Friday, August 21, 2009

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး
ရဲဘော်ဖိုးသံချောင်း
ခေတ်ပြိုင်ဂျာနယ်၊ ၂၁ သြဂုတ် ၂၀၀၉။

ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည်နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံတခေါင်းကြီး သယ်လာခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့မျက်မှောက်ကာလနိုင်ငံရေးကို ယက်တောလွန် ဝက်ဘ်လွန် နိုင်ငံရေးလို့တောင် နာမည်ပေးရင်ရမလားပါပဲ။ အပေါ်ယံကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်ကလာတဲ့ ယက်တောလည်း အမေရိကန်ကိုပြန်သွား၊ အိမ်ချုပ်ထဲကဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိမ်ချုပ်ထဲပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ခရီးစဉ်မှာ ဝက်ဘ်နဲ့နအဖတို့ပဲ အမြတ်ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ်ရသွားပါတယ်။ အမေရိကန်နိုင်ငံသားတယောက်ကို လူဆိုးတွေလက်က ကယ်တင်နိုင်သူ သူရဲကောင်း ဖြစ်သွားပါတယ်။ သူ့ရှေ့တက်လမ်းအတွက် အမှတ်တော်တော်ရသွားတယ် လို့တောင် တချို့ကပြောပါတယ်။ နောက်ပြီး နအဖအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့်ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါးရိပ်ခြေ အသိပေးနေရတာတွေနဲ့စာရင် အများကြီးပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစတစ ရသွားပါတယ်။ သူများက ယုံတာမယုံတာအပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေ ဖြစ်ပါတယ်လို့ ပြသခွင့်ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့်ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့ လုပ်တာဆိုရင် ပိုတောင်အောင်မြင်သေးတယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော်ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလိုစဉ်းစားတွေးတောစရာတွေ ဖြစ်လာရတဲ့အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့လူက သာမန်လူမဟုတ်ဘဲ အမေရိကန်နိုင်ငံက ဆီနိတ်တာအမတ်တယောက်ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေလွှမ်းမိုးနေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီးထိန်ချန်ထား၊ နအဖဘက်ကလည်း အများကြီးထိန်ချန်ထားတာမို့ တကယ့်အခြေအနေကို မှန်းဆရတာဟာ အလွန်ခက်ပါတယ်။ စောလည်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေးအကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်းလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ကိစ္စတခုက ဝက်ဘ်ရဲ့ခရီးစဉ်ဟာ အမျိုးသားရင်ကြားစေ့ရေးဆီကို တွန်းပို့ရာကျမကျဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထားအမျိုးမျိုးနဲ့ ပြောကြသူတွေပါပါတယ်။ တချို့ကလည်း အဲဒီလိုဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာတခုအတွက် အကြောင်းပြစရာရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို တခွန်းမှ မဟကြောင်း အသေအချာ ထောက်ပြဖို့လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးက ပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည်မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိကပြဿနာဟာ နအဖရဲ့သဘောထားဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖဗိုလ်ချုပ်တွေကို အာဏာခွဲဝေယူချင်အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်က နားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံဟာ ဒါလောက်ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ စံချိန်တင်လောက်တဲ့ အာဏာမက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့အာဏာနဲ့ အသေတွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက်ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေးတဥ ပြလိုက်ရုံနဲ့ ဟပ်တပ် ဆွဲလာမယ်လို့ ထင်ရင် စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။ နအဖနဲ့ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည် ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန်အစိုးရကို အချက်ပြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာ ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဗမာပြည်သူတွေ အပေါ်မှာ ပြတ်သားမြဲပြတ်သားတယ်၊ အာခံဝံ့ရင်ခံကြည့်လို့ ပြောတာပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေး လုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ် ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ် မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့အဖြစ်အပျက်ကို ပြန်ထောက်ပြချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်ကပြောလွန်းတာနဲ့ တရုတ်ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေတယ် ဆိုတာက တိတ်တဆိတ်လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှအကြောင်းမပြဘဲ အကုန်ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ်ဆိုတာ တွက်ထားသင့်ပါတယ်။

ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကို ဆွဲလို၊ နအဖကလည်းအမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက်စလုံးဟာ အဲဒီဦးတည်ချက်ဆီကို တက်လှမ်းနေကြတယ်ဆိုတာ တကမ္ဘာလုံးအသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်ကနေ တယောက်ကိုတယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ချည့်ပါ။ ဒါကိုအပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်ကသူတို့နောက်ကို မျောမပါဖို့ဘဲဖြစ်ပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။

နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို ဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ယက်တောရောက်လာတယ် ဆိုတာထက် ပိုဆိုးကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှတပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့ လိုပါတယ်။ နအဖတကယ်ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ်ဆိုတဲ့ အချက်ကို မျက်ခြည်ပြတ်ခံလို့ မဖြစ်ပါဘူး။

တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သူတို့ရဲ့အာဏာကို လက်လွှတ်ရေး ဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြားလူတွေကိုဖြစ်စေ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းကပြောသလို မုန့်သာ တဖဲ့စီဝေစားရင်စားမယ်၊ တိုင်းပြည်အာဏာကိုတော့ ဝေမစားဘူးဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲကမူဝါဒပါ။

http://www.khitpyaing.org

A

B

C

The Kitchen မီးဖိုချောင်