Thursday, April 8, 2010

အရူး

အရူး
Written by ယဉ်ယဉ်နု(မန္တလေး)
ပေဖူးလွှာ မဂ္ဂဇင်း

“မိထားတော့ ထွက်သွားပြီ ဆရာကျော်”

“ဟောဗျာ ၁၅ရက် သမီးလေးကို ထားပစ်ခဲ့တယ်”

“ဟုတ်တယ် ဆရာကျော် ဘယ်လို စဉ်းစားပြီး ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ ကျုပ် ကျုပ်” ပြောနေရင်းနဲ့ အေးလွင် အသံတွေတုန်ပြီး တိမ်ဝင်သွားတယ်။ ကျောင်းသွားမယ့် တန်းလန်း စက်ဘီးလေးနဲ့ ထွက်လာတဲ့ ကျောင်းဆရာ ကိုဘကျော်လည်း စက်ဘီးဒေါက်ထောက်ပြီး ဆင်းလိုက်ရတယ်။ အေးလွင် လက်ထဲက အနှီးထုတ်ကလေးနဲ့ ၁၅ရက်သမီးလေးကတော့ လောကကြီးရဲ့ မာယာတွေ၊ ဒဏ်ရာတွေကို ဘာမှ ဂရုပြုမိပုံ မပေါ်ဘဲ မျက်လုံးလေး မှေးစက်ပြီး အိပ်လို့။

အဲဒီနေ့က ကျောင်းသာရောက်တယ်။ ကိုဘကျော်စိတ်တွေ မကြည်လင်တော့ဘူး။ မထားထွက်သွားတဲ့ အကြောင်းကို ခြေရင်းအိမ်က ကုမ္ပဏီကို အစောကြီး ထွက်သွားရလို့ မသိလိုက်တဲ့ အရောင်းသမား ကိုစည်သူ သိရင်လည်း သူ့လိုပဲ စိတ်မကောင်းဖြစ်နေမှာလို့ တွေးရင်းနဲ့ အရပ်ထဲကို မထားတို့လင်မယား ရောက်လာတဲ့နေ့ ပြန်စဉ်းစားမိနေတယ်။

“ဟဲ့ ကောင်မ အခုထွက်ခဲ့ စုကြေးတွေ မပေးဘဲ လစ်ပြေးတဲ့ ကောင်မ။ နင် ပေးရမယ့် နှစ်သောင်းခွဲ အခု ချက်ချင်းပေး”

နေ၀င်စ ရှိသေးတယ်။ အိမ်ရှေ့ကနေ ရိုင်းရိုင်းစိုင်းစိုင်း စူးစူးဝါးဝါး အော်လိုက်တဲ့ မိန်းမသံ တစ်သံကြောင့် ဆရာကျော် ထမင်းစားပြီး သောက်နေတဲ့ ရေနွေးခွက် ပြုတ်ကျမလို ဖြစ်သွားတယ်။ “ဘာလဲကွ” လို့ မိန်းမကို မေးမိတော့ “ကျွန်မလည်း မသိဘူး” ဆိုတဲ့ ဆရာကတော် မလှလှ အသံ အဆုံးမှာ “ဟဲ့ကောင်မ သူများရှေ့လာဟောင်မနေနဲ့ လစ်ပြေးတာ မဟုတ်ဘူး။ ယောက္ခမကခေါ်လို့ အိမ်ပြောင်းလာတာဟဲ့။ နင့်စုကြေးမပေးချင်လို့ မပေးတာ၊ အချိန်တန်တော့ ရလိမ့်မယ်ပေါ့” ဆိုပြီး ပထမ မိန်းမထက် ပိုပြီး ပြင်းထန်စူးရှ ရိုင်းစိုင်းတဲ့ မိန်းမသံတစ်သံ ခေါင်းရင်းအိမ်ထဲက ပေါ်လာတယ်။ ကိုဘကျော် ပိုလန့်သွားတယ်။

ထိုင်ရာကထပြီး အိမ်ရှေ့ရောက်တော့ မိန်းမနှစ်ယောက်ဟာ ခြံဝန်းထဲက တစ်ယောက်၊ လမ်းပေါ်ကတစ်ယောက် အပြင်းအထန်ပေါက်ကွဲပြီး စက်သေနတ်ပစ်သလို ဆူညံ အော်ဟစ် ရန်ဖြစ်နေကြပြီ။ တခြားက လာတဲ့ မိန်းမထက် ခေါင်းရင်းအိမ်က မိန်းမက ပိုပြီး အော်နိုင် ဟစ်နိုင်တယ်။ ပိုပြီး ရိုင်းတယ်။ တစ်ရပ်ကွက်လုံး အုံခဲနေအောင် ထွက်ကြည့်နေကြတာကိုမှ အားမနာဘဲ တိုင်းထွာ ဆဲရေးနေကြတာ။ ကိုဘကျော် စိတ်ပျက်ပျက်နဲ့ ခေါင်းခါမိတယ်။

အဲဒီ လင်မယား နှစ်ယောက်က ခေါင်းရင်းအိမ်ရဲ့ ခြေရင်းဘက်မှာ အဖီချပြီး နေကြတာ။ ကိုဘကျော်တို့ ဘုရားစင်နဲ့ ကပ်နေတာ။ နောက်တစ်နေ့ မနက် ကိုဘကျော် ကြည်ကြည်လင်လင်နဲ့ နိုးလာပြီး သောက်တော်ရေချမ်းကပ်၊ ဆီမီးပူဇော် ဘုရားမှ ရှိခိုးမလို့ ရှိသေး

“ကိုအေးလွင် ကိုအေးလွင် ဘယ်အချိန် ရှိပြီလဲ။ နေဖင်ထိုးနေပြီ၊ ထတော့ ဒီလိုပုံစံမျိုးနဲ့ ခွက်ဆွဲပြီး တောင်းစားရလိမ့်မယ်။ ကျက်သရေ မရှိဘူး”

ဆိုတဲ့ စူးစူးဝါးဝါး စီစီညံညံ အသံက နားနားမှာ ကပ်အော်လိုက်သလို ထွက်ပေါ်လာတယ်။ ဟိုဘက်အိမ်က မိန်းမရဲ့ အသံလေ။ စိတ်ပျက်ပျက်နဲ့ ဘုရားကို ဦးသုံးကြိမ်ချပြီး ကိုဘကျော် ကြေးစည်ကို နာနာ ဖိထုပစ်လိုက်တယ်။ ဒုက္ခပါပဲ။ ဒီလို အိမ်နီးနားချင်းမျိုးနဲ့ ဟိုဘက်၊ ဒီဘက်နေရမယ့် ကိစ္စကို တွေးပြီး ကိုဘကျော် သက်ပြင်းချမိအောင် စိတ်လေးမိတယ်။

“တော့်နှယ်တော်၊ သူ့ဘာသူနေ၊ ကိုယ့်ဘာကိုယ် နေတာပဲ” လို့ အိမ်သူဇနီးက ပြောရလောက်အောင်ဖြစ်တော့ ကိုဘကျော်က “ဟ လှလှရ လူဆိုတာ တစ်ယောက်တည်းနေလို့ မရဘူးကွ။ ပတ်ဝန်းကျင်နဲ့ နေတဲ့ သတ္တ၀ါ၊ ငါတို့ အမေ မိဘများ ဆုတောင်းရင် အိမ်နီးနားချင်း ကောင်းပါစေလို့ ရှေးလူကြီးတွေ ထည့်ဆုတောင်းကြတာ၊ ငါတို့ ရပ်ကွက်က တစ်အိမ်နဲ့တစ်အိမ် ဆက်နေတာ။ သူပြောကြား၊ ကိုယ်ပြောကြား ဘယ်လိုပဲ ကင်းအောင်နေနေ ဒီလောက် စရိုက်ကြမ်းတဲ့ မိန်းမနဲ့ ကပ်လျက် နေရတာ ငါတော့ စိတ်မချမ်းသာဘူး” လို့ ကိုဘကျော် ပြောမိတယ်။ ပြောမိပြီး မကြာပါဘူး။ တစ်ပါတ်တောင် ပြည့်မယ် မထင်ဘူး။ မလှလှနဲ့ မထားနဲ့ ပြဿနာ တက်ကြပါလေရော။

အဲဒီနေ့က တပည့်ဟောင်းတွေ ကိုဘကျော်ကို ပစ္စည်း ပစ္စယတွေနဲ့ လာကန်တော့တာ။ မထားက မြင်သွားပါလေရော။ တစ်ပါတ်လောက်ကြာပြီ ဆိုတော့ မလှလှနဲ့ မထားလည်း ပြောတစ်ခွန်း၊ မေးတစ်ခွန်းနဲ့ စကားပြောဖြစ်ကြတယ်။ မလှလှက “ကိုဘကျော်၊ တပည့်တွေပါ ဆရာဝန်ဖြစ်တဲ့လူနဲ့ သူနာပြုဆရာမ၊ ကျောင်းဆရာမ ဖြစ်တဲ့လူနဲ့ စုပြီး လာကန်တော့ကြတာ” ဆိုတော့ မထားက . . .

“အမယ်လေး အံ့သြပါ။ ၆ နှစ်၊ ၇ နှစ် စာသင်ပြီး ဘာလုပ်ဖို့တုန်း ကျုပ်တို့တော့ ကလေးကို ၂တန်းက နုတ်ပြီး စားပွဲထိုး လုပ်ခိုင်းတယ်။ အကြီးမ ကောက်စိုက်တယ်။ ကိုအေးလွင်နဲ့ မရခင် အရင်ယောက်ျားက မွေးတဲ့ဟာတွေလေ။ ပညာတတ်တာ ဘာလုပ်ဖို့တုန်း”လို့ ငါသိ ငါတတ် ပြောပါလေရော။ မလှလှက ကျောင်းဆရာကတော် ဆိုတော့ ပညာတန်ဖိုးကို စော်ကားတဲ့ စကားမို့၊ သူ့ယောက်ျား အလုပ်အကိုင် စော်ကားတယ်လို့ ထင်ပေမယ့် ခပ်စာစာမို့ ပြန်မပြောဘဲ ကြောင်ကြည့်နေတုန်း ဖြတ်သွားရင်း ကြားတဲ့ ကိုစည်သူက . . .

“အို မထားနှယ်၊ ပညာတတ်တော့ လူရာဝင်တာပေါ့။ လူ့အောက်မကျဘူးပေါ့” လို့ ၀င်ပြောတယ်။ မဟာပညာကျော် မရွှေထားက . . .

“အမယ်လေး ကျုပ်တို့မြိုင်က ပွဲရုံပိုင်ရှင် ကိုရွှေသီး လူရာဝင်ပါ့တော်၊ တစ်မြို့လုံး သူလှူထားတာချည်းပဲ။ ဘာပညာမှ မတတ်ပေါင်” လို့ ပြောသတဲ့။ ကိုဘကျော်ကတော့ ဝေးဝေးရှောင် တစ်ခွန်းပဲ ပြောနိုင်တယ်။ ကိုဘကျော် သူငယ်ချင်း ကိုစည်သူကတော့ မရှောင်နိုင်ရှာဘဲ တည့်တည့်တိုးတော့တယ်။ ဖြစ်ပုံက ကိုဘကျော်နဲ့ ကိုစည်သူတို့ အိမ်ကြား လမ်းမပေါ်မှာ ဗွက်အိုင်ဖြစ်ပြီး ရေတွေ တင်ကျန်နေတဲ့အချိန် မထားရဲ့သမီး ၆ နှစ်၊ ၇နှစ်လောက် ကောင်မလေးက ဗွက်ထဲ ထိုင်ပြီးတော့ ရေတွေ ခပ်ချိုးနေတယ်။ ဆေးကုမ္ပဏီက အရောင်းသမားဖြစ်တဲ့ ကိုစည်သူက ရောဂါတွေ၊ ရောဂါပိုးတွေအကြောင်း ဆရာဝန်လောက် နီးပါး နားလည်နေတာနဲ့. . .

“ဟ ကောင်မလေး ဘယ့်နှယ် ဗွက်ရေတွေ ချိုးနေရတာလဲ။ ဗိုင်းရပ်စ်ပိုးတွေ ၀င်ပြီးတော့ ယားနာတွေ ပေါက်ကုန်တော့မှာပဲ။ ထ အခုထ အခုထ ဆပ်ပြာတိုက်ပြီး ရေချိုးပစ် ထလေ” လို့ ခပ်ငေါက်ငေါက် ပြောတော့ အိမ်ထဲက မထား ပြေးထွက်လာပြီး

“အံမာ သူများ သားသမီးကို ငေါက်ငမ်းလို့ မိထားနဲ့ တွေ့သွားမယ်။ ဘာမှတ်လဲ။ ချိုး သမီး ချိုး လှဲအိပ်လိုက်ဦး” ဆိုပြီး သူ့သမီးကို ဗွက်အိုင်ထဲ လှဲအိပ်ခိုင်းတယ်။ ဒီကတည်းက ကိုဘကျော်ရော၊ မလှလှရော၊ ကိုစည်သူတို့ရော၊ မထားကို အရိပ်မြင်ရင် ရှောင်ရတော့တာပဲ။

ဒီကြားထဲမှာ မထားက ကိုယ်ဝန် ရှိလာတယ်။ အရင် ယောက်ျားတွေနဲ့ သုံးလေးယောက် မွေးဖူးပေမယ့် ကိုအေးလွင် အတွက် သားဦးဆိုတော့ ကိုအေးလွင်က မျှော်လင့်တယ်။ ကိုအေးလွင်ရဲ့အမေ ဒေါ်ကြီးတင်ကလည်း မြေးလိုချင်တယ်။ မထားကတော့ ကိုယ်ဝန် ရှိနေလည်း ပါးစပ်သေနတ် ပစ်တာကို မရှောင်ဘူး။ ဒီကြားထဲ ကုန်စိမ်းသည်နဲ့ ရန်ဖြစ်လိုက်၊ ပန်းသည်နဲ့ ရန်ဖြစ်လိုက်၊ ကက်ကက်လန် အော်လိုက်၊ သူနဲ့ ရန်ဖြစ်တဲ့ သူတွေက ကလေး ကန့်လန့်မွေး သေမယ့်ကောင်မလို့ ကျိန်ဆဲလိုက်၊ သူမရောက်ခင်က တိတ်ဆိတ်နေတဲ့ အရပ်ကလေးမှာ စီကနဲ ညံကနဲ မကြားလိုက်နဲ့ ဗိုက်ကြီး တဗြဲဗြဲနဲ့ မထားချည်းဖြစ်နေတယ်။ ကိုးလ၊ ဆယ်လအလွန်မှာ ကိုဘကျော်ဆီကို မထား ယောက္ခမ ဒေါ်ကြီးတင် မျက်နှာငယ်လေးနဲ့ ရောက်လာတယ်။

“ဆရာရယ် ငွေလေး နည်းနည်းပါးပါး လှည့်စမ်းပါဦး။ မိထားကို ဆေးရုံတင်ရတယ်။ ကိုယ်ဝန် ကန့်လန့် ဖြစ်နေလို့ ခွဲရမယ်တဲ့ ဆရာရယ်” ကိုဘကျော် ကျိန်ဆဲသံတွေကို ပြန်သတိရပြီး ထိတ်ကနဲ ဖြစ်သွားတယ်။ ဒေါ်ကြီးတင်နဲ့ ကိုအေးလွင် မျက်နှာ ရှိပါသေးတယ်လေ ဆိုပြီး ရှိစု၊ မဲ့စုထဲက ငွေတစ်သောင်း ချေးလိုက်တယ်။ မထားဆေးရုံမှာ ကြာသင့်တာထက် ပိုကြာပြီး ကလေးက အိမ်ရောက်လာတယ်။ ကိုဘကျော် စိတ်အထင်၊ ဆေးရုံတက်လို့ ၁၅ ရက်လောက်ရှိတော့ မလှလှက အရေးတကြီး မျက်နှာမျိုးနဲ့ “ကိုဘကျော် ကိုဘကျော် ဒီမယ် မထားက အေ ဖြစ်နေတာတဲ့တော့” လို့ ပြောတော့ ကိုဘကျော်က “ဟေ့ သူများကိစ္စ မဟုတ်ဘဲနဲ့ မပြောနဲ့” လို့ ဟန့်ပေမယ့် . . .

“ဟုတ်တယ်တဲ့တော့ ခွဲမွေးရမှာ ဆိုတော့ သွေးစစ်ရတယ်လေ။ အဲဒီမှာ ဆရာဝန်ကြီးက ကိုအေးလွင်ကို ခေါ်ပြောလို့ မျက်ရည်တွေနဲ့ ပြန်လာတာတဲ့။ ဘီလား၊ စီလားဆိုတော့ မဟုတ်ဘူး။ အေမို့လို့ ကလေးတောင် နို့မတိုက်ရဘူးတဲ့။ မထားကတော့ မျက်နှာတချက် မညှိုးဘူး။ ဒါများ အဆန်းလုပ်လို့ ငါသိသားပဲ။ ဆေးသောက်နေတယ်လေလို့ ပြောတယ်တဲ့။ သနားပါတယ်တော်။ ကလေးလေး မကူးတာ ကံကောင်းလို့ ကိုအေးလွင်လည်း ကူးနေပြီပေါ့” ဆိုရင်း မလှလှ စိတ်မကောင်း ဖြစ်နေတယ်။ ကိုဘကျော်လည်း ငိုင်ငိုင်ကြီး ဖြစ်သွားတယ်။ မအေရော၊ ဖအေရော ပိုးရှိနေပြီ။

မွေးထားတာက သမီးလေး ဖြူဖြူဝိုင်းဝိုင်း လှက လှနဲ့ ကလေး မျက်နှာမြင်ရင် တစ်ရပ်ကွက်လုံးက ချစ်ခင်ကြတာ။ မြှူကြ။ ချီကြနဲ့ မွေးစပေါက် ကလေးလေး မျက်နှာပန်း ပွင့်လန်းနေလိုက်တာ။ မထားဆေးရုံက ပြန်ဆင်းလာတော့ ကလေးကို နို့မတိုက်ရလို့ လက်သာကိုယ်ကျွတ် ဖြစ်နေတယ်။ ကလေးက ဒေါ်ကြီးတင် လက်ထဲမှာချည်းပဲ။ ရပ်ကွက်ကတော့ ထုံးစံအတိုင်း မထား ဆိုးခဲ့တာတွေ မေ့ပြီး ကလေးကို သနားကြတာပေါ့။ တစ်ရက်မှာ ကိုအေးလွင်နဲ့ မထား အကြီးအကျယ် ရန်ဖြစ်ကြတယ်။ မထားရဲ့ စူးစူးဝါးဝါး အသံကို တစ်ရပ်ကွက်လုံး ကြားရတယ်။

“နို့မှုန့်ဘူးဖိုး တတ်နိုင်ပါ့မလား” ဆိုပြီး ဆရာကြီးတောင်းတုန်းက နင်ဘာလို့ မပေးခဲ့တုန်း။ ခုမှ ပိုက်ဆံမရဘူးလို့ မပြောနဲ့”

“ငါလည်း ရှာတာပဲ။ ဒါပေမယ့် ယူနီဆက်ဘူးက ငါးထောင်ကျော်တောင်”

“နင်မတတ်နိုင်ရင် ကလေးကို ပေးပစ်လိုက်”

ကြားရတာ စိတ်မချမ်းသာစရာကောင်းလိုက်တာ။ မနက်ရောက်တော့ မလှလှက နွားနို့ ၅၀၀ ဖိုးဝယ်၊ ကျက်ကျက်ကြိုပြီး ဒေါ်ကြီးတင်ကို သွားပေးတယ်။ နို့ဘူးထဲ နွားနို့ထည့်ပြီးတော့ တပြွတ်ပြွတ် စုပ်နေတဲ့ ကလေးလေးကို ၀ိုင်းသနားနေကြတယ်။ ကိုစည်သူနဲ့ ကိုဘကျော်နှစ်ယောက် ပေါင်းပြီး ယူနီဆက် နို့မှုန့်ဘူးတစ်ဘူး ဝယ်ပေးလိုက်တယ်။

“အမေကြီး ယူနီဆက် နို့မှုန့်ဘူးအစား နန်းဝေနို့မှုန့် တိုက်ပါလား။ တစ်ထုပ်မှ တစ်ထောင်ကျော်ရယ်” လို့ ကိုဘကျော်က ပြောတော့ ဒေါ်ကြီးတင်က မျက်နှာငယ်လေးနဲ့ ကြည့်နေတယ်။ တစ်ရပ်ကွက်လုံး ဝိုင်းထိန်းတဲ့လူနဲ့ နို့မှုန့်ဝယ်တဲ့လူနဲ့ မထားသမီးလေးကို ၀ိုင်းပံ့ပိုးနေကြတာ။ ဟော ဒီနေ့မနက်တော့ အိမ်က ထွက်သွားပြီတဲ့။

ကလေးဟာ ဒေါ်ကြီးတင် လက်ထဲမှာပဲ ရယ်တတ်၊ ပြုံးတတ်လာတယ်။ ကိုအေးလွင်ကတော့ သူ့အမေကောင်းလို့ သမီးလေး အသက်ရှင်တာ မိထားပြန်လာလည်း မပေါင်းတော့ဘူးလို့ တတွတ်တွတ် ပြောတယ်။ ဒီလိုနဲ့ တစ်လ၊ နှစ်လ ထပ်ကြာသွားတယ်။ နေ့လည်ခင်းဆို ကိုဘကျော်တို့အိမ်မှာ စောင်ပုခက်ဆင်လို့၊ တစ်ရပ်လုံးက သားသည် အမေတွေစုလို့ မလှလှနဲ့အတူ ကလေးလေး ပုခက်လွှဲ၊ စကားပြောကြ၊ စည်ကားနေလိုက်တာ၊ ကိုစည်သူတို့၊ ကိုဘကျော်တို့လည်း ကိုအေးလွင် သမီးလေးကို ကိုယ့်တူမလေး တစ်ယောက်နဲ့မခြား ချစ်ခင်တွယ်တာလာတဲ့ တစ်ရက်မှာ မနက် ကိုဘကျော် ကျောင်းမသွားခင်

“ထွက်သွား ထွက်သွား မိန်းမရွှင်မ ညည်းမျက်နှာ ငါမကြည့်ချင်ဘူး” ဆိုတဲ့ ဒေါ်ကြီးတင်ရဲ့ ငိုသံပါကြီးကို ကြားလိုက်ရတော့ ကိုဘကျော် အံသြတကြီးနဲ့ အိမ်ရှေ့ကို ထွက်ကြည့်မိတယ်။ ဒေါ်ကြီးတင်တို့ အိမ်ရှေ့မှာ ဆိုင်ကယ် တစ်စီးနဲ့ ခပ်တင်းတင်းရပ်နေတဲ့ မထားကို အံ့သြစရာကောင်းလောက်အောင် မြင်တွေ့လိုက်ရတယ်။

ဆွဲသားလုံချည်နဲ့ ရယ်ဒီမိတ် အင်္ကျီနဲ့ မိတ်ကပ်တွေဖွေးလို့ ဒေါက်ဖိနပ်ကို ဟန်ပါပါစီးထားတဲ့ မထားက ဒေါ်ကြီးတင်ကို လုံးဝ ဂရုမစိုက်ဘဲ

“ကိုအေးလွင် ကိုအေးလွင်” လို့ ခေါ်နေတယ်။ ဒေါ်ကြီးက ခြံပေါက်ဝကို ထွက်လာပြီး

“ထွက်သွား ထွက်သွား” ဆို ကုန်းအော်တယ်။ တဖြည်းဖြည်းနဲ့ လူတွေ အုံလာတယ်။ ကိုစည်သူလည်း ရောက်လာတယ်။ ကိုအေးလွင်က ပျာယာပျာယာ အိမ်ထဲက ထွက်လာပြီး

“အမေ တော်ပါဗျာ သွားသွား အိမ်ထဲဝင်” ဆိုပြီး ဒေါ်ကြီးတင်ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး အိမ်ထဲကို ဆွဲသွင်းတယ်။ ဒေါ်ကြီးက

“ငါမ၀င်ဘူး ဒီကောင်မ လူမဆန်အောင် ကလေးကို ပစ်သွားတာ၊ ကောင်းသလား ဖယ် ငါရိုက်လွှတ်မှာ” ဆိုပြီး ရုန်းတယ်။ ကိုအေးလွင်က

“အမေဗျာ” ဆိုပြီး တောက်ခေါက်တော့ ကိုစည်သူနဲ့ ကိုဘကျော် မျက်စိလည်ချင်သလိုလို ဖြစ်သွားတယ်။ ဘယ့်နှယ်လဲ မထားကို စိတ်ဆိုးရမှာ၊ ပြောပစ်ရမှာ မဟုတ်လား။ အခု ကိုအေးလွင်က အမေကြီးကိုပဲ တားနေတယ်။ အမေကြီး ကလည်း တားမရဘူး။ ကိုအေးလွင် ဒေါသတွေ ဖြစ်သွားပြီး

“အမေဗျာ”ဆိုပြီး အုတ်ခဲကျိုးနဲ့ ကြုံရာနေရာကို ပစ်လိုက်တာ၊ ၀ိုင်းကြည့်နေတဲ့ လူတွေ ရှဲသွားတယ်။ အဲဒီလိုနေတုန်းမှာ မထားက အလွန် အံ့သြစရာကောင်းတဲ့ စကားတစ်ခွန်း ပြောလိုက်တယ်။

“ကျွန်မက အိမ်ငှားပြီးပြီ။ ကျွန်မယောက်ျားနဲ့ ကျွန်မကလေးကို လာခေါ်တာ။ ဘာပြဿနာ လုပ်နေတာတုန်း၊ ကိုအေးလွင် ထော်လာဂျီလည်း ငှားလာခဲ့ပြီ ပစ္စည်းတွေတင်လေ” လို့ အလွန် ခန့်ညားတဲ့ လေသံနဲ့ ကိုအေးလွင်ကို အမိန့်ပေးလိုက်တယ်။ ကိုအေးလွင်လည်း အိမ်ထဲ ပြန်ဝင်သွားပြီး ခြင်ထောင်တွေ၊ စောင်တွေ၊ ဖြုတ်သိမ်းနေတယ်။ ဒေါ်ကြီးတင်ကတော့ ဟီးတိုက်ငိုနေပြီ။ မထားက ခပ်တည်တည်နဲ့ လက်ပိုက်လို့။ ကိုဘကျော်၊ ဒီရှုခင်းကိုကြည့်ရင်း ရယ်ချင်ချင်ဖြစ်လာတဲ့အချိန် သူ့ဘေးက ပြင်းထန်တဲ့ တောက်ခေါက်သံကြီးကို ကြားရလို့ လှည့်ကြည့်လိုက်တော့ မျက်နှာကြီး နီရဲအောင် စိတ်ဆိုးနေတဲ့ ကိုစည်သူကို တွေ့လိုက်ရတယ်။

“ဒီကောင် အေးလွင် အရူးပဲ” တစ်ခွန်းတည်းပြောပြီး ကိုစည်သူ လှည့်ထွက်သွားတယ်။ ဆိုင်ကယ်ပေါ်တက်ပြီး ရုံးသွားမလို့ အမြန် မောင်းသွားတော့တယ်။ ကိုဘကျော်ကတော့ တစ်နေ့လုံး ကျောင်းမှာ စာသင်အားတဲ့ အချိန်တိုင်း တခွိခွိနဲ့ ရယ်ချင်ပက်ကျိဖြစ်နေတယ်။ ကြည့်ပါဦး ကိုအေးလွင်တို့များ ဘယ်အချိန်ကတည်းက မထားနဲ့ ပြန်ပြေလည်ပြီး ဒီအကြံအစည်ကို ရခဲ့ကြတာပါလိမ့်။ ကိုအေးလွင်က သူ့အမေကိုရော၊ ရပ်ကွက်ကိုရော ပိပိရိရိ လိမ်သွားတာ၊ သူတို့ အိမ်ခန်း မငှားနိုင်ခင် အထိ သမီးလေးကို ရပ်ကွက်နဲ့ အမေ့လက်ထဲ အပ်ပြီး သူတို့က ငွေကျိတ်စုနေကြတာ။

ကိုဘကျော်လို ဘွဲ့ရရော၊ တစ်ရပ်ကွက်လုံးရော သူတို့ ဆူရင် ဆူခြင်း၊ ငိုရင်ငိုခြင်း လိုက်ပြီးတော့ ခံစားနေကြရတာ အချိန်တွေပေး၊ ငွေတွေ အကုန်ခံပြီး ကလေးလေးကို သနားကြ၊ ကိုအေးလွင်ကို သနားကြ၊ မထား အတင်းတွေ ပြောကြနဲ့

“အင်း ရူးလည်းရူးတဲ့ ငါတို့တွေ၊ သူများကိစ္စကို ၀င်ခံစားပြီး ဒေါသတွေ အကုသိုလ်တွေ ပွားကြတာ။ တကယ်တော့ ငါတို့က အရူးတွေပဲနော်”

ဒါပေမယ့် ကိုဘကျော် ကျောင်းက အပြန် ကိုစည်သူ အလုပ်က အပြန် လက်ဖက်ရည်ဆိုင်မှာ စကားစပ်ပြီး ဒီအကြောင်း ပြောတော့ ကိုစည်သူက မထင်မှတ်ဘဲ ဒေါသအိုး ပေါက်ကွဲတော့တယ်။

“ဘာဗျ အကုန်လုံး ၀ိုင်းကူညီတဲ့ ကျုပ်တို့က အရူးဟုတ်လား၊ ဒီမယ် ကျောင်းဆရာ၊ ကျုပ်တို့က မရူးဘူးဗျ။ ဟိုကောင်အေးလွင်ကသာ အရူး သိလား”

ကိုယ့်ဟာကိုယ် ရူးမှန်းသိတဲ့ လူက တော်သေးတယ်။ ကိုယ့်ဟာကိုယ်ရူးလို့ ရူးမှန်းမသိတဲ့ လူက ပိုဆိုးတယ်လို့ စဉ်းစားရင်း ကိုဘကျော်၊ ကိုစည်သူ မျက်နှာကို ငေးကြည့်နေမိပါတော့တယ်။

ယဉ်ယဉ်နု(မန္တလေး)
(မူပိုင်) ပေဖူးလွှာ မဂ္ဂဇင်း
http://www.paephuhlwarmagazine.asia/

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်