Thursday, January 29, 2009

Elite ယောင် ဆောင်ခြင်း


Sunday, January 04, 2009
Elite ယောင် ဆောင်ခြင်း
Andy Myint (Sydney)

ကျွန်တော် Elite တစ်ယောက် ဖြစ်ခဲ့ချင်ပေမယ့် မဖြစ်ခဲ့ မဖြစ်နေပါဘူး။ ကျွန်တော် Elite တွေနဲ့လည်း မတွေ့ဆုံဖူးပါဘူး။ ကျွန်တော့်မှာ Elite အတန်းအစားကို ၀င်တိုးဖို့ အရည်အချင်း မရှိလို့ပါ။ တွေ့ဖူးတဲ့ များသောအားဖြင့်ကတော့ Elite ယောင်ဆောင်တွေနဲ့ပဲ တွေ့ခဲ့တာပါ။ Elite တွေဟာ ဉာဏ်ရည်၊ စွမ်းဆောင်ရည် မြင့်မားသူတွေ၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူတွေနဲ့၊ ဥစ္စာဓနကြွယ်ဝသူတွေ အစုအဝေးပါ။ အဲဒါကြောင့်လည်း အခြေအနေ တစ်ရပ် အကြောင်းအရာ တစ်ခုအပေါ်မှာ Elite တွေရဲ့ သုံးသပ် ရှုမြင် အကြံပေးချက်တွေက ၀ိတ် (သြဇာလွှမ်းမိုးမှု) ရှိပြီး လူအများက တလေးတစား လိုက်နာကြတယ်။ Elite တွေရဲ့ အတွေးအခေါ်၊ အပြုအမူတွေကလည်း လူ့ဘောင်လောကအတွက် အခါများစွာမှာ အကျိုးပြုဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Elite တွေဟာ ဦးဆောင်သူတွေ ဖြစ်လာဖို့ အခြေအနေ ပေးလာပါတယ်။ ဒီလို အရသာကို မက်မောလို့ လူတချို့က Elite ယောင် ဆောင်လာကြပါတယ်။

Elite တွေဟာ အကြောင်းအရာ တစ်ခုကို အသေအချာ လေ့လာသလို အဲဒီ နယ်ပယ်မှာလည်း အောင်မြင်မှုတွေ ရရှိထားပါတယ်။ အဲဒီ နယ်ပယ်ထဲမှာ နှစ်ရှည်လများစွာ စူးစူးစိုက်စိုက် ဇောက်ချ လေ့လာပြီး Contribute လည်း လုပ်ပေးခဲ့ပါတယ်။ Expert တွေကို Elite တွေလို့ ပြောလို့ရပါတယ်။

Elite များဟာ တသီးတသန့် နေလေ့ ရှိပါတယ်။ ဒီနေရာမှာ တသီးတသန့် နေတယ်ဆိုတာ ပညာရပ် တစ်ခုကို စိုက်စိုက်မတ်မတ် လေ့လာပြီး တခြားအရာများနဲ့ ရောထွေး ရှုပ်ထွေးခြင်း မရှိအောင် စူးစိုက်ခြင်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်များ ချတဲ့ အခါလည်း တသီးတသန့် ချလေ့ရှိပါတယ်။ ဥပမာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကြောင့် ဆုံးဖြတ်ချက် လမ်းကြောင်း မသွေဖီအောင် မားမားမတ်မတ် ရပ်တည်ခြင်းမျိုး၊ ခြိမ်းခြောက်မှုတွေ မြူဆွယ်မှုတွေကို ဂရုမထားဘဲ တည့်တည့်မတ်မတ် လျှောက်လမ်းခြင်းမျိုးပါ။ Elite ယောင်ဆောင်တွေလည်း တသီးတသန့် နေပါတယ်။ သူတို့ကတော့ Elite တွေ၊ Elite တွေလို့ ထင်တဲ့ သူတွေနဲ့သာ အပေါင်းအသင်း လုပ်ခြင်း၊ သာမန် အရပ်သားလို့ သမုတ်ထားတဲ့ သူတွေနဲ့ အကျွမ်းတ၀င် မနေခြင်းတို့ ဖြစ်ပါတယ်။ ဒီလို နေခြင်းဖြင့် သူတို့ကို သူတို့ အုတ်ရောရော ကျောက်ရောရော မဖြစ်တော့ဘူး တွေးထင်ကြပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ အဖြစ်မှန်တွေနဲ့ ဝေးရာကို ရောက်ရှိသွားတတ်ပါတယ်။

Elite ယောင်ဆောင်များမှာ လူမျိုးကြီး ၀ါဒလည်း ရှိတတ်ပါတယ်။ သူတို့ဟာ လူမျိုးကြီး ၀ါဒတွေကို ကျယ်ကျယ်လောင်လောင် ပြောနေရင် သူတို့ကို လူတွေက အထင်ကြီးမယ် အယူရှိကြပါတယ်။ ကျွန်တော် ဒီလိုမျိုးတွေနဲ့ ဆုံးဖူးပါတယ်။ ဥပမာ မူဆလင်တွေကို မုန်းတီးတယ် ပြောနေသူတွေ၊ တရုတ်တွေကို အမြင်ကပ်ကြောင်း ပြောနေသူတွေပါ။ တရုတ်တန်းက လူချမ်းသာတွေ၊ ဆေးတက္ကသိုလ်က မျက်မှန်နဲ့ တရုတ်လေးတွေ တရုတ်မလေးတွေကို မမြင်ချင်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရှိဖူးပါတယ်။ တိန့်ယန်မင်း ရင်ပြင်မှာ တင့်ကားနဲ့ ကျောင်းသားတွေကို တက်ကြိတ်တဲ့ အကြောင်းကလည်း သူ့လက်စွဲပါပဲ။ လူမျိုးတစ်စုကို မုန်းမှ လူမျိုးကြီး ၀ါဒ မဟုတ်ပါဘူး လူမျိုးတစ်စုကို ရှေ့တန်းတင်ရင်လည်း လူမျိုးကြီးဝါဒ ပါပဲ။ ဘယ်တိုင်းရင်းသားတွေက ဘယ်လို အနှိမ်ခံရတာ၊ ဘယ်တိုင်းရင်းသားတွေက ဘာကြောင့် မြင့်မြတ်ရသလဲ ဆိုတာကို အပြောချည်း သက်သက် လုပ်နေသရွှေ့တော့လည်း Elite ဖြစ်မလာနိုင်ပါဘူး။

Elite ယောင်ဆောင်တွေ လွဲမှားစွာ မှတ်ယူထားတတ်တာကတော့ Elite တွေဟာ အနုပညာမှာ တတ်စွမ်းတယ် ဆိုတာပါပဲ။ အနုပညာရှင် Elite တွေ ရှိသလို Elite တိုင်းလည်း အနုလက်မှုပညာမှာ မဖြစ်ထွန်းပါဘူး။ အနုပညာ အခံ ရှိမှ Elite ဖြစ်နိုင်တာလည်း မဟုတ်ပါဘူး။ Elite ယောင်ဆောင်တွေဟာ ကဗျာတို စာတိုတွေကို အလွတ်မှတ်ထားမယ်။ ကြုံရင်ကြုံသလို ရွတ်ပြမယ်။ ကဗျာတွေ စာတွေ မဖြစ်ညစ်ကျယ် ရေးမည်။ ဒီဟာကိုက Elite ယောင်ဆောင်တွေရဲ့ အမြင်ကျဉ်းမှုပါပဲ။ ကဗျာရေး စာရေးတာလောက်ကိုသာ အနုပညာ ထင်နေတတ်ကြတာ Elite ယောင်ဆောင်တွေမှာ တွေ့နိုင်ပါတယ်။

Elite ယောင်ဆောင်ပါးဝနေသူတွေမှာ လက်သုံး စကားတစ်ခု ရှိပါသေးတယ်။ “ငါဘာမှ မသိသေးပါလား” (The more I know the less I know) ဆိုပြီး လူကြားအောင် ငြီးတွားပြခြင်းပါ။ ဒီလိုဆိုလို့ လူတွေက ပညာမာန်မာန မထောင်လွှားဘူး ဆိုပြီး အထင်ကြီးအောင်ပါ။ ဒီဆိုရိုးဟာ သူ့ဟာနဲ့သူ မှန်သင့်သလောက် မှန်ပေမယ့် Elite ယောင်ဆောင်တွေ အတွက်တော့ လက်စွဲတော်ပါပဲ။

နိုင်ငံရေး၊ နိုင်ငံတည်ဆောက်ရေး နယ်ပယ်မှာ Elite တွေ လိုပြီး Elite တွေကို တွေ့နိုင်ပါတယ်။ နိုင်ငံရေးဟာ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ အတွက် နိုင်ငံရေးနယ်ပယ်မှာ Elite တွေကို တစ်နေရာတည်းမှာ အများအပြား တွေ့ရတာပါ။ စီးပွားရေး ကျွမ်းကျင်သူတွေ၊ စစ်ရေး နိုင်ငံတကာရေးရာ အမှန်တကယ် ကျွမ်းကျင် အကောင်အထည်ဖော် အကျိုးပြုနေသူတွေဟာ Elite တွေပါပဲ။ Elite ယောင်ဆောင်တွေကတော့ နိုင်ငံရေး နယ်ပယ်မှာ တတ်ယောင်ကား ၀င်လုပ်ခြင်းပါပဲ။ နိုင်ငံရေးမှာ ပါဝင်တဲ့ Elite တွေဟာ ရာထူး၊ ဂုဏ်ရှိန် ကြီးသလို ၀င်ငွေကလည်းကောင်းတော့ ဒီနေရာဟာ Elite ယောင်ဆောင်တွေ အတွက် ကြီးကြီးမားမား အိပ်မက်ပါပဲ။ ဒီလောက်အထိ မမှန်းဘဲ လူအထင်ကြီးရုံ သက်သက် နိုင်ငံရေး (စီးပွားရေး) တွေ လူကြားကောင်းရုံ ဟောပြောနေသူတွေကတော့ သိသာတဲ့ Elite အယောင်ဆောင်တွေပါပဲ။

အမှန်အကန် Elite တွေဟာ ရှားပါးပြီး အသုံးဝင်တဲ့ အတွက် Elite တွေနဲ့ အလုပ်လုပ်ဖို့ သူတို့ကို အဖိုးအခ များများပေးဖို့ မတွန့်တိုကြပါဘူး။ Elite ဖြစ်ပြီး ဒါမှမဟုတ် ယောင်ဆောင်ပြီး အဖိုးအခ (လခ) နင့်နေအောင် တောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာပါပဲ။ ဥပမာ စင်္ကာပူ အစိုးရလိုမျိုးပေါ့။ မြန်မာပြည်မှာလည်း ဗိုလ်ခင်ညွန့်တို့ ကောင်းစားစဉ်က (OSS- Office of Strategic Study) `မဟာဗျူဟာ လေ့လာရေး ရုံး´ ဆိုပြီး Elite အဖွဲ့ ဖွဲ့ပါသေးတယ်။ စစ်တပ်ဖက်က ကြည့်ရင်တော့ ဒါဟာ Elite အဖွဲ့အစည်းပါပဲ။ ဒါပေမယ့် သူတို့ အထဲမှာတင် မကျေမလည်တွေ ဖြစ်လို့ ၀ိုင်းပြီး နှိပ်ကွပ်လိုက်တော့ Elite အဖွဲ့လည်း မခံနိုင်ပါဘူး။ Elite တွေဟာ သူဟာနဲ့သူ ကျွမ်းကျင်ကြပေမယ့် လူနည်းစု ဖြစ်တော့ လူပြိန်းတွေ အုပ်နဲ့ ဖိရင်တော့ မခံနိုင်ပါဘူး။

ရေပေါ်ဆီ လူတန်းစားများကလည်း သူတို့ကိုယ် သူတို့ Elite တွေလို့ ထင်တတ်ကြပါတယ်။ ဥစ္စာဓနကြွယ်ဝပြီး အများအတွက် ကောင်းကျိုးပြုဖို့ အသိုင်းအ၀ိုင်းဖွဲ့နေသူတွေက Elite တွေလို့ ပြောလို့ ရပေမယ့် ဒီလို ရေပေါ်ဆီ လူတန်းစားတွေကတော့ Elite မဖြစ်တန်ကောင်းပါဘူး။ ရေပေါ်ဆီ Elite တွေဟာ သူတို့ဘာသူတို့ သုံးနိုင် ဖြုန်းနိုင်သူတွေ စုနေကြပြီး ကျန်တဲ့သူတွေကို လူမထင်တတ်ကြပါဘူး။ ငွေရေးကြေးရေးဟာ အရေးပါလာတဲ့ ခေတ်မှာလည်း "Financial" အကြောင်း "Stock" အကြောင်း နည်းနည်းပါးပါးပြောပြီး Elite ယောင်ဆောင်နေသူတွေလည်း ရှိလာပါတယ်။ အမှန်တကယ် ရင်းနှီးမြုတ်နှံနေတာ မဟုတ်ဘဲ ပြောနေရုံသက်သက်နဲ့တော့ ဒီအပိုင်းမှာ အမှန်တကယ် Elite မဖြစ်လာပါဘူး။

ရှင်းအောင် ပြောရမယ်ဆို မသိတသိ ပြောတဲ့ သူတိုင်းတော့ Elite ယောင်ဆောင်နေတာ မဟုတ်ပါဘူး။ မသိတသိလည်းပြော ကိုယ့်ကိုယ်ကိုလည်း ဆရာကြီး ထင်နေရင် ဆရာကြီးလုပ်နေရင်တော့ Elite ယောင်ဆောင်တာပါ။ ဒါမှဟုတ် ဒီလိုပြောနေတာကို လူအများက ချီးမြောက်လို့ သွေးနထင်ရောက်နေရင်လည်း မသိစိတ်က Elite ဘ၀ကို ကြည်နူးနေတာပါပဲ။ တကယ် Elite ဖြစ်မဖြစ်ကတော့ စောက်ချ လေ့လာ အားထုတ်ပြီး လူ့လောကအတွက် ကူညီ ထောက်ပံ့မှုပေါ်မှာပဲ မူတည်နေပါတယ်။ ။

http://wesheme.blogspot.com

1 comment:

  1. elite ဆိုတဲ့အဓိပ္ကယ်တောင် ကောင်းကောင်း မသိသေးပါခင်ဗျာ

    ReplyDelete

A

B

C

The Kitchen မီးဖိုချောင်