Saturday, May 3, 2008

စစ်အစိုးရက တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ

မဇ္ဈိမသတင်းဌာန
Saturday, 03 May 2008 08:57 - မြန်မာစံတော်ချိန်

ရန်ကုန်တွင် အစိုးရယန္ဒရား ရပ်ဆိုင်း
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၉း၃၀ - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းက ရန်ကုန်မြို့နှင့် မြို့အများအပြားတွင် အစိုးရယန္ဒရားကို ရပ်ဆိုင်းသွားစေသည်။

ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်ဆိုင်းထားရပြီး လူထုနှင့် ဆက်သွယ်ရေး ဖြစ်သော ရုပ်မြင်သံကြား ကြည့်၍မရ၊ ရေဒီယို နားထောင်၍ မရသလို တယ်လီဖုံးလိုင်းများ အားလုံးနီးပါ ပြတ်တောက်နေသည်။ အင်တာနက်ကတော့ လုံးဝ ပြတ်တောက်နေသည်မှာ မနေ့ ညကတည်းက ဖြစ်သည်။

စစ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာသည်ကိုပင် ရန်ကုန်မြို့ခံများ မသိရှိနိုင်ပဲ ဖြစ်နေသည်။

လမ်းမများပေါ်တွင် အပျက်အစီးများကြောင့် အသွားအလာကလည်း ကန့်သတ်မှုများ ဖြစ်သည်။ ရန်ကုန်မြို့သို့ အခြားမြို့များမှ ကား၊ ရထားများ ၀င်ရောက်မှု အားလုံး ရပ်ဆိုင်းနေသည်။

လူအများက အစားအသောက်များကို အလုအယက် ၀ယ်ယူနေကြရာ ဖွင့်လှစ်သော ဈေးဆိုင် အနည်းငယ်မှာ လူများ ပြည့်ကြပ်နေသည်။

လောလောဆယ်အချိန်တွင် စားသောက်ကုန်များ ဈေးတက်မှု မကြမ်းသေးသော်လည်း တက်မည့် အရိပ်အယောင် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်နားထားရသလို ဓာတ်ကြိုးများ ပြတ်တောက်၍ တလအတွင်း ပုံမှန် ဖြစ်နိုင်ဖို့ မလွယ်ဟု လျှပ်စစ်ဌာန ၀န်ထမ်းတဦးက ပြောသည်။

အနည်းဆုံး လူ ၅ ဦး စနေနေ့ မုန်တိုင်းကြောင့် သေဆုံးပြီး ဖြစ်သည်ဟု မဇ္ဈိအထောက်တော်များက သတင်းပေးပို့သည်။

မုန်တိုင်းကြောင့် နေအိမ် ထုတ်တန်းပြိုကျမှု၊ သစ်ပင်ပြိုလဲမှုများကြောင့် သေဆုံးကြရခြင်း ဖြစ်သည်။

သစ်ပင် ပန်းပင် များပြားသော ရန်ကုန်မြို့တော်ဟု ခေါ်ဝေါ်မှု ရှိခဲ့သော်လည်း ယခုအခါတွင် အပင်များ ပြောင်သလင်းခါ နီးပါး ဖြစ်နေသည်။

လမ်းပေါ်တွေ့နေကြ စွမ်းအားရှင်များ၊ ရဲများကိုလည်း မတွေ့ရသလို ရပ်ရွာလုံခြုံရေး၊ သန့်ရှင်းရေးအတွက် ကိုယ်ထူ ကိုယ်ထ တာဝန်ယူ လုပ်ဆောင် နေကြရသည်။

မီးစက် အသုံးပြုသော နေအိမ် အနည်းငယ်မှလွဲ၍ ယနေ့ညဘက် တမြို့လုံး အမှောင်ကျနေသည်။

လမ်းဘေးရပ် ကားအများအပြား ပျက်စီး
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၈း၀၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့သော မုန်တိုင်းသည် ယခုတော့ ရပ်သွားပြီ ဖြစ်သည်။

လမ်းဘေးတွင် ရပ်ထားသော ကားများ သစ်ပင်များ ပိလျှက်နေပြီး လမ်းများလည်း အပျက်အစီးများဖြင့် ပိတ်ဆို့နေသည်။ အစိုးရ အဆောက်အဦး အတော်များများလည်း ပျက်စီးကုန်သည်။

ယနေ့ နံနက်ကူးချိန်မှစ၍ ရန်ကုန်တွင် မိုးရွာစေခဲ့သော နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းကို ဖြတ်သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်းအားမှာ အမြင့်ဆုံး တနာရီ ၁၉၂ ကီလိုမီတာအထိ ရှိခဲ့သည်။ လူအသေအပျောက် များသည်ဟု ကောလာဟလ ထွက်ပေါ်နေသော ဧရာဝတီတိုင်းတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မောင်လမြိုင်ကျွန်း၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ ဂွ ကုန်တွင်းသို့ ရောက်သောအခါ တနာရီမိုင် ၁၂ဝ ထိ ရှိခဲ့သည်။

မိုးစဲ လေငြိမ်ပြီ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၇း၀၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင်းတွင် ယခုအချိန်တွင် မိုးလုံးဝ စဲသွားပြီး လေလည်း ငြိမ်သွားပြီ ဖြစ်သည်။
သို့သော် အပျက်အစီးများဖြင့် လမ်းများ ပိတ်နေဆဲ ဖြစ်သောကြောင့် လိုင်းကားများ ပြေးဆွဲခြင်းလဲ မရှိပဲ taxi များလည်း ပြေးဆွဲခြင်း မရှိသေးပေ။

တောင်ညွှန့်မှာ အိမ်ပြို

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း အိမ်တချို့ ပြိုလဲမှုများ ရှိသည်။

"မနက် ၁၀ နာရီလောက်အထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေတာ ဖုန်းလိုင်းတွေက မနက် ၉ နာရီအထိ ရနေသေးတယ်။ GSM တွေရော လိုင်းဖုန်းတွေရော အခု လုံးဝ မရတော့ဘူး။ အပျက်အစီး၊ အသေအပျောက်ကတော့ မနက်ဖြန်လောက်မှ သိရလိမ့်မယ်။ မီးလိုင်းတွေရော အောက်ကုန်တော့ ကျနော်တို့ သတင်းတွေ ဘာတွေလဲ နားထောင်လို့ မရတော့ဘူး။ MRTV ရော radio ရော နားထောင်လို့ မရတော့ဘူး" ဟု မင်္ဂလာတောင်ညွန့် နေသူတဦးက ပြောသည်။

ရန်ကုန်မြို့သားများ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင်၍လည်း မရဘဲ ဖြစ်နေကြသည်။

မိုးစဲသွားပြီဖြစ်သည့်အတွက် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထသာ ရပ်ကွက်အလိုက် လုပ်ဆောင်နေကြသည်။

"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ"
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၃း၄၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်လူအချို့က အထုတ်အပိုးများဖြင့် ပြေးလွှားနေပြီး လမ်းပေါ်သွားသော ကားမှန်သမျှ တားနေသည်။

"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ" ဟု ရှားရှားပါးပါး ဆက်သွယ် ရရှိသည့် ဒေသခံတဦးက စိတ်လောနေဟန် ရှိသည့် နှုတ်က တတွတ်တွတ်ဖြင့် ထပ်ကာ ထပ်ကာ ပြောသည်။

မိုးတိတ်၍ မြို့တွင်း လှည့်ပတ် ကြည့်ရှုနေသည့် သူက "နောက် ၂ ဖာလုံလောက် ဆက်သွားရင် ကျနော် ဘယ်လိုမှ ဒီအပျက်အစီးကို ရင်ဆိုင်နိုင်မှာ မဟုတ်လို့ ပြန်လှည့်လာတယ်" ဟု ပြောသည်။ သစ်ပင်ကြီးများ၊ ကြော်ငာဆိုင်းဘုတ်များ လမ်းပေါ် အိမ်ပေါ်သို့ ပစ်လဲကျနေဟု ပြောပြသည်။

"တသက်နဲ့တကိုယ် ဒါမျိုး မကြုံဖူးဘူးဗျာ" ဟု သူက ပြောသည်။

ကျောက်တန်းမြို့ဘက်တွင် အပျက်အစီး ပိုမို များပြားသည်ဟု ရန်ကုန်သို့ ရောက်လာသော သတင်းများ အရ သိရသည်။

ရန်ကုန်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၅၅ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို အရေးပေါ် အခြေအနေ ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။

စမ်းချောင်းအခြေအနေ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၄၅ - မြန်မာစံတော်ချိန်

စမ်းချောင်းမြို့နယ် မယက ရုံးမှ ၀န်ထမ်းတဦးက မြို့နယ်အတွင်း လူအသေအပျောက် မရှိနိုင်ဟု ပြောပြီး အပျက်အစီး စာရင်းများ ပြုစုဆဲ ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အတွင်း "သစ်ပင်ပြို ဓာတ်တိုင်လဲ" မှုများ ရှိသည်ဟု ပြောသည်။

မှန်တွေကွဲ၊ မီးတွေပျက်ဆဲ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက "တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်" ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။

ဘားအံမှာလည်း မိုးကြီး
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ နံနက်မှစ၍ မိုးများ သည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေသည်ဟု သိရသည်။ "လမ်းပေါ်တောင် လူမထွက်ရဲဘူး" ဟု ဒေသခံတဦးက ပြောသည်။

လူအသေအပျောက် ရှိနိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ အရာရှိ ခန့်မှန်းဟု အေပီ သတင်းရပ်က ပြော

အမည်မဖော်လိုသူ မိုးလေ၀သနှင့် ဇလဗေဒဌာန အရာရှိတဦးက အေပီသတင်းသို့ ပြောကြားရာတွင် စနေနေ့က တိုက်ခိုက်သော မုန်တိုင်းကြောင့် လူအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

ရန်ကုန်သားတဦး ပြောပြချက်

"စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ" ဟု ဖုံးလိုင်း ပြန်ကောင်းလာသည့် ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

"အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး"

"ရေနွေးအိုးကနေ ရေငွေ့တွေ လွတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ"

"အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရတာ"

"ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်"

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံ ရုံးဝန်ထမ်းတဦးက "ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန်ကုန်တာ ရှိတယ်။" ဟု ပြောသည်။

ဆူးလေရှိ ဗဟိုမီးသတ်ဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပြောပိုင်ခွင့် မရှိလို့ မပြောရပါစေနဲ့" ဟု ပြန်လည်ဖြေကြားသည်။

ရန်ကုန်တွင် မီးပျက်၊ တယ်လီဖုံးပျက်၊ အင်တာနက်ပျက်၊ အပင်တွေလဲ၊ လျှပ်စစ်ကြိုးများ ပြတ်တောက်
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၀း၁၅ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပျက်စီးကုန်သည်။ “အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက်ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

အားကောင်းလှသော ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်တွင် ကျရောက်၊ သွပ်မိုးများ လွင့်ပျံနေ
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဒေသခံတဦးက "အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ" ဟုပြောပြီး "အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ" ဟု ဆက်ပြောသည်။

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၀၉း၁၅ - မြန်မာစံတော်ချိန်

ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် “အကြီးမားဆုံး မုန်တိုင်းဖြစ်မည်” ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ်လာသည်။

တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည့် အခက်အခဲကြောင့် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်