Friday, April 30, 2010

အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံ

အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံ
မင်းဟန် | ကြာသပတေးနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၃၂ မိနစ်။

(မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့သို့ …..)

(က)
ကျွန်နှင့် ကျွန်ပိုင်ရှင်….။
မြေယာလုပ်သားနှင့် မြေပိုင်ရှင်….။
စက်ရုံအလုပ်သမားနှင့် စက်ရုံပိုင်ရှင်…..။

လူတန်းစား ၂ ရပ်နှင့် သူတို့၏ ပဋိပက္ခတိုက်ပွဲက သွေးမတိတ်သည့် အနာအဖြစ်နှင့် ယနေ့တိုင် အသွင်သဏ္ဍာန်တမျိုးမျိုးနှင့် ရှိနေမြဲ။ ပြဿနာက …. အလေးအပေါ့၊ အပျော့အပြင်း၊ အထူအပါးသာလျှင် ခြားနားမည်။ ပျောက်ကွယ်သွားလိမ့်မည်ကား မဟုတ်….။

ဘုံအကျိုးစီးပွားတခုအပေါ်၌ အကျိုးတူပေါင်းဖက် လုပ်ကိုင်နေကြသည့် လုပ်ဖော်ကိုင်ဘက်များ ဖြစ်သည်ဟူ၍ သဘောထား၊ မထားရှိနိုင်သ၍ ရှိနေမည်ပင်…။

ထိုင်းနိုင်ငံအတွင်း တနံတလျား၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများအတွင်း၌က …. ၂ မျိုး ၂ စား ရှိ၏။ ထိုင်းအစိုးရ၏ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားကြသည့် မြန်မာအလုပ်သမားများနှင့် တရားမဝင် ဝင်ရောက်၍ လုပ်ကိုင်နေကြရသည့် မြန်မာအလုပ်သမားများဟူ၍ ဖြစ်သည်။ မြန်မာအလုပ်သမားအများစုက တရားမဝင် အလုပ်သမားများသာ ဖြစ်ကြ၏။

တနှစ်လျှင် …ထိုင်းဘတ်ငွေ ၄ဝဝဝ မျှအား ပေးချေ၍ တရားဝင် အလုပ်လုပ်ခွင့်ရရန် အကုန်အကျ မခံနိုင်ကြ…..။

“ကျနော်တို့ကို သူဋ္ဌေးက ပိုက်ဆံပုံမှန် ရှင်းမပေးဘူး။ အကြွေးဝယ်စားလို့ရတဲ့ ဆိုင်ကိုလည်း ပိတ်လိုက်တယ်။ အလုပ်ချိန်ကလည်း မနက် ၄ နာရီကနေ ည ၇ နာရီအထိ လုပ်ခိုင်းတယ်။ အချိန်ပိုကြေးကို တနာရီ ဘတ် ၂ဝ ပဲ ပေးတယ်။ အချိန်ပိုမဆင်းရင်လည်း တနေ့လုံး လုပ်ထားတဲ့ လုပ်အားခကို မပေးဘူး။ ပြီးတော့ ကျနော်တို့ နေထိုင်တဲ့ နေရာမှာ သောက်သုံးရေက လုံလောက်အောင် မရဘူး။ ဒါကြောင့် အလုပ်သမားတွေက အလုပ်မဆင်းဘူးဆိုပြီး ဆန္ဒပြကြလို့ သူဋ္ဌေးက ရဲကို ဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းလိုက်တာ”

ထိုင်းနိုင်ငံ ဖူးခတ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုမှ မြန်မာနိုင်ငံသား အလုပ်သမား ၉၅ ဦး အဖမ်းခံကြရ၏။ ၉၅ ဦးထဲမှ ၇၇ ဦးကမူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်ရှိ၍ ထိုင်းရဲများက ပြန်လွှတ်ပေးလိုက်၏။ ကျန် ၁၈ ဦးကမူ အချုပ်အနှောင်အတွင်း၌ အဖမ်းခံနေကြရဆဲ….။

“ကျန်ခဲ့တဲ့ ၁၈ ယောက်ထဲမှာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အလုပ်သမားတွေ ပြောတာတွေကို ဘာသာပြန်ပြောပေးတဲ့ သူတွေကို ဆန္ဒပြတဲ့နေရာမှာ ခေါင်းဆောင်တယ်ဆိုပြီး ဆက်ဖမ်းခံထားရတဲ့ သူတွေလည်း ပါတယ်။ အဲဒီလူတွေထဲက တယောက်မှာ ကလေးက ၄ လပဲ ရှိသေးတယ်။ သူ့မိန်းမကလည်း ဗိုက်ခွဲပြီး ကလေးမွေးထားလို့ ကျန်းမာရေး သိပ်မကောင်းဘူး။ အခု သူတို့နေတဲ့ နေရာကနေ သူဋ္ဌေးက မောင်းထုတ်နေတယ်။ သူတို့သားအမိ တော်တော်ဒုက္ခရောက်နေတယ်”

(ခ)

ညောင်ဦးကမ်းပါးပြိုခြင်းနှင့် စံပနဂိုက နွားမပေါင်းကျိုးခြင်းက ဆက်စပ်၍ မရသော်လည်း ….. အိမ်ဖြူတော်အပြိုကမူ ….. ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့်ကား ဆက်စပ်၍ နေသည်။ မြန်မာအလုပ်သမားများအား ထိ၏။

ဥရောပနှင့် အမေရိကန် ဈေးကွက်များမှ ဝယ်လိုအားကျလာသည့်အတွက် ထိုင်းလုပ်ငန်းရှင်များထံသို့ ဥရောပ၊ အမေရိကန် ဈေးကွက်များမှ ကုန်ပစ္စည်းအော်ဒါများ အမှာနည်းလာ၏။ ထုတ်လုပ်ပြီးသား ကုန်စည်များပင် ဝယ်လက်မရှိ၍ ရောင်းမထွက် ဖြစ်နေရ၏။ ဤတွင် စက်ရုံပိုင်ရှင်များက အလုပ်သမားများအား လျှော့၏။ ဦးစားပေးအလျှော့ခံရသည့် အလုပ်သမားများက မြန်မာအလုပ်သမားများ….။ မြန်မာအလုပ်သမားတို့ အလုပ်ဖြုတ်ခံကြရသည်။ ဤသို့သော …. အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားတို့က ထိုင်းနိုင်ငံ တနံတလျား၌ ရှိ၏။ ဤအတွင်း၌ …. မဟာချိုင်ခရိုင်အတွင်းရှိ ‘ကီလိုစီစုန်မုန်းမိုင်’ ရှိ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမား ၄ဝဝ ကျော်လည်း ပါရှိ၏။

"ကျမတို့ အလုပ်ဆင်းသွားတာနဲ့ အလုပ်ဖြုတ်လိုက်ပြီလို့ အလုပ်သမားခေါင်းဆောင် (ဝဏ္ဏ) က ဆီးပြီးပြောပါတယ်။ ကျမတို့ တော်တော်နစ်နာပါတယ်။ ပုလိပ်ကြေး ဘတ် ၆ဝဝ အလုပ်ဆင်းတဲ့ ကားခဘတ်ငွေ ၂ဝဝ၊ ပြီးတော့ ဘတ်ဖိုးဆိုပြီး လစဉ် ဘတ် ၁၃ဝဝ လောက်က ပုံမှန်ဖြတ်ပါတယ်။ အလုပ်ပျက်ရက်ဆိုပြီးတော့လည်း ဖြတ်တယ်။ ပေးတဲ့ဈေးနှုန်းက တနေ့ကို ၂ဝ၃ ဘတ်၊ အချိန်ပိုကြေးက တနာရီ ၃၈ ဘတ်ပါ။ ဒါပေမဲ့ ကျမတို့ လစဉ် လစာထုတ်ရင် ဘတ် ၂ဝဝဝ ထက်ပိုပြီး မရဘူး။ မနေ့က ၁၅ ယောက် အလုပ်ဖြုတ်ခံရပါတယ်။ နေ့စဉ် ဖြုတ်လာလိုက်တာ အခုဆိုရင် လူ ၂ဝ ကျော်လောက်ပဲ ကျန်တယ်။ ဘာဖြစ်လို့ အလုပ်ဖြုတ်လဲဆိုတော့ လုပ်ထားတဲ့ ကုန်ပစ္စည်းတွေက ရောင်းမထွက်တော့ နောက်ထပ် လုပ်စရာ အလုပ်မရှိဘူးလို့ ပြောပါတယ်။ ကျမတို့ဆီက လစဉ်ဖြတ်ထားတဲ့ ငွေတွေကိုတော့ ပြန်ရချင်တာပေါ့နော်”

(ဂ)

ကမ္ဘာ့အလုပ်သမားများ၏ မေလ ၁ ရက်နေ့ … အလုပ်သမား တော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်ခဲ့သည်မှာ ရာစုနှစ်တခုပင်လျှင် စွန်း၍နေခဲ့ပြီ….။

တနေ့လျှင် …. အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်ရန်….။
လုပ်အားခခေါင်းပုံဖြတ်မှု မရှိရေး….။
အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်၊ အခွင့်အရေးများက ကမ္ဘာကြီး၏ နေရာဒေသအသီးသီးတွင် တည်တံ့ အသက်ဝင်နေသော်လည်း …. ထိုင်းနိုင်ငံ “ရပ်ခ်ျဘူရီခရိုင်၊ တန်ဘွန်နမ်ကယောက်၊ အန်ဖေဆိုတာလန် အမှတ် ၅ဝ/၁” တွင် ရှိသည့် “ဖွိုင်ချော့ဖိုင်စစ်” ဆန်စက်ဝင်းအတွင်း၌မူ အသက်မဝင် …..။ ထိုဆန်စက်အတွင်း လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများ၏ အခြေအနေက ကမ္ဘာဟောင်း အလုပ်သမားတို့၏ ဘဝအတိုင်းသာ ကျန်ရှိ၍နေဆဲ …..။

“ကျနော်တို့ မနက် ၇ နာရီခွဲကနေ နေ့လည် ၁၂ နာရီအထိ လုပ်ပြီး၊ နေ့လည် ၁၂ နာရီ မိနစ် ၄ဝ ဆိုရင် ပြန်ဆင်းရတယ်။ ညနေ ၆ နာရီမှ အလုပ်ပြီးပါတယ်။ မနက်ပိုင်းမှာ နာရီဝက်၊ နေလည်ထမင်းစားချိန်မှာ မိနစ် ၂ဝ၊ ညနေပိုင်းမှာ ၁ နာရီ အပိုလုပ်ပေးနေရတယ်။ လုပ်အားခက ပိုမပေးပါဘူး။ လူသစ်ကို တနေ့ ၁၅ဝ ၊ လူဟောင်းဆိုရင် ၁၈ဝ ပဲ ရပါတယ်။ အဆိုးဆုံးက လုပ်အားခ ၁၅ ရက်စာ ထုတ်မပေးဘူး။ ရက်ပေါင်ထားရတယ်။ ထွက်မယ်ဆိုရင် အဆုံးခံပြီး ထွက်ရတယ်။ သွားတောင်းရင်ပဲဖြစ်ဖြစ် အလုပ်ထွက်မယ်ဆိုရင်ပဲဖြစ်ဖြစ် သူဋ္ဌေးကို သွားပြောရင် ပုလိပ်ကို ဖမ်းခိုင်းလိုက်တော့တာပဲ”

ထိုထက်ဆိုးသည်က …. ဘန်ကောက်ရှိ ပိုက်ဆံအိတ်အမျိုးမျိုး ချုပ်သည့် စက်ရုံမှ မြန်မာအလုပ်သမများ၏ ဘဝ…..။

အသက် ၁၈ နှစ်မျှသာ ရှိသေးသည့် မြန်မာအလုပ်သမ ၁၃ ဦးနှင့် မြန်မာအလုပ်သမား ၂ ဦးတို့အား ဘန်ကောက်ရှိ “စံထော်ဘူလီတရားရုံး” က …. ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေထိုင်ခွင့် လက်မှတ်အတု ကိုင်ဆောင်ထားမှုနှင့် ထောင်ဒဏ် ၄ နှစ်ခွဲစီ ချလိုက်၏။ အမှန်တွင်မူ …. အလုပ်သမများက …. သူတို့ကိုင်ဆောင်ထားသည့် လက်မှတ်အား အတုဟူ၍ မသိ….။ အလုပ်ရှင်သူဋ္ဌေးက အတုများ လုပ်ပေးထားခြင်း ဖြစ်၏။ အလုပ်သမားလက်မှတ် လုပ်ဆောင်ရန် ကုန်ကျစရိတ်များကိုမူ သူဋ္ဌေးက လစဉ်လုပ်အားခများအတွင်းမှ ဖြတ်ယူပြီး သူ၏ အိတ်ဖောင်းဖောင်းကြီး အတွင်းသို့ ထည့်၏။ သူ၏ ဝမ်းစူစူကြီးအတွင်းသို့ မြို၏။ အမှုရင်ဆိုင်ရသည့် အချိန်တွင်မူ …. မြန်မာအလုပ်သမားများသာ ထောင်နန်းစံသွားခဲ့ကြရ၏။ အလုပ်ရှင်သူဋ္ဌေးကမူ အေးရာအေးကြောင်း …..။

“မနေ့က ထောင်ဒဏ် ၄ နှစ်ခွဲ ချလိုက်ပါတယ်။ ကျမတို့လည်း ဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်း မသိဘူးလေ။ သူဋ္ဌေးတော့ ဘာမှမဖြစ်ပါဘူး။ ဘန်ဘော်စံ ထောင်မှာလို့တော့ ကြားတယ်။ သူဋ္ဌေးကို ကျမတို့ နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်) လုပ်ခ တယောက်ကို ဘတ်ငွေ ၆ဝဝဝ ပေးရတယ်။ ပုလိပ်ဖမ်းတော့လည်း ရှင်းမပေးဘူး။ အခုတော့ ကျမသမီးတို့ ထောင်ကျခံနေရပြီ”

(ဃ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံအလုပ်သမများ၏ အခြေအနေက …. လုပ်ငန်းခွင်လုံခြုံမှု ဟူသည်ကား နတ္တိ…..။ လုပ်ငန်း၏ သဘောအရသည်ပင် ကြက်ပေါင်းစေးခြစ်သည့် လုပ်ငန်းက ညဥ့်သန်းခေါင်ကျော် နံနက်လင်းအားကြီး အချိန်များ၌ လုပ်ရခြင်းဖြစ်သည်။ ရာဘာပင်ခြံကျယ်ကြီးအတွင်း ညအမှောင်၌ ရာဘာစေးခြစ်ကြရခြင်း ဖြစ်သည်။ ဆိတ်ကွယ်ရာအရပ် အမှောင်ထုနှင့် တဦးတည်း၊ တယောက်တည်း လုပ်ကိုင်နေကြရခြင်းက ဓားပြနှင့် မုဒိန်းကောင်များအတွက် အခွင့်အလမ်း ရှိနေသကဲ့သို့ ….။

“သူက ရာဘာပင်ဘက်ကို လှည့်ပြီး ရာဘာအစေး ခြစ်နေတုန်း နောက်ကနေ ရောက်လာတယ်။ ပြီးတော့ အတင်းဆွဲလှဲပြီး မုဒိန်းကျင့်ဖို့ ကြိုးစားတယ်။ ပါးစပ်ကိုလည်း လက်နဲ့ အတင်းပိတ်ထားတယ်။ ကောင်မလေးက အတင်းရုန်းကန်ပြီး ထွက်ပြေးတော့ နောက်ကနေ ဓားနဲ့ လှမ်းခုတ်လိုက်တာ နောက်စေ့ကိုထိပြီး လဲကျသွားလို့ သူတို့က သေပြီထင်ပြီး ထားခဲ့တာ။ ကောင်မလေးကလည်း သေချင်ဟန်ဆောင်ပြီး ငြိမ်နေလိုက်တယ်။ သူတို့ထွက်သွားတော့မှ သူ့ယောက်ျားကို အော်ခေါ်ပြီး ဆေးရုံသွားရတာ။ ဒဏ်ရာကို ၂၃ ချက် ချုပ်လိုက်ရတယ်။ ကောင်မလေးက အခုတော့ အိမ်ပြန်ရောက်နေပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်။ အလုပ်ပြန်လုပ်ဖို့ မပြောနဲ့ အပြင်ထွက်ရမှာကိုတောင် ကြောက်နေတယ်။ သူ့ရဲ့အနောက်မှာ လူအရိပ်တွေ လိုက်နေပြီး အန္တရာယ် ပေးနေသလို ခံစားနေရတယ်လို့ ကျနော်ကို ပြောပြတယ်။”

သောက …. နာကျဉ်မှု၊ မျက်ရည်များနှင့် မြန်မာအလုပ်သမတို့၏ ဘဝများ ….။ အမှောင်ကမ္ဘာအတွင်းမှ ငိုရှိုက်သံများ ….။ အမှောင်တွင်းမှပင် အလင်းရောင်အား ရှာဖွေ၍နေကြရ၏။

“အလုံးစုံသော ကာယ ဝဇီ မနော ဒုစရိုက် အညစ်အကြေးကို စင်ကြယ်သော သီလတည်းဟူသော ရေစင်ဖြင့် ဆေးကြောလတ္တံ ….
ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်ကို လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပစ်လတ္တံ ….
စိတ်နှလုံးပူဆွေးသူတို့၏ နှပ်ရည်ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပစ် လတ္တံ …..
လက်ယာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်းမုန့်ပေးလတ္တံ …..
လက်ဝဲလက်ဖြင့် ပြည်သူအပေါင်းအား ပစ္စည်း၊ ဥစ္စာ၊ အဝတ်ပုဆိုးပေးလတ္တံ ….”
(မြန်မာသက္ကရာဇ် ၄ဝ၂ခုနှစ် ကျန်စစ်သားမင်းကြီး ရေးထိုးလှူဒါန်းခဲ့သော ရွှေစည်းခုံ မွန်ကျောက်စာမှ)

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်