Monday, June 1, 2009

မြတ်မိခင်


မြတ်မိခင်
ဆောင်းပါးရှင် - အောင်မြေ (တပ်မတော် အရာရှိ တစ်ဦး)

၂၀၀၃ ခုနှစ်မေလ ၂၆ ရက်နေ့။ ကျွန်တော်တို့ တပ်ရင်းတစ်ခုလုံးအား မုံရွာမြို့တွင်း လုံခြုံရေးတာဝန်ယူရန် အနောက်မြောက်တိုင်း စစ်ဌာနချူပ်မှ ညွှန်ကြား လာခဲ့သည်။ လုံခြုံရေးယူရသော အကြောင်းရင်းကား NLD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းအတွင်း စည်းရုံး ရေးခရီးစဉ်အဖြစ် လာမည်ဆိုသောကြောင့် ကျွန်တော်တို့တပ်ရင်းအပါအ၀င် အခြား မုံရွာမြို့ပေါ်ရှိ တိုက်ခိုက်ရေး တပ်ရင်း မဟုတ်သည့် ထောက်ပို့တပ်၊ ပညာရေးတပ်၊ ဘီအီးတပ်နှင့် တိုက်/စည်းကျောင်း တို့ကဲ့သို့သော တပ်ဖွဲ့များမှလည်း မုံရွာမြို့ကို အပိုင်းလိုက် လုံခြုံရေးယူကြရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြု၍ လူထုအုံကြွမှုဖြစ်ပေါ်လာလျှင် ပစ်ခတ်နှိမ်နှင်းရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် တရားဟောမည့် နေရာ အနီးတစ်ဝိုက်ရှိ တိုက်ခေါင်မိုးများပေါ်တွင်လည်း လက်ဖြောင့် တပ်သားများ နေရာ ယူထားကြသည်။

မေ ၃၀ ရက်နေ့။ ထိုနေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိနေပါသည်။ ကျွန်တော်သည် ၈ လေးလုံး ပြည်သူ့အရေးတော်ပုံတွင် အရွယ်မရောက်သေးသော်လည်း ထိုအချိန်က အဖြစ်အပျက်များကို ကောင်းကောင်း မှတ်မိနေပါသေးသည်။

အရင်က ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူးခဲ့၍ ယခုကျွန်တော် လုံခြုံရေးယူရသည့်ကိစ္စတွင် အလွန်ကျော်ကြားလှသည့် ကျွန်တော်တို့ ခေါင်းဆောင်ကြီးများ မုန်းတီးသည့် ကမ္ဘာကျော် အမျိုးသမီး တစ်ယောက်ကို နဖူးတွေ့၊ ဒူးတွေ့ မြင်တွေ့ရတော့မည် ဖြစ်သောကြောင့် ရင်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားနေမိသည်။ အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ထိုအချိန်က ကျွန်တော်သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် မမြင်မတွေ့ဘူးခင်ကပင် မနှစ်သက်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့များ၏ ဒါဘာ၊ စည်း/ကော် တို့တွင် ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ တပ်မတော်တစ်ခုလုံး၏ ရန်သူသဖွယ် ထင်မြင်လာအောင် မှိုင်းတိုက်ခံထားရခြင်းကြောင့် ဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင်ကလည်း သူမနှင့်ပတ်သက်၍ နက်နက်နဲနဲ ခံစား တွေးတောခြင်းမျိုးလည်း မရှိခဲ့ပါပေ။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ မရောက်ခင် စစ်ကိုင်းတိုင်းအတွင်း ၀င်ရောက်လာစဉ်ကပင် သူမ၏ စည်းရုံးရေးခရီးစဉ်သည် ကြောက်ခမန်းလိလိ အောင်မြင်နေမှု၊ ပြည်သူလူထု၏ တရကြမ်း ထောက်ခံနေမှုတို့ကို ဆက်သွယ်ရေးစက်များကနေ သိနေ၊ ကြားနေရပါသည်။ ထိုသို့ သတင်းရလေ တိုင်းစစ်ဌာနချူပ်မှ ကျွန်တော်တို့အပေါ်တွင် လုံခြုံရေး ပေါ့လျော့မှု မရှိစေရန် ဖိအားပေးလေ ဖြစ်နေပါသည်။ ထိုအတောအတွင်း လုံခြုံရေးယူထားသော လက်ဖြောင့်တပ်သား အချို့လည်း ဖိအားပေးခံနေရပါသည်။ ဓါတ်ပုံ ရိုက်ယူသူတစ်ဦးအား လက်ဖြောင့်တပ်မှ တစ်ချက်တည်း ပစ်သတ်ခဲ့သေးသည်။ ထိုဖြစ်စဉ်ကို သိမြင်လိုက်သူ အတော်နည်းပါသည်။ ထိုသူမှာလည်း မုံရွာမြို့ပေါ်မှ ဟုတ်ဟန်မတူပေ။

မုံရွာမြို့ပေါ်တွင် ကျွန်တော်နှင့် ရင်းနှီးသည့် နိုင်ငံရေးသမား တော်တော်များများ ရှိပါသည်။ နောက်ပိုင်းတွင် သေဆုံးသွားသူနှင့် ပတ်သက်ပြီး ကျွန်တော် စုံစမ်းခဲ့သော်လည်း သူ၏ လိပ်စာကို မသိခဲ့ရပါ။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ ရောက်ရှိခဲ့ချိန်တွင်မတော့ မုံရွာလူထုသည် မြို့လုံးကျွတ်စုဝေးခဲ့ကြပြီး သူမ၏ ဟောပြောချက်ကို တဝေါဝေါနှင့် ထောက်ခံအားပေးခဲ့ကြသည်။ တိုင်းစစ်ဌာနချူပ် အခြေစိုက် သော မုံရွာမြို့တွင် ဤမျှလောက် နိုင်ငံရေးနိုးကြားတက်ကြွသူရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှုကိုလည်း ကျွန်တော်ယုံကြည်လက်ခံခဲ့ရသည်။ သူမ၏ စကားလုံးတိုင်းသည် ကောက်ကွေ့မှုမပါ။ အရှိကိုအရှိအတိုင်း ရဲရဲရင့်ရင့် ဟောပြောနေဟန်တို့ကို ကျွန်တော်တိတ်တခိုး လေးစားခဲ့ရပါသည်။

ပြည်သူ့ဘ၀ကို စာနာသော သူမ၏ စေတနာတို့ကို ကျွန်တော်အတိုင်းသား မြင်နေရသည်။ ကျွန်တော်၏ ရဲဘော်များပင် သူမ၏ ဟောပြောမှုအောက်တွင် မျက်ရည်ဝဲ၀ဲဖြင့် ငိုင်လျက်သား နားထောင်နေကြရသည်။ ကျွန်တော်ကိုယ်တိုင်လည်း သူမ၏ စကားလုံးတိုင်းကို စိတ်ကူးဖြင့်ပင် ငြင်းဆန်ရန် အင်အားမဲ့နေရပြီး အဝေးမှ မိဘနှစ်ပါးကို တမဟုတ်ချင်း ထူးထူးခြားခြား သတိရနေမိခဲ့သည်။ ကျွန်တော်နှင့် ကျွန်တော်၏ မိဘတို့သည် အလွှာခြားနေပါပြီကော။ ကျွန်တော်တို့မှာ အမိန့်ဆိုသည့် စကားလုံးအောက်တွင် ရိုင်းချင်တိုင်းရိုင်းနေရပြီး မိဘနှင့်ဘ၀တူ ပြည်သူလူထုကို စာနာစိတ် မဲ့နေပါပြီလော။ အို မြန်မာပြည်၏ မြတ်မိခင် အစစ်အမှန်ကို ကျွန်တော် တွေ့နေရပြီကော။ ကျွန်တော့်စိတ်ကူးထဲမှာ သူမရဲ့  စွန့်လွှတ်စွန့်စားမှုတွေ နေရာယူနေပါပြီကော။

ကျွန်တော့်နားထဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စကားများသည် နီးလာလိုက်၊ ဝေးသွားလိုက်ဖြင့် စိတ်အစဉ်မှာလည်း လွင့်ချင်တိုင်း လွင့်လျက် ရှိနေပါတော့သည်။ ဗျူဟာမှ နာရီမလပ် စက်ဖွင့်ခိုင်းထားပြီး ညွှန်ကြားချက်တွေ တရစပ်ပေးနေပါသည်။ ကျွန်တော်စက်ထဲမှနေ၍ ၅၆၊ ၉၆ ပါ။ ၃၅ ပါဟုသာ အလိုက်သင့်ဖြေကြားရင်း တိုင်းကာနယ်ကြီးကို တိုးတိုးလေး ဆဲလိုက်ပါသည်။ ရဲဘော်များကိုတော့ လိုအပ်သည်ထက် ပို၍လုံခြုံရေးလျော့နည်းမှုမဖြစ်စေရန် သတိပေးပြီး အသာလွှတ်ထားလိုက်ပါသည်။ ရဲဘော်လေးများ၏ မျက်ဝန်းတွင် တစ်ခုခုကို ကြေကွဲခံစားနေရဟန်လည်း ရှိနေကြသည်။ ကျွန်တော့် ဘ၀တွင် ဤနေ့ကိုဖြင့် ဘယ်တော့မှ မမေ့နိုင်တော့ပေ။ မမေ့နိုင်စရာလည်း အကြောင်းတရားများက ဖြစ်ပေါ်လာခဲ့လေသည်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ ထိုနေ့ညနေခင်းတွင် ဘုတလင်မြို့ဘက်သို့ ဆက်လက် ထွက်ခွါသွားသည်။ သူမ၏ ရှေ့နောက်ဝဲယာတွင် များပြားလှသော ဆိုင်ကယ်အုပ်ကြီးက ခြံရံလိုက်ပါသွားသည်။ ကျွန်တော်တို့ လုံခြုံရေးယူထားသည့် တပ်ရင်းများလည်း အခြေအနေ အေးဆေးစွာ ပြီးဆုံးသွားသောကြောင့် ယခုမှရဲရဲကြီး သက်ပြင်းချမိသည်။ ဗျူဟာမှ ဘာထူးလဲ။ ဘာထူးလဲ ဆိုသည့် တရစပ် မေးနေသံလည်း ယခုမှ တိတ်ဆိတ်သွားရသည်။ ကျွန်တော် ရဲဘော်များကို လက်ဝှေ့ရမ်းပြပြီး လုံခြုံရေးရုတ်ရန် အချက်ပြလိုက်သည်။ ကျွန်တော်တို့ တပ်ခွဲ ခေတ္တ နားခိုရာ ရယက ရုံးသို့ရောက်ပြီး ကျွန်တော်နားနေခိုက် ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို တခုတ်တရ ၀ိုင်းဖွဲ့ပြောနေကြသည်။ ကျွန်တော် သူတို့ကိုကြည့်ရင်း အလိုလိုမောနေမိသည်။

ညပိုင်းသို့ ရောက်သောအခါ လုံခြုံရေးယူရန် နေရာဟောင်းသို့ ပြန်သွားရသည်။ ကျွန်တော်နှင့် အကူရဲဘော်တစ်ဦး မြို့လယ် ကြေးရုပ်အနီး အအေးဆိုင် တစ်ခုတွင် ထိုင်နေခိုက် စက်ထဲမှ မမျှော်လင့်သော သတင်း တစ်ခုကို ကြားလိုက်ရသည်။

ဒေါ်အောင်ဆန်းစုကျည်နှင့်အဖွဲ့ ကျည်ရွာအနီးတွင် တိုက်ခိုက်ခံရသည်ဟု။ ဗျူဟာမှလည်း သိလိုက်ပုံ မပေါ်။ စက်ထဲတွင် အသံပေါင်းစုံနေသည်။ ဟိုမှ သည်မှ မေးမြန်းနေသံတို့ကို ကြားနေရသည်။ ကျွန်တော့် ရဲဘော်များကို အသိမပေးပဲ အခြေအနေကြည့် ထိန်းထားလိုက်သည်။ မနက်တွင် အကြောင်းစုံသိရမည်သာ။

နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် ကျွန်တော်တိုင်းရုံးဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာခဲ့သည်။ လမ်းတွင် တပ်ထိန်းဂိတ်မှ အရပ်သားများ တိုင်းဘက်သို့ မလာနိုင်အောင် တားမြစ်နေသည်ကို တွေ့ရသည်။ ကျွန်တော် တပ်ထိန်းမှ တာဝန်ကျ ဆရာကြီးကို ခေါင်းညိတ်ပြရင်း ဆက်ထွက်လာခဲ့သည်။ တိုင်းရုံးကြီးရှေ့ စစ်မြေပြင်ဆေးတပ်ရင်း- မဆရ (၇) တွင် လုံခြုံရေးထူးကဲစွာ ချထားသည်ကို တွေ့ရသည်။

ကျွန်တော် မဆရ (၇)သို့ ၀င်ရန် ကြိုးစားသောအခါ လုံခြုံရေး ယူထားသော ဆရာတစ်ယောက်က “ဗိုလ်ကြီး အားတော့နာပါတယ်၊ ၀င်လို့ မရပါဘူး” ဆိုသည်နှင့် သူ့ကို အကျိုးအကြောင်း မေးမြန်းကြည့်သည်။ သူပြောပုံအရဆိုလျှင် မနေ့ညက ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ တိုက်ခိုက်ခံရ၍ လူတော်တော်များများ သေဆုံးကုန်ကြောင်း၊ ယခု ဒဏ်ရာရသူများကို မဆရ (၇)တွင် အရေးပေါ်ကုသပေးနေကြောင်း ပြောပြပါသည်။

ကျွန်တော်လည်း ရင်ထဲတွင် “ဟိုက်” သွားပြီး ထနောင်းရိပ် ထမင်းဆိုင်သို့ ၀င်ကာ အအေးတစ်ပုလင်း မှာသောက်နေမိသည်။ ထိုစဉ် ခလရ (၁၆)မှ တပ်ရင်းမှူး ကားမောင်းသည့် တပ်ကြပ်ကြီး ရောက်လာပြီး ကျွန်တော့်ကို ပြုံးပြသည်။ ထိုဆရာကြီးနှင့် ကျွန်တော် ရင်းနှီးနေသည်မို့ ကျွန်တော့်စားပွဲဝိုင်းတွင် ထိုင်ခိုင်းလိုက်ပြီး “အအေးသောက်ဗျာ” ဟု တိုက်တွန်းလိုက်သည်။ ဆရာကြီးက “ကျေးဇူးပါပဲ ဗိုလ်ကြီး”ဟု ပြန်ပြောရင်း ကျွန်တော့်ကို အကဲခတ်နေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခုကို ပြောလိုသည်ဟု ကျွန်တော်ထင်သဖြင့် “ဆရာကြီး ပြောစရာရှိတာပြော အားမနာနဲ့” ဟု ပြောလိုက်ရသည်။

ထိုအခါတွင် ကျွန်တော်လုံးဝ မထင်မှတ်ထားသော သတင်းကို တုန်လှုပ်စွာ သိလိုက်ရသည်။ ထိုဆရာကြီး ပြောစကားကို စာဖတ်သူတို့အား တင်ပြရလျှင် ခလရ (၁၆) မှ ရဲဘော်များနှင့် ဆရာတစ်ချို့ကို ဂတုံး တုံးပေးပြီး သင်္ကန်းဝတ်စေကာ မုံရွာ၊ အရာတော်မြို့မှ လူမိုက်များ၊ ထောင်ကျများ၊ ခြေချူပ်များနှင့် ကြံ့/ဖွတ်များကို ခေါင်းဆောင်စေသည်။ ၄င်းတို့ကို တိုင်းရုံး (အားကစားသမားများ ထားသည့် အိပ်ဆောင်) ထဲတွင် စုထားပြီး အကြမ်းဖက်နည်းများကို သင်ပေးထားသည်။ သင်္ကန်းဝတ် ရဲဘော်များ၏ လက်ကောက်ဝတ်တွင် ကြိုးများစည်းပေးထားပြီး အရောင်အလိုက် တပ်စု၊ တပ်စိတ်ပုံစံ စုဖွဲ့ပေးထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ရပ်ခိုင်းသည့် သူမှာလည်း ခလရ(၁၆) မှ တပ်ကြပ် သင်္ကန်းဝတ် အရေခြုံပင်ဖြစ်သည်။

အခင်းဖြစ်ပွားပြီး ဒဏ်ရာရသူများကို အသေရိုက်သတ်ကြသည်ဟုဆိုသည်။ အခင်းဖြစ်ပွားရာမှ ဆိုင်ကယ်များကို တိုင်းရုံးထဲသို့ ၁၀ ဘီးကားကြီးနှင့် သယ်လာသည်ဟု ထိုဆရာကြီးက ပြောလေသည်။ (ထိုဆိုင်ကယ်များကို နောင်တွင် စစ်စိမ်းရောင်ဆေးမှုတ်ပြီး တပ်ရင်းများသို့ ပြန်ထုတ်ပေးပါသည်) အခင်းဖြစ်ပွားရာတွင် ပါဝင်သော ခလရ (၁၆)မှ စစ်သည်များကို ရဲဘော်တစ်ဦးလျှင် ၃၀၀၀ ကျပ်၊ ဆရာ အဆင့် ဆိုလျှင် ၅၀၀၀ ကျပ် ထုတ်ပေးပြီး တခြားနေရာကောင်းများသို့ တပ်ပြောင်းရွှေ့ လိုက်ခြင်းအားဖြင့် အစဖျောက် ပေးခဲ့လေသည်။)

ကျွန်တော်လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် မိမိတာဝန်ကျရာ နေရာသို့ ပြန်လာခဲ့တော့သည်။ ကျွန်တော်တို့ တပ်မတော်သားများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့်အစား အပေါစား လူမိုက်ဆန်ဆန် အပြစ်မဲ့ ပြည်သူတို့ကို ကိုယ်ထိလက်ရောက် သတ်ဖြတ်ခဲ့ကြပေပြီ။ အခင်းဖြစ်ပွားစဉ် ပါဝင်သော ရဲဘော်များမှာ စဉ်းစားနိုင်မှု အားနည်း၍ အမှားအမှန်ကို ခွဲခြားနိုင်မှု မရှိသောကြောင့် အမိန့်ကို နာခံခဲ့ရသည်။ အမိန့်ပေး သူများသည် နိုငံတော်တစ်ခုလုံးကို အုပ်ချူပ်နေပြီး အခုလို အောက်တန်းကျသော လုပ်ရပ်ကို ဘာကြောင့် လုပ်ရပါသနည်း။

ကျွန်တော်တို့သည် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ဆိုပေစေကာမူ ကျွန်တော်တို့၏ မိဘများသည် အခြားပြည်သူများနှင့် တန်းတူ သာမန်ပြည်သူလူထုသာ ဖြစ်သည်။ ပြည်သူလူထု ဒုက္ခရောက် ရခြင်းသည် ကျွန်တော်တို့၏ မိဘများ ဒုက္ခရောက်ရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ကိုယ့်မိဘကိုယ် သေနတ်နှင့် ချိန်ပြီး ဆဲဆိုနေပြီလော။ စစ်ခေါင်းဆောင်တစ်စုအတွက် ကျွန်တော်တို့၏ မိဘပြည်သူများကို ညည်းဆဲနှိပ်စက်ခဲ့ပါပြီကော။ “ရဲသော်မသေ သေသော်ငရဲမလား” ဆိုသည်ကား သတ်ရဲဖြတ်ရဲဖို့အတွက် မြောက်ထိုးပင့်ကော်လုပ်နေသော ၀ါဒဖြန့်စာများသာ ဖြစ်နေပေတော့သည်။

ကျွန်တော်တို့မှာ အမှားကို အမှားမှန်း သိနေပြီဆိုလျှင် ရုန်းထွက်နိုင်သော အင်အားများ မရှိပြီလော။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကိုတော့ ခိုင်ခိုင်မာမာ ချလိုက်နိုင်ပါသည်။ ကျွန်တော်တို့သည် အဖိနှိပ်ခံ လူတန်းစားများဘက်မှ ရပ်တည်ရပါလိမ့်မည်။ တနည်းအားဖြင့် ကျွန်တော်၏ မိဘများ အေးချမ်းစွာ နေနိုင်ရေးအတွက် အာဏာယစ်မူးနေသော လူတစ်စုကို တွန်းလှန်ရတော့မည် ဟူ၍ပင်။ ကျွန်တော့်တွင် ထိုဆုံးဖြတ်ချက် ချလိုက်သည်နှင့် တပြိုင်နက် ပေါ့ပါးလန်းဆန်းကာ မွန်းကျပ်မှု အပေါင်းမှ ထွက်ပေါက် ရလိုက်သည့်နှယ် ရင်ထဲမှ ဟစ်ကြွေးမည်ဟီးနေမိသည်မှာ စစ်အာဏာရှင်တို့ တစ်နေ့ မုချကျဆုံးရမည်ဟု။

A

B

C

The Kitchen မီးဖိုချောင်