Sunday, June 27, 2010

ဇွန် ၂၁

ဇွန် ၂၁
ခင်ငြိမ်းသစ် Wednesday, June 23, 2010

၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့သေဆုံးရာမှ စတင်ခဲ့သော ကျောင်းသားလှုပ်ရှားမှုသည် ၁၆.၃.၈၈ နေ့ တွင် တံတားနီဟု ကမ္ဗည်းတင်နိုင်ခဲ့သော အင်းလျားကန် ကျောင်းသားသတ်ပွဲကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ၁၇.၃.၈၈ နေ့တွင် ကျောင်းသား ၁၄၁ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ သို့သော်လည်း ကျောင်းသားလှုပ်ရှားမှုက စဉ်ဆက်မပြတ် အသက်ဝင်ခဲ့ပါတယ်။ ကျောင်းသားတို့ ရင်ထဲ အာဏာရှင်အား အပြီးတိုင်ချေမှုန်းမည်ဟု သံဓိဋ္ဌာန်ချခဲ့ကြ၏။

မတ်လက ပိတ်ခဲ့တဲ့ ကျောင်းတွေ ဇွန်လဆန်းမှာ ပြန်ဖွင့်ပါတယ်။ ကျောင်းဖွင့်ချိန်မှာ သူငယ်ချင်းတွေ ပျောက်နေကြတယ်။ မြင်ဖူးနေကြ မျက်နှာတွေကို မတွေ့ကြရတော့ဘူး။ ကျောင်းကြီးရဲ့ လည်ပတ်မှုက ပုံမှန်မဟုတ်သလို ခံစားကြရပါတယ်။ ဒါကြောင့် ကျောင်းသားတွေ သူအုပ်စုနဲ့သူ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြပါတယ်။ ဇွန် ၁၅ ရက်နေ့ ညနေပိုင်းမှာ သိပ္ပံကင်တင်းရှေ့မှာ ကျောင်းသားတယောက်က ခွေးခြေပုတလုံးပေါ်တက်ပြီး တရားဟောခဲ့ပါတယ်။ အရှိန်ရလာတော့ ၁၆ ရက်နေ့မှာ ကျောင်းသားများ နားနေဆောင် (R.C) အတွင်းမှာ စာတွေ ကပ်ကြပါတယ်။ ခဏနေ ဆရာတွေ လာခွါလိုက်၊ ကျောင်းသားတွေ ပြန်ကပ်လိုက်နဲ့ အတော်ကို ရှုတ်ထွေးနေပါတယ်။ ကပ်ထားတဲ့စာ အများစုကတော့ မတ် ၁၃၊ ၁၆၊ ၁၇ ရက်နေ့တွေမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရဖို့၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ဖြစ်ပြီး တချို့စာတွေထဲမှာတော့ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ထူထောင်ပေးဖို့တွေ တောင်းဆိုကြပါတယ်။

ညနေပိုင်းရောက်တော့ ကျောင်းသားတချို့ စားပွဲခုံတွေယူလာပြီး R.C ရှေ့မှာ စင်တခုပုံစံ ခင်းကျင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ မျက်လုံးနဲ့ ပါးစပ်ကိုပဲ ဖေါ်ထားပြီး မျက်နှာတခုလုံး ခေါင်းစွပ်စွပ်ထားတဲ့ ကျောင်းသားတယောက်က တက်လာပါတယ်။ သူ့နာမည်ကို သူကပဲ စတင်မိတ်ဆက်ပါတယ်။ သူ့နာမည် ကိုမောင်မောင်ကျော်လို့ ပြောပါတယ်။ နောက်ထပ် တက်တဲ့တယောက်ကတော့ သူ့နာမည်က သူရိန်တဲ့။ ကျောင်းသားလေးငါးယောက်လောက် တရားဟောပြီးတော့ ကျမတို့ ရာမညဆောင်ဘက် ချီတက်ကြပါတယ်။ ရာမညဆောင်ကိုရောက်တော့ ဆရာမတွေက ရာမညဆောင်ရဲ့တံခါးကို ပိတ်ထားပါတယ်။ ရာမညဆောင်ရဲ့ဝရန်တာမှာတော့ ကျောင်းသူ ကျောင်းသားတွေဟာ အောက်ကလူအုပ်ကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။

အဲဒီအချိန်မှာပဲ တရုတ်မလေးတယောက် ဝရန်တာလက်ရမ်းပေါ်တက်လိုက်ပြီး သူ့နာမည်က ခင်နှင်းနွယ်ဖြစ်တဲ့အကြောင်းနဲ့ ရာမညဆောင်က လူတွေက ကျောင်းသားလှုပ်ရှားမှုကို အပြည့်အ၀ထောက်ခံကြောင်း ပြောလိုက်တဲ့အချိန်မှာပဲ တံခါးဝကို ကျောင်းသားတွေ အတင်းတွန်းဖွင့်လိုက်ကြပါတယ်။ သူဆက်ပြောတာက သယံဇာတပေါများတဲ့ မြန်မာပြည်ဟာ အခုချိန်မှာအရမ်းဆင်းရဲသွားရတာ တပါတီအာဏာရှင်စနစ်ရဲ့ မှားယွင်းတဲ့ စီမံကိန်းတွေကြောင့်ဖြစ်တာမို့လို့ တပါတီအာဏာရှင်စနစ်ကို မလိုချင်တော့ဘူးလို့ ပြောလိုက်တော့ ကျောင်းသားတွေက “ဟေး….ဟုတ်တယ် .. ထောက်ခံတယ်” လို့ ပြိုင်တူအော်လိုက်ကြပါတယ်။

၁၇ ရက်နေ့ကတော့ မနက်ထဲက တရားပွဲတွေ လုပ်ကြပါတယ်။ ကျောင်းထဲက ကျောင်းသားအုပ်စုတွေအတွက် ပြည်သူတွေက ထမင်းထုပ်တွေလာပို့ပေးပါတယ်။ ကိုသားကြီး၊ ကိုစိုးခတို့က မိုက်ကရိုဖုန်းတွေ၊ ဆောင်းဘောက်တွေ ငှားလာပါတယ်။ ပြီးတော့ ကိုစိုးခ က အကောင်သေးတဲ့ ကျမအတွက် သူ့ညီမရဲ့ အဖြူအစိမ်းဝတ်စုံကို ယူလာပြီး လဲဝတ်ခိုင်းပါတယ်။ ပြီးတော့ အထက်တန်းကျောင်းသူပုံစံနဲ့ တရားဟောခိုင်းပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ နောက်နေ့တွေမှာ အထက်တန်းကျောင်းသားတွေ ကျောင်းထဲရောက်လာပြီး၊ အ.က.သ အထက်တန်းကျောင်းသားများ သမဂ္ဂဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ R.C-1, R.C-2, R.C-3 တွေကို ပိတ်လိုက်ပါတယ်။ ဒါကြောင့် ကျောင်းသားအုပ်စု ၂ အုပ်စုကွဲသွားပြီး တချို့က မြို့ထဲသွားပေမဲ့ ကျမတို့က ဆေးတက္ကသိုလ်ဘက် ချီတက်တဲ့ အုပ်စုနဲ့ လိုက်သွားပါတယ်။

ဆေးတက္ကသိုလ်ဘက် ဦးတည်ချီတက်သွားတဲ့ အုပ်စုတွေကို လိုင်းပေါက်ရှေ့အရောက် အာဏာပိုင်များက ဆေးတက္ကသိုလ်နှင့် ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအရှေ့တွင် သွပ်ဆူးကြိုးဂိတ်များ ကာရံထားပြီး လုံထိန်းတွေက စောင့်နေပါတယ်။

ကျောင်းသားတွေက ရှေ့ဆက်ပြီး ချီတက်လို့ မရတော့ပါဘူး၊ ကျောင်းသားတွေက နောက်ပြန်လည်း မလှည့်ကြပါဘူး၊ လုံထိန်းတွေနဲ့ ကျောင်းသားတွေ ထိပ်တိုက်ရင်ဆိုင်မိပါတယ်။ အဲဒီလိုဖြစ်နေတာကို ရပ်ကွက်တွေက လူတွေကလဲ ၀ိုင်းကြည့်နေကြပါတယ်။ နေ့လည် (၁၂) နာရီ လောက်အထိပါပဲ။ တဖြည်းဖြည်းနဲ့ ကျောင်းသားအုပ်စုအတွင်းကို ပြည်သူတွေပါ ၀င်ရောက်လာတဲ့အချိန်မှာ လုံထိန်းတွေက သွပ်ဆူးကြိုးဂိတ်တွေကို သိမ်းကြပါတယ်။ ပြီးတော့မှ က.ပ.ရ (ကုန်းလမ်းပို့ဆောင်ရေး) ပိုင် T.E 11 ကားကြီးတွေနဲ့ ဦးဝိဇာရလမ်းထဲ ချိုးကွေ့ဝင်သွားပါတယ်။

ဒါကြောင့် ကျောင်းသားတွေ ရှေ့ကိုဆက်ပြီး ချီတက်ပါတယ်။ ဆေးတက္ကသိုလ်က ကျောင်းသားတွေပါ ပါဝင်လာတာကြောင့် အုပ်စုကလဲ ပိုကြီးလာပါတယ်။ ကျောင်းသားတွေက တမင်ပဲ ရှပ်အင်္ကျီအဖြူတွေ ဝတ်လာကြတာ များတဲ့အတွက် စစ်ကြောင်းကြီးက သပ်သပ်ရပ်ရပ်နဲ့ လှပနေပါတယ်။

တကယ်တော့ လုံထိန်းတွေက ပြန်သိမ်းတာမဟုတ်ပဲ ဦးဝိဇာရလမ်းကနေ ချိုးကွေ့ပြီး ဗားကရာလမ်းဆီကို သွားတာဖြစ်ပါတယ်။ ဗားကရာလမ်းကနေ ထွက်လာပြီး စမ်းချောင်းရဲစခန်းရှေ့ ပြည်လမ်းမပေါ်မှာ သွပ်ဆူးကြိုးဂိတ်တွေချပြီး ကျောင်းသားစစ်ကြောင်းကို ကာရံလိုက်ပါတယ်။ လုံထိန်းတွေက ဒိုင်းတွေ၊ ဒုတ်တွေနဲ့ ဟန်ရေးပြနေပါတယ်။

စမ်းချောင်း၊ မြေနီကုန်းက ပြည်သူတွေက အဲဒီလိုလုပ်လိုက်တာကို ဒေါသထွက်ကြပါတယ်။ ဒါကြောင့် ကျောင်းသားတွေကို အားပေးတဲ့အနေနဲ့ ပြည်သူတွေက ထွက်လာကြပါတယ်။ မြေနီကုန်းမီးပွိုင့်က လမ်းလေးခွစုံဆိုတော့ ဘက် ၃ ဘက်မှာ ပြည်သူတွေရှိနေပြီး ပြည်လမ်း လှည်းတန်းဘက်ခြမ်းမှာ ကျောင်းသားတွေ ရှိနေပါတယ်။ ဘယ်လိုမှ ထင်မှတ်မထားပါပဲ ပြည်လမ်းမပေါ် စမ်းချောင်းလမ်းဘက်အခြမ်းမှ လူငယ်တွေ လုံထိန်းတွေကို ခဲနဲ့စပေါက်ပါတယ်။ အဲဒီလို ခဲနဲ့ပေါက်လိုက်ရင်ပဲ တခြားလူတွေကလဲ တိုင်ပင်စရာမလိုပဲ ပေါက်ကြပါတယ်။

ကျောင်းသားတွေရှိတဲ့ ဘက်မှာက မစိုးရိမ်တိုက်သစ်က ဆောက်လက်စမို့လို့ အုတ်ခဲတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ကျောင်းသားတွေကလဲ ခဲနဲ့ဝင်ပစ်ကြပါတယ်။ လုံထိန်းက လေးဘက်လေးတန်ကလာတဲ့ ခဲတွေ၊ ဒုတ်တွေ သဲတွေ ဒဏ်ကို မခံနိုင်တော့လို့ ရပ်ထားတဲ့ T.E တွေဆီကို ဒုန်းစိုင်းပြေးကြတယ်။ တချို့လဲ လေယာဉ်ပစ် အမြောက်တပ်အပိုင်ဝင်းထဲ ပြေးဝင်ကြပါတယ်။ လုံထိန်း ၇ ယောက်လောက်လဲ သေဆုံးကြပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ပြေးရင်းနဲ့ ဆွဲသွားတော့ ကားပေါ်မှာ ပါသွားကြပါတယ်။ ကားဘေးက တွယ်လိုက်သွားတဲ့ လုံထိန်းကို ခဲနဲ့ဝိုင်းပစ်လိုက်တာ ထိသွားပေမဲ့ ပြုတ်ကျမလာပါဘူး။

၃ နာရီ မိနစ် ၃၀ ၀န်းကျင်လောက်ရောက်တော့ အင်းစိန်ဘက်ကနေ စစ်သားအပြည့်ပါတဲ့ စစ်ကားသုံးလေးစီးနဲ့ ဘရင်းကယ်ရီယာတွေနဲ့ ရောက်လာပါတယ်။ ပြည်လမ်းမပေါ်ကနေ ဗားကရာလမ်းထဲဝင်၊ ပဒုမ္မာလမ်း၊ စမ်းချောင်းလမ်း ပတ်ချာလည်လှည့်ပြီး သေနတ်နဲ့ပစ်ပါတယ်။ လူတွေနဲနဲရှဲသွားတော့မှ သေသွားတဲ့ လုံထိန်းအလောင်းတွေကို တာလပတ်နဲ့အုပ်ပြီး စစ်ကားတွေပေါ် တင်သွားပါတယ်။

စမ်းချောင်းလမ်းနဲ့ မြင့်မိုရ်လမ်းထောင့်မှာ အ.ထ.က (၃) စမ်းချောင်းရှိပါတယ်။ ကျောင်းက ၂ ချိန်ကျောင်းပါ။ ညနေပိုင်း ၁၂ နာရီက ၅ နာရီအချိန်မှာ ၅ တန်းကနေ ၁၀ တန်းအထိ တက်ရပါတယ်။ အဲဒီနေ့က စစ်ကားတွေ ပတ်ချာလည်လှည့်ပြီး ပစ်နေတာပါ။ လူတွေကလဲ စစ်ကားဝင်ပစ်ရင် ပုန်းနေကြ၊ စစ်ကားတွေ ထွက်သွားတာနဲ့ လမ်းပေါ်ပြန်ထွက်ကြပါတယ်။ လုံထိန်း ၇ ယောက်တောင် သေထားတာဆိုတော့ အားလုံးကလည်း အားတက်နေကြပါတယ်။

စစ်ကားတွေ ပြန်ထွက်သွားချိန်မှာ ဆရာမတွေက ကျောင်းသားတွေကို ကျောင်းပြန်လွှတ်လိုက်ပါတယ်။ ကလေးတွေပြန်သွားပြီး သိပ်မကြာခင်မှာပဲ စစ်ကားတွေပြန်ဝင်လာပြီး လူတွေကိုသေနတ်နဲ့ ထပ်ပစ်ပါတယ်။ ရွှေမန်းရုံရှေ့အနားလောက်မှာ အဖြူနဲ့အစိမ်း ကျောင်းလွယ်အိတ်လွယ်ထားတဲ့ ၅ တန်းကျောင်းသူလေးကို ထိသွားပါတယ်။ ကလေးက ပွဲချင်းပြီး သေသွားပါတယ်။

ဗားကရာလမ်း စမ်းချောင်းဘက်က ပစ်ပြီးတော့ မြေနီကုန်းထဲ ၀င်သွားပါတယ်။ ဒေါသဖြစ်နေတဲ့ ပြည်သူတွေက စစ်တပ်ကို အော်ဟစ်ဆဲဆိုပါတယ်။ ဒီတော့ စစ်တပ်က လူတွေပုန်းအောင်းပြီး ဆဲနေတဲ့ လမ်းကြားလေးထဲကို လှမ်းပစ်လိုက်ပါတယ်။ ကြွေးကြော်အော်ဟစ်နေတဲ့ လူအုပ်ထဲက ကုလားလေး တယောက်ကို သေနတ်မှန်သွားပါတယ်။ ရပ်ကွက်ထဲက လူတွေက အဲဒီကုလားလေးကို အိမ်ထဲဆွဲသွင်း ထားလိုက်ပါတယ်။ စစ်တပ်ကတော့ အဲဒီလမ်းထဲ ၀င်မလာရဲပါဘူး။ လက်နက်ပုန်းတွေကို ကြောက်တယ်လေ။

နောက်တကြိမ် စမ်းချောင်းလမ်းထဲ ၀င်ပြီးပစ်တော့ ကိုပု (မင်းလမ်းမှာ နေထိုင်သူ) ၊ ကိုလှမျိုး (မြင့်မိုရ်လမ်းမှာ နေထိုင်သူ) တို့ သေနတ် ထိမှန်သွားကြပါတယ်။ ပြီးတော့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ညနေ ၅ နာရီ လောက် T.E11 ပေါ်မှာ လော်စပီကာတပ်ပြီး စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ကြောင်းကို ရပ်ကွက်ထဲလှည့်ပြီး ကြေညာပါတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြောင်း ကြေညာတဲ့ကားပေါ်မှာ စစ်လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သားတွေ အပြည့်ပါလာလို့ ဗိုလ်ချုပ်အောင်ကြီးက သူနေထိုင်ရာ အနောက်မြေနီကုန်းလမ်းက အိမ်ရဲ့ ၀ရန်တာကနေထွက်ပြီး အသံကျယ်ကျယ်နဲ့
“ဟေ့ လုပ်ကြပါ… လုပ်ကြပါ… ဘာလက်နက်မှမရှိတဲ့ ပြည်သူတွေကို ပစ်ကြမလို့လားကွ၊ တော်တော်…တော်တဲ့ ကောင်တွေပဲကွ၊ တကယ် မင်းတို့နေရမှာက ဘားတိုက်ကွ…ဘားတိုက်” လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သားတွေ ဘာမှပြန်မပြောရဲပါဘူး။ ကားကိုပဲ မောင်းထွက်သွားပါတယ်။

ညနေ ၆ နာရီ အပြင်မထွက်ရအမိန့် ထုတ်လိုက်ပေမဲ့ ၅း၃၀ ခန့်လောက်မှာ စစ်တပ်က ထပ်ရောက်လာပြီး စမ်းချောင်းလမ်းထိပ်ကနေ တန်းစီပြီး ကျားထိုးပစ်ပါတယ်။ ဦးတည်ရာမရှိပဲ အားလုံးကို ရမ်းသမ်းပစ်တာပါ။ ပဒုမ္မာလမ်းအထိ ရောက်သွားပြီးတော့မှ ပြန်ထွက်သွားပါတယ်။

စမ်းချောင်းမှာ ဖြစ်ပျက်နေတာကို မြို့ထဲ၊ ဆင်ခြေဖုံးအားလုံးက ကြားကြပါတယ်။ ဒါကြောင့် တချို့လူတွေက ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရပြီး ရောက်လာရင် ကူညီရအောင် အရေးပေါ်ရှေ့မှာ စောင့်နေကြပါတယ်။ တာလပတ်အုပ်ထားတဲ့ T.E 11 ကြီး ၀င်လာတော့ ကားပေါ်မှာကျောင်းသားတွေ ပါတယ်မှတ်လို့ အတင်းကို ဆင်းတားကြပါတယ်။ လူတွေအတင်းတားတော့ ကားမောင်းလာတဲ့ လုံထိန်းက ထွက်ပြေးသွားပါတယ်။

လုံထိန်းထွက်ပြေးသွားတော့မှ စောင့်နေတဲ့လူတွေက တာလပတ်တွေကို ဆွဲဖယ်လိုက်တဲ့အချိန်မှာ ယူနီဖောင်းတွေ ၀တ်ထားတဲ့ လုံထိန်းတွေ ဒဏ်ရာရလာတာပါ။ တချို့က ဒဏ်ရာပြင်းထန်လွန်းလို့ သေလုသေခင်၊ တချို့ကတော့ ခြေကျိုးလက်ကျိုး ခေါင်းကွဲယုံလောက်ပါ။ ဒါပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကတော့ အဲဒီ T.E11 ကြီးကို မီးရှို့လိုက်ပါတယ်။ မီးတွေ တဟုန်းဟုန်းတောက်လောင်နေတဲ့ T.E11 ပေါ်မှာတော့ လုံထိန်းတွေ အရှင်လတ်လတ် မီးသင်္ဂြိုလ်ခံခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၂၂ နှစ် ကြာခဲ့ပေမဲ့ ကျမတို့ မမေ့နိုင်ပါဘူး။ အဓိက အကြောင်းတရားကတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းပေးခဲ့မယ်ဆိုရင် ဒီလောက်အထိ ဖြစ်ပျက်သွားမယ်လို့ ကျမ မထင်ပါဘူး။ ဒါကြောင့် ကျမတို့ရခဲ့တဲ့ သင်ခန်းစာက နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းတာဟာ အကောင်းဆုံးဆိုတာပါပဲ။

ခင်ငြိမ်းသစ်

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်