Friday, May 21, 2010

အတည် အမြဲတွေးလို့ ထွီကနဲ ထွေးစို့ ...


အတည် အမြဲတွေးလို့ ထွီကနဲ ထွေးစို့ ... တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

ကျနော့်မှာက သက်မွေးဝမ်းကျောင်းအလုပ်များဖြင့် မအားလှ ...။ ကိုယ့်ဘ၀လေးကိုယ် ကျကျနန လူမွေးသူမွေးပြောင်အောင် ကိုယ့်ဦးနှောက် ကိုယ့်အသိဉာဏ်အား အရင်းပြု၍ ငွေစကြေးစလေး ရှာဖွေရပ်တည်နေသူ ဖြစ်၏။

ယနေ့ ထုံးစံအတိုင်း ကျနော့်ရုံးခန်းထဲတွင် ကော်ဖီထိုင်သောက်ရင်း နာရီကြည့်လိုက်တော့ မနက်ခုနှစ်နာရီ နှစ်ဆယ်ရှိပြီ။ သူငယ်ချင်းဖြစ်သူ ကိုလွဏ်းဆွေက အင်တာနက်မှတဆင့် “ဟေ့ ... ကိုယ့်လူ ... ရေးလိုက် မရေးလိုက်မလုပ်နဲ့လေ၊ ခုချိန်မှာ လူထုအတွက် အမြဲရေးနေသင့်တယ်” ဟု ပြော၏။ ကျနော်က ကျနော့်အခန်းတံခါးဝတွင် ပြူတစ်ပြူတစ်လုပ်နေသော ထုတ်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးကို ၀င်လာရန် လက်ယပ်ခေါ်လိုက်၏။

ပြီးနောက် ကိုလွဏ်းဆွေကို “ဟေ့လူရေ ... နအဖကတော့ အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်လွန်းတယ်ဗျို့။ ဒီလူတွေ စောက်ရှက်မဲ့တာ ကမ်းက ကုန်ကိုမကုန်နိုင်ဘူးပဲ” ဟု ပြန်ပြောလိုက်၏။ ကျနော်က ကိုလွဏ်းဆွေ လှမ်းပြောသည်ကို ဖတ်လိုက်၏။ ထို့နောက် ခေတ်ပြိုင်အင်တာနက်စာမျက်နှာသို့ သွားကြည့်ဖြစ်တော့၏။ ဒီတခါတော့ ကျနော် သရော်စာရေးမည်မဟုတ်။ တည်တည်တံ့တံ ဝေဖန်ပါမည်။

နအဖ၏ ဗိုလ်သိန်းစိန်တို့က စစ်ဗိုလ်ချုပ်နှင့် ၀န်ကြီးချုပ်ဆိုသည်မှာ နိုင်ငံရေးရာထူးဖြစ်သည်ဟု အတည်ပေါက်တွေပြောကာ ကြံ့ဖွတ်ပါတီ ထထောင်လိုက်သည်က မထူးဆန်းလှပါ။ သို့သော် ဒီလူတွေ အရှက်မဲ့တာ ကမ်းကုန်နိုင်သေးဘူးပဲကိုးဟုတော့ အံ့သြလိုက်မိပါသည်။ မြို့လည်လမ်းဆုံလမ်းခွက အိမ်သာတလုံးတွင် အခင်းကြီး ထိုင်သွားနေစဉ် ၀ုန်းကနဲ နံရံလေးဘက်ပြိုသွားပြီး ဝန်းကျင်အရပ်လေးမျက်နှာက လမ်းသွားလမ်းလာများ အလည်တွင် စက္ကူမရှိ၊ ရေမရှိ၊ ဖင်ပြောင်ငုတ်တုတ်ဖြစ်ရသည်ထက်ပင် ရှက်ဖို့ကောင်းလှသော်လည်း အနှီဆရာသမားတို့က “တူမကြီး အဲဒီမဲပြားလေးတွေ ကမ်းလိုက်စမ်းပါ၊ အီအီးကုန်းဖို့”ဟုပင် ပြောနေသည့်သယောင်။

ယခု ဆွေးနွေးလိုသည်မှာ ယခင်အပတ်က ကျနော် ဘာသာပြန်ခဲ့သည့် ဒေါက်တာခင်ဇော်ဝင်းဆိုသူ၏ ခပ်နိမ့်နိမ့်စာတမ်းနှင့် ယခုလက်ရှိ ကျယ်လောင်နေသော ဦးခင်မောင်ဆွေတို့ လေးငါးဦးအုပ်စု၏ကိစ္စပင် ဖြစ်ပါတော့ ၏။ ထိုအကြောင်းတို့ကို ပြောရမည်ဆိုလျှင် မည်သည့်အခါကမျှ လက်ကြောတင်းအောင် အလုပ်လုပ်ပြီး ရိုးရိုးသားသား ထမင်းရှာမစားဖူးခဲ့သည့် သောင်းထွန်း (ဘားမားဖန်းမှ သန်းပေါင်းများစွာသော အမေရိကန်ဒေါ်လာတို့ကို ကိုင်ဆောင်သုံးစွဲနေသူ)၊ ဇော်ဦး၊ အောင်နိုင်ဦးတို့နှင့် မြန်မာပြည်တွင်းမှ သခင်တင်မြ၊ ကျော်ဝင်း၊ မောင်စူးစမ်းတို့၏ အောက်တန်းကျလှပုံကိုပါ ဆွေးနွေးရမည်ဖြစ်ပေသည်။

ဒေါက်တာဇာနည် ဗိုလ်ချုပ်ခင်ညွန့်နှင့် ဆွေးနွေးရန် လုပ်သည့်ကိစ္စတုန်းက ကျနော်မှတ်မိသေး၏။ ဒေါက်တာဇာနည်ကို မီဒီယာဒုံးကျည်ဖြင့် ၀ိုင်း ခရေပွင့်ခြွေကြ၏။ ဟိုလိုလို ဒီလိုလိုနှင့် ရူးချင်ယောင်ဆောင်သွားသော ဘိုဘိုကျော်ငြိမ်းတို့တော့ မလွတ်သာလွတ်သာ ကပ်လွတ်သွား၏။ ဇော်ဦးတို့ မြန်မာပြည်တွင်းသို့ ၂၀၀၈ ခုနှစ်က ဝင်ရောက်သွားခဲ့၏။ ကြပ်ပြေးနေပြည်တော်အထိ ချီတက်ဖြစ်ခဲ့သည်ဟုသိရ၏။ ထိုကိစ္စတုန်းက တော်တော်များများက သိကြပါ၏။ သိသိနှင့် ငြိမ်နေခဲ့သလို အားလုံးက တုံဏှိဘာဝေနေကြ၏။ ကျနော်က မနေနိုင်တော့ ထရေးဖြစ်၏။ သို့သော် အားလုံးကို ရောမွှေပတ်တုတ်သည့်ထဲတွင်သာ တကြောင်းစ နှစ်ကြောင်းစ ပါသွား၏။ သိပ်အသေးစိတ်မကျ။ အောင်နိုင်ဦးတို့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး တွတ်ထိုး၏။ ဧရာဝတီလို လက်ဝေခံ သတင်းဌာနလေးကလည်း ယခုအခါ ခင်မောင်ဆွေကို ပွဲအကြီးအကျယ်ထုတ်၏။ ထိုဧရာဝတီကိုလည်း မြန်မာလို ပြောတတ်၍ အင်္ဂလိပ်လို ဘာသာပြန်တတ်ပြီး ရိုရိုကျိုးကျိုးရှိလျှင် မြိုးမြိုးမြက်မြက်ရသော (သတင်းသမား အလုပ်ဖြင့် လူစွာလုပ်နေသော) ဆရာသမားတို့က ရေဒီယိုမှ ပွဲထပ်ထုတ်ပြန်၏။ ကိစ္စမရှိ။ သူများ ထမင်းလုတ်ကို ပုတ်ချရန်မလို။ သို့သော် အနှီသကောင့်သားတို့ မျိုဆို့နေသော ထမင်းလုတ်သည် တိုင်းရင်းသားပြည်သူလူထု၏ ငတ်မွတ်ဆာလောင်ခြင်း သောကတွေကို ဟင်းလျာလုပ်၍ ဝဖြီးစိုပြေနေစေသည့် ပွဲတော်တည်ခြင်းဆိုလျှင်တော့ ဝေဖန်ရမည်ဖြစ်၏။

ကျနော်က စစ်တပ်ကို မမုန်း။ စစ်တပ်ကို သံယောဇဉ်အမြဲရှိ၏။ မတတ်သာသည့်အဆုံး လွန်လွန်းလာသဖြင့် သာ ထချခဲ့ခြင်းဖြစ်၏။ စစ်ဗိုလ်စစ်သားများကိုလည်း တကယ့်ယောက်ျားကောင်းပီသပြီး လေးစားအားကိုးဖွယ် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ်မြင်လိုလှ၏။ ကျနော့်အနေဖြင့် သွေးမြင်လျှင် မူးလဲ၊ ဆိုက်ကားဘီးပေါက်လျှင် ပြားနေအောင် ဝပ်သည့်အထိ ကြောက်တတ်သော်လည်း သွားလေသူ ကျနော့်အကိုကြီး၏ သူရဘွဲ့နှင့် ငွေဓားကို အမြဲအားကျခဲ့ဖူးသည်မှာ လူပျိုပေါက်ကတည်းက ဖြစ်၏။ မဟုတ်လျှင် မဟုတ်၊ မတရားလျှင် မတရား ဆိုသည်ကိုတော့ ကြံရာပါ လူယုတ်မဟုတ်လျှင် ဝေဖန်ရမည်၊ ပြောရမည်၊ ဆန့်ကျင်ရမည်ဖြစ်၏။ ဒါကလည်း စစ်တပ်ကိုမှမဟုတ် မည်သူ့ကိုမဆိုဖြစ်၏။

ထိုအကြောင်းရင်းတို့ကြောင့် ကျနော်တို့ ခေတ်စကားနှင့်ပြောရမည်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စကတည်းက ဖီးလ်မလာခဲ့။ ရေရေလည်လည်အောက်သည့် ကိစ္စများကိုလည်း ကျနော် ဝေဖန်ခဲ့၏။ ကျနော် အသည်းနာသည်မှာ အာရှတိုက်ကြီးတွင် ကျနော်တို့ ငမွဲ၊ ငပြာ၊ ဖာနှင့် သူတောင်းစားဆိုသည့် ဘ၀ကို ရောက်နေရသည့်ကိစ္စသာဖြစ်၏။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဒီမိုကရေစီနည်းကျကျ ရပ်ခံခဲ့ချိန်တွင် အီးတလုံးမပေါက်ခဲ့သောသူများက စာနယ်ဇင်းများ၊ သတင်းဌာနများမှတဆင့် ခပ်ညံ့ညံ့ လေပစ်လက်ကူ ယောက်ျားတန်မဲ့ ထမိန်အလံထူနေသည့်ကိစ္စများအား ရွံ့လွန်းလှသဖြင့်ဖြစ်၏။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးခင်မောင်ဆွေတို့လိုလူတွေ များနေခဲ့လို့များ ဘာအလုပ်မှ မဖြစ်ခဲ့သလားဟုပင် သုံးသပ်ရတော့မည်လိုလို ...။

ဦးခင်ဇော်ဝင်း ရေးခဲ့သောစာက ဦးခင်မောင်ဆွေတို့အုပ်စုနှင့် နိုင်ငံခြားသံတမန်များ ကြားပွဲစားလုပ်ပေးသည့် စာဖြစ်သော်လည်း တဖက်မှကြည့်လျှင် ဦးခင်မောင်ဆွေတို့အုပ်စုအပေါ် အထက်ဆီးကအမြင်ဖြင့် ခပ်ကြောကြော ရေးထားသည့်စာ ဖြစ်၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အငြိုးတကြီး ဂွင်မိုက်တုန်း ၀င်ကိုက်မှ ဆိုသည့် လက်ဟန်ခြေဟန်ဖြစ်၏။ ထိုလက်ဟန်ခြေဟန်တို့နောက်မှ တဖန် ဦးခင်မောင်ဆွေတို့ကလည်း ထပ်ချပ် လိုက်လာသည်ကို မြင်ရသည်မှာ ၀ဲနာကို ကိုက်လျက် တအီအီ အသံပေးနေသည့် ဘုန်းကြီးကျောင်းအောက်က အုပ်စုနှင့် တူပြန်၏။ ကေးဝဋ်ပုဏ္ဏားကို အသပြာခွဲတမ်း ဝေခိုင်းသလို ဖြစ်သည်နှင့်တူသည့် ဦးခင်မောင်ဆွေတို့ အဖွဲ့က ဦးခင်ဇော်ဝင်းကို အားကိုးပြေးရှာသည့်ကိစ္စ နောက်ပိုင်း ဖြစ်ရပ်များမှာ ဦးဗိုလ်ငပြောင်ဝန်ကြီးချုပ် အရှက်မဲ့သည့်နှင်နှင်ပင် ဖြစ်တော့၏။

နိုင်ငံရေးအသက်ကယ်လှေအဖြစ် ပါတီထောင်မည်ဆို၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှဲဒိုးပါတီတခု၊ ကိုယ်ပွားပါတီတခုလိုလို ဆိုသည်ကို တရားဝင်ပြော၏။ ဦးခင်ဇော်ဝင်း၏ စာထဲတွင် ကျန်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များအားလုံးကို ထောင်ထဲဆွဲသွင်းနိုင်စေရန် စကားများ သုံးစွဲထား၏။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုခံယူမည် ပြောသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိထိမိမိ စော်ကားထားသေး၏။

ထိုကိစ္စများသည် အဆက်အစပ်မဲ့သော ကိစ္စရပ်များမဟုတ်။ သောင်းထွန်းတို့နှင့် ဦးခင်မောင်ဆွေ ဆက်စပ် ပတ်သက်မှုတခု၊ ဇော်ဦးတို့နှင့် ပြည်တွင်းမှ မိမိကိုယ်မိမိ ပညာတတ်ကြီးများဟု ယူဆသည့်သူများနှင့် ဒွေးရောယှက်တင် ဖြစ်မှုတခု၊ မြန်မာ့နိုင်ငံရေးကို ၀င်ရောက်သြဇာပေးလိုကြသော မျက်နှာဖြူ မျက်နှာမဲ မျက်နှာဝါတို့ထံမှ သဒ္ဓါကြေးဖြင့် လည်ပတ်နေသောသူများ၏ ဘေးတီးမှုကလည်းတခု၊ အရာရာသည် သူ့ကွင်းဆက်နှင့်သူ ဆက်စပ်နေသော ကိစ္စများဖြစ်၏။

ယခုအခါ ပြည်သူများတွင် သောက်စရာ မျက်ရည်သာကျန်၍ ထမင်းနပ်မမှန်၊ ကျန်းမာရေးဆိုင်ရာကိစ္စ၊ သိက္ခာတရားပိုင်းဆိုင်ရာဆို ဝေလာဝေးဘ၀တွေနှင့် နအဖစစ်အုပ်စု၏အောက်တွင် တုံးအောက်ကဖားများ ဖြစ်နေကြရသည့်အထဲ အထက်ဖော်ပြပါ ဆရာများက တုံးကြားက မြွေလိုဖြစ်နေ၏။ အနှစ် (၂၀) ပတ်လုံး မြန်မာ့နိုင်ငံရေးဖြင့် လုပ်ကိုင်စားလာကြသော သောင်းထွန်းတို့၊ ဇော်ဦးတို့၊ အောင်နိုင်ဦးတို့၊ ခင်ဗျားတို့  သမ္မာအာဇီဝနည်းကလေးနဲ့များ လက်ကြောတင်းအောင် ထမင်းရှာစားဖို့ မကြိုးစားချင်ကြတော့ဘူးလား ဟုပင် မေးရမလိုဖြစ်၏။

ထိုသူတို့၏ လေကြီးလေကျယ် လေထုအောက်တွင် ဦးခင်မောင်ဆွေတို့လို ခပ်ယိုင်ယိုင်၊ ခပ်နဲ့နဲ့လူတွေ ယိမ်းသွားသည်မှာ မဆန်းလှ။ ဦးခင်မောင်ဆွေကို လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ဝန်းကျင်ခန့်က တခါတွေ့ခဲ့ဖူး၏။ ထိုစဉ်အခါက လင့်ခ်ရိုဘာကား ခဲရောင်နှင့်၊ ပင်နီတိုက်ပုံ၊ ကချင်ပုဆိုး၊ လွယ်အိတ်တလုံးနှင့်၊ နိုင်ငံရေးပါတီတခု၏ အကြီးတန်းခေါင်းဆောင်၊ မဆလခေတ် အရာရှိဟောင်း တယောက်အဖြစ် ...။

ထိုစဉ်က စကားမပြောခဲ့ဖြစ်ပါ။ ပြောဖြစ်လောက်အောင်လည်း အကြောင်းအရာမရှိခဲ့သလို ဆွေးနွေးရန်လည်း စိတ်မင်စားခဲ့ပါ။ ကိုယ်က အင်မတန်ငယ်လွန်းသည့် ချာတိတ်၊ သူတို့က ဘ၀အတွေ့အကြုံ၊ လုပ်ငန်းအတွေ့အကြုံ၊ ဖြတ်သန်းမှုအတွေ့အကြုံကြီးသည့် ခေါင်းဆောင်များဆိုတော့ ကိုယ့်ကိုလည်း စိတ်ဝင်တစား ပြောစရာမရှိဟုသာ မြင်ခဲ့မိပါသည်။ တကယ်တော့ သတ္တုချကြည့်လျှင်မူ ဦးခင်မောင်ဆွေတို့လို ခပ်ပျော့ပျော့လူတွေနှင့် သောင်းထွန်းတို့လို လုပ်စားတွေ ပေါင်းစပ်ဆက်နွယ်သွားမှုသည် တမျိုးတော့လည်း ကောင်းသည်ဟု ပြောရမလိုဖြစ်၏။

အကြောင်းမူကား ဖောက်ပြန်သူသည် ဖောက်ပြန်သူနှင့် ပေါင်းမည်ဖြစ်၏။ လေပုတ်ထုတ်ဆေး ဦးသုဝေတို့၊ ကိုယ့်သားလောက် ကလေးတွေများတွေ့လျှင် အဆီဖူး အလိုလိုခါတတ်သော ဦးကျော်ငြိမ်းသမီးတို့အဖွဲ့တို့၊ ခွပ်ဒေါင်းအလံကို ထောင်ကာ အောက်အီးအီးအွတ်ဟု တညလုံး အသံကောင်းဟစ်နေသော ရဲထွန်း၊ အေးလွင်တို့ အုပ်စု၏ကြားတွင် ကြံ့ဖွတ်ပါတီကို ၀င်ပြိုင်ရန် ခြေစစ်ပွဲဝင်လိုကြသည်ဆိုလျှင်လည်း ၀င်ကြပါ။ သမိုင်းဆိုသည့်အရာသည် အညှာတာကင်း၏။ ဘက်လိုက်မှုမရှိ။ နိုင်သူရေးသော ကိုယ်ရည်သွေး မှတ်တိုင်နှင့် ပကတိ သမိုင်းသည် လွန်စွာ ကွာခြားလှသော ကိစ္စဖြစ်၏။

ကျနော့်အနေနှင့် ယနေ့အထိ သောင်းထွန်းတို့၊ ဇော်ဦးတို့၊ အောင်နိုင်ဦးတို့၏ နအဖနှင့် ပလူးပလဲလုပ်၊ ပလဲပနံသင့်ရေးစီမံကိန်းများအား ယခင် ဒေါက်တာဇာနည်ကို ၀ိုင်းဖဲ့ခဲ့ကြသော သူများမသိကြ၍လော သို့မဟုတ် မ.က.ဒ.တနှင့် ပတ်သက်ခဲ့ဖူးသဖြင့် ရေငုံနှုတ်ပိတ်နေကြခြင်းလောကိုလည်း သေသေချာချာ မတွေးတတ်ပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း မာနယ်ပလောကျပြီးသည်အထိ တလျှောက်လုံး ကိုယ့်တပ်ရင်းတပ်ဖွဲ့နှင့် ရပ်တည်ခဲ့ကြသော ကျောင်းသားတပ်မတော် ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဆရာဦးအေးဆောင်တို့ အင်အားစုမှ ရဲဘော်များ၊ လူ့ဘောင်သစ်ပါတီမှ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာရပ်တည်နေထိုင်ရသော ရဲဘော်များ၊ စစ်အာဏာရှင်ကို ဘ၀ပေးတော်လှန်ခဲ့သော ရဲဘော်များနှင့် မည်သည့်အခါကမျှ လက်နက် မကိုင်ခဲ့ဖူးသော်လည်း စစ်အာဏာရှင်စနစ်က တိုင်းပြည်ကို နွံနစ်သည့်ဘ၀မှ မြေပက်ကြားအက်ကာ မြေမြိုသည့်ဘဝသို့ အရောက်ပို့နေသည်ကို ငြိမ်မခံနိုင်ကြတော့သော ပြည်တွင်းပြည်ပ နေရာအသီးသီး ရောက်နေကြသည့် ရဲဘော်များအနေနှင့် အခြေခံအတွေးအခေါ်နှင့် တူညီသည့် ရပ်တည်ချက် ယခုအထိ ရှိနေကြသည်ဟု ကျနော် ယုံကြည်ပါသည်။

ကျနော်တို့ဆန့်ကျင်ရမည်မှာ နအဖ၏ လမ်းစဉ်နှင့် စစ်အာဏာရှင်စနစ်ကိုသာမဟုတ်။ အချောင်သမားလုပ်ရပ်နှင့် ဒီမိုကရေစီအရေး ဗန်းပြကာ ဆူဖြိုးဝဖြီးနေကြသော လုပ်စားများကိုလည်း ဘီလူးစည်းလူ့စည်း ခွဲခြားဆက်ဆံရန် လိုအပ်၏။ ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသည်ဟုဆိုသော စကားသည်မှန်၏။ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်ကြံနေထိုင်နိုင်သော ကာလသို့ ရှေးရှူချီတက်ရာတွင် ဒီမိုကရေစီရေးပန်းတိုင်သို့ ဦးတည်သည့် လမ်းကြောင်းအား အထက်ပါစကားစုလေးတခုဖြင့် လမ်းချော်ယိမ်းယိုင်သွားခွင့် ပေး၍မရ။ ပေးလိုက်လျှင် ဒီမိုကရေစီမရှိသော အနေအထားတွင် ဖောက်ပြန်သူ၊ လက်ကြောမတင်းသူ၊ ကိုယ့်ထမင်းကိုယ် သမ္မာအာဇီဝဖြင့် ရှာမစားခဲ့ဖူးသူများက ငါးပွက်ရာငါးစာချ လုပ်သမျှကို “သြော် ... လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပေသကိုး” ဆိုသော မှတ်ချက်ဖြင့်သာ သက်မချရင်း တစ်က ပြန်စနေရလျှင်ဖြင့် မနိပ်လှ ...။

ယခုအခါ မြန်မာနိုင်ငံ၏ ဂေဟစနစ် လုံးဝပျက်စီးကျိုးပဲ့သွားပြီ ဖြစ်၏။ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကြောင့်ပါဟု ရောချ၍မရ။ ယခု အပူဒဏ်အောက်ဝယ် ရေတွင်းရေကန်တို့ ခန်းခြောက်၏။ လျှပ်စစ်မီးမရှိ။ လျှပ်စစ်မီးမရှိတော့ စက်ရေတွင်းငယ်များမှ ရေတင်ရန် မီးစက်မောင်းကြရ၏။ စက်ရေတွင်းငယ်များဖြင့် စီးပွားရှာသူများကလည်း နေ့မအားညမအား မောင်းကြ၏။ ထိုအတွက် မီးစက်လည်ရသဖြင့် ဆီဖိုးမြင့်တက်လာ၏။ ဆီဖိုးမြင့်တက်လာတော့ အခြားကုန်ဈေးနှုန်းများလည်း အလိုအလျောက် လိုက်တက်လာ၏။ သုံးစရာ သောက်စရာ ရေမရှိသည့်ကြားထဲ စားစရာ နေစရာ စရိတ်စက ကပါ တက်လာ၏။

ပြည်တွင်းရှိ စီးပွားရေးသမားတို့ကလည်း ဆူလွယ်နပ်လွယ် ကိစ္စများကိုသာ လုပ်ရဲ၏။ အရင်းအနှီးကြီး စိုက်လုပ်ပြန်လျှင်လည်း ဒီခေတ် ဒီလူတွေအောက်တွင် သူဌေးဘ၀မှ ခွေးဘ၀သို့ တန်းရောက်သွားမည်မှာ မုချဖြစ်သည်ကို သိကြ၏။ ဒီတော့ ဆူလွယ်နပ်လွယ်များကိုလုပ်ရင်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဌာနဆိုင်ရာ အကြီးအကဲများ ဗိုလ်ချုပ်များနှင့် ပေါင်းစား ပင်းစားကြ၏။ ကုန်းကောက်စရာမရှိသော လူထုမှာတော့ သေချင်ပါသဖြင့် ရေမရှိတဲ့ချောင်း နှာခေါင်းဖော်သေရန်သာ ကျန်တော့၏။

မြန်မာ့စီးပွားရေးလောကတွင် တကယ်တမ်း regulation တွေ၊ standard တွေ ဘာမှမရှိ။ ပေးနိုင်ကမ်းနိုင် ကပ်နိုင်လျှင် ရသည့်အနေအထားဖြင့် လာဘ်သိန်းငါးရာဖိုးထိုးလျှင် အမြတ်သိန်းနှစ်ထောင်ဖိုးလောက် ပြန်ရမည့် လုပ်ငန်းများကိုသာ စီးပွားရေးသမားများက လုပ်ကာ သူတို့ကြောင့် တိုင်းပြည်၏ ရာသီဥတု မည်မျှပျက်စီး ဖောက်ပြန်မည်ကို တချက်မတွေး။ ယခုတော့ နှစ်ပေါင်း (၂၀) ဆိုသော ကာလတိုကလေး အတွင်းမှာပင် တိုင်းပြည်၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အလုံးစုံ ပျက်စီးထိုးကျသွားခဲ့သည်မှာ သွပ်တပြားရှိလျှင် ကြက်ဥကြော်လို့ရသည့် အဖြစ်သို့ ထိုးဆင်းသွား၏။ ဒီအနေအထားမျိုးတွင်ပင် စက်မှုဝန်ကြီးဆိုသည့် ငကြွားက နိုင်ငံခြားသတင်းထောက်များအား ပင့်ဖိတ်ကာ သွပ်ပြားပေါ် နှမ်းဆီလောင်း ကြက်ဥခွဲချကာ သံယောင်းမဖြင့်ထိုးရင်း မြန်မာ့သိပ္ပံနှင့် နည်းပညာတိုးတက်မှု၏ မှတ်တိုင်သစ် စိုက်ထူသည့် အထိမ်းအမှတ် နေစွမ်းအင်သုံး ဆိုလာဒယ်အိုးကြီးအား အောင်မြင်စွာ တီထွင်လိုက်နိုင်ပြီဖြစ်ကြောင်း ကွန်ပြူတာဖြင့် ထိန်းညှိမောင်းနှင်သည့် နွားဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားစီမံကိန်းလို အတည်ပေါက်တွေ ကြွားချင်ကြွားပါလိမ့်ဦးမည်။

ဦးသန်းရွှေတို့ ... ခင်ဗျားတို့လည်း ယခု တိုင်းပြည်ဖြစ်ပျက်နေသော အနေအထားတို့ကို သိမည်ဖြစ်သည်။ သိလည်းသိသင့်သည်။ ၂၀၀၈ အခြေခံဥပဒေဆိုသည့်ကိစ္စကို ဇွတ်မလုပ်ဘဲ ရွေးကောက်ပွဲကို ဇွတ်မတင်ဘဲ အမြန်ဆုံး သူမနာ ကိုယ်မနာ ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ရှိရှိသမျှ တိုင်းရင်းသား (အင်ထု ထားသော အင်အားစုများမဟုတ်) အဖွဲ့များကို တိုင်ပင်ဆွေးနွေး၍ တိုင်းပြည်၏အနာဂတ်အတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။ တိုင်းပြည်၏ လက်ရှိအခြေအနေမှ အကောင်းဘက်သို့ ဦးတည် ပြင်ဆင်ယူရန် ကျနော်တို့ချည်း မတတ်နိုင်ပါ။ ကုလနှင့်အတူ ကမ္ဘာ့နိုင်ငံကြီးများမှ နည်းပညာနှင့် ငွေကြေးအကူအညီများစွာ လိုအပ်ပါသည်။ ပြန်လည်ထူထောင်ရေးကိစ္စကို လုပ်ရန်အတွက် တိုင်းပြည်၏ စီးပွားရေးပိတ်ဆို့ခံရမှု အကူအညီ ဖြတ်တောက်ခံရမှုများကို ဖျက်သိမ်းရန် လိုအပ်၏။ ထိုသို့ဖျက်သိမ်းရန်မှာ ဦးသန်းရွှေတို့အနေဖြင့် credibility ရှိသောသူများဖြစ်သည်ဆိုသော သက်သေပြချက်လုပ်ရန်လိုအပ်၏။ လက်ပူတိုက် ကုလားဖန်ထိုး၍ ရသည့်ကိစ္စမဟုတ်။

နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးကိစ္စကို မေ့ထား၍ မရသလို ယခု ပျက်စီးနေသော သဘာ၀၀န်းကျင် ထိန်းသိမ်းရေးသည်လည်း အဓိကကျလွန်းလှပါသည်။ ထိုအရာများကို ဆောင်ရွက်ရန် ခေတ်မီနည်းပညာများ၊ စက်ကိရိယာများ လိုအပ်သည်။ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးရမည်။ နှစ်တိုဖြင့် မြေဆီထိန်းနိုင်သော အပင်များ စိုက်ရမည်။ တပြိုင်နက်တည်း နိုင်ငံ၏သယံဇာတဖြစ်သော ကျွန်းနှင့် အခြားသစ်မာများကိုလည်း ညှပ်၍ စိုက်ပျိုးရမည်။ ထို့နောက် မိုးတုများ ဖန်တီးရမည်။ လယ်မြေထိမ်းသိမ်းရေးနှင့် ရေပေးဝေရေးစနစ်ကို အစမှ ပြန်လည်ပြင်ဆင်ရမည်ဖြစ်၏။ ထိုကိစ္စများအားလုပ်ဆောင်ရန် စစ်အာဏာရှင်စနစ်နှင့် ထစ်နေ၏။ ယခု ဥတုရာသီ အနေအထားအရ ပိုမိုဆိုးဝါးသော မုန်တိုင်းများ ၀င်လာနိုင်၏။ ဘူမိဗေဒသဘောအရလည်း ငလျင်လှုပ်မှုများ ဖြစ်လာနိုင်၏။ ထိုဘေးဆိုးများ ထပ်မံဖြစ်လာလျှင် နာဂစ်တုန်းက အဘယ်မျှ အရှက်မဲ့ခဲ့ကြသည်ကို လေးလပတ် အစည်းအဝေးတွင် ဦးသန်းရွှေအနေနှင့် ဗိုလ်ချုပ်များ၏ မျက်နှာကို တယောက်ချင်းကြည့်၍ မေးကြည့်နိုင်ပါ၏။

စစ်ဗိုလ်ချုပ်များသည် မန်နေဂျာကောင်းများလည်းမဟုတ်။ ခေါင်းဆောင်မှုအရည်အချင်းကို နားမလည်သလို ပြည့်ဝသော ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်များလည်းမဟုတ်။ ထိုအနေအထားတွင် တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ ခေါင်းဆောင်နိုင်သော၊ စီစဉ်ညွှန်ကြား ထိန်းမတ်နိုင်သော၊ ခေါင်းဆောင်ကောင်းများ၊ ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်သာလို၏။ နွေကာလ ရပ်ကွက်ထဲတွင် ဆိုက်ကားဖြင့် လှည့်လည်ကာ မီးဘေး အန္တရာယ်ကာကွယ်သည့် လှုံ့ဆော်မှုများတွင် ဖွင့်သော ဦးထွန်းရွှေ၏ သီချင်းတပိုဒ်လို သူခိုးဓါးပြထက်ဆိုးတဲ့ ရန်သူဟာ ဆိုသည့်ဘဝမှ အားကိုးလောက်ဖွယ် တပ်မတော်ခေါင်းဆောင်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ရန် လိုအပ်လှပါ၏။

တဗိုလ်တမင်းဖြင့် လက်နက်အားကိုး ကိုယ်ကျိုးရှာရုံသာ တတ်သည့်အဆင့်သို့ လျှောကျသွားသော မြန်မာ့တပ်မတော် မျိုးဆက်ဟောင်း ဗိုလ်ချုပ်များ၏ ဖျက်ဆီးမှုအောက်တွင် တပ်မတော်သည် အဖတ်ဆည်မရအောင် ပျက်စီးနေသည့် အနေအထားမှ ၀န်ထမ်းကောင်း နိုင်ငံ့သားကောင်းများအနေဖြင့် ပြန်လည်ဂုဏ်ဆောင်နိုင်ရန်နှင့် ပြည်သူလူထုဘ၀ နာလံထနိုင်ရန် သက်ဆိုင်သူအားလုံး အကျေအလည် နားလည်မှုတည်ဆောက်ကာ ညှိယူ၍ သွေးစည်းညီညွတ်ကြလျှင်တောင်မှ အနည်းဆုံး မျိုးဆက်တခုခန့်ကြာအောင် တည်ဆောက်ယူရမည်ဖြစ်သည်။

ရှေ့လျှောက် ကျနော်တို့ မြန်မာနိုင်ငံကို ကောင်းစေလိုသူများ လက်တွဲ၍ အများကြီး လုပ်ရဦးမည်ဖြစ်၏။ ငွေကြေးစနစ်ကို ပြောင်းလဲပြင်ဆင်ရမည်။ ဈေးကွက်စနစ်ကို ထိန်းချုပ်ရမည်ကို ထိန်းချုပ်၍ ဖွင့်သင့်သည်ကို ဖွင့်ပေးရမည်။ ပညာရေးစနစ်ကို ပြန်လည်ပြင်ဆင်ရမည်။ ကျန်းမာရေးစနစ်ကို ပြန်လည်ပြင်ဆင်ရမည်။ ဌာနဆိုင်ရာများကို ပြန်လည်ပြင်ဆင်ရမည်။ နိုင်ငံခြားရေးရာပေါ်လစီကို ပြန်လည်ပြင်ဆင်ရမည်။ မိတ်ဆွေရွေးချယ်မှုကို ပြန်လည်ပြင်ဆင်ရမည်။ ကုန်သွယ်မှုကို စည်းနှင့် စနစ်နှင့်ဖြစ်အောင်၊ စက်မှုလုပ်ငန်းများကို regulation များ၊ standard များဖြင့် ဖြစ်အောင် ပျိုးထောင်ရမည်။ လယ်ယာစိုက်ပျိုးရေးစနစ်ကို မိရိုးဖလာစိုက်ပျိုးရေးစနစ်မှ စက်မှုအင်အားသုံး စိုက်ပျိုးရေးစနစ်အဖြစ် ပြောင်းလဲရမည်။ ပြည်တွင်းဈေးကွက်တွင် စားသုံးသူပြည်သူလူထုအနေနှင့် ပေါပေါများများ စားသုံးနိုင်၍ အာရှနှင့် အနီးဈေးကွက်ကို ကောက်ပဲသီးနှံ တင်ပို့နိုင်ရမည်။ သဘာဝစွမ်းအင်ကို အတိုင်းအတာ အကန့်အသတ်ဖြင့် ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသည့် နှစ်ဆယ်ရာခိုင်နှုန်းကိုသာ ရောင်းချခြင်း ... စသော စည်းစနစ်များ ရှိရမည်။

နည်းပညာမရှိလျှင် စွမ်းအင်မရှိ၊ စွမ်းအင်မရှိလျှင် နည်းပညာ မထွန်းကား။ နည်းပညာနှင့် စွမ်းအင်ထွန်းကားရန် ပြည်တွင်းပညာရှင်များ၊ ပြည်တွင်းစက်မှုလုပ်ငန်းများကို အားပေးရမည်။ အစိုးရမှ အာမခံပေးရမည်။ လုပ်ချင်လာအောင်၊ လုပ်နိုင်လာအောင် မြေတောင်မြှောက်ပေးရမည်။ ဆောက်လုပ်ထားသော ဆည်မြောင်းစနစ် များကို ပြန်လည်ဆန်းစစ်ရမည်လည်းဖြစ်၏။ ယခုဆွေးနွေးသည်မှာ အပေါ်ယံ အင်မတန်ကျသည့် ဆွေးနွေးချက်များသာ ဖြစ်သေး၏။

ဘာသာရပ်ဆိုင်ရာ တကယ်တတ်ကျွမ်းသော ပညာရှင်များ မြောက်မြားစွာလို၏။ ကျနော်တို့ မြန်မာလူမျိုးများသည် ညံ့သော တုံးသော လူမျိုးများမဟုတ်ကြ။ လူငယ်များကို နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်များ စွာစေလွှတ်ရမည်လည်း ဖြစ်၏။ ထိုသို့လုပ်ဆောင်ရာတွင်လည်း ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့လို အနေအထားမျိုးဖြင့် လုံးချာလိုက်မနေရန်အတွက် တဘ၀လုံးတွင် တခါလောက်ကလေး အတ္တကင်းကင်းနှင့် သန်းပေါင်းများစွာသော ပြည်သူလူထု၏ ဘ၀များကို တချက်ကလေးငဲ့ပြီး ဆွေးနွေးဆုံးဖြတ်ကြပါဟု မေတ္တာရပ်ခံလိုပါသည်။

နောက်တက်မယ့် ငနဲ၊ စောက်ရှက်မယ့်ဆဲတော့ မဖြစ်စေလိုတော့ပါ။

ထို့အတူ ပြည်သူလူထုနှင့် ဒီမိုကရေစီလိုလားသူအားလုံးကလည်း ဟိုလိုလို ဒီလိုလို၊ ဟိုမရောက် ဒီမရောက် ဖောက်ပြန်ရေးသမားများဖြစ်ကြသော သောင်းထွန်း၊ ဇော်ဦး၊ အောင်နိုင်ဦးတို့နှင့် ပြည်တွင်းမှ ဦးခင်ဇော်ဝင်းတို့လို၊ ဦးခင်မောင်ဆွေတို့လို လူများကိုလည်း မျက်နှာမြင်လျှင် ထွီကနဲ တံတွေးဖြင့် ထွေးနိုင်လောက်အောင် ပြတ်သားကြပါဟု တိုက်တွန်းလိုပါသည်။ မောင်စူးစမ်းတို့၏ ယူတိုးပီးယားနှင့် ကျော်ဝင်းတို့၊ သခင်တင်မြတို့၏ ဘိုလိုလို ပဲလိုလို အဘိဓမ္မာ လေချဉ်တက်မှုအောက်တွင် ပါးစပ်အဟောင်းသားဖြင့် သို့လော သို့လော တွေဝေမိန်းမောနေခြင်းဖြင့် အချိန်ကုန်ခံ၍မဖြစ်တော့ ...။

အကြောင်းမူကား ရန်သူသည် အတွေးအခေါ် အယူအဆ ရပ်တည်ချက် မတူချိန်၊ လူထုအကျိုးအတွက် ၎င်းတို့မှ လက်တွဲမလုပ်နိုင်ချိန်တွင် ရန်သူဖြစ်သော်လည်း လူထုအကျိုးအတွက် နှစ်ဘက်အလျှော့ပေး နားလည်မှုထူထောင်ကာ တလမ်းထဲသွား တခရီးတည်း ချီတက်ချိန်တွင် ရန်သူမဟုတ်တော့ပေငြား ဖောက်ပြန်ရေးသမား ဆိုသည်ကား ရန်သူထက်ဆိုးသော အမြဲတမ်း ခြံခုန်အကွက်ချောင်းနေသော ကျင့်ဝတ်ပိုင်းဆိုင်ရာများကြောင့် မည်သည့်အခါမှ ယုံကြည်မျက်နှာသာပေး၍မရသဖြင့် ဖြစ်ပါ၏။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)


A

B

C

The Kitchen မီးဖိုချောင်