Friday, September 5, 2008

မဲဆောက် မြန်မာပြည့်တန်ဆာမိန်းကလေးများဘ၀ တစေ့တစောင်း


မဲဆောက် မြန်မာပြည့်တန်ဆာမိန်းကလေးများဘ၀ တစေ့တစောင်း
ရဲရင့်မြင့်မောင် (၅- ၉- ၀၈)
ခေတ်ပြိုင်ဂျာနယ်

“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။ အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

http://www.khitpyaing.org/

Wednesday, September 3, 2008

လော်စပီကာ သံတမန်ရေးနှင့် ဥပဒေနည်းကျ အုပ်ချုပ်ရေး


လော်စပီကာ သံတမန်ရေးနှင့် ဥပဒေနည်းကျ အုပ်ချုပ်ရေး
ရဲနည်၊ စက်တင်ဘာ ၃၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့ပြီး အပတ်စဉ် သူ့ထံပို့ပေးနေရသည့် အစားအသောက်များကိုလည်း လက်ခံရန် ငြင်းပယ်ကာ ဆက်လက် အသံတိတ်ဆန္ဒပြပွဲ ဆင်နေသည်ဟု အတည်မပြုနိုင်သည့် သတင်းများ ကြားလာရသည်။ ဒေါ်စုက မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ပြုမူနေပါသနည်းဟု မေးခွန်းများဖြစ်လာရသလို၊ သူ၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်ပူပန်မှု ရှိလာကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ခေါင်းဆောင်များက ဧရာဝတီမဂ္ဂဇင်းသို့ ပြောကြားရာတွင် ယခု နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့် ငြင်းဆန်အာခံမှုသည် သူ့ကို ဆက်လက်ဖမ်းဆီးထားခြင်း၊ သူ့ကို ဝေယျာဝစ္စ ကူညီပေးနေသည့် သူများအပေါ် အာဏာပိုင်များက ဖိနှိပ်ချုပ်ချယ်မှု ပြုနေသည်ကို မကျေနပ်၍ ဖြစ်ဖွယ်ရှိသည်ဟု ပြောလာခဲ့သည်။ သူ၏ ကိုယ်ရေးကိစ္စ ဆောင်ရွက်ပေးနေသူများသည် မည်သည့်စွပ်စွဲချက်များနှင့်မျှ အရေးယူခံထားရခြင်း မရှိကြသော်လည်း အာဏာပိုင်များက အထူးကန့် သတ်ချုပ်ချယ်မှုများ ပြုထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့်မေလက နေအိမ် အကျယ်ချုပ်သက်တမ်းကို အာဏာပိုင်များက တနှစ်ထပ်မံ တိုးလိုက်ပြန်သည်။ ဒေါ်စုက ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း သွေးထွက်သံယို တိုက်ခိုက်လုပ်ကြံမှုအပြီး ကာလမှစ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတကာက သူ့ကို လွှတ်ပေးရန် မြန်မာစစ်ဗိုလ်ချုပ်များထံ တောင်းဆိုနေကြသည့်ကြားမှ၊ အကျယ်ချုပ်သက်တမ်းကို ထပ်မံမတိုးရန် မေတ္တာရပ်ခံနေသည့်ကြားမှ ဤသို့ ထပ်တိုး၍ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ဒီ/ချုပ်ကမူ ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် ဥပဒေကြောင်းအရ မညီကြောင်းနှင့် သူ့ကို ဆက်လက် ထိန်းသိမ်းထားသည့်အပေါ် အယူခံမှုကို လက်ခံပါရန် စစ်အစိုးရထံသို့ တောင်းဆိုနေခဲ့သည်။ ဒေါ်စုက မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ မလာမီ ကာလလေးတွင်ပင် ဒေါ်စုက သူ့ရှေ့နေနှင့် တွေ့ဆုံနိုင်ခဲ့ပြီး သူ့ကိုထိန်းသိမ်းထားသည့် အမှုကြောင်း အပေါ်လည်း ဆွေးနွေးတိုင်ပင်ခဲ့သေးသည်။

ဒေါ်စုက ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်နှင့် တွေ့ဆုံရန် ငြင်းဆန်ပြီးခဲ့သည့်နောက်ပိုင်း သူ့ကို တင်းကျပ်စွာ ချုပ်ချယ် ခံထားရသည့် အခြေအနေ၊ လွတ်လပ်ခွင့် ဆုံးရှုံးနေရသည့် အခြေအနေကို မီးမောင်းထိုး ပြသနိုင်ခဲ့သည်ဟု ဒီ/ချုပ်မှ သူ၏ ရှေ့နေက ပြောပြသည်။ ပုံမှန်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှ ထွက်ခွါသွားလာရန် ပိတ်ပင်ထားပြီး၊ နိုင်ငံရပ်ခြားသံများနှင့် တွေ့ဆုံခွင့်ကိုလည်း ပိတ်ပင်တားမြစ်ထားခဲ့သည်။

စစ်အစိုးရက ချမှတ်ထားသည့် ဥပဒေများကိုလည်း အလွယ်တကူပင် လျစ်လျူရှုထား နေခဲ့သည်။ ဒီ/ချုပ်အဖွဲ့၏ ရှေ့နေက ပြောရာတွင် ကုလသမဂ္ဂ ၀န်ထမ်းများနှင့် စစ်အစိုးရ၏ ၀န်ထမ်းများက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့တွင် လော်စပီကာ အော်၍ ထွက်တွေ့ရန် ပြောဆိုတိုက်တွန်းခြင်းသည် စစ်အစိုးရက ချမှတ်ထားသည့် “ချုပ်ချယ်ထားမှုများကို ဆန့်ကျင်ချိုးဖောက်ရန် အတင်းအကျပ်တိုက်တွန်းမှု” ပင် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

ဤအနေအထား အတိုင်းဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီနှင့် မတွေ့ဆုံဘဲ နေခဲ့ခြင်းသည် လုံးဝ တရား မျှတနေသည်။ ပြောရမည်ဆိုလျှင် မစ္စတာဂမ်ဘာရီသည် ဒေါ်စုလွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရမည့်သူ ဖြစ်သင့်ပြီး၊ သူ့ကို ဆက်လက်ချုပ်ချယ်ထားရန် စစ်အစိုးရကို အကြောင်းပြချက်ရစေမည့် အပြုအမူကို ပြုမူရန် တိုက်တွန်းသူ မဖြစ်သင့်ပေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုများ စတင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပထမအဆင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့ဦးဆောင်အဖွဲ့ကြီး ကုလသမဂ္ဂက မြန်မာ့အရေးကြိုးပမ်းချက်တွင် မစွမ်းနိုင်ဖြစ်နေရပုံက တဖြည်းဖြည်း ထင်ရှားလာနေသည်။ ကုလသမဂ္ဂက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးအတွက် မဆောင်ရွက်နိုင်ရုံမျှမက ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင်လည်း “လွတ်လပ်၊ တရားမျှတသည့်” ကျင့်ထုံးများအတိုင်း ဆောင်ရွက်စေရန် စစ်အစိုးရကို တိုက်တွန်းနားချခြင်း မပြုနိုင်ခဲ့ပါ။ စစ်အစိုးရက သူထင်သလိုသာ စိတ်ကြိုက်ပြုမူနေခဲ့သည်။

ပြောရမည်ဆိုလျှင် ကုလသမဂ္ဂ အဖွဲ့ကြီးကိုလည်း စစ်အစိုးရကဲ့သို့ပင် ကိုယ်ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများကို ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးပါရန် တိုက်တွန်းရတော့မည့်ဟန် ဖြစ်နေသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများမှာ မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်း ခံရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ကုလသမဂ္ဂက ဤသို့ အရုပ်ဆိုးအကျည်းတန်လှသည့် အခြေအနေကိုလည်း မည်သို့မျှ တိုးတက်မှုရရှိအောင် မစွမ်းသာခဲ့။ နီးစပ်သူ မိသားစုဝင်များ၏ အဆိုအရ ယခုအခါ ထိန်းသိမ်းခံထားရသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက သူတို့ကို လူအများရှေ့တွင် တရားဝင် တရားခုံရုံးတင်စစ်ဆေးရန်၊ အကျဉ်းထောင်တွင်း ဥပဒေများအရ သူတို့၏အခွင့်အရေး များ ခံစားခွင့်ရရှိစေရန် တောင်းဆိုနေကြသည်ဟု ကြားသိနေရသည်။

သို့သော်လည်း မစ္စတာ ဂမ်ဘာရီ၏ နောက်ဆုံးခရီးစဉ်တွင် လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလွတ်လပ်ခွင့်များ ဆိတ်သုဉ်းနေမှု၊ ဥပဒေအတိုင်း စီမံအုပ်ချုပ်မှု ကင်းမဲ့နေမှုတို့ကို အလေးထား ပြောဆိုကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည်။ ထိုမျှမက စစ်အစိုးရနှင့် အတိုက်အခံအဖွဲ့များအကြား တွေ့ဆုံညှိနှိုင်းမှုများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ရမည့် သူ့အပေါ် တာဝန်ပေးအပ်ချက်ကို မေ့လျော့ထားခဲ့ပြီး၊ စစ်အစိုးရ အလိုကျ ပြုမူဆောင်ရွက်နေခဲ့သည်။ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများကို ကူညီပေးရန်ပင် ကမ်းလှမ်းခဲ့သေးသည်။

မစ္စတာဂမ်ဘာရီက ယခုအချိန်တိုင် ယခုခရီးစဉ်နှင့် ပတ်သက်၍ မည်သည့်အောင်မြင်မှု ရရှိသည်ဟု ထုတ်ဖော်ပြောဆိုသည်ကို မကြားကြရသေးပါ။ အကြောင်းမှာ မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့သောကြောင့်လည်း ဖြစ်သည်။ ယခုအချိန်သည် ကုလသမဂ္ဂနှင့် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)တို့က မြန်မာနိုင်ငံအတွင်း ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေသည့် အခြေအနေများကို မည်သို့ကျော်လွှား ဆောင်ရွက်နိုင်မည်ကို ပွင့်လင်းရိုးသားစွာနှင့် တွန်းတွန်း တိုက်တိုက် ပြောဆိုဆောင်ရွက်ကြရတော့မည့် အချိန်ဖြစ်ပါသည်။

ယခုအချိန်သည် ကုလသမဂ္ဂနှင့် ၎င်း၏ “မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့”တို့က စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သူ၏ နေပြည်တော်ဝပ်ကျင်းမှ ထွက်လာ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပါရန် တောင်းဆိုကြရတော့မည့်အချိန် ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ယခုအချိန်သည် လော်စပီကာ အမှန်တကယ် သုံးရတော့မည့်အချိန် ဖြစ်ပါတော့သည်။ ။

ရဲနည်ရေးသားသည့် Loudspeaker Diplomacy vs. the Rule of Law ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

http://www.irrawaddy.org/bur

Loudspeaker Diplomacy vs. the Rule of Law


Loudspeaker Diplomacy vs. the Rule of Law
By YENI Monday, September 1, 2008

More than a week after Aung San Suu Kyi apparently refused to meet with UN envoy Ibrahim Gambari, rumors that she is continuing her silent protest—by rejecting her weekly supply of food—have raised questions about her motives, as well as concerns about her health.

Officials from her party, the National League for Democracy (NLD), told The Irrawaddy that Suu Kyi’s latest act of defiance may be linked to her continuing detention and the harassment of her housekeepers, who are subjected to stringent restrictions by the military authorities, despite the fact that they have not been charged with any offense.

Suu Kyi’s confinement to her lakeside home in Rangoon was extended in May, despite international pleas to the ruling generals to end her latest stretch of detention, which began in May 2003.

The NLD insists that her ongoing house arrest is illegal and has demanded that the junta accept an appeal against her detention. Suu Kyi met with her lawyer to discuss the case just before Gambari started his latest Burma visit.

When Suu Kyi failed to appear for a meeting with the UN envoy, it served to highlight the nature of the severe constraints placed upon her freedom, said lawyers for the NLD. Under normal circumstances, Suu Kyi is forbidden to leave her home or have any contact with foreign diplomats.

However, the junta conveniently ignores these rules when it suits its own purposes. NLD lawyers noted that when UN and military officials appeared outside her home with loudspeakers, they were trying to get her to do something that “would have forced her to violate the restrictions” imposed on her by the regime.

Suu Kyi was thus perfectly justified in declining to meet with Gambari, who is supposed to be working for her release—not providing the regime with a pretext for continuing her detention.

The UN Security Council has repeatedly stated that Suu Kyi’s release is a necessary first step towards political dialogue and reconciliation in Burma. But the world body is looking increasingly ineffectual in its efforts to get results in the country. It has failed not only to secure the release of more than 2,000 political prisoners, but also to ensure that a referendum held in May met even the most basic standards for a “free and fair” vote.

It seems that the UN, like the junta, badly needs to be reminded of its own rules.

Political activists in Burma have suffered prolonged and unlawful detentions, and the UN has done virtually nothing to change this sad state of affairs. According to family sources, the leaders of the 88 Generation Students group are calling for open trials and protections which guarantee their rights under the prison law.

However, Gambari, on his latest visit to Burma, failed to focus on the current lack of political freedom and rule of law. Instead of working to fulfill his mandate to negotiate between the military regime and the opposition, he followed a schedule set by the junta and offered to help prepare for regime-controlled elections in 2010.

Gambari still has no comment about what, if anything, his trip accomplished. It is time for the UN, as well as China, India and the Association of Southeast Asian Nations, to speak out sincerely and energetically about how to break Burma’s political deadlock.

The UN and its “Group of Friends on Myanmar” must call on Burma’s supreme military leader, Snr-Gen Than Shwe, to come out of his bunker in Naypyidaw and begin a dialogue with Suu Kyi. This time, they might be justified in using a loudspeaker.

http://www.irrawaddy.org/

သူရဲကောင်းသို့ နောက်ဆုံးနှုတ်ဆက်ခြင်း


သူရဲကောင်းသို့ နောက်ဆုံးနှုတ်ဆက်ခြင်း
မြကြေးမုံ
သြဂုတ် ၂၅၊ ၂၀၀၈

သူရဲကောင်းတယောက်ကို ဆုံးရှုံးလိုက်ရတဲ့ နိုင်ငံဟာ အမှောင်ထုထဲမှာ တိတ်ဆိတ်ငြိမ်သက်လို့ ၊၊

ဒီ့ထက်ဆက်ပြီး ကံဆိုးစရာ မကျန်တော့တဲ့ မြန်မာပြည်ကို စာနာခြင်း၊ စိတ်မကောင်းခြင်းများစွာနဲ့ တောင်တန်းကြီးတွေ တဖက်ကနေ ငေးနေမိတယ်၊၊ သူရင်ဆိုင်လိုက်ရတဲ့ အဆုံးအရှုံး ဘယ်လောက် ကြီးတယ်ဆိုတာ တခြား မြန်မာလူမျိုးတွေလိုပဲ သမီး နားလည်ပေးနိုင်တယ်လေ၊၊

ဘဘ ကွယ်လွန်ပြီဆိုတဲ့ သတင်းကို ရလိုက်တဲ့အချိန်ဟာ ကောင်းကင်မှာ ကြယ်တွေ ပြိုးပြက်လို့ လေညင်း ဖြေးဖြေးချင်းတိုက်နေတဲ့ အရမ်းလှတဲ့ ညတညပါ၊၊ လွန်ခဲ့တဲ့ လပေါင်းများစွာက ဘဘ သမီးတို့ကို အင်္ဂလိပ်စာ သင်ပေးခဲ့တာ ဒီလိုညမျိုးပေါ့၊၊ အနုပညာသမား စစ်သားကြီးတယောက် လူ့လောကထဲက ထွက်သွားတဲ့သတင်းကို ဘဘအင်မတန် နှစ်သက်ကြည်နူးတတ်တဲ့ ဒီလိုညမျိုးမှာပဲ သမီးလက်ခံလိုက်ရတယ်၊၊

ဒုဗိုလ်မှူးကြီးကြည်မောင် နှလုံးရောဂါနဲ့ နေ့လယ်က ဆုံးသွားပြီ ဆိုတဲ့သတင်း ပြန့်သွားတဲ့ အချိန်မှာ ဘဘနဲ့ မိုင်ပေါင်း တော်တော်များများ ဝေးနေတဲ့ နေရာတခုမှာ သမီးရောက်နေတယ်၊၊ သမီးအိပ်မက်ထဲမှာစိတ်ကူးယဉ် မျှော်လင့်ခဲ့တာက လူကြီးတွေ မျက်စိမမှိတ်ခင် လွတ်လပ်တဲ့နိုင်ငံတခုကို မြင်သွားရစေချင်တာ၊၊ ခုတော့ မြန်မာပြည်ရဲ့ ကံကြမ္မာဟာ နတ်သမီးပုံပြင် တပုဒ်လို မလှခဲ့ပါလား ၊၊

၁၉၃၀ ပြည့်လွန်နှစ်တွေက ရန်ကုန်တက္ကသိုလ်ကျောင်းသားလေး မောင်ကြည်မောင်ဘ၀နဲ့ စခဲ့တဲ့ နှစ်(၆၀) ကျော် နိုင်ငံရေးခရီး အဆုံးသတ် သွားပြီပေါ့၊၊ ဘဘ အနှစ်နှစ်အလလ သိမ်းထားခဲ့တဲ့ စုတ်ပြတ်နေတဲ့ ပင်နီအင်္ကျီလေး တထည်ကတော့ ဘဘမိသားစုဆီမှာ ကျန်ခဲ့လိမ့်မယ်၊၊ ဆယ်စုနှစ်ခြောက်ခု ကျော်ခဲ့ပြီဆိုတော့ အရောင်တွေမှိန်လို့ အသားတွေတောင် ဆွေးကောင်းဆွေးနေမယ့် ပင်နီအင်္ကျီလေးတထည် ၊၊

၁၉၃၈ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေ အတွင်းဝန်ရုံးကို ၀ိုင်းကြတုန်းက အလံကိုင်ပြီး တက်လာတဲ့ ဆံပင်တိုတို မျက်နှာနုနုကျောင်းသားလေးကို သမီးစိတ်ထဲမှာ မြင်ယောင်တယ်၊၊ ခေါင်းကို အရိုက်ခံရလို့ လဲကျသွားတဲ့ ဂျင်ဆင်ကျောင်းသား ကိုအောင်ကျော်ကို သူပြေးပွေ့လိုက်တဲ့အချိန်မှာ သူဝတ်ထားတဲ့ ပင်နီအင်္ကျီ ကလည်း နံပါတ်တုတ်စာမိလို့ စုတ်ပြတ်ပြဲကျပြီး တကိုယ်လုံးလည်း နာနေပြီ၊၊ သူ့ရင်ခွင်ထဲမှာ သွေးသံရဲရဲနဲ့ လဲနေတဲ့ သူငယ်ချင်းဟာ နောက်နာရီပိုင်း အတွင်း ဆေးရုံကြီးမှာ ကွယ်လွန်ရတော့မယ် ဆိုတာရော၊ တိုင်းပြည်လွတ်လပ်တဲ့အခါ ဒီလမ်းဟာ ကျဆုံးသူသူငယ်ချင်းရဲ့နာမည်ကို စွဲပြီး ဗိုလ်အောင်ကျော်လမ်းလို့ ဖြစ်လာမယ်ဆိုတာရော၊ နောင်(၅၂)နှစ်ကြာရင် သူဟာ အနိုင်ရပါတီရဲ့အကြီးအကဲ တယောက်အဖြစ်နဲ့ ဒီ ဗိုလ်အောင်ကျော်လမ်းမှာ အောင်ပွဲခံမိန့်ခွန်းတခုကို ပေးရလိမ့်မယ် ဆိုတာကိုရော ဘာမှမသိသေးတဲ့ လူငယ်လေး တယောက်၊၊

နောင်တချိန်မှာ သမိုင်းစာအုပ်တွေထဲ ၀င်ရောက်သွားကြမယ့် သူရဲကောင်းများစွာကို ကျောင်းနေဖက်အဖြစ် ဆုံဆည်းခဲ့ရတဲ့ ဘဘဟာ မြန်မာပြည်အပေါ် ရူးရူးမိုက်မိုက်ချစ်ခဲ့ကြတဲ့ ဒီသူငယ်ချင်းတွေအကြောင်း စိတ်လိုလက်ရရှိတိုင်း ပြန်ပြောပြတတ်တယ်၊၊

ခေါင်းတုံးဆံတောက်နဲ့ ပင်နီအင်္ကျီ ချည်ကြမ်းပုဆိုးနဲ့၊ ပြည်တွင်းဖြစ်ခုံဖိနပ်ကို အမြဲစီးတတ်တဲ့ ဂျပ်ဆင် ကျောင်းသား ကိုအောင်ကျော်၊ တန်ဆောင်မုန်းလပြည့်ကျော် (ဂ)ရက်နေ့မှာ ဤနေ့သည် ငါတို့ အရှင်နှစ်ပါး ပါတော်မူသောနေ့ ဖြစ်သည်၊၊ သတိရကြပါ ဆိုတဲ့ စာတန်းကို သူ့အခန်းဝမှာ ကပ်ပြီး တနေကုန် အခန်းအောင်း နေတတ်တဲ့ ကိုအောင်ကျော်၊၊

ယောလုံချည်တပတ်နွမ်းနဲ့ လမ်းသွားရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိုက်စိုက်စိုက်စိုက် သွားတတ်ပေမယ့် သူငယ်ချင်းတယောက်ယောက် မျက်နှာ မလန်းမဆန်းဖြစ်နေတာ သတိထားမိရင်တော့ ချက်ခြင်း ပြန်လှည့်လာပြီး ခင်ဗျား ဘာအခက်အခဲရှိလဲ၊ ဘိုင်ကျနေရင် ကျနော့်မှာ ပိုက်ဆံအနည်းအကျဉ်း ရှိပါသေးတယ် လို့ ဒဲ့ဒိုးကြီး ဖွင့်မေးတတ်တဲ့ ကိုအောင်ဆန်း၊၊

ရွှေတိဂုံဘုရားကြီးကို လှမ်းမြင်နေရတဲ့ ရန်ကုန်မြို့က အိမ်တအိမ်မှာ အမျိုးသမီးကြီးတယောက် ကွယ်လွန်သွားတာကို မြန်မာလူမျိုး တော်တော်များများ သတိမထားမိလိုက်ဘူး၊၊ ဒါပေမယ့် အဲဒီနေ့မှာဘဲ ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲကို ကျောင်းသားတယောက် ၀င်လာခဲ့တယ်၊၊ အေးဆေး တည်ငြိမ်သလောက် အမြဲ စာအုပ်နဲ့မျက်နှာ အပ်နေတတ်တဲ့၊ စကားနည်းလှတဲ့ ဒီကျောင်းသားဟာ မျက်နှာဖြူ ကျောင်းအုပ်ကြီးကို ရင်ဆိုင်တွေ့ပြီး သွားလေသူ မြန်မာနိုင်ငံ နောက်ဆုံး ဧကရာဇ်မင်းမြတ်ရဲ့ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး စုဖုရားလတ် ဒီနေ့ဘဲ နတ်ရွာစံခဲ့ပြီမို့ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ကျောင်းပိတ်ပေးဖို့ အရေးဆိုတော့တယ်၊၊

ပဉ္စမမြောက် ဂျော့ဘုရင်ရဲ့ အင်ပါယာပိုင်နက်ထဲမှာ ရောက်နေခဲ့တဲ့ နိုင်ငံငယ်တခုက ကျောင်းသားကလေးက သူတို့ နိုင်ငံကို နောက်ဆုံးအုပ်ချူပ်သွားခဲ့တဲ့ သူတို့ဘုရင်ရဲ့ မိဖုရားအတွက် တိုင်းပြည်ကိုယ်စား လာအရေးဆိုတာကို အင်္ဂလိပ် လူမျိုး ကျောင်းအုပ်ကြီး ဘယ်လိုတုန့်ပြန်လိုက်သလဲဆိုတာ ဘဘတို့ လူကြီးတွေပြောမပြခဲ့ရင် သမီးတို့ ဘယ်လိုလုပ် ခန့်မှန်းသိနိုင်မှာလဲ၊၊

သူအုပ်ချူပ်တဲ့ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ရှိနေတာကို အားရဂုဏ်ယူတဲ့ အပြုံးနဲ့ ကျောင်းအုပ်ကြီးဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီနေ့ကျောင်းပိတ်ပေးဖို့ ကျေကျေနပ်နပ်ကြီး သဘောတူလိုက်တယ်တဲ့၊၊ ဒီကျောင်းသားဟာ နောင်တချိန်မှာ သံအမတ်ကြီးဦးအုန်း အဖြစ် ထင်ရှားလာတယ် ဆိုတာ ဆက်ပြီး သိလိုက်ရတော့ သမီး မအံ့သြတော့ပါဘူး၊၊

(စာတည်းမှတ်ချက်- ဦးတင့်ဆွေ (၁၉၀၆-၁၉၅၃) ဖြစ်တယ်လို့ ၀ိုင်းတော်သား ဗိုဖြူက ပြင်ဆင်ပါတယ်။ ဦးအုန်း (၁၉၁၃-၁၉၈၀) က အဲဒီအချိန် ၁၉၂၅ တုန်းက ၁၂ နှစ် အရွယ်ပဲ ရှိပါသေးတယ် တဲ့)

ဒီလိုလူမျိုးတွေ ပေါ်ထွက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဟာ တချိန်မှာ ဦးကြည်မောင်ဖြစ်လာမယ့် လူငယ်လေးတယောက်ကို မွေးထုတ်ပေးနိုင်တာလည်း သမီး မအံ့သြတော့ပါဘူး၊၊

မြန်မာပြည်ကြီးရဲ့ အလှဆုံးနေ့တွေတုန်းက ဘဘရုပ်ပုံလွှာကို သမီးသတိရတယ်၊၊

ရွေးကောက်ပွဲနိုင်ပြီးစ ကိုယ်စားလှယ်တွေ ဂန္ဓီခန်းမမှာ အစည်းအဝေးလုပ်ကြတုန်းကလေ၊၊

ဗိုလ်အောင်ကျော်လမ်းထဲကို လွှတ်တော်ကိုယ်စားလှယ်တယောက် ၀င်လာတိုင်း လက်ခုပ်သံ တဖြောင်းဖြောင်း နဲ့ အားပေးနေကြတဲ့ လူထုကြီး၊၊ လုံခြုံရေးတာဝန်ယူပေးနေတဲ့ ရဟန်းတော်တွေ၊ ပြီးတော့ လူအုပ်ကြီးဆီက တညီတညွတ်တည်း အားပေးကြွေးကြော်နေတဲ့ ကြက်သီးထစရာ အသံတွေ၊၊

လုပ်စရာရှိတာ ရဲရဲလုပ်

ပြောစရာရှိတာ ရဲရဲပြော

တောင်းစရာရှိတာ ရဲရဲတောင်း

အဖွဲ့ချူပ်နောက်မှာ လူထုရှိတယ်

အဖွဲ့ချူပ်နောက်မှာ လူထုရှိတယ်

တုတ်ကောက်ကို အားပြုပြီး ကားပေါ်က ဖြည်းဖြည်းချင်းဆင်းလာတဲ့ မိုးကုတ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအုန်းမောင်ကို ကျောင်းသားတွေက အပြေးအလွှား ၀ိုင်းတွဲကြတယ်၊၊

ရှမ်းဝတ်စုံနဲ့ ရှမ်းခေါင်းပေါင်း ပေါင်းထားတဲ့ ကိုယ်စားလှယ်တယောက်ကတော့ တညီတညွတ်တည်းလှနေတဲ့ လူထုကြီးကို သူကပြန် ဓါတ်ပုံရိုက်နေတယ်၊၊

ဟုတ်တယ် ဒီအချိန်မှာ အလှဆုံးဟာ လူထုကြီးပဲ၊၊ တိုင်းပြည် လွတ်မြောက်ရတော့မယ် ဆိုတဲ့ မျော်လင့်ချက်တွေနဲ့ ပျော်ရွှင်တက်ကြွပြီး အနိုင်ရ ကိုယ်စားလှယ်တွေ စုဝေးရာကို အားပေးစောင့်ရှောက်ဖို့ ရောက်လာကြတဲ့ လူထုပရိသတ်၊၊

လက်ချင်းချိတ်ထားပြီး လုံခြုံရေးတာဝန်ယူပေးနေတဲ့ လူငယ်တွေ၊ စိတ်ဓါတ်တက်ကြွနေတဲ့ ပရိသတ်ကို ထိန်းပေးနေတဲ့ သံဃာတွေနဲ့ လူအုပ်ကြီးဆီက ကောင်းချီးသြဘာသံတွေ ကြားထဲကနေ ဗဟန်း အမှတ်(၂) မဲဆန္ဒနယ် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ဟာ ပရိသတ်ကို လက်ဝှေ့ရမ်း နှုတ်ဆက်ပြီး ဂန္ဓီခန်းမနား လျှောက်လာတယ်၊၊

ဘဘရဲ့မျက်နှာပေါ်က လူတိုင်းချီးမွမ်းကြတဲ့ နာမည်ကျော် ဦးကြည်မောင်အပြုံးနဲ့၊၊ အေးချမ်း သန့်စင်တဲ့မျက်နှာနဲ့ လူတွေကို ကြင်နာတတ်တဲ့ ဥပဓိရုပ်ကောင်းကောင်း အဖိုးကြီးတယောက်ရဲ့အပြုံး၊၊ အပြုံးလှိုင်းကြောင့် တွန့်နေတဲ့ပါးရေတွေက ထင်းလို့၊၊ ကျိုးတဲ့နေရာ ကျိုး၊ ကျန်တဲ့ နေရာကျန်နေတဲ့ သွားတွေက ဘဘပြုံးလိုက်တိုင်း ဖွေးကနဲပေါ်လို့၊၊

လွန်ခဲ့တဲ့နှစ်(၅၀)ကျော်က ဒီလမ်းပေါ်မှာ နံရိုးတွေကြေမတတ် အရိုက်ခံခဲ့ရဖူးတဲ့ သပိတ်မှောက် ကျောင်းသား ကလေးဟာ သူ့သူငယ်ချင်းရဲ့ သွေးတွေစွန်းခဲ့တဲ့ လမ်းပေါ်မှာပဲ အောင်ပွဲခံလူထုခေါင်းဆောင်အဖြစ် တကျော့ပြန် လျောက်လာခဲ့တယ်၊၊

"ကျနော်တို့ကို အာဏာလွှဲပြောင်းပေးရင် ဘယ်အချိန် အစိုးရဖွဲ့နိုင်မလဲ၊၊ အခုချက်ခြင်းဖွဲ့နိုင်တယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်အချိန်လွှတ်ပေးမလဲ အခုချက်ခြင်း လွှတ်ပေးမယ် …”

ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်းကို ပြောသွားတဲ့(၇၀)ကျော် အဘိုးကြီးကို ပူပူနွေးနွေး လွှတ်တော်ကိုယ်စားလှယ်တွေက ကောင်းချီးပေးကြတယ်၊၊

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အဖမ်းခံထားရတဲ့အချိန်မှာ အဖွဲ့ကို လေထဲမိုးထဲ မုန်တိုင်းထဲကနေ ရွေးကောက်ပွဲ အနိုင်ရတဲ့အထိ ဦးဆောင်ပေးသွားတဲ့ အဘိုးကြီး၊၊

အတွင်းအပြင်ဖိအားနဲ့ အတိုက်အခိုက် ပေါင်းစုံကြားမှာ လူထုအတွက် လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ပေးသွားတဲ့အဘိုးကြီးဟာ အောင်ပွဲရခေါင်းဆောင်ဘ၀မှာလည်း အပုတ်ခတ် အတိုက်အခိုက်ခံနေရချိန်ဘ၀နဲ့ ဘာမှမကွာဘူး၊၊ လောကဓံကို နောကြေနေပြီဖြစ်တဲ့ သူ့ရဲ့ နာမည်ကျော်အပြုံးနဲ့၊၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း တွေကို ထပ်ထပ်ကြုံခဲ့ရပြီးတဲ့ သက်ကြီးရွယ်အိုတို့ရဲ့ ရင့်ကျက်ခြင်းနဲ့၊၊

အနိုင်ရပါတီရဲ့ ခေါင်းဆောင်ကို နိုင်ငံခြားသတင်းထောက်က အမေးအဖြေလုပ်တော့ သွေးညှီနဲ့မပြယ်သေးတဲ့ ၁၉၈၈ ခုနှစ် လူသတ်ပွဲကိစ္စကို ဘယ်လိုသဘောထားမလဲ ဆိုတဲ့အကြောင်း ရောက်သွားတယ်၊၊

ခင်ညွန့်၊ နျူရင်ဘတ်စစ်ခုံရုံး ဆိုတဲ့ ဝေါဟာရနှစ်ခုဟာ သူရဲဘောနည်းလှတဲ့ ဗိုလ်ချူပ်ခင်ညွန့်ကို အိနြေ္ဒမဆောင်နိုင်အောင် အထိတ်ထိတ် အလန့်လန့် ဖြစ်သွားခဲ့ရတာ တတိုင်းပြည်လုံး ငိုအားထက် ရယ်အားသန်၊၊

ဒါပေမယ့် ကြာကြာမရယ်နိုင်ဘူး၊၊ ကက်ကက်လန်အောင် ပြန်ရန်ထောင်ထားတဲ့ ဗိုလ်ခင်ညွန့်ရဲ့ မာရသွန် မိန့်ခွန်းရှည်ကြီးနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ဘဘ နှစ် ၂၀ ကျသွားခဲ့ရတယ်၊၊

နှိုင်းနှိုင်းချိန်ချိန် သုခမိန်ဆိုသလို အင်မတန် နှုတ်လျှာ ထိန်းသိမ်းတတ်တဲ့ ဘဘဟာ စစ်တပ်က အရပ်သားပြည်သူတွေကို သွေးချောင်းစီးအောင် သတ်ပစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်အတွက် အခဲမကြေနိုင်တဲ့စိတ်ကိုတော့ လူရိုးကြီးပီပီ ကြာကြာ ဖုံးမထားနိုင်ခဲ့တာ သမီးနားလည်ပါတယ်၊၊

ဆုံးရှူံးခဲ့ရတဲ့ လူ့အသက်တွေအတွက်၊ ညှိုးနွမ်းကျဆင်းခဲ့ရတဲ့ တခါက မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာအတွက် ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ဟာ တရားမျှတမှုကို ပြန်အလိုရှိမှန်း သမီးတို့ ရိပ်မိကြတယ်လေ၊၊

အင်းစိန်ထောင်ထဲက လုံးချင်းအိမ်ကလေးတလုံးစီမှာ အကျဉ်းစံဘ၀ကို လက်တွဲဖြတ်သန်းခဲ့ကြတဲ့ ဦးတင်ဦးနဲ့ ဦးကြည်မောင်ဆိုတဲ့ စစ်သားဟောင်းကြီး နှစ်ယောက်အကြောင်းကို သမီး ပြန်သတိရတယ်၊၊

အဘိုးကြီး နှစ်ယောက်သား ပန်းပင်တွေကိုကြည့်လိုက်၊ ရေလောင်းလိုက်နဲ့ တယောက်နဲ့တယောက် လှမ်းစကား လက်ဆုံ ကျနိုင်ဖို့ အကြောင်းရှာကြတာတွေ၊ တယောက်လိုအပ်ချက်တယောက် အပြန်အလှန် ဖြည့်တင်း ကူညီပေးကြတာတွေ၊ ထောင်ဝင်စာမှာပါလာတဲ့ မြိုးမြိုးမြက်မြက် စားကောင်းသောက်ဖွယ်တွေကို ကိုယ်မစားရသေးခင် တယောက်ဆီ တယောက် အရင်ဆုံး လှမ်းပို့တတ်တာလေးတွေ၊ ကုလသမဂ္ဂကိုယ်စားလှယ် ပီညဲရိုး အဘိုးကြီး နှစ်ယောက်ကို ထောင်ထဲလာတွေ့တော့ ကြွပ်ကြွပ်အိတ်အစအနတွေနဲ့ ရက်ထားတဲ့ ထောင်တွင်းဖြစ် ယပ်တောင် လက်ဆောင်ပေးလိုက်ရလို့ ထောင်ပိုင်က အထိတ်တလန့် လိုက်သိမ်းတဲ့အခါ " သဲ သဲ နိုင်လွန်းတဲ့ ကောင်တွေကွာ …" လို့ မှတ်ချက်ချပြီး ခွက်ထိုးခွက်လန် ရယ်ခဲ့ရတာတွေ၊၊

ဘဘကွယ်လွန်တော့ အကျယ်ချူပ်ခံနေရတဲ့ ဘဘဦးတင်ဦး ဈာပနတက်ဖို့ ကြိုးစားပေမယ့် ခွင့်မပြုခဲ့ဘူး၊၊ ဇွဲနပဲ ကောင်းသလောက် ရဲဘော်ရဲဘက်စိတ်လည်း ကြီးလွန်းလှတဲ့ ဘဘသူငယ်ချင်း ဗိုလ်ချူပ်ကြီးဟာ ကျန်ရစ်သူ မိသားစုကို အားပေးစကားပြောဖို့ မရမကအရေးဆိုပြီး ဘဘအိမ်ကို ရောက်လာခဲ့တယ်၊၊

အစောင့်အကြပ်တွေ ခြံရံပြီး အိမ်ထဲဝင် လာမယ့် ဗိုလ်ချူပ်ကြီးသူရတင်ဦးကို သမီးစိတ်ထဲက မြင်ယောင်အားကျ မိပါရဲ့၊၊ ကိုယ်တိုင်က တနှစ်ကျော် အကျယ်ချူပ်ခံနေရတဲ့ အကျဉ်းသား အဘိုးကြီးက စိတ်အားမငယ်တဲ့အပြင် သွားလေသူ သူ့ရဲဘော်ရဲ့ မိသားစုကို အိမ်လာတွေ့ပြီး အားပေးသွားသတဲ့လေ၊၊

တိုင်းပြည်နဲ့အမှန်တရားကို လောကဓံပေါင်းစုံကြားက ခေါင်းမာမာနဲ့ ချစ်သွားခဲ့တဲ့ ဘဘကို ကျေးဇူးအရမ်း တင်ပါတယ် ဆိုတဲ့ စကားကလွဲရင် မြန်မာလူမျိုးတယောက် အနေနဲ့ ဒီထက်သမီး ဘာမှ ဆက်မပြောတတ် တော့ပါဘူး၊၊

နောက်မျိုးဆက်တွေအပေါ်မှာ အပြုံးမပျက် ခွင့်လွှတ်နားလည် ပေးနိုင်သမျှ အတွက်ရော၊ လူတိုင်း အပေါ် နိုင်ငံတခုအပေါ် ကောင်းလွန်းခဲ့တာတွေ အတွက်ရော ကျေးဇူးစကားပြောရင်း ဘဘမရှိခြင်းဟာ မြန်မာပြည် အတွက် အဆုံးအရှူံး အရမ်းကြီးခဲ့ပြီဆိုတာ ၀န်ခံပါရစေတော့ ၊၊

(၂၀၀၄၊ ဒီဗွီဘီမှာ ဖော်ပြခဲ့တယ်၊ ခင်မင်းဇော်ရဲ့ ဘလောက်က ပြန်လည် ကူးယူဖော်ပြပါတယ်။ ဒီကနေပဲ အားလုံးကို ခွင့်တောင်းလိုက်ပါတယ်။)

http://moemaka.com/

A

B

C

The Kitchen မီးဖိုချောင်