Wednesday, May 26, 2010

လူကြီး/လူကောင်း

လူကြီး/လူကောင်း
မောင်ယုပိုင်

ခုကနေစ အရန်မီးသတ်တပ်ဖွဲ့ထဲ ဝင်လိုက်တယ်။ နောက်မကျသေးပါဘူး။
ချစ်သူတစ်ယောက်၊ ကြင်နာသူတစ်ယောက်၊ ကလေးမလေးတစ်ယောက်
ပေါင်းသုံးယောက် ‘အဖော်’ ရှာထားတယ်။

အခုမှ စမယ်၊ ဒါပေမယ့် ဘာသင်တန်းမှ မတက်တော့ဘူး။
ဘာအနာဂတ်စီမံကိန်းမှ မဆွဲတော့ဘူး။ အခြေအနေအရ အပြောင်းအလဲရှိနိုင်တယ်။

သဘာဝဘေးအန္တရာယ်ကပ်၊ စီးပွားရေးကပ်၊ အခု ကပ်ရောဂါ၊
ကမ္ဘာနဲ့ချီ ဖြစ်လာမှတော့လည်း မတတ်နိုင်ဘူး။
ကိုယ့်ဖက်က ခုခံအားကျဆင်းမသွားဖို့ပဲ။

အသွားအလာပျက်စရာ မရှိပါဘူး။
‘စာ’ ပိုဖတ်လာတယ်။ စွဲလည်းစွဲလန်းပြီး တတ်လည်းတတ်နိုင်တာ
ရုပ်ရှင်/တေး/ကဗျာပဲ ကျန်တော့တယ်လို့ ကိုယ့်အကြောင်းကိုယ် ရှင်းလာတယ်။

အကြိမ်ရာထောင် အမှားထဲက သင်ခန်းစာယူရင်း ကဗျာအက်ဒီဆင် မီးသီးလင်းလာတယ်။
ရှာဖွေရင် ရှာဖွေတဲ့ အလုပ်တစ်ခု တိုးရုံပဲရှိမယ်ဆိုတဲ့ ‘ဇင်’ သဘောနဲ့ပြောရရင်
ကဗျာဟာ ငါ့ခန္ဓာမှာ ရှိပြီးသား။ ငါ ဥာဏ်ရောက်သလောက် ပြောသွားမယ်။

ငရဲနဲ့ ကောင်းကင်ဘုံဟာ ငါ့အထဲမှာ။ အိန်ဂျယ်ရော ဒီမွန်ပါ ငါ့အထဲမှာ။
ဆိုတော့ လေတွေနည်းနည်း လျော့လာတယ်။

ဘယ်သူတွေ တရားပျက်ပျက်ပေါ့၊ ရန်သူ မရှိဘူး၊
ဒါပေမယ့် မိတ်ဆွေလည်း လက်ချိုးရေလို့ ရလာတယ်။
ပစ္စုပ္ပာန်နဲ့တည့်တည့် ကျလာတယ်။ စိတ်ကိုတစ်နည်းနည်းနဲ့
ပြောင်းလဲစေတာ ကြိုက်လာတယ်။ ငါ့ဘို့နဲ့ သူမဘို့ပဲ စဉ်းစားတော့တယ်။

ဘဏ်ဓါးမြရုပ်ရှင်တွေ ကြိုက်လာတယ်။
ဘာဖြစ်လဲ၊ မသိရင် မသိဘူးပေါ့၊ မရှိရင် မရှိဘူးပေါ့။ ကားချပ်တွဲတွေ
ကြိုက်ရင်ကြိုက်တယ်ပေါ့၊ သောက်လုံးစားလုံး ကြီးရင် ကြီးတယ်ပေါ့။

ဒါပေမယ့်ပေါ့၊ ငတေမာရင် ပြီးရောတော့ မဟုတ်ဘူး။
ယနေ့နိုင်ငံတကာကို မသိလို့တော့ မဟုတ်ဘူး။
ဝေါ့ဒစ္စနေရဲ့အဆုံးအမတွေ မေ့သွားလို့ မဟုတ်ပါဘူး။

ဒိထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး။
တစ် ဒီအရပ် ဒီဇာတ်မှာ
နှစ် အသက်ကလေးက နည်းနည်းရလာတဲ့ အကြောင်းပါပဲ။ ။

မောင်ယုပိုင်
(၂၀ဝ၉ ဇူလိုင်)
© http://www.mgyupie.co.cc/

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်