခံနိုင်ဘူး။ ဒါကိုမှားတယ်လို့ ဆိုလျင်လည်းဆိုတော့။

(၃)
ဒီနေ့အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဘာကလေမြို့မှာ ရှစ်လေးလုံး နှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနေ့ရယ်လို့သတ်မှတ်ကာ မြန်မာအလံတင်ပွဲကျင်းပတယ်။ အဲဒီကိုတော့ အချိန်လုံးဝမရလို့ မသွားနိုင်ခဲ့ဘူး။ ညနေပိုင်းမှာလည်း ဆန်ဖရန်စစ္စကို မြို့လည်မှာရှိတဲ့ Union Square ရင်ပြင်မှာ “မြန်မာနေ့” စုပေါင်းကျင်းပတယ်။ အဲဒီကိုတော့ သွားနိုင်ခဲ့တယ်။

ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ စစ်ကျွန်အောက်ကလွတ်မြောက်ရေးကို လူတိုင်းအလိုရှိပေမယ့် ဘာဖြစ်လို့ မလွတ်မြောက်နိုင် ဖြစ်နေကြတာလဲလို့ ကိုယ်စဉ်းစားမိတဲ့အချက်ထဲမှာ (Bystander)မဆိုင်သလို ရပ်ကြည့်နေသူ၊ စောင့်ကြည့်နေသူတွေ၊ ကိုယ့် ကိုယ်စားတစ်ဦးတစ်ယောက်က လာလုပ်ပေးမှာပဲလို့ မျှော်လင့်နေသူတွေ များနေလို့လို့ ကိုယ်ကယုံကြည်နေတယ်။

ဒါကြောင့် ကိုယ်ကတော့ ကိုယ့်ပြည်လွတ်မြောက်ရေးအတွက် လုပ်တဲ့ပွဲမျိုးဆိုလျင် တတ်နိုင်သမျှ ရောက်အောင်သွားတယ်။ ဒါပေမယ့် ခုထိ ဘာမှဖြစ်မလာသေးတာအတွက်တော့ ကိုယ့်ကိုယ်ကိုလည်း အားမရသလို ကိုယ်လိုလုပ်နေကြသူတွေကိုလည်း အားမရဘူး။ အဲ ဘာမှမလုပ်ပဲ ဘေးထိုင်ဘုပြော ရေစုန်ကို ပေါလော မြှောလိုက်နေချင်တဲ့ တာဝန်မဲ့လူသားတွေကိုတော့ နာကျည်းဒေါသဖြစ်တယ်။ ဒီလိုသူတွေ ဘယ်လို စိတ်ဓာတ်မျိုးနဲ့များ အသက်ရှင်ရပ်တည်လို့ နေနိုင်ကြပါလိမ့်လို့လည်း စဉ်းစားမရအောင်ဖြစ်မိတယ်။

(၄)
ရှစ်လေးလုံး အနှစ်နှစ်ဆယ် ပတ်လည်တဲ့။ တကယ်တော့ ဒီပွဲမျိုးကို ပျော်ပျော်ရွှင်ရွှင် မြိုင်မြိုင်ဆိုင်ဆိုင် အောင်ပွဲခံတဲ့အနေနဲ့ ကိုယ့်မြေကိုယ့်ရေပေါ်မှာ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူနွှဲပျော် ကျင်းပရမှာ။ ခုတော့ တစ်နယ်ဝေးမှာ ကြေကွဲဝမ်းနည်းစရာပွဲအဖြစ် ပြုလုပ်ကြရတယ်။ ကိုယ်တို့က ဝမ်းနည်းစွာ ငိုကြွေးနေချိန်မှာ ကိုယ့်မြေကိုယ့်ရွာက ထွက်တဲ့ သယံဇာတ၊ ကျောက်သံပတ္တမြား၊ သစ်၊ ဝါး၊ ကုန်ကုန်ပြောရလျင် ပုတ်သင်လို တောက်တဲ့လို အကောင်ကစပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားပြီး ကြီးပွား တိုးတက်လာတဲ့သူတွေက ကမ္ဘာ့အိုလံပစ်လိုပွဲကြီးကို ခမ်းခမ်းနားနားကြီးနွှဲလို့။

အားကစားကို ဘယ်လောက်ပဲ စိတ်ဝင်စားစား။ ယှဉ်ပြိုင်မှုကို ဘယ်လိုပဲ အားကျအားကျ။ ကိုယ်ကတော့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်။ ပီကင်းအိုလံပစ်ကို သပိတ်မှောက်ထားလိုက်တယ်။ ပြိုင်ပွဲမပြောနဲ့။ ပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ သတင်းဆိုလျင်တောင်မှ မဖတ်ပဲ၊ မကြည့်ပဲ၊ နေလိုက်မယ်။

ကိုယ့်ရဲ့ထောက်ခံအားပေးမှု တရုတ်အစိုးရ မရနိုင်တာတော့ လုံးဝသေချာတယ်။ တစ်ယောက်ထောက်ခံမှု မရတော့ကော၊ ဘာအရေးလဲလို့၊ မေးချင်မေးနိုင်တယ်။ ကြားဖူးတာရှိတယ်။

မျက်စဉ်းရည်လေးတွေ တစက်ချင်းခပ်ပေမယ့် ပုလင်းထဲက မျက်စဉ်းရေတွေအားလုံး ကြာလာတော့ ကုန်သွားတယ်တဲ့။ ပျားကောင်လေးတွေ နှုတ်သီးဖျားလေးနဲ့ တစက်ချင်းစုရာကနေ ပျားရည်တွေ အများကြီးဖြစ်လာတယ်တဲ့။ ချလေးတွေ ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးနဲ့ ကိုက်ချီစုတာ ဧရာမ ချတောင်ပို့ကြီးတွေ ဖြစ်လာတယ်တဲ့။

ကိုယ်က ခုမှအိုလံပစ်ကိုသာ သပိတ်မှောက်တာ မဟုတ်ဘူး။ ဗမာစစ်အာဏာရှင် လူဆိုးတွေကို သက်ဆိုးရှည်ဖို့ အထောက်အပံ့ဖြစ်စေနိုင်လို့မို့ ရှယ်ဗရွန်(Chevron) ဓာတ်ဆီဆိုင်က ဓာတ်ဆီဆိုလျင် ဘယ်တော့မှ မထည့်ဘူး။ ကိုယ်ကိုယ်တိုင် ဝယ်သုံးရတာမျိုးဆိုလျင် မိတ်အင်ချိုင်းနား(Made In China) ဆိုတဲ့ တရုတ်နိုင်ငံလုပ် ပစ္စည်းမျိုးဆို တတ်နိုင်သမျှ မဝယ်ဖြစ်အောင် ရှောင်လေ့ရှိတယ်။ လုံးဝရှောင်တိမ်းလို့ မဖြစ်နိုင်ဘူးဆိုလျင်တောင် နှစ်ခုသုံးခု ဝယ်မည့်အစား တစ်ခုလောက်ပဲဝယ်တယ်။

ဒီလိုတစ်ယောက်ထဲ သပိတ်မှောက်နေရုံနဲ့ ဘာထူးမှာလဲလို့ မမေးပါနဲ့။ ပြောခဲ့သလို ခြလေးတွေ၊ ပျားလေးတွေတောင် တောင်ပို့ကြီးတွေ၊ ပျားလဘို့ကြီးတွေဖြစ်အောင် တည်ဆောက်နိုင်သေးတာ။ တစ်နေ့မှာ ကိုယ့်လုပ်ရပ် အောင်မြင်မလာဘူး၊ အကျိုးရှိလာနိုင်စရာ မရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ကိုယ့်လိုသူတွေ တိုးတက်များပြား မလာနိုင်ဘူးလို့လည်း ဘယ်သူပြောနိုင်မှာ လဲ။

ဘာပဲဖြစ်ဖြစ်၊ တကယ်လို့ ကိုယ်တစ်ယောက်ထဲဖြစ်နေလို့ အဖော်ကျဲ၊ အဖော်ကွဲနေလျင်တောင် ကိုယ်ကတော့ ဇွဲသန်မယုတ်မလျော့ဘဲ အားမာန်အပြည့်နဲ့ ရှေ့ဆက်လို့လျှောက်ကာ နေဦးမှာပဲ။ ။

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်