Thursday, December 2, 2010

မိဘနဲ့တူသော အစိုးရ

မိဘနဲ့တူသော အစိုးရ
ရေးသူ-မောင်မောင်ဝမ်း

(၁)
မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ် ထားအပ်သော ၀တ္တရားများပေါ့။ လောကမှာ မိဘ တော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့ လိုမယ် မထင်တော့ပါဘူး။ ဒါပေမယ့်လည်း တချို့သော ချွင်းချက်များတော့ ရှိတာပေါ့လေ။ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။ မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တန်ဆာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ ကိစ္စပါ။ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုး ရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာ မဟုတ်သလို ၀ိုင်းဝန်းပြစ်တင် ရှုတ်ချကြမှာ အမှန်ပါပဲ။

လူတိုင်းမှာ ကိုယ့်ကို မွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့ မိဘပါ၊ မိဘအစစ်တွေ မဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာ ရှိနေရတဲ့ သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ ကောင်းမွေ ဆိုးမွေများကို မိဘများက ခံကြရသလို သားသမီးများအပေါ် တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ် တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ်တာဝန်ကျေဘို့ လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသော အစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသော အစိုးရကို အလိုရှိကြမှာ အမှန်ပါ။

တနေ့ ကျနော် အင်တာနက်ပေါ်မှာ Gtalk ဖွင့်ထားတုန်း ၂ပတ်ကျော်လောက် လိုင်းပေါ်မှာ ပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်အသွယ် ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်း တက်နေတယ်။ ကျနော်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ နေတာပါ။

“ဦးဝမ်း… မြန်မာပြည်က.. အင်တာနက်တွေ.. ရွေးကောက်ပွဲနီးလို့လား မသိဘူး။ ဖြတ်ထားတယ်။”

“ဟုတ်လား..။”

“နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ.. အင်တာနက်သုံးရတာ အဆင်ကို မပြေဘူး။ မီးကလည်း လာလိုက် မလာလိုက်နဲ့၊ ဦးတို့ဆီမှာရော အဲဒါမျိုး လိုင်းဖြတ်တာတွေ.. လိုင်းတွေ နှေးတာတွေ ဖြစ်လား။”

ကျနော် တချက်ပြုံးမိလိုက်တယ်..။ ဒါပေမဲ့ ကျနော့ရင်ထဲမှာတော့ တော်တော်လေးကို ထိခိုက်သွားပါတယ်။ သူက သူအမြင်နဲ့ ကြုံနေရတဲ့ အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ…။

“ဘယ်ရှိမလည်း သားရဲ့.. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာလည်း မရှိဘူး..။ အင်တာနက်လိုင်းတွေ ဖြတ်ထားတာတို့ နှေးတာတို့ ဆိုတာမရှိဘူး။”

ကျနော့်တူလေးရဲ့ သက်ပြင်းချသံကို တချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်း ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ်ကြံတော့ စကားသံက ပြောရလိုက် မရလိုက်နဲ့...။

ကျနော်တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်း ငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ၀န်ဆောင်မှု လုပ်ပေးတဲ့ ကုမ္ပဏီ ဘယ်နှစ်ခုရှိလည်း မသိဘူး။ ဒီမှာတော့ ကျနော်တို့ မြို့သေးလေးမှာတောင် ကုမ္ပဏီ၅ခု အပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွက်တွေကို လှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ဒီမိုကရေစီ (Liberal Democracy)ကျင့်သုံးနေတဲ့ နိုင်ငံရဲ့ အနှစ်သာရဟာ ဒါမျိုးပါလား စဉ်းစားနေတုန်း တခါ တူလေးဆီက လှမ်းခေါ်သံကြားလို့ လက်ခံ နားထောင်လိုက်တော့ စကားနည်းနည်း ပြောရပြန်တယ်။

“ဦးဝမ်း.. အလုပ်နားနေရတယ်ဆို။”

“အေးကွ..၊ ငါအလုပ်ကနားနေရတယ်။”

“ဟင်..၊ ဒါဆို ဦးဝမ်း ၀င်ငွေမရှိတော့.. ဘယ်လိုလုပ်မလဲ.. ဘာနဲ့စားကြမလဲ”

“အစိုးရက ကျွေးတယ်..။ အစိုးရက ပေးတယ်ကွ။”

“ဟာ.. ဦးဝမ်းကလည်း.. သားက အတည်ပြောနေတဲ့ဥစ္စာ.. နောက်နေတယ်။”

“ဘယ်ကလာ နောက်ရမှာလဲ..။ ဦးအလုပ်က နားနေရတော့.. အစိုးရက စားဘို့ဆိုပြီး တလ မိသားစု ၃ဦးကို ဒေါ်လာ ငါးရာကျော် ပေးတယ်..။ နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ။ တလ ၁၀၀၀ ပေါ့..။ ငါမနောက်ပါဘူးကွာ.. တကယ်ပြောနေတာပါ။”

“တကယ်….”

“တကယ်ပေါ့ သားရဲ့.. ဦးဝမ်း.. သားကို ဘယ်တုန်းက လိမ်ပြောဘူးလို့လည်း။”

“အစိုးရက.. တလကို ဒေါ်လာ ၁၅၀၀ကျော် အလကား ထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃သိန်းလောက် ရှိတယ်..။ သားဖြင့် ဦးဝမ်း ပြောလို့သာ ယုံရတယ်..။ ကြားတောင်မကြားဖူးဘူး..။ သားသူငယ်ချင်းတယောက် အဖေဆို စစ်တပ်ထဲကနေ ပင်စင်နဲ့ ထွက်လာတာတောင်မှ တလ.. တလ စားဘို့ အလျှဉ်မမှီဘူးဗျာ.. သနားပါတယ်။”

သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ ရောစွက်နေတဲ့ မကျေနပ်သံ တချို့ကို လှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။

အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမဏ္ဍီက အကြောင်းအမျိုးမျိုးကြောင့် ရပ်နားလိုက်ရတယ်ဆို အဲဒီကုမ္ပဏီနဲ့ အစိုးရ ပေါင်းပြီး ၀န်ထမ်းတွေကို ထောက်ပံ့ရပါတယ်။ တပတ်ကို ဘယ်လောက် ဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ (သူအလုပ်လုပ်လို့ ရလာတဲ့ ၀င်ငွေ အပေါ် တည်မှီပြီး ဆုံးဖြတ်တယ်)။ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီး ပေးတယ်။

အလုပ်လက်မဲ့ ထောက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂နှစ်လောက်အထိ ပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခု ရအောင်ရှာပေါ့။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှုထောက်ပံ့ရေး အသွင်သဏ္ဍာန် တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို လ ၆၀(၅နှစ်) ခံစားခွင့် ရှိတယ်။

အစားအသောက် အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကို ဘယ်တော့မှ အငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့အိမ်မဲ့တွေ အများကြီးဆိုတာကို ကျနော် နည်းနည်းလေး ရှင်းပြချင်တယ်။ အမေရိကားမှာ လူတွေကို ခရက်ဒစ်(credit)ဆိုတာနဲ့ ချုပ်ထားတယ်။ ခရက်ဒစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ ပေးထားတဲ့ ကဒ်ကလေးတွေကိုတင် ပြောတာမဟုတ်ပါဘူး..။ လူတစ်ယောက်ရဲ့ ရာဇ၀င်ဆို ပိုမှန်မလားမသိဘူး။

လူတယောက် ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကို အကြွေးစနစ်နဲ့ ၀ယ်ရင် မှန်မှန် ပြန်ပေးတာ၊ ရာဇ၀တ်မှု ကင်းတာ စသဖြင့် ကျန်တာတွေလည်း အများကြီး ရှိသေးတာပေါ့။ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ်..။ ခင်ဗျားက လိုချင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူး ဆိုရင်ရော (ဗမာပြည်မှာဆို အကြွေးရရင် ဆင်တောင်ဝယ်စီးမယ့် သူများအတွက်)၊ ရတယ်။ မဆပ်နဲ့၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင်.. အဲဒီပစ္စည်းကို ပိုင်ရှင် ကုမ္ပဏီတွေက လာသိမ်းမှာပဲ၊ မပူနဲ့။ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာ ဖွက်ထား သူတို့သိတယ်..။ ရေဒါစနစ်တွေနဲ့ လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်ဒစ်က ဆိုးသွားပြီ။ ခရက်ဒစ်ဆိုးတော့ ဘာဖြစ်မလဲ။ ခင်ဗျားဘာမှ အကြွေးဝယ်လို့ မရတော့ဘူး။

ဘဏ်တွေကလည်း ပိုက်ဆံချေးလို့ မရတော့ဘူး။ အနိမ့်ဆုံး အိမ်တောင် ငှားနေလို့ မရတော့ဘူး။ အလုပ်တွေက လက်မခံဘူး။ ခရက်ဒစ်ကောင်းရင်ရော ဘာဖြစ်မလဲ။ အိမ်ဝယ်ချင်တယ်။ ဒေါ်လာတသိန်းတန်လောက် အိမ်တောင်မှ အရစ်ကျ ၀ယ်လို့ရတယ်။ တလခြင်း နည်းနည်း ဆပ်သွားရတယ်။ ခင်ဗျားပေးတာ မှန်လေ၊ ခရက်ဒစ် အမှတ်က တက်လေပဲ။ စ၀ယ်ဝယ်ခြင်း တစ်ပြားမှ မကုန်ဘူး။

ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆို ပထမဆုံး အိမ်ဝယ်မဲ့သူ အတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ်။ ခင်ဗျား အလုပ်သာရှိ (အနည်းဆုံး ၂ နှစ်လောက်ပေါ့)။ နောက်တခါ ခရက်ဒစ်လဲကောင်းဆို အိမ်တလုံး တပြားမှမကုန်ပဲ ၀ယ်လို့ရတယ်။ ပြီးမှတစ်လချင်း နည်းနည်းပြန်ဆပ်ပေါ့၊ ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်ဒစ်ဆိုးတဲ့သူတွေအတွက် အိမ်ငှားနိုင်တဲ့ ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်ဒစ်စစ်ဆေးကြည့်လို့ ဆိုးတယ်ဆိုရင် မငှားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ကုန်ရော။

နောက်မေးစရာ ရှိနိုင်တာက အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာတွေးနဲ့ဆို အလုပ်မလုပ်ပဲ ထိုင်စားနေမယ် ဆိုရင်ရော… ဖြစ်တယ်၊ ထိုင်စား။ ခင်ဗျား ခရက်ဒစ်က ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်ရေးတွေ အကုန်ဆုံးရှုံးမယ်။

ဒါပေမဲ့ ဘယ်တော့မှ မငတ်ဘူး။ အစိုးရက ခင်ဗျားကို ကျွေးထားမယ်။ ခရက်ဒစ်ကောင်းရင် ခင်ဗျားလုပ်ငန်းတခု ထူထောင်ချင်တယ်ဆိုပါစို့။ ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးချင်ကြမှာ အလုအယက်ပဲ။ ဘာလုပ်ချင်လုပ်ချင် သူတို့ ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်ဒစ်ကို ဖြစ်စေတယ်။ ပျင်းလို့မရဘူး။

ကျန်းမာရေးနဲ့ ပတ်သက်လို့ကလည်း ၀င်ငွေနည်း မိသားစုများကို အစိုးရက ထောက်ပံ့တယ်။ နေထိုင်မကောင်း ကျန်းမာရေး ချို့တဲ့ရင် အစိုးရက ကူတယ်(ကုန်ချင်သလောက် ကုန်ပါစေ)။ ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာသိန်းနဲ့ချီ ကုန်တဲ့သူတွေ ရှိတယ်။ အစိုးရက ကူတယ်။

ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ။ ဆေးကုသ စရိတ်ကလည်း ဈေးကြီးတယ်။ ခင်ဗျားမှာ ၀င်ငွေကောင်းတယ် ဆိုရင်တော့ အခမဲ့ ဆေးကုသခွင့် မရဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကုရတယ်။ အဲဒီ ကုမ္ပဏီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ် အတွက် အစိုးရက ပေးတယ်။ ဘာမှ ပူစရာမလိုဘူး။ အလကား ဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး။ တကယ်တော့ အလကားကုတာ မဟုတ်ဘူး။ ခင်ဗျားကုန်ကျမဲ့ငွေကို အစိုးရက ပေးတာ။

တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်။ ဒီမှာ နိုင်ငံရပ်ခြားကနေ ရောက်လာပြီး နေထိုင်ခွင့် တရားဝင်ရှိတဲ့ သူတွေဆို စစ်ထဲဝင်ချင်ကြတာ အများကြီး။ ဘာလို့လည်းဆိုတော့ ဘ၀အာမခံချက် အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေ အများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ် ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ (မြန်မာငွေ သိန်းထောင်ချီပြီး) ပေးတယ်။

မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောကျာင်္း သူတို့အတွက်တောင်မှ အားလုံးနေဘို့ ထိုင်ဘို့ကအစ အစိုးရက တာဝန်ယူ ပေးတယ်။ သူတို့တတွေ အလုပ်လုပ်ချင်တယ် ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်အရေး သူများထက်သာတယ်။ ဒါ စစ်သား မဟုတ်သေးဘူး။ စစ်သားဆွေမျိုးပဲ ရှိသေးတယ်။ စစ်သားတွေ ပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက် ကြည့်ပြီး လစာရကြတယ်။ (အနည်းဆုံး ဒေါ်လာ ၂၀၀၀နဲ့ အထက်မှာ ရှိတယ်။) ဒါ သာမန်စစ်သားအဆင့်၊ အရာရှိတွေဆို ပင်စင်လစာ အများကြီး ရတယ်။သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်အကိုင် ရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။

စစ်သားဘ၀မှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန် မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့်မရှိဘူး။ သွားပြလို့ကတော့ ပြသနာတက်ပြီသာ ပြင်ပေတော့။ အဲဒီလို စစ်သားက စစ်သားအလုပ်ပဲ လုပ်တယ်။ တခြားအလုပ်မှာ ၀င်မပါဘူး။ ၀င်မရှုတ်ဘူး၊ အဓိက ထူးခြားတာက စစ်သားတွေ၊ ရဲတွေကို လူထုက ချစ်တယ်။ လေးစားကြတယ်။ ဗမာပြည်နဲ့မကွာလားဗျာ။

(၂)
ကျမတို့ပြည်သူတွေအတွက် လုံခြုံတဲ့စနစ်တခုကိုတည်ဆောက်ရမယ်။
(ဒေါ်အောင်ဆန်းစုကြည်၏ RFA အဖြေကဏ္ဍ)

ကျနော် အခုရေးနေတဲ့ မိဘနဲ့တူသော အစိုးရဆိုတဲ့ ဆောင်းပါးရေးနေစဉ်မှာပဲ တယောက်က မိတ်ဆက်လာတယ်။ ကျနော်ကလည်း လက်ခံလိုက်ပါတယ်။ သူဘယ်သူဘယ်ဝါဆိုတာ မသိပါဘူး။ ကိုယ့်အကျင့်ကိုက လူတွေအပေါ် မသကာင်္စိတ် မထားတတ်တဲ့သူဆိုတော့၊ စီစစ်မှုတို့၊ သံသယ ဆိုတာလည်း မရှိပါဘူး၊ ဒီလိုနဲ့ တနေ့ သူနဲ့ ကျနော် ဂျီတော့ခ်မှာ ဆုံပါတယ်။

“ကိုမောင်မောင်ဝမ်းလား..” (အမျိုးသမီးတယောက်ရဲ့ အသံပါ)

“ဟုတ်ပါတယ်.. ခင်ဗျား..”

“ကျမကို တယောက်က ပြောလို့ပါ။ အကို့ရဲ့ ဆောင်းပါးကို ဖတ်ပြီးတော့ပေါ့နော်..။ ကျမလည်းဖတ်ပါတယ်။ ဘယ်သူလည်း ဆိုတာတော့ မပြောပရစေနဲ့၊ ကျမပြည်တွင်းကနေ ဆက်တာပါ။ (အသံကတော့ တော်တော်ကြည်ပါတယ်။ ပြတ်လည်းမသွားပါဘူး။ ကျနော် တခြားသူတွေနဲ့ စကားပြောပြီဆို ဘယ်တော့မှ ကောင်းကောင်းပြောရတယ် မရှိပါ၊ တော်တော်စိတ်ရှည်ရပါတယ်။)

“ဘာများပြောချင်လို့ပါလည်း.. ကျနော် သိခွင့်ရှိမလား”

“ဒီလိုပါ အကို့ရဲ့ဆောင်းပါးထဲမှာ.. အမေရိကားမှာ အစိုးရက လူတွေကို အငတ်မထားဘူးလို့ ရေးထားပါတယ်။ ဒါပေမယ့် သူကပြောတာက သူ့မိတ်ဆွေတွေ အမေရိကားမှာ အများကြီးရှိတယ်တဲ့။ အဲဒါ မေးကြည့်တော့ ငတ်သေနေတဲ့သူတွေ အများကြီးရှိပါတယ်။ သူလိမ်ရေးနေတာပါလို့ ပြောလို့ ကျမ သိပ်မရှင်းလို့ပါ။”

ဘယ်သူလည်းဆိုတာ မပြောပရစေနဲ့လို့ စကားခံထားတော့ ဘာဆိုတာလည်း မမေးတော့ပါဘူး။

ကျနော် တချက်ပြုံးလိုက်မိတယ်။ ဘေးနားကရပ်နေတဲ့ ကျနော့်အမျိုးသမီးမျက်နှာက ရှုံ့မဲ့သွားပြီး၊ အဓိပါယ်မရှိဆိုတဲ့ ပုံစံလုပ်နေပြနေတော့ ကျနော်က အသာလေးတားရတယ်။

“အမေရိကားမှာ အခုဆို မြန်မာနိုင်ငံသား တော်တော်များများ ရှိပါတယ်။ သိန်းဂဏန်းလောက်တောင် ရှိမလားမသိဘူး။ တယောက်ယောက်နဲ့ အဆက်သွယ်ရှိရင်မေးကြည့်ပါ။ ခင်ဗျားသူငယ်ချင်း ဆက်သွယ်တယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား။ အမေရိကားမှာ နေထိုင်နေတဲ့ ဘယ်မြန်မာနိုင်ငံသားမဆို ဒါကို အားလုံးသိပါတယ်။

ဒီလိုပါ။ အမေရိကားမှာရှိတဲ့ သတ်မှတ်ဝင်ငွေထက်နည်းတဲ့ တရားဝင်နေထိုင်ခွင့် ရှိထားတဲ့ မည်သူမဆိုပေါ့နော်..။ သူတို့ကို အစိုးရက အစားသောက်ကဒ် (Food Stamp) ဆိုတာ ထုတ်ပေးပါတယ်။ ၀င်ငွေများရင်တော့ မရပါဘူး၊ အလုပ်မရှိတာတို့၊ ၀င်ငွေရှိပေမဲ့လည်း မိသားစုများလို့ မလုံလောက်တာတို့ အတွက်ပေါ့..။ ဒါအမှန်ပါ.. တလကို ထုတ်ပေးထားတာကတော့ တပြည်နယ်နဲ့ တပြည်နယ်မတူပါဘူး။ ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာ ဆိုရင်တော့ ပျှမ်းမျှတလကို လူတယောက် ဒေါ်လာ၁၇၀ လောက်ပေးပါတယ်။ (သုံးယောက်ဆိုရင်တော့ ငါးရာကျော်ပေါ့)။

အဲသလောက်ငွေဟာ လူတယောက်အတွက် ကောင်းကောင်းကို လုံလောက်ပါတယ်။ တော်တော်ကို ကောင်းကောင်းမွန်မွန် စားရတာပါ။ အစားအတွက် ချွေတာစားစရာမလိုတဲ့ ပမာဏပါ။ ဒါပေမဲ့ တချို့စာရိတ္တပျက်လူတွေ ရှိပါတယ်။ အလုပ်လုံးဝမလုပ်ပါဘူး။ မူးယစ်ဆေးဝါးသုံးစွဲတယ်။ အစိုးရ အထောက်အပံ့နဲ့ပဲ ရပ်တည်တယ်။ အစိုးရကလည်း သိပေမယ့် ထောက်ပံ့ပါတယ်။ သူတို့က အဲဒီ အစားအသောက်အတွက် ထုတ်ပေးထားတဲ့ ပိုက်ဆံကိုတောင်မှ ဖလှယ်ပြီး မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ ဒါကတော့ သူတို့ရွေးချယ်ခွင့်ပါ။

အစားသောက်ကဒ် ထုတ်ပေးတဲ့နေရာမှာ ပိုက်ဆံငွေသားထုတ်မပေးပါဘူး။ ကဒ်ပြားပဲပေးလိုက်တာပါ။ အစားသောက်ကလွဲလို့ တခြားအရာတွေလည်း ၀ယ်လို့မရပါဘူး။ ယုတ်စွအဆုံး ဆပ်ပြာမှုန့်တောင် ၀ယ်လို့ မရပါဘူး။ သူတို့ဖာသာသူတို့ မစားပဲ မူးယစ်ဆေးဝါးသုံးစွဲပြီး အငတ်ခံနေတာကတော့ အစိုးရနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့လည်း ငတ်ပြတ်ပြီး သေကြတယ်ဆိုတာကတော့ ကျနော်လေ့လာမိသလောက် မကြားဘူးတာ အမှန်ပါခင်ဗျာ။”

သူ့ဘက်က အသံတိတ်နေတယ်။ ဒါနဲ့ နားရောထောင်ရဲ့လား ဆိုတာသိချင်တာနဲ့

“ဟလို..ဟလို”

“ကျမလိုင်းပေါ်မှာ ရှိနေပါတယ်။ ပြောနေတာကို နားထောင်နေတာပါ။”

“ကျနော်တင်ပြခဲ့တဲ့ အကြောင်းအရာတွေ အားလုံးအတွက် မှန်ကန်တယ်ဆိုတာ ကျနော်တာဝန်ယူပါတယ်။”

“ကျမလည်း အခုလို အစိုးရတရပ်က ပြည်သူကို ထမင်းအငတ်မခံဘူး အစားအသောက်အတွက် စိတ်ပူစရာ မလိုအောင် ထောက်ပံ့ပေးထားတယ်ဆိုတာ မကြားဘူးတာအမှန်ပါ။ ဗဟုသုတနည်းတယ် ပြောလည်း ခံရမှာပေါ့။”

ကျနော်တော်တော်ရင်လေးသွားပါတယ်။ ကိုယ်ကအမှန်ကို တင်ပြခဲ့တာတောင်မှ မလိုသူများက ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ သွေးထိုးတာနဲ့ ယုံမှားသံသယ အဖြစ်ခံလိုက်ရတယ်။ ဒါကလည်းရှင်းပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူမဆိုထားနဲ့ သူ့စစ်တပ်တောင် သူလုံလောက်အောင် ပေးထားနိုင်တာမှ မဟုတ်တာ။ စစ်သားတွေ လစာဘယ်လောက်များ ပေးထားနိုင်လို့လဲ။ ရိက္ခာအလုံအလောက် ထောက်ပံ့မှုရော ပြည့်ဝပါရဲ့လား မေးခွန်းထုတ်စရာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ စစ်သားတစ်ယောက်အတွက် လစာဟာ ပျမ်းမျှ ဒေါ်လာ၃၀၀ ဝန်းကျင်လောက်နဲ့ ရိက္ခာအလုံအလောက် ထောက်ပံ့ပေးထားနိုင်ပါတယ်။

တိုင်းပြည်မတိုးတက်ပဲနဲ့၊ မချမ်းသာပဲနဲ့ အဆင့်မှီ တပ်မတော်တည်ဆောက်ဘို့ဆိုတာ အတော်ကို ခက်ခဲပါလိမ့်မယ်။ ဒီနေ့ မြန်မာ့တပ်မတော်ကို ပြန်ကြည့်မယ်ဆို ဒုတိယကမ္ဘာစစ်က စစ်တပ်တွေရဲ့ အနေအထားထက်မပိုဘူးလို့တောင် ပြောချင်ပါတယ်။ မာနနဲ့ခံပြီး ငြင်းမယ်ဆိုရင် ငြင်းနိုင်ပါတယ်။ (အရှိတရားဟာ အမှန်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့ မရနိုင်ကောင်းပါဘူး)။

ဒါဘာဖြစ်လို့ ဒီလိုဖြစ်ရတာလည်း ဆန်းစစ်ကြည့်ရအောင်ပါ။ စနစ်ကြောင့်ပါ။ သိပ်သေချာပါတယ် စနစ်ပါ။ ဒီစနစ်ကို မပြောင်းပဲနဲ့ တိုင်းပြည်ဘယ်တော့မှ တိုးတက်ချမ်းသာလာမှာ မဟုတ်ပါဘူး။ ဒီအကြောင်းရာတွေကို တင်ပြရေးသားခြင်းအပေါ် မေးခွန်းထုတ်လို့ရပါတယ်။ ခင်ဗျားက အမေရိကားကို အထင်ကြီး အားကျလို့လားလို့ မေးခဲ့ရင်တောင်မှ ဟုတ်ပါတယ်လို့ ရဲဝံ့စွာ ၀န်ခံပါ့မယ်။ ကျနော် ချမ်းသာတိုးတက်တဲ့ နိုင်ငံကို အားကျလို့ အတုယူဘို့ ရေးသားတယ်ဆို ပိုမှန်ပါတယ်။

မြောက်ကိုရီးယားလို ပြည်သူတွေ ငတ်ပြတ်နေတာတောင် နောင်တမရသေးဘူး။ နျူးကလီးယား တန်ခိုးနဲ့ ထောင်ထောင်လုပ်နေတဲ့ တိုင်းပြည်မျိုးကို အားကျမခိုင်းပါဘူး၊ နအဖပြောနေသလို မြန်မာနိုင်ငံဟာ အမှန်တကယ် ဖွံ့ဖြိုးပါတယ်ဆိုရင် တခြားကဏ္ဍကို မပြောပါဘူး။ တပ်မတော်ထဲမှာရှိနေတဲ့ စစ်သားတွေကိုပဲ လုံလောက်အောင် ထောက်ပံ့ပါဦး။ အနည်းဆုံး ထိုင်းစစ်သားတစ်ယောက်ရဲ့ တစ်လလစာဟာ ဒေါ်လာ ၃၀၀လောက် ပျမ်းမျှရှိတယ်ဆိုရင်၊ မြန်မာစစ်သားတယောက်အတွက် (ရိုးရိုးရဲဘော်ပေါ့) ဒေါ်လာ ၁၅၀လောက်ပဲ ပေးစမ်းပါဦး။ အဲဒါဆို မြန်မာ့တပ်မတော် အဆင့်ရှိနေပါသေးတယ်ဆိုတာကို လက်ခံပေးလိုက်မယ်။

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာ ဆိုတဲ့ သုံးရပ်လုံးကို တစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့က ချုပ်ကိုင်ထားရင် အဲဒီနိုင်ငံ မစွံဘူးသာ ပြင်ပေတော့၊ တခုခုတော့ ချွတ်ယွင်းနေမှာ အမှန်ပဲ။ တရုတ်ပြည်ကို ဥပမာပေးပြောချင်တယ် ဆိုရင် တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက ချုပ်ကိုင်ထားတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်တယ်ဆိုရင် သန်းထောင်နဲ့ချီပြီး ရှိနေတဲ့ လူတွေကို ထမင်းကြွေးထားနိုင်လား။ လူအခွင့်အရေး တကယ်ပြည့်ဝစွာ ရနေပြီလား။ သတ်ချင်တိုင်းသတ်၊ ဖမ်းချင်တိုင်းဖမ်းတွေက ရှိနေဆဲပါ။ တည်ဆဲအစိုးရကို ဆန့်ကျင်လိုက်တာနဲ့ ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပဲ။

အမေရိကားမှာ သမ္မတတောင် ခံတွင်းမတွေ့ရင် ဆန္ဒပြလို့ရတယ်။ ကျနော်တို့မြို့ကို သမ္မတ အိုဘားမားလာတယ်။ မြို့မှာ ဘာလှုပ်လှုပ်ရှားရှားမှ မရှိဘူး။ အားလုံးပုံမှန်ပဲ။ တချို့သိတောင်မသိကြဘူး။ သူလာတော့ သူ့ကို မကြိုက်တဲ့ သူတွေက ဆန္ဒပြကြတာပဲ။ သမ္မတကလည်း အဲဒီအပေါ် ဒေါသမထွက်ပါဘူး။ ပြုံးပြီးတောင် လက်ပြသွားသေးတယ်။ အမေရိကားမှာ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်။ လူအယောက်တစ်ရာထက် မပိုရင် သတင်းပို့စရာ မလိုဘူး။ ဥပဒေဘောင်အတွင်းက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခွင့်ပြုတယ်။ လွတ်လပ်စွာရေးသားခွင့် အပြည့်ရှိတယ်။ ကြိုက်တာရေးတင်ပြ၊ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဥပဒေပါ အခွင့်ရေးတွေကိုတော့ သွားမထိပါးနဲ့။ လက်မခံဘူး၊ တရားစွဲခံရမယ်သာပြင်။ ကိုယ်လုပ်တဲ့လုပ်ရပ်၊ ကိုယ်ရေးသားတင်ပြတဲ့ အရာတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန်ခံနိုင်ရမယ်။

လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုပေမဲ့ ပရမ်းပတာ မထင်လေနဲ့။ (နအဖက မဟုတ်မမှန် အမေရိကန်ဆိုရင် ပရမ်းပတာနိုင်ငံလို့ ထင်မြင်အောင် ၀ါဒဖြန့်ထားတာလေ)။ ဥပဒေတွေက အရမ်းတင်းကြပ်တယ်။ အမေရိကားထဲမှာ ဘယ်သူမှ အိမ်ရှေ့ထွက် လမ်းမထွက် အရက်သောက်လို့ မရဘူး။ ဒါကို ဥပဒေနဲ့ တင်းကြပ်ထားတာ။ နောက်တခါ အမေရိကန်ပြည်ထောင်စုမှာ အာဏာသုံးရပ်ကို သီးခြားစီခွဲထားတာ။ မရောဘူး။ ဥပဒေပြုသူတွေက ဥပဒေပြု အလုပ်လုပ်၊ တရားစီရင်ရမဲ့လူက တရားစီရင်၊ သမ္မတက တိုင်းပြည်အုပ်ချုပ်။ တခုနဲ့တခု သွားလွှမ်းမိုးလို့ မရဘူး။

ဘယ်သူကမှ ဘယ်သူ့ကို ချုပ်ကိုင်လို့မရဘူး။ သမ္မတမှားရင် အရေးယူခံရမှာပဲ (ကလင်တန် ဥပမာကြည့်ပါ)။ သမ္မတမို့ သူလုပ်ချင်ရာလုပ်လို့ မရဘူး။ ငါသမ္မတဆိုပြီး တရားစီရင်ရေးတို့၊ ဥပဒေပြုရေးတို့အပေါ် သွားအာဏာပါဝါပြလို့ မရဘူး။ အဲဒါ လွတ်လပ်တဲ့ ဒီမိုကရေစီ (Liberal democracy)ရဲ့ အနှစ်သာရပါပဲ။

ကျနော်တို့ နိုင်ငံအတွက် ချက်ခြင်းကြီး ဒီလိုမဖြစ်နိုင်ဘူး ဆိုတာတော့ ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ ယခုအချိန်ကတည်းက အစမပျိုးသေးဘူး ဆိုရင်တော့ နောင်နှစ်ပေါင်း ဘယ်လောက်ကြာကြာ မျှော်လင့်ရဦးမလည်း ဆိုတာက တွေးမိတိုင်း စိတ်ပျက်စရာပါ။

နောက်တခါ အမေရိကားမှာ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွှက်နေတဲ့ အရာတခုရှိတယ်။ အဲဒါက လူအချင်းချင်း အသားရောင်၊ လူမျိုး၊ ဘာသာဓလေ့၊ ယဉ်ကျေးမှု အစရှိတာတွေကို ထိခိုက်စော်ကားရင် ဥပဒေအရ ပြင်းထန်စွာ အရေးယူ အပြစ်ပေးတယ်။ လူသားအချင်းချင်း ခွဲခြားဆက်ဆံရင် ဥပဒေအရ ပြင်းထန်စွာ အရေးယူ အပြစ်ပေးတယ်။

ကျနော်တို့ နိုင်ငံမှာ မလိုသူတွေ ပြောနေကြတဲ့ ကိစ္စတခုက ခေါင်းထဲဝင်လာလို့ပါ။ အန်တီစုရဲ့ အိမ်ထောင်ရေးကိစ္စ ပြောလိုက်ကြတာ၊ ရေးလိုက်ကြတာ ရစရာမရှိဘူး။ လူမျိုးခွဲခြား ကြည့်မြင်တတ်တဲ့ အတွေးခေါ်ဆိုတာ နှစ်ပေါင်း ရာချီပြီး နောက်ကျ ကျန်ရစ်ခဲ့ပါပြီ။

အမေရိကားမှာ လူသားတိုင်း ဥပဒေပါ အခွင့်ရေးတွေကို တန်းတူခံစားခွင့်ရှိတယ်။ သမ္မတမို့ ပိုပေးတာမျိုး၊ မျက်နှာမရှိလို့ ပစ်ပယ်တာမျိုး လုံးလုံးခွင့်မပြုဘူး။ အစိုးရဟာ နိုင်ငံတွင်းမှာ မပြောနဲ့ သူ့နိုင်ငံသားတွေကို နိုင်ငံပြင်ပ ရောက်တာတောင် စောင့်ရှောက်တယ်။ အမေရိကံနိုင်ငံသားများ အခြားနိုင်ငံတခုခုမှာ ပြသနာတခုနဲ့ ရင်ဆိုင်ကြုံရပြီဆို လိုက်လံဖြေရှင်း စောင့်ရှောက်တယ်။ အနိမ့်ဆုံး ရာဇ၀တ်ပြစ်မှု တစုံတရာ ကျူးလွန်တယ် ဆိုရင်တောင်မှ (ကျူးလွန်ခြင်းအတွက် သက်ဆိုင်ရာနိုင်ငံက ချမှတ်တဲ့ ပြစ်ဒဏ်ကို မကယ်တင်နိုင်တာမှအပ) ကျန်တာ အကုန်စောင့်ရှောက်တယ်။ ဒါပေမဲ့ ကယ်လို့၊ တောင်းဆိုလို့ ရနိုင်သေးတယ်ဆိုရင် ကယ်တင်တယ်။

ကျနော်တို့ နိုင်ငံသားတွေ ပြည်ပနိုင်ငံအသီးသီးမှာ အလုပ်လုပ်နေကြသူတွေရော၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသူတွေရော အများကြီးပါ။ မြန်မာသံရုံးဆိုတာ အခွန်ကောက်တဲ့ အလုပ်ကလွဲလို့ ဘာများ နိုင်ငံသား အခွင့်ရေးကို အကာကွယ်ပေးနိုင်ပါသလဲ။ ထိုင်းနိုင်ငံမှာ အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ နည်းလို့လား။ ဖြစ်လာပြီဆို ဆင်ဝှေ့ရန်ရှောင်၊ မျက်နှာလွှဲခဲပစ် စကားကလွဲလို့ ဘာမှလုပ်မပေးခဲ့ပါဘူး။ တကယ်တော့ ကျနော်တို့ နိုင်ငံသာ စီးပွားဖွံဖြိုးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေမယ်ဆိုရင် ဘယ်သူ နိုင်ငံရပ်ခြားကို ထွက်အလုပ်လုပ်ကြမှာလဲ။

နိုင်ငံရပ်ခြားကို ထွက်အလုပ်လုပ်နေတဲ့ သူတွေကိုတောင်မှ ကျွန်သွားခံကြတယ်ဆိုတဲ့ ရင့်သီးတဲ့ စကားတွေနဲ့ ပုတ်ခတ်သေးတာပဲ။ ကဲ.. ထားပါတော့။ အဲဒီလူတွေက ကျွန်သွားခံတယ်ဆို.. ခံချင်လို့ ခံကြတာလားမေးရင်.. ဘယ်လိုပြန်ဖြေမလဲ။ မိဘမကောင်းတော့ သူများအိမ်မှာ သွားပြီး အစေခံလုပ် ကိုယ့်ဘ၀ကိုယ် ရပ်တည်ရတဲ့ သားသမီးများလိုပါပဲ။ အချိန်တန်ရင် မိဘက သားသမီးကို လုပ်ကိုင်မကျွေးတဲ့အပြင် သားသမီးလုပ်အားခထဲက အရက်ဖိုးဖြတ်တောင်းတတ်တဲ့ မိဘတွေ ကြုံဘူးပါတယ်။

ပညာရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း ကလေးတိုင်း ကျောင်းတက်နိုင်ရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ ငွေကြေးတစ်ပြားတချပ်မှ မကုန်တဲ့အပြင် ကျောင်းမှာတောင် နံနက်စာ၊ နေ့လည်စာတွေနဲ့ ကြွေးသေးတာ။ တက္ကသိုလ် ကောလိပ်တက်မယ် ဆိုရင်လည်း အမျိုးမျိုးသော ထောက်ပံ့ကြေးတွေအပြည့် (ကျောင်းတွေ တော်တော်များများက ပုဂ္ဂလိကပိုင်တွေများတယ်။ ကျောင်းတက်ခအတွက် ငွေကြေးပေးရတယ် - အဲဒီငွေကြေးအတွက် အစိုးရတွေ၊ ဘဏ်တွေက ပေးတာ) လုပ်ငန်းခွင်ကိုဝင်သွားပြီဆို ပြန်ဆပ်ရတာလည်း ရှိတယ်။ မဆပ်ရတာလည်း ရှိတယ်။

နောက်တခါ အလုပ်အကြောင်း နည်းနည်းပြောချင်တယ်။ အမေရိကားမှာ အလုပ်သမားအခွင့်ရေး အပြည့်ရှိသဗျ။ အလုပ်သမားသမဂ္ဂ ဆိုတာတွေက နေရာတိုင်းမှာ။ အလုပ်ရှင်တွေက ငါအလုပ်ရှင်ပဲဆိုပြီး အလုပ်သမားတွေကို အနိုင်ကျင့်လို့ မရဘူး။ မတရားခိုင်းစေလို့ မရဘူး။ အလုပ်သမားတစ်ယောက်အတွက် ရသင့်တဲ့ လုပ်အားခကို ဥပဒေနဲ့ သတ်မှတ်ထားတယ်။ တနာရီ ၇.၂၅ ဒေါ်လာထက် လျှော့ပေးလို့မရဘူး။

နောက် ကျနော်တို့ အာရှနဲ့မတူတဲ့ အချက်က ဒီမှာ တပတ်ကို နာရီ ၄၀ဆိုတာ ပုံမှန်အလုပ်ချိန် သတ်မှတ်ထားတယ်။ ဒီ့ထက်ပိုရင် အချိန်ပိုလုပ်အားခပေါ့။ အချိန်ပို လုပ်အားခအတွက် ပုံမှန်ထက် တဆခွဲပေးရတယ်။ ဥပမာ ခင်ဗျားက တနာရီကို ၁၀ဒေါ်လာရတယ်ဆို အချိန်ပိုအတွက် ၁၅ ဒေါ်လာ သတ်မှတ်ထားတယ်။ လုပ်ငန်းခွင်အတွင်းမှာ တခုခုထိခိုက်အနာတရဖြစ်တယ်ဆို လျှော်ကြေးပေးရတယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း ဥပဒေအရ သတ်မှတ်ထားတာက အလုပ်သမားတိုင်းကို နှစ်နာရီအလုပ်ပြီးတိုင်း တခါနားခွင့် ရှိရမယ်တဲ့။ (ဒါပေမဲ့ ပျမ်းမျှအားဖြင့်တော့ နှစ်နာရီနဲ့ သုံးနာရီကြားလောက် များပါတယ်။ အလုပ်လုပ်ချိန် နာရီပေါ့)။

နောက်တခုက အလုပ်ရှင်တယောက်က အလုပ်သမားတစ်ယောက်ကို အလုပ်ခန့်လိုက်ပြီဆို အဲဒီ့အလုပ်သမားကို အကြောင်းမဲ့ အလုပ်က ထုတ်ပစ်တာမျိုး ဥပဒေက ခွင့်မပြုဘူး။ ဆိုလိုတာက ဥပမာ သူအလုပ်လုပ်တာ မကြိုက်လို့ နေထိုင်မကောင်း ခဏခဏဖြစ်လို့ စတာမျိုးတွေပေါ့။ ထုတ်ခဲ့မယ်ဆို လျှော်ကြေးပေးရတယ်။ (ဒါပေမဲ့ အလုပ်ရှင်များဟာ ဒါမျိုးလုပ်ခဲပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က ဥပဒေနားလည်ကြတာများတယ်)။

ပြောရမယ်ဆို အများကြီးပေါ့ ၊ ပြောလို့ကုန်မှာ မဟုတ်ဘူး။ စပ်မိလို့ တခုရှိသေးတယ်။ ကျနော်တို့ နိုင်ငံသားတွေက ရဲတို့ စစ်သားတို့တွေ့ရင် အလိုလိုကို လိပ်ပြာလန့်နေကြတာ။ အဲဒါကို ဒီကရဲတွေက သဘောပေါက်ပုံရတယ်။ ကျနော်တို့ နိုင်ငံသားတွေ တခုခုဖြစ်ပြီဆို သူတို့က မကြောက်ဘို့ အရင်ဆုံးပြောတယ်။ ရဲဆိုတာ လူတွေကို ကူညီဘို့ စောင့်ရှောက်ဘို့ပဲ ကြောက်စရာမလိုဘူး။

တနေ့ကြုံရတဲ့ အဖြစ်ကလေးတခုပေါ့..။ ကျနော့်မိတ်ဆွေ တယောက်က ကျနော့်အိမ် အလည်လာတယ်။ သူကအမျိုးသမီးပါ။ သူ့သားလေးနဲ့ (၁၀လသားလောက်ပဲရှိမယ်) လာတော့ ကျနော့်အိမ်ရှေ့ကို အရောက် သူမောင်းလာတဲ့ ကားပေါ်ကဆင်း ကားတံခါးကိုပိတ် ကျနော့်အိမ်ရှေ့က ဘဲလ်လာတီးတာပေါ့ (ကျနော်ရှိမရှိပေါ့ဗျာ)။ အဲသလိုနဲ့ သူသတိတခုဝင်သွားတယ်။ ကားထဲမှာ သူ့ကားသော့ကို ထားခဲ့ပြီး တံခါးပိတ်လိုက်တော့ ကားတံခါးဖွင့်လို့ မရတော့ဘူး။ ကလေးငယ်က ကားထဲမှာ၊ ဖြစ်ချင်တော့ အဲဒီခါကျမှ ကလေးကလည်း ထငိုပါလေရော။ မအေလုပ်သူခမျာ ခြေမကိုင်မိ လက်မကိုင်မိနဲ့၊ ကားသော့ကလည်း အပိုမရှိဘူးလေ။

ဒါနဲ့ ကျနော် ရဲကို ချက်ချင်း ဖုန်းဆက်လိုက်တယ်။ အကျိုးအကြောင်း ရှင်းပြတယ်။ ပြောရင် ယုံနိုင်စရာတောင် မရှိဘူး။ နောက်ထပ် ၁၅မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ ရဲကားရောက်လာတယ်။ သူတို့နဲ့အတူ တံခါးဖွင့်ပေးဘို့ ကျွှမ်းကျင်သူပါ ပါလာတယ်ဗျ။ ကားပေါ်က အမြန်ဆင်း ကားကို တံခါးကောက်ဖွင့်လိုက်တာ ချက်ခြင်းပဲ။ ပြီးမှ ရဲအရာရှိ လုပ်တဲ့ အမျိုးသမီးက ကလေးကို ကောက်ပွေ့တဲ့ပြီး နမ်းရှုတ် မိခင်ဖြစ်သူဆီကို ပြုံးပြုံးကြီး ပြန်ပေးလိုက်တယ်။ မိခင်ဖြစ်သူခမျာ ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း။ ကျွှန်တော်တို့ နိုင်ငံက အဖြစ်တွေနဲ့ မကွာလား။

နောက်တခါကတော့ ကျနော့်အမျိုးသမီး။ တနေရာကို သွားကြတာ အပြန်မှာ သူ့ကို ပြောလိုက်တယ်။ “ငါတို့အပြန် တက္ကစီနဲ့ ပြန်ရအောင်”ဆိုပြီး ကျနော်က ဘေးနားမှာရှိတဲ့ ဈေးဆိုင်လေးထဲကို ခဏအ၀င် အမျိုးသမီးက ရဲကားကို တက္ကစီမှတ်ပြီး သွားတားတယ်ဗျ။ (သူကလည်း အဲသလောက်တုံးတာ)။ ရဲကားကလည်း ရပ်ပေးပြီး သူ့ကိုမေးတယ် ဘာအကူညီပေးရမလဲဆိုမှ အမျိုးသမီးက ရဲကားမှန်း သိတော့တယ်။ ဘာအကူညီပေးရမလဲမေးတော့ ကျနော့်အမျိုးသမီးကလည်း အင်္ဂလိပ်လို မပြောတတ် ဒုက္ခတွေ့ပါလေရော။

အဲဒါနဲ့ ကျနော့်ကို လက်ညှိုးထိုးပြပြီး သူက ကျမအမျိုးသား။ သူက အင်္ဂလိပ်လို ပြောတတ်တယ်။ ကျမက မပြောတတ်ဘူးဆိုတော့ ရဲက ကျနော့်ဆီ တန်းတန်းလာတော့တာပဲ။ ကျနော်လည်း ဗြုန်းကနဲဆိုတော့ လန့်သွားတယ်။ နောက်မှ ရဲကရှင်းပြတော့ ကျနော်ကလည်း ပြန်ရှင်းပြရတော့တယ်။ အဲဒီရဲက ကျနော့်ကို ဘာပြောသလဲ ဆိုတော့ မင်းတို့အာရှသားတွေက ဒီမှာ မျက်စိခဏခဏလည်ပြီး အိမ်မပြန်တတ်ကြဘူးတဲ့.. ငါလိုက်ပို့ရမလားတဲ့။ ကျနော်လည်း အားနာသွားတာပေါ့။ ရပါတယ် ကိုယ့်ဖာသာကိုယ် ပြန်တတ်ပါတယ် ဆိုမှ ကျနော့်ကို အပြုံးတွေနဲ့ နှုတ်ဆက်ပြီး ထွက်သွားတာ။ ဒါတွေဟာ ကျနော့်ကိုယ်တွေ့ တကယ့်အဖြစ်တွေပါ။

နောက်တခုက သက်ကြီးရွှယ်အို လူကြီးတွေကိစ္စ။ ကျနော် အမေရိကားထွက်လာတော့ ကျနော့် အမေကိုပါ တပါတည်း ခေါ်လာပါတယ်။ အမေက အသက် ၆၅နှစ်ကျော်ပါပြီ။ ဒီရောက်တော့ သက်ကြီးပင်စင်ဆိုပြီး အစိုးရက တစ်လကို ဒေါ်လာ ၇၀၀နဲ့ အစားသောက်အတွက် တစ်လကို ၂၀၀ စုစုပေါင်း ၉၀၀ ထောက်ပံ့ပါတယ်။ အဲဒါ အမေ အမေရိကားမှာ နေထိုင်သမျှ ကာလပတ်လုံး ပေးသွားမှာပါ။ အဲဒီလိုဆိုတော့ တခါက ကဗျာဆရာကြီး ဦးတင်မိုး ပြောသွားတဲ့ စကားလေးကို သွားသတိရမိတယ်။

“ကျနော် တသက်လုံး လုပ်ကြွေးပြုစုလာသော အမိမြန်မာနိုင်ငံမှ ကျနော့်အား ထောင်ချလိုက်ပြီး၊ ကျနော် တခါမှ လုပ်ကျွှေးသမှု မပြုခဲ့သော အမေရိကန်ပြည်ထောင်စုမှ ကျနော့်အား ပင်စင်ပေးလိုက်ပါသည်တဲ့။”

ကိုင်း၊ ပြောစမှတ်ကို တွင်ပါလေရော့လားဗျာ။ အနှစ်ချုပ်ကို ဆိုရရင်တော့ ကျနော် ကိုယ့်အမိနိုင်ငံကို တကယ်ချစ်ပါတယ်။ အခွင့်ရေးတွေ ဘယ်လောက်ပဲ များနေပါစေ။ ကိုယ့်မြေ ကိုယ့်ရေမှာပဲ နေချင်ပါတယ်။ မှန်တာပြောရရင် အမေရိကားမှာ မပျော်ပါဘူး။ ဒါပေမဲ့လည်း ပြန်လို့မှ အခွင့်မသာတော့ ဒီလိုပဲ နေရတော့တာပေါ့။

ကျနော်တို့ဟာ အမြဲတမ်း ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူး၊ ဘာ့ကြောင့် စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်နေရတာလည်း ဆိုတာကို ဒီဆောင်းပါးဖတ်ရင် သဘောပေါက်လာပါလိမ့်မယ်။ ကျနော်တို့ အမိမြန်မာနိုင်ငံကို တိုးတက်ချမ်းသာ စေချင်တယ်၊ အမေရိကန်လောက် မဆိုလိုဘူး။ ထိုင်းနိုင်ငံလောက် တိုးတက်တယ် ဆိုရင်တောင် ကျေနပ်နေမှာပါ။ (ထိုင်းနိုင်ငံတောင်မှ မြန်မာထက် အများကြီး တိုးတက်နေပြီ)။

ကျနော့်တို့ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ ပြည်သူလူထုကို မိဘသဖွယ် နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ သားသမီးတွေ ကောင်းရာကောင်းကြောင်းကို အမြဲကြိုးစားအားထုတ်နေတဲ့ မိဘနဲ့တူသော အစိုးရ ဖြစ်စေချင်တယ်။ သေချာတာတခုတော့ ရှိတယ်ဗျာ။ စစ်အာဏာရှင်များ ယနေ့လုပ်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ တက်လာမယ့် အစိုးရသစ်ရဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကတော့ ကျနော်တို့ အနာဂါတ်မှာ မျှော်လင့်နေတဲ့ မိဘနဲ့တူသော အစိုးရကို ဘယ်လိုမှ ပုံဖော်လို့ မရနိုင်ဘူးဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်။

မိဘနဲ့တူသော အစိုးရကို ကျနော်တို့ ပြည်သူလူထုတရပ်လုံး တောင်းတလှပါပြီ။ လိုချင်လှပါပြီ။

အားလုံးကို လေးစားစွာဖြင့်
(မောင်မောင်ဝမ်း)
 

A

B

C

The Kitchen မီးဖိုချောင်