Wednesday, April 30, 2008

အနာဂတ်ကို ပုံဖော်ခြင်း

အနာဂတ်ကို ပုံဖော်ခြင်း
ဒေါမနစ် ဖော်လ်ဒါ
ဧပြီ ၂၂၊ ၂၀၀၈
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အမြဲကပ်ဘေးသင့်နေရသည်။ သို့ဆိုလျှင် လာမည့်ဆန္ဒခံယူပွဲသည် တိုးတက် ဖွံ့ဖြိုးမှု ဖြစ်ပေါ်စေမည့် အခွင့်အလမ်းလော၊ ပြည်သူများအတွက် ဆုတ်ယုတ်နစ်နာစေမည်လော၊ မေးခွန်း ထုတ်ရန် ရှိနေသည်။


၁၉၄၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) ရန်ကုန်မှ ထွက်ခွာစဉ်က ကိုလိုနီ စနစ်၏ ကောင်းကင်အနားသတ်မျဉ်းမှ ဤမြို့တော် ပျောက်ကွယ်သွားတော့မည့်အရေးကို မျှော်တွေး၍ မျက်ရည်ကျခဲ့ဖူး သည်။ သူ၏ မျက်ရည်ကျရခြင်းမှာ ကိုလိုနီနယ်မြေတခု ဆုံးရှုံးရခြင်းအတွက် မဟုတ်ပါ။ ဆက်လက်ဖြစ်ပေါ်လာတော့မည့် အကြောင်းအချက်အများကို မျှော်တွေးပူပန်မိသောကြောင့်သာ ဖြစ်ပါသည်။

မြန်မာ့လွတ်လပ်ရေးရပြီးကာလအတွက် အလားအလာအကောင်းဆုံး ထင်ရှားသည့် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီးများက လွတ်လပ်ရေးမရမီ ၆ လစော၍ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသည်။ ဗြိတိသျှတို့က မခိုင်မမာ ချိနဲ့နဲ့ အားနည်းချက်ဆက်ထုံးများပြည့်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု ချန်ရစ်ခဲ့ပြီး မငြိမ်မသက်ဖြစ်ကာ ထကြွလိုနေကြသည့် လူနည်းစု တိုင်းရင်းသားများအတွက် ၀ိဝါဒပွားစရာ အချက်များလည်း ဤဖွဲ့စည်းပုံတွင် ပါဝင်နေပါ သည်။ ဤတိုင်းရင်းသားများက တနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထွက်ခွင့် တောင်းလျှင်လည်း တောင်းလာဖွယ် ရှိနေပါသည်။

ဒုတိယကမ္ဘာစစ် ကာလမှစ၍ ဗြိတိသျှတပ်ဖွဲ့များက သူခိုးဓားပြများကို မြေလှန်ရှာဖွေနေခဲ့ပါသည်။ ဤသူခိုးဓားပြများက မည်သူ့အပေါ် သစ္စာခံကြသည်၊ နိုင်ငံရေးအရ မည်သို့မည်ပုံ မျှော်မှန်းထားချက်များ ရှိနေသည်ကလည်း သေချာသိနိုင်သော ကိစ္စမဟုတ်ပါ။ သို့သော်လည်း ပြဿနာကလာတော့မည်ဆိုသည်မှာ မည်သူမျှ သံသယမရှိဘဲ ကြိုတင်မျှော်လင့်ထားကြပြီး ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားများက အချိန်တိုအတွင်းတွင်ပင် တော်လှန်ပုန်ကန်ခဲ့ကြပြီး ယနေ့ကာလတိုင် ကမ္ဘာ့ အရှည်ကြာဆုံး တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြဆဲ ဖြစ်ပါသည်။

ဗြိတိသျှ ဘုရင်ခံ မျက်ရည်ကျလျှက် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့်အကြောင်းကို သူ၏ဇနီးဖြစ်သူ လေဒီ ရန့်စ် (Lady Rance) က စာရေးသူကို အင်္ဂလန်နိုင်ငံ ဆာရေးနယ်ရှိ သူမအနားယူနေသည့် အိမ်တွင် ပြန်ပြောပြခဲ့ခြင်း ဖြစ်ပါသည်။ လက်ဖက်ရည်ဖြင့် ဧည့်ခံရင်း သူမက ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို နှစ်လိုစွာ ပြောပါသည်။ သူသာ ရှိနေသေးလျှင် မည်သို့ ဖြစ်နိုင်သည်ကိုလည်း ပြောပါသည်။ သူမ ပြောကြားခဲ့သည့် စကားကို ၁၉၈၉ ခုနှစ် ဇန်န၀ါရီလတွင် စာရေးသူ တဖန်ပြန်၍ အမှတ်ရမိပါသေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးစောမောင်က ရန်ကုန်ရှိ လုံခြုံရေးအစီအမံ အပြည့်အ၀ ချထားသည့် ကာကွယ်ရေးဝန်ကြီးဌာန ရုံးခန်း၌ မျှော်လင့်မထားသည့် တွေ့ဆုံမေးမြန်းခန်း ပေးရန် ခွင့်ပြုခဲ့ချိန် ဖြစ်သည်။

ရက်သတ္တပတ် တချို့ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရ၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမောင်က တွေ့ဆုံဖြေကြားရန် သဘောတူညီခဲ့ပါသည်။ စာရေးသူနှင့် ဟောင်ကောင် အခြေစိုက် အပတ်စဉ်ထုတ်သတင်းစာ အေးရှားဝိခ် မှ တခြား သတင်းထောက်တဦးတို့ တွေ့ဆုံခွင့်ရခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် အသက်သေဆုံးခဲ့ရသည့် ၁၉၈၈ ခုနှစ် သြဂုတ်-စက်တင်ဘာ လူထုအုံကြွမှုကြီးအပေါ် သူ့ဘက်မှ အမြင်ကို ကြားကြရ လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသည်။ သို့သော်လည်း သူက ဗြိတိသျှတို့ ချန်ရစ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ် ခါးသီး စွာအပြစ်ဖို့ ဟောပြောနေသည်ကိုသာ မိမိတို့ စိတ်ပျက်ဖွယ် ကြားခဲ့ရပါသည်။ ဗြိတိသျှတို့ ချန်ထားရစ်သည့် ဤဖွဲ့စည်းပုံ ကြောင့် ဆယ်စုနှစ်တခုအတွင်း တိုင်းရင်းသား အနည်းဆုံး ၃ ခု ခွဲထွက်သွားဖွယ် အကြောင်း ဖြစ်လာခဲ့သည်ဟု သူက ဆိုသည်။ ဤပြဿနာသည် မြန်မာနိုင်ငံသမိုင်းနှင့် ညီညွတ်ရေးကို နှစ်ပေါင်းကြာရှည် ထိခိုက်စေရန်အကြောင်းဖြစ်ခဲ့ သည်ဟုလည်း ဆိုပါသည်။

ဗိုလ်ချုပ်စောမောင်၏ အပြောက မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော်လည်း မိမိတို့လာသည်က ဤကိစ္စကို မေးမြန်းဆွေး နွေးရန် မဟုတ်ပါ။ ထိုအချိန်က သူ၏ ဒု ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်သန်းရွှေက ဘေးရှိ ကုလားထိုင်ပေါ်မှ မည်သို့မှ မခံစားရ သလို ငြိမ်၍ထိုင်နားထောင်နေခဲ့ပါသည်။ စကားတလုံးမျှ ၀င်ရောက်ပြောဆိုခြင်း မရှိခဲ့ပါ။ အကြောင်းအရာပေါင်းစုံ ဆွေးနွေး မည့် ၃ နာရီကြာ အင်တာဗျူးကို မိနစ် ၂၀ ခန့် ဤခေါင်းစဉ်ဖြင့် အချိန်ကုန်ခဲ့ရပြီးသည့်နောက်တွင် စာရေးသူက ဤဖွဲ့စည်းပုံ ၏ အားနည်းချက်များမှ များမကြာသေးမီကာလ တိုးတက်မှုများကို ပြောရန် ခေါင်းစဉ်ပြောင်းပေးခဲ့ရာ ဗိုလ်ချုပ် စောမောင် အဖို့ အတော်စိတ်သက်သာသွားဟန် ပြပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ယခင်ဗြိတိသျှတို့၏ ဖွဲ့စည်းပုံ အားနည်းချက်များကို ပြင်ဆင်ရန်အတွက် အခွင့် အလမ်းရှိခဲ့သည်ကို သူက ထည့်မပြောခဲ့ပါ။ သူတို့ကိုယ်တိုင် ရေးဆွဲခွင့်ရခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ကျရှုံးခဲ့ရပြန်သည်။ ဗိုလ်ချုပ်စောမောင်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုဖျက်သိမ်းခဲ့ပြီး သူ၏ (န၀တ) စစ်အစိုးရအဖွဲ့၊ ၀န်ကြီးများအဖွဲ့ဖြင့် အစားထိုးခဲ့ပါသည်။ ဤစစ်အစိုးရသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ဒုတိယအကြိမ် အမည်ပြောင်း အသက်သွင်း၍ လျော့လျဲလျဲ ၀န်ကြီးဖွဲ့စည်းပုံများဖြင့် ယခု တိုင် ဆက်လက်လိမ်ညာ အုပ်ချုပ်နေကြဆဲ ဖြစ်ပါသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်ရေးစနစ်မှ စစ်တပ်အရာရှိများ ကြီးစိုးသော တပါတီ အုပ်ချုပ်ရေးစနစ်ကို အသွင်ပြောင်းခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေကို ၁၉၇၃ ခုနှစ်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခဲ့ရာတွင်လည်း လျှို့ဝှက်မဲဆန္ဒ ပေးခွင့် မရခဲ့ကြဘဲ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းခဲ့ပြီဟု ဆိုခဲ့ကြပါသည်။

၁၉၆၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံကို အာဏာရှင်ကြီး ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီနှင့် ၎င်း၏ သြဇာခံဖြစ်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တို့က အုပ်ချုပ်ခဲ့ပြီး "နိုင်ငံတော် ခေတ်ပြောင်းစနစ် တည် ဆောက်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ" ကို ဖြတ်သန်းခဲ့ကြရပါသည်။

မဆလ ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၆၂ ခု ဇူလိုင်လတွင် အတည်ပြုခဲ့ပြီး ပါတီ၏ သဘောတရားရေးရာ လမ်းညွှန် ဖြစ်သည့် "လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည" စာအုပ်နှင့် အတူ ပူးတွဲဖြန့်ချိခဲ့ပါသည်။

ဤသို့ ထူးခြားသည့်၊ ရှုပ်ရှုပ်ထွေးထွေးနိုင်လှသည့်၊ ထိုးဖောက်သိမြင်ရန် မလွယ်လှသည့် စာချုပ်စာတမ်းများကြောင့် မြန်မာ နိုင်ငံ၏ စီးပွားရေးလည်း မရှုမလှ ပျက်စီးခဲ့ရပါသည်။ စစ်တပ်က လွှမ်းမိုးအုပ်ချုပ်ထားမှုနှင့် စီးပွားရေးအရ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ စ၍ သိသိသာသာ ပြောင်းလဲသွားမှုဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ မြန်မာ နိုင်ငံသည် မဆလ ပါတီ အုပ်စိုးမှုအောက်တွင် တရွတ်ဆွဲလိုက်ပါရင်း ၁၉၈၈ ခုနှစ် နှစ်လည်ပိုင်းသို့ တိုင်လာခဲ့ရပါသည်။ ဤအချိန်တွင် စီးပွားရေးအခြေအနေမှာ မြေပေါ်ပြိုလဲ ကျဆင်းနေပြီ ဖြစ်သည်။

ဦးနေ၀င်းက မဆလ ပါတီ ဥက္ကဋ္ဌအဖြစ်မှ နောက်ဆုံးနုတ်ထွက်ခဲ့ပြီး ဆန့်ကျင်ဘက်ကျသည့် ကိစ္စတခုကို ပြောဆိုတိုက် တွန်းခဲ့ပါသေးသည်။ သူက ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရန် တောင်းဆိုခဲ့ပြီး ဆန္ဒပြသူများကို စစ်တပ်က ပစ်သတ်ရ လိမ့်မည်ဟုလည်း ဆိုခဲ့ပါသေးသည်။ သူပြောသည့်အတိုင်း စစ်တပ်ကလည်း တာဝန်ကျေကျပြွန်ပြွန် လုပ်နေဆဲ ဖြစ်ပါ သည်။ မကြာသေးမီကာလ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတိုင် စစ်တပ်က ပစ်သတ်နေဆဲ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲတခုကို ကျင်းပခဲ့သော်လည်း စစ်တပ်က လုံးဝလျစ်လျူရှုထား ခဲ့ပါသည်။ ဤရွေးကောက်ပွဲက အစဉ်ထာဝရ လှုပ်နှိုးခြိမ်းခြောက်နေလိမ့်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဘ၀တွင် စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားမှုကိုလည်း အမှတ်ရနေစေလိမ့်မည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း ရလဒ်ကို ခြုံပုတ်ထဲ လွှင့်ပစ်ထားခဲ့ပါသည်။ ၎င်းတို့က ငြိမ်းချမ်းစွာနိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော်ရေးနှင့် အင်အားစုများ အားလုံး ပါဝင်နိုင်မည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင် ရေး တောင်းဆိုချက်များကိုလည်း လျစ်လျူရှုထားခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့ခြင်း၏ မူလရည်ရွယ်ချက်သည် လွှတ်တော်အသစ်တရပ် ခေါ်ယူရန်၊ အစိုးရဖွဲ့စည်း ရန်လော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ရေးဆွဲရန်အတွက် ဥပဒေပြုလွှတ်တော်လောဟု အငြင်းပွားနေကြဆဲ ရှိပါ သည်။ သို့သော်လည်း ယခုကိစ္စများဖြစ်ပေါ်လာသောအခါ မည်သည့်အတွက်မှ မဟုတ်ကြောင်း ထင်ရှားလာပါသည်။ ပညာတတ်များ ငြင်းခုန်ရန် ကိစ္စသက်သက်မျှသာ ဖြစ်ခဲ့ရပါသည်။

လာမည့် မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတော့မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရ စိတ်ကြိုက် "လက် ရွေးစင် ရွေးထားသူများ" ဖြင့်သာ စုရုံး ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စံတင်လောက်ဖွယ် ၁၅ နှစ်ကျော် အချိန်ယူ ရေးဆွဲခဲ့သော ဥပဒေလည်း ဖြစ်ပေသည်။ သို့ဖြစ်သည့်တိုင် ဤဥပဒေကို ထပ်မံ၍ ပြင်ဆင်ရေးဆွဲရန် လိုအပ်သည်ဆိုကာပြင်ဆင်ခဲ့ပြီး မတ်လတွင်မှ လူအများလက်ထဲ ရောက်လာပါတော့သည်။

ဤဥပဒေတွင် ဖော်ပြထားသည်မှာ နိုင်ငံတော်ခေါင်းဆောင် အကြီးအကဲတွင် စစ်ရေးအတွေ့အကြုံ နောက်ခံရှိရန် လိုအပ် သည်ဟု ဆိုပြီး လွှတ်တော်နေရာများစွာနှင့် အဓိကကျသည့် ၀န်ကြီးဌာန နေရာများကိုလည်း စစ်တပ်က ထိန်းချုပ်ထားပါ သေးသည်။ ထိုမျှမက စစ်တပ်က အစိုးရကို ယာယီရပ်ဆိုင်း၍ အာဏာကို ထိန်းသိမ်းပိုင်ခွင့် ပြဌာန်းချက်များလည်း ပါဝင် နေပါသေးသည်။

စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ဤဖွဲ့စည်းပုံရေးဆွဲရေး လုပ်ငန်းစဉ်အပေါ် ဝေဖန်ပြောဆိုနေကြ သူများကို တန်ပြန်၍ပင် တိုက်ခိုက်ပြောဆိုခဲ့ပါသေးသည်။ သူက ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်မှ စတင်လျှင် ၁၈ ကြိမ်မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် မကြာသေးမီက အတည်ပြုနိုင်ခဲ့သောဖွဲ့စည်းပုံမူကြမ်းရေးဆွဲရာတွင်လည်း အတိုက်အခံများ ပါဝင်ဆောင်ရွက်ခွင့် မရှိဘဲ ရေးခဲ့ခြင်းဖြစ်သည်ဟု ညွှန်းဆို ထောက်ပြခဲ့သေးသည်။

သို့သော်လည်း အရေးပါသည့် မတူကွဲပြားချက်များ ရှိနေပါသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်သည် လူအများ လွတ်လပ်စွာရေးဆွဲပြဌာန်းခဲ့ကြသည့် ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံကို ပြန်လည်မွမ်းမံခြင်းမျှသာ ဖြစ်ပါသည်။ ထိုင်း လူထုက လျှို့ဝှက်မဲဖြင့် ရွေးချယ်ရန်၊ ငြင်းပယ်ရန် အခွင့် ရှိပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ၅၅ ရာခိုင်နှုန်းက လာရောက် မဲပေး ခဲ့ကြပြီး ၆၀-၄၀ ရာခိုင်နှုန်း အသာဖြင့်အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ လက်ခံဖွယ်ရှိသော်လည်း ဤဖွဲ့စည်းပုံကို ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ အမာခံဒေသဖြစ်သည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသနေ ပြည်သူ (သုံးပုံ နှစ်ပုံ) က ကန့်ကွက်ခဲ့ကြပါသည်။ သေချာသည်မှာ တရားဝင်မှု ရှိပါသည်။ မဲပေးမှုကို စနစ်တကျစောင့်ကြည့်ခဲ့ကြ ပြီး ထိုင်း လူမျိုးများက သူတို့နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အချိန်ကာလ ပြောင်းလာသည်နှင့်အမျှ ပြုပြင်ပြောင်းလဲ နိုင်မည်ကို လည်း သိနေကြပါသည်။

မြန်မာပြည်သူများ အလားတူ အခွင့်အရေးမျိုး ရမည် မရမည်ဆိုသည်မှာ သံသယရှိဖွယ် ဖြစ်ပါသည်။ လူအများက ကြိုတင် ဟောကိန်းထုတ်ထားကြသလို စစ်တပ်ကအာဏာသုံးအတင်းအကျပ်ပြုမှုများ ပါဝင်လာနိုင်ပါသည်။ ထိုင်းလူမျိုးများက စီစဉ် ထားသည့်အတိုင်း ရွေးကောက်ပွဲကို ၄ လ တာ အချိန်တွင် ကျင်းပနိုင်ခဲ့ကြပါသည်။ မြန်မာလူထုကမူ မည်သို့ ဟူသည့် အကြောင်းပြချက်များ ရှင်းပြခြင်းမရှိဘဲ ရွေးကောက်ပွဲ ဖြစ်စေရန် နောက်ထပ် လ ၃၀ စောင့်ဆိုင်းနေကြရဦးမည် ဖြစ်သည်။

မည်သို့ဖြစ်စေ မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲတွင် ဤဖွဲ့စည်းပုံသစ်ကို အတည်ပြုဖြစ်သွားလိမ့်မည်ဟု လေ့လာသူတချို့ က သံသယရှိနေကြပါသည်။ ဝေဖန်သူများနှင့် လက်တွေ့ကျကျချဉ်းကပ်သူများက ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်မျှ ပင် အားနည်းချက်များရှိစေ ၁၀ ရာခိုင်နှုန်းသော ဒီမိုကရေစီရခြင်းပင်လျှင် လုံးဝမရှိသည်ထက်စာလျှင် တော်သေးဟု ဆိုနေ ကြပါ သည်။ ထိုသူများလည်း မှန်ကောင်း မှန်နိုင်ပါသည်။

သို့သော်လည်း ကုလသမဂ္ဂအဖို့ဤလုပ်ငန်းစဉ်ကိုလက်ခံရန် အခက်အခဲကြုံရပေလိမ့်မည်။ အကြောင်းမှာ ဤသို့အတည်ပြု လိုက်သည်နှင့် တပြိုင်နက် ကုလသမဂ္ဂ၏ ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို ချိုးဖောက်မိလျက်သား ဖြစ်နေသောကြောင့် ဖြစ်သည်။ နိုင်ငံတကာ စာချုပ်တခု မဟုတ်သော်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အခွင့်အာဏာရှိနေပါသည်။ ၎င်းက " နိုင်ငံအသီးသီးရှိ လူတိုင်း ရရှိခံစားရမည့် စံတန်ဖိုးများကို တပြေးညီ သတ်မှတ်နိုင်ရေး" ဟု ဖော်ပြထားပါသည်။

သို့ဆိုလျှင် မြန်မာပြည်သူများကို မည်သည့်အတွက်ကြောင့် ကြွင်းကျန် ချန်ထားရပါမည်နည်း။

မြန်မာစစ်အစိုးရသည် ပုံမှန်ဆိုသလို လူ့အခွင့်အရေးကြေညာစာတမ်း၏ ပုဒ်မများဖြစ်သည့် ပုဒ်မ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၉၊ ၂၀၊ ၂၁၊ ၂၃ နှင့် ၂၆ တို့ကို (အနည်းဆုံး) ဖောက်ဖျက်ကျူးလွန်နေပါသည်။

ဤဖွဲ့စည်းပုံ မူကြမ်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လည်း နိုင်ငံရေးနယ်ပယ်မှ ပထုတ်ထားရန် ရေးဆွဲထားပါသေးသည်။ အကြောင်းမှာ တချိန်က သူက နိုင်ငံခြားသားနှင့် လက်ထပ်ဖူးသောကြောင့် ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းလည်း ဆုံးခဲ့ရပြီဖြစ်ပြီး ဘ၀သက်တမ်း တလျှောက်လုံး မြန်မာနိုင်ငံသားအဖြစ်သာ ခံယူထားခဲ့သူလည်း ဖြစ်သည်။ သို့ဆိုလျှင် ဤသို့ပထုတ်ထားရန် ဆောင်ရွက် ခြင်းသည် လူ့အခွင့်အရေးကြေညာစာတမ်း၏ ပုဒ်မ ၂၁(၁) နှင့် ငြိစွန်းနေပြီ ဖြစ်သည်။ ဤပုဒ်မက "လူတိုင်းသည် နိုင်ငံ၏ အစိုးရအဖွဲ့အတွင်း၌ တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်" ဟု ဖော်ပြထားပါသည်။

၁၉၉၀ ခုနှစ်များ အကုန်ပိုင်း အင်္ဂလန်တွင် ခင်ပွန်းဖြစ်သူ သေလုမျောပါး အသည်းအသန်ဖြစ်နေချိန်ကပင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံကို စွန့်ခွာ၍ မသွားခဲ့ပါ။ အကယ်၍ သွားခဲ့ပါကလည်း ပြန်လာခွင့်ပြုမည် မဟုတ်သည်မှာ သေချာ သောကြောင့် ဒေါ်စုက ဤသို့ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။ ဤအချက်ကပင် ပုဒ်မ ၁၃ (၂) နှင့် ငြိစွန်းနေပေပြီ။ ဤ ပုဒ်မ တွင် " လူတိုင်းသည် သူ၏ကိုယ်ပိုင်နိုင်ငံ အပါအ၀င် မည်သည့်နိုင်ငံကို မဆို စွန့်သွားရန် အခွင့်အရေး ရှိသည်။ ပြန် လာရန် အခွင့်အရေးရှိသည်" ဟု ဖော်ပြထားပါသည်။

တကယ်တော့ မြန်မာနိုင်ငံအတွက် ငိုယိုသင့်သည်မှာ ကာလကြာရှည်ကပင် ဆုံးပါးကွယ်လွန်သွားခဲ့ရသော ဗြိတိသျှ ဘုရင်ခံ တဦး တည်းမျှသာ မဟုတ်တော့ပါချေ။

၂၀၀၈ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Dominic Faulder ရေးသားသည့် Framing the Future ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Framing the Future

Framing the Future
By DOMINIC FAULDER

Burma has always been cursed by its constitutions. So, is the upcoming referendum a chance for progress or a step back for the people?

WHEN the last British governor in Burma, Maj-Gen Sir Hubert Rance, departed Rangoon in early 1948, he wept as he surveyed the city’s receding colonial skyline. His tears were not for a lost colony, but for what he feared was about to unfold.

Burma’s most prominent independence figure, Bogyoke Aung San, and half his Cabinet had been murdered six months earlier. The British were leaving behind a constitution with rickety and ambiguous provisions for restive minorities who might one day want to secede from the fledgling Union of Burma.

British forces had been running bandits to ground since the end of World War II. The loyalties and political motivations of these “dacoits” were uncertain, but nobody doubted that trouble was brewing. The ethnic Karen revolt ignited almost immediately and flickers on to this day as the world’s longest-running insurgency.

The tale of the tearful departing governor was recounted to me by his widow, Lady Rance, in early 1982 at her retirement home in Surrey, England. Over tea, she spoke fondly of Aung San and what might have been. I was reminded of her words in January 1989 by Snr-Gen Saw Maung as he launched into an unprecedented interview in the fortified Ministry of Defence compound in Rangoon.

After weeks of negotiation, Saw Maung, the first chairman of the new Burmese junta, the State Law and Order Restoration Council (SLORC), had agreed to talk. I and another journalist from Asiaweek, a Hong Kong-based newsweekly, were there to hear his side of the August-September 1988 uprising that had left at least 3,000 Burmese dead. To our dismay, the general proceeded to lecture us bitterly on a clause in the constitution bequeathed by the British that sanctioned possible secession to three minorities after a decade. Saw Maung argued that this had had a disastrous impact on Burmese history and unity down the years.

Saw Maung may well have been right, but that was not the topic we had come to discuss. His deputy chairman at the time, Gen Than Shwe, listened impassively from an armchair but said not one word. After 20 minutes in what would turn out to be a wide-raging three-hour interview, Saw Maung actually seemed relieved when I nudged the topic away from defective constitutions towards more recent developments.

He had not mentioned that in 1974 the Burmese had the chance to put the British constitutional deficiencies to rights with a fresh charter of their own. That too failed. With the 1974 constitution abrogated, Saw Maung replaced the Cabinet, known as the Council of Ministers, with the SLORC, a junta that continues to this day in its second incarnation as the State Peace and Development Council (SPDC) with a weak Cabinet playing second fiddle.

With its new 1974 constitution, Burma moved from rule by a junta to rule by a one-party state dominated by retired military officers. The 1974 constitution was adopted after a referendum in 1973, conducted without the benefit of a secret ballot, and allegedly paved the way for a return to civilian rule.

Since 1962, Burma had been ruled by strongman Gen Ne Win’s Revolutionary Council and his idiosyncratic Burma Socialist Program Party (BSPP) as the country underwent a “transitional period for its construction.”

The BSPP’s party constitution was adopted in July 1962 and published alongside the party’s philosophy: “The System of Correlation of Man and His Environment.”

This unique, convoluted and largely impenetrable treatise opened the way to Burma’s economic ruin. In terms of military dominance and economic ineptitude, nothing has really changed since 1962. Burma staggered on under the BSPP until mid-1988, by which time the economy had completely run aground.

Ne Win finally resigned as BSPP chairman—but with a typically contrarian flourish: He called for multi-party democracy whilst promising that the army would shoot demonstrators, which it has dutifully done, most recently last September.

In May 1990, a general election was held that, although completely ignored by the junta, will forever stand as a ringing rebuke to the military and its stranglehold on political life in Burma. The landslide victory of the National League for Democracy (NLD) was left to wither on the vine and a resounding mandate for peaceful and inclusive political reform was squandered.

An argument still rages as to whether the original purpose of the 1990 election was to form a new parliament/government or a constituent assembly to draft a new constitution. In the event, neither occurred, making this a genuinely academic debate.

The constitution that will be put to a referendum in May is instead the creation of a junta-appointed “representative” assembly that took a record-breaking 15 years to produce.

Even then, the document still needed redrafting and was only made public in March.

It includes a requirement that the head of state have a military background, that a significant proportion of seats in the assembly and key ministerial portfolios be held by the military, and even a clause that would allow the army to suspend the government and assume power.

Information Minister Kyaw Hsan has rebuked critics of this process for double standards, pointing out that the constitution passed in Thailand last year—the 18th since 1932—was drafted without opposition involvement.

There are actually a few key differences. Thailand’s new constitution is mostly a modification of its freely drafted 1997 constitution, and the Thai public had the opportunity to accept or reject it in a secret ballot. Indeed, although it was adopted by a convincing 60 to 40 percent margin by the 55 percent of eligible voters who turned out, it was rejected by almost two-thirds of voters in the northeast, a bastion of support for the ousted premier, Thaksin Shinawatra. Essentially, it was a legitimate, properly observed vote—and the Thais know they can always adjust and improve their constitution in changing times.

It is doubtful that the people of Burma will be similarly enfranchised, particularly as military vetoes have been incorporated as predicted. The Thais were also able to move ahead in good order to a general election in four months. The Burmese may have to wait up to 30 months for reasons not explained.

For all this, few observers doubt that May’s referendum in Burma will see the adoption of the new constitution. Cynics and pragmatists will argue that however flawed, 10-percent democracy is better than no democracy at all. They may be right.

However, the United Nations will have a hard time getting behind this process once it starts counting up the infractions of its own 1948 Universal Declaration of Human Rights (UDHR). Whilst not a treaty, the UDHR carries significant moral authority as “a common standard of achievement for all peoples and all nations.”

Why should the Burmese be excluded?

The Burmese regime routinely flouts UDHR articles 8, 9, 10, 12, 13, 19, 20, 21, 23 and 26 (at least).

The draft constitution excludes Aung San Suu Kyi, the secretary general of the NLD, from political life because she was once married to a foreigner. Suu Kyi is a widow and always retained her Burmese citizenship, so any such exclusion may contravene Article 21 (i): Everyone has the right to take part in the government of his country, directly or through freely chosen representatives.

In the late 1990s, she did not leave Burma to be with her dying husband in England because she was certain of not being allowed to return. Even so: Article 13 (ii) states: Everyone has the right to leave any country, including his own, and to return to his country.

Perhaps it is not only the long-dead governor who should be weeping.

Tuesday, April 29, 2008

မစိုးရိမ်ဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း

သာသနမောဠိ နာယက မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီ


သာသနမောဠိ နာယက မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီ
မိုးမခ အထောက်တော် ၀၀၁
ဧပြီ ၂၉၊ ၂၀၀၈

သက်တော် ၈၁ ရှိပြီဖြစ်သည့် မစိုးရိမ်ဆရာတော် ဦးကောဝိဒ သည် ယနေ့ နေ့ခင်း၊ နယူးယောက်စံတော်ချိန် ၁ နာရီ ၇ မိနစ်ခန့်က ဘ၀နတ်ထံ ပျံလွန်တော်မူပြီဖြစ်ကြောင်း ကြားသိရသည်။ ယနေ့ နံနက်က နှလုံးရောဂါ ဝေဒနာဖြင့် ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရကြောင်း၊ ထိုနောက် ဆေးရုံတွင် ကုသမှုများဆောင်ရွက်နေစဉ် ငြိမ်းချမ်းစွာဖြင့် ခန္တာဝန်ချတော်မူသည်ဟု ဆရာတော်ကြီး၏ ဝေယျဝစ္စအနီးကပ်ဆောင်ရွက်ပေးသူ ဦးတင်မျိုးအောင်က ပြောကြားခဲ့သည်။

ယမန်နေ့က နယူးယောက် သာသနမောဠိအဖွဲ့ချုပ် ခန်းမဖွင့် အခမ်းအနားကိုလည်း ကြွရောက်ပြီး တရားချီးမြှင့်ခဲ့သေးကြောင်း၊ သက်တော်ကြီးရင့်ပြီး ကျန်းမာရေး ချို့ယွင်းနေသည့်ကြားက သာသနာ့ အန္တရာယ်ကို ကာကွယ်ရန်၊ သံဃာတော်များကို စောင့်ရှောက်ရန်အတွက် အထူးလုံလပြုတော်မူပြီး ဆရာတော်ကြီးသည် သာသနမောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကို မနေမနား ဦးဆောင်မှုပေးခဲ့ကြောင်း၊ သာသနမောဠိအဖွဲ့ချုပ်က ဆရာတော်တပါးဖြစ်သူ ဦးပညာနန္ဒက မိုးမခသို့ ပြောကြားသည်။ ဆရာတော်ကြီး၏ အန္တိမဈပန ကိစ္စအ၀၀ ဆောင်ရွက်နိုင်ရန် သာသနမောဠိ ဥက္ကဌဆရာတော် ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသနှင့် အတွင်းရေးမှူးဆရာတော် ဦးဥတ္တရတို့သည် ယခု နယူးယောက်သို့ လာရောက်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆရာတော်ကြီးနောက်ဆုံး ကြွရောက်ချီးမြှင့်ခဲ့သော သာသနမောဠိအဖွဲ့ချုပ်ခန်းမဖွင့်ပွဲတွင် ဆရာတော်ဘုရားကြီးက အခု သာသနမောဠိခန်မကြီးကို ရုံးခန်းအဖြစ် မမှတ်ယူစေလိုကြောင်း၊ သံဃာတော်များ သာသနာ့အရေး ကာကွယ်ရေး စုဝေးညီညာ ဆောင်ရွက်ရာဖြစ်တဲ့အတွက် "ညီမူရာ" ခန်းမ လို့ အမည်ပေးစေလိုကြောင်း၊ မိမိတို့သံဃာတော်တွေက သာသနာ့အန္တရာယ်ကို ကာကွယ်ဖို့၊ မြန်မာပြည်မှာ သာသနာထွန်းကားဖို့ လုံလထုတ်ဆောင်ရွက်နေတာဖြစ်လို့ အခြား လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများ အဖွဲ့အစည်းများနဲ့လည်း မရောထွေးကြစေလိုကြောင်း၊ သံဃာ့ဂုဏ်တော်များကို အခြားတပါးသူများက ဂုဏ်ချင်း ယှဉ်ကြ၊ ပြိုင်ကြတာမျိုးကိုလည်း လက်မခံကြစေလိုကြောင်း၊ သံဃာသတ်တဲ့ စစ်အစိုးရချမှတ်ပေးနေတဲ့ အခြေဥပဒေမူကြမ်းမကလို့ ဘယ်လမ်း ဘယ်စခန်းကိုမှ နောက်က လိုက်ပါဆွေးနွေးပြောဆိုနေစရာ မလိုဘဲ လုံးဝပယ်ချ ကန့်ကွက်ပြီးဖြစ်တယ်လို့ စိတ်ကို ပိုင်ပိုင်ထား ဆုံးဖြတ်ထားရမှာ ဖြစ်ကြောင်း စသည်ဖြင့် မိန့်မှာတော်မူခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ ကဗျာဆရာ မောင်စွမ်းရည်က မိုးမခသို့ ပြောကြားသည်။

ဆရာတော်ကြီးသည် ၁၉၉၀ ကစတင်ပြီး စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ခဲ့သော ဦးဆောင် ဆရာတော်ဘုရားကြီးအဖြစ် ထင်ရှားသည်။ စစ်အစိုးရက ဆရာတော်ကြီးနှင့်တကွ စာသင်သား၊ စာချ ဆရာတော်၊ သံဃာတော်အများအပြားကို ထောင်သွင်း အကျဉ်းချခဲ့သည်။ ဆရာတော်ကြီးကိုယ်တိုင် ထောင်ထဲတွင် ၂၂ လ တိုင်တိုင် အကျဉ်းစံခဲ့ရပြီး၊ ထောင်မှ လွတ်မြောက်လာပြီးနောက် မူလ မစိုးရိမ်ကျောင်းတိုက်ကြီးတွင် ဦးဆောင်ဆရာတော်ကြီးအဖြစ် စာသင်၊ စာချ သာသနာ့ တာဝန်များကို ပြန်လည် ထမ်းရွက်တော်မူခဲ့သည်။ ရန်ကုန်မြို့ ငွေကြာရံ စာသင်တိုက် (၂၀၀၇ စက်တင်ဘာတွင် စစ်တပ်က အကြမ်းဖက်စီးနင်းပြီး သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း) တွင်လည်း အခါအားလျော်စွာ စာချပေးတော်မူပြီး ဆရာတော်ကြီးသည် မြန်မာပြည်ရှိ စာသင်သား သံဃာတော်များအတွက် နေတစင်း၊ လတစင်းသဖွယ်အဖြစ် ပရိယတ္ထိနယ်ပယ်တွင် ကျေးဇူးသြဇာ ကြီးမားသူဖြစ်သည်။

ထို့အတွက် ၂၀၀၇ စက်တင်ဘာတွင် စစ်အစိုးရက သံဃာတော်များကို လက်နက်ဖြင့် အကြမ်းဖက် သတ်ဖြတ်နှိမ်နှင်းသောအခါ ဆရာတော်ကြီးသည် သာသနာနှင့် သံဃာတော်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘုရားရှင်ချမှတ်တော်မူသော သပိတ်မှောက် ကံဆောင်ခြင်းကို ထောက်ခံဆောင်ရွက်အားပေးတော်မူပြီး မိမိ ခြိုးခြံနေထိုင် တရားကျင့်ကြံ ဟောပြောခြင်းမှ ဖြစ်တော်မူသော ရုပ်ပစ္စည်းနှင့် ၀တ္ထုအစုစုတို့ကို ပြည်တွင်းပြည်ပရှိ သံဃာတော် အရေးကိစ္စတို့အတွက် စွန့်လှူပြီး ဆောင်ရွက်သော ဆရာတော်ကြီးဖြစ်သည်။

သာသနမောဠိ - သံဃာအဖွဲ့ချုပ်ကြီး ဖြစ်မြောက်လာစေရေးအတွက် အထူးဝါယမစိုက်ထုတ်ဆောင်ရွက်ခဲ့သဖြင့် သက်တော်ကြီး ၀ါတော်ကြီးသူ ဆရာတော်ကြီးကို သံဃာတော်အများက နာယကဆရာတော်အဖြစ် သတ်မှတ်ပြီး ဦးဆောင်မှုပေးနိုင်ခဲ့သူ ဖြစ်သည်။ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုတက္ကသိုလ်က ပြည်တွင်းရှိ သံဃာအာဇာနည်များအတွက် ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုလည်း ကျန်းမာရေး ချို့ယွင်းသည့်ကြားမှ မြန်မာသံဃာတော်များကိုယ်စား ကြွရောက် လက်ခံတော်မူခဲ့သည်။ ဆရာတော်ကြီးက ထောင်သွင်းအကျဉ်းချခံရသည်အထိ သပိတ်မှောက်ကံဆောင်ခြင်းကို ဆောင်ရွက်တော်မူသော ဆရာတော်တပါးအနေဖြင့် ပြည်တွင်းက တစိတ်တ၀မ်းတည်းဖြစ်သော မြန်မာသံဃာတော်များကိုယ်စား ဆုယူခြင်းဖြစ်ကြောင်း၊ မိမိအတွက် ဆုချီးမြှင့်ရန်မလိုကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဆရာဝန်များ၊ အနီးကပ်စောင့်ရှောက်သူ ဒကာ၊ ဒကာမများက ဆရာတော်ကြီး၏ ကျန်းမာရေးချို့ယွင်းနေမှုများကြောင့် အနားယူရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြသေည်လည်း ဆရာတော်ဘုရားကြီးက ယခု သာသနာ့အန္တရာယ်ကာကွယ်ရန်၊ မြန်မာရဟန်းသံဃာတော်များကို စောင့်ရှောက်နိုင်ရန် တာဝန်ကို သာသနာ့အရေး၊ တို့အရေးအဖြစ် ခံယူပြီး ဦးလည်မသုံဖြင့် မိမိ၏ အသက်ခန္တာကိုပင် မငဲ့ဘဲ သာသနာပြုစောင့်ရှောက်တော်မူသော ဆရာတော်ကြီးဖြစ်သည်။

မေတစ်ဆယ်နောက်ကွယ်(၁)

ကျွန်တော် မြင်တာတော့ ပင်လယ်ထဲမှာ လေဖိအားနည်းရပ်ဝန်းတွင် ဖြတ်ရသော သင်္ဘောတစ်စီး ခုတ်ရတဲ့အတိုင်း ဖြစ်တော့မယ်။ စဉ်းစားပေးပါဗျာ၊ အားလုံး အပြင်မှာ ရောက်နေသော မြန်မာတော်တော်များများ ခရေစီဖြစ်နေကြတယ်။ သေသေချာချာလေး ဆွေးနွေးပါ။ တော်တော်လေး အရေးကြီးနေလို့ပါ။

အစ်ကိုရေ .....

တကယ်ကို စိတ်ကုန်ဖို့ ကောင်းတယ်။ အရေးထဲ သူတို့ ကန့်ကွက်မဲထည့်ဖို့ ကိစ္စကို ပိတ်တယ်ဆိုပြီး နအဖဘက်ကလိုလို၊ ဘာလိုလို လိုက် ပြီးတော့ကို အပြောခံနေရသေးတယ်။ လန်ဒန်က အစည်းအဝေးထဲမှာ ထထိုးတဲ့အထိ ဖြစ်ကုန်တယ်။ ကျွန်မတော့ ပြောလိုက်တယ်။ ကိုယ့်သေတွင်း ကိုယ်တူးနေလို့ မနေနိုင်လို့ ၀င်ပြောနေတာ။ မကြိုက်လဲ အနေသာကြီးလို့။ ခက်တာက သူတို့ဘာသာသူတို့ သေတွင်းတူး နေတာ အကြောင်းမဟုတ်ဘူး။ ပြည်သူတွေပါ ဒုက္ခများတော့မယ်။ ဘာမှမလုပ်ပဲ ဆန္ဒပြရင် နအဖလုပ်တာ မဟုတ်ဘူးပဲ အားလုံးက အသိ အမှတ်ပြုမှာလေ။ ကန့်ကွက်မဲတွေ ၀ိုင်းထည့်ကြပြီးမှ၊ နအဖကညစ်ပြီး အနိုင်ပိုင်းလိုက်ရင် အဲဒါသမိုင်းတခုလုံးမှာ သွားပြီ။ ပြည်ပကလဲ Political Liberalization စသွားပြီလို့ပဲ သတ်မှတ်ခံရတော့မှာ။ ဒီလောက် ခံထားရတာတောင် မမှတ်ကြသေးဘူး။ လုပ်ရတာ တစတစ ခက်လာနေတယ်။ နအဖလုပ်တာ မဟုတ်ပဲ ကိုယ့်လူတွေအချင်းချင်း ပြန်လုပ်နေတာ ခံနေရတယ်။ တချို့ဆိုရင် ဆန္ဒပြပွဲမလုပ်ဖို့ အ ကြောင်း အကျိုးတက်ရှင်းထားလိုက်တာများ (ကန့်တော့ပါရဲ့အစ်ကိုရယ်) ပုဆိုးနဲ့ထမီ လဲသာဝတ်လိုက်ချင်တော့တယ်။ လူတွေလဲ တွေဝေကုန်ကြပြီ။ အားလုံးကလည်း ကန့်ကွက်မဲထည့်တာနဲ့ နိုင်မယောင် ပြောနေကြတယ်။ အဲဒါဘာမှဖြစ်မလာရင် လူထုရဲ့စိတ်ဓာတ်တွေ ထိုးကျကုန်တော့မှာ။ ဘယ်လိုမှ ကောက်တင်လို့ရတော့မှာ မဟုတ်ဘူး။ ပြည်တွင်း အင်အယ်ဒီက ကန့်ကွက်မဲပေးဖို့ လမ်းကြောင်းတင်လို့ လိုက်နေကြတာတဲ့။ ဟိုထဲကလဲ ငြိမ်ငြိမ်နေဖို့ ကောင်းတယ်။ လူထုရဲ့ အင်အားကို မဟုတ်တဲ့လမ်းကြောင်းပေါ် ဆွဲတင်လိုက်သလို ဖြစ်နေပြီ။ ဘာဆက်လုပ်ကြရမလဲ အစ်ကို။

ကျွန်မတော့ ဒီပွဲပြီးရင် ဘေးထွက်ထိုင်တော့မယ်။ စိတ်ကုန်နေပြီ။

ညီမလေး


ပြည်ပကလဲ Political Liberalization စသွားပြီလို့ ကျွန်တော်ပြောချင်ပြီ။ အဲဒါက မဟာဒုက္ခနော်။ ကျွန်တော်တို့အခုကတည်းက ပြတ်ပြတ် ပြောကြတော့၊ ဒီလိုင်းကို မသိမသာထက်၊ ရအောင်တင်နေပြီလို့ မြင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ညီအစ်ကိုတွေ၊ ညီအစ်မတွေ၊ ရဲဘော်ရဲဘက်တွေအားလုံး၊ အခြေအနေမှန်ကို အားလုံး သိုင်းဝိုင်းရမှာ ဖြစ်လို့ပါဗျာ။ အရေးကြီးရင် သွေးစည်းရမယ်။ ပြောလို့မရတာ တခုတော့ရှိတယ်။ ကိုယ့်ဘက်ကလူတွေက အကုန်လုံး ဆရာလုပ်ရမှ။ အားလုံးက ကိုယ်လုပ်နိုင်တာလုပ်ကြပေးတယ်ဆိုတာ လေးစားပါတယ်။ အခုကမရတော့ဘူး၊ အားလုံးက သိုင်းပြီးပြောမှ၊ တောင်းမှရတော့မှာ။ နောက်ပြီးတော့ အားလုံးက ဘာမဟုတ်တာနဲ့ ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်တာနဲ့ နအဖ၊ စပိုင်၊ ဒလံ၊ နှစ်ဖက်ချွန်ဆိုပြီးတော့ တစ်မျိုး၊ ပိုင်ရာဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ချောက်လှန့်ခြင်းတဖုံ လုပ်တတ်တာကလည်း တော်တော်ဆိုးတယ်။ ယောင်္ကျားတွေမှ မဟုတ်တော့တာ၊ ဂန်ဒူးစိတ်တွေလေ၊ သွေးမစည်းချင်ကြဘူး။ နိုင်ငံရေးကို ရပိုင်ခွင့်တွေကြည့်ပြီး လုပ်ကြတယ်၊ ဒီလိုနဲ့ လူကောင်းတွေ၊ လုပ်နိုင်သောသူတွေ၊ စိတ်တွေလေပြီး တကယ့်လူတွေ ထွက်သွားကြ၊ ဘေးထွက်ထိုင်ကြတာ အနှစ်၂၀ အတွင်းမှာ တော်တော်များသားဗျာ။

ကျွန်တော်လည်း ဒီအကြောင်းတော့ မပြောချင်ဘူး၊ ခေါင်းဆောင်ဆိုသူတွေ ပြောတာ၊လုပ်တာကို ၀ိုင်း လုပ်ပေးပါတယ်။ သို့ပေမဲ့ အခုအချိန်မှာတော့ မေးရတော့မယ်ဗျာ၊ ဒါပြီးရင် ဘာလုပ်မလဲဆိုတော့ တိကျသော အဖြေ မရှိကိုမရှိဘူး၊ ဒီလိုပြောလို့ န၀တမှာကော မေးရင် န၀တလည်း မရှိဘူး၊ သေချာပါတယ်။ မရှိလို့ သူတို့ တိုးလို့တန်းလန်းတွေထားတာပေါ။့ ဥပမာဗျာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ ပါတီကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ။ စသဖြင့် စသဖြင့်ပေါ့၊ အားလုံးဝါးတား တားသာ အဖြေတွေက ရေး ထားတာပါ၊

အခုတော့ အားလုံးကိုချပြပါ၊ အနှစ်၂၀ ရှိပြီ။ ကျွန်တော်တို့ဒီပွဲမှာ န၀တကို ပြတ်ပြတ်မေးရမဲ့ အချိန်ကို ပိုင်ဆိုင်ထားတာ၊ ဘာလို့လဲဆို တော့ သူတို့လုပ်ချင်တာလုပ်ဖို့ အတည်ပြုရမှာလည်း ပြည်သူတွေဘဲ၊ သူတို့လုပ်ချင်တာ လုပ်ခွင့်မရအောင် အတည်မပြုပေးတာလည်း ပြည်သူဘဲ၊ ဒီအချိန်မှာ ပြည်သူက ပါဝါ အပြည့်ရှိတယ်၊ န၀တကိုကော၊ ပါတီကောပြောရမှာ၊ အခုက VOTE NO ဆိုရင် ဘာလုပ်မယ်ဆိုတာ၊ ဘာဖြစ်ပေးမယ်ဆိုတာလည်း မရှိဘူး၊ VOTE YES ဆိုပြီး မတရားသွားရင်လည်း ကျန်တာတွေထား၊ တိုင်းရင်းသား လက်နက်ကိုင် တွေကို မရှင်းနိုင်သေးလို့၊ ငြိမ်းချမ်းရေးမရှိလို့က တစ်ကြောင်း၊ အပြင်ကလူတွေကလည်း ဆက်လက် ဆန့်ကျင်နေမှာ ဖြစ်တာကြောင့် Political Liberalization ဖြစ်ကို ဖြစ်သွားတော့မှာပါ။

ယခုလာမဲ့ မေ(၁၀) ရက် နောက်ပိုင်းက ၁၉၉၀ပြည့် ရွေးကောက်ပွဲကို အနိုင်ရပြီး န၀တအစိုးရက အစိုးရဖွဲ့ခွင့် အသိအမှတ်မပြုတဲ့ နောက်ပိုင်း အနှစ်၂၀ လုံးလုံးမှာ ဗမာပြည်ကို Political Liberalization ဖြစ်အောင် အကောင်းဆုံး လုပ်ပေးနိုင်သော အခြေအနေကို ဖန်တီးပေးလိုက်နိုင်ပြီလေ၊ ဘာလိုလဲဆိုတော့ အချိန်ရယ်၊ ဖြစ်တည်ခြင်းရယ်၊ သဘောထားအာလုံး သမတိုက်ဆိုင်ခြင်းနှင့်ညှိနိုင်း၍ မရနိုင်ခြင်းတွေက သက်သေဖြစ်နေလို့ပါ။

ပြည်ပနိုင်ငံများကလည်း အသိမှတ် ပြုပေးရတော့မယ်၊ ဒါကြောင့်ပြောတာ၊ ဘာတစ်ခုမှ အကျိုးကိုမရှိလို့မေးရတာ၊ ဒါကိုဗျာ ရေဒီယိုများ ကနေမပြောဘူး၊ Vote NO ပြီးသွားရင်ဘဲ မဟာအောင်ပွဲ လုပ်နေ ပြောနေကြတယ်၊ အခြေခံဥပဒေက မရှိတာနဲ့စာ ရှိတာက ကောင်းသလား၊ မကောင်းသလားဆိုတာတွေ မေးနေကြတာက လက်တွေ့သဘောကို မဆောင်ဘူးလေ၊ မေးတဲ့သူတွေကော၊ အမေးခံရတဲ့သူတွေ ကကော အခြေခံဥပဒေရှိသော အခြေအနေအောက်မှာ ဖင်ပူအောင် နေလာခဲ့ရလို့လား၊ မွေးလာတုန်းကကော အခြေခံဥပဒေအောက်မှာ မွေးလာတဲ့သူတွေကော ဘယ်လောက်ရှိလို့လဲဗျာ၊ ရှိရင်လည်း ရာနှုန်းက ဘာမှမရှိပါဘူး၊ ဒါကိုဘဲကိုယ်က အခြေခံဥပဒေအောက်မှာ မွေးလာ၊ ကြီးလာ၊ နေလာရသလို ပြောတာတွေနဲ့ အချိန်တွေကို ကုန်စေလာခဲ့တာဗျာ၊ ပြည်သူတွေကို တကယ့်ထိရောက်နိုင်သော အ ကြောင်း ဖြစ်သော အခင်းအကျင်းကြတော့ မခင်းကျင်းပေးကြဘူး။ စိတ်ဓါတ် မြှင့်တင်ရေးအနေနဲ့တော့ ကောင်းတာပေါ့၊ ဘယ်မှာလဲ လမ်းစ။ မရှိဘူး၊ ဒါတွေဟာ Political Liberalization ကို ခင်းကျင်းသော အခင်းအကျင်းတွေ။ အခုက ဒီလို Plan ကို ချနေတာ ရှင်းရှင်း ကြီးကို မြင်နေရတာ၊ ဒါကိုဘယ်သူမှ ယောင်လို့ ရေဒီယိုကတောင် လိုင်းမတင်ရဲ၊ မဖွင့်ပေးရဲအောင် ဘာတွေကြောင့်များလည်းဆိုတာ ကိုလည်းစဉ်းစားစရာပါ။

ကျွန်တော်မလေးက လူငယ်တော်တော်များများနဲ့ကော အမေရိကားက ကျောင်းသားလူငယ် တော်တော်များများနဲ့ကော၊ ဥရောပက ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေကော၊ ဘလောက်တွေရေးတဲ့ စာပေအသိုင်းဝိုင်းက လူတွေကော၊ အနုပညာသည် တွေကိုကော၊ တင်ပြ၊ ပြောဆို အဖြေရှာကာ ပြောဆိုဖူးပါတယ်။ အားလုံးကလည်း ပြန်လည်ပြောဆို တင်ပြဆွေးနွေးကြပါတယ်။

ဒီလိုဖြစ်ပြီဆိုတာ၊ VOTE NO ပြီးရင် ဘာလုပ်မှာလဲ၊ န၀တက ဘာလုပ်ပေးမှာလဲ၊ ပါတီကကော ဘာလုပ်မှာလဲ၊ နောက်ပြီးတော့ VOTE NO ပြီးရင် ဘာလုပ်မှာလဲ၊ န၀တက ဘာလုပ်ပေးမှာလဲ၊ ပါတီကကော ဘာလုပ်မှာလဲ၊အားလုံးက လက်ခံကြပေမဲ့၊ လုပ်ချင် ပြောချင်ကြပေမဲ့၊ တိုင်ပင်ညှိနှိုင်းချင်ကြပေမဲ့၊ အခြေအနေက ပြောခွင့်မသာဘူး ဆိုတာရယ်၊ ပြောရင်လည်း နားများပိတ်ထားသလို ထင်တယ်တဲ့၊ နောင် တစ်ကြိမ်တောင် အပြောမခံအောင် ပတ်ပြေးနေတော့တာပါဘဲလို့ ဆိုကြပါတယ်။

နောက်ဆုံးတော့ အားလုံးက မြင်လာပြီး၊ စိုးရိမ်စိတ်များလာကြပြီ ဆိုတာထက်၊ သိရ၊ မြင်ရ၊ တွေ့ရတာတွေက မဟုတ်တော့ဘူး ဆိုတာ ရယ်၊ ရန်သူရဲ့ကစားကွင်းထဲမှာ အဖြေမရှိသော ဂဏန်းပုစ္ဆာကို တွက်ရတော့မဲ့အနေအထား၊ VOTE YES ဖြစ်ဖြစ်၊ VOTE NO ဖြစ်ဖြစ်ပေါ့ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်ကြီးကို အကောင်းဆုံးဖြစ်အောင် အားပေးလိုက်သလိုကလည်း ဖြစ်တော့မှာကိုမြင်နေရပြီမို့ ရင်လေးကြ ရပါတယ်။

ဘာဘဲပြောပြော စိုးရိမ်သလို ဖြစ်လာသလို၊ ဖြစ်လာရင်လည်း၊ အဲဒီအချိန်မှာတော့ ဒီဘက်ကဆရာ၊ ဆရာကြီးများ အားလုံးကတော့ political liberalization လိုင်းကို တင်တော့မှာ သေချာတယ်၊ လုပ်စားတွေ။ တော်တော်စိတ်ကုန်တယ်။ မြန်မာနိုင်ငံကို လက်ညှိးထိုးပြီး လုပ်စားတာ နှစ်အုပ်စုဘဲရှိတယ်။ ပထမက န၀တ၊ ဒုတိယက ပြင်ပကနိုင်ငံရေးသမားတွေ၊ တော်လှန်ရေးဆိုပြီး လုပ်နေတဲ့သူတွေ (တ ကယ်လုပ်နေသော နိုင်ငံရေး၊ တော်လှန်ရေးသမားတွေမပါ) ဒီအချိန်ဟာ နာရီနဲ့အမျှ နေရာတိုင်းမှာ နိုင်ငံတိုင်းမှာ ဗမာတွေအိပ်မရဘူး၊ ရိုင်းတာမဟုတ်ဘူးဗျာ၊ အဖွဲ့စည်းအသီးသီးက ဒါကိုတင်တော့မှာ၊ ချောင်းနေတာ။

အထဲက (NLD) လည်း ရွေးစရာလမ်းက မရှိဘူးဆိုပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ဆိုကာ vote no လို့ ပြောလိုက်တော့ သေရော ပေါ့၊ သူတို့ကိုယ်တိုင်က မေးရမှာတွေ၊ ပြောရမှာတွေကို မပြောနိုင်ရင်၊ ပြောလို့ရအောင် အခင်းအကျင်းကိုလုပ်လေ၊ ဒီဘက်ကလည်းဝိုင်း ပြီးတော့ ခင်းကျင်းလေ။ ဒီလိုတော့မဟုတ်ဘူးဗျာ ..။

န၀တကလည်း ပါးလိုက်တာမှလှစ်လှစ်လေး၊ ဒါကြောင့်အတင်းကို ရအောင် vote yes ဆိုတာဖြစ်အောင် ဆိုက်ဝါးတွေလုပ်ပြတာ၊ န၀တ ကိုယ်တိုင်ကလည်း political liberalization ကို မင်းတို့ သွားရဲရင်သွားပေါ့၊ ငါတို့ကိုလာပြီးတော့ မရှုပ်နဲ့ပေါ့။ ဒါကိုချိုးနေတာ၊ ကမ္ဘာမှာဗျာ ကျန်တဲ့နိုင်ငံသားတွေက သူတို့နိုင်ငံတစ်ခုခုဖြစ်ရင် ဘာဘဲပြောပြော၊ သူတို့နိုင်ငံမှာ ပြောနိုင်ဆိုနိုင်၊ နေနိုင်တယ်၊ ကိုယ်တို့က နေစရာ နေ ရာမရှိဘူး။ ဗမာတွေကကြာရင် ဂျုးတွေအတိုင်း ဖြစ်တော့မယ်၊ နေရာအနှံ့မှာ၊ န၀တ ညစ်ပတ်တာကို ကျွန်တော်တို့က စာဖွဲ့ပြီး ပြောနေစရာမလိုတော့ဘူး၊ ညစ်တာကိုစာဖွဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ၊ ၂၀ နှစ်ရှိနေပြီ၊ ဒီတော့ပြတ်ပြတ်ပြောပြီး၊ ဆော်ရမှာ၊ ၀က်ဖြစ်မှတော့ မစင် ကြောက်နေစရာ မလိုတော့ဘူးပေါ့၊ ပြတ်ပြတ်ကို ပြောပြီး အကြပ်ကိုကိုင်ရမှာ၊ သူတို့က ပြည်သူက ထိပ်တိုက်လုပ်မှာကို အသေကြောက် တာ၊ ပြည်သူထိပ်တိုက်မေးလာမှာ၊ ပြောလာမှာ ချောင်ပိတ်မေးမှာ၊ တောင်းဆိုမှာကို ကြောက်တာရယ်၊ ဒါကိုပြောသော ဒေါ်စုကိုထိန်းတာ။ အဖြေကဒါဘဲ။ ဒေါ်စုကလည်း န၀တကို ထိပ်တိုက်တွေ့တာမဟုတ်ဘူး။ သို့ပေမဲ့ သူလည်းသိတယ်၊ န၀တရဲ့ သောက်ကျင့်ရယ်၊ မြန်မာလူမျိုးရဲ့ အကျင့်စရိုက်ရယ်ကို၊ ဒီလို ထိပ်တိုက်တွေ့ဆုံပွဲကျမှသာ မြန်မာလူမျိုးထုံးစံက ရူးသလို ပေါသလိုနဲ့ အရှုံးမပေးချင်ဘဲ ပေးသလိုနဲ့ ဖုတ်ဖတ်ခါ ထသွားကြ၊ ဆင်းသွားကြတာ။

(မဆလဆင်းသွားသလိုပေါ့၊ ဒါတောင် ခြေထိုးသွားတဲ့အပြင်၊ သေနိုင်လောက်သော အခင်းအကျင်းကို ပြန်ချပေးသွားတာကို ကြည့်ရင် နားလည်သင့်ပါတယ်)

ဒီတော့ ထိပ်တိုက်တွေ့အောင် ဖန်တီးလို့ရသော အခြေအနေရှိတယ်ကို ပြောလို့ရသော အနေအထားက သူ့မှာရှိတယ်လေ၊ ဘာလို့လဲဆိုတော့ ပြည်သူက ဒေါ်စုကိုယုံတယ်။ ထောင်ထဲကိုရောက်နေသော ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကိုယုံတယ်၊ အားလုံးက ပြည် သူနဲ့ တသားတည်းဆိုတာကို ပြောလည်းပြော၊ လုပ်လည်း လုပ်ပြတာကို သိတယ်လေ၊ တာဝန်လည်း ယူရဲသောစကားနဲ့ အတူပြောဆို ကြတာကိုး။ ဒီတော့ ဒေါ်စုက ဒီလိုဒီလိုဆိုတာကို ပြည်သူကိုသာချပြ၊ တင်ပြ ပြောဆိုရင် ၈၈၈၈ ထက် ဆိုးမယ်ဆိုတာကိုလည်းန၀တက သိပါတယ်။ ပြည်သူကိုချပြပြီး၊ န၀တကို ပေါ်ပေါ်ကြီး ပြောရင်တော့၊ ပြည်သူလား နေမှာ၊ အော်တော့မှာ၊ မေးတော့မှာ၊ ၀ိုင်းပြီးတော့ ပြော တော့မှာ။

ဒါကြောင့် န၀တက ချောက်ပြနေတာ၊ တကယ်က သူတို့ တကယ့်ကို ကြောက်နေတာက ပြည်သူ၊ နောက်ပြီး သူတို့က ပြည်သူကို အမှန် ရနေသော အခွင့်ရေး (အခုလိုအချိန်မျိုးဆို ပိုတောင်ကြောက်သေးတယ်)။ ဒါကိုသိသွားမှာစိုးလို့ ဆိုက်ကိုတွေ အများကြီး ထုတ်ပြနေတာ၊ ဒီတော့ ကျွန်တော်တို့က ဒီအခွင့်ရေးကို ရအောင်ကိုင်ပြီး ပြောရတော့မယ်လို့ ယုံကြည်တယ်လေ။

အဖြေထွက်သောပုစ္ဆာကိုတွက်ရတယ်လို့ပေါ့။

စိုင်းမွန်

Wednesday, April 23, 2008

ဘယ်လဲသူငယ်ချင်း

"ဘယ်လဲသူငယ်ချင်း"

နှစ်သစ်အတွက် အားလုံးကို နှုတ်ခွန်းဆက်ပါတယ်နော်။ ယောဂီဝတ်ပြီးတနှစ်၊ ဘုန်းကြီးဝတ်နဲ့ နှစ်နှစ်၊ မလေးရှားမှာ ခြောက်နှစ်နဲ့ ထိန်းသိမ်းရေးစခန်းမှာတနှစ်၊ အမေရိကား နှစ်နှစ်၊ စုစုပေါင်း တစ်ဆယ့်နှစ်နှစ် သင်္ကြန်နဲ့ ရှင်ကွဲကွဲခဲ့ရပြီးတဲ့နောက် ဒီနှစ်သစ်အတာကို အကျဉ်းစံ အကျယ်ချုပ်များနည်းတူ အထီးကျန်စွာ ဖြတ်သန်းပေးနေမိတယ်။ ဒါမှလဲ ပိုမိုရင့်ကျက်တဲ့ ကိုယ်ချင်းစာနာမှုကို သတိပြုနိုင်မယ် ထင်ပါတယ်။

အထူးသဖြင့် ပူလောင်တဲ့ နွေနေရောင်အောက်က လျှပ်လျှပ်ထနေတဲ့ ပကတိ တိတ်ဆိတ်မြေပြင်ကို သံတိုင်စကာတွေကြားကတဆင့် တွေဝေငေးမောစွာ လှမ်းမျှော်ကြည့်ရင်း လွတ်ရက်မျှော်လင့်လို့ မသိနိုင်ရှာသူတို့ရဲ့ ပေးဆပ်စွန့်လှုနေရဆဲ ဘဝတွေဘက်က ဝင်ရပ်ကြည့်မိနေရင်းပေါ့။

သူလဲလူ ကိုယ်လဲလူ၊ အဲဒီ လူချင်းတူတူမှာ ကွဲပြားခြားနားမှု အတုအယောင် အဟန်ဆောင်တွေနဲ့၊ တကယ်တမ်းမတော့ လွတ်မြောက်နေသူတွေ ကိုယ်တိုင်က မလွတ်လပ်နိုင်ကြပါဘူးဆိုတာ သိပ်မကြာခင်ပဲ သူတို့သိခွင့်ရသွားတော့မှာပါ။ အဲဒီအခါမှာ ထောင်နံရံတံခါးတွေဟာ အတားအဆီးမရှိ ပွင့်လင်းလို့၊ တိုင်းပြည်ကြီးတခုလုံးဟာလဲ ကြွေးကြော်သံတွေနဲ့ ပြည့်လျှမ်းလို့၊ လွတ်လပ်မှုတွေ ကိုယ်၌က လွတ်လပ်လာတော့မယ့်တနေ့... ။

တားဆီးမရတဲ့ မျက်ရည်တွေ အလူးလူးနဲ့ ပြည်သူပြည်သားတွေဟာ ဘကြီးဦးလေးတို့ အမေတို့ အကိုအမတို့ ညီလေးညီမလေးတို့နဲ့အတူ အောင်လံတွေ တလွှားလွှား၊ ဝင့်ကြွားအားမာန်များအပြည့်နဲ့။ သူတို့ရဲ့နဘေးမှာ သေနတ်တွေ စလွယ်ကျောပိုးထားတဲ့ ပြည်သူ့ရင်နှစ် သားချစ်ရတနာများက ပြုံးရွှင်ကျီစယ်စွာ ဝိုင်းပတ်ကခုန်နေတဲ့ လူထုကို ပွေ့ဖက်ပိုက်ထွေးလို့။ မိန့်မိန့်ကြီးပြုံးရင်း ကြည့်နေတော်မူတဲ့ ဦးပဥ္ဇင်းဘုရားများက ဝမ်းသာလှိုက်လှဲစွာ။ အဲဒါ မြန်မာ...။ တကယ်တမ်းဖြစ်သင့်တာက ဒါ။

လှောင်အိမ်တွင်းမှာ ချုပ်နှောင်ခံထားရတဲ့ ငှက်တကောင်ကိုလွှတ်ပေးကြည့်၊ ဖွင့်ဟပေးလာတဲ့ တံခါးဝက အငမ်းမရ တိုးထွက်လို့ မိုးထက်ဝေဟင်ယံဆီ ပျံသန်းရင်း တုံ့ပြန်သီကြွေးသွားတဲ့ တေးသံဟာ ကမ္ဘာမှာ အလှဆုံးဖြစ်လိမ့်မယ်။

မိဘပြည်သူများနဲ့ စစ်ကိုပူဆာနေကြတဲ့ လူတွေအကြားမှာ ကလေးများဟာ ခေါင်းမော့လည်မော့နဲ့ သေနတ်ပြောင်းကို နားမလည်နိုင်စွာ စူးစမ်းကြည့်နေရှာတယ်။ အမေရိကားမှာ တကယ့်သေနတ်အစစ်နဲ့တူတာ ရုပ်ရှင်ထဲမှာတောင် ကလေးတွေ အမြင်မခံပါဘူး။ ပိုပြီးတော့နားလည်ရခက်စေတာက ဘာသာလူမျိုးမကွဲပြားပဲ တသားတည်းတူညီ တမြေထဲမှာ ရပ်တည်နေထိုင်စားသောက်လာခဲ့သူချင်း ရန်သူကြီးတွေပမာ အငြိုးတကြီးနဲ့ စစ်ခင်းနေကြခြင်းပါ။

တကယ်တော့ ပြည်သူဆိုတာ ယနေ့ယခု သေနတ်တုတ်ဓါးတွေ ကိုင်ဆောင်ထားကြတဲ့ စစ်သည်ရဲမက်များရဲ့ တချိန်က မိဘများပဲ ဖြစ်ခဲ့တယ်ဆိုတာ ကိုယ်ချင်းစာတွေးကြည့်မိရင် သိနိုင်လိမ့်မှာပါ။ ဆွေမျိုးသားချင်းများ ပျော်ရွှင်စွာ အတူတကွ လက်တွဲလို့ လူတန်းစေ့ အမြဲထာဝရ အေးချမ်းစွာ နေထိုင်သွားရဖို့ အားကြီးသူက အားနည်းသူကို ညှာတာ စောင့်ရှောက် ဖေးမစာနာရမှာ မြင့်မြတ်သူတို့ရဲ့ အလုပ်။

သေနတ်ခလုတ်ကို မနားတမ်းဆွဲညှစ၊် အားမစိုက်ရပါဘူးဆိုပေမယ့် အဲဒီကျည်ဆံတွေ ဒရဟော ပြေးဝင် ထိုးစိုက်သွားလိုက်တဲ့နေရာမှာ စိတ်ကူးလေးနဲ့ဖြစ်ဖြစ် ခဏတာ ကိုယ်ဝင်ကြည့်။ ပြီးတော့ အဲသလိုမျိုး ကိုယ်က ပစ်သတ်လိုက်လို့ လက်ချည်းဗလာ သက်သက်က သေသွားရတဲ့ သူတွေဟာ ကိုယ်နည်းတူ ထမင်းကိုလက်နဲ့စားပြီး အိုးထဲကရေကို ဆီဝေ့တက်နေတဲ့ ခွက်နွမ်းလေးနဲ့ ခပ်သောက်ခဲ့ရတဲ့ ဆင်းရဲသားဗမာ။ တမြေထဲနေ တရေထဲသောက်နေလာတဲ့ တိုင်းရင်းသားအတူတူဟာ ရှေးအတီတေကနေ စပ်မယ်ဆို ဆွေမျိုးတွေချည်းပဲ။

မိဘနဲ့တူတဲ့ အစိုးရဆိုတာဟာ သားသမီးချင်းကို အပျင်းပြေသဘောမျိုးကလေးနဲ့တောင်မှ ရန်တိုက်မပေးရဘူး။ ချစ်ခင်သင့်မြတ် နားလည်မှုရှိစွာနဲ့ သာယာစိုပြေချမ်းမြေ့တဲ့ တိုင်းနိုင်ငံတခုအဖြစ် အိမ်နီးချင်းတွေရဲ့ အလယ်မှာ တင့်တယ်ဂုဏ်ယူစဘွယ်ဖြစ်လာအောင် ပျိုးထောင်မြှင့်တင်နိုင်ရမယ်။ ကိုယ်တိုင်က သောက်စားမူးရူးရမ်းကားနေပြီးတော့ ကိုယ့်ဘေးမှာ သားသမီးတွေ အငတ်ခံထားထားတယ်ဆိုရင် မဟုတ်သေးဘူး။ ဒါဟာဖြင့်ရင် မိဘအစစ်လား၊ ပထွေးဖြစ်မလား။

တိုက်ပွဲတခုထဲ ကိုယ့်တူရူမှာ ရင်ဆိုင်ရပ်ကြည့်နေသူဟာ ငယ်ငယ်က ကစားဖေါ် ညီလေးညီမလေး၊ သူငယ်ချင်းတွေများ ဖြစ်နေလေရော့မလား။ တနယ်ရပ်ကျေးမှာ ရောက်ရှိနေလို့ ကိုယ့်ရှေ့က ရပ်ကာနေတဲ့ကောင်ဟာ ငါ့အမျိုးတော့ မဖြစ်နိုင်ပါဘူးဆိုရင် တခြားတနေရာရာ အလားတူ မြင်ကွင်းတခုထဲမှာပဲ ရောက်ရှိနေနိုင်တဲ့ ကိုယ့်ညီလေးညီမလေးများ ဆွေမျိုးဝမ်းကွဲများအတွက် မြင်ယောင်ကြည့်လို့ရပါတယ်။ ကိုယ်ချင်းစာတရားဟာ အင်မတန်ကို လှပကြည်နူးစရာကောင်းတဲ့ လောကအဆင်တန်ဆာ တခုပါ။

ကိုယ့်ဟာကိုယ် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက် ပြတ်သားစေချင်ပါပြီ။

၁၃၇၀ပြည့် နှစ်ကူးအတာမှာ သင်္ကြန်ကို အင်မတန်မှ ချစ်မြတ်နိုးတဲ့ ကိုမင်းကိုနိုင်နဲ့တကွ အကျဉ်းစံ သူရဲကောင်းအပေါင်းရဲ့ ဆုံးရှုံးနစ်နာခံ ပေးဆပ်နေမှုတွေ...။

ချစ်သောသားတို့ရဲ့ အိမ်ပြန်ချိန်မျှော်နေရှာမယ့် အမေစုနဲ့ တို့ အားလုံးရဲ့ အမေတွေ...။

အလွမ်းတဝေဝေနဲ့ ပန်းပိတောက်တို့ ကြွေရာမြေဆီ သမင်လည်ပြန်ငေးကြည့်မိရင်း...။ ဘယ်သူမှ အမြင်မခံဝံ့တဲ့ ရှုံးနိမ့်မျက်ရည်များက အိမ်အပြန်ခက်နေရှာသူတို့ရဲ့ ဘဝ သက်ပြင်းမောများနဲ့အတူလေ။

"မမေ့ရက်ပြီ
ကမ္ဘာတည်သရွေ့၊ တမြေ့မြေ့ကျွမ်း
ပြန်လမ်းမသိ၊ ဖြေမရှိနှင့်
ဝေဒနာအတိဖြင့်၊ ရင်တွင်းငြိတွယ်
နွယ်တနွယ်။

ယနေ့ထက်တည်
ချစ်မပြေမီ၊ စကားလှများ
နားထဲကြားယောင်၊ အိပ်မက်အောင်ပင်
စွဲလမ်းစိတ်ဝယ်၊ သူဝင့်ထည်။

အတွေ့ခက်သည်
ကြာရှည်သမျှ၊ ဘဝအပူ
ခဏကူပါ၊ မျှယူမပေး
ဖြေတွေးမပျော်၊ အဖေါ်မဲ့ကင်း
မျှော်လင့်ခြင်းဖြင့်၊ စောင့်ရင်းလွင့်ပြယ်
နှင်းပွင့်ငယ်။"

"ကောင်းမြတ်သည့် နှစ်သစ်မှာ မြန်မာပြည်သူပြည်သားအပေါင်း ကောင်းကျိုးလိုရာ ဆန္ဒများဖြင့် မိဘနှင့်တူသော အစိုးရမျိုး ရရှိပိုင်ဆိုင်နိုင်ကြလျှက် ဘေးဒုက္ခရန်အန္တရာယ် အသွယ်သွယ်တို့မှ ကျော်လွှားလွန်မြောက်ကြပြီးလျှင် ကြီးပွားတိုးတက် ကြွယ်ဝချမ်းသာမှုသုခ အဖြာဖြာကို ဆွတ်ခူးရယူ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အသက်တမျှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။"

ဇော်မျိုးလွင်

ချက်ချင်းလွှတ်


"ONLY ONE THING NECESSARY TO TRIUMPH OF THE EVIL IS GOOD MAN TO DO NOTHING"

(EDMOND BURKE)

Tuesday, April 15, 2008

ပြောပါ

“အခက်အခဲတော့ရှိတာပေါ့။ ပို့ပေးတဲ့ငွေရတော့ ခမျာများ ကျေးဇူးတင်ရှာပါတယ်။ ဆေးဖို့းစုစုပေါင်းကတော့ ငါးသိန်းကျော်လောက်ကုန်သွားတယ်။ အဆင်တော့ပြေသွားတာပေါ့။ ပုံမှန်ထောင်ဝင်စာတွေ့တဲ့အခါ လိုတာတွေကို စီစဉ်ပေးပါတယ်။ ကိုအောင်ထွန်းတို့ကလဲ တော်လှန်ရေးနေ့ ရုံးရှေ့ကိစ္စနဲ့ ချိတ်ပြီးဖမ်းခံလိုက်ရတယ်။ စုစုပေါင်း ၁၂ယောက်။ ထောင်ဝင်စာအတွက် အားလုံးခက်ခဲကြတယ်။ ဒီအထဲက ထွန်းလင်းကျော်ဆိုတဲ့ ကောင်လေးကတော့ ဆေးရုံကြီး တင်လိုက်ရတယ်။ သွေးတွေအန်လို့။ နဂိုက သူ့မှာ အဆုပ်ရောဂါရှိတယ်။ ဖမ်းခံလိုက်ရတော့ ပိုဆိုးသွားပုံရပါတယ်။”

ကိုယ်တိုင် သွေးအန်နေသလိုပဲ ခံစားလိုက်ရတယ်။

သူတို့ကို မမြင်မသိခဲ့ဖူးပေမယ့် မလေးရှားထောင်ထဲမှာ လူမျိုးခြား မြန်မာ(ဗမာလို့ မသုံးတာက ခံလိုက်ရတိုင်း ညီအကိုတိုင်းရင်းသားတွေက အမြဲပါနေကျမို့ပါ)တွေရဲ့ အချိုးခံ အနှိမ်ခံ အဖဲ့ခံ ဘဝတွေ ကိုယ်တိုင်ရင်ဆိုင် ကြုံခဲ့ရဖူးတယ်လေ။ အထူးသဖြင့် အောင်ဆန်းစုကြည်အဖွဲ့(မလေးထောင်ရဲတွေက သံရုံးရှေ့ အမျိုးသားညီလာခံဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြရင်း ဖမ်းခံရတဲ့သူတွေကို စုကြည်ရဲ့လူတွေလို့ ခေါ်တတ်ကြပြီး စုကြည် ကိုယ်တိုင်တောင် အဖမ်းခံထားရတာ မင်းတို့ကဘာလုပ်နိုင်မှာမို့လဲနဲ့ လှောင်မေးမေးလေ့ရှိပါတယ်)တိုင်းကို တခြား ထောင်ကျ မြန်မာများထက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပါတယ်။ သွေးထွက်ကွဲပြဲ အားရအောင် ထိုးကျိတ်ကန်ကျောက် ရိုက်နှက်နှိပ်စက်ပြီးမှ တိုက်ပိတ်ဆောင်ဘက် ဆွဲထုတ်ခံသွားရတာမှာ ခံရတဲ့သူတွေဘက်က သူများနိုင်ငံထဲ တရားမဝင်ခိုးနေတဲ့ ကလေကချေတွေဘဝမို့ ခါးခါးသီးသီး အံကြိတ်လို့သာ ခံခဲ့ကြရတာပါ။

ကိုယ်ပိုင်ဆိုင်တဲ့ အမိမြေနဲ့ အဖနိုင်ငံတော်ကြီးကိုကျတော့ တရားမဝင်သူတွေက ခပ်တည်တည် တက်အုပ်ထားတာခံပြီး တရားဝင်နိုင်ငံသားတွေဖြစ်တဲ့ တိုင်းရင်းသားအပေါင်းက တပါးသူစိမ်းတွေရဲ့မြေမှာ တရားမဝင် အဖြစ်ခံလို့(တချို့များဆို ပျော်လို့ပါးလို့၊ တချို့တွေလဲ သေကြကြေကြပေါ့လေ)နေရတဲ့ ပုံတွေပြောပါတယ်။ ဒီစကားကို ဖိနှိပ်မှုတွေခံမနိုင်ကြတော့တဲ့အဆုံး ထောင်ထဲ အစာငတ်ခံဆန္ဒပြကြစဉ်နဲ့ တရားရုံးချိန်းတခုမှာ ကျနော်တို့ဟာ အပြစ်သားတွေမဟုတ်ကြောင်း ရင်ကော့ ပြောခဲ့တုန်းက အဲဒီမြန်မာစကားမတတ်တဲ့ မလေး၊ တရုတ်၊ ကုလား နိုင်ငံခြားသားများက တလေးတစား စဉ်းစားနားလည်ပေးကြတယ်။ အဲဒီရဲ့နောက်ပိုင်းမှာတော့ မလေးထောင်ဝန်ထမ်းတွေဘက်က မစရဲတော့ဘူး။ မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကိုယ်၌က ထောင်ပါအကျခံပြီး ဆန့်ကျင်ခဲ့ကြတဲ့ အဲဒီရှုတ်ရှက်ခတ်နေတဲ့ ရုတ်မတ်ခုနှစ်ချက်ရဲ့ အန္တရာယ်ကြီးမားပုံကို မင်းတို့နောက်ထပ် ဗမာဘယ်နှစ်သန်းလောက် ထပ်ပြီးလက်ခံနိုင်သေးလို့လဲဆိုတဲ့ နိမိတ်ပြမေးခွန်းတခုထဲနဲ့တင် ကောင်းကောင်းကြီးသိနားလည်သွားစေတဲ့ သူတို့ရဲ့ အစိုးရဌာနပိုင် ဝန်ကြီးအဆင့်တွေကနေ သက်ဆိုင်ရာ ထောင်ပိုင် ထောင်ချုပ်တွေဆီကို ဖုန်းဆက်ပြောဆိုလာရကုန်သည်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ သိသိသာသာမဟုတ်ပေမယ့် ပေါ်ပေါ်ထင်ထင်ကြီးတော့ အသလွတ် ရိုက်နှက်နှိပ်စက် တိုက်ပိတ်တာတွေ မလုပ်ကြတော့ဘူး။

ဆိုလိုချင်တာက သူတို့လူမျိုး သူတို့နိုင်ငံတွေက သူတို့တိုင်းပြည် ဒုက္ခရောက်မှာကို စိုးရိမ်ပူပန်တတ်ကြသလောက် ကိုယ့်လူမျိုးသား တနိုင်ငံတည်းအတူတူမှာကျတော့ အမလေးဟဲ့လို့ပဲ အမေတွေကိုတပြီး အော်နိုင်တော့တယ်။ ဗမာစကားကို ဗမာလိုပြောတာ တပြည်ထောင်တည်းသား မြန်မာအချင်းချင်း နားမလည်ကြတော့ဘူးတဲ့လား။

လုပ်ရက်ကြပုံတွေပြောပါတယ်။ သူရို့ စစ်ခေါင်းဆောင်တွေကို ဘယ်ပြည်သူကမှ အဲဒီလောက် ဒုက္ခအရောက်ခံပြီး အုပ်ချုပ်ခိုင်းမထားပါဘူးနော်။ တရားဝင် နိုင်ငံသားလက်မှတ်ကိုင်ထားတဲ့ ပြည်သူတွေနဲ့ အဲဒီပြည်သူများရဲ့ ရွေးချယ်တင်မြှောက်ထားခြင်းကို ခံရတဲ့ အစိုးရလွှတ်တော်အမတ်များက တရားမဝင် ဖမ်းဆီးခံရ၊ သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ခံရ၊ အိမ်နီးချင်းနိုင်ငံတွေထဲ တရားမဝင်ခိုးကြောင်ခိုးဝှက်နဲ့ နေရစဉ်မှာ ဒီအာဏာရှင်စောက်ရူးတွေက အတည်ပေါက်နဲ့ လူထုကိုတပြန် ဖြဲဟောက်နေသေးတယ်။ အရှက်မရှိတဲ့ အာဏာသူခိုးတွေပါ။ သူခိုးဆိုမှတော့လဲ အရှက်ကဘယ်ရှိချင်တော့မလဲလေ၊ နော့။ အများကြီးပဲ။ သူခိုးတွေ၊ သူခိုးသားမယားတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေ...။

တနိုင်ငံလုံးမှာ ကျန်နေတဲ့ လူကောင်းများက အခုလို ထောင်ထဲတွေမှာ၊ ရိပ်သာ၊ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေမှာ၊ လမ်းတွေပေါ်မှာနဲ့ ရေမလာ မီးမရတဲ့ ပိန်းပိန်းပိတ် အမှောင်ထုဖုံးလွှမ်းတဲ့ တိုက်ခန်းငယ်တွေမှာ မျှော်လင့်ချက်မဲ့စွာ...။

တိုင်းပြည်ဟာ ကံကြမ္မာရဲ့လက်ထဲ ကျရောက်လို့နေပါပြီ...။ ဥပဒေအကာအကွယ်မဲ့နေရတဲ့ ပြည်သူတွေခမျာ ဘယ်တော့ လုယက်သတ်ဖြတ်ခံရမလဲ ဆိုတာပဲ တွေးကြောက်နေရှာရတော့မယ်။ လူထုဟာ လုံခြုံရာမဲ့ခံစားလာရချိန် ကံကိုသာလျှင် ပုံချပြီးတော့ ဖြစ်လာသမျှ ဘာမဆိုကိုလက်ခံသွားရတော့မှာလား။ ဆရာတော်ဘုရားများ ဟောကြားခဲ့သလို ရတနာသုံးပါးဂိုဏ်းဝင် ရဟန်းမြတ်သံဃာတော်တွေကို ညင်းပမ်းနှိပ်စက် စော်ကားသတ်ဖြတ် မောင်းထုတ်ခဲ့မှုတွေရဲ့ အကြောင်းကြောင့် ဖြစ်လာမယ့် အကျိုးဆက်ရလဒ်က တိုင်းပြည်ပျက်သုန်းခြင်းပဲဖြစ်မလား။ ဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်တွေ ကျရောက်လာမယ်။ သမိုင်းမှာ မဖြစ်စဖူး မိုးခေါင်ရေရှား ရာသီဥတုတွေ ဖေါက်ပြန်လို့ စားနပ်ရိက္ခာရှားပါးမှုတွေ ကြုံလာမယ်။ လူလူချင်း အနိုင်ကျင့်ညှင်းပမ်း နှိပ်စက်သတ်ဖြတ်တာတွေ ပေါလာမယ်။

ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတခုမို့ ဒီလောက်ဒုက္ခရောက်ရဖို့ရှိမလားဆိုရင် ဘာလို့ ဒီ ရဟန်းသံဃာ ရှင်သာမဏေနဲ့ သီလရှင်သူတော်စင်တွေ သွေးမြေကျ ပျံလွန် ညှင်းပမ်းနှိပ်စက်မှုကြီးတွေ ပြုခဲ့ရတာလဲ၊ ပြုခွင့်ကိုပေးခဲ့ကြတာလဲ ဆိုတာက အဖြေပဲ ဖြစ်မှာပါ။ သွေးနဲ့ရေးတဲ့ သာသနာမှာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဆန္ဒမဲသွားထည့် ကန့်ကွက်ခဲ့ရုံနဲ့ ရလိမ့်မယ်လို့ထင်ရင် လုပ်ကြည့်ပေါ့။ နိုင်ငံတော် အကြီးအကဲတွေဖြစ်တဲ့ တိုင်းပြည်ဥသျှောင်ပါတီ ကိုယ်စားပြု ဒီမိုကရေစီအမတ်များနဲ့ သခင်ခေါင်းဆောင်ကြီး စစ်စစ်များကလဲပဲ သိက္ခာနဲ့ ရိက္ခာကို မျှတဆင်ခြင်ကြည့်မနေပဲနဲ့ တာဝန်ရှိတဲ့အလျှောက် ဆင်းရဲသားကျောမွဲ ပြည်သူတွေရဲ့ ငယ်နေတဲ့ မျက်နှာကို ထောက်လို့ ထောင်ကျကျ တန်းကျကျ လိုအပ်သလို ပြက်ပြက်သားသား အရေးယူ ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။

ဒီအတိုင်းသာသွား၊ ခင်ဗျားတို့အားလုံး တနေ့သေလိမ့်မယ် ဆိုရင် ပြောတဲ့သူကို ရန်ရှာချင်လိမ့်မယ်။ သေရင်ပြီးပြီလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ ဘာသာမဲ့တွေအတွက် ဘုန်းကြီးတို့ဘက်ကလဲ သရဏဂုံတင်ပေးဖို့ မလိုပါဗျာ။ နောင်တချိန် ပြည်သူလူထုရဲ့ မေတ္တာစူးလို့ လောကနဲ့ ဓမ္မက ဒဏ်ခတ်တဲ့အခါ ဒီလိုလူမဆန်သူတွေရဲ့ အသုဘရှုဆွမ်းသွတ်မျိုးတော့ ဆောရီးပဲဒကာလို့သာ ငြင်းလွှတ်ဖို့ ပြည်သူ့ဘုန်းဘုန်းများအားလည်း ဒီစာလက်ခံရရှိကြသူများကနေတဆင့် ကြားဖြတ်လျှောက်ထားလိုပါတယ်ဘုရား။ နောက်ထပ်ပြီးတော့ ဒီလိုလူစားမျိုးတွေအတွက် ပြောစရာက မသေခင် ထမင်းဝဝစားထားကြဦးပေါ့လို့ပဲ။ အသလွတ်ကြီး ကျိန်းတယ်လို့ စိတ်တော့မခုကြနဲ့နော်။ ဒီကတရားစကားနဲ့ သံဝေဂယူနိုင်ဖို့ ပြောတာပါ။

သူရဲကောင်းဆိုတာ ခေတ်ကာလရဲ့တောင်းဆိုမှုနဲ့ သမိုင်းရဲ့လိုအပ်ချက်အရသာ ပေါ်ထွက်လာရစမြဲပဲဖြစ်တယ်။ တိုင်းပြည်မှာ လွန်လွန်မင်းမင်း နောက်ထပ်လိုအပ်နေသေးတဲ့ သူရဲကောင်းတွေအဖြစ် ၈၈လွန် ကာလတွေထဲက တံခွန်ထူခဲ့သူတွေက ဘယ်သူလဲ။ ကံမကောင်းလှစွာပဲ ကိုယ်တော့မဟုတ်ခဲ့ဘူး။ ပေါက်ပါတယ်နော်။ မြှောက်ပေးနေတာလဲမဟုတ်ဘူး။ ၁၉၉၀ပြည့်နှစ် သမိုင်းကရွေးချယ်ပေးအပ်ထားတဲ့ တာဝန်အရနဲ့ အဲဒီပြည်သူက လှိုက်လှိုက်လှဲလှဲ ပေးအပ်ခဲ့တဲ့ ပြောဆိုလုပ်ကိုင်ပိုင်ခွင့်တွေက ဘယ်သူ့ဆီမှာလဲ။ ဘာဖြစ်လို့ နှစ်နှစ်ဆယ်ကြာမှ ပြည်သူလူထုလက်ထဲ မလှိမ့်တပတ်နဲ့ ပြန်ထိုးအပ်ပြီးတော့ ခင်ဗျားတို့ပဲ ကန့်ကွက်လိုက်ပါ၊ ဒီဟာခင်ဗျားတို့ ပြည်သူလူထုရဲ့ တာဝန်တွေချည်းပါပဲ လုပ်နေရတာလဲ။ ပြည်သူလူထုသာ အခရာ အဓိကအကျဆုံးလို့ဆိုရင် ဘုံရန်သူတွေနဲ့ အနီးကပ်ဆုံး ရင်ဆိုင်နေရတဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူတွေအတွက် အနည်းဆုံး ရင်းနှီးပေးဆပ်မှုလေးတခုခုတော့ တိုင်းရင်းသား မိဘပြည်သူအသီးသီးရဲ့ ခေါင်းဆောင်တွေအနေနဲ့ အားနာပါးနာလေးပဲဖြစ်ဖြစ် လုပ်ပြသင့်ပါတယ်။ လုပ်ကြဖို့အချိန်တန်ပြီလို့လဲ ထင်ပါတယ်။

ကိုယ်ကပြည်ပနိုင်ငံတွေမှာ ရှာဖွေထောက်ပံ့နိုင်လို့ ကိုယ့်တမိသား ချမ်းသာရာရပြီး ကုသိုလ်ကံတွေကောင်းမယ်လို့ ထင်ထားရင် အဲဒီစားနိုင်သောက်နိုင်နေတဲ့ မိသားစု ဆွေမျိုးတစုတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေက စစ်ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့ သားမယားဆွေမျိုးသားချင်းများလို မပွန်းမပဲ့ လုံခြုံစိတ်ချစွာ ရှိနေမှာ သေချာလား။

ဇာနေယျ
(Ref: Hotel Rwanda)

Monday, April 14, 2008

ဒုတိယအကြိမ်မြောက် မဟာအတာသင်္ကြန်ပွဲတော် ကျင်းပခြင်း





ဒုတိယအကြိမ်မြောက် မဟာအတာသင်္ကြန်ပွဲတော် ကျင်းပခြင်း
ရက်စွဲ။ ။ ၁၃၊ ဧပြီလ၊ ၂၀၀၈။

မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့လယ် ကိုတာရာယာအနီးရှိ SMကုန်တိုက်၆ထပ်တွင် ဒေသစံတော်ချိန် နံနက် ၁၁နာရီ၃၀မိနစ်မှ ညနေ ၅း၀၀နာရီအချိန်ထိ NLD(LA)Malaysia ကကြီးမှုးကျင်းပသော ဒုတိယအကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို အဖမ်းအဆီး များကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသို့ လာရောက်ကြည့်ရှု့သူများမှာလည်း များသောအားဖြင့် Over Stasy ဖြစ်ကြပြီး မြန်မာအတာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးလွန်းသည့်အတွက် စွန့်စွန့်စားစားဖြင့် လာရောက်ကြည့်ရှု့ အားပေးကြခြင်း ဖြစ်ပါသည်။

အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို (လွတ်မြောက်နယ်မြေ)မလေးရှား ဌာနခွဲ ဥက္ကဌ ကိုကျော်ကျော်မှ ပြောကြား၍ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ပါတီအလံတော်အား အလေးပြုခြင်း နှင့် ပါတီ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုပြီး ကိုကျော်ကျော်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနား အစီအစဉ်များကို (န.အ.ဖ) လက်ထက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်များတွင် ပျောက်ကွယ် လုနီးပါး ဖြစ်သော သင်္ကြန် (သံကြပ်)၊ သင်္ကြန် ယိမ်းအကများ၊ တေးသီချင်းဖျော်ဖြေခြင်း၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖော် အစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ကိုမင်းမင်း သီဆိုသော “ကြွကြွ ငရဲပြည်ကိုကြွ” တေးသီချင်းနှင့် အတူ NLD (LA) Malaysia ရဲဘော်များ၏ ဗိုလ်ချုပ်ကြီးများ စစ်အင်္ကျီနှင့် ထမီဝတ်ပြီး ကပြဖျော်ဖြေသော န.အ.ဖယိမ်းတွင် လာရောက်ကြည့်ရှုသော ပရိသတ်များ၏ လက်ခုပ်သံများက အခမ်းအနားကျင်းပသော ဇာတ်ရုံကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိဖြစ်သည်။

တစ်ခန်းရပ်ပြဇာတ်ဖြစ်သော “ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြ” ပြဇာတ်၌ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအား နအဖစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် သရုပ်ဖော်ပြကွက်တွင် ပရိသတ်များ၏ နအဖ စစ်အာဏာရှင်အပေါ် ပိုမိုစက်ဆုပ်ရွံရှာမှုများနှင့်အတူ ဒေါသပေါက်ကွဲသံများထွက်ပေါ်လာအထိ ဇာတ်ရုံကြီးတခုလုံး ဆူညံသွားခဲ့ပါသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပထမပိုင်းအစီအစဉ် အပြီးတွင် ပွဲကို ခေတ္တရပ်နားကာ မြန်မာရိုးရာ သင်္ကြန်အစားအစာဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူကျောက်ကြောတို့နှင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်တွင် “အရေးကြီးပြီ ညီနောင်အပေါင်းတို့”သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မလေးရှားသို့ရောက်ရှိနေသော ရွှေမြန်မာများက အခက်အခဲမျိုးစုံကြားမှပင် လူပေါင်း ၇၀၀ ကျော် တက်ရောက်အားပေးခဲ့ပါသည်။

ခင်မောင်ဝင်း
(ပြန်ကြားရေးတာဝန်ခံ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲ
Mobile: +(60)17 6660 465
Office: (60)3 8062 5679
Email- khinwinnld.m@gmail.com

Tuesday, April 8, 2008

တိုက်ပွဲမှာ လိုက်ပွဲမလိုပါ

“တိုက်ပွဲဝင်မှာလား၊ လိုက်ပွဲပြင်မှာလား”

ကျနော်မြင်ခဲ့တာ တွေ့ခဲ့တာတွေနဲ့ မျက်မြင်ကိုယ်တိုင် ရင်ဆိုင်နေရသူတွေကတဆင့် သေသေချာချာကြားတာကြောင့် ပွင့်ပွင့်လင်းလင်း ရေးလိုက်တာပါ။ စကားထောက်၊ စကားကျန်၊ စာကျန်ရင် ပြင်ဖတ်ပေးဖို့နဲ့ မရည်ရွယ်ပဲ ထိခိုက်ရေးသားမိတာတွေ ပါရှိခဲ့ရင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။

အထူးသဖြင့်၊ ပြည်တွင်းက တိုင်းရင်းသားမြန်မာလူမျိုးအားလုံးကို မေးရမှာဖြစ်သလို၊ ပို၍ထပ်ပြီးမေးသင့်သည်မှာ အားလုံးသော ဒီမိုကရေစီဘက်တော်သားတွေ၊ ခေါင်းဆောင်ကြီးတွေ၊ လေလှိုင်းပေါ်မှာ မိုးတလုံးလေတလုံး ပြောနေသူတွေ၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုသူတွေ၊ အရင်ကတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အခုတော့ ရသမျှ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းလေးပဲဖဲ့ပြီး နေရာဝင်ယူချင်သူတွေ၊ ပြည်သူတွေရဲ့ဆန္ဒအတိုင်းဆိုပြီး စကားလှလှလေးသုံးရင်း အနာမခံပဲ အသာချည်းသက်သက် စံချင်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို ပြည်သူတစ်ယောက်အနေနဲ့ ပြတ်ပြတ်သားသား မေးရတော့မယ့် အချိန်ကိုရောက်ပါပြီ။

ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံတွင်းနေထိုင်တဲ့ တိုင်းရင်းသားတွေက လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ဥပဒေစိုးမိုးရေးတို့အခြေခံလို့ ပြည်သူကတင်မြှောက်သော ဖက်ဒရယ်ပြည်ထောင်စုအစိုးရပေါ်ပေါက်လာစေဘို့ ၁၉၉၀ပြည့်နှစ်က မဲပေးရွေးချယ်တင်မြှောက်ပေးထားပြီးပါပြီ။ ပထမဦးဆုံးသော ပြည်သူတွေလုပ်ဆောင်ရန် အပိုင်းတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ကြပြီးပါပြီ။ တာဝန်ကြေခဲ့ပြီးပါပြီ။

ဒီမိုကရေစီအစိုးရကို လိုချင်လွန်းလို့ ယနေ့ထိ စစ်တပ်ရဲ့ စံနစ်တကျ ကျွန်ပြုဖိနှိပ်မှုအောက်မှာ အနှစ် ၂၀တိုင်အောင် အံကြိတ်ခံလာပေးနေတာတောင်၊ ကျနော်တို့ရဲ့ လေးစားအပ်တဲ့ အရွေးချယ်ခံ ပြည်တွင်းပြည်ပက ကိုယ်စားလှယ်တွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေက ပြတ်သားသေချာတဲ့ တိုက်ပွဲအခင်းအကျင်းကို တညီတညွတ်တည်း ဘာလို့မလုပ်နိုင်ကြတာလဲ ဆိုတာအံ့သြစရာပါ။ ပြတ်ပြတ်သားသား ဘာပြီးရင်ဘာဆက်လုပ်မယ်၊ ဘာမဖြစ်ရင်ဘာလုပ်မယ် စသဖြင့် ရဲရဲဝံ့ဝံ့ ဦးဆောင်သူမရှိတဲ့နောက် ပြည်သူက ဘယ်သူ့စကားကို ယုံကြည်လို့ ဘယ်သူကိုခေါင်းဆောင်တင်ပြီး လိုက်လုပ်ရမှာလဲ။ ပြောကြပါအုံး။ နောက်ဆက်တွဲမရှိတဲ့ ပျာယီးပျာယာ ညွှန်ကြားလွှာတွေ တပုံတပင်နဲ့ ပြည်သူကကန့်ကွက်မဲပေးပြီဆိုပါတော့၊ ကျွန်တော်တို့ တိုက်ပွဲကပြီးသွားပြီလား။ ဘယ်နှစ်နှစ်အတွင်း ဒီမိုကရေစီရမှာလဲ၊ ပြောပါ။

ပြည်သူအများစုရဲ့ တကယ့်ရင်ထဲမှာ စစ်အစိုးရလုပ်တဲ့ ဆန္ဒခံယူပွဲကြီးကို လုံးဝမဖြစ်မြောက်စေချင်သလို၊ အခြေခံဥပဒေကြီးကိုလဲ လုံးဝသဘောမတူဘူးဆိုတာ သိထားပြီးကြရက်နဲ့ ဘာလို့ဒီဆန္ဒခံယူပွဲကြီးကို အတင်းမဲထည့်ခိုင်းနေရတာလဲ။

အောင်မြင်ပြတ်သားတဲ့ ဦးဆောင်မှုတွေနဲ့ အများပြည်သူ သဘောမတူတဲ့ ဒီဆန္ဒခံယူပွဲကို မဖြစ်မနေဆန့်ကျင်ကြ၊ ပွဲပျက်အောင်ဖျက်ကြ၊ ကန့်ကွက်ကြ၊ တော်လှန်ကြ၊ သပိတ်မှောက်ကြ၊ အခုပြောတဲ့အချိန်ကစပြီး ခင်ဗျားတို့ပြည်သူတွေနဲ့အတူ ဟောဒီမှာ ကျနော်ကျမတို့ အားလုံးရှိတယ်၊ ကျနော်တို့ကျမတို့ကိုယ်တိုင် ပြတ်ပြတ်သားသား တွန်းလှန်တယ်ဆိုတာမျိုး ရှေ့လူတွေ လုပ်ပြသွားသလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုရပ်တံ့သွားအောင် ပြည်သူအများပါဝင်တဲ့ ဆန္ဒပြပွဲကြီးတစ်ရပ် မခေါ်ယူနိုင်တော့ဘူးလား။

မြန်မာနိုင်ငံက အနှစ်၆၀ကျော်ကြာ ရှည်လျားဆိုးဝါးလှတဲ့ ပြည်တွင်းစစ်များအလွန်၊ အကြမ်းဖက်ဝါဒများ ခေတ်စားလာနေတဲ့ ဒီကနေ့ကမ္ဘာမှာ ကျနော်တို့ဘက်က အကြမ်းမဖက် အနုနည်းသက်သက်နဲ့သာ စစ်အာဏာရှင်တွေကို တောက်လျှောက် ဆန့်ကျင်လာခဲ့တာပါ။

ဘယ်နှစ်ခါကများ စစ်တပ်ကတိတည်တာရှိခဲ့ဘူးလဲ၊ ယောင်္ကျားကြီးတွေတန်မယ့် စစ်သားကြီးတွေတန်မယ့်နဲ့ ပြောရင်ပြောသလို ကတိက၀တ်ကျေတယ် ဆိုတာဘယ်မှာရှိသလဲ။ အဲဒီခွေးများက ချီးစားတာ အဆန်းမဟုတ်ပေမယ့် ဒီဖက်က ကိုယ့်ကိုယ်ကိုတွေလဲ ပြန်ကြည့်ကြပါဦး။

ရေရာသေချာမှု ဘာတခုမှမရှိတဲ့ပြင် ဘယ်တုန်းကမှလဲ ရမလာဘူးတဲ့ တောင်းဆိုမှုတွေနဲ့ တကယ်တမ်းပြည်သူကို တပတ်ရိုက်နေတာက ဘယ်သူတွေလဲ။ အပြင်မှာဖြစ်လာနေတာတွေကတခြား လက်တွေ့မှာလုပ်ဆောင်နေကြတာတွေကတလွဲ ပြည်သူကို မဟာနိုင်ငံရေး အဘိဓမ္မာတွေချချပြပြီး၊ ဘာလို့ မသေချာတဲ့ဒုက္ခ ခဏခဏပေးချင်ရတာလည်းဆိုတာကိုလည်း သတိပြုကြပါဦး။

ပြည်သူကတခဲနက် ကန့်ကွက်မဲတွေထည့်ကြပါပြီတဲ့။ ဘာဆက်လုပ်မလဲပြော။ ကန့်ကွက်မဲတွေကြောင့် အခြေခံဥပဒေ အတည်ပြုမရတာကြောင့် အမျိုးသားညီလာခံပြန်စပါမယ်တဲ့။ ဘာဆက်လုပ်မလဲပြော။ တရားမဝင်အမျိုးသားညီလာခံ အလိုမရှိ၊ အလိုမရှိလို့ ပြည်တွင်းပြည်ပ တခဲနက်ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီး ဒီညီလာခံက ချပြတဲ့ အခြေခံဥပဒေတော့ ဝိုင်းပြီးကန့်ကွက်လိုက်ရုံပေါ့က အငိုလွယ် အရှိုက်ခက် အားလုံးဒုက္ခများမယ့် အရေးမို့ ဒီလောက် အမုန်းခံရေးနေရတာပါ။

ဆိုလိုချင်တာက ကန့်ကွက်တာ ထောက်ခံတာ အဓိကမဟုတ်၊ စစ်အစိုးရလှည့်ကွက် ပြည်သူကိုတပတ်ရိုက်ထားတဲ့ ထောင်ချောက်ထဲ ကျဖို့ ရက်သတ္တသုံးပတ်သာလိုတော့တာမှာ စကတည်းက ဆန့်ကျင်ထားပြီးသားဟာက ဘာမှ ထောက်ခံ/ကန့်ကွက် စဉ်းစားစရာကို မလိုပါဗျာ။

အမျိုးသားညီလာခံသပိတ်မှောက်ထားတဲ့ လက်ရှိအာဏာရပါတီ အင်အယ်ဒီကို လက်စတုံးမယ့်အကြံနဲ့ ထောင်ချောက်ထဲ ဆွဲသွင်းနေတာကြီးကို သိသိနဲ့ မဝင်ကြပါနဲ့။

ဒီပွဲကိုရအောင်ဖျက်ပါ။ ဆန္ဒခံယူပွဲကိုကျောင်းသားတပ်မတော်များက လိုအပ်ရင် အင်အားသုံးဖြိုခွဲပါ။ အဲဒါ ပြည်သူတရပ်လုံးက ပေးနေတဲ့ အမိန့်ပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလဲ ပြည်သူတရပ်လုံးထဲမှာ လူမျိုးပေါင်းစုံပါဝင်နေတယ်ဆိုတာ အမြင်ကျယ်ကျယ် သဘောထားကြီးကြီးနဲ့ ဘာသာလူမျိုးမခွဲခြားပဲ သစ္စာရှိစွာ အားနည်းတဲ့ဘက်က ရပ်တည်စာနာသင့်ပါတယ်။

ဒီလိုမှမပြတ်သားရင်တော့ ကျနော်တို့မပြီးနိုင်သောပန်းချီကားကြီးကို ဆက်ရေးသွားကြရတော့မှာဖြစ်ပြီး ပြည်သူတွေကြားထဲ ယခုထက်ပိုဆိုးဝါးတဲ့ အထွေထွေကြပ်တည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက် လုယက်တိုက်ခိုက်မှုတွေနဲ့ ဖြေရှင်းမနိုင်အောင် ဆက်လက်ပြီး ရင်ဆိုင်သွားကြရတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲပါဘူး။

ဒီလာမယ့်ဆန္ဒမဲပေးပွဲဟာ ဘယ်လိုရလဒ်တွေပဲထွက်ထွက် အများပြည်သူအဆင့်ထိ ပြန့်နှံ့သွားပြီဖြစ်တဲ့ တရားလက်လွတ် ဓါးမိုးအုပ်ချုပ်မှုနဲ့ အနိုင်ကျင့်စော်ကားမှု အဓမ္မစရိုက်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေဆီ ဦးတည်နေပြီဖြစ်ပါတယ်။ မနင်းရင်တော့ အနင်းခံရမှာပဲ ဆိုတဲ့အသိနဲ့ အားထားလုံခြုံရာ ဥပဒေအစောင့်အရှောက်ကင်းမဲ့မှုတွေက ပြည်သူကို ချောင်ပိတ် အရိုက်ခံနေရတဲ့ ခွေးတွေပမာ ခံစားလာစေရလိမ့်မှာဖြစ်သလို၊ ဘယ်ကမှ အကာအကွယ်မရနိုင်ရှာတဲ့ အဲဒီပြည်သူတွေရဲ့ဘဝက စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့နောက်လိုက်တွေ ပြုသမျှ နုရတော့မယ့်အခြေကို လုံးလုံးလျားလျား ဆိုက်ရောက်သွားတော့မှာပါ။ လက်ရှိ အင်အယ်ဒီ အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အနိုင်ကျင့် ရိုက်နှက်ပြပြီးတော့ ပေးနေတဲ့ သတိကိုက ပြည်သူတွေ နင်းမှာလား အနင်းခံမှာလား ဆိုတာပါ။

တကယ်တမ်းတော့ အများပြည်သူမလိုလားတဲ့ နအဖဘက်က သူ့ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ စနစ်တကျ သူဖြစ်ချင်တာသူ လုပ်ယူဖန်တီးသွားနေခဲ့တာ အရာရာအောင်မြင် ပြီးမြောက်လုပြီဖြစ်ပါတယ်။ တရားတယ် မတရားဘူးဆိုတာထက် အနိုင်အရှုံး အဖြေက ရလဒ်ကို ဦးဆောင်သွားတော့မယ့် အချိန်မှာ ဘယ်သူမှ ဘာမှမတတ်နိုင်ကြတော့တာဟာ အမြင်အားဖြင့်ကို ရှုံးနေပါပြီ။

အဲဒီအဖြေထွက်တဲ့အထိ စောင့်ကြည့်မနေသင့်တော့တဲ့ အချိန်မှာ နိုင်ငံရေးအခင်းအကျင်းတွေ၊ သုံးသပ်ချက်အလှည့်အပြောင်းတွေ၊ သံတမန်ရေးရာနည်းလမ်းတွေ၊ ဒေသတွင်းပါဝင်ပတ်သက်မှုတွေ၊ နိုင်ငံတကာ စာနာမှုတွေ အားလုံးကို ခေတ္တခဏဘေးဖယ်ထားပြီး ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ လိုပါတယ်။

ကန့်ကွက်မဲဝင်ထည့်ပြန်ရင်လဲ နအဖရဲ့လုပ်ရပ်ကို အသိအမှတ်ပြုပြီးသားဖြစ်သွားမယ်။ မဲမပေးပဲနေမယ်ဆိုရင်လဲ ရသမျှနဲ့ အနိုင်ပိုင်းသွားတာခံရမယ်။ ရှုံးရှုံးနိုင်နိုင် နအဖဘက်က အုပ်စုဗိုလ်အနေနဲ့ အသာစီးက ဆက်ကစားလို့ ရသွားတော့မယ့် အခြေအနေမှာ၊ ဒီပွဲက ကန့်ကွက်တာမဲများခဲ့ရင် အခြေခံဥပဒေ အတည်မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားညီလာခံကို ပျော်ပျော်ကြီးပဲ ပြန်လည်စတင် ကျင်းပသွားဦးမှာဖြစ်ပြီး မဲဝိုင်းထည့်တဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုတို့အရ အဲဒီညီလာခံကို သပိတ်မှောက်ထားတဲ့ အင်အယ်ဒီအနေနဲ့ နအဖစိတ်ကြိုက် ခင်းကျင်းထားတဲ့ အမျိုးသားညီလာခံအခြေပြု အနာဂတ်နိုင်ငံရေးလမ်းစဉ်မှာ လမ်းဘေးကို ရောက်သွားရပါလိမ့်မယ်။ ဒါက တချက်ခုတ်နှစ်ချက်ပြတ် အင်အယ်ဒီကို မြောင်းထဲပို့နေတာပါ။

ကလိမ်ကကျစ်ကျပြီး ထောက်ခံမဲတွေအရ လမ်းညွှန်မြေပုံခုနှစ်ဆင့်အတိုင်း နောက်နှစ်နှစ်အကြာမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး ဝှဲချီးကျင်းပခွင့် ရသွားလိုက်ပြီဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား နအဖများဘက်က လက်ခမောင်းခတ်ကြတော့ဖို့ပါပဲ။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က လုံးဝဥဿုံပြတ်ပြယ်ပြီး ကြံ့ဖွံ့က နအဖလိုလားတဲ့ ဦးဆောင်ပါတီကြီးတခုအဖြစ်နဲ့ အမျိုးသားညီလာခံကတဆင့် အဲဒီအခြေခံဥပဒေလူလားမြောက်အောင် နအဖနဲ့ အတူလက်တွဲ ဝိုင်းကူဆွဲပေးခဲ့တဲ့ တစည အပါအဝင် တိုင်းရင်းသားပါတီတွေ ခြံရံထွက်လာပြီးတော့ တကြော့ပြန် လက်ရှိချန်ပီယံအင်အယ်ဒီနဲ့ အားစမ်းပွဲလုပ်မလား။

အဲဒီ လမ်းညွှန်မြေပုံခုနှစ်ချက်အရပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အခင်းအကျင်းက လှသွားလိုက်တော့ ရှေ့ဆက်တိုင်းပြည်ရဲ့ အနာဂတ်က အင်ဒိုနီးရှားနဲ့ မြောက်ကိုရီးယား အမွှာပူးကလေးဖြစ်လာမယ်။ လိင်ဖျော်ဖြေရေးအလုပ်သမတွေ အပါအဝင် လူသားအရင်းအမြစ်တွေ အမြောက်အမြားထုတ်လုပ်ပေးလာမယ့် နိုင်ငံတခုကို အိမ်နီချင်းနိုင်ငံတွေက ဝမ်းသာအားရ လက်ကမ်းကြိုဆိုနေကြမှာပါ။

စစ်အာဏာရှင်စံနစ်ဆိုးအောက်က လွတ်မြောက်လိုသူတိုင်းနဲ့ လွတ်မြောက်စေလိုသူတိုင်း ငါလုပ်မှ၊ ငါပြောမှ၊ ငါကြံမှ ဟုတ်မှန်အောင်မြင်ရမယ်ဆိုတဲ့ အထွေထွေအတ္တနွံတွေထဲက လွန်မြောက်နိုင်ဖို့ အရေးကြီးလိမ့်မယ်ထင်ပါတယ်။ နောက်ပြီး ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမယ့် အခြားတဖက်မှာတော့ ဦးတည်ရာ ညွှန်ရပ်တွေက တကွဲတပြားဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဘယ်ကိုတွန်းမှာလဲ၊ ဘယ်အထိရောက်အောင်တွန်းရမှာလဲဆိုတာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မျိုး မဟုတ်တဲ့အတွက်ကြောင့် ရွေ့ချင်ရွေ့ ရွေ့ချင်မှလဲရွေ့ ဘယ်တော့မှလဲမရွေ့ နဲ့ပဲ တော်လှန်ရေးတိုက်ပွဲအစား ပရိုပိုဆယ်လိုက်ပွဲကလေးနဲ့ ကျေနပ်သွားကြတော့မလား။

နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှုများစွာတွေက ဖေါ်ကျူးစာဖွဲ့ မကုန်နိုင်အောင်ပါပဲ။ အသိအမှတ်ပြုခံလိုခြင်းဆိုတာ သာမန်လူသားတိုင်းရဲ့ ကိုယ်စီအတ္တလို့ဆိုပေမယ့် အများအကျိုးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းရပ်တွေမှာတော့ လူလားမမြောက်သေးတဲ့ ကလေးကလားဆန်ဆန် ခံယူချက်မျိုးလို့လဲ စိတ်ပညာရှုထောင့်က အဓိပ္ပယ်တမျိုး ဖွင့်ဆိုပြန်တာမို့ ဘုရားရှင်နဲ့ အရိယာသူတော်စင်များမှလွဲရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်မျိုးတွေမှာသာ အဲဒီအတ္တက ကင်းလွတ်နိုင်ကြတာပါ။ အဲဒီပုဂ္ဂိုလ်မျိုးတွေဟာ ခေတ်သမိုင်းအဆက်ဆက် ဘယ်တော့မှလဲ သတ်၍မသေတဲ့ လူစွမ်းကောင်းများ ဖြစ်ကြပါတယ်။

ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ ယုံကြည်တာကတော့ အကျယ်ချုပ်နေနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ထောင်ထဲ ရောက်နေသော ဦးဝင်းတင်တို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေသာလျှင် ပြည်သုကို ဘာလုပ်ရမယ်၊ ဘာလုပ်တော့ဆိုတာ ပြတ်သားသောစကား ပြောရဲလုပ်ရဲသူတွေဖြစ်ပြီး၊ ပြည်သူနဲ့တသားတည်း ရှေ့တန်းကဦးဆောင်သွားသူုတွေ ဖြစ်ပါတယ်။ သူတို့သာလျှင် အပြောနဲ့အလုပ်ကို တထပ်တည်းကျအောင်လုပ်ခဲ့သော၊ လုပ်သွားသော၊ လုပ်လဲလုပ်လိမ့်ဦးမယ့်သူတွေ ဆိုတာယုံကြည်ပါတယ်။

ဒါကြောင့်လည်း စစ်အစိုးရက သူတို့ကို ထိန်းသိမ်းထားတာက ပြန်ကိုမလွှတ်ရဲတာပါ၊ စစ်အစိုးရဟာ သူတို့ထက် ပြတ်သားတဲ့၊ သူတို့ထက်ခေါင်းမာတဲ့၊ သူတို့လို ခိုင်းလို့လုပ်တာမျိုးမဟုတ်တဲ့ သတ္တိရှင်တွေကို တကယ်ကြောက်ပါတယ်။

သို့ပေမယ့် ကျနော်တို့ရဲ့ အထဲကိုရောက်သော၊ အထိန်းသိမ်းခံရသော၊ အကျယ်ချုပ်ကျခံရသောသူတွေ မသိခဲ့တဲ့တချက်က သူတို့လောက်တောင် ကျန်သုတွေက ပြည်တွင်းမှာရော၊ ပြည်ပမှာပါ မလုပ်ရဲမကိုင်ရဲ မပြတ်သားရဲကြတာရယ်၊ ပြည်သူကို ဦးဆောင်မှုမပေးနိုင်ဘူးဆိုတာရယ်၊ ပြည်သူရဲ့ ယုံကြည်လိုက်နာမှုကို မရနိုင်ဘူးဆိုတာရယ်တွေကို ကျွန်တော်တို့ ၀မ်းနည်းစွာ ယခုတွေ့ကြရတာပါ။

ပြည်တွင်းမှာရော၊ ပြည်ပမှာပါ မြင်တွေခဲ့ရသမျှက တိုက်ပွဲဝင်မည်ဟုအော်ရင်း လိုက်ပွဲများဝိုင်းပြင်နေခြင်းမျှသာ ဖြစ်ကြောင်းပါခင်ဗျား။

အာဇာနည်မျိုး သေရိုးမရှိလို့ ဆိုပါတယ်။

တိုက်ပွဲကိုပြတ်ပြတ်သားသား ဝင်မှာလား။ ဒါမှမဟုတ် လိုက်ပွဲတွေကို ၀ိုင်းပြီးတော့ ပြင်မှာလား။ မေးပါ။

စိုင်းမွန်
ခေတ္တ- ရန်ကုန်။
၉ရက် ဧပြီလ ၂၀၀၈ခု။

“The less you bet, the more you lose, when you win.” (Bonetti Laws)

“အတုမရှိတဲ့ လူထုအတွက် အမှတ်တရ”


Monday, April 7, 2008

“ကြေးမုံနဲ့လူထု မြန်မာပြည်ကို မျက်ကွယ်ပြုကြပြီ”

လောကကြီးမှာ
ရက်ပိုင်းမခြား..
ဆိုးဝါးစွာ မုန်တိုင်းတိုက်..
သောကတွေ ရင်လှိုင်းရိုက်ခဲ့ပေါ့..၊
ကြေးမုံနဲ့လူထု မြန်မာပြည်ကို မျက်ကွယ်ပြုကြပြီ..။
Win Latt (7th Apr 2008, 21:22)
(ကို)ဇာဂနာ၏ စီဘောက်ထဲမှ တွေ့ရှိကူးယူပါသည်။

An Honor to Ludu Daw Ah Mar

(Ludu Daw Ah Mar, 1915-2008)

"Mother of Mandalay"
A tribute poem to Ludu Daw Ah Mar on her 85th birthday by U Moe Hein(Son Journal Kyaw)

There...
In the capital
Of our golden days,
Is a lady, now 85,
But not so frail.

And her pen
Ever serves to produce,
Words dipped in love
Lines lit with truth.

Turning all heads
To our heritage,
Swelling all hearts
With due prestige,
She kindles a spirit
None can subdue.

She brings to memory
A nations glory.

A pen of honor
In that wrinkled hand,
Is but a strong beam
That lights our land.

And as a tribute
To her I pay,
This humble poem
For the mother of Mandalay.

U Moe Hein (Son Journal Kyaw)
2000 November 29th.

Apr 7, 2008 (DVB)– Ludu Daw Amar, one of Burma’s most celebrated writers and journalists, passed away in the cardiac ward of Mandalay general hospital this morning at the age of 93, her son Ko Nyein Chan said.
Born in 1915, Ludu Daw Amar was well known for her political activism, beginning with her involvement in the student movement against the British government.
She was co-publisher of the Ludu [People’s] daily newspaper, along with her husband Ludu U Hla, from its establishment in 1946 until its suspension in 1959.
The newspaper resumed publication but was permanently shut down in 1967 by Ne Win’s government, who also imprisoned Ludu U Hla.
Ludu Daw Amar was also known for her biographies of revolutionary leaders and famous artists, and published her first book while studying at Rangoon university.
She is survived by two sons, Ko Nyein Chan and Ko Pho Than Chaung, and two daughters, Dr Than Yin Mar and Daw Tin Win.
Nyein Chan is a well-known writer under the pen name Nyi Pu Lay, while Pho Than Chaung is a spokesperson for the communist party.
Ludu Daw Amar’s husband Ludu U Hla died in 1982 and her son Soe Win, a member of the communist armed movement, was killed in a clash in 1967.
Reporting by DVB (www.english.dvb.no)

Friday, April 4, 2008

ပြည်သူကိုဘယ်သောအခါမှ တပတ်မရိုက်ခဲ့

“လက်ကိုင်တုတ် လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်း မှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးရေး တရားတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေး တရားတွေ မပေါ်အောင် တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ လုပ်ကတည်းက စီမံထားရလိမ့်မယ်။”
(ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်းမှ …)

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်


(၁၉၄၇ မတ်လ ၇ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြားအသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်းမှ ကောက်နုတ်ချက်)

ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူးရှင်းပြ နေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံးသင့်သည့် အချိန်တွင် တိုင်းပြည် ကို တပတ်ရိုက်ပြီး ခေါင်းမရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန်ခဲ့သည်။ ကျနော့်အတွက် မှာဆိုလျှင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာမျှ ထူးခြားခြင်း မရှိပါ။ လူထုလွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။

လူထုလွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့်အခါမှာ ကျနော်၏အသက်ကို စွန့်ရမှာ ကြောက်ပြီး လူထုကို လမ်းလွဲမပြခဲ့သလို လူထုလွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါမှာ လည်း ပါးစပ်တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှုးထိုးသမားများ၏ ကဲ့ရဲ့ရှုတ်ချ ခြင်းကို ကြောက်လန့် တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။

လက်ရုံးရည်ကိုသော်လည်းကောင်း၊ နှလုံးရည်ကိုသော်လည်းကောင်း လူထုလွတ်လပ်ရေးအတွက် အတိအကျ သုံးရန် သင့်သည့်အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ်ရိုက်မနေဘဲ တော်ဖြောင့်မှန် ကန်စွာ အသုံးပြုသွားမည်ကို စိတ်ချယုံကြည်ကြပါ။

(မိမိကိုယ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်နေကြသူများ ဆင်ခြင်ဖို့နဲ့ မိမိကိုယ်ကို ဆန်းစစ်ကြဖို့ပါ။ တိုင်းပြည် က လိုအပ်ချိန်မှာ ပြည်သူလူထုက မျှော်လင့်တာ ဗိုလ်ချုပ်ကဲ့သို့ ပုဂ္ဂိုလ်တွေကိုပါ။)

ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။

Thursday, April 3, 2008

တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးတဲ့ကာလ ရောက်တော့မယ်

တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးတဲ့ကာလ ရောက်တော့မယ်
ရဲဘော်ဖိုးသံချောင်း

တိုင်းပြည်မှာ နိုင်ငံရေးအကြပ်အတည်း၊ ဒါမှမဟုတ် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာရင် ဆေးမြီးတိုကအစ တဘောင်ပေး၊ နတ်လမ်းညွှန်ပေးတာတွေ၊ ရွှေငုံး မင်းအမြီးမျှော်သလို မျှော်ခိုင်းတာ စတာတွေ ဟိုကဒီက ပေါ်လာတတ်ပါတယ်။ ပုံမှန်အခြေအနေ မှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာတတ်ပါတယ်။ ဒါ မဆန်းပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ။

ဒါပေမဲ့ ဒီလိုသဘောတရားတွေထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ ပေး တယ်ဆိုတာကိုတော့ သေချာစီစစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာ ရှိသူတွေပါတက်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့် ငါ့အကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာ တာပါ။ ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့၊ ထင်ပေါ် ကျော်ကြားဖို့၊ အလိုတော်ရိလောကမှာဆိုရင် ငါမျက်နှာရအောင် လုပ်ဖို့၊ ရာထူးနေရာရဖို့ စတာ မျိုးတွေပါတတ်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်တဲ့ ဒီမိုကရေစီတိုက်ပွဲ သက်တမ်းရှည်ကြာ လာ တာနဲ့အမျှ ဒီလိုထူးထူးဆန်းဆန်း အယူအဆတွေ တွေ့လာရပါတယ်။ တချို့ဆိုရင် အနောက် တိုင်းက စာအုပ်တွေထဲမှာ ပါတာတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ သင့်တော်သည်၊ မသင့်တော် သည်ကို မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာ တွေ့ရပါတယ်။ ဖိနပ်မတော် ရင် ဖနှောင့်ဖြတ်မယ့် သဘောပါ။

ဗမာပြည်ရဲ့လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ “ခွင်လုံးကျွတ်နိုင်ချင် နေသမျှ” ဒါမှမဟုတ် “ခွင်လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ်လုပ်ဆောင်နေသမျှ” ဘယ်တော့ နှစ် ဖက်အနိုင်ရရှိတဲ့ “WIN–WIN ဖြေရှင်းနည်း” ဖြစ်ပေါ်မလာနိုင်ပါဘူး။ “WIN-WIN ဖြေရှင်းနည်း”ဆိုတာဟာ နှစ်ဖက်စလုံးသဘောရိုးနဲ့ အဖြေကောင်းရလိုတဲ့ ဆန္ဒအစပြုချက်နဲ့ ဆွေးနွေး ကြမှရ တာပါ။ အာဏာရလူတန်းစားက “သူ့ဘက်က အနိုင်ရတယ်”လို့ထင်နေသမျှ“ဂိမ်းသီဝရီ”ဆိုတာ အလုပ်မဖြစ်ပါဘူး။ ဒီနေ့ဗမာပြည်ပြည်သူတွေရင်ဆိုင်နေရတဲ့ ရန်သူဟာ ဘယ်လိုလူလဲ ဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာရှိနေပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်၊ သနပ်ခါး လိမ်းပေးနေပြီး ဒီချုပ်ကို အိုးမဲသုတ်ဖို့ ကြိုးစားနေတာတွေလဲ တွေ့ရပါတယ်။ ကိုယ့်ဖက်က သူ့ကို ကြည့်ရင် တမျိုး၊ သူ့ဖက်က ကိုယ်ကိုကြည့်ရင်တမျိုးဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ ဘယ်ဘက်မှာ ရပ်တယ်ဆိုတဲ့ ကိစ္စကိုတော့ ပြောရမယ်။

ဒီနေ့ ဗမာပြည်ကြုံတွေ့နေတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရ လူတန်းစားက အာဏာကိုပြည်သူက ရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းပေးဖို့ မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်တယ်။ တချို့သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရော ဟိတ်လို့ သတ်မှတ်ယူဆနေသူတွေ ပြောသလို အတိုက်အခံတွေဘက်က၊ အထူးသဖြင့် အမျိုး သားဒီမိုကရေစီဘက်က အလျှော့မပေးလို့၊ တင်းခံနေလို့ လုံးဝမဟုတ်ပါဘူး။

ဒီကြားထဲကပဲ “ကိုယ်က အလျှော့ပေးရင် သူကလည်းလျှော့ပေးလာမယ်”ဆိုတဲ့ အံ့သြစရာ စဉ်းစားတွေးခေါ်နည်းတွေတောင် ကြားရ၊ ဖတ်ရပါတယ်။ သူတို့ဟာ နအဖကို ဖားချင်လွန်း တာလား၊ နုံအလွန်းတာလား၊ စဉ်းစားစရာဖြစ်နေပါတယ်။ ဒီထက်ဒီသာ ဆက်ပြီးအလျှော့ပေးရမယ်ဆိုရင်တော့ ခါးပါ ပါယုံမက “ကျားရှေ့ခံတွင်းမှာ ကိုယ်ကိုလည်စင်းပေး” လိုက်တာပဲဖြစ် တော့မှာပါ။

ဒီအတွေးအခေါ်နဲ့ အဆက်တည်းတချို့က ဗမာပြည်ရဲ့ “ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလို ဆွဲရေးနေတာတွေပေါ်လာနေပါတယ်။ နအဖပေးထားတဲ့ ဒီမိုကရေစီဟာ သူတို့ရဲ့ အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်အံကိုက်ပါ။ ပြန်စဉ်းစားကြည့်ပါ။ စေ့စပ် ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြည်လည်တည်ထောင်ဖို့ ဗကပက ၁၉၅၅ မှာ ကမ်းလှမ်းတုန်းက “စစ်အုပ်စု” ဟာ တပ်မတော်ရဲ့ တစိတ်တပိုင်းမှာပဲ ဘန်ကာတူး၊ အခြေစိုက်နေရတုန်းပဲဖြစ်ပါတယ်။ “မဆလဆိုရှယ်လစ်အတွေးအခေါ်”ဆိုတာကို စတင်ပြီးတော့ ကြံဆနေကြတုန်းဖြစ်မှာပါ။ စစ်အုပ်စုအပိုင်စီးထားတဲ့“စိတ်ဓါတ်စစ်ဆင်ရေးဌာန”ကိုအသုံးပြုပြီး“ခေတ်ရေး” စာစောင်ကလေးတွေထုတ်ပြီး တပ်ကိုတလက်ကိုင်ဖြစ်အောင် ကြိုးစားစည်းရုံးနေတုန်းဖြစ်ပါတယ်။ (အဲဒီ “ခေတ်ရေး”စာစောင်ကလေးတွေထုတ်ပြီး ပြည်လည် လေ့လာကြည့်ရှု့ရင် ရှင်းပါလိမ့်မယ်။ သောင်းနဲ့ချီရိုက်ထားပြီး အလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်။)ဒါကြောင့် အဲဒီတုန်းကတည်းက “ဖဆပလ အစိုးရ”ရဲ့ တရားဝင်ပေါ်လစီနဲ့ “စိတ်ဓါတ်စစ်ဆင်ရေး” ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ။ စစ်တပ်ဟာ ဦးနုကို မျက်လုံးထဲတောင် မထားပါဘူး။

ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျှော့ပေးလိုက်ရင် သူ့ဘက်က လည်း လျှော့ပေးလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်ကိုစစ်တမ်းတွေ ပလူပျံအောင်ရေးပြီး ဖြန့်ဝေနေ ကြပါ။ အလွယ်ဆုံး ဥပမာပေးရရင် “ချမ်းအေးစစ်တမ်း” ပါ။ ဒါက တခုဖြစ်တယ်။ တခြားစစ် တမ်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အတွေးအခေါ်ကတော့ တခုတည်း ပါ။ အဲဒါက “ကိုယ်ဘက်ကလျှော့ပေးမှ သူဘက်ကလျှော့လာမယ်”ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါ တယ်။ အဲဒီအယူအဆရှင် တချို့က “ဆုတ်မဲ့ဆုတ် ကတုတ်ထိအောင်ဆုတ်ရမယ်”လို့ပြောပြီး လက်နက်ချအညံ့ခံဖို့ ပြောကြပါတယ်။ သူတို့မစဉ်းစားမိတာက “ခွင်လုံးကျွတ်အနိုင်ယူချင်သူဟာ လျှော့ပေးရင် ကမ်းတက်တတ်တယ်” ဆိုတာပါပဲ။

“ဒီမိုကရေစီကို လက်နက်နဲ့လဲ” လို့ မရခဲ့တာကိုတော့ “ပြည်သူရဲဘော်” တွေ “အလံနီ” တွေရဲ့ဖြစ်ရပ်က သက်သေပြခဲ့ပါပြီ။

“ဒီမိုကရေစီကို 'မဲပြား' နဲ့ ရအောင်တိုက်ရင်ရမယ်။ “အကြမ်းမဖက်ရေး” နဲ့ လုပ်ရင်ရ မယ်ထင်တဲ့ “ထင်ယောင်ထင်မှားမှု” ကိုတော့ ပထစနဲ့ ဒီချုပ်အတွေ့အကြုံက ပြသွားခဲ့ပြီ မဟုတ် ပါလား။ အခုတော့ “စိတ်ဓါတ် စစ်ဆင်ရေး” မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက “တရား ခံအဖြစ်ခံပြီး” အခြေခံဥပဒေရေးဆွဲလိုက်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံး လက်သီးချက်သွင်းတဲ့ Coup de grace အဆင့်ကို ရောက်နေပါပြီ။ စစ်အုပ်စုဟာ “စစ်တပ်နဲ့ အာဏာသိမ်း” Coup data နဲ့ စခဲ့ပြီး Coup de grace နဲ့ စစ်အုပ်စု မင်းဆက်ကို ထူထောင်ချင် ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒီထက်လျှော့ရင် ဘာဖြစ်မလဲ။ ပြားပြားဝပ်တဲ့ ဘ၀ပဲရောက် မှာပါ။ အညွှန့်တုံးတဲ့ ဘ၀ပဲရောက်မှာပါ။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်၊ ဒီ ၂ နှစ်အတွင်းမှာ အဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘာဖြစ်မလဲ။ အကောင်းလား၊ အဆိုးလား တွေ့ရတော့မှာ ပါ။ ကြာကြာစောင့်ရမယ် မထင်ပါဘူး။ တွေဝေနေရင် တသက်တာလုံးခံရပါမယ်။

ဖဆပလ- ပထစ- မဆလ တို့ရဲ့ဇာတ်သိမ်းမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရ လေအောင် ကျွန်တော်တို့တွေအားလုံး ကြိုးစားကြရပါမယ်။ ဒါဟာ နောက်မြီးဆွဲလုပ်တာ မဟုတ် ဘူး။ သမိုင်းတခေတ်မှာ ရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းက ပါဝင်တာဖြစ်ပါ တယ်။

တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကြောပြာစု ဘ၀ ရောက်ရတာပါ။ ၁၉၅၅ ခုနှစ်လောက်တုန်းက စစ်အုပ်စုဟာ အိမ်မြှောင်အဖြစ်ကနေ ပြည်တွင်း စစ်ကြောင့် ကြီးထွားလာတဲ့ “ဖွတ်ဘ၀” ပဲ ရှိပါသေးတယ်။ ဒီလိုနဲ့ ၁၉၅၈ ခုနှစ်မှာ ဖဆပလကွဲ တော့ တဆင့်တက်လာပါတယ်။ စစ်အုပ်စုဟာ “နိုင်ငံတော်အာဏာပိုင်” အဖြစ် ယာယီဖြစ်လာပါ တယ်။ အာဏာရဲ့အရသာကို လျှာနဲ့လျက်ခွင့်ရလိုက်ပါတယ်။ နေသေးသပခြုံထဲက၊ ချိုသေးသပ တမြမြ” လုပ်နေပါတယ်။

ဗိုလ်နေ၀င်းနဲ့ သူ့တပ်မှူးတွေဟာ ၁၉၅၈ ခုနှစ်မှာ သူတို့ကို “အာဏာလွှဲပေးခဲ့တဲ့” ဦးနု ရဲ့ ပထစ အစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစ တွေ လွန်ဆန်နိုင်မှာ မဟုတ်ပါဘူးလို့ တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ။ အာဏာကို အပြီး သိမ်းလိုက်တာပါ။ ကမ္ဘာတည် သရွေ့အာဏာကို ဆုတ်ကိုင်ထားနိုင်ဖို့အတွက် “မဆလအလံ” ကိုလည်း အတိအလင်း ထူပြလိုက်ပါတယ်။

၁၉၈၈ မှာ စစ်အုပ်စုဟာ မျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်။ ရှစ်လေးလုံး တိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်းပန်းပေးသွားတာပါ။ ၁၉၈၈ ခုနှစ်ကနေ အခု ၂၀၀၈ ခုနှစ်အထိ မှာတော့ အာဏာကိုလွှဲမပေး၊ စစ်တန်းလျားကိုလည်း မပြန်တော့ပါဘူး။ နေပြည်တော်အသစ် ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ် နေပါပြီ။ အခုဗမာပြည်သူတွေ ရင်ဆိုင် နေရတာဟာ အာဏာကို တရားဝင်ရာသက်ပန်ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ဥပဒေပြုတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်ဝင်လာကတည်းက နိုင်ငံတကာအခြေအနေကလည်း တစတစပြောင်း လာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးနိုင်ငံတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ။ ကုလသမဂ္ဂကိုပြေးတိုင်လိုက်၊ ကုလသမဂ္ဂကို ရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့် မယ်။ ပြည်ပမှာ သူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာ ကျ တော့ ဖွတ်ကမိကျောင်းဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင် တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ။

နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာမရှိပါဘူး။ ကိုယ်တိုင်ပါဝင် ကကြရတာပါ။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတိုင်းဟာ ပွဲကြည့်တွေ မဟုတ်ပါဘူး။ ကိုယ်တိုင် ကပြနေ ကြတာပါ။ ဘာမှမလုပ်ပဲ ထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ ဖို့ပါပဲ။

Wednesday, April 2, 2008

အငြင်းနှင့်အခုံ

လတ်တလော မြန်မာပြည် နိုင်ငံရေး အငြင်းအခုံများ
နေနေ

မြန်မာ့ နိုင်ငံရေးသည် ယခုအခါ အလွန် အရေးအကြီးဆုံး ဆုံချက်နေရာသို့ ရောက်နေသဖြင့် နိုင်ငံရေးငြင်းခုန်မှုများလည်း ရေဆူမှတ်အနေအထားတွင် ရှိနေသည်။ နှစ်ပေါင်း (၂၀) ကျော် စစ်အစိုးရကို ဆန့်ကျင်လာကြသော အတိုက်အခံများအတွင်း လွန်ခဲ့သော လပိုင်းက စတင်ခဲ့သော နည်း ပရိယာယ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများသည် ယခု အချိန်ထိ လိပ်ခဲတည်းလည်း အခြေအနေတွင် ဆက်ရှိနေသည်။ အလားတူ လွန်ခဲ့သော နှစ်အပိုင်းအခြားအတွင်းက အသံ တိတ်နေသော တချို့သော ပုဂ္ဂိုလ်များထံမှလည်း အငြင်းပွားဖွယ် အယူအဆများ ပိုမိုကျယ် လောင်လာသည်။

လက်ရှိအငြင်းပွားမှုများတွင် ယေဘုယျအနေဖြင့် (၁) စစ်အစိုးရနှင့် အပေးအယူလုပ်လိုသော အုပ်စု (ဒေါက်တာနေ၀င်းမောင်၊ ကျော်ဝင်း စသူတို့)၊ (၂) မူလ မူဝါဒအပေါ် စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားလိုသောအုပ်စု (CRPP ဦးဆောင်သော No Vote အုပ်စု) နှင့် (၃) လက်တွေ့ထိရောက်မည့် နည်းလမ်းကိုရွေးချယ်မည် ဆိုသောအုပ်စု (အန်စီယူဘီ ဦးဆောင်သော Vote No အုပ်စု) ဟူ၍ တွေ့နိုင်သည်။

၎င်းတို့အနက် (၁) အုပ်စုသည် သီးခြားအုပ်စုဖြစ်ပြီး (၂) နှင့် (၃) အုပ်စုသည် အတိုက်အခံများ အတွင်း အပြုသဘောငြင်းခုန်နေကြသော မဟာမိတ်အုပ်စုများဖြစ်သည်။ အုပ်စု (၁) ၏ အခြေ ခံ အယူအဆမှာ စစ်အစိုးရ၏ လမ်းပြ မြေပုံနှင့် ဖွဲ့စည်းပုံကို လက်ခံရေးနှင့် လက်ငင်း အကြပ် အတည်းကိုဖြေရှင်းကာ ရေရှည် လုပ်ငန်းစဉ်ဖြင့် ဒီမိုကရေစီအောင်ပွဲခံရေးဟုဆိုသည်။ အုပ်စု (၂) ၏ ရပ်တည်ချက်မှာ စစ်အစိုးရအပေါ် လုံးဝမယုံကြည်ဘဲ လမ်းပြမြေပုံကိုဆန့်ကျင်၊ ဆန္ဒခံ ယူပွဲကို လုံးဝသပိတ်မှောက်ပြီးနောက် လူထုတိုက်ပွဲဖြင့် အောင်ပွဲခံရေးဖြစ်သည်။ အုပ်စု (၃)၏ အယူအဆအရ လူထု လှုပ်ရှားမှုကဲ့သို့သော မေလ မတိုင်ခင်တွင် လူထုလှုပ်ရှားမှုများကို ဖော် ဆောင်နိုင်ဦးမည်မဟုတ်သဖြင့် မကြာခင် ရောက်လာတော့မည့် မေလဆန္ဒခံယူပွဲတွင်ကန့်ကွက်မဲပေးသည့်နည်းဖြင့် လူထုကိုထွက်ပေါက်ပေးရေးဖြစ်သည်။ သူတို့၏ ဆင်ခြေမှာဆန္ဒခံယူပွဲတွင် ဒီမိုကရေစီအင်အားစုများက သပိတ်မှောက်လျှင် စစ်အစိုးရက ၎င်းတို့အဖွဲ့များဖြင့် ဖွဲ့စည်းပုံကို အတည်ပြုသွားမည်ဟူ၍ဖြစ်သည်။ ကိုယ်ပိုင် အယူအဆ အခြေခံများအပေါ်တွင် မတူညီသော လုပ်ငန်းစဉ်များ ရှိနေသော အငြင်း အခုံများသည် အုပ်စုတွင်းမှ လူထုထဲသို့ ပျံ့နှံ့ကာ သာမန် ပြည်သူများအတွက်ေ၀၀ါးစရာ အခြေအနေအထိဖြစ်လာသည်။

ပထမဆုံးအငြင်းပွားမှုမှာ လာမည့်မေလဆန္ဒခံယူပွဲကို လုံးဝသပိတ်မှောက်ရေး (NoVote)နှင့် ကန့်ကွက်မဲပေးခြင်း (Vote No) နှစ်ခုအပေါ် အငြင်းပွားနေသောကိစ္စဖြစ်သည်။ မေလတွင် ဖွဲ့ စည်းပုံမူကြမ်း ထောက်ခံပွဲလုပ်မည်ဟု ကြေညာအပြီးတွင် ပိုမိုကျယ်လောင်လာသော အငြင်း ပွားမှုဖြစ်ပြီး ယခုတိုင်တိုးတိုးတိတ်တိတ်ဆက်ရှိသော ၀ိရောဓိလည်းဖြစ်သည်။ မကြာသေးခင် ရက်သတ္တပတ်များအတွင်းက နယ်စပ်တွင်အခြေစိုက်သောဒီမိုကရေစီအင်အားစုများကြားတွင် ကန့်ကွက်မဲ ပေးရေးအတွက် တညီတညွတ်တည်း သဘောတူခဲ့သော်လည်း နောက်ဆက်တွဲ ရလဒ်များအပေါ် စိုးရိမ်မှုများလည်း ဆက်ရှိနေဆဲဖြစ်သည်။ တူညီသောအချက်မှာ စစ်အစိုးရက လူထု ဆန္ဒခံယူပွဲကို မည်သည့်နည်းနှင့်မဆို အတင်းအဓမ္မ အတည်ပြုနိုင်သလို၊ ဆန့်ကျင်မဲ ကြောင့် ဖွဲ့စည်းပုံအတည်မပြုနိုင်လျှင် နောက်ထပ်ဖွဲ့စည်းပုံတရပ်ကို နှစ်ပေါင်းများစွာ အချိန်ဆွဲ မည်ဆိုသော စိုးရိမ်သောကဖြစ်သည်။ အခြားတဘက်တွင်လည်း အတိုက်အခံများအနေဖြင့် စစ်အစိုးရ၏ လမ်းပြမြေပုံ (၇)ရပ်နောက်သို့ တရွတ်တိုက်လိုက်မိပြီး (၁၉၉၀) ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ထားသော မူလမူဝါဒနှင့် ဝိရောဓိဖြစ်သွားမည့် မူဝါဒရေးရာ စဉ်းစားစရာ အချက်တချက်ဖြစ်နေသည်။

နိုင်ငံရေးသမားများသာမက မြန်မာဂျာနယ်လစ်များကြားတွင်လည်း အငြင်းပွားဖွယ်ရာ အမြင် များ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အနက် အထင်ရှားဆုံးမှာ Living Color မူဝါဒရေးရာ ဒါရိုက် တာ၊ The Voice ဂျာနယ်၏ ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင်၏ အကြံပြုချက်နှင့် လူငယ် စာဖတ်ပရိသတ်များအကြားတွင် သြဇာကြီးသော စာရေးဆရာကျော်ဝင်း၏ နိုင်ငံရေးသုံးသပ် ချက်စာတမ်း ဖြစ်သည်။ သူ၏ မိတ်ဆွေများထံ အီးမေးနှင့်ပေးပို့ရာမှတဆင့် ဟိုးလေးတကျော် ဖြစ်သွားသော ဒေါက်တာနေ၀င်းမောင်၏အဆိုတွင် ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)အနေဖြင့် လမ်းပြမြေပုံကိုလက်ခံကာ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း လွှတ် တော်နေရာအားလုံး၏ တ၀က်ကိုသာဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် သဘောထားကြီးကြောင်း ပြ သရမည်ဟုဆိုသည်။ အပြန်အလှန်အနေဖြင့် စစ်အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားအားလုံး ကို ပြန်လွှတ်ပေးရမည်ဟုဆိုထားသည်။ ကျော်ဝင်းဆိုသူကလည်း လွန်ခဲ့သောနှစ်ပေါင်း (၂၀)အတွင်း ဒီမိုကရေစီအင်အားစုများ၏ အားနည်းချက်များကို ဝေဖန်ကာ လောလောဆယ်အခြေ အနေတွင် ထိပ်တိုက်တွေ့မှုမလုပ်ဘဲ လမ်းပြမြေပုံကိုထောက်ခံကာ ၂၀၁၀ အလွန်တွင်မှ ပါလီ မန်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်များကို တဖြည်းဖြည်းချင်း ဖယ်ရှားသွားရမည်ဟု အကြံပြု ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရှိခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေလုံးဝမရှိခြင်းထက် ပိုကောင်းသည်ဟူသော အခြေခံပေါ်တွင်တင်ပြထားသောအဆိုပြုချက်နှစ်ရပ်စလုံးသည် တက် ကြွလှုပ်ရှားသူများကိုဒေါသထွက်စေပြီး စစ်အစိုးရ၏လက်ရှိဖွဲ့စည်းပုံအပေါ် မကျေလည်သူများ အတွက် မေးခွန်းများစွာကိုဖန်တီးပေးလိုက်သည်။

ယခုလ (၈)ရက်နေ့တွင် နောက်ထပ်လှုပ်လှုပ်ရှားရှားဖြစ်စေသော အကြံပြုချက်တခုမှာ ၀ါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ လူထုတိုက်ပွဲခေါ်သံနှိုးဆော်ချက်ဖြစ်သည်။ လူထုစိန်ဝင်း က အာဏာရှင်ဖြုတ်ချရေးအတွက် လူထုအင်အားကိုသာယုံကြည်ကြရန် နှိုးဆော်သောမိန့်ခွန်း သည် မီဒီယာများမှ တဆင့်ပျံ့နှံ့သွားသည်။ သတင်းစာလောကတွင် သြဇာကြီးသော လူထု စိန်ဝင်းသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်၊ မေလကလည်း International Herald Tribute သတင်းစာကြီးတွင် မြန်မာပြည်၌ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာတော့မည်ဟုကြိုတင်နိမိတ်ဖတ်ခဲ့သူဖြစ်သည်။ သူကအာဏာရှင်ဖြုတ်ချရေးတွင် တွေ့ဆုံဆွေးနွေးရေး၊ ကုလသမဂ္ဂတို့ဖြင့် စိတ်ကူး မယဉ်ဘဲ လူထု အင်အားကိုသာ ကိုးစားရမည်ဟု ဆိုသည်။ မရှေးမနှောင်းတွင် ပြည်တွင်း၌ တရားဝင် အတိုက်အခံအဖြစ်ရပ်တည်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်း၌လည်း လက်ရှိ အခြေအနေကို သည်းမခံနိုင်ဘဲ လူထုလှုပ်ရှားမှုကို ဖော်ဆောင်လိုသော အုပ်စုတစု ထွက်ပေါ်လာခဲ့သည်။ ယခုလ (၁၈) ရက်နေ့တွင် ထွက်ပေါ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လူထုလှုပ်ရှားမှုကော်မတီ) ဖွဲ့စည်းကြောင်း ကြေညာချက်တွင် ပြည်နယ်နှင့်တိုင်းများ တွင် လူထုတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု ပါရှိသည်။ အလားတူ ပြည်ပအခြေစိုက် သံဃာ ဦးသျှောင်အဖွဲ့ကလည်း မေလဆန္ဒခံယူပွဲအထိမစောင့်တော့ဘဲ လာမည့် ဧပြီလ (၂၆) ရက်နေ့ တွင် ပြည်တွင်းပြည်ပတွင်သံဃာနှင့် လူထုလှုပ်ရှားမှုများတပြိုင်တည်းလုပ်ဆောင်ရန် ကြေညာ ထားသည်။

ပြည်တွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မေလဆန္ဒခံယူပွဲနှင့်ပတ်သက်၍သဘောထားကို ယခုအချိန်အထိ တရားဝင် မသိရသော်လည်း ပြည်တွင်း၌ ပြည်သူ့လွှတ်တော်ကိုယ်စားဖွဲ့စည်း ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင်များ၊ ၁၉၉၀ ရွေးကောက်ခံကိုယ်စား လှယ်များ၊ ပြည်နယ်တိုင်း စည်းရုံးရေးအဖွဲ့ဝင်များက လာမည့်ဆန္ဒခံယူပွဲကို လုံးဝလက်မခံနိုင် ကြောင်း ကြေညာချက်တရပ်ကို ယခုလ (၁၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားပြီဖြစ်သည်။ အရေး အကြီးဆုံးအချိန်တွင် နိုင်ငံရေးအရဦးဆောင်ရန် တာဝန်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထံမှ မူဝါဒရေးရာ ပြတ်ပြတ်သားသား မထုတ်ပြန်သည့်အပေါ် ဝေဖန်မှုများ ရှိနေသော်လည်း ဗဟိုခေါင်းဆောင်များအနေဖြင့် အကဲဆတ်သောဆုံးဖြတ်ချက်အပေါ် သတိဖြင့်ပြောဆိုနေဆဲ ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသက်သဖွယ်ကာကွယ်နေရသော အဖွဲ့ချုပ်အနေ ဖြင့် စစ်အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်သွားရနိုင်သော ဆုံးဖြတ်ချက်ချရေးတွင် တုံ့ဆိုင်းနေပေ မည်။

ကုလသမဂ္ဂ၏ မြန်မာ့အရေး ကြားဝင်လုပ်ဆောင်မှုများသည်လည်း ယခုအခါ အငြင်းပွားစရာ ကိစ္စတရပ်ဖြစ်လာသည်။ အထူးသဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံရေး အကြံပေးဖြစ်သူ မစ္စတာဂမ်ဘာရီက လွန်ခဲ့သော (၂) ရက်ခန့်က လုံခြုံရေးကောင်စီသို့အစီရင် ခံမှုဖြစ်သည်။ မအောင်မြင်သော ခရီးစဉ်အဖြစ် အများကသတ်မှတ်ထားသော ခရီးစဉ်အပေါ် မစ္စတာဂမ်ဘာရီက မျှော်လင့်ချက်ရှိသေးသည်ဟု တင်ပြခဲ့သဖြင့် ဒီမိုကရေစီအင်အားစုများက မကျေမနပ်ဖြစ်ကုန်ကြသည်။ လုံခြုံရေး ကောင်စီသို့တင်ပြချက်များတွင် မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံရေးတွင် အချိန်မီတွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု တင်ပြခဲ့သလို အင်အားစုများ အားလုံးအနေဖြင့် လက်ရှိရောက်သည့်နေရာမှ မြန်မာပြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်ထဲ လိုက်ပါ ကြရန်လိုသည်ဟုဆိုသည်။ အရေးကြီးသောအချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ ၏ ကြားဝင်ဆောင်ရွက်ချက်များအပေါ် မျှော်လင့်နေဆဲဖြစ်သည်ဆိုသော မစ္စတာဂမ်ဘာရီ၏ တင်ပြချက်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုခေါင်းဆောင်များကလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် စစ်အစိုးရအကြားတွင်နောက်ထပ်တွေ့ဆုံဆွေးနွေးရန်မျှော်လင့်ချက်ရှိကြောင်း ထုတ်ဖော်ပြောဆိုနေသော်လည်း ထိရောက်ပြီး အချိန်အကန့်အသတ်ရှိသော တွေ့ဆုံဆွေးနွေး ရေး အမှန်တကယ်ဖြစ်ပေါ်လာရေးသည် စစ်အစိုးရပေါ်တွင်သာ မူတည်နေသည်။

လောလောဆယ် အခြေအနေတွင် အမေရိကန်နှင့် အီးယူ၏ မြန်မာ့အရေးတွင် စိတ်ဓာတ်ပိုင်း အားပေးမှုများမှလွဲ၍ ထိရောက်သော ပြင်ပဖိအားကို မျှော်လင့်စရာမရှိသော အခြေအနေ ဖြစ် သည်။ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီကလည်း မစတာဂမ်ဘာရီကိုသာ မြန်မာအရေးအတွက်ဆက်လက်တာဝန်ပေးအပ်သွားမည်အခြေအနေမျိုးဖြစ်သည်။ဤအတော အတွင်း အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီသို့ မြန်မာပြည်ကိစ္စနှင့်ပတ်သက်သော ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို အဆိုပြုဖွယ် ရှိနေသော်လည်း ၎င်းမူကြမ်းတွင် မဖြစ်မနေ လုပ် ဆောင်ရန် ဆုံးဖြတ်ချက် (Binding Resolution) ပါဝင်မည်မဟုတ်ဟုလည်းသိရသည်။ အခြား တဘက်တွင် တရုတ်နိုင်ငံက တိဘက်တွင် ရင်ဆိုင်နေရသော သူ့နိုင်ငံ၏ပြည်တွင်းရေးကြောင့် စစ် အစိုးရကို ပိုမိုစာနာနီးကပ်နေဦးမည်မှာ သေချာနေသည်။ အာဆီယံ အတွင်း၌လည်း (၂၀၁၀) မလွန်ခင်အထိ နောက်ထပ် ထူးခြားသော ဖိအားပေးမှုမျိုး ထွက်ပေါ်လာနိုင်စရာ မရှိ သည့် အခြေအနေမျိုးဖြစ်သည်။

လောလောဆယ်တွင် စစ်အစိုးရကိုဆန့်ကျင်သောအုပ်စုများအတွင်း၌ နည်းပရိယာယ်ပိုင်းဆိုင် ရာ အငြင်းအခုံများ မည်သို့ပင် ရှိနေသော်လည်း လူထုလှုပ်ရှားမှုတခုကို မေလမတိုင်ခင် (သို့ မဟုတ်) မေလနောက်ပိုင်းတွင်ဆက်လက်ဖော်ဆောင်သွားမည်ဆိုသော အခြေခံသဘောထား မှာ ဆက်ရှိနေမည်မှာ သေချာသည်။ ပြီးခဲ့သည့် (၁၈)ရက်နေ့က ပြည်တွင်း၌ လျှို့ဝှက်ဖွဲ့စည်းလိုက်သော အထွေထွေသပိတ် ကော်မတီသည် No Vote၊ Vote No တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံ တကာ၊ ကုလသမဂ္ဂတို့၏ Alternative တခုဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ ယခုနောက်ဆုံး သဘောထားဖြစ်သည်။ လူထုခေါင်းဆောင်၏ ရပ်တည်ချက်သည်သာ အငြင်း ပွားနေသော ပြည်တွင်းပြည်ပမှ ဒီမိုကရေစီအင်အားစုများ၊ အတွေးနယ်ချဲ့နေကြသော လူအုပ် ကြီးအတွက် နောက်ဆုံး နိဂုံးချုပ်ချက် ဖြစ်ပေမည်။ စစ်အစိုးရ ဆန့်ကျင်သော အင်အားစုများ အကြားတွင် နည်းဗျူဟာ အမျိုးမျိုးကွဲပြားနေစဉ်တွင်ပင် စစ်အစိုးရက ကျင်းပမည့် မေလဆန္ဒ ခံယူပွဲသည် တလစွန်းစွန်းသာကျန်တော့သည်။ ဤအတောအတွင်း ပြည်တွင်း၌ လျှို့ဝှက်ပေါ် ပေါက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူထုလှုပ်ရှားမှု ကော်မတီ) ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုခေါင်းဆောင်များက စည်းကမ်းချိုးဖောက်သူများဟု ဝေဖန်သော် လည်း ၁၉၉၉ နှစ်ကုန်ပိုင်းက ဘန်ကောက်ရှိမြန်မာသံရုံးကို စွမ်းအားမြင့်စစ်သည်တော်များ ၀င် ရောက် စီးနင်းစဉ်အခါက “ကျောင်းသားတွေရဲ့ ခံစားချက်ကို ကျမတို့ စာနာ နားလည်နိုင်ပါ တယ်” ဟု မီဒီယာများအား လိမ္မာပါးနပ်စွာ အဖြေပေးခဲ့သော နိုဗယ်ငြိမ်းချမ်းရေးဆုရှင်သည် နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် မည်သို့မည်ပုံတွေးတောနေမည်မှာ စဉ်းစားစရာကိစ္စဖြစ်သည်။ ။

A

B

C

The Kitchen မီးဖိုချောင်