Thursday, July 24, 2008

ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း


သူ လက်ဖက်ရည်ဆိုင်နားရောက်တော့ သူထိုင်နေကျ ဆိုင်အဝင်ဝ စားပွဲပုပုလေးမှာ ဘယ်သူမှ ရှိမနေတာကို တွေ့ရသည်။ မရှေးမနှောင်းပင် သူ့ကိုမြင်သော စားပွဲထိုးလေးထံမှ ရှယ်ကျဆိမ့်ဝမ်း ဟူသော အသံက သူ့ထံ လွင့်ပျံလာလေသည်။ လန်ဒန်တပွဲကိုတော့ သူကိုယ်တိုင်ပဲ ကောင်တာသို့ သွားယူလိုက်ပါသည်။ သည်နေ့တော့ သူဆိုင်ရောက်တာ နည်းနည်းစောသည်။ စောသည်ဆိုတာက သူ့အတွက် သူ ပြောခြင်း၊ တကယ်က ၁၀ နာရီထိုးခဲ့ပြီ ဖြစ်သည်။ လန်ဒန်တလိပ်ကို မီးညှိရင်း လက်ဖက်ရည်ဆိုင် နံဘေးရှိ စာအုပ်ဆိုင်သို့ သူ လှမ်းကြည့်သည်။ ဂျာနယ်တွေက တိုးလို့တွဲလောင်း။ တစောင်လောက် ဝယ်ဦးမှဟူသော အတွေးနှင့် သူ ထမည်လုပ်ပြီးမှ ဒီသတင်းတွေ ပါပဲလေ အလကား ပိုက်ဆံကုန်ပါတယ် ဟူသော အတွေးနှင့် ပြန်ထိုင်သည်။

လက်ဖက်ရည်ပင် အငွေ့ သေသွားခဲ့ပြီ။ သူ မသောက်ဖြစ်သေး။ လမ်းတဖက် မျက်နှာချင်းဆိုင်တွင် ရှိသော မန်းသီရိ တေးသံသွင်းသို့ သူ တွေတွေငေးငေး ကြည့်နေမိပြန်သည်။ ဇော်ဝင်းထွဋ်၏ မျှော်လင့်ချက်ကမ်းခြေ ဆိုင်းဘုတ်ကြီးက ထီးထီးမားမား။ ဆိုင်ရှေ့ရှိ ဗာဒံပင်ထံ သူ့အကြည့် ရောက်သွားမိပြန်သည်။ အုတ်ခုံပေါ်တွင် လူနှစ်ယောက် ကျားထိုးလျက်၊ ပလက်ဖောင်းပေါ်တွင်တော့ နီရော်ရော် ဝါကြန့်ကြန့် ရွက်ခြောက်များက ပျံ့ကျဲနေသည်။ အုတ်ခုံဘေးတွင်တော့ ….. လက်ထဲတွင် ထမင်းချိုင့်ကလေးနှင့် …. သူမြင်နေကျ ကောင်မလေးကို တွေ့လိုက်ရပါသည်။

ခဏနေတော့ ကောင်မလေးက လမ်းကိုကူး၍ သူထိုင်နေရာ လက်ဖက်ရည်ဆိုင်ဘက်ဆီ လျှောက်လာသည်။ သူ့ စားပွဲနားရောက်တော့ သူနှင့် မျက်မှန်း တမ်းမိနေပြီဖြစ်သော ကောင်မလေးက သူ့ကို လှစ်ခနဲ ပြုံးပြသည်။ သူ ပြန်ပြုံးပြ လိုက်ချိန်မှာတော့ ကောင်မလေးက သူ့ စားပွဲဘေး တိုက်လှေကားရင်းသို့ ရောက်နေပြီ။ မရေမရာ မျက်နှာထားလေးနှင့် နောက်သို့ သမင်လည်ပြန် ကြည့်သည်။ နောက်မှ စိတ်ဒုံးဒုံး ချလိုက်ဟန်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ သူကတော့ ဆက်ပြီး စောင့်ကြည့်နေမိသည်။ ၅ မိနစ်မျှအကြာ လူလတ်ပိုင်းအရွယ် လူတယောက် လမ်းတဖက်မှ ကူးလာပြီး ကောင်မလေးနောက်သို့ လိုက်တက်သွားသည်။ လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ် ညာဘက်အခန်း။ နှစ် ၂၀ ကျော် သက်တမ်းရှိပြီဖြစ်သော တည်းခိုခန်း ကလေးသို့ ဖြစ်ပါလိမ့်မည်။ နောက် သူ ထပ်တွေ့ရမည့် မြင်ကွင်းတွေကိုတော့ ရုပ်ရှင်ကားဟောင်းတခုကို ကြည့်နေရသလို သူ့စိတ်ထဲ မြင်နေမိသည်။

နာရီဝက် သို့မဟုတ် ၄၅ မိနစ်လောက်အကြာတွင် ကောင်မလေး ပြန်ဆင်းလာလိမ့်မည်။ ထို့နောက် ၅ မိနစ်မျှ ကြာလျှင် ခုနက တက်သွားသောသူ ပြန်ဆင်းလာမည်။ လက်ထဲတွင် တစ်ရှုး တာဝါတခုကို ကိုင်ထားလိမ့်မည်။ စီးကရက်တလိပ်လည်း သောက်ချင် သောက်နေလိမ့်မည်။ ဒါပဲ ဖြစ်ပါလိမ့်မည်။ သူ ဆက်ထိုင်လိုစိတ် မရှိတော့သောကြောင့် လက်ဖက်ရည်တခွက်နှင့် လန်ဒန်နှစ်လိပ်စာ ပိုက်ဆံကို ပန်းကန်ပြားနှင့် ဖိ၍ ထိုင်ရာက ထလိုက်သည်။ “ဘယ်လိုမှ အသက်ရှူ မဝဘူး” တဲ့ …. သူ ထွက်လာချိန်တွင် လက်ဖက်ရည်ဆိုင် ဆောင်းဘောက်စ် ဆီက ခင်ဘုဏ်း၏ သီချင်းသံက နောက်တွင် လွင့်ပျံကျန်နေခဲ့လေသည်။

စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် သည်လက်ဖက်ရည်ဆိုင်လေးတွင် သူ ထိုင်ခဲ့သည့် သက်တမ်းက ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ လောက်ကတည်းက၊ ဆိုင်ဖွင့်စကတည်းက ဆိုပါတော့။ သူ့အိမ်နှင့် နီးသည်တကြောင်း၊ ကက်ဆက်ကောင်းကောင်း ဖွင့်သည်တကြောင်းတို့ကြောင့် သူ ပုံမှန် ထိုင်ဖြစ်ခဲ့လေသည်။ သူ ထိုင်စက တခွက် ၁၀ လက်ဖက်ရည်သည်ပင် ယခု တခွက် ၂၀၀ ။ ယခင်ကတော့ နေ့တိုင်းမရောက်။ ၂၀၀၃ ခုနှစ်လောက်က စပြီး သူ တနေ့ သုံးခါ ရောက်ဖြစ်ခဲ့လေသည်။ နံနက်၊ နေ့လယ်၊ ည၊ သည်မှာပင် သူ တသက်လုံး နေထိုင်ခဲ့ရာ ရန်ကုန် မြို့လယ်ခေါင်၏ မြင်ကွင်းအသစ် တခုကို သူ စတွေ့ရခြင်း ဖြစ်သည်။ ထိုနေ့က မန်းသီရိတွင် သူ ခွေ ဝင်ဝယ်မိသည်။ သူ ခွေဝယ်ပြီး လက်ဖက်ရည်ဆိုင်သွားရန် လမ်းကူးမည် အလုပ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က သူ့ကို တစုံတရာ လှမ်းပြောသည်။ “သွားမလား” ဟု သူ ကြားမိလိုက်သည် ထင်သည်။ သူ တအံ့တသြ ပြန်ကြည့်တော့ ထို အမျိုးသမီး မျက်နှာလွှဲသွားသည်။ သူ ဘာမှ ပြန်မပြော မိတော့ဘဲ လမ်းကူး၍ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်။

လက်ဖက်ရည် သောက်ရင်း ဆိုင်ရှင် ဆရာကျောင်း (သူပေးထားသော အမည်ဖြစ်ပါသည်)နှင့် စောစောကအကြောင်း ပြောမိတော့ ဆရာကျောင်းက ဟက်ဟက်ပက်ပက် ရယ်လေသည်။ မင်းကလည်း ခုမှသိလား၊ ပစ္စည်းတွေ ကားဂိတ် ရောက်နေတာဖြင့် နှစ်ပတ်လောက် ရှိတော့မယ်ဟုလည်း ပြောသည်။ ဟိုမှာ ကြည့်ပါလား ၇ ယောက်၊ ၈ ယောက်လောက် ရှိတယ်ဟုလည်း လမ်းတဖက်ဆီ မေးငေါ့ပြသည်။ သည်တော့မှ သူ သတိထားမိလေသည်။ ဘတ်စ်ကား စောင့်နေသူများကြားတွင် ရောနှော ရပ်နေသော အမျိုးသမီးများ။ အများစုက ငယ်ငယ်ရွယ်ရွယ်။ တယောက်၊ နှစ်ယောက်ကတော့ အတော် အသက်ကြီးပြီ။ လက်ထဲတွင် ထီးနှင့် ထမင်းချိုင့် ကလေးများကို ကိုင်သူကိုင်ထားကြသည်။ ဝတ်ထား စားထားသည်ကတော့ နွမ်းနွမ်းပါးပါး။ သြော် … သည်လိုပါလား …။ နောက်တော့လည်း နေ့စဉ် မြင်တွေ့နေရသော ထို မြင်ကွင်းက သူ့အတွက် ရိုးသွားခဲ့သည်။
--------------------------------------

ဟိုယခင် သူ ဆယ်ကျော်သက် အရွယ်တုန်းကတော့ နတ်သမီးကလေးများ၏ အဓိက ကျင်လည် ကျက်စားရာက ကန်တော်ကြီး ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှသည် ၂၀၀၁ လောက်အထိ။ သည့်ရှေ့ပိုင်းတွင် မည်သို့ ရှိသည်ကိုတော့ သူ ငယ်ရွယ်သေးသောကြောင့် မသိ။ သို့သော် သူသိထားသည့် အတိုင်းအတာတွင်က ရန်ကုန်မြို့လယ်သည် နတ်သမီးလေးများ မွေ့လျော်ရာမဟုတ်။ ထိုစဉ်က မွေ့လျော်ခွင့်ပဲ မပြုသည်တော့လားတော့ မသိ။ ရှိတော့ ရှိသည်၊ ရှားသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

ထိုစဉ်က နတ်သမီး ကလေးများကို တွေ့ရတတ်သည်က ဆူးလေပန်းခြံလေး နားတွင် ဖြစ်သည်။ ကျောက်တံတား ရဲစခန်းနှင့် မျက်စောင်းထိုးလောက်တွင်၊ နောက် ၂၈ လမ်း ၂၉ လမ်းအောက်ဘက် ကုန်သည်လမ်းပေါ်တွင်။ သည်မျှလောက်သာ ဖြစ်သည်။ ဒါကလည်း ညပိုင်းလောက်သာ။ ယခုလို ကားဂိတ်တွေတွင် ကျက်စားခြင်း မရှိသည်ကိုတော့ မြို့လယ်တွင် တသက်လုံး နေလာခဲ့သော သူ အသိဆုံးဖြစ်သည်။ သို့သော် သည်အခြေအနေက မှောက်သောခွက်ကို လှန်လိုက်သလို ၂၀၀၃ ခုနှစ်လောက်တွင် စတင် ပြောင်းလဲသွားခဲ့သည်။ သူ စတွေ့သည်ကတော့ အထက်က ဆိုခဲ့သလို အနော်ရထာလမ်းပေါ် လမ်း ၄၀ ထိပ် ကားဂိတ်တွင် ဖြစ်သည်။ လအတော်ကြာလာတော့ ဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် သူ ခွဲခြားသိလာသည်။ ဒါကလည်း မဆန်း၊ နေ့စဉ်နေ့တိုင်း သည်လူတွေချည်း ဖြစ်နေသောကြောင့် ဖြစ်သည်။

ခွဲ၍ ပြောမည်ဆိုလျှင်တော့ နံနက်ဂိုဏ်းနှင့် ညဂိုဏ်းဟု ခွဲပြောနိုင်သည်။ ဂိုဏ်းနှစ်ဂိုဏ်း စလုံးတွင် လူက ၁၀ ယောက်ဝန်းကျင်။ များသောအားဖြင့် နံနက်ဂိုဏ်းက အပြောင်းအလဲမရှိ။ ညဂိုဏ်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိသည်။ လာနေကျသူများအပြင် အခြား ပျံကျများလည်း ရောက်လာတတ်သည်။ နံနက်ဂိုဏ်း၏ အချိန်က မနက် ၈ နာရီသာသာမှ ညနေ ၃ နာရီ ဝန်းကျင်လောက်အထိ။ ညဂိုဏ်းကတော့ ညနေ ၃ နာရီမှ ည ၁၀ နာရီ ဝန်းကျင်တိုင်။ ဘယ်သူကမှ ခွဲခြား သတ်မှတ်ထားတာတော့ မဟုတ်ပါ။ သူတို့ အလုပ်ချိန်နှင့် သူတို့ သွားချိန်ပြန်ချိန် သူတို့ဘာသာ ချိန်ကိုက်ထားခြင်း ဖြစ်ပါလိမ့်မည်။

သူ နေထိုင်ရာ ကျောက်တံတားမြို့နယ်တွင်တော့ နတ်သမီးကလေးများကို အများဆုံး တွေ့နိုင်သည်က အနော်ရထာ လမ်းပေါ်ရှိ လမ်း ၄၀ ကားဂိတ်တွင်။ တိတိကျကျ ပြောရလျှင်တော့ ၃၈ လမ်းထိပ် ပျံကျဈေးကလေးမှသည် ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား အပင်ရိပ် အုတ်ခုံများရှိရာတွင် ဖြစ်သည်။ လမ်း ၄၀ ထိပ်မှ နတ်သမီးလေးများ၏ ကွန်းခိုရာက သူထိုင်နေကျ လက်ဖက်ရည်ဆိုင် အပေါ်ထပ် တည်းခိုခန်းကလေး၌၊ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထိပ်ရှိ နတ်သမီးလေးများကတော့ ဆိပ်ကမ်းသာလမ်းထဲ ချိုးဝင်လျှင်ဝင်ချင်း တွေ့ရမည့် တည်းခိုခန်းလေးတွင်။ အဆင်ပြေရာ ပြေကြောင်းကို သူတို့ဘာသာ ခွဲခြား သတ်မှတ်ထားကြခြင်း ဖြစ်ပေလိမ့်မည်။

စီခနဲ ကြားလိုက်ရသော လူသံသူသံတို့ကြောင့် သူ သူ့သူငယ်ချင်းနှင့် စကားကောင်းနေရာက အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။ ဟိုဘက်လမ်းကူး ကားဂိတ်ဆီမှ အမျိုးသမီးတသိုက် ပြေးလာကြတာကို သူမြင်ရသည်။ ဦးတည်ရာက ဗိုလ်အောင်ကျော် လမ်းဆီသို့။ လမ်းသွားလမ်းလာတွေကလည်း ရပ်တန့် ငေးမောနေကြသည်။ သူ သေချာကြည့်လိုက်တော့ ပြေးနေသူတွေက နတ်သမီးကလေးများ။ သူ ကြည့်နေစဉ်တွင်ပင် ဗိုလ်အောင်ကျော်လမ်းကို ဖြတ်၍ ဗိုလ်တထောင် ၆ ဘက်ဆီ ဆက်ပြေးသွားကြသည်။

သည်တော့မှ သူသဘောပေါက်သည်။ ကျောက်တံတားအပိုင်မှ ဗိုလ်တထောင်အပိုင်သို့ ပြေးခြင်း။ သည်ည စီမံချက်ရှိ၍ လိုက်ဖမ်းခြင်း ဖြစ်လိမ့်မည်။ သို့သော် ရဲက နယ်ကျော်၍ မလိုက်။ ထိုစဉ်မှာပင် ကားဂိတ်ဆီမှ ဆူဆူညံညံ အသံများကို ထပ်ကြားရပြန်သည်။ သူ မနေနိုင်တော့။ ဆိုင်မှထ၍ လမ်းကူးသွားမိသည်။ လူအုပ်ကြီးအလယ်တွင် အမျိုးသမီးငယ် နှစ်ဦး။ ဖမ်းဆီးသူ နယ်ထိန်းနှင့် သူ့ ရပ်ကွက်ထဲရှိ မီးသတ်ကို ဒူးတုပ်၍ တောင်းပန် တိုးလျှိုးနေသည်ကို တွေ့ရသည်။ ခဏအကြာတွင်တော့ လက်ထိပ်ခတ်ပြီး အငှားကားတစီးကို တား၍ တင်သည်။ လူစုကွဲသော အချိန်တွင် ၁၀ နာရီ ကျော်နေခဲ့ပေပြီ။
-------------------------------------

တရက်တွင်တော့ နတ်သမီးကလေးများကို စစ်တမ်း ကောက်ကြည့်ရန် သူ စဉ်းစားမိသည်။ ဘာရယ်မဟုတ်၊ သူက လူ့ဘဝ ရုပ်ပုံလွှာတွေကို စိတ်ဝင်စားသည်။ အရောင်တွေ အရိပ်တွေကို စေ့ချင်ငုချင်သည်။ အတိမ်အနက် အကျဉ်းအကျယ်တို့ကို စူးချင်စမ်းချင်သည်။ အလင်းအမှောင် အမှိန်အဖျော့တွေကို ရှာချင်ဖွေချင်သည်။ သည်လိုနှင့် တမနက်တွင် သူ မြို့ထဲတခွင်သို့ နတ်သမီးကလေးများ လေ့လာရေး ထွက်မိသည်။ ၁၀ နာရီ သာသာခန့်။ သူ လက်ဖက်ရည်ဆိုင်မှ ထလာချိန်။ သူ့ ခရီးစဉ်ကို လမ်း ၄၀ ထိပ်မှ စသည်။ လမ်း ၄၀ ထိပ်မှ သည် ၃၈ လမ်းဈေးအထိ။ သည်တဝိုက်က နတ်သမီးကလေးများကိုတော့ သူ အားလုံးလိုလို သိပြီး ဖြစ်ပါသည်။ ၁၅ ယောက်ဝန်းကျင်။ ထို့နောက်တော့ ပန်းဆိုးတန်းကိုဖြတ်၍ ၃၆ လမ်းထိပ် ကားဂိတ်ဆီသို့ သူရောက်လာသည်။ သည်မှာလည်း ၇ ယောက်၊ ၈ ယောက်။ ဆူးလေဘုရားလမ်းရောက်တော့ သူ ညာကွေ့ပြီး ဗိုလ်ချုပ်လမ်းဆီ သွားသည်။ ရုပ်ရှင်ရုံများ အောက်တွင်လည်း နတ်သမီးကလေးများ။ ၁၄-၅ ယောက်တော့ ရှိလိမ့်မည်။ မနက်ပိုင်းကိုတော့ သည်မျှဖြင့် သူ အဆုံးသတ်လိုက်ပါသည်။

ညနေပိုင်းတွင်တော့ သူ မဟာဗန္ဓုလလမ်းဘက်သို့ ထွက်လာခဲ့သည်။ ၃၉ လမ်းထိပ် ကားဂိတ်ဆီသို့။ သည်မှာလည်း နတ်သမီးကလေးများကို အတော်များများကြီးကို သူ တွေ့ရပြန်လေသည်။ ၃၇ လမ်းထိပ် ထီရုံးမှသည် ၃၉ လမ်းထိပ်အထိ။ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တို့တွင် ကျောက်ချသူတို့က ကျောက်ချလျက်။ ကားဂိတ်တွင် ရောနှော ရပ်နေသူတို့လည်း မရှား။ ၂၀ ဝန်းကျင်တော့ ရှိလိမ့်မည်။ ကားဂိတ်ကြီးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဒါက သူ တွေ့မိသလောက်၊ မတွေ့မိသည်များလည်း ကျန်ဦးမည်။ မနက်ပိုင်းနှင့် ညပိုင်းကလည်း ကွဲဦးမည်။ သူ့လေ့လာရေး ခရီးစဉ်ကို သူ စာရင်းချုပ် ကြည့်လိုက်တော့ အယောက် ၁၀၀ ဝန်းကျင် စာရင်း ထွက်လာသည်။ သူ့တိုင်းသူ့ပြည်၏ စီးပွားရေးနှင့် လူမှုဘဝသည် ချွတ်ခြုံကျနေခဲ့ရပြီ ဖြစ်သည်။
---------------------------------

သူ တယ်လီဖုန်း လျှောက်လွှာတင်ပြီး စာတိုက်ကြီးမှ ထွက်လာတော့ နေ့လယ် ၂ ချက်ခွဲကျော်ခဲ့ပြီ ဖြစ်သည်။ မွန်းဘေကရီ ဆိုင်ရှေ့ရောက်တော့ သူ ကော်ဖီ သောက်ချင်စိတ် ပေါက်လာသည်။ ဂျာနယ်များလည်း ဖတ်ချင်၍ ဖြစ်သည်။ ဆိုင်ထဲတွင်တော့ လူတို့ ပြည့်သိပ်လျက်။ သည်မှာလည်း သူတို့ကို သူ တွေ့မိပြန်သည်။ သူတို့ကတော့ ကားဂိတ်ရှိ နတ်သမီးကလေးများထက် အနည်းငယ် ပို၍ တောက်ပသည်။ ရုပ်ရည် ရူပကာလည်း သာသည်။ အထက်လွှာဟု ဆိုရမည် ထင်သည်။ အထက်လွှာ နတ်သမီးများ။ သူတို့ ထိုင်လေ့ရှိသည်က ဗိုလ်အောင်ကျော်လမ်းကို မျက်နှာမူထားသည့် စားပွဲတွင် ဖြစ်သည်။ သည်နေရာ တခုတည်းက ဆိုင်အပြင်မှရော အတွင်းမှပါ အပြန်အလှန် မြင်နိုင်သည့် နေရာဖြစ်သည်။ သူ ငေးနေမိချိန်မှာပင် ဗိုလ်အောင်ကျော်လမ်း တဖက်ရှိ ဆက်သွယ်ရေး တယ်လီဖုန်းမှ ဝန်ထမ်း အမျိုးသမီးက ဆိုင်အပြင်မှ လက်ဟန်ခြေဟန် ပြ၍ လာခေါ်သည်။ သူတို့ထဲမှ တယောက်ထသွားပြီး ဖုန်းသွားပြောနေသည်ကို သူ မြင်နေရလေသည်။ ဒါက သူတို့၏ ဆက်သွယ်ရေး လမ်းကြောင်း။ ရေစီးကြောင်းတော့ ရေစီးကြောင်းပဲ ဖြစ်သည်။ ခေတ်ရေစီးကြောင်းဟု ခေါ်ချင်လည်း ခေါ်ဆိုနိုင်ပါသည်။

ဆိပ်ကမ်းသာ လမ်းထိပ်တွင် ကောင်မလေးကို တွေ့လိုက်ရတော့ သူ အနည်းငယ် အံ့သြသွားမိသည်။ ည ၁၀ နာရီ ပင်ထိုးတော့မည်။ သူ တွေ့နေကျ မနက်ဂိုဏ်းမှ ကောင်မလေး။ ညဂိုဏ်းသို့ပဲ ပြောင်းသွားလို့လား၊ လူသွားလူလာကတော့ အနည်းငယ် ရှင်းနေခဲ့ပြီ ဖြစ်သည်။ သူ ဘေးဘီကို ကြည့်ရင်း စိတ်ကူးတခု ရလာသည်။ ကောင်မလေးကို သူ အနည်းငယ် မေးချင်မြန်းချင်သည်။ သူနှင့် မျက်မှန်း တမ်းမိနေသောကြောင့်လည်း သူ မေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ တကယ်က သည်နေရာက သူ့အိမ်နှင့် ဘာမှမဝေး၊ သို့သော် သူ မတတ်နိုင်။ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသော စိတ်ကိုထိန်းရင်း သူ ကောင်မလေးဆီ ချဉ်းကပ်သွားမိသည်။ သူ့ကို ကောင်မလေး အထင်လွဲတော့မည်က သေချာသလောက် ဖြစ်သည်။ ဒါ့ကြောင့် သူကပဲ အရင်ဦးအောင် ရှင်းပြဖို့ သူ ဆုံးဖြတ်လိုက်သည်။

“ညီမ ညပိုင်း ပြောင်းသွားတာလား” ဟု သူ စကားစလိုက်တော့ ကောင်မလေးက “ဟုတ်တယ် အကို” ဟု တုံ့ပြန်သည်။ သူ့ကို မှတ်မိလားလို့ မေးတော့ ကောင်မလေးက ''မနက်တိုင်း လက်ဖက်ရည်ဆိုင် အဝမှာ ထိုင်ထိုင်နေတဲ့ အကို မဟုတ်လား'' ဟု ပြန်မေးသည်။ ဟုတ်ကြောင်း ပြန်ဖြေပြီး သူ့ကို တမျိုးမထင်ရန် သူ အမြန်ရှင်းပြရသည်။ သူ မေးစရာ နည်းနည်းရှိ၍ ဖြစ်ကြောင်း ပြောတော့ ကောင်မလေး အနည်းငယ် တွန့်ဆုတ်သွားသည်။ ''ရဲတို့၊ ထောက်လှမ်းရေးတို့တော့ မဟုတ်ပါဘူးနော်'' ဟု သူ့ကို မဝံ့မရဲ ပြန်မေးသည်။ မဟုတ်ကြောင်း သူ ပြောပြီး သူ သိလိုသည်တို့ကို မေးသည်။ တကယ်က ကောင်မလေးတို့က တကိုယ်တော် လှုပ်ရှားသူများ။ ချုပ်ကိုင်ထားသည့်သူ မရှိ။ တခုပဲရှိသည်။ သည်အပိုင်က နယ်ထိန်းကိုတော့ တရက် ၅၀၀ ပေးရသည်။ စီမံချက်ရှိ၍ ဖမ်းလျှင်တော့ ကိုယ်ဖြစ်ကိုယ်ခံ။ သည့်နောက်ပိုင်းတွင် မီးသတ်ကိုပါ ပေးပေးနေရသည်ဟု ပြောသည်။ ဒါကိုတော့ သူကောင်းကောင်း သိပါသည်။ သူ့ ဝန်းကျင်ရှိ ဂျပိုးတေလေများ မီးသတ်အဖွဲ့ဝင် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။

''ကိုယ်နဲ့ရင်းလို့ ရတဲ့ ပိုက်ဆံ အကိုရာ။ သူတို့မို့ မျိုရက် ဆို့ရက်တယ်'' ဟု ညည်းပြော ပြောရင်း ကောင်မလေးက စကားကို နိဂုံးချုပ်သည်။ ကောင်မလေး နေတာက ဒဂုံမှာ။ သည်အချိန် ကားရှိသေးလို့လား ဟု သူမေးတော့ သည်ညတော့ မဂိုလမ်းရှိ တည်းခိုခန်းမှာ အိပ်မည်တဲ့။ ထိုသို့ ပြောရင်း ကောင်မလေး၏ အကြည့်က သူ့ဆီ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ ကပျာကရာ မျက်နှာလွှဲရင်း ပိုက်ဆံအိတ်ကို ဖွင့်သည်။ ''ညီမအတွက် မုန့်ဖိုးပါ'' ဟု ဆိုကာ ငွေ ၁၅၀၀ ကို ကောင်မလေး လက်ထဲထည့်ရင်း သူ နှုတ်ဆက်လမ်းခွဲ လိုက်တော့သည်။ 'သဇင်' ဟု ခေါ်သော ကောင်မလေးကတော့ သူ့ ကို နားမလည်သလို ကြည့်နေပေလိမ့်မည်။
------------------------------------

ခပ်လှမ်းလှမ်းမှ တက္ကစီတားနေသော စုံတွဲကို မြင်၍ သူ့ကားကို အရှိန်လျှော့လိုက်သည်။ ဝေဇယန္တာ လမ်းမကြီးပေါ်။ ဆီဈေးတို့ ကြီးမြင့်လာသဖြင့် ခရီးသွားဟန်လွှဲ လမ်းကြုံလျှင် သူ ပရိုက်ဗိတ် တက္ကစီ မောင်းလေ့ရှိသည်။ ''ဘယ်သွားမလဲ အကို'' ဟု သူ မေးတော့ အမျိုးသားထံမှ အသံမထွက်။ အမျိုးသမီးငယ်ဆီမှသာ အသံထွက်လာသည်။ ဝေဇယန္တာလမ်းမကြီး ပေါ်တွင်ပင်ရှိသော နယ်စပ်မြို့လေး တမြို့ အမည်ကို ယူထားသည့် တည်းခိုခန်းသို့။ သူ ဈေးပြောတော့ မဆစ်တော့ဘဲ ကားပေါ်သို့ တက်သည်။ ခရီးက ဘာမျှမဝေး၊ ၅ မိနစ်သာသာ မောင်းရုံနှင့် သူ တည်းခိုခန်းရှေ့သို့ ရောက်သည်။ ''ခဏလေး စောင့်ပေးပါလား ညီလေးရာ၊ အကို အရင်မေးကြည့်မလို့'' ဟု ကားခရှင်းရင်း အမျိုးသားက ပြောတော့ သူ ခေါင်းညိတ်သည်။

သူ့တွင် ဘာမှ အထွေအထူး လုပ်စရာမရှိ။ အမျိုးသမီးငယ်ကပင် ဦးဆောင်၍ တည်းခိုခန်းအတွင်း ဝင်သွားသည်။ သူ အပြင်မှ တည်းခိုခန်းကြီးကို အကဲခတ်ကြည့်တော့ အခန်းတွေက မနည်းမနော။ ရာကျော်လိမ့်မည်ဟု သူထင်သည်။ ၅ မိနစ်မျှအကြာ စောစောက စုံတွဲ ပြန်ထွက်လာသည်။ အခန်းပဲ အဆင်မပြေသည်လား ဘာဖြစ်သည်လဲ … သူ တွေးတောနေမိစဉ်တွင်ပင် အမျိုးသားထံမှ ''အခန်းမကြိုက်လို့ ညီလေးရာ။ ဘယ်သွားရင် ကောင်းမလဲ မသိဘူး'' ဟု စကားသံ ထွက်လာသည်။ အမျိုးသမီးငယ်ကတော့ သည်ကိစ္စတွင် ကျွမ်းကျင်ဟန် ရှိသည်။ သူ့ကို ဘုရင့်နောင်ဘက်ရှိ တည်းခိုခန်းကြီးတခု၏ အမည်ကိုပြောရင်း ဈေးမေးသည်။ သူ ဈေးပြောတော့ အမျိုးသားက မဆစ်တော့ပါ။ သူကလည်း ပုံမှန်ဈေးပဲ ပြောပါသည်။ ကားမောင်းလာရင်း မိုးက ရွာလာသည်။ ဘုရင့်နောင် မီးပွိုင့် မရောက်မီတွင် သူ ဘယ်ဘက်သို့ ချိုးလိုက်သည်။ သည်လမ်းက သူ ကျောင်းသွားတိုင်း မီးပွိုင့်ရှောင်ရန် သုံးနေကျလမ်း။ တည်းခိုခန်း၏ နောက်ဘက်ရှိ ကားပါကင်တွင် သူ ကားရပ်သည်။ မိုးက ပို၍ သည်းလာသည်။ သူ့ကားပေါ်မှ စုံတွဲ ဆင်းသွားသော်လည်း သူ ကားပြန် မထွက်ဖြစ်သေး။ မိုးစဲအောင် ခဏစောင့်ရန် သူ ဆုံးဖြတ်သည်။ ထိုစဉ်မှာပင် ကားပါကင်မှ ဝိတ်တာကလေးက သူ့ထံ ချဉ်းကပ်လာသည်။ သူ့ကို ခရီးသည် လိုက်ပို့သူဟု ထင်ပုံမရ။ ''အကိုကော မတက်တော့ဘူးလား'' ဟုမေးသည်။ သူ ပြုံးရင်း ''ပြန်တော့မှာ'' ဟုပြောတော့ ဝိတ်တာလေးက သူ့အတွက် အဖော် ခေါ်ပေးမည်ဟု ဆိုပြန်သည်။ သူ နည်းနည်း စိတ်ဝင်စားလာသဖြင့် ဝိတ်တာလေးကို အကျိုးအကြောင်းမေးရင်း အခန်းတခန်းယူရန် ဆုံးဖြတ်လိုက်သည်။

၃ နာရီ တဆက်ရှင်။ သူတို့ကတော့ ရှိုးလို့ ခေါ်ကြလေသည်။ ပထမထပ်တွင် သူ အခန်းတခန်း ရသည်။ သူ အခန်းထဲရောက်ပြီး ခဏနေတော့ စောစောက ဝိတ်တာကလေး ပြန်ရောက်လာသည်။ သူ့ဘေးတွင် နတ်သမီးကလေး တဦး။ နတ်သမီးကလေးက အခြား အခန်းတခန်းမှ ကူးလာပုံရသည်။ ပိန်ပိန်သွယ်သွယ်၊ ၁၉-၂၀ အရွယ် ။ ပုံစံ အသွင်အပြင်က ညှိုးရော် နွမ်းလျနေသည်။ သူ့ကို ဟန်လုပ်ပြုံးပြနေသော နတ်သမီးလေးကို ကြည့်ရင်း သူ စောစောက စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။ သူ ဝိတ်တာလေးကို စကားလှအောင် ပြောရင်း နတ်သမီးလေးကို ပြန်လွှတ်လိုက်သည်။ အခန်းကလည်း ယူပြီးပြီ။ ခဏတော့ နေလိုက်ဦးမည်ဟူသော အတွေးနှင့် သူ အခန်းကို စေ့ငုမိသည်။ နှစ်ယောက်အိပ် ကုတင်တလုံး၊ ရေချိုးခန်း အိမ်သာတွဲလျက်၊ တီဗီတလုံးနှင့် တယ်လီဖုန်းလည်း ပါသည်။ အပြင်အဆင် အခင်းအကျင်းက သန့်သန့်ပြန့်ပြန့် တော့ရှိသည်။ သူ တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိသည်နှင့် တီဗီဖွင့်လိုက်သည်။

ချယ်နယ်တို့ကို ဟိုရွှေ့သည်ရွှေ့ လုပ်ရင်း စောစောက ဝိတ်တာလေး ပြောသွားသော ချယ်နယ်ကို သူ တွေ့ရသည်။ ၂၄ နာရီ အပြာကားများ ပြသည့်ချယ်နယ်။ အောက်ထပ်ရှိ စက်ခန်းမှ ခွေထိုးပြနေခြင်း။ သူ ပျင်းပျင်းရိရိနှင့် အိပ်ရာပေါ် လဲလျောင်းရင်း တီဗီကြည့်သည်။ အပြင်ဘက်တွင် မိုးက သည်းသည်းမည်းမည်း ရွာလျက်။ ဗုဒ္ဓဝင်မှ အလွန် ကုံလုံပြည့်စုံသော သူကြွယ်ကြီးတဦး၏ အမည်နာမကို ခံယူထားသည့် တည်းခိုခန်းကြီး တခုလုံး တိတ်ဆိတ်နေသည်။ သူ မှေးခနဲ အိပ်ပျော်သွားသည်။
--------------------------

ည ၈ နာရီ ကျော်ပြီမို့ သိမ်ကြီးဈေး၏ ညက သက်ဝင်လှုပ်ရှားလာသည်။ zero zone မှ လွင့်ပျံလာသော တေးသံများကို သူ အတိုင်းသား ကြားနေရသည်။ သူက မင်္ဂလာရုံ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့ဖခင်ကို ဆေးခန်းလိုက်ပို့ရာ တိုကင်နံပါတ် နောက်ကျသောကြောင့် နောက်တနာရီလောက်တော့ အနည်းဆုံး စောင့်ရပေဦးမည်။ လမ်းတလျှောက်ရှိ ကလပ်များကို သူ အပေါ်စီးမှ ငေးကြည့်နေရင်း ငြီးငွေ့လာသဖြင့် အောက်ဆင်း၍ လက်ဖက်ရည်သောက်ရန် ဆုံးဖြတ်လိုက်သည်။ အောက်ရောက်တော့လည်း ဘယ်မှာထိုင်ရမည်ကို သူ ဝေခွဲမရ။ သိမ်ကြီးဈေးအတိုင်း လျှောက်လာရင်း အနော်ရထာလမ်းနှင့် ဆုံရာ လူကူးတံတား အောက်ရောက်တော့ လက်ဖက်ရည်ဆိုင်ကို တွေ့သည်။ နတ်သမီးကလေးတွေ ထိုင်နေပါလား …။ မင်္ဂလာရုံနှင့် နီးနီးနားနားမှာပဲ ထိုင်တော့မည် ဟူသော အတွေးနှင့် သူ ပြန်လှည့်လာသည်။

သည်လိုနှင့် မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့် လူကူးတံတားအောက်မှ လက်ဖက်ရည် ဆိုင်ကလေးတွင် သူ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးမှ သူ သတိပြုမိလေသည်။ သည်မှာလည်း နတ်သမီးလေးများ။ သူ့ဘေးကပ်လျက် ဝိုင်းတွင် ထိုင်နေကြသည်။ ခဏကြာတော့ တယောက်က သူ့ထံမှ မီးခြစ် လှမ်းတောင်းလေသည်။ ပေးလိုက်တော့ ''ဆေးလိပ်လေးပါ ပေးပါလား'' ဟု နောက်တယောက်က ပြောင်စပ်စပ် ပြောပြန်သည်။ သူ့ဆေးလိပ်ဗူး လှမ်းပေးလိုက်ချိန်မှာပင် အခြားဝိုင်းမှ လူငယ်နှစ်ယောက် ထလာကာ နတ်သမီးကလေးတို့၏ ဝိုင်းတွင် ဝင်ထိုင်လေသည်။ နိုက်လား၊ ရှိုးလား ဟူသော အသံများ၊ တပုလင်းခွဲ နှစ်ပုလင်းဟု တုံ့ပြန်သံများ၊ ခိုးခိုးခစ်ခစ် ရယ်မောသံများ၊ သူ ထဖို့ ဆုံးဖြတ်သည်အထိ သူတို့ ညှိနှိုင်းပွဲ မပြီးဆုံးသေး။ မင်္ဂလာရုံအပေါ်ထပ် ရောက်မှ သူ့ စီးကရက်ဗူး သူ ပြန်သတိရလေသည်။ နတ်သမီးလေးများထံတွင် ကျန်နေခဲ့ပြီ။
---------------------------------------

“ဗိုက်ဆာတယ်ကွာ။ ထမင်းကြော် သွားစားရအောင်“ ဟု သူ့ သူငယ်ချင်းက ပြော၍ နာရီကို သူ လှမ်းကြည့်လိုက်သည်။ ည တချက် ထိုးတော့မည်။ သည်အချိန် ဘယ်သွားမလဲ။ ၁၇ လမ်းသွားဖို့ပဲ ရှိတော့သည်။ သူတို့ ရောက်တော့ ဆိုင်ကလေးက လူရှင်းနေသည်။ သည်ည ဘာဘောလုံးပွဲ မှမရှိ။ သည်အချိန် ထမင်းစားချင်စိတ် မရှိတော့၍ သူကတော့ လက်ဖက်ရည်ပဲ မှာလိုက်သည်။ ဆိုင်တွင် ဝိုင်းက ၃ ဝိုင်းတည်း။ ယောက်ျားလေး ဝိုင်းဆို၍ သူတို့ တဝိုင်းသာ။ ကျန်နှစ်ဝိုင်းတွင်က ကလပ်မှ ပြန်လာသော နတ်သမီးလေးများ။ သည်ဆိုင်ကလေးက ညလုံးပေါက် ဖွင့်သော ဆိုင်ကလေးမို့ သူတို့ ထိုင်နေကြခြင်း ဖြစ်သည်။ တခါတရံ စီမံချက် ရှိလျှင်တော့ နတ်သမီးလေးများက ဗိုလ်ချုပ်လမ်းပေါ်ရှိ အစိုးရ ဝင်းတဝင်းအတွင်း ဖွင့်သော လက်ဖက်ရည်ဆိုင်သို့ ပြောင်းထိုင်တတ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ၁၇ လမ်းက စစ်ကြိုခေတ်က နတ်မိမယ်များ တရားဝင် ပျော်စံရာ ဖြစ်ခဲ့ကြောင်းကိုတော့ ဆရာသော်တာဆွေ ရေးတာ သူ ဖတ်ရဖူးသည်။

နတ်သမီးလေးများကို ကြည့်ရင်း သူ တခု တွေးမိလာ၍ ပြုံးမိသည်။ သူ့ နေ့စဉ်ဘဝတွင် နတ်သမီးလေးများကို မတွေ့ရသည့်နေ့ မရှိ။ နံနက် မိုးလင်းချိန်မှ စတွေ့ လိုက်သည်မှာ ယခု ည တနာရီအထိ တွေ့တုန်း ဖြစ်သည်။ သူ့ ချစ်သူကိုပင်လျှင် သူ နေ့စဉ်မတွေ့၊ တပတ်လုံးလုံး မတွေ့ဖြစ်သည်လည်း ရှိသည်။ နတ်သမီးလေးများကိုတော့ ….. ''ဘာပြုံးတာလဲ'' ဟု မေးသည့် သူ့ သူငယ်ချင်းကို ''ဘာမှ မဟုတ်ပါဘူး'' ဟုသာ သူပြန်ဖြေလိုက်သည်။ ညက တိတ်တိတ်ဆိတ်ဆိတ်၊ ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည် သောက်လိုက်ရသဖြင့် သူ့ မျက်လုံးများ ပြန်ကျယ်လာသည်။ နတ်သမီးလေး တယောက်က သူတို့ နှစ်ယောက်ကို ကြည့်ရင်း အဖော်များအား တစုံတရာ တီးတိုးပြောသည်။ ရယ်သံများ သူကြားရချိန်တွင် လှုပ်ရှား သွားသော စိတ်ကို ဖုံးကွယ်ရန် ရေနွေးတစ်ခွက် ငှဲ့လိုက်ရလေသည်။ ဆေးရုံကြီးဘက်ဆီက ခွေးဟောင်သံ သဲ့သဲ့ကို သူကြားရသည်။ ဆောင်းဝင်လာပြီမို့ ညက တဖြည်းဖြည်း အေးစက်လာလေသည်။

နိုင်ငံခြားမှ ခေတ္တပြန်ရောက် လာသော သူငယ်ချင်းများနှင့် တွေ့ဆုံသည့် ပွဲမို့ သူတို့ဝိုင်းက အတော်ညဥ့် နက်သွားခဲ့သည်။ ဘီယာပုလင်းတို့က အလဲလဲ အပြိုပြို။ ဘယ်ဆက်သွားမလဲဟု အမေရိကားမှ သူငယ်ချင်းကမေး၍ သူ နာရီကို ကြည့်လိုက်တော့ ည တချက်ကျော်ခဲ့ပြီ။ သူတို့ ဘယ်ဆက်သွားမလဲ…။ သူတို့ တဝိုင်းလုံး မူးယစ်ရီဝေလျက်။ ခဏတဖြုတ် အိပ်လို့ရမည့် နေရာတနေရာ…။ လပေါ်သို့ တက်ရန် သူ ဆုံးဖြတ်လိုက်သည်။ လပြည့်ညမို့ လ က ထိန်ထိန်သာ နေလေသည်။

၃၉ လမ်း အထက်လမ်းရှိ တိုက်တတိုက်၏ ငါးလွှာသို့ သူတို့ရောက်တော့ ည တချက်ခွဲ ခဲ့ပြီ။ စန္ဒာငွေလမင်း၏ အမည်ကို အင်္ဂလိပ်လို ရေးသားထားသော ဆိုင်းဘုတ်ဝါဝါ ကလေးကို ကြည့်ရင်း သူ တံခါးခေါက်လိုက်တော့ ဆိုင်ရှင် မနိုင် ကိုယ်တိုင် တံခါးလာဖွင့်လေသည်။ မနိုင် က ယခင်ကတည်းက သူနှင့် သိကျွမ်းသူ။ အရင်ကတော့ အိမ်ပွဲစား၊ အခုတော့လည်း သည်ရေစီးကြောင်းထဲမှာ။ “သားကြီးပါလား။ ဘော်ဒါတွေလည်း ပါတာပဲ။ လာ လာ“ ဟူသော မနိုင် စကားအဆုံးမှာတော့ သူတို့အားလုံး အခန်းထဲ ဝင်လိုက်ကြလေသည်။ အခန်းထဲတွင် ကောင်မလေးတွေက ထိုင်သူထိုင် လှဲသူလှဲလျက်။ ဗီစီဒီခွေ မှ ဟစ်ဟော့သီချင်းကို လိုက်ညည်းသူက ညည်းနေကြသည်။ သည်ည ဧည့်သည် ပါးပုံရသည်။ “ကိုသားကြီး လက်ဖက်သုတ်စားပါဦး“ ဟူသော ကောင်မလေး တယောက်၏ ဖိတ်မန္တကပြုမှုကို သူ ပြုံး၍ ခေါင်းခါရင်း သူ့ သူငယ်ချင်းတွေအတွက် နေရာထိုင်ခင်း စီစဉ်ရသည်။ အခန်း၏ နောက်ဘက်တွင် ရှိနေတာက လူ ၅ ယောက်စာ နှစ်ခန်း။ တခန်းက လုံးလုံးအားနေသည်။ သူတို့အဖွဲ့က လူ ၆ ယောက်မို့ သူ့ သူငယ်ချင်း ၅ ယောက်ကို အခန်းတခန်း ပေးလိုက်သည်။ သူကတော့ နောက်တခန်းထဲ ဝင်ခဲ့လေသည်။

သူ ဝင်လာသည့် အခန်းထဲတွင် အခြား ဧည့်သည် ၄ ယောက်။ သူက အခန်း၏ အလယ်တွင် နေရာရသည်။ တခန်းလုံးက မှောင်မိုက်လျက်။ အိပ်ရာတို့ကို ကြမ်းပြင်ပေါ် ခင်းထားသည်။ အိပ်ရာတခုနှင့် တခုကြားတွင်တော့ ခန်းဆီးပါးကလေးများ ခြားထားသည်။ အိပ်ချင်စိတ်က စိုးမိုးနေသည်မို့ သူ့ကို နှိပ်နေသော ကောင်မလေးကိုပင် သူ ဘာမှမပြောမိ။ သို့သော် သူ ခေါင်းချလိုက်မိစဉ်မှာပင် သူ့ ဘယ်ဘက်ဘေး အိပ်ရာမှ ကောင်မလေး၏ အသံကို သူကြားလိုက်ရသည်။ “ဘာလို့ အများကြီး ယူလာတာလဲ။ တခုဆို တော်ရောပေါ့“ တဲ့။ စကားသံ သဲ့သဲ့ကို သူကြားရပြန်သည်။ ခဏနေတော့ တီးတိုးညည်းညူသံများ။ သည်အသံများနှင့်အတူ ခြေထောက်တဖက်က ခန်းဆီးစကိုကျော်၍ သူ့ အိပ်ရာဘက်ဆီ ရောက်ရှိလာသည်။ သူ ဆက်အိပ်၍ မရတော့။ မှောင်မိုက် လောင်အိုက်နေသော အခန်းထဲတွင် သူ ဇောချွေးပြန်စ ပြုလာသည်။ ခဏအကြာ ညည်းညူသံများ ထပ်ကြားရပြန်သည်။ သည်တခါ သူ့ ညာဘက်က။ သည်းမခံနိုင်တော့သည့်အဆုံး အခန်းထဲမှ ထွက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဆေးလိပ်ဗူးကို နှိုက်သည်။ ဆေးလိပ် မကျန်တော့။ သူ့ သူငယ်ချင်းများ ရှိရာ အခန်းဆီ သူ ကူးခဲ့လေသည်။

သူ့ သူငယ်ချင်းများ အခန်းတွင်တော့ မီးလင်းနေသည်။ သူငယ်ချင်းရှိရာရောက်တော့ ကောင်မလေးနှင့် စကား ပြောနေသည်ကို တွေ့သည်။ သူငယ်ချင်းထံမှ ဆေးလိပ်တလိပ် တောင်းယူရင်း အိမ်ရှေ့ခန်းဘက် သူ ထွက်ခဲ့လေသည်။ ဝရန်တာတွင် ဆေးလိပ်သောက်လိုက်မှ သူ နည်းနည်း နေသာထိုင်သာ ရှိလာသည်။ သည်မှာပင် အနှိပ်ခန်းများအကြောင်း သူ စဉ်းစားမိသည်။ ဟိုယခင်ကတော့ အနှိပ်ခန်းလုပ်ငန်းကို အကြီးအကျယ် လုပ်သည်က ဗိုလ်အောင်ကျော်လမ်း အောက်ဘက်ရှိ ဟိုတယ်ကြီး တခုတွင်။ ထိုစဉ်က ယခုလို နေရာတိုင်းတွင် မရှိသေး။ ပြီးတော့ ယခုလို လိင်ဖျော်ဖြေရေး မပါ။ အနှိပ်ခံရုံ သက်သက်မျှသာ။ အဆင်ပြေလျှင် အပြင်တွင် ချိန်းတွေ့။ သည်မျှလောက်သာ ဖြစ်သည်။

မြို့ထဲတခွင်တွင် အနှိပ်ခန်းများ မှိုလို ပေါက်လာသည်ကတော့ သူ မှတ်မိသလောက် ၂၀၀၅ ခုနှစ်မှ စ၍။ ၂၀၀၅ နှစ်ကုန်ပိုင်းလောက်တွင်တော့ မြို့ထဲရှိလမ်းတိုင်းတွင် အနှိပ်ခန်းများ ပျံ့နှံ့နေခဲ့ပြီ။ မြို့ထဲရှိ လမ်းတလမ်းတွင် အထက်လမ်း၊ အလယ်လမ်းနှင့် အောက်ဆုံးနှစ်လမ်း ဟူ၍ ဘလောက် ၄ ခု ရှိရာ ၄ ခုစလုံးကို သူ ဆိုလိုပါသည်။ ဆိုင်းဘုတ်ဝါဝါ၊ ပြာပြာလေးများ ကိုယ်စီကိုယ်ငှ။ သည်လုပ်ငန်းက များသောအားဖြင့် အထပ်မြင့် ငါးလွှာ ခြောက်လွှာ အခန်းများတွင် လုပ်လေ့လုပ်ထ ရှိသည်။ ထူးထူးခြားခြား ၃၈ လမ်းဈေးမှ ဆိုင်တဆိုင်ကတော့ မြေညီထပ်တွင် ဖွင့်ထားသည်။ ယခင်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဖွင့်ထားသည့်ပုံပင် မရှိတော့။ ပေါ်ပေါ်တင်တင်ပဲ ဖြစ်ပါသည်။ ပြီးတော့ သည်တခါ ထူးခြားသည်က အနှိပ်ခန်းအများမှာ သာမန်မဟုတ်။ လိင်ဖျော်ဖြေရာ ဌာနများ။ လာရောက်သူ အမျိုးသားများအတွက်ကလည်း ဒါက ပိုအဆင်ပြေသည်။ ယခင်ကကဲ့သို့ တကူးတက အမျိုးသမီးအဖော် လိုက်ရှာရန် မလိုတော့။ တည်းခိုခန်းလည်း သွားစရာမလို။ အနှိပ်ခန်း တဆက်ရှင်ခနှင့် နှိပ်ပေးသူ ကောင်မလေးကို မုန့်ဖိုး အနည်းအကျဉ်း ပေးလိုက်ရုံသာ ဖြစ်သည်။

သည်မှာပင် အနှိပ်ခန်းများ နာမည်ကြီးသထက် ကြီးလာသည်။ အနှိပ်ခန်း တခန်းတွင် နတ်သမီးလေးများက အနည်းဆုံး ၁၀ ယောက်ဝန်းကျင်တော့ ရှိတတ်သည်။ သြော် … မြေပေါ်သို့ မသက်သည့် ဘုံခုနစ်ဆင့် တိမ်ယံငွေနန်းမှ နတ်သမီးကလေးများ …..။ သူ အိမ်ပြန်ချင်ပြီမို့ အတွေးကို ဖြတ်ရင်း အခန်းထဲ ပြန်ဝင်ခဲ့သည်။ “သူတို့က နတ်တွေလေ အငွေ့ပဲစားတာ“ သူ့ကို ခုနက နှိပ်သည့် နတ်သမီးလေးက မကြားတကြား လှမ်းစလေသည်။ ''သည်မှာတော့ နတ်ဖြစ်တာပဲ ကောင်းပါတယ် ကောင်မလေးရယ်'' … သူ့စိတ်ထဲမှ ပြန်ပြောရင်း သူငယ်ချင်းများထံ ပြန်သွားသည်။ သူနှင့် လိုက်ပြန်မည့်သူ သိပ်မရှိ။ ကျန်သူငယ်ချင်းများက ညအိပ်ကြလိမ့်မည်။ မနိုင် ကို နှုတ်ဆက်ပြီး လပေါ်မှ မြေပေါ် ပြန်ရောက်တော့ မနက် ၃ နာရီ။ လ က သာမြဲ သာနေပါသည်။
--------------------------------

သူ စစ်တမ်းကောက်ပြီး ၃-၄ လ အကြာတွင် ကားဝပ်ရှော့တခု၌ အင်ဂျီအို အဖွဲ့တခုမှ ဝန်ထမ်းတယောက်နှင့် သွားဆုံသည်။ ကွန်ဒွန်များ ဝေငှနေခြင်း။ သူ့ကို ကမ်းပေးလိုက်သော လက်ကမ်းစာရွက်လေးကို ကြည့်ရင်း အေအိုင်ဒီအက်စ် ဖြစ်ပွားသူဦးရေ သူ့ နိုင်ငံတွင် မည်၍မည်မျှ ရှိသည်ကို သူ စုံစမ်းမိသည်။ အစိုးရ ထုတ်ပြန်ထားသော စာရင်းက ၃၈၅၀၀၀။ သို့သော် သူသိလိုသည်က တကယ့် အစစ်အမှန်။
-------------------------------

“ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း” သူ ငယ်ငယ်က ဝှက်ခဲ့သော စကားထာ ကလေးကို သူ ပြန်သတိရသည်။ “ရေလယ်ခေါင် သောင်ထွန်း” တဲ့ ။ သည်စကားထာလေးကို သူ နေ့စဉ် မြင်တွေ့နေရသော နတ်သမီးလေးများနှင့် သူ ထင်ကြည့်ဟပ်ကြည့်သည်။ သူ နေထိုင်ရာ မြို့လယ်ခေါင်သည် သောင်တခု ဖြစ်ခဲ့ပြီလား …. အခြားနေရာများထက်တော့ သောင်သောင်သာသာ ရှိ၍ နတ်သမီးလေးများ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နတ်သမီးလေးများအတွက် ဘဝလှိုင်းတံပိုးများ အကြားတွင် မနစ်မြုပ်ရန် ယာယီဖြစ်စေ ခေတ္တရပ်တည် နေရသည့်သောင်။ သည်သောင်ကကော ဘယ်လောက်ကြာကြာ ခံမည်လဲ ….။ တကယ်က သူတို့အားလုံးက သည်ခေတ်၊ သည်စနစ်၏ သားကောင်များ …

သူကကော …. သည်ခေတ်ကို ပြောင်းနိုင်ရန် သူ့တာ သူ့ဝန်ကို ဘယ်၍ဘယ်မျှ ထမ်းရွက်ခဲ့ပြီလဲ …..။ သူ စဉ်းစားရင်း ခေါင်းတို့ နောက်ကျိ ရီဝေလာသည်။ နတ်သမီးလေးများက သည်ခေတ် သည်စနစ်၏ ပြယုဂ်တခု၊ သူ့ပြည်သူ့ရွာ၏ ရုပ်ပုံလွှာတချပ် ဖြစ်နေသည်။ သည်ပန်းချီကားက စုတ်ချက် ကြမ်းလှပါလား။ သည်လိုပဲ သူ ခံစားမိသည်။ နတ်သမီးလေးများအတွက် အနာဂတ်ဟူသည် မရှိ။ မနက်ဖြန် ဆိုသည်မရှိ။ “အကိုကသာ ကွန်ဒွန် သုံးရဲ့လား မေးနေတာ။ တချို့ဖောက်သည်တွေက သုံးချင်တာ မဟုတ်ဘူး။ ညီမတို့လည်း ဘာတတ်နိုင်မှာလဲ။ မျက်စိ မှိတ်လိုက်ရတာပဲ” ကောင်မလေး၏ စကားသံက သူ့ထံ ပဲ့တင်ပြန်လာသည်။ သည်ခေတ် သည်စနစ်ကြီးအတွက် ပေးလိုက်ရသည့် တန်ဖိုးက မနည်းပါလား စိတ်ကူးယဉ်သည်ဟုပဲဆိုဆို …… သူ တင်စားခေါ်ဝေါ် မိခဲ့သော နတ်သမီးလေးများကို နောင်ဘဝတွင်တော့ တကယ့် နတ်သမီးကလေးများ သူ ဖြစ်စေလိုလှသည်။ နတ်တို့တွင် အစာနှင့် နေစရာ ရှာရန် မလိုအပ်ဟု သူ ဖတ်ဖူးမှတ်ဖူးခဲ့သောကြောင့် ဖြစ်ပါသည်။ ။

A

B

C

The Kitchen မီးဖိုချောင်