ကာရစ်ဘီယံ ကွင်းဆက်
ဝီလီယံ ဘွတ် သြဂုတ် ၁၄ ၊ ၂၀၀၈
ဝီလီယံ ဘွတ် သြဂုတ် ၁၄ ၊ ၂၀၀၈
ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများက ဗြိတိန်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ပြုထားရာ ကာရစ်ဘီယံ ပင်လယ်ကွေ့ရှိကျွန်း ငယ်များနှင့် ဘာမြူဒါဒေသကို အသုံးချ ပုံဖျက်ကာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေလျှက်ရှိသည်။ ဤနည်းအားဖြင့် သူတို့က နိုင်ငံတကာ စီးပွားပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်ကွင်းနိုင်ကြသလို၊ လူအများအာရုံစိုက် ဝေဖန်ခံရခြင်းမှလည်း ကင်းလွတ်ခွင့် ရနေစေသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က စစ်အစိုးရကို အထီးကျန်ဖယ်ကျဉ်ထားရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုများ ဖြစ်ပေါ်လာစေရန် ဖိအားပေးသည့်အနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားကြသော်လည်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်ငန်းက ကြီးထွားတိုးတက်နေလျက် ရှိသည်။
ဤကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုအချို့မှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ၀င် ရောက်လာနေကြပြီး ၎င်းနိုင်ငံများက စီးပွားပိတ်ဆို့ဒဏ်ခတ်သည့် မူအပေါ်လည်း ဆန့်ကျင်ရပ်တည်နေခဲ့ကြသည်။ သို့သော် ဤရင်းနှီးမြှုပ်နှံမှုများတွင် အနောက်တိုင်းကုမ္ပဏီများက ဘဏ္ဍာရေးအရ ပတ်သက်ဆက်စပ်မှုများလည်း ရှိနေကြပြီး ၎င်းတို့က ပုံဖျက်ဖုံးကွယ်၍ ဆောင်ရွက်နေကြသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုနေကြသည်။
မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဖော်ပြခဲ့ရာတွင် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၀၅ သန်းအနက် ၉၀ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများအတွက် ၀င်ရောက်လာခဲ့ကြသည်ဟု ဆိုပါသည်။
စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၄၇၅ သန်းမှာ စွမ်းအင်တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများသို့ ၀င်ရောက် မြှုပ်နှံခဲ့ကြပြီး ၂၀၀၆ ခုနှစ် ပမာဏနှင့် နှိုင်းယှဉ်လျှင် ၃ ဆခွဲကျော် တိုးတက်များပြားလာခဲ့သည်ဟု ၎င်းဝန်ကြီး ဌာန၏ စာရင်းများအရ သိရှိကြရသည်။
မြန်မာနိုင်ငံက ဖော်ပြရာတွင် ၂၀၀၇ ခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှုများ၏ ၄၀ ရာခိုင်နှုန်းမှာ ဗြိတိန်မှလာကြသည်ဟု ဆိုပါသည်။ ဗြိတိန်အစိုးရမှာ မြန်မာစစ်အစိုးရအပေါ် ကျယ်ကျယ်လောင်လောင် ပြစ်တင်ဝေဖန်ထားပြီး ပိုမိုတင်းကျပ်သည့် အရေးယူမှုများ ချမှတ်ရန်လည်း တလျှောက်လုံး တိုက်တွန်းလာခဲ့သည်။
သို့သော်လည်း လန်ဒန်ရှိ ဗြိတိန်အစိုးရကမူ တိုး၍ ရင်းနှီးမြှုပ်နှံမှုများ ပြုနေသည်ဟူသည့် အချက်ကို ငြင်းပယ်နေဆဲဖြစ်ပါသည်။ သူတို့က ဖော်ပြကြရာတွင် ဗြိတိန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ကုမ္ပဏီများအပေါ် အစိုးရနှင့် ပြည်သူများ၏ ဖိအားပေးမှုနှင့် ဥရောပသမဂ္ဂက ကမကထပြုနေသည့် အရေးယူ ဆောင်ရွက်မှုများကြောင့် တနှစ်လျှင် အနည်းဆုံး ဒေါ်လာ ၃ သိန်းမျှအထိ ကျဆင်းနေသည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် စာရင်းကိန်းဂဏန်းများမှာလည်း ရာနှုန်းပြည့် ယုံကြည်ကိုးစား၍ မဖြစ်နိုင်ပါ။ အကြောင်း မှာ မြန်မာ့စီးပွားရေးက မမြင်သာသည့် တွင်းနက်ကြီးသဖွယ်ဖြစ်နေပြီး ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)တို့ကပင် သူတို့၏ ဖွံ့ဖြိုးရေးချေးငွေများပေးအပ်မည့် နိုင်ငံများစာရင်းမှ ပယ်ဖျက်ထားခဲ့ကြပါသည်။ မြန်မာနိုင်ငံက ကြွေးမြီများပေးဆပ်ရန် ပြဿနာရှိနေပြီး ဘဏ္ဍာရေးအရ ကူညီထောက်ပံ့နိုင်ရန် အနိမ့်ဆုံးလိုအပ်သည့် စာရင်းဇယားများကိုလည်း တင်သွင်းရန် ပျက်ကွက်နေကြပါသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်းသို့ အခြားနေရာများမှ ငွေကြေးများ စီးဝင်နေကြဆဲ ဖြစ်သည်။ ဤသို့ငွေကြေးစီးဝင်နေသည့် နေရာများတွင် အခွန်ကင်းလွတ် ရှောင်တိမ်းနိုင်ရာဟု လူသိများကြသည့် ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းများ (British Virgin Islands) နှင့် ဘာမြူဒါကျွန်းများ ပါဝင်နေသည်ကို တွေ့ရှိလာကြပြီ ဖြစ်သည်။
၎င်းဗြိတိသျှအစောင့်အရှောက်ခံ ကျွန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ အများအပြားက မှတ်ပုံတင်ထားကြပြီး အမေရိကန်၊ ဗြိတိန်စသည့် သူတို့၏ အစိုးရများက စီးပွားဒဏ်ခတ်ပိတ်ဆို့ထားသည့် အခြေအနေကိုလည်း ရှောင်ကွင်း၍ ဆောင်ရွက်နိုင်ကြပါသည်။ ထိုမျှမက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုရန်လည်း မူရင်းနေရာကို ပုံဖျက်ဖုံးကွယ်ထားနိုင်ကြပါသည်။
"ကျနော်တို့ ပြောနိုင်သလောက်ကတော့ ဗြိတိသျှကုမ္ပဏီတွေက မြန်မာနိုင်ငံမှာသွားပြီး ရင်းနှီးမြှုပ်နှံနေတာ မဟုတ်ပါဘူး။ ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်း၊ ဒါမှမဟုတ် ဘာမြူဒါမှာ လက်ခွဲဖွင့်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေက သူတို့ရဲ့ကုမ္ပဏီအခွဲ တွေကတဆင့် မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံနေကြတာပါ" လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign UK ၏ ဒါရိုက်တာ မာ့က် ဖာမာနာ (Mark Farmaner) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။
“ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းနဲ့ ဘာမြူဒါက ယူကေရဲ့အစောင့်ရှောက်ခံဒေသတွေ ဖြစ်နေတော့ (မြန်မာစစ်အစိုးရအနေ နဲ့) ဗြိတိသျှ ရင်းနှီးမြှုပ်နှံမှုဆိုပြီး မှတ်ပုံတင်စာရင်းသွင်းလိုက်တာပါ။ ကျနော်တို့က ၁၀ နှစ်တိုင်တိုင် ယူကေ အစိုးရကို ဒီလို နေရာမျိုးတွေကို ပိတ်ပစ်ဖို့၊ ဗြိတိန်နိုင်ငံကို ဒီလိုအသုံးချခံနေရတဲ့ အနေအထားမျိုးကို ရပ်ဆိုင်းဖို့ တိုက်တွန်းနေခဲ့တာပါ။ သူတို့ကတော့ ငြင်းပါတယ်။ ဥရောပသမဂ္ဂ တခုလုံးအနေနဲ့ စတင်လှုပ်ရှားလာတာမျိုး ဖြစ်စေချင်တယ်လို့သာ ပြောနေကြပါ တယ်"ဟု မာ့က် က ပြောသည်။
"ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ်(Total)နဲ့ အမေရိကန်ရေနံကုမ္ပဏီ ယူနိုကယ်၊ ချယ်ဗရွန် (Unocal/Chevron) တို့ က ဘာမြူဒါကတဆင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေကြပါတယ်။ ဒါတွေအားလုံးကို စစ်အစိုးရရဲ့စာရင်းမှာ ဗြိတိန်ရဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် တွက်ချက်ဖော်ပြနေကြတယ်"ဟု လည်း ၎င်းက ဆိုသည်။
Burma Campaign UK အဖွဲ့က မြန်မာစစ်အစိုးရနှင့် စီးပွားဆက်ဆံနေကြသည့် ကုမ္ပဏီများ ကို အမည်စာရင်းဖော်ပြ၍ "ရှက်ဖွယ်ကုမ္ပဏီများ" အဖြစ် စာရင်းပြုစုခဲ့ပါသည်။
ဤသို့ "နာမည်ပျက် ကုမ္ပဏီများ"စာရင်းတွင် နိုင်ငံရပ်ခြားကုမ္ပဏီ ၁၅၄ ခုကို အမည်ဖော်ပြထားပြီး နောက်ဆုံးစာရင်းများအရ ရေနံနှင့် သဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ လက်ခွဲကုမ္ပဏီ များမှတဆင့်ဖြစ်စေ ပါဝင်ပတ်သက်နေကြသည့် ကုမ္ပဏီ ၃၃ ခု ရှိ နေပါသည်။
"နောက်ဆုံးစာရင်းဖြည့်သွင်းခဲ့တဲ့ ကုမ္ပဏီတွေကတော့ သတင်းအချက်အလက် အသစ်တွေရတာရယ်၊ မြန်မာနိုင်ငံ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်တိုးလာလို့ပါ"ဟု ဤလှုပ်ရှားမှု၏ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ ဂျော်နီ ချက်တာတွန် (Jonny Chatterton) က ဆိုပါသည်။
နောက်ဆုံးပြုစုထားသည့် စာရင်းများအရ ရေနံ၊ သဘာဝဓာတ်ငွေလုပ်ငန်းနှင့် ရေအားလျှပ်စစ်စသည့် အခြားစွမ်းအင်ဆိုင် ရာလုပ်ငန်း စီမံချက်များတွင် အသစ်ဝင်ရောက်မြှုပ်နှံလာသည့် ကုမ္ပဏီ ၁၄ ခု ရှိနေပါသည်။
ဤသို့ ပုံဖျက်ဝင်လာကြသည့် ကုမ္ပဏီများသည် MPRL E&P Limited (အမ်ပီအာရ်အယ်လ် အီး အဲန် ပီ လီမီတက်)နှင့် ချိတ်ဆက်၍ ၀င်လာကြသည်ကို တွေ့ရပါသည်။ ၎င်းကုမ္ပဏီက စင်္ကာပူနိုင်ငံတွင် ဌာနချုပ်ဖွင့်လှစ်ထားသော်လည်း ဗြိတိသျှ ဗာဂျင်းအိုင်လင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခုဖြစ်သည်။
၎င်း MPRL E&P ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် ကုန်းတွင်း မန်းရေနံမြေအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့ပါသည်။ မကြာသေးမီကာလတွင် ၎င်းကုမ္ပဏီက ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ အေ-၆ လုပ်ကွက် (A 6 Block) တွင်လည်း ရင်းနှီးမှုများပြုခဲ့ကြောင်း Burma Campaign UK အဖွဲ့က ဆိုပါသည်။
ဤသို့ အခွန်ကင်းလွတ်ခွင့်ရရာ ဒေသများကို အခြေခံ၍ ရင်းနှီးမြှုပ်နှံလာသည့် ကုမ္ပဏီတခုမှာ ဖိုးကပ်စ် အင်နာဂျီ (Focus Energy)ဆိုသည့် ကုမ္ပဏီဖြစ်ပြီး ကုန်းတွင်းရေနံတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ဖိုးကပ်စ် အင်နာဂျီ ကုမ္ပဏီ၏ ရုံးမှာ ရန်ကုန်မြို့တွင်ပင် အခြေစိုက်ထားသော်လည်း ဗြိတိန်ရှိ လှုပ်ရှားနေသူများ၏ လေ့လာတွေ့ရှိချက်အရ ဗြိတိသျှကုမ္ပဏီတခု ဖြစ်နေပြီး ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတခု ဖြစ်ပါသည်။
ထို့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူများက မြန်မာနှင့် အခြားအာရှနိုင်ငံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ကြောင့် ပြစ်တင်ဝေဖန်ခံနေရသည့် မလေးရှား သစ်ကုမ္ပဏီတခုဖြစ်သော ရင်မ်ဘူနန် ဟိုင်ဂျူးအုပ်စု (Rimbunan Hijau Group) ကလည်း မကြာသေးမီက ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းတွင် မှတ်ပုံတင်ထားသည့် ၎င်း၏ လက်ခွဲ ရင်မ်ဘူနန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Rimbunan Petrogas)ကို အသုံးချ၍ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အတွင်းသို့ ခြေချလာခဲ့ပါသည်။
"ဗြိတိသျှ ဗာဂျင်းအိုင်းလင်းကျွန်းနဲ့ ဘာမြူဒါဒေသက ဗြိတိသျှ အစောင့်ရှောက်ခံနယ်တွေပါ။ ဘာမြူဒါကျွန်းက အလွန်သေးပေမယ့် နိုင်ငံရပ်ခြားငွေကြေးလုပ်ငန်းတွေနဲ့ အလွန်ကြွယ်ဝချမ်းသာနေကြပါတယ်။ တနိုင်ငံလုံး ကော်ဇောခင်းထားနိုင်လောက်တဲ့အထိ ချမ်းသာနေကြပါတယ်"ဟု ဟောင်ကောင်အခြေစိုက် ငွေကြေး ခ၀ါချမှု ကိစ္စ ကျွမ်းကျင်သူ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုများအတွက် အန္တရာယ် အကဲဖြတ်ပေးနိုင်သူ ပီတာ ဂဲလို (Peter Gallo) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြပါသည်။
"သိပ်ပြီး လက်ခံယုံကြည်ဖွယ်မရှိတဲ့ ရှင်းပြချက်တခုကတော့ (ဗြိတိသျှ) အစိုးရအနေနဲ့ ဒီ ကာရစ်ဘီယံ ပင်လယ်ကွေ့ဒေသ က ကျွန်းငယ်လေးတွေကို အခွန်ကိစ္စ ရှောင်တိမ်းတဲ့ နေရာတွေမှာ အသုံးချဖို့ အားပေးအားမြှောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ လုပ်လာလိုက်တာ နောက်ဆုံး ဘရိတ်အုပ်ဖို့ ခက်လာတဲ့ အနေအထားရောက်လာတယ်လို့ ပြောကြပါတယ်။ ပင်လယ်ရပ်ခြားမှာ စီးပွားရင်းနှီးမြှုပ်နှံကြတဲ့ ကိစ္စတွေအတွက် ရှောင်တိမ်းအလွဲသုံးစားလုပ်လို့ အကောင်းဆုံး အခြေအနေပါ" ဟု လည်း ၎င်းက ဆိုသည်။
ဤနာမည်ပျက်စာရင်းတွင်ပါသည့် တခြားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများမှာ စကော့တလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်နှင့် အမေရိကန်နိုင်ငံများတွင် အခြေစိုက်ထားပြီး သူတို့နိုင်ငံများက ချမှတ်ထားသည့် မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့ အရေးယူမှုမူဝါဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြသည်ကို တွေ့ကြရပါသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ရရှိရေး အသည်းအသန်ရှာတော်ပုံ ဖွင့်နေကြချိန်၊ ရေနံဈေးနှုန်းများက ခေါင်ခိုက်အောင် မြင့်တက် နေကြချိန်တွင် တချို့သော နိုင်ငံများနှင့် ကုမ္ပဏီများက အမျိုးသား အကျိုးစီးပွားနှင့် အကျိုး အမြတ်ကို ရှေ့တန်းတင် ဆောင်ရွက်လာကြပါသည်။
တရုတ်နိုင်ငံက အရာကိစ္စအားလုံးထက် ကိုယ်ကျိုးစီးပွားသာ ရှေ့တန်းတင်ဆောင်ရွက်သည့်နေရာ၌ နာမည်ကြီးပြီး မြန်မာ နိုင်ငံတွင် တိုး၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသလို မြန်မာစစ်အစိုးရကိုလည်း နိုင်ငံရေးအရ ထောက်ခံအားပေးမှုများ ပြုနေပါသည်။ ထိုင်းနိုင်ငံကလည်း နှစ်ရှည်လများ မြန်မာစစ်ဗိုလ်ချုပ်များထံမှ ဓါတ်ငွေ့ဝယ်ယူ၍ ငွေကြေးထောက်ပံ့နေခဲ့ သည်။ ယခုအခါ အိန္ဒိယနိုင်ငံကလည်း ဤလမ်းကြောင်း လိုက်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မြန်မာစစ်အစိုးရက လက်နက်မဲ့ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများ မျက်ဝါး ထင်ထင် တွေ့ကြုံခဲ့ရခြင်းအပါအ၀င် ပြီးခဲ့သည့် မေလက မုန်တိုင်းသင့်ဒုက္ခသည်များအပေါ် လူမဆန်စွာ လျစ်လျူရှုခဲ့မှုများကို အကျယ်အပြန့် တွေ့ခဲ့ကြရပြီးနောက်ပိုင်းတွင် ဤသို့ မြင်ရသည့် စာရင်းကိန်းဂဏန်းများက အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ပင် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံကြသူများအနေဖြင့်လည်း တခဏတာမျှ အနည်းဆုံး ပြန်စဉ်းစားကြည့်ဖို့ ကောင်းသောအခြေအနေ ဖြစ်သည်။
စစ်အစိုးရက ကြေညာထုတ်ပြန်ထားသည့် နှစ်စဉ် ဘတ်ဂျက် ရသုံးငွေစာရင်း၏ တ၀က်ကျော်ကို စစ်တပ်အတွက် အသုံး ချနေပြီး ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၁.၄ ရာခိုင်နှုန်းကိုသာ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ အတွက် သုံးစွဲနေပါသည်။ အာရှတိုက်၏ နောက်ထပ် အဆင်းရဲဆုံး နိုင်ငံတခုဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံထက်စာလျှင် ဤကဏ္ဍများတွင် သုံးစွဲမှု တ၀က်မျှ လျှော့နည်း နေပါသေးသည်။ ကာကွယ်ရေးအသုံးစာရိတ်ကို ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ နှစ်ခုပေါင်းထက် ပို၍သုံးစွဲနေသည်မှာ အာရှတိုက်တွင်မြန်မာတနိုင်ငံတည်းသာ ရှိပါတော့သည်။ ဤအခြေ အနေများကြောင့်လည်း မြန်မာနိုင်ငံတွင် ကလေးသေနှုန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထအမြင့်ဆုံးနိုင်ငံ ဖြစ်နေရပါသည်။
William Boot ရေးသားသည့် The Caribbean Connection ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
No comments:
Post a Comment