Wednesday, April 7, 2010

ဆိုင်ကယ်လှလှလေးတွေ...


ဆိုင်ကယ်လှလှလေးတွေ...
ရေးသူ ဇာဂနာ

ပုဇွန်သေစေသော တော်သလင်းနေသည် ကျွန်တော့်အား ကောင်းစွာဒုက္ခပေးနေတော့၏။ အကြိုအကြားများပါမကျန် ဒရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့်တကိုယ်လုံးမှာ ရွှဲနစ်နေတော့သည်။

ခန္ဓာကိုယ်အောက်ပိုင်းတခုလုံးမှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်များလောက်အောင်ပင် ထုံကျင်နေတော့၏။

မဖြစ်ခံနိင်ပါရိုးလား။

ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ။

အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်ထောက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကို ယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေသည်။

ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါတော့ဘိ။

မိမိတို့သည် သူပုန်လည်းမဟုတ် ဓားပြလည်းမဟုတ်ပါပဲလျက် အဘယ့်ကြောင့် ဤသို.ဤနှယ် လူ့တန်ဘိုးကို လျစ်လျူရှုသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိင် ဖြစ်ရလေသည်။

ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ဟု ဆိုရပြန်ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ် ကာလကပင် ၀ိုင်းအုံ ကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရားတပေါင်းပွဲတော်တမျှ စည်ကားနေပေရာ ဤအချက်သည် မဖြစ်နိင်ပါချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည်။

ဤအချက်သည်လည်း မအောင်မြင်နိင်ပါချေ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားဝတ္တုများနှင့် ကြီးပြင်းလာရသော ကျွန်တော်သည် ခေသူမဟုတ်ရကား ကားရပ်ပုံ မောင်းပုံချိုးကွေ့ပုံ တို့ကို စိတ်ဖြင့်မှန်းပြီး ဟော သိမ်ကြီးဈေး၊ ဘုန်းကြီးလမ်း၊ ပြည်လမ်း၊ ဦးဝိစာရလမ်း စသည်ဖြင့် မှတ်သားလာနိင်ခဲ့ပေသည်။

"ခ၀ဲခြံရောက်မယ် တက်တက်" ဟူသော ကားစပယ်ယာများ၏အသံကို ကြားရသည့်အခါ အော်...မရမ်းကုန်းလမ်းဆုံရောက်ပြီကိုး ဒါဆို တို့ကို ထောက်လှမ်းရေး၆ နဲ့ ရေကြည်အိုင် တခုခုကို ပို့မှာသေချာပြီဟု တွက်ဆမိလိုက်၏။ များမကြာမီပင် ကျွန်တော်တို့၏ တီအီး၁၁ ကားကြီးသည် လက်ျာဘက်သို့ ချိုးကွေ့လိုက်ရာ ထောက်လှမ်းရေး၆ ပဲဟု တထစ်ချ ယူဆလိုက်ရပါတော့သည်။

မြေနီလမ်းအတိုင်း မောင်းချလာသော ကိုရွှေတီအီးသည် လက်ျာဘက်ကို ထပ်မံချိုးပြီးနောက် ကုန်းခပ်မြင့်မြင့်တစ်ခုကို တက်ကာ သက်ပြင်းခပ်ကြမ်းကြမ်းတခု မှုတ်ထုတ်ပြီးနောက် ရပ်ချလိုက်လေတော့သည်။

"ဟေ့ တယောက်မှ ခေါင်းထောင်မကြည့်စေနဲ့ တစ်ယောက်စီဆင်းခိုင်း ဒါအရင်ယူ ဟေ့ကောင် သော့ဖွင့်ပြီးပလား "စသည်ဖြင့် တယောက်တပေါက် အော်ဟစ် ပြောဆိုနေသံများကို ကြားနေရသဖြင့် ဧကန္တဖြင့် ဒီနေရာဟာ ရုံးခန်းတစ်ခုခု ဒါမှမဟုတ် ကင်းတဲတခုခုဖြစ်လိမ့်မယ်ထင်တယ်ဟု တွက်ချက်နေမိ၏။ ထိုအခိုက်မှာပင် ဖြုန်းခနဲ ကျွန်တော့်ခေါင်းကို အ၀တ်ကြီးတခု စွပ်ချလိုက်ပြီး "ထ" ဟု ပြောလာသဖြင့် ကျွန်တော့်မှာ ခြေကျင်နေသည့်ကြားမှပင် အသာဖြေးဖြေး ထလိုက်ရ၏။ တဖန် "ခုန်ချ"ဟု ဆိုပြန်သဖြင့် ကျွန်တော့်မှာ မမြင်မကန်း ရမ်းခုန်ချလိုက်ရာ ကံအားလျော်စွာ သဲပုံပေါ် တည့်တည့် ကျသွားသဖြင့် သက်သာရာရသွားပေသည်။ ထိုနောက် "ကဲ, ထ"ဟု ဆိုကာ ကျွန်တော်၏ လက်မောင်းအား လူတစ်ယောက်က ခပ်ကြမ်းကြမ်းဆွဲခေါ်ပြန်သဖြင့် ကျွန်တော့်မှာ ထိုပုဂ္ဂိ္ဂ္ဂုလ်နောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားရပြန်တော့သည်။

ထိုပုဂ္ဂိုလ်သည် တစ်လမ်းလုံး ကျွန်တော့်အား "ရှေ့မှာတန်း ခေါင်းငုံ့" "ရေမြောင်းရှိတယ် ကျော်လိုက်" "လှေကားထစ်တခု ရှိတယ်" စသဖြင့် ပြောပြီးစေခိုင်းလာလေသည်။ ကျွန်တော်သည်လည်း ရှေးက ထောက်လှမ်းရေး စာအုပ်များ ဖတ်ခဲ့ဘူးသည့် အားလျော်စွာ " ခေါင်းငုံ့" ဟု အမိန့်ပေးသူက "လုံးဝမငုံ့ "ဘဲ နေသည့် အဖြစ်ကို သံသယ၀င်ပြီး နောက်ပိုင်း ထိုသူ စေခိုင်းသမျှကို လိုက်မလုပ်ဘဲနေရန် ဆုံးဖြတ်လိုက်တော့၏။ "သံဆူးကြိုး ရှိတယ် ခေါင်းငုံ့"ဟု ထိုသူက ပြောလာသောအခါ ကျွန်တော်က မငုံ့ဘဲ တဲ့တဲ့ဝင်တိုးပစ်လိုက်ရာ ဘာသံဆူးကြိုးနှင့်မှ မငြိဘဲ ရှိလေသည်။ အနှီပုဂ္ဂိုလ် ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်မှု ပျက်ပြားသွားသဖြင့် ဒေါသများကာ ကျွန်တော့်အား သစ်ပင်ကြီးတစ်ပင်ဆီသို့ အတင်းဆွဲခေါ်သွားလေရာ ကံအားလျှော်စွာ မျက်နှာနှင့်မတိုက်မိဘဲ ပခုံးနှင့်သာ တိုက်မိသဖြင့် သက်သာသွားရပြန်လေသည်။

သည်နောက်မှာတော့ ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်ချက်များ ကုန်ဆုံးသွား၍ထင့် ကျွန်တော့်အား အခန်းတခုထဲသို့ ထည့်လိုက်တော့၏။ အုတ်နံရံနှင့် ကျွန်တော့်ကို မျက်နှာချင်းဆိုင် အနေအထားဖြင့် ကပ်ထားခိုင်းပြီးနောက် "နောက်လှည့် မကြည့်နဲ့" ဟု အမိန့်ပေးကာ အနှီပုဂ္ဂိုလ်သည် အခန်းအပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားလေသည်။

ကျွန်တော့်မှာဖြင့် ငိုအားထက် ရယ်အားသန်။ ဘယ့်နှယ့် ခေါင်းစွပ်ကြီး စွပ်ထားတဲ့ဟာ ဘာမှ မမြင်ရတဲ့သူက လှည့်ကြည့်တော့ကော ဘာမြင်ရမှာမို့တုံး၊ အကန်းကို တောင်ကြည့်မြောက်ကြည့် မလုပ်နဲ့လို့ ပြောသလိုချည်းပါလား...။ ထို့နောက် ထိုပုဂ္ဂိုလ်သည် အခန်းထဲပြန်ဝင်လာပြီး ကျွန်တော်၏ လက်နှစ်ဘက်ကို နောက်ပြန် လက်ထိပ်ခတ်လိုက်ပြန်ပါသေးသည်။ အော် ဒုက္ခ ဒုက္ခ အခု ထွက်ပြေးပါလို့ ခိုင်းရင်တောင်မှ မမြင်မကန်းနဲ့ ဘယ်သွားရမှန်း ဘယ်လာရမှန်းတောင် သိမှာ မဟုတ်။ လိပ်ကို မျက်နှာအ၀တ်နဲ့စည်းပြီး ပက်လက်လှန်ထားသလိုပါလား။

မကြာမတင်မှာပဲ အသံခပ်သြသြတခုက ထွက်လာပြန်သည်။ ဒါက ဇင်ဝိုင်း ဒါက ဇာဂနာ ဒါက မိုးဝင်း စသည်ဖြင့် တခန်းစီ တခန်းစီ လိုက်၍ မိတ်ဆက်ပေးနေပါတော့၏။ တဆက်တည်းဆိုသလိုပင် လူလေးငါးယောက်ခန့် ကျွန်တော်ရှိနေရာ အခန်းထဲသို့ ၀င်လာကြလေသည်။ "မင်းက ဇာဂနာလားကွ" ဟူသော ခပ်ကြမ်းကြမ်း အသံနဲ့အတူ အုန်းခနဲ ရိုက်လိုက်သော လက်ဖ၀ါး၏ အရှိန်ကြောင့် ကျွန်တော်၏ နဖူးမှာ အုတ်နံရံနှင့် မိတ်ဖွဲ့သွားရကား ကြယ်တွေ လတွေသည် စီကာတန်းကာ ပေါ်ထွက်လာပါတော့သည်။ သည်နောက်မှာတော။့

"ဟေ့ကောင် လုပ်စမ်းပါဦးကွ ဒို့အရေးလေး ဘာလေး"

"ဒီမိုကရေစီ အော်ပါဦးကွ"

"ဟေ့ကောင် အီမာ ပီတာ ကီစောင် လုပ်စမ်းပါဦး"

စသည်ဖြင့် ပြောလိုက် ထိုးလိုက်ဖြင့် အနှီပုဂ္ဂိုလ်များမှာ စံချိန်စံညွှန်းမမီမှာ စိုးသည့်အလား ကျွန်တော့်အား တဖုံးဖုံးတဒိုင်းဒိုင်းနှင့် ၀ိုင်းထိုးနေကြပါတော့သည်။

ကျွန်တော့်မှာတော့ သမ္မတ လူကြမ်းအဖွဲ့ အလယ်သို့ ရောက်သွားရှာသော ရိုးရိုးအအရွာသားလေး တစ်ဦးလိုပင် ဖြစ်နေတော့၏။ သည်အထဲ ကောင်းကောင်းမထိုးဘဲ " နောက်လှည့် မကြည့်နဲ့"ဟု အမိန့်ပေးနေသေးသဖြင့် သြော်... သူတို့ မျက်နှာကို မြင်သွားမှာ တော်တော်စိုးရိမ်နေကြရှာပါလား။

ကိုယ့်ကိုပြန်မမြင်နိင်တဲ့သူ ဘာမှ ပြန်မလုပ်နိင်တဲ့သူ တစ်ဦးကိုမှ ၀ိုင်းဝန်းထိုးကြိတ်ရဲတာ နည်းတဲ့ သတ္တိမဟုတ်ပါလား လို့ တွေးမိပြီး အနှီပုဂ္ဂိုလ်များကို မချီးကျုးဘဲ မနေနိင်အောင် ဖြစ်နေရပါတော့သည်။

သည့်နောက်မှာတော့ သူတို့ပဲ ညောင်းသွားလို့လား ကျွန်တော့်ကိုပဲ သနားသွားလို့လားမသိ ခေတ္တအားလပ်ချိန် ဖြစ်သွားလေသည်။ ကျွန်တော်၏ ကျောပြင် ၀မ်းဗိုက် တို့မှာလည်း သူတို့ကြိုက်သလို ထိုးကြိတ်ခွင့်ပေးထားပြီး ယခုမှပင် အနားရလေတော့သည်။ သို့သော်လည်း "နားပြန်လည်း မသက်သာ" ဟူဘိကဲ့သို့ အသံစူးရှရှ နှင့် လူတစ်ယောက် ရောက်လာပြီး။

" ဟေ့ ဒါ ဇာဂနာလားကွ"

"ဟုတ်ပါတယ် ဆရာကြီး "

ဟူ၍ အမေးအဖြေလုပ်ကြကာ ထို စူးရှရှငနဲသည် အခန်းသံတံခါးကို ဖွင့်၍ ၀င်လာပါတော့သည်။

သည့်နောက်မှာတော့ "ဟေ့ကောင် ဒီမိုကရေစီတော့ မရဘူး ဒါပဲရမယ်ကွ" "မအေ ..." "ငါ.. မသား" စသည်ဖြင့် ကျွန်တော်၏ တစ်သက်တာမှာ တခါဘူးမျှ မကြားဘူးသော ဆဲနည်းကထာ ပဒေသာဖြင့် အသုံးတော်ခံကာ သူ၏ ဒူးခေါင်း လက်ဝါးစောင်း ခြေထောက်တို့ဖြင့် ကျွန်တော်၏ ၀မ်းဗိုက် ကျောကုန်း လည်ကုတ်တို့ကို မိတ်ဆက်နေပါတော့သည်။ အချက်ပေါင်း နှစ်ဆယ်ခန့် စိတ်ရှိသမျှ သုံးဆောင် ပြီးသည့်အခါမှာတော့ ဤစူးရှရှငနဲသည်လည်း ခေတ္တအနားယူပြန်လေသည်။ သို့သော်လည်း ကျွန်တော်ကတော့ မနားရပါချေ။

"ဟေ့ကောင် ဆိုင်ကယ်စီးတတ်သလား။ စီးတတ်မှာပါကွာ"

ဟူ၍ သူ့ဖာသာသူ အမေးအဖြေလုပ်ကာ ထောက်လှမ်းရေးတပ်၏ နာမည်ကျော် ဆိုင်ကယ်ကို အစီးခိုင်းပါတော့သည်။

ဆိုင်ကယ်ဆိုသည်မှာ အခြားတော့ မဟုတ်ပါချေ။ ခြေဖျားထောက်၍ ခြေထောက်ကို ကားနိုင်သမျှ ကားခိုင်းပြီး ဒူးကို ကွေးနိင်သမျှ ကွေးခိုင်းထားကာ လက်နှစ်ဘက်ကို (လက်ထိပ်ဖြုတ်၍) မြှောက်၍ မတ်တပ်ရပ်ခိုင်းထားခြင်းပင် ဖြစ်လေသည်။ အတော်ပင် ညောင်းညာကိုက်ခဲသော အလုပ်ပင်ဖြစ်၏။ ခြေထောက်များ တဆတ်ဆတ်တုန်သည် အထိ ခံစားရလေ၏။

ထိုအချိန်မှာပင် ၀ုန်းကနဲပြိုလဲကျသံကြီးနှင့်အတူ "ဟေ့ကောင် ဇင်ဝိုင်း ဘာဖြစ်တာလဲ ထစမ်း။" ဟူသော အသံကို လည်းကောင်း။

"ကျုပ်တို့တပ်ထဲမှာ အသက်ကြီးတာ ငယ်တာမရှိဘူး၊ ဟေ့လူရပ်စမ်း။" ဟူသော ဦးအောင်မြင့်မြတ် အခန်းမှ အသံကို လည်းကောင်း။

"တရုတ်ထဲမှာတော့ မင်းတော်တော် သောက်သုံးမကျတဲ့ ကောင်ပ။ဲ" ဟူသည့် ကိုအမိန်၏ အခန်းမှ အသံကို လည်းကောင်း။

"ကျွန်တော် မရပ်နိင်လို့ပါခင်ဗျာ၊ တောင်းပန်ပါတယ်ဗျာ။" ဟူသော ဦးတင်စိုး၏ အသံကို လည်းကောင်း။

"ဟေ့ ကောင် မိုးဝင်း မအေ ...ဆဲစမ်းပါဦးကွ" ဟူ၍ လည်းကောင်း။

"ကြောက်လှပါပြီ ခင်ဗျာ၊ ကျွန်တော့် တသက်တာ တခါမှ ဒီလို မခံစားဖူးပါ ခင်ဗျား။" ဟူသော နောက်ပိုင်းဇာတ်ထုပ်၏ အာဏာပါးကွက်သားများအား ငိုယိုတောင်းပန်နေသည့်နှယ် ကိုညီဝင်းစိန်၏ အသံတို့ကို လည်းကောင်း ဆက်တိုက် ဆက်တိုက် ကြားလာရတော့သည်။

ဒီအကောင်တွေ ရှေ့မှာတော့ လဲကျလို့ အညံ့ခံလို့မဖြစ်ဘူး၊ မင်းတို့ကြိုက်သလောက်လုပ် တောင့်ခံမယ်ကွ ဟု စိတ်ထဲမှာ ကျိန်းဝါးပြီး ကိုယ့်ကိုယ်ကို အားတင်းလိုက်မိ၏။ သို့ငြားလည်း "တင်းပြန်လည်း မသက်သာ" ဆိုသလိုပင် သူတို့ရှေ့မှာ လဲမကျသဖြင့် မကျေမနပ်ဖြစ်ကြသည်ထင့်။ ကျွန်တော်၏ ပေါင်နှစ်ချောင်းကို တဖုံးဖုံးနှင့် လာကန်ကြပါလေတော့သည်။ အော် ရှင်မဟာမောဂ္ဂလာန်လို မထေရ်မြတ်ကြီးပင်လျှင် ခိုးသားငါးရာ ၀ိုင်းရိုက်သည့်ဒဏ် ခံရသေးသည်ပဲ။ ကိုယ်က ဘာကောင်မှ မဟုတ်တာ ၀ဋ်ရှိသ၍ ခံအုံးပေါ့လေ ဟူ၍သာ ဖြေသိမ့်၍ ကြိတ်မှိတ်ခံနေရတော့၏။

သို့သော်လည်း ကံကောင်းထောက်မစွာ ကယ်တင်ရှင်တဦးက ပေါ်လာပါတော့သည်။ "ဟေ့ ဒို့ဆီက ကောင်တွေ အကုန်ထွက်" ဟူသော အသံနှင့်အတူ "ကိုဇာဂနာ သက်သာသလိုနေပါ သက်သာသလိုနေပါ" ဟူ၍ ချိုသာပျော့ပြောင်းစွာ လာပြောလေသည်။ သို့ဖြင့် ကျွန်တော့်မှာ ဆိုင်ကယ်စီးခြင်း ဘေးဒုက္ခမှ ကင်းငြိမ်းချမ်းသာရတော့၏။ ညောင်းညာကိုက်ခဲ နာကျင်မှုတို့က ယခုမှပင် စုပြုံတိုးဝှေ့ ရောက်လာတော့သည်။ မတ်တပ်ရပ်ရင်းနှင့်ပင် လက်မောင်းကလေး နှိပ်လိုက် ပေါင်ကလေး နှိပ်လိုက်ဖြင့် သက်သာရာ ရလိုရငြား ကျွန်တော့်မှာ လုံးပန်းနေရတော့၏။ ထိုအချိန်မှာပင် နူးညံ့သော အသံပိုင်ရှင်သည် ပြန်လည်ရောက်ရှိလာပြီး။

"ကိုဇာဂနာ ခေါင်းစွပ်ချွတ်လိုက်ပါ အေးအေး နားပါ။ အဲ့ဒီမှာ ဖျာရှိပါတယ် လှဲချင်လှဲနေပါ ကျွန်တော့်ကို ခေါင်းစွပ်ပေး၊ အပေါ့သွားချင်ရင် ဟိုထောင့်မှာ ခွက်ရှိတယ်။"

ဟူု၍ လာပြောပြန်လေသည်။ ခေါင်းစွပ်ကို သံတိုင်များအကြားမှ လှမ်းပေးရင်း ကိုနူးညံ့၏ မျက်နှာကို ကြည့်လိုက်တော့ အသားဖြူဖြူ နှာတံပေါ်ပေါ်နှင့် ကုလားမင်းသား မီသွန်းနှင့်တူသော လူငယ်တဦးကို တွေ့လိုက်ရ၏။ ကျွန်တော်ကတော့ ထိုပုဂ္ဂိုလ်ကို "လျှပ်တပြက် မီသွန်း"ဟု အမည်ပေးလိုက်မိသည်။ သူထွက်ခွာသွားပြီးသည့်အခါမှာတော့ သမံတလင်း ကြမ်းပြင်ပေါ်မှာပင် ခြေပစ်လက်ပစ် လှဲချပစ်လိုက်မိတော့၏။

ကျွန်တော်၏ နားထဲမှာတော့ "တရားမျှတ လွတ်လပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်။ တပ်မတော်သားတွေဟာ မိဘပြည်သူနဲ့ ဆက်ဆံရင် နှိမ့်ချပြီး ဆက်ဆံရမယ၊် ယဉ်ယဉ်ကျေးကျေး ရှိရမယ်" ဟူသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ဆိုသူ၏ စကားသံများကိုသာ ကြားယောင်မိ နေပါတော့သည်။ ။

ဇာဂနာ

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်