Monday, March 7, 2011

တပ်ပေါင်းစုများကို လေ့လာခြင်း

တပ်ပေါင်းစုများကို လေ့လာခြင်း
ထွန်းအောင်ကျော်

တပ်ပေါင်းစုကြီးဖွဲ့ပြီး ၎င်းတပ်ပေါင်းစုထဲမှ တပ်ပေါင်းစုလေး ထပ်ဖွဲ့ပြီးထားခြင်းသည် ထိရောက်မှုထက် လုပ်ငန်းရှုပ်ထွေးမှု၊ အုပ်စုဖွဲ့မှု လုပ်ရပ်များဖြစ်ကြောင်း ထင်ရှားစွာ မြင်ရမည်ဖြစ်သည်။ တော်လှန်ရေးစကားဖြင့် ပြောလျှင် အိမ်ကြီးထဲတွင် အိမ်ငယ်ဆောက်သည့် သဘော၊ မလုပ်သင့်သည့် သဘောဟု မြင်သည်။

မြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် ပြည်သူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ဒီမိုကရေစီအင်အားစုများ ပူးပေါင်း၍ တပ်ပေါင်းစုများဖွဲ့ပြီးရင်း ဖွဲ့ခြင်း ဖြင့် ဒီမိုကရေစီ ရရှိမလာဘဲ တပ်ပေါင်းစုများသာ မှိုလိုပေါက်လာခဲ့သည်ကို ဘာလုပ်သင့်သလဲဆိုသည့် ဆောင်းပါးတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

တချို့က တပ်ပေါင်းစုတခုတည်း ဖြစ်သည်ကို လိုလားပါသည်၊ သို့ရာတွင်မဖြစ်နိုင်၊ ဘယ်သူကမှ သူတို့ တပ်ပေါင်းစုများကို ဖျက်လိမ့်မည်မဟုတ်ဟု စောဒကတက်ကြသည်။ ဖြစ်စေချင်သည်၊ သို့ရာတွင် မဖြစ်နိုင်ဟု လက်လျော့ချင်ကြသည်။ ထို့ကြောင့် တပ်ပေါင်းစု မှိုလိုပေါက်နေသည့် ဇစ်မြစ်ကို တင်ပြ၍ ထိုတပ်ပေါင်းစုများကို ဘယ်သို့ ချုံ့ပစ်နိုင်သည်ကို တင်ပြဆွေးနွေးရန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

လွတ်မြောက်နယ်မြေတွင် NDF (National Democratic Front) အမျိုးသား ဒီမိုကရက်တစ်တပ်ပေါင်းစုကို မေလ ၁၂ ရက်နေ့၊ ၁၉၇၆ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၉) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောဘသင်စိန်၊ ဒုဥက္ကဋ္ဌအဖြစ် ခိုင်စိုး၊ နိုင်အောင်၊ အထွေထွေအတွင်းရေးမှူး ဇင်ကျုံးနှင့် ဗဟိုအလုပ်အမှုဆောင် (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

NDF အဖွဲ့ဝင် အဖွဲ့အစည်းများမှာ

(၁) ရခိုင်လွတ်မြောက်ရေးပါတီ (ALP) Arakan Liberation Party

(၂) ချင်းအမျိုးသားတပ်ဦး (CNF) Chin National Front

(၃) လားဟူဒီမိုကရက်တစ်တပ်ဦး (LDF) Lahu Democratic Front

(၄) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) Pa Laung State Liberation Font

(၅) ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO) Pao People Liberation Organization

(၆) ဝအမျိုးသားအဖွဲ့ (WNO) Wa National Organization

(၇) မွန်ပြည်သစ်ပါတီ (NMSP) New Mon State Party

(၈) ကယန်းပြည်သစ်လွတ်မြောက်ရေးတပ် (KNLP) Kayan Newland Party

(၉) ကရင်အမျိုးသားအစည်းအရုံး (KNU) Karen National Union တို့ ဖြစ်ပါသည်။

မြန်မာပြည် ဒီမိုကရကစ်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒ.မခ) Democratic Alliance of Burma (DAB) ကို ရှစ်လေးလုံး အရေးအခင်းပြီး မဒတ (NDF) မှ ကြီးမှူး၍ တောတွင်းသို့ ထွက်လာကြသော ကျောင်းသားများကို စုစည်းကူညီ၍ ကျောင်းသား ညီလာခံကြီးကို နိုဝင်ဘာလ (၁) ရက်နေ့ မှစ၍ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ထို့ကြောင့် နိုဝင်ဘာလ ၅ ရက်၊ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Student’s Democratic Front (ABSDF) ကို မွေးဖွားခဲ့ပါသည်။ ABSDF ပေါ်ပေါက်လာခြင်းနှင့် ၎င်းကျောင်းသားအင်အားစုများ NDF နှင့် ပေါင်းစပ်နိုင်ရန်အတွက် ABSDF ဖွဲ့ပြီး ဆယ့်သုံးရက်အကြာတွင် ရေကျော် (ခရက်ဒေး)စခန်း၌ နိုဝင်ဘာလ ၁၈ ရက် ၁၉၈၈ ခုနှစ်တွင် NDF ကိုယ်စားလှယ်များ၊ ABSDF ကျောင်းသား ခေါင်းဆောင်များ၊ မြန်မာပြည် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ဦးစီးကော်မီတီ (CRDB) ကိုယ်စားလှယ်များ၊ Over Sea Burmese Liberation Front (OBLF), Over Sea Karen Organization အဝေးရောက် ကရင်အစည်းအရုံး (OKO), All Burma Young Monk Union မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ (ABYMU), People’s Liberation Front ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF), People’s Patriotic Party ပြည်သူ့ပြည်ချစ်ပါတီ (PPP), Muslim Liberation Organization Burma မြန်မာနိုင်ငံ မွတ်စလင်လွတ်မြောက်ရေးအဖွဲ့(MLOB), All Burma Muslim Union (ABMU), General Strike Committee (GSE) တို့ဖြင့် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ကို ဖွဲ့စည်းခဲ့ကြပါသည်။

DAB သည် NDF ကို ကျောင်းသားအဖွဲ့၊ မြန်မာဒီမိုကရေစီအင်အားစုများ, ရဟန်းပျိုအဖွဲ့စသည့်အဖွဲ့ (၁၀) ဖွဲ့ ထပ်ပေါင်း၍ ဖြစ်လာသည့် ပိုမိုကြီးမားသည့် တပ်ပေါင်းစုဖြစ်လာသော်လည်း မူလ တပ်ပေါင်းစုNDF သည် ရှိမြဲရှိနေခဲ့သည်။

လွတ်တော်ကိုယ်စားလှယ်များ နယ်စပ်သို့ ထွက်ပြေးလာကြပြီးအနောက် NCGUB ဖွဲ့စည်းပြီးသည့်အခါ NLD အဖွဲ့ဝင်များလည်း တသဲသဲ ထွက်လာခဲ့ကြသဖြင့် NLD (LA) ကို ဖွဲ့စည်းခဲ့ပြန်ပါသည်။ လွှတ်တော်အမတ်မင်းများ NCGUB ဖွဲ့ပြီး နောက်နှစ်အတော်ကြာတွင် ထပ်ထွက်လာကြရာ၌ တိုင်းရင်းသားပါတီမှ အမတ်များပါ ပါဝင်လာခဲ့ပြီး အမတ်ဦးရေ (၃၀) ကျော်ခန့် ရှိလာခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို ဖွဲ့စည်းကြပြန်သည်။

DAB တွင် NLD (LA) ပါတီက မဝင်ဘဲနှင့် ဒေါက်လေးထောက်စံနစ်ကို ကြွေးကြော်ကြပြီး NCUB ကို ဖွဲ့စည်းကြပြန်သည်။ NCUB တွင် NDF, DAB, MPU နှင့် NLD (LA) တို့ ပါဝင်သည်။

နောက်ပိုင်း DAB တွင် ဝင်လာခဲ့သည် အဖွဲ့ဝင်သစ်များမှာ-

(၁) ပြည်သူ့တိုးတက်ရေးပါတီ (People Progressive Front) PPF

(၂) ပြည်သူ့ကာကွယ်ရေးတပ် (People’s Defense Force) PDF

(၃) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (Democratic Party for New Society) DPNS

(၄) ရခိုင်ဒီမိုကရက်တစ်ပါတီ (Democratic Party of Arakan) DPA

(၅) ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy) ALD

(၆) နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (Naga NLD)

(၇) မြိတ်ထားဝယ် ညီညွတ်ရေးတပ်ဦး (MDUF)

(၈) ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအင်အားစု (NDD)

(၉) မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (FTUB) တို့ဖြစ်သည်။

DAB တွင် စုစုပေါင်းအဖွဲ့ဝင် (၂၅) ဖွဲ့ ရှိလာခဲ့သည်။ ပထမတွေ့မြင်သည့်အချက်မှာ တိုင်းရင်းသား နိုင်ငံရေးပါတီများ လူ့ဘောင်သစ် ပါတီတို့ DAB တွင် အဖွဲ့ဝင် အဖြစ် ဝင်ကြသော်လည်း NLD ပါတီ လွက်မြောက်နယ်မြေမှာ မဝင်ဘဲ သီးသန့် ရပ်တည်နေခြင်းသည် အဓိပ္ပါယ်မရှိ ဖြစ်နေသည်။ အခွင့်ထူး ခံယူထားသည်ဟု ပြတ်သားစွာမြင်သည်။ ပါတီကြီးသည် ငယ်သည်မရှိ၊ တန်းတူအခွင့်အရေး ရှိရမည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲဝင်နိုင်ထားသည့် ပါတီဖြစ်သည့်အတွက် တောတွင်းရောက်သည့်အခါ တပ်ပေါင်းစုထဲသို့ မဝင်ဘဲ သီးခြားရပ်ပြီး NCUB ဖွဲသည့်အခါ ဒေါက်တိုက်ကြီး တခုအဖြစ် ပါဝင်သည်မှာ အကြည့်ရဆိုးလှပါသည်။ မဖြစ်သင့်ပါ၊ ဒါကတချက်။

NCUB ဖွဲ့စည်းခြင်း အခြေခံအင်အားစုများ-

NCUB= DAB+ NLD (LA)+ MPU ကို တွေ့ရမည်ဖြစ်သည်။

NDF တွင် တိုင်းရင်းသား လက်နက်ကိုင် (၉) ဖွဲ့ရှိသည်။

DAB= NDF (၉) ဖွဲ့+ ၁၈ ဖွဲ့= ၂၇ ဖွဲ့

NCUB= NDF(၉) ဖွဲ့ + ၁၈ ဖွဲ့+ NLD (LA) + MUP= ၂၉ ဖွဲ့ရှိသည်။

နောက်ဆုံး ပေါ်ပေါက်လာတဲ့ တပ်ပေါင်းစုကတော့ ဘော်ချက်ဖို့ လုပ်ထားသည့် တပ်ပေါင်းဟု မြင်ပါသည်။ နောက်ဆုံးပေါ် 7 Alliances ဆိုသည်မှာ-

NCUB+ NCGUB+ ENC+ WLB+ FDB+ NYF+ SYCB အဖွဲ့များ ပေါင်းထားခြင်းဖြစ်ကြောင်း ဟိတ်ဟန်ထုတ်ထားသော်လည်း အနှစ်သာရမှာ NCUB အား (၆) ဖွဲ့နှင့် ထပ်ပေါင်းထားခြင်းဖြစ်သဖြင့် NCUB ထက် ပိုမိုကြီးသယောင် ထင်ရပေသည်။ သေသေချာချာလေ့လာလျှင် NCGUB သည် NCUB တွင် ပါဝင်သည့် MPU မှ ဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သဖြင့် NCUB အဝန်းအဝိုင်းတွင်းပင် ရှိသည်။ ထို့အပြင် ENC သည် ဟန်ညောင်ရွှေမှ ဦးစီးပြီး ဥရောပမှ ထောက်ပံ့ငွေဖြင့် ၂၀၀၁ ခုနှစ် သြဂုတ်လတွင် ထူထောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ ENC တွင် ပါဝင်သော အဖွဲ့အစည်းများသည် တော်လှန်ရေးအဖွဲ့အစည်းများ (NDF)၏ လက်ခွဲအဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

တချို့ ပြည်ပရောက် တိုင်းရင်းသားမျာကို ငွေကြေးထောက်ပံ့ပြီး တိုင်းရင်းသားအဖွဲ့များ ဖွဲ့ခိုင်းခြင်းဖြင့် တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုသယောင် ဟန်ပြထားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ENC သည် တိုင်းရင်းသားခေါင်းဆောင်တချို့နှင့် ပြည်ပရောက်တိုင်းရင်းသား ပညာတတ်များကို တိုင်းရင်းသားအမည်ခံ အဖွဲ့အစည်းများအဖြစ် ငွေပေးစည်းရုံး ဖွဲ့စည်းထားသည့် အဖွဲ့သက်သက်သာ ဖြစ်သည်။ ENC အဖွဲ့ဝင်များ၏ နာမည်ကို ကြည့်လျှင်ပင် အကြံအဖန် ငွေရှိ၍ ဖွဲ့စည်းထားကြောင်း တွေ့ရမည် ဖြစ်သည်။ Arakan National Council, Chin National Council, Kachin National Organization, Karen State Coordinating Body, Karenni State Coordinating Body, Mon State Coordinating Body, Shan State Representative Council ဆိုသည့် နံမည်များသည် တိုင်းရင်းသားလူမျိုး အမည်သာ ကွဲသွားပြီး အဖွဲ့အစည်းများ ပုံသဏ္ဍာန်အမည်ကအစ ဆင်တူ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

ဟန်ညောင်ရွှေက ငွေထုပ်ပိုက်၍ (ENC) ကြီးကြပ်စီစဉ် ချထားဖွဲ့စည်းပေးလိုက်ခြင်း ဖြစ်သည်။ Women’s League of Burma သည်လည်း တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ အမျိုးသမီးများကို ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။ ဥပမာ KNU အဖွဲ့အစည်းမှ KWO သည် ပင်မ KNU အဖွဲ့ခွဲပင်ဖြစ်သည်။ WLB အဖွဲ့ဝင်အများစုမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများမှ အမျိုးသမီးများဖြစ်ကြသည်။ WLB အနေနှင့် DAB သို့ဝင်သင့်သည်။

FDB Forum for Democracy in Burma (FDB) သည် ABFSU- FAC, ABSDF, BWU, DPNS, NDD, PDF, YCOWA နှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ပုဂ္ဂလိကများ ပါဝင်သည်ဟု ဆိုထားပါသည်။ FDBသည် အဖွဲ့မဟုတ် ဖိုရမ်ဖြစ်သည်။ FDB ဖိုရမ်တွင် တက်ရောက်သူများသည် DAB အဖွဲ့ဝင်အများစု ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ဖိုရမ်ကို အဖွဲ့အမည်ခံ၍ 7 Alliance အဖွဲ့ထဲ ထည့်ထားခြင်းသည် ရိုးသားခြင်းမရှိဟု မြင်သည်။

တပ်ပေါင်းစုကြီးဖွဲ့ပြီး ၎င်းတပ်ပေါင်းစုထဲမှ တပ်ပေါင်းစုလေး ထပ်ဖွဲ့ပြီးထားခြင်းသည် ထိရောက်မှုထက် လုပ်ငန်းရှုပ်ထွေးမှု၊ အုပ်စုဖွဲ့မှု လုပ်ရပ်များဖြစ်ကြောင်း ထင်ရှားစွာ မြင်ရမည်ဖြစ်သည်။ တော်လှန်ရေးစကားဖြင့် ပြောလျှင် အိမ်ကြီးထဲတွင် အိမ်ငယ်ဆောက်သည့်သဘော၊ မလုပ်သင့်သည့် သဘောဟုမြင်သည်။

တပ်ပေါင်းစု တစုတည်း ဘာကြောင့် မလုပ်နိုင်သနည်း? တပ်ပေါင်းစုအတွင်းမှာ ငါတို့အုပ်စုဖွဲ့၍ လူလယ်ကျရန်လား? တပ်ပေါင်းစုကို ညီညွတ်စွာ ဝိုင်းဝန်းလုပ်ဆောင်ရင်း ညီညွတ်ရေး တည်ဆောက်ရန်လား? မေးကြဘို့ အချိန်ရောက်ပြီ။ FDB သည် လူလယ်ကျပြီး တပ်ပေါင်းစုကြီးကို အားနည်းစေရန် ဦးတည်ထားသည်ဟု သုံးသပ်သည်။ ညီညွတ်ရေးကို ရှေးရှုသော လုပ်ရပ်မဟုတ်ဟု မြင်သည်။ အားလုံးတွဲလုပ်ကြဘို့ထက် အုပ်စုဖွဲ့ပြီး ခွဲလုပ်ဘို့ ကိုယ့်မြင်းကိုယ်စိုင်းကြဘို့ စီစဉ်လုပ်ဆောင်မှုဟု မြင်သည်။

FDB ကို ဦးဆောင်နေသူမှာ NDD ဖြစ်သည်။ NDD ကိုကြည့်လျှင် ABSDF မှ ခွဲထွက်၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ ABSDF ၏ ဦးဆောင်မှု ဗဟိုကော်မီတီ တခုလုံးနီးပါး နှုတ်ထွက်၍ လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်တော့ဟု စွန့်လွှတ်ထူထောင်ခဲ့သော အဖွဲ့ဖြစ်သည်။ ABSDF ကို ဦးဆောင်နေသော ဗဟိုကော်မီတီ တခုလုံးက NDD အသွင်ပြောင်းပြီး ရဲဘော်များကို ငါတို့နောက်မလိုက်ရင် မင်းတို့ ၆ လခံရင် ကံကောင်းဟု ခွဲထွက်သွားသည့်သူများ ဖြစ်သည်။

ABSDF ကို သံယောဇဉ်ထားဘို့ မဆိုထားနှင့် ABSDF အဖွဲ့အစည်းကြီး ပျက်စီးရာ ပျက်စီးကြောင်းကို အဓိက လုပ်ဆောင်ခဲ့သည်မှာ NDD ပင် ဖြစ်သည်။ ABSDF အဖွဲ့အစည်း ခေါင်းဆောင်များဘဝမှ လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်၍ ထွက်သွားပြီး တစင်ထောင်ခြင်းကို မပြောလိုပါ။ အစကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်၍ ဝင်လာကြသူများ မဟုတ်ခြင်းကို ၎င်းတို့လုပ်ရပ်က သက်သေပြခဲ့ပြီး ဖြစ်သည်။

ဆိုးဝါးသည်က ABSDF အတွက် ရရှိထားသည့် ရုံးသုံးပစ္စည်း Computer များကအစ၊ အဆုံးသယ်ယူဘို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သံလွင်စခန်း တပ်ရင်းမှူး သိန်းဆန်း ယနေ့ မဲဆောက်မြို့တွင် ရှိနေပါသေးသည်။ သိန်းဆန်းမှ တယ်လီဖုန်းဆက် အကူအညီတောင်းသဖြင့် ထိုကိစ္စကို လုံးဝလက်မခံနိုင်ကြောင်း အင်တာနက်မှ ရေးသား ကန့်ကွက်ခဲ့သဖြင့် Computer တဝက် ခွဲယူသွားခဲ့ခြင်း ခံခဲ့ရပါသည်။

အမှန်စင်စစ် ABSDF အတွက် ပေးထားသော ပစ္စည်းများသည် NDD နှင့် လုံးဝ မဆိုင်ပါ။ ထို NDD သည် FDB ကို ဦးဆောင်ပြီး တပ်ပေါင်းစုထဲတွင် နောက်ထပ် တပ်ပေါင်းစုတခု ထပ်ဖွဲ့ခြင်းသည် စေတနာမှန် မမှန် စဉ်းစားဘို့လိုကြောင်း တင်ပြလိုက်ပါသည်။

လူငယ်အဖွဲ့အစည်းများ ပါဝင်သော Youth လူငယ်တွေ့ဆုံဆွေးနွေးပွဲ ဖိုရမ်ကိုလည်း အဖွဲ့အစည်းတခု အသွင်အဖြစ် FDB ထဲတွင် ထည့်သွင်းထားခဲ့သည်။ သတိမထားမိပါက အဖွဲ့အစည်းများသဖွယ် ထင်ယောင်ထင်မှား ဖြစ်နိုင်ချေရှိသည်။ အဓိကပညာပြချက်မှာ တပ်ပေါင်းစုထဲတွင် အုပ်စုဖွဲ့ချယ်လှယ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးအရ အမြတ်ထုတ်ရန် မရိုးသားသော ကြိုးစားအားထုတ်မှုပင်ဖြစ်သည်။

အချုပ်အားဖြင့် 7 Alliance သည် Proposal နိုင်ငံရေးအတွက် တီထွင်ဖန်တီးချက်တခုသာ ဖြစ်သည်။ တပ်ပေါင်းစုများ မှိုလိုပေါက်လာခြင်းကြောင့် ထိုတပ်ပေါင်းစုများအောက်တွင် “ပြည်တွင်းလှုပ်ရှားမှု” လုပ်ငန်းများအတွက်ဟုဆိုကာ UG လုပ်ငန်းအကြောင်း၊ အကြောင်းပြ၍ စာရင်းပျောက် လုပ်စားကွက်များ ဖန်တီးယူနိုင်ပြီး တော်လှန်ရေးအဓွန့်ရှည်အောင် လုပ်စားခွင့် ရရှိနိုင်ကြမည်ဖြစ်သည်။

ထို့ကြောင့် တခုတည်းသော တပ်ပေါင်းစု ပြုလုပ်လိုလျှင် NLD (LA) နှင့် MPU နှစ်ဖွဲ့က DAB ဖွဲ့ဝင်အဖြစ် ဝင်လိုက်လျှင် DAB သည် ပြီးပြည့်စုံသော အဖွဲ့အားလုံးပါဝင်သည့် တပ်ပေါင်းစုကြီးအဖြစ် ရပ်တည်လာနိုင်မည် ဖြစ်သည်။ ထို DAB ဆိုသည့်နာမည်ကို မသုံးလျှင်လည်း ပါဝင်သော အဖွဲ့အစည်းအားလုံး၏ သဘောထားကို ရယူ၍ နာမည်အသစ်တခုကို ရွေးနိုင်သည်။ ထိုအခါ ထို DAB တပ်ပေါင်းစုသည် အဖွဲ့အစည်းအသီးသီးကို ကိုယ်စားပြုသော တခုတည်းသော တပ်ပေါင်းစုအဖြစ် ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။

သို့မဟုတ်ပါက NDF မှ နိုင်ငံခြားဆက်ဆံရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းဆက်ဆံရေး၊ သီးခြားလုပ်သလို DAB မှာလည်း သီးခြား လုပ်ဆောင်မှုများ၊ NCUB မှလည်း သီးခြားလုပ်ဆောင်မှုများ ဒွေးရောယှက်တင် ဖြစ်နေပြီး မြင်သာထင်သာမရှိဘဲ စစ်အစိုးရကို တိုက်ခိုက်ရာတွင် စုစည်းမှု အင်အားမရှိဘဲ အားနည်းနေပေလိမ့်မည်။

ထိုကြောင့် စစ်အာဏာရှင်စံနစ်ကို တကယ်ဖြိုဖျက်လိုပါက တစည်းတလုံးတည်းသော ကျစ်လစ်ခိုင်မာသည့် တပ်ပေါင်းစုတခု ပေါ်ထွက်လာရန် စေတနာသန့်သန့်ဖြင့် ဝိုင်းဝန်းကြိုးစားကြဘို့ လိုသည်။ ကျွန်ုပ်တင်ပြသော ယူဆချက်ကို ဖြစ်သင့်သည်ဟု ယုံကြည်ပါက စာဖတ်သူများအနေဖြင့် ဝိုင်းဝန်းထောက်ခံအားပေးကြဘို့ အထူးသဖြင့် ထောက်ခံစာများ ရေးသား၍ ထိုအဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များကို တိုက်တွန်း ဖိအားပေးကြဘို့ တာဝန်ရှိပေသည်။ စိတ်ထဲမှာ ကြိတ်၍ ထောက်ခံနေရုံနှင့် ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ပါ။ ကိုယ်တိုင်ပါဝင် ပြောဆိုရေးသားပေးကြဘို့ လိုအပ်သည်ဟု ပြောချင်ပါသည်။

ထိုအဖွဲ့ (၂၉) ဖွဲ့ကို ဖိတ်ကြားပြီး ညီလာခံကြီးတခု လုပ်သင့်သည်။ ထိုညီလာခံကြီးမှ တခုတည်းသော တပ်ပေါင်းစုကြီးကို တည်ဆောက်နိုင်မည် ဖြစ်သည်။ အဖွဲ့အစည်းအားလုံး ပါဝင်သော တခုတည်းသော တပ်ပေါင်းစုကို မတည်ဆောက်နိုင်သမျှ ကာလပတ်လုံး စစ်အာဏာရှင်စံနစ်ကို တိုက်ရန် ဒုံးဝေးနေဦးမည် ဖြစ်သည်။

ပရိုပိုဆယ်စားပြီး နယ်စပ်တွင် လပ်ယားလပ်ယား လုပ်နေမည်လော၊ တကယ်ထိုးစစ်ဆင်နိုင်မည့် အင်အားစုတရပ်ကို ဖန်တီးယူကြမည်လော စဉ်းစားဘို့ အချိန်တန်ပြီ။ နိုင်ငံခြားထောက်ပံ့ငွေများ အဖွဲ့အစည်း အသီးသီး ဖြတ်တောက်ခံလာရခြင်းမှာ မရိုးသားမှု၊ လိမ်ညာမှု၊ တော်လှန်ရေးကို စိတ်ရော ကိုယ်ပါ မယုံကြည်မှုတို့ကြောင့် ဖြစ်သည်။

ဖော်ပြပါ ဇယားကွက်တွင် ကြည့်ပြီး တပ်ပေါင်းစုတခုတည်းပြုရန် အလှမ်းမဝေးကြောင်း၊ လုပ်လျှင် ဖြစ်နိုင်ကြောင်း ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။ တော်လှန်ရေးရဲဘော် အားလုံးကို ပြောချင်သည်မှာ တော်လှန်ရေးကို သစ္စာရှိပါ၊ ရိုးသားပါ၊ ငွေရဘို့ တော်လှန်ရေး လုပ်နေခြင်းမဟုတ်၊ လွတ်လပ်ရေးရဘို့ တော်လှန်ရေးလုပ်နေခြင်း ဖြစ်သည်။

ငွေရချင်လျှင် အလုပ်ထွက်လုပ်ပါ။ ငွေနောက်လိုက်၍ တော်လှန်ရေးကို ရောင်းမစားဘို့၊ ပြည်သူ့မျက်နှာ ထောက်ကြဘို့လိုပြီ။ ပြည်သူ့မျက်နှာမထောက်ဘဲ ဖောက်ပြန်နေသူများ၊ ကိုယ်ကျိုးရှာ အုပ်စုဖွဲ့နေသူများကို ရှင်းဘို့လိုပြီဟု ပြောလိုက်ပါရစေ။

နိဂုံးအားဖြင့် ယခင်လုပ်စားခဲ့သည်များကို ခဝါချသင့်ပါသည်။ ယနေ့မှစ၍ အကျင့်ဆိုးများကို ပြင်ကြပါ။ အုပ်စုဖွဲ့ခြင်းထက် ဘယ်သူဘယ်လောက် လုပ်နိုင်သည် ခံယူချက် ပြင်းထန်မှု(Commitment) ရှိရှိ ညီညီညွတ်ညွတ်နှင့် ယနေ့မှစ၍ တခုတည်းသော တပ်ပေါင်းစုဖွဲ့ပြီး လုပ်ကြမည်ဟု ပိုင်းဖြတ်လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုက်ပါသည်။

ထွန်းအောင်ကျော်

A

B

C

The Kitchen မီးဖိုချောင်