Sunday, March 28, 2010

အုပ်ထိန်းမှုလွန်ကဲရင် လူရာမ၀င် ဖြစ်တတ်တယ်

အုပ်ထိန်းမှုလွန်ကဲရင် လူရာမ၀င် ဖြစ်တတ်တယ်
ရေးသူ လူထုစိန်ဝင်း
 

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက် တစ်မနက်ရောက်လာပြီး ''ဆရာ့ဆီကအကြံဉာဏ်လေး ဘာလေးများရမလားလို့လာတာပါ'' လို့ပြောပါတယ်။ အပူပေးချင်မှရောက်လာတယ်ဆိုပြီး ထိပ်ခေါက်ချင်လည်း ခေါက်ပါလို့လည်း မျက်နှာချိုသွေးပါသေးတယ်။

တစ်ဦးတည်းသား

အကျိုးအကြောင်း မေးကြည့်လိုက်တော့ ၁၀တန်းဖြေပြီးတဲ့သားက မြစ်ကြီးနားက ရန်ကုန်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်းအပြန် လိုက်လည်ချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေတဲ့အတွက် ဘယ်လို ကိုင်တွယ်ရမှန်းမသိ ဖြစ်နေရတယ်လို့ ပြောပြတယ်။ ကလေးက မြစ်ဆုံကိုသွားကြည့်ချင်တာပါတဲ့။ မိဘကလည်း တစ်ယောက်တည်းရှိတဲ့ သားကလေးကို မိဘမပါဘဲဘယ်မှ မလွှတ်ဖူးတော့ စိတ်မချဖြစ်နေတယ်။ သားလေးကို ငယ်ငယ်ကတည်းက ငပလီ၊ ချောင်းသာ၊ ငွေဆောင်စတဲ့နေရာတွေကို အမြဲ လိုက်ပို့ပေးပါတယ်။ တစ်ယောက်တည်းတော့ တစ်ခါမှ မလွှတ်ဖူးပါဘူးတဲ့။ သားက နေ့တိုင်းတကျီကျီနဲ့ နားပူနားဆာလုပ်နေတာကြောင့် စိတ်ညစ်နေရပါတယ်တဲ့။ သူ့သားတောင် ၁၀တန်းဖြေတဲ့ အရွယ်ရောက်နေပြီကိုးလို့ တွေးရင်း ကုန်လွန်သွားတဲ့အချိန်တွေကို ပြန်သတိရသွားပါတယ်။

ကိုယ်ချင်းစာကြည့်ပါ

တစ်ခါက ကျောင်းသားတွေနဲ့ ချောင်းသာကို သင်္ဘောနဲ့သွားမယ်လုပ်ကြတော့ သူ့မိဘကသူ့ကို လိုက်ခွင့်မပြုပါဘူး။ အဲဒီအချိန်မှာ သူကစီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားပါ။ သူနားပူနားဆာလုပ်လွန်းတာကြောင့် သူ့မိဘတွေဆီလိုက်သွားပြီး လိုက်ခွင့်ပြုဖို့ ပြောပေးရပါတယ်။ မိဘများကလည်း ဆရာကိုယ်တိုင်လိုက်လာတယ်ဆိုတော့ အားနာပြီးထည့်လိုက်ပါတယ်။ အဲဒီအကြောင်း သူ့ကိုပြန်သတိပေးပြီး ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားကြည့်ဖို့ပြောလိုက်ပါတယ်။ လိုက်ခွင့်ပြုပါလို့တော့ မတိုက်တွန်းလိုက်ပါဘူး။ သူပြန်သွားပြီး ညဘက်ကျတော့ ဖုန်းဆက်ပါတယ်။ သူ့ဇနီးနဲ့ တိုင်ပင်ပြီး သားကို လိုက်ခွင့်ပြုလိုက်ပါတယ်လို့ ပြောပါတယ်။

ပူညံပူညံဆူသံတွေ

ကျွန်တော်တို့ မြန်မာမိသားစုတွေအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းပြဿနာက ဒါမျိုးချည့်ပါပဲ။ ဘယ်မိဘမဆို မိဘနေရာကပဲ စဉ်းစားပြီး သားသမီးနေရာက မစဉ်းစားပါဘူး။ သားသမီးကလည်း မိဘနေရာကနေပြီး စဉ်းစားကြည့်လေ့မရှိပါဘူး။ အဲဒီတော့ သီချင်းနားထောင်တာနဲ့ တီဗီကြည့်တာကအစ၊ အ၀တ်အစား ၀တ်ပုံစားပုံအဆုံး ဘယ်နေရာမှ အကြိုက်ချင်းတူတယ်လို့ မရှိတော့ပါဘူး။ အကြိုက်မတူရာကနေပြီး ပူညံပူညံနဲ့ ဆူသံတွေ ပေါ်ထွက်လာကြပါတယ်။ လူငယ်တွေကတော့ ဒါကို မျိုးဆက်ကွာဟမှုကြောင့်လို့ လက်ညှိုးထိုးပြီး မိဘတွေကို ခေတ်နောက်ကျနေတဲ့ လူကြီးများအဖြစ် မြင်ကြတယ်။ ကွယ်ရာမှာ ခေါ်ကြတာကိုက ဘိုးတော်ကြီး၊ ဘွားတော်ကြီးတဲ့လေ။

ခေါင်းမအိုရင် လူမအို

အသက်ကြီးလာရင် အတွေးအခေါ်တွေပါ ခေတ်နောက်ကျန်ရစ်တာပဲလို့ လှေနံဓားထစ်မှတ်ထားဖို့ မသင့်ဘူး။ တလောကတီဗီမှာ အဆိုတော်ချစ်ကောင်းနဲ့ သူ့သမီးအဆိုတော်မလေး အိမ့်ချစ်တို့တွဲပြီး သီချင်းဆိုသွားတာ တွေ့လိုက်ရတယ်။ သမီးလေးအိမ့်ချစ်ထက်တောင် ချစ်ကောင်းကပိုပြီး (ခေတ်စကားနဲ့ပြောရရင်) ဟော့ရှော့ဖြစ်နေသေးတယ်။ အဆိုတော်ဂျေမောင်မောင်လည်း အတူတူပါပဲ။ စင်ပေါ်မှာ သမီးသီရိဂျေမောင်မောင်ထက်တောင် ခုန်ပေါက်မြူးကြွနေသေးတာတွေ့ရပါတယ်။ အသက်ကြီးတိုင်း အတွေးအခေါ် ခေတ်နောက်ကျတာမဟုတ်ဘူး။ ခေါင်းမအိုရင် လူမအိုဘူးဆိုတာကို လူငယ်တွေလည်း နားလည်ထားဖို့လိုပါတယ်။

အာခံစိတ်ဖြစ်ရတဲ့အကြောင်း

မိဘတွေဘက်ကလည်း အရာရာကို မိဘနေရာကကြည့်ပြီး (စိုးရိမ်ပူပင်စိတ်နဲ့)တားဆီးပိတ်ပင်တာမျိုး အလွန်အမင်း မလုပ်သင့်ဘူး။ မိမိကိုယ်တိုင် သားသမီးများအရွယ်က ဘယ်လိုနေခဲ့ထိုင်ခဲ့ ၀တ်စားဆင်ယင်ခဲ့ သလဲ။ ဘာတွေကြိုက်ပြီး ဘာတွေလုပ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားပြီးမှ တားသင့်တာကိုတားပြီး ပိတ်သင့်တာကို ပိတ်သင့်တယ်။ ကိုယ်ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာတွေ၊ ငပလီတွေသွားခဲ့သလို၊ သားကလေးလည်း သွားချင်ရှာမှာပဲလို့ စဉ်းစားသင့်တယ်။ ပူတာကတော့ ပူတာပေါ့။ သားသမီးအတွက်မပူတဲ့ မိဘဘယ်ရှိမှာလဲ။ ဒါပေမဲ့ သဘာဝထက်လွန်ကဲပြီး ပူတာမျိုးကတော့ မကောင်းဘူး။ မိဘလည်းစိတ်ဆင်းရဲရပြီး သားသမီးလည်း မကျေနပ်မှုတွေဖြစ်ရတယ်။ မကျေမနပ်ဖြစ်ရတာတွေက အစိုင်အခဲကြီးဖြစ်သွားရင် အာခံစိတ်၊ တွန်းလှန်ပုန်ကန်ချင်စိတ်အထိ ရောက်သွားနိုင်တယ်။

ဗိုင်းကောင်းကျောက်ဖိလေးတွေ

တစ်ဦးတည်း သားသမီးများရဲ့ မိဘတွေကပိုပြီး ပူတတ်ကြတယ်။ ဟိုဟာစိတ်မချ၊ ဒီဟာစိတ်မချနဲ့ ကာကွယ် စောင့်ရှောက်မှု အလွန်အကျွံလုပ်လေ့ရှိတယ်။ အနှစ်နှစ်ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တဲ့သက်တမ်း တစ်လျောက်မှာ မိဘအအုပ်အထိန်း သိပ်ကောင်းတဲ့ ဗိုင်းကောင်းကျောက်ဖိ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ အများကြီးတွေ့ခဲ့ဖူးတယ်။ စာလည်း သိပ်တော်ကြတယ်။ ဒါပေမဲ့ အားမနာတမ်း မှန်တဲ့အတိုင်း ပြောရရင် သူတို့အများစုဟာ လူ့အဖွဲ့အစည်းအတွင်း ၀င်ရောက်သွားရတဲ့အခါကျတော့ ဘယ်နေရာမှ သုံးစားလို့မရတာကို တွေ့ရပါတယ်။ မိဘရဲ့အုပ်ထိန်းမှုလွန်ကဲလေတော့ ဘယ်အရာကိုမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မလုပ်တတ်တော့ဘူး။ သူများကိုချည်း အားကိုးနေကြရပါတော့တယ်။ အားကိုးရင်း အားကိုးရင်းနဲ့ အလုပ်တူလုပ်ကြတဲ့ အသက်ကြီးကြီး အိမ်ထောင်သည်တွေနဲ့ ညားသွားတဲ့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေကိုလည်း ရင်နာစွာနဲ့ တွေ့ခဲ့ဖူးပါတယ်။

စိတ်သဘာဝသိဖို့လို

သားသမီးပြုစုပျိုးထောင်တဲ့အခါမှာ အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲသွားတဲ့ ကလေးများရဲ့ စိတ်သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုစုပျိုးထောင်တတ်ဖို့လိုပါတယ်။ ကလေးဟာ အမိဝမ်းတွင်းက ထွက်လာကတည်းက အမေဆိုတာ အားကိုးအားထားပြုစရာ ဧရာမတန်ခိုးရှင်ကြီးလို့ မှတ်ယူထားပြီး အမေ့နားကမခွာဘဲ တကပ်ကပ် လုပ်နေလေ့ရှိတယ်။ ကျောင်းစနေရတော့လည်း စာသင်ခန်းအပြင်က အမေစောင့်နေမှ ကျေနပ်တယ်။ နေ့စဉ်နေ့တိုင်းအမေပို့မှ၊ ကြိုမှကြိုက်တယ်။ အမေခွံ့ကျွေးမှစားတယ်။ အမေသိပ်မှ အိပ်တယ်။ ၁၁ နှစ်၊ ၁၂ နှစ်အရွယ်ခြောက်တန်း၊ ခုနစ်တန်း ရောက်တော့ အမေလာမကြိုစေချင်တော့ဘူး။ သူငယ်ချင်းတွေနဲ့ပဲသွားချင်ပြန်ချင်တယ်။ ဒါမှမဟုတ် ဒရိုင်ဘာလာကြိုစေချင်တယ်။ သူအရွယ်ရောက်လာပြီ။ သူ့ကိုယ်သူထိန်းနိုင်ပြီဆိုတာ ဖော်ပြချင်လာတယ်။

သူ့ခြေထောက်နဲ့ သူလမ်းလျောက်

ဒါသဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ်တယ်။ ဘယ်သူမှတားလို့မရဘူး။ ဒီအချက်ကို မိဘက နားလည်ပြီး သူအရွယ်ရောက်လာပြီ၊ သူ့ကိုယ်သူ စောင့်ရှောက်နိုင်ပြီဆိုတာ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ လိုတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို မိဘကိုအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ ကြိုးစားရမယ့်အကြောင်း၊ ဒီလိုကိုယ့်အားကိုယ်ကိုးဖို့အတွက် အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဝေဖန် သုံးသပ်ပြီး လုပ်ရမယ့်အကြောင်း၊ သားသမီးနားလည်အောင်ရှင်းပြပြီး စဉ်းစားတဲ့အကျင့်ရအောင် လုပ်ပေးရပါမယ်။ အကျိုးအကြောင်း ဆက်စပ်စဉ်းစားတတ်တဲ့ အကျင့်ရသွားတဲ့ကလေးဟာ သူ့ဘဝ တစ်လျောက်လုံး ဘယ်သူ့မှအားမကိုးဘဲ သူ့ခြေထောက်နဲ့သူ ကောင်းကောင်းလမ်းလျောက်သွားနိုင်မှာ သေချာပါတယ်။

အုပ်ထိန်းမှုလွန်ကဲလို့

အနောက်နိုင်ငံတွေမှာဆိုရင် မူလတန်း ကျောင်းသူကျောင်းသားလေးတွေကို ဆရာ၊ ဆရာမတွေက ဦးဆောင်ပြီး တစ်ညအိပ်၊ နှစ်ညအိပ် တောစခန်းထွက်တဲ့ အလေ့အကျင့် လုပ်ပေးလေ့ရှိတယ်။ ကလေးဘ၀ ကတည်းက ကိုယ်ရောစိတ်ပါ ကြံ့ခိုင်အောင် လေ့ကျင့်ပေးတဲ့ သဘောဖြစ်တယ်။ ဒါကြောင့်သူတို့ဆီက ၁၂နှစ်၊ ၁၃နှစ်အရွယ် မိန်းကလေးတွေတောင် မိဘမပါဘဲနဲ့ ကျောပိုးအိတ်ကလေးတစ်လုံးနဲ့ ကမ္ဘာပတ်ဝံ့တဲ့ သတ္တိရှိနေကြတာဖြစ်တယ်။ မြန်မာပြည်မှာကတော့ အအုပ်အထိန်းလွန်ကဲလွန်းတော့ ဆရာဝန်မလေး၊ ကျူတာမလေးဖြစ်နေတာတောင် မိဘဒါမှမဟုတ် အဖော်တစ်ယောက်ယောက်မပါဘဲ ရန်ကုန်-မန္တလေး ခရီးလောက်ကို မသွားရဲကြတာတွေ အများကြီးရှိတယ်။ အုပ်ထိန်းမှုလွန်ကဲခြင်းက တရားခံပဲ။

ပင်ပန်းရှာကြတယ်

ဒီခေတ် ကျောင်းသူ၊ကျောင်းသား အရွယ်ကလေးတွေဟာ ရှေးခေတ်နဲ့မတူ အင်မတန်ပင်ပန်းရှာကြတယ်။ သုံးနှစ်သားအရွယ်ကစပြီး ၁၀တန်းကျောင်းသားအရွယ်ထိ ကျောင်းနဲ့ ကျူရှင်နဲ့ 'ဂိုက်'နဲ့ မိုးလင်းက မိုးချုပ် လုံးချာလိုက်နေကြတယ်။ ကလေးသဘာဝ အမေ့နားကပ်ချွဲချိန်၊ ဆော့ချိန်၊ကစားချိန်ရယ်လို့ ဟုတ်တိပတ်တိ ရှိကြတာမဟုတ်ဘူး။ တစာစာနဲ့ စာတွေနဲ့ပိပြီး နုနယ်တဲ့ကလေးဦးနှောက်ကလေးတွေ ထုံထိုင်းသွားမှာတောင် စိုးရိမ်မိတယ်။ ကလေးဆိုတာ သွက်သွက်လက်လက်၊ လန်းလန်းဆန်းဆန်းနဲ့ ကြီးပြင်းလာရမှ ထူးချွန်တဲ့ လူငယ်လေးတွေ ဖြစ်လာနိုင်မှာပါ။

ပူတူးတူးလေးလို

၁၀တန်းစာမေးပွဲကြီးဖြေပြီးတဲ့ အချိန်မျိုးမှာတော့ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ သူတို့စိတ်ကြိုက် နေခွင့်ပေးသင့်တယ်။ အဲဒီ အသက်အရွယ်ဟာ ကလေးဘ၀ကနေ လူကြီးဘ၀ပြောင်းလဲဖို့ စတင်ခြေလှမ်းလိုက်ချိန် ဖြစ်တယ်။ အစစ အရာရာကိုယ်ပိုင်အသိနဲ့ ဆင်ခြင်စဉ်းစား ဆုံးဖြတ်တတ်အောင် မိဘများက ညွှန်ပြဖို့လိုပါတယ်။ သူတို့အရွယ်ဟာ ကလေးမဟုတ်တော့ဘူး ဆိုတာ သူတို့ကိုယ်တိုင် သိလာအောင်လုပ်ပေးပါ။ မိဘများကလည်း အဲဒီအရွယ်တွေကို 'ပူတူးတူးလေး'လို သဘောထားပြီး ထမင်းခွံ့ကျွေး မနေပါနဲ့တော့။ ဒါမှသူတို့လေးတွေ ရင့်ကျက်လာမှာဖြစ်ပါတယ်။

A

B

C

The Kitchen မီးဖိုချောင်