Monday, May 3, 2010

ခေါင်းပေါ်က အထုပ်ကြီး လွှတ်ချလိုက်ပါ

ခေါင်းပေါ်က အထုပ်ကြီး လွှတ်ချလိုက်ပါ
ရေးသူ လူထုစိန်ဝင်း

တလောလေးက မိတ်ဟောင်းဆွေဟောင်း သတင်းစာဆရာနှစ်ယောက်နဲ့ ရှေးဟောင်း နှောင်ဖြစ်တွေ စားမြုံ့ပြန် ပြောနေကြဆဲမှာ သတင်းထောက်လူငယ် လုံမငယ်သုံးယောက် ရောက်လာကြပါတယ်။ ချိန်းထားလို့ ရောက်လာကြတာ မဟုတ်ပဲ။ လမ်းကြုံလို့ ၀င်လာကြတာဖြစ်လို့ လူကြီးတွေ စကားပြောတာကိုပဲ စိတ်ဝင်တစားနဲ့ ထိုင်နားထောင်နေကြပါတယ်။ မိတ်ဆွေ သတင်းစာဆရာတစ်ဦးက သူပြောလက်စဖြစ်တဲ့ အကြောင်းကို ဆက်ပြောပြီး တဟားဟားနဲ့ သဘောကျနေပါတယ်။

စတော့ကိတ်မသိတာ အပြစ်လား…

သူပြောနေတဲ့အကြောင်းက ကွယ်လွန်ရှာပြီဖြစ်တဲ့ လုပ်ဖေါ်ကိုင်ဖက် သတင်းစာဆရာတစ်ယောက် ကားဝယ်စီးတဲ့ အကြောင်း ဖြစ်ပါတယ်။ သူ့ကားက “စတော့ကိတ်ကုန်း”ကျရင် မတက်နိုင်ဘဲ နောက်ပြန်ပြန်လိမ့်နေလို့ ကားကြုံစီးလိုက်သူတွေ ဆင်းဆင်းပြီး တွန်းရတဲ့အကြောင်းပြောရင်း ရယ်တာပါ။ သူ့စကားဆုံးတော့ နားထောင်နေတဲ့ ဂျာနယ်လစ် ကလေးမလေးက “ဘဘ၊ စတော့ကိတ်ကုန်းဆို ဘယ်နေရာလဲ”လို့ မေးလိုက်ပါတယ်။ မိတ်ဆွေကပဲ သိမ်ဖြူကုန်းကြီးကို ရှေးက စတော့ကိတ်ကုန်းလို့ ခေါ်ကြောင်း ဖြေလိုက်ပါတယ်။ ကလေးမလေးက အသက် နှစ်ဆယ်လောက် ရှိသေးတာဆိုတော့ မသိရှာတာ အပြစ်မတင်ထိုက်ပါဘူး။ စတော့ကိတ်ကုန်းလို့ မခေါ်တာ နှစ်ပေါင်း သုံးလေးဆယ်လောက်တောင် ရှိပြီထင်ပါရဲ့။ သူတို့အားလုံးပြန်သွားကြပေမယ့် စောစောက၊ ကလေးမလေး မေးခဲ့တဲ့ ကိစ္စကို ဆက်ပြီး တွေးနေမိပါတယ်။ မနေ့တစ်နေ့ကလည်း သော်မဆင်ရိပ်သာနားမှာ မီးလန့်တဲ့အကြောင်းကို ရောက်နေတဲ့ လူငယ်သတင်းထောက်လေးတစ်ယောက်ကို ပြောပြလိုက်တော့ သူက သော်မဆင်ရိပ်သာဆိုတာ မသိလို့ ဗိုလ်တစ်ထောင် ဘုရားလမ်းပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ ကပ်လျက် ရပ်ကွက်ကို သော်မဆင်ရိပ်သာလို့ ခေါ်တဲ့အကြောင်း ပြောပြခဲ့ရပါသေးတယ်။

အတိတ်ကို စွဲကြသူတွေ…

ကျနော်တို့လို အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ကျော်တွေ စကားပြောကြတဲ့အခါမှာ ဒါလဟိုဇီလမ်း၊ ဖရေဇာလမ်း၊ ဘရွတ်ကင်းလမ်း၊ ဘားလမ်း၊ မော်ဂိုမာရီလမ်း၊ ခရစ်လမ်း၊ ဘုရင်မပန်းခြံ၊ ကံတော်မင်ပန်းခြံ စသဖြင့် ပြောကြတာကို လူငယ်တွေက မသိကြပါဘူး။ တကယ်တော့ မသိဘူတွေ အပြစ်မဟုတ်ပါဘူး။ လွတ်လပ်ရေး ရပြီးတဲ့နောက် အဲဒီနာမည်တွေကို မြန်မာနာမည်တွေနဲ့ ပြောင်းပြီးသားပါ။ အဲဒီနောက်မှ မွေးလာတဲ့ လူငယ်တွေကတော့ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ကလေးဈေးလမ်းလို့ပဲ သိကြမှာပေါ့၊ ကျနော်တို့ လူကြီးတွေကသာ နှုတ်မှာ စွဲနေတဲ့ အခေါ်အဝေါ်တွေကို မပြောင်းနိုင်ကြတာဖြစ်တယ်။ အသက်လေးဆယ်ကျော် ငါးဆယ်ကျော်တွေကတောင် “ဗိုလ်ချုပ်ဈေး”လို့ခေါ်နေကြပြီ ဖြစ်ပေမယ့် ကျနော်တို့ အရွယ်တွေကတော့ “စကော့ဈေး”လို့ပဲ နှုတ်ကျိုးနေကြဆဲဖြစ်တယ်။ လူကြီးက အပြောင်းအလဲကို မကြိုက်တဲ့သဘော။ အစွဲကို မချွတ်ချင်တဲ့ သဘောလို့ ကောက်ချက်ချမိတယ်။ စကားဝိုင်း ဖွဲ့ကြတဲ့အခါမှာလည်း ကျနော်တို့ အရွယ်တွေက အတိတ်အကြောင်းတွေပဲ ထပ်ခါတလဲလဲ ပြောမဆုံးနိုင်အောင် ရှိနေတတ်ကြတယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကို တယ်ပြီး မစဉ်းစားကြဘူး။ ပြောလည်း သိပ်မပြောကြဘူး။

သူ့ခေတ်နဲ့ သူ့အရွယ်…

မိသားစုတွေအတွင်းမှာ မိဘနဲ့သားသမီးကြောင့် နေ့စဉ် တကျက်ကျက်ဖြစ်နေရတဲ့အကြောင်းတွေ၊ နေရာတိုင်းမှာ လူကြီးနဲ့ လူငယ် သဟဇာတ မဖြစ်တဲ့ အကြောင်းတွေ၊ နေရာတိုင်းမှာ လူကြီးနဲ့ လူငယ် သဟဇာတ မဖြစ်တဲ့ အကြောင်းတွေ၊ မျိုးဆက်ကွာဟမှုဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတဲ့ အကြောင်းတွေကို ဆက်ပြီးတွေးမိတယ်။ အကြောင်းရင်းဇစ်မြစ်က လူကြီးတွေရဲ့ “အတိတ်စွဲ”ကြီးမှုနဲ့ လူငယ်တွေရဲ့ “ခေတ်စွဲ” ဒါမှမဟုတ် “ပစ္စုပ္ပန်စွဲ” ကြီးမှုတို့ ထိပ်တိုက်တိုးမိခြင်းလို့ပဲ ယူဆမိတယ်။ လူကြီးမိဘတွေက သားသမီး မြေးမြစ်တို့ကို ဆုံးမတဲ့အခါမှာ “တို့ငယ်ငယ်တုန်းက ဘယ်လိုဝတ်တာ၊ ဘယ်လိုပြောတာ၊ ဘယ်လို သီချင်းတွေ ကြိုက်တာ”လို့ အစချီပြောလေ့ရှိတယ်။ လူငယ်တွေက ရှေးဟောင်းတွေကို စိတ်မ၀င်စားတော့ဘူး။ ဂလိုဘယ်ခေတ် အင်တာနက်ခေတ်နဲ့ ကိုက်ညီတာတွေပဲ ကြိုက်ကြတယ်။ သူတို့ကို အပြစ်မတင်သင့်ဘူး။ ဒါ သဘာဝပဲ၊ သူ့အရွယ်သူ့ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်တာကိုပဲ သူတို့ကြိုက်မှာပေါ့။ အခု ခုနှစ်ဆယ်တန်း ရောက်နေတဲ့ ကျနော်တို့ငယ်ငယ်က ပရက်စလေတို့ ပက်ဘွန်းတို့ကို ကြိုက်၊ ရော့ခ်အင်ရိုးကိုကြိုက်၊ ကြိမ်ကွင်းစွပ်အကကို ကြိုက်တော့လည်း လူကြီးတွေက အရူးချီးပန်းတို့ ဖင်လိမ်ကွင်းတို့ ဆိုပြီး ကွပ်ညှပ်ခဲ့ကြတာပဲ။ အဲဒီတော့ ကျနော်တို့က လူကြီးတွေကို ဆန့်ကျင်ခဲ့ကြတာပေါ့။ ခုခေတ်ကလေးတွေ ဟစ်ပ်ဟော့ ဆိုကြကကြတာကို ကျနော်တို့က ရှုတ်ချရင်လည်း ကလေးတွေက ကျနော်တို့ကို ဆန့်ကျင်ကြမှာပဲ။ ဒါ သဘာဝပဲလေ။ ကျနော်တို့ “အတိတ်စွဲ”တွေ ချွတ်သင့်ပြီလို့ မထင်ဘူးလား။

ခပ်ညံ့ညံ့မဟုတ်ဘူး…

ခုတလော ဂျာနယ်မဂဇင်းတွေမှာ ရှေးခေတ်နိုင်ငံရေးသမားဟောင်းကြီးတွေက ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဆိုတာမျိုးတွေ ပြန်ရေးပြနေတာတွေ ဖတ်ရှုနေရသလို၊ တချို့ဂျာနယ် မဂ္ဂဇင်းတွေကလည်း ရှေးခေတ်နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေကို သရော်လှောင်ပြောင်တဲ့ ရှုတ်ချတဲ့စာတွေ ကားတွန်းတွေ ပြန်လည်ရှာဖွေတင်ပြနေကြတာတွေ တွေ့နေရတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် စာတွေကလည်း ဘယ်သူမှ မကောင်းဘူး။ ကျုပ်တစ်ယောက်ပဲ ကောင်းတယ်ဆိုတဲ့ စာမျိုးတွေဖြစ်ပြီး ပြန်လည်ဖေါ်ထုတ်တဲ့စာတေ၊ွ ကာတွန်းတွေကလည်း နိုင်ငံရေးသမားဆိုရင် ဘယ်သူမှ မကောင်းဘူး ဆိုတာမျိုးတွေချည့် ဖြစ်နေတယ်။ ပါတီထူထောင်ရေးတို့ ရွေးကောက်ပွဲတို့ ဒီမိုကရေစီတို့ကို မျှော်မှန်းနေကြချိန်မှာ၊ ဒီလိုဟာတွေ ဘာ့ကြောင့် ပြန်လည်တူးဆွ ဖေါ်ထုတ်တင်ပြနေကြတယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ အတိတ်ကို သင်ခန်းစာယူဖို့ပါလို့ အကြောင်းပြချက်ပေးတာလည်း သဘာဝမဟုတ်ပါဘူး။ ဟိုရှေးအတိတ်နဲ့ လက်ရှိပစ္စုပ္ပန်က အပုံကြီးကွာခြားသွားခဲ့ပြီးလေ။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းသွားသလို မြန်မာ့နိုင်ငံရေး အခင်းအကျင်း တွေလည်း အများကြီး ပြောင်းလဲခဲ့ပြီ။ မြန်မာလူထုကလည်း “ဒိုင်အာခီ” ခေတ် လူထုမဟုတ်တော့ဘူး။ ကိုလိုနီ နယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊ ပြူစောထီးခေတ်စတဲ့ ခေတ်အမျိုးမျိုးကို ဖြတ်ကျော်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိနေကြပြီ။ တော်ရုံ “ဥာဏ်တစ်ထွာတစ်မိုက်”နဲ့ လှည့်စားလို့ မရတော့ပါဘူး။ လိမ်တာကို လိမ်မှန်း ညာတာကို ညာမှန်း ကောင်းကောင်း ခွဲခြားတတ်နေပြီ။ လူတစ်ယောက်ပါးစပ်ဟလိုက်တာနဲ့ သူတော်ကောင်းလား၊ သူယုတ်မာလားဆိုတာကို အဲဒီလူ စကားမဆုံးခင်မှာတောင် သိနေတဲ့ အင်တာနက်ခေတ် လူထုဖြစ်တယ်။ ခပ်ညံ့ညံ့ မဟုတ်ပါဘူး။

ခေါင်းပေါ်က အထုပ်ကြီး…

အခါခပ်သိမ်း နောက်ပြန်လှည့်ကြည့် လှည့်ကြည့်လုပ်နေရင်၊ ဘယ်လိုလုပ်ပြီး ရှေ့ရောက်မှာလဲ၊ အရေးကြီးတာက ပစ္စုပ္ပန်ဖြစ်တယ်။ မျက်မှောက်ခေတ်ရဲ့ လိုအပ်ချက်အရ၊ လုပ်သင့်လုပ်ထိုက်တာတွေ၊ လုပ်နိုင်တာတွေကို ရှောင်ဖယ်ရှောင်ဖယ် လုပ်မနေဘဲ ဇွဲသတ္တိ ခိုင်ခိုင်မြဲမြဲနဲ့ ရှေ့ဆက်သွားဖို့သာ ဖြစ်တယ်။ အတိတ်ကို ပြန်ကြည့်ပါ။ အနာဂတ်ကို မျှော်ကြည့်ပါလို့ ပြောနေတာဟာ ပစ္စုပ္ပန်မှာ ဘာမှ မလုပ်တဲ့ လူတွေရဲ့ အကြောင်းပြချက်ဖြစ်တယ်။ အတိတ်က ဘိုးဘွားတွေ သူတို့ လုပ်နိုင်သလောက် လုပ်ခဲ့ကြလို့ လွတ်လပ်ရေး ရခဲ့ပြီ။ အနာဂတ်မှာလည်း နောင်လာမယ့် အနာဂတ်ရဲ့ မျိုးဆက်တွေက ဆက်လုပ်သွားကြမှာပဲ။ ပစ္စုပ္ပန်မှာ ရှိနေသူတွေက နောက်ပြန်ကြည့်လိုက်၊ ရှေ့မျှော်ကြည့်လိုက်နဲ့ပဲ ဘာမှမလုပ်ဘဲ နေလို့ဖြစ်မလား။ ကိုယ့်ခေတ်မှာ ကိုယ့်တာဝန်တော့ ကျေအောင် လုပ်ရမှာပေါ့။ အဲဒီလို တာဝန်ကျေဖို့အတွက် “အတိတ်”ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို ရွက်ထားရာက လွှတ်ချလိုက်ပါတော့လို့ ပြောချင်တယ်။ အထူးသဖြင့် ကျနော်တို့ မျိုးဆက်တွေကိုပါ တကယ်လို့ ကိုယ်က လွှတ်မချနိုင်၊ လွှတ်မချချင်လည်း ကိုယ့်ခေါင်းပေါ်မှာပဲ ရွက်ထားကြပါ။ နောက်မျိုးဆက်လူငယ်တွေရဲ့ ခေါင်းပေါ်ကိုတော့ အဲဒီ “အတိတ်ဝန်ထုပ်ဝန်ပိုးကြီး” ကို တင်မပေးလိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံလိုက်ပါရစေ။

လူထုဦးစိန်ဝင်း
(လူထုရနံ့စာစုမှ ကူးယူဖော်ပြသည်)

A

B

C

The Kitchen မီးဖိုချောင်