Monday, May 18, 2009

သင်တို့ အဆင်သင့် ဖြစ်ကြပြီလား …


သင်တို့ အဆင်သင့် ဖြစ်ကြပြီလား …
လမ်းပေါ်က မြန်မာပြည်သား

အခုတလော တိုက်ပွဲခေါ်သံတွေ ကြားနေရပါတယ်။ အမေရိကန်နိုင်ငံသား ယက်ထောတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ရေကူးသွားတဲ့ ကိစ္စကစလို့၊ နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူမှုတွေ ပြုလုပ်လာပြီး၊ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေရဲ့ တိုက်ပွဲခေါ်သံတွေ ကြားနေရပါတယ်။

လူစုစုတွေ့ရင် ပစ်ခတ်တတ်တဲ့ မြန်မာနိုင်ငံ စစ်အစိုးရလက်အောက်မှာနေရတဲ့ သူတွေအတွက်တော့ ဆန္ဒပြတယ် ဆိုတာ အသက်နဲ့ မိသားစုကို ရင်းပြီးလုပ်ရတဲ့ အလုပ်တစ်ခုပါ။

မြန်မာနိုင်ငံ မှာ ၁၉၆၂ခု စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကြီးမားသော ဆန္ဒပြပွဲပေါင်း ၁၀ခု ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အသက်ပေါင်း သောင်းချီပြီး ဆုံရှုံးခဲ့ရပါပြီ။ နောက်ထပ်လဲ အသက်ပေါင်း မြောက်များစွာနဲ့ ရင်းပြီး စစ်အုပ်စုကို တိုက်ကြရအုံးမှာပါ။

အမှားတွေကို သင်ခန်းစာ မယူရင် အမှားတွေကို ဆက်တိုက်ကျုးလွန်နေကြမှာပါ။ ရှေ့ပိုင်းက ဆန္ဒပြပွဲတွေကို မသိ၊ မမီလိုက်လို့ မပြောလိုပေမဲ့၊ ၁၉၈၈ နဲ့ ၂၀၀၇ ဆန္ဒပြပွဲ နှစ်ခုကိုပဲ ပြောကြရအောင်ပါ။

စစ်အစိုးရဆိုတာ အာဏာရူးနေတဲ့လူတွေ ဖြစ်လို့ အာဏာဆုပ်ကိုင်ဖို့ကို ဖြစ်တဲ့နည်းနဲ့ လုပ်မှာပါ။ သူတို့လက်ထဲက အာဏာကို ရအောင်ယူရမှာက အတိုက်အခံတွေရဲ့ တာဝန်ပါ။ “အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူး” ဆိုသလို - စစ်အစိုးရဟာလဲ အာဏာကို ဖြစ်တဲ့နည်းနဲ့ ဆုပ်ကိုင်မယ် ဆိုတာ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်း နဲ့ ၂၀၀၈ နာဂစ်မှာ ပြသခဲ့ပြီးပါပြီ။

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးအခင်းမှာ မြန်မာတနိုင်ငံလုံး အစိုးရယန္တရား ရပ်ဆိုင်းသွားပါတယ်။ ရက်ပေါင်း ၄၀ ခန့် အစိုးရယန္တရားရပ်ဆိုင်းပြီး ပြည်သူအများက မထောက်ခံတော့ပေမယ့် အစိုးရယန္တရားကို လွဲပြောင်းယူမယ့် အတိုက်အခံအဖွဲ့အစည်း မရှိခဲ့ပါဘူး။ နောက်ဆုံးတော့ သိတဲ့အတိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အစိုးရယန္တရားဟာ အကြာကြီးရပ်ဆိုင်းသွားလို့ မရပါဘူး။ နိုင်ငံတော် ငွေကြေးစနစ်၊ ဘဏ်လုပ်ငန်း၊ လုံခြုံရေး၊ ကုန်တင်ပို့မှုစတာတွေဟာ ရပ်ဆိုင်းထားလို့ မရတဲ့ ကိစ္စတွေပါ။ ဘာနဲ့တူသလဲဆိုရင် လူတယောက်အတွက် အစားအစာ၊ ရေနဲ့ သန့်ရှင်းရေးလိုပါပဲ။ ထမင်း(သို့) ပေါင်မုန့်၊ သောက်ရေနဲ့ အညစ်အကြေးစွန့်မှု မရှိရင် လူတယောက်ဟာ အသက်မရှင်နိုင်ပါဘူး။

၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့ဆန္ဒပြပွဲတုန်းကလဲ အစိုးရယန္တရားဟာ ရပ်ဆိုင်းလုနီးပါး ပါပဲ။ နေပြည်တော်မှာ အစိုးရ သွားထားလို့ အစိုးရယန္တရားဟာ နေပြည်တော် ရောက်မသွားပါဘူး။ နိုင်ငံတကာ လေဆိပ်၊ အဓိကကုန်စည်စီးဆင်းမှု၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေးစတာတွေက ရန်ကုန်မှာပါ။ ရန်ကုန်မှာ လှုပ်ရှားလို့ မရတော့ရင် ဘယ်လောက်ပဲ နေပြည်တော်က အမိန့်တွေ ပေးနေပါစေ အလကားပါပဲ။ ဒီအချိန်မှာလည်း အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။ ရဟန်းရှင်လူ၊ ပြည်သူတွေ သေခဲ့ရပါတယ်။

၂၀၀၈ ခုနှစ် မေလ-နာဂစ်မုန်တိုင်းအပြီးမှာ မြန်မာနိုင်ငံ အောက်ပိုင်းတခုလုံး အစိုးရယန္တရား ရပ်ဆိုင်းသွားပါတယ်။ နိုင်ငံရေးသမားတွေက မုန်တိုင်းကယ်ဆယ်ရေးဘက် ရောက်နေပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ကယ်ဆယ်နိုင်ရင် လူ ၂ - ၃ သန်းပါ။ ကျန်တဲ့ သန်း ၅၀ သော ပြည်သူတွေကို မေ့ထားလို့မရပါဘူး။ ဘာနဲ့တူသလဲ ဆိုရင် လူတယောက်မှာ ပါးစပ်ဟာ ထမင်းစားဖို့ပါ၊ စအိုဟာ အညစ်အကြေး စွန့်ဖို့ပါ။ ပါးစပ်ဟာ အရေးကြီးသလို စအိုဟာလဲ အရေးကြီးပါတယ်။ ဘယ်ဟာအရေးကြီးသလဲ ဆိုရင် ဘယ်ဟာမှ မပိုသလို၊ ဘယ်ဟာမှလဲ မ‌လျော့ပါဘူး။ အညစ်အကြေးစွန့်တာ အရေးကြီးလို့ ဆိုပြီး၊ ပါးစပ်က လိုက်ပြီး အညစ်အကြေးစွန့်လို့ မရပါဘူး။

အဲဒီတော့ ဖြစ်သင့်တာက မုန်တိုင်းအပြီး(ပြီးပြီးချင်း)စစ်အစိုးရယန္တရား ရပ်ဆိုင်းတဲ့ နေရာတွေမှာ အာဏာရယူလိုက်ရင်၊ ရန်ကုန်က လေဆိပ်နဲ့ သဘောင်္ဆိပ်ကို စီးထားလိုက်ရင် နိုင်ငံတကာက အကူအညီနဲ့ အမေရိကန်စစ်တပ် ကယ်ဆယ်ရေးအဖွဲ့တွေကို လက်ခံပြီး၊ ဒီထက်ပိုတဲ့ ကယ်ဆယ်ရေးတွေ လုပ်ရင်း စစ်အစိုးရကို ပြုတ်ကျအောင် “လုပ်နိုင်ကောင်း လုပ်နိုင်” ခဲ့မှာပါ။

စစ်အစိုးရက ဒါကို သဘောပေါက်တော့ ကယ်ဆယ်ရေးအရင် သူ့ အာဏာတည်မြဲရေးကို လုပ်ပါတယ်။ ပြည်ပကို ပိတ်ဆို့ထားတာ၊ စစ်တပ်တွေကို စုစည်းတာ၊ စစ်အုပ်စုအခြေခံဥပဒေကို အတည်ပြုတာ စသည်တို့တွေ ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချဖို့ ကြိုးစားတာနဲ့ပတ်သက်ပြီး တိုက်ပွဲခေါ်သံတွေ ကြားနေရပါတယ်။ ပြည်သူလူထုတွေက သတ္တိမရှိဘူး ဆိုပြီး ပြောနေတဲ့ နိုင်ငံရေး သမားတွေဆီက အသံတွေလည်း ကြားနေရပါတယ်။ ပြည်သူလူထုတွေက ထောင်သောင်းချီ “သေပြ” ခဲ့ပြီးပါပြီ။

သင်တို့ကော စစ်အစိုးရဆီက အာဏာ ရယူဖို့ အသင့် ဖြစ်ကြပါပြီလား … ။ ။

http://moemaka.com/

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်