Thursday, May 20, 2010

သောကြာသားများ အတွက် မိုးတား ဂါထာ

သောကြာသားများအတွက် မိုးတားဂါထာ
ရန်ကုန်သားတာတေ Wednesday, May 19, 2010

ချင်းမိုင်နေ ဦးရုက္ခစိုးကြီးမှာ ရုက္ခစိုးလိုမနေဘဲ ဆတ်ဆော့မိသောကြောင့် ဖိုးရှုပ် သတင်းသွားယူရာ ဘန်ကောက်ရှိ ရှပ်နီများ ဆန္ဒပြသည့် နေရာသို့ ရောက်သွားခဲ့သည်။ သေနတ် ဖောက်သံများကို မကြောက်လှသော်လည်း မတော် ချော်မှန်လျင် လူကြားမကောင်း ဖြစ်မည် စိုးသောကြောင့် ဖနောင့်နှင့်တင်ပါး တသားတည်းနေအောင် ပြေးခဲ့ရာ ရန်ကုန် ရောက်မှ လွတ်ပြီ ကျွတ်ပြီဟူ၍ စိတ်ဒုန်းဒုန်းချပြီး ရပ်လိုက်မိတော့၏။

ရန်ကုန်မြို့လယ်တွင်တော့ ပုဆိုးကို ရင်ခေါင်းတက်ဝတ်ထားပြီး ကျွတ်မကျစေရန် ခါးပတ်စည်းထားသည့် ဦးသိန်းဂိန်မှာ အစိမ်းရောင်အလံများကိုင်၍ ညွှန်ကြားမှုများ ပြုလုပ်နေသည်။ သူ့ဘေးတွင် ချိုကုပ်ဒူးကြီးကို ခေါင်းတညိတ်ညိတ် ကျေနပ်သည့် မျက်နှာနှင့် တွေ့လိုက်ရသည်။ 

ရုက္ခစိုး။ ။ ဟောဟဲ … ဟောဟဲ … မောလိုက်တာဗျာ … ရေလေး တပေါက်လောက် တိုက်စမ်းပါ။

သိန်းဂိန်။ ။ ဟာ … မတိုက်နိုင်ပါဘူး။ သောက်ချင်ရင် ကျော်သူ့ဆီ သွားတောင်း သောက်။ ပြီးရင် ကြံ့ဖွံ့ပါတီ စာရင်းထဲ ထည့်မှတ်ထားလိုက်။

ဦးသိန်းဂိန်စကားကြောင့် ဦးရုက္ခစိုး အံ့သြကာ ပါးစပ်အဟောင်းသား ပွင့်သွားသော်လည်း ဦးသိန်းဂိန်ဘေးတွင် ရပ်နေသည့် ချိုကုပ်ဒူးကြီးကတော့ သဘောအခွေ့ကြီး ခွေ့သည့်ဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။

ချိုကုပ်။ ။ ဒါနဲ့ ဦးရုက္ခစိုးကြီးက ဘယ်ကဘယ်လို ရောက်လာတာလဲဗျ။ ချွေးတွေလည်း ရွှဲလို့ပါလား။

ရုက္ခစိုး။ ။ ဖိုးရှုပ်နဲ့အတူ ဘန်ကောက်က ရှပ်နီဆန္ဒပြပွဲလိုက်သွားတာ။ သေနတ်တွေ ဖောက်နေလို့ ထွက်ပြေးလာတာလေ။ ကြောက်စရာကြီးဗျာ။ ပစ်နေလိုက်ကြတာ။

ချိုကုပ်။ ။ အတော်ညံ့တဲ့ကောင်တွေ။ အဲဒါ အစောကြီးကတည်းက လုပ်ရမှာ။ လက်ညှိုးလေး တချက်ကွေးလိုက်ရင် အားလုံးငြိမ်သွားမယ်လို့ ကျုပ် အစကတည်းက အကြံပေးတာကို နားမထောင်လို့ ခုလို ဖြစ်ရတာ။

ဦးသိန်းဂိန်။ ။ ဟုတ်ပါ့ဗျာ၊ ကျုပ်တို့ ချိုကုပ်ဒူးကြီးသာဆိုရင် ပွဲ အငြိမ်ပဲ။ ရှပ်နီမကလို့ … သင်္ဃန်း အဝါ ဖြစ်ဖြစ် အပြုတ် ဖြုတ်ပစ်မှာ။

ဦးသိန်းဂိန်က ပြောရင်း ခါးပတ်ကိုဆွဲတင်၊ ပုဆိုးကိုဆွဲချနှင့် ဂနာမငြိမ်ဖြစ်နေသည်။

ချိုကုပ်။ ။ ဘယ်လိုဖြစ်နေတာလဲ သိန်းဂိန်ရယ်၊ အိနြေ္ဒရရနေမှပေါ့။

သိန်းဂိန်။ ။ ပုဆိုးဝတ်ကျင့် မရှိလို့ပါဗျာ။ နောက်တော့လည်း ပုဆိုးနဲ့ပဲ ဝါးကျင့်ရှိသွားမှာပါ။ သြော် ယောင်လို့ … ပုဆိုး ဝတ်ကျင့် ရှိသွားမှာပါ ပြောတာ။

ထိုစဉ် “ရေကုသိုလ်” ဆိုသည့် ကားတစီး သူတို့နားတွင်လာရပ်သည်။ ဦးသိန်းဂိန်က အစိမ်းရောင် ခြင်္သေ့ပုံပါသည့် အလံတခုကို ထိုကားတွင် သွားစိုက်ရင်း …. “ဦးရုက္ခစိုး ရေဆာတယ်ဆို၊ သောက်လေ … သောက်လို့ရပြီ” ဟုဆိုသည်။

ရုက္ခစိုး။ ။ ရေလှူတာပဲဗျာ ကိုယ့်ဘာသာလှူလည်း ရတာပဲ။ ဘာလို့ သူများဟာမှာ သွားတံဆိပ်တပ်တာလဲ။

သိန်းဂိန်။ ။ ဒါကတော့ … ကျုပ်တို့က ရေအတွက်လောက်နဲ့ အလုပ်ရှုပ် မခံချင်တော့လို့ပါ။ ခုဆို ကျုပ်တို့ ဓားပြ တိုက်ထားတာ … အဲ ယောင်လို့ … ကျုပ်တို့ကို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက လှူထားတာ သိန်း၇ထောင်ကျော်ရနေပြီ။

ရုက္ခစိုး။ ။ အဲဒါတွေက ဘာလုပ်ဖို့လဲ။

သိန်းဂိန်။ ။ ငွေတိုးပေးစားပြီး အမြတ်ထဲက များများကို ပါတီအတွက်ဘုန်းမယ်၊ ကျန်တာ စာကြည့်တိုက်တွေအတွက် သုံးမယ်။ စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ မကြားဖူးဘူးလား။ လူတွေက စာမဖတ်လို့ သူ့ကျွန်ဘဝ ရောက်ရတာလေ ...။ စာဖတ်ရင် သူ့ကျွန်ဘဝ မရောက်တော့ဘူး၊ အချင်းချင်း ကျွန်ပြုရုံပဲ။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ဆိုတဲ့သဘောပေါ့။ အဲဒါကျုပ်ပြောတာ မဟုတ်ဘူးနော် … ဆော်ကြမ်းပြောတာ။ ဟဲဟဲ။

ရုက္ခစိုး။ ။ စာမဖတ်ခင် ရေငတ်နေတာကို ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။ ။ သြော် … အဲဒီ အသေးအဖွဲတွေကတော့ ကျော်သူတို့ လုပ်ပါလိမ့်မယ်။

ထိုစဉ် ချိုကုပ်ဒူးကြီးက “တိတ်တိတ်နေကြစမ်းဗျာ … ဒီမှာ ဂါထာရွတ်နေတာ အနှောင့်အယှက်ဖြစ်တယ်” ဟု ပြောရင်း လက်အုပ်ချီကာ ပါးစပ်ကလည်း ပွစိပွစိလုပ်နေသည်။

ရုက္ခစိုး။ ။ ဘာဂါထာလဲဗျ။

သိန်းဂိန်။ ။ ရှူး … တိုးတိုး … စက်ကွင်းမလွတ် ဖြစ်သွားမယ် ဘာမှတ်လဲ။ မိုးတား ဂါထာ ရွတ်နေတာဗျ။

ရုက္ခစိုး။ ။ ဘယ်လို … မိုးတား ဂါထာ ဟုတ်လား။ မိုးမရွာလို့ လူတွေ ဒုက္ခရောက်နေတာကို မိုးက ဘာလို့ တားရတာလဲ။

သိန်းဂိန်။ ။ သောကြာသားတွေ အတာစားပြီးတဲ့နောက် သေကိန်းရှိတယ် ဆိုလို့ ဗေဒင်က မသေအောင် မိုးတားရမယ်လို့ ဟောလို့ပါ။

ထိုအချိန်တွင် ချိုကုပ်ဒူးကြီး ဂါထာရွတ်ပြီးသွားပြီဖြစ်သည်။

ချိုကုပ်။ ။ ဘယ်သူသေသေ ငရွှေ မာရင်ပြီးရော ဆိုတဲ့ စကား ရှိတယ်မဟုတ်လား ဦးရုက္ခစိုးရယ်။ ကမ္ဘာမီးလောင် သားကောင်တောင် ခြကို နင်းသေးတာပဲ။

သိန်းဂိန်။ ။ ကမ္ဘာမီးလောင် သားကောင် ချနင်းပါ။

ချိုကုပ်။ ။ ငါသိတယ် မရှည်နဲ့။ (ဦးရုက္ခစိုးဘက် ပြန်လှည့်၍) ခုတော့ အားလုံးပြီးသွားပါပြီ။ ကျုပ် ဂါထာကြီးလည်း အောင် သွားပြီ။

ရုက္ခစိုး။ ။ ဟုတ်လား … ဘယ်လို အောင်သွားတာလဲ။

ချိုကုပ်။ ။ သောကြာသားတွေ သေမယ် ဆိုတော့ ကျုပ်တို့၊ သိန်းဂိန်တို့ မောင်သောင်းတို့အတွက် လန့်သွားတာပေါ့ဗျာ။ အဲဒါ ဗေဒင်လည်း မေးရော … မိုးတားဂါထာကို ကျုပ်ကိုယ်တိုင် ရွတ်ရမယ်တဲ့။ မှန်လိုက်တာဗျာ … အဲဒီဂါထာလည်း ရွတ်ရော မိုးကခေါင် … လူတွေလည်း ရေဒုက္ခရောက် … ဘာပြောကောင်းမလဲ၊ ကျုပ်ကလည်း ဆက်ရွတ်၊ လူတွေလည်း ဆက် ဒုက္ခရောက် … အဲဒီအချိန်မှာပဲ ယတြာ ကျေသွားတာ။

အားပါးတရ ပြောနေသည့် ချိုကုပ်ဒူးကြီးကို ဦးရုက္ခစိုးက “တယ်ဟုတ်တဲ့ ဂါထာပါလားဗျ” ဟု ပင့်ပေးလိုက်သည်။

ချိုကုပ်။ ။ ဟုတ်တယ်လေ … နာမည်ကြီး သောကြာသားတွေချည်းပဲ ဆက်တိုက်သေလိုက်တာ မတွေ့ဘူးလား … ဟော … သာဂဒိုး၊ သန်းမြင့်အောင်၊ သုမောင် … သုံးယောက်တောင်မှပဲ။ အဲဒီမှာ ဗေဒင်ဆရာက ပြောတယ်၊ ယတြာကျေသွားပြီ ဆက်ရွတ်စရာ မလိုတော့ဘူးတဲ့။

ရုက္ခစိုး။ ။ ကျုပ်သိတာတော့ အစိုးရမင်းတွေ မကောင်းရင် မိုးခေါင်တယ်တဲ့ … ဂါထာတောင် ရွတ်စရာ မလိုပါဘူးဗျာ။ အလိုလို မိုးခေါင် နေပြီးသားပဲ။ ပါးစပ်ညောင်းရုံပဲရှိမှာပေါ့။

သိန်းဂိန်။ ။ ဟာ … အဲဒီလို မပြောနဲ့လေ။ မင်းမကောင်းလို့ မိုးခေါင်ပေမယ့် လူတွေက အလိုက်ကမ်းဆိုးမသိ လွန်ဆွဲ နေကြတာ။ တော်ကြာ မိုးက တားမရဘဲ ရွာလာရင် ယတြာပျက်သွားမှာပေါ့။

ချိုကုပ်။ ။ ကဲ ကဲ ပြောမနေနဲ့တော့ … မလိမ်မိုး မလိမ်မာလေးတွေ ခွင့်လွှတ်လိုက်ပါ။ ပြီးသွားပြီပဲ … ။

ထိုအချိန်၌ လက်ဖက်ရည်ဆိုင်တဆိုင်တွင်ဖွင့်ထားသည့် တီဗီဖန်သားပြင်ပေါ်၌ ဘန်ကောက်ဆန္ဒပြသူများကို နှိမ်နင်းသည့် သတင်း ပြသနေသည်ကို သူတို့အားလုံး မြင်လိုက်ရသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ချိုကုပ်ဒူးကြီးက ပြုံးကာ ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေသည်။

ချိုကုပ်။ ။ ကြည့်လိုက်စမ်း … သူများနိုင်ငံတွေမှာ အလုပ်မရှိအလုပ်ရှာ ဆန္ဒပြတဲ့သူတွေကို ဖြေရှင်းရတာနဲ့ တိုင်းပြည် မငြိမ်မသက်ဖြစ်နေရပြီ။ တို့ တိုင်းပြည်ဆို ဒါမျိုး ဘယ်တော့မှမဖြစ်ဘူး။ တိုင်းပြည် ငြိမ်ဝပ်ပိပြားဖို့ကို အမြဲ ဦးစားပေးတယ်။ မှတ်ထားသိန်းဂိန် မင်း နိုင်ငံတော်သမ္မတ ဖြစ်လာရင်လည်း အဲဒီကိစ္စကိုပဲ ဦးစားပေးဖြေရှင်း ကြားလား။ မီးလာဖို့တို့၊ ရေရှိဖို့တို့ ကုန်ဈေးနှုန်း ကြီးတာတို့၊ လူတွေ ငတ်နေတာတို့၊ ရောဂါဘယ ထူပြောတာတို့၊ သဘာဝဘေးဒဏ် မကာကွယ်နိုင်တာတို့ … ဘာမှ အရေးမကြီးဘူးနော်။

ချိုကုပ်ဒူးကြီး၏ ဆုံးမစကားအပြီးတွင် ဦးသိန်းဂိန်မှာ အလွန်လေးစား၊ ရိုသေ၊ အားကျသော မျက်နှာနှင့် ချိုကုပ်ဒူးကြီးကို ကြည့်ရင်း လက်အုပ်ချီ၍ “မှန်ပါ့ဘုရား” ဟု ပြောလိုက်သည်နှင့် တပြိုင်နက်တည်း မဝတ်တတ်ဝတ်တတ် ဝတ်ထားသော ပုဆိုးလည်း ကွင်းလုံး ကျွတ်ကျသွားလေတော့သည်။

© ဧရာဝတီမဂ္ဂဇင်း (http://www.irrawaddy.org/bur)

A

B

C

The Kitchen မီးဖိုချောင်