Wednesday, June 24, 2009

ဇကောလောက်မှ ဇောက်မနက်

ဇကောလောက်မှ ဇောက်မနက်
ဆောင်းပါး
မင်းဒင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 2009 13:56 - မြန်မာစံတော်ချိန်

တောင်မရောက် မြောက်မရောက်၊ ကပေါက်တိ ကပေါက်ချာ ဗိုလ်သခင်ဆရာ၊ စုံစီနဖာ စွယ်စုံကျော်ထင် ကျွန်ုပ် ဆြာမင်းဒင်ကား၊ ဤရက်ပိုင်းအတွင်း အကြီးအကျယ် စိတ်လေလျက်ရှိချေ၏။ လေရခြင်းအကြောင်းရင်းတွင် ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ၊ အတ္တအရေး တစေ့ တရွေးသား၊ လားလားမျှ မပါချေ။ ဤနေရာ၌ စာဖတ်သူတို့ နားရှင်းရန်အလို့ငှာ အလေဋီကာကို စဉ်းငယ်ချဲ့ပါအံ့။

လေခြင်း၏ မူလဘူတ အစပထမ တရားခံကား စိန်မဟာ ဝီလျံ ရွှေမန်း ပန်တျာ ယက်ထော ပေတည်း။ ဘုရားသခင်က လွှတ်လေသလော၊ ကိုယ့်ဖာသာ စတိုင်အသစ်၊ မော်ဒန်အသစ်ဖြင့် အရူးထလေသလော ဂဃနဏ မသိရသော်ငြား၊ အထူအထဲချထားအပ်သော လုံခြုံရေးများကို ဖြတ်ကျော်လျက် အကျယ်ချုပ် နေအိမ်တွင်း ဝင်ရောက်မှုကြောင့် ကျွနုပ်တို့ အမျိုးသားခေါင်းဆောင်ကြီး၏ ရင်နှစ်သည်းချာ၊ မြန်မာ့ဒီမိုကရေစီ လမ်းပြကြယ်ကား အင်းစိန် တောရသို့ ဘုမသိဘမသိ ချဉ်းရလေ၏။ ဒေါ်စု၏ ကံကြမ္မာကား အံ့ဖွယ်ကောင်းလေစွ။ ချုပ်ရက်ပြည့်ခါနီးတွင်မှ ယက်ထောကို ဘုရားသခင်က သူ့ခြံအတွင်း စေလွှတ်သည် ဆိုလေ၏။ ယက်တော၏ ဘုရားသခင်ကား ချုပ်ရက်ပြည့်တော့မည်ကို မသိယောင်တကား။ အဖြေမှန်ကို သိရန်အလို့ငှာ “ဟယ်လို … ဘုရားသခင်၊ ဆြာမင်းဒင် စပိကင်း၊ အရှင် … အမှန်စေ လွှတ်ပါသလား“ ဟူ၍ ဖုန်းဆက်ရမည်လော။ စေလွှတ်သော ဘုရားသခင်ကို ကျေးဇူးတင်ရလေမည်လော။ ယက်တောကို နားရင်းခေါ်အုပ်ရမည်လော၊ မဝေခွဲနိုင်ချေ။

…………………………………..

နောက်ဆက်တွဲ ဖြစ်လာပုံကား အများပြည်သူ သိရှိတော်မူကြပြီး ဖြစ်သည့်အတိုင်း နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ်က မြန်မာပြည်သို့ ကိုယ်တိုင်ကြွမြန်းမည်ဟု ရုတ်ချည်း မိန့်လေ၏။ မြန်မာ့အရေးကို “ချော့ချော့မော့မော့ လုပ်မဟ“ စိတ်ကူးယဉ်နေသော မဟူရာ စင်္ကြာဝဠေးမင်းကလေး အိုဘားမားနှင့် သမ္မတဟောင်းကတော် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလည်း ကြိမ်းမောင်း၏။ အာဆီယံကလည်း အလွန်မနိပ်လှသော၊ ကြည့်မကောင်းလှသော ပွဲပေတကားဟု ဝီစီခရာ မှုတ်လေ၏။ ဥရောပသမဂ္ဂက မောင်းမဲ၏။ မြန်မာ့ပညာတတ်၊ မြန်မာ့ထွက်ကုန် အဆီအနှစ်တို့ကို ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အမြိန့်သား ရိုက်စားနေသော၊ စင်္ကာပူလို နိုင်ငံပင်လျှင် ထိုင်မရ ထမရ ဖြစ်ကုန်၏။ နိုင်ငံတကာရောက် မဟာမြန်မာတို့လည်း လက်ရိုးလမ်းဟောင်းကြီးအတိုင်း ရောက်ရာနိုင်ငံ၏ သံရုံး၊ သတ္ထုရုံး၊ ရုံးတကာ ရုံးရှေ့ တရုံးရုံးစုကာ အသံကုန် အော်ကြလေ၏။ ပြည်တွင်းမှ လူထုကား ထောင်ပြင်တွင် ဝိုင်း၏။ သတ္တိပြောင်သော လေတပ်ဗိုလ်ကြီးဟောင်းကား အင်းစိန်ထောင်ရှေ့တွင် ပြောင်ပြောင်တင်းတင်း ဆန္ဒပြ၏။

……………………………..

လူ့အခွင့်အရေး နေနေသာသာ သူ့အခွင့်အရေးပင် မရခဲ့ရှာဘဲ၊ အင်းစိန်ထောင်အတွင်း ဦးဝင်းတင်နှင့် တွေ့ဆုံစဉ် အသံခိုးဖမ်းခံခဲ့ရသည့် ကျမ်းတတ်ပုဂ္ဂိုလ်ကျော်၊ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) ကလည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာမင်းများ၏ လူသားမဆန်သော ရာဇဝတ်မှု ကျူးလွန်ချက်တို့ကို စစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံး ဖွဲ့စည်းသင့်ကြောင်း နယူးယောက် တိုင်းမ်စ် သတင်းစာကြီးမှနေ၍ ရွှေပေလွှာတစောင်ရေးပြီး တိုက်တွန်းခဲ့ပြန်၏။



အိုင်အယ်လ်အိုကလည်း အခြေခံဥပဒေများကိုပါ ပြင်ပစ်ရန် ဆော်သြတောင်းဆိုပြန်၏။ ဖရန်စစ်သူကြီး ဇာကိုဇီ၊ ဂျာမဏီ ချန်ဆယ်လာနှင့်တကွ အင်ဒိုနီးရှား၊ ထိုင်းပါမကျန် အဖွဲ့ပေါင်းစုံ၊ လူပုဂ္ဂိုလ်ပေါင်းစုံက သံစုံအော်ဟစ်ကြလေ၏။ ချုပ်၍ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အကျယ်လောင်ဆုံးသော အသံမျိုးစုံ ကမ္ဘာနှင့်အဝှန်းမှ ရိုက်ခတ်လာလေ၏။

……………………………….

စင်စစ် ဤကစားကွက်ကား ဂိုးသမားနှင့် စည်းဝါးရိုက်ကာ ဒိုင်လူကြီးနှင့်ပင်း၍ အပိုင်ကန်သွင်းလိုက်သော ဂိုးကဲ့သို့ နှင်နှင်ပေတည်း။ စင်စစ် အစိုးရမင်းတို့ ထွက်ပေါက်ပိတ် နေရောင်တကား။ ဤသို့သော သူခိုးဂျပိုး အစီအမံ၊ အကျင့်အကြံထက် ပို၍သင့်နိုးသော အကြံမရှိတော့ ဟန်တကား။ ဥဒါဟရုဏ်ဆောင်ရသော် ကျွန်ုပ်ကဲ့သို့ ဖွတ်ကလိ ဒင်္ဂါးကောင်ပင်လျှင်၊ မတော်တဆ ကံကွက်ကြား၍ အာဏာရနေသည် ဆိုငြားအံ့။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် အကယ်တန္တု အယူအဆ ကွဲပြားသည် ဆိုငြားအံ့။ ပြောင်ပြောင် မဲပုံးထောင်ကာ ရှုံးပါက၊ မိဘမျိုးရိုးနှင့် ကျွန်ုပ်၏ သိက္ခာအလို့ငှာ ကြိုးစင်သို့တိုင် ရဲရဲတက်သွားရန်သာ စိတ်မျိုးရှိပေ၏။ (ဤကား သိသာ မြင်သာရန် စကားချပ်သာ ဖြစ်၏။)

………………………….

ယုတ်လို့ရတာ အကုန်ယုတ်လျက် နားထင်တင်မက ငယ်ထိပ်ပါ သွေးရောက်နေသော မြန်မာ စစ်ဧတဒဂ်တို့၏ မှန်းချက်နှင့်၊ အရပ်ရှစ်မျက်နှာမှ ပေါ်ထွက်လာသော ပြစ်တင်ဝေဖန်ကဲ့ရဲ့ သံတည်းဟူသော နှမ်းထွက်ကား၊ ကိုးဆယ်ဆ ကွာလေ၏။ မြောက်ကိုးရီးယားနှင့် တူသော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေသော မောင်များကား ထိုင်နေ အကောင်းသား ထသွားမှ ကျိုးရုံမက အိပ်ခ်ျအိုင်ဗီပါ၊ ဝင်ကိန်းဆိုက်လေတော့သည်။ အစားရချောင်လို၍ ဇာတ်ထဲ လိုက်မိရာမှ နှဲတက်နင်းမိသူ ကဲ့သို့လည်းကောင်း၊ လည်လွန်းသောဘီး အီးအီး နင်းမိကိန်း ကြုံသကဲ့သို့လည်းကောင်း၊ ခုတ်ရာတခြား ရှာရာတလွဲ ဖြစ်ကုန်တော့၏။ ငါ့မြင်းငါ့စိုင်း၊ ငါ့လှေငါထိုးကာ၊ တိုင်းပြည်နှင့် လူထုကို ပတ်ချင်တိုင်း ပတ်နေသော မင်းတရားကြီးခမျာ အရူးမီးဝိုင်းကာ တိုင်ပတ်လေတော့သည်။

…………………………….

ဇာတ်ထဲတွင် ပုဏ္ဏားက ဇာတ်လိုက်ကို ရက်စက်လွန်းရာမှ ပြောင်းဖူးတိုရော၊ အုတ်နီခဲကျိုးတွေပါ ဝဲပျံလာသည့် ကိန်းနှင်နှင်တည်း။ စစ်အာဏာရှင်တို့ကား ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် ဟုတ်ဟုတ်နှင့် တဟုတ်တည်း ဟုတ်နေရာမှ ဟုတ်ကနဲ ငြိမ်းမည့် အတိတ်နိမိတ်အဖြစ် ဓနုတ်ဘုရားကြီးကပင် မိဖုရားကြီးကိုယ်တော်တိုင် တင်လှူသော ထီးတော်ကို ကိုယ်တော်တိုင် မြေခအောင် ခါချသည့် အဖြစ်သို့ တိုင်သတည်း။

…………………………..

ဤအချိန်၊ အနှီအချိန်၌ မင်းတရားကြီး၏ အရူးဘက်တော်သားတို့ သခင်အားရ ကျွန်ပါးဝ၊ မြွေပူရာ ကင်းမှောင့် ဆတ်ဆတ်ထိမခံ တုံ့ပြန်ပုံတို့ကား လွန်စွာစိတ်လေ ဖွယ်ကောင်းလှ ပါဘိတောင်း။ ဆွဲခန့် နိုင်ငံခြားရေးဝန်ကြီး ပီသလှသော ဦးဉာဏ်ဝင်းက ယက်တော အမှုသည် အတိုက်အခံတို့ လက်ချက်ဆိုသတည်း။ အတိုက်အခံတို့ လက်ချက်မှန်ပါက တမျိုးသားလုံးအရေး ဤမျှလောက် အရေးကြီးနေချိန်တွင် အမှုမဖွင့်ဘဲ နေယုံမဟုတ်တုံ လော။ အတိုက်အခံတို့ ဓားခုတ်ရာကို အစိုးရက မင်းများက ဘာကြောင့် လက်ဝင်လျှိုရပါသနည်း။ စိတ်လေဖွယ် ကောင်းပေစွ။

…………………………..

စိတ်လေစရာကား ဤတွင် မရပ်သေး။ ရဲမြင့်အောင် အမည်ရှိ ကောင်စစ်ဝန်မင်းက သဘောက်မသား လေသံဖြင့် စုံထောက်လော၊ ရည်းစားလော ဟူ၍ ဟောင်ကောင်တွင် နေသူပီပီ ကျယ်ကျယ်လောင်လောင် အိပ်ရေးပျက်လောက်အောင် အသံပေးပြန်လေ၏။ ကိုယ့်ကျင့်တရား ဟူသည်ကို စကောလောက်ရှိသော စာလုံးများဖြင့် ရေးပြလျှင်ပင် နားလည်အံ့မထင်ချေ။ ဘယ်သို့လျှင် ကောင်စစ်ဝန် ရာထူးကို ရလေသနည်း။ ပြည်တွင်းမှ ကြံ့ဖွံ့ငမိုက်သားများကို ဝါးရင်းတုတ်သင်တန်း ပေးစေခဲ့သော ဉာဏ်ကြီးရှင်မင်းတရားသည် ပြည်ပမှ ကောင်စစ်ဝန်ကိုလည်း “ယုတ်ရင်ပြီးရော ဆဲသာဆဲ“ ဟု လက်ချာရိုက်လိုက်လေသလော။ ကျွန်ုပ်ကား ယင်းတို့အစား ရှက်လွန်းလှသည်ဖြစ်ရာ။ ဘိုင်းကနဲ၊ လဲသေချင်စိတ်သာ ပေါ်တော့၏။ အလေကြီး လေရန် ကောင်းလေစွ။

………………………….

ထို့ပြင်တဝ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဘိုအေးမြင့်ကလည်း နိုင်ငံတကာ အစည်းအဝေးတွင် ဒေသဆိုင်ရာ လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း သဟောက်သဟမ်း လုပ်ပြန်လေ၏။ ဘယ်စကား ဘယ်ရောက်၍၊ မိမိပြောသော စကားအနက်ကိုပင် မိမိသိဟန်မရှိချေ။ အရည်အချင်းနှင့် ရလာသော ရာထူးမှ ဟုတ်ပါလေစ။ “ချဲသာ ချဲကွာ ဘာဖြစ်ဖြစ်“ မြန်မာ့ရေမြေ့ရှင်က မှာဟန်တကား။ စိတ်လေစရာပင်တည်း။ မျက်လှည့်ဆရာ စစ်ဝါဒီတို့ကား ဝိုင်းကြည့်နေသော ပရိသတ် တယောက်မကျန် လိမ်မှန်း အထာပေါက်နေလင့်ကစား လိမ်ပွဲရှေ့သို့ ဆက်မြဲဆက်ရန်၊ ကြံမြဲကြံလျက်ပေတကား။

…………………..

ဘာသားနှင့်မျှ ထုထားသည် မဟုတ်လေသော၊ လူသာမန် ကျွန်ုပ်သည်လည်း ဤဖြစ်ရပ်အပေါ် မခံနိုင်လွန်းသည်ဖြစ်၍ အများနည်းတူ မိုးခါး ရေသောက်၊ မဟာမြန်မာ သွေးပီပီ၊ ဘင်လာဒင်ထုံး နှလုံးမူလျက် တတိုင်းပြည်လုံးကို မီးတင်ရှို့ရန် ရွှေဉာဏ်တော် စူးရောက်ပြီး သကာလ ဘလော့ပေါ်တွင် လူတွင်ကျယ် လုပ်မိလေရာ အမည်မဖော်ရဲသူ မေတ္တာရှင်တဦးက ကျွနုပ်ကိုရော မှတ်ချက်ပြုသူများကိုပါ ပါးတန်းစီရိုက်လိုကြောင်း မှတ်ချက်ပြုပြန်လေ၏။ တန်းစီနှင့် ပါးရိုက် စကားလုံးနှစ်လုံးကြောင့်ပင် စတာလင် မြေရောက် ဒေါ်လာ ၂ဝဝ စား စစ်မျိုးဆက်သစ် ကလေးမှန်း လွန်စွာ သိသာလေသည်။ အလေမရပ်ခင် ထပ်၍ လေရပြန်လေ၏။

လေခြင်းသည် ဒေါသအဖြစ်သို့ ပြောင်းလေတော့သည်။ စင်စစ် ကျွန်ုပ်မှာ သူ့ဦးရီးဖခင် အရွယ်ဖြစ်သောကြောင့် သကောင့်သားကား ကံကြီးထိုက်သူတည်း။ ဇရာပိုင်း ဝင်လာနေလင့်ကစား နတ်မောက်သွေး ဆြာမင်းဒင်၏ စိတ်တွင် အဆိုပါ ဗိုချွတ်စကီးထံ လေယာဉ်လက်မှတ်ပို့ကာ၊ အီဂျစ်နှင့် အင်္ဂလန် နိုင်ငံခြားသာမက ဗင်နီဇွဲလားတွင်ဖြစ်စေ ကြိုက်ရာ တိုင်းပြည်မှာ ချိန်းဆိုလျက်၊ ဝမ်းဘိုင်ဝမ်း ဖိုက်တင် ပလေးလိုစိတ်ပင် ပေါက်လောက်အောင် စိတ်လေ လေ၏။

………………………..

ထိုထိုဤဤသော လေခြင်း၏ အဆုံးတွင် ကျွနုပ်၏ စိတ်အတွေးအာရုံဝယ် အဘယ်အကြောင်းကြောင့်လျှင် ဤကမ္ဘာမြေအပြင်၌ နည်းပညာခေတ်၊ ကမ္ဘာ့ရွာခေတ်ကြီးတွင် မြန်မာဟူ၍ပင် မပြောဝံ့လောက်အောင် အရှက်မဲ့စွာ ပြုမူကြပါလေသနည်း။ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်မှသည် ယနေ့တိုင် မြန်မာဖြစ်ရသော ဒုက္ခကား ကြီးလေစွ။ ယင်းသို့လျှင် အရှက်တကွဲ အကျိုးနည်းရသော ဖြစ်ရပ်တို့၏ လက်သည် တရားခံသည် အဘယ်အရာနည်း။ မည်သို့သော အကြောင်းရင်းခံသည် မြန်မာပြည်ကြီးကို ဆက်တိုက် ဆုတ်ယုတ်စေခဲ့ပါသနည်း။ အကြိမ်ကြိမ်စေ့ငုလျက်၊ ရုပ်ရှင်ဖလင်ကို နောက်ပြန်ရစ်ကာ ကြည့်ဘိသကဲ့သို့ သမ္မာသင်္ကပ္ပမိသည်၏ အဆုံး၌ သူရိန်နေမင်းသည် အရှေ့ဗြုဗ္ဗာမှ ထွန်းလင်းလာသကဲ့သို့လည်းကောင်း၊ အမိုက်တိုက် တိမ်ထုကို ဖြိုခွင်းလေသော စန္ဒာလမင်းကဲ့သို့လည်ကောင်း၊ အသိဉာဏ်တွင် ဝင်းကနဲ လက်ကနဲ ပေါ်လာခဲ့လေသည်ကား …..

ယက်ထောအစ၊ ဒီပဲယင်းက ဒီပဲယင်းအစ၊ စစ်ဝါဒပေတည်း။ အဓိက လက်သည်တရားခံကား စစ်ဝါဒဆိုးကြီး ဖြစ်သည်ဟူသတည်း။

…………………………..

နောက်ကြောင်းကို အနည်းငယ်ကောက်ကြပါအံ့။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးတိုက်ပွဲကာလ စွမ်းဆောင်မှုတို့ကြောင့် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်ခဲ့၏။ မြန်မာ့သွေးကို နှမပေးချင်သူတို့လည်း မရှား။ ဤမှသည် ပြည်တွင်း ဆူပူသောင်းကျန်းမှု၊ တရုတ်ဖြူကျူးကျော်မှု၊ အာဏာရပါတီ၏ ဦးဗိုလ်သခင် အက်ကြောင်းများမှသည် စစ်တပ်သည် အကွဲတွင် ဂွကောင်းကို တက်ထိုင်ကာ အာဏာယူသော အလေ့တွင် ကျယ်လာပြီး စစ်ဝါဒ ခေါင်းထောင်လာလေတော့သည်။ တိတိကျကျ အားမနာစတမ်း ပြောရလျှင် တပ်မတော်ခေါင်းဆောင်ကြီး ဘိုနေဝင်းက မြန်မာပြည်အလုံးကို သိမ်းကြုံးစိုးစံသည်မှ တိုင်းပြည်ပျက်ကိန်း စလေတော့သည်။

…………………………..

ကိုယ်တိုင်မှတ်မိသမျှ တဆင့်ဖောက်သည်ချရသော် စစ်အာဏာသိမ်းပြီးစ ၁၉၆၃ တွင် ပါလီမန်အငွေ့အသက်၊ မကုန်သေးချေ။ ကျွနုပ်ကိုယ်တိုင် ပြည်သူ့ဆိုင်တွင် ဂါလံပုံးကိုင် တန်းစီခဲ့ဖူးသောကြောင့် ရေနံဆီတဂါလံ ပြား ၆ဝ၊ မီးဒုံး၊ ငကျွဲ တပြည် ၆၅ ပြားသာဖြစ်ကြောင်း မှတ်မှတ်ရရ ရှိနေ၏။ ထိုမှသည် မဆလခေတ် ရောက်ခဲ့ရာ စစ်ဗိုလ်ဟောင်းတို့ ကောင်စီအဆင့်ဆင့်၊ ယူနစ်ကော်မတီဝင်များ ဖြစ်လာလေ၏။ လူငယ်မှန်သမျှ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဖြစ်ကုန်ကြလေ၏။ စာအုပ်ပြာပါ လူနှင့် လူ့ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား၊ စကားလုံး၊ စကားရပ်တို့ကို အဓိပ္ပာယ် စိုးစေ့မျှတွင်တွင်ကြီး သုံးစွဲကြလေ၏။ ဆိုက်ကားသမားတို့ တရားသူကြီး ဖြစ်လာလေ၏။

ရီစရာ အပြောင်အပျက်အဖြစ် ပြက်လုံးတခုပင် ပေါ်ခဲ့လေရာ မှတ်မိနေသေး၏။ “တရားခွင်တွင် ရုံးထိုင်နေသော တရားသူကြီးက တရားခွင်မှ ရုံးအပြင်သို့ ခဏခဏ ကြည့်လျက်နေရာ ရှေ့ဖတ်စာရေးက တရားသူကြီး ဘာများ ကြည့်သလဲ မေးသည်ဟူ၏။ ဤတွင် တရားသူကြီးက သူ့ဆိုက္ကား ပျောက်မှာစိုး၍ဟု ဖြေသတည်း။ အူကြောင်ကြားခေတ်ကြီးကို ဇာတ်ပေါင်းသော် နောက်ဆုံးရလဒ်ကား မြန်မာပြည်ကြီးသည် တကမ္ဘာလုံးတွင် အဆင်းရဲဆုံးနိုင်င်ငံများအုပ်စုတွင် စာရင်းပေါက်ရခြင်းပင်။

……………………………….

၁၉၈၈ သို့ တိုင်သော် တတိုင်းပြည်လုံး ဆူပူကန့်ကွက်ကြလေ၍၊ တိုင်းပြည် ဖရိုဖရဲ ဖြစ်လေ၏။ ဦးစိန်လွင်၏ အခါပေးဆရာမြိုင် ကျောင်းသား ၅ ထောင် သတ်လိုက်ရင် တိုင်းပြည်အေးမည်ဆိုကာ သတ်၏။ နောက်ဆုံး မဆလပါတီ နိဂုံးချုပ်လေရာ၊ ထိုအချိန်တွင် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်ဆိုကာ တပ်မတော်ကြီးက အာဏာကို ယူပြန်လေ၏။ (ဤနေရာ၌ ခြွင်းချက်အားဖြင့် မြန်မာ့ဒီမိုကရေစီရေး ဘက်တော်သားတို့ အာဏာအကြောင်း နားမလည်မှုသည်လည်း အားနည်းချက်အဖြစ် ဝန်ခံရမည်ဖြစ်၏။) နောက်ဆက်တွဲ ရလဒ်ကား စစ်ဗိုလ်ချုပ် မှန်သမျှ မီလျံနာ ဖြစ်ကုန်၏။ ဗိုလ်မှန်သမျှ အခွင့်ထူးခံ ဖြစ်လာ၏။ စစ်တပ်သည် လူထုနှင့် ကင်းကွာလာ၏။ တိုင်းပြည် ချစ်သူမှန်သမျှ ထောင်ထဲရောက်ကြကုန်၏။ ထိုင်း၊ မလေးနှင့် စင်္ကာပူတို့တွင် မြန်မာတို့ သန်းနှင့်ချီကာ ကျွန်သံသရာ လည်ကုန်ကြ၏။ ဝါးရင်းတုတ်ကိုင် လူမိုက်တို့ ခေတ်ကောင်းလေ၏။ မကြားဖူးသော နှစ်ရှည်ထောင်ဒဏ်တို့ ပေါ်လာလေ၏။ အဝေးထောင်ပို့စနစ် ထောင်ဝင်စာ ပိတ်ပင်သော စံနစ်တို့ ပေါ်လာ၏။ ငါနှင့်မတူ ငါ့ရန်သူဝါဒ ထွန်းကားလာလေ၏။

……………………………..

နောက်ဆုံးတွင် မဟုတ်တာမှန်သမျှ အကုန်လုပ်တော့၏။ ယနေ့ ဘယ်ပုံဆိုက်နေသည်ကို အများသိပြီးဖြစ်၍ အကျယ် မရေးလိုတော့ပြီ။ နိဂုံး ကောက်ချက်ဆွဲရသော် စစ်ဝါဒကြီးကြောင့် အာဏာရှိသူတို့ သိက္ခာတပြားသားမျှ မရှိဘဲ နေပြည်တော် ပလ္လင်ထက်တွင် မြိန့်မြိန့်ကြီး လူညွန့်တုံးလျက် ရှိ၏။ အဖိနှိပ်ခံ ပြည်သူတို့က စားခွက်ပျောက်ကာ လူညွန့်တုံး လျက်ရှိ၏။ ပြည်ပရောက် မြန်မာတို့ကား အလိုလိုနေရင်း အမျိုးယုတ်စာရင်း ဝင်လျက် လူညွန့်တုံး၏။ တတိုင်းတပြည်လုံး၊ ပြည်တွင်းပြည်ပ မြန်မာပြည်ဖွား မှန်သမျှ စတိုင်မျိုးစုံနှင့် လူညွန့်တုံးနေကြလေ၏။ ဤဘဝမျိုးဖြင့် ရှေ့ဆက် အသက်ရှင်နေကြရတော့လေမည်လော။

၂ဝ၁ဝ မှာ ဘာဖြစ်လေမည်နည်း။ စနစ်ဆိုး မပျောက်သရွေ့၊ လမ်းစဉ်မပြောင်းသရွေ့ ဖွတ်သထက် ညစ်ရန်သာတည်း။

မြန်မာ့ထွက်ရပ်လမ်းသည် တကြောင်းတည်းသော လမ်းဟူ၍ ကျွန်ုပ် ယုံကြည်သည်။ စနစ်ဆိုးကို ရိုက်ချိုးဖျက်ဆီး ကြရုံမှတပါး အခြားမရှိချေ။ တိုက်ပွဲမပါဘဲ ခေတ်တခေတ်ကို ဖြတ်နိုင်သည်ဟူ၍ ကျွနုပ် မကြားဘူးချေ။ ပြောက်ကျားစစ်ကိုသော်လည်းကောင်း ပြင်ဆင်သင့်သည်ကို ကျွန်ုပ် သဘောတူသည်။ လူးလွန့်လှုပ်ရှား၍ မရသော အချိန်ကာလတို့ ကုန်ဆုံးပေတော့မည်။ စစ်ဝါဒဆိုးကြီးလည်း ပြိုခါနီး အရူးမီးဝိုင်း နေချိန်တွင် အားကုန်စိုက်ထုတ် ရုန်းကန်ကြရမည် မဟုတ်လေသလော။ ကျွနုပ်ကိုယ်တိုင်နှင့်တကွ များစွာသော မြန်မာတို့၏ အကျင့်ဆိုး၊ အကျင့်ဟောင်း မှန်သမျှ ခဝါချကြရမည့် သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီး တပြိုင်တည်း စွန့်လွှတ်ကြရမည့် အချိန်တည်း။

……………………………

တကမ္ဘာလုံး ပြောင်းလဲနေချိန်တွင် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့ကို မေ့လျော့လျက် ငါ့ တပ်မတော်အတွက်သာ ကာလလေးမြင့်စွာ ရပ်တည်ခဲ့ကြသော တပြားသားမှ သိက္ခာမရှိတော့ဘဲ ကိုယ်အမျိုးကိုယ် ညှဉ်းနေဆဲဖြစ်သည့် စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်း တို့သည်လည်း လူလိုနေရရေး မြန်မာ့ဒီမိုကရေစီ တိုက်ပွဲဆီသို့ မျက်နှာမူသင့်သော အချိန်တည်း။ မျိုးရိုးမတိမ်အောင် ကြံဆောင်သင့်ချိန်တည်း။ ထိုသို့လျှင် ဥမင်လိုဏ်ခေါင်းများ အတွင်းမှ အနီးကပ်ဆုံး ပြည်သူရန်သူတို့ကို ချေမှုန်းပါမူ၊ ကောင်းလှောင့်တေး ကောင်းလှောင့်တေး ဂွတ်စွ ဟုတ္တာဟု ဥဒါန်းကျူးလျက် ကျွန်ုပ်ကို ပါးနားရိုက်ချင်သော တူတော်မောင် ဖြစ်စေဦး၊ ၎င်း၏ နောက်တော်ပါးမှ ထီးဖိနပ်ထမ်းရန် ကျွန်ုပ် အဆင်သင့်ရှိပါ၏။

ထို့သို့ မဟုတ်မူဘဲ လူထုလွတ်မြောက်ရေး တိုက်ပွဲကို ကျောခိုင်းကာ စိန်စီသော သတို့သမီး မိသားစုဘက်မှ ကြောင်တောင်ကန်း ရပ်တည်နေသော စစ်ဗိုလ်စစ်သားတို့နှင့် ဓားကို ဓားချင်း၊ လှံကိုလှံချင်း သာမက၊ ခြေမကို ကုန်းကိုက်ရန်အထိပင် အဆင့်သင့်ရှိနေကြောင်း ကြေညာမောင်းခတ်သည်ဆိုပါမူ ကျွနုပ်သည် မစ္စတာ ဝီလျံယက်ထော ကဲ့သို့ စိတ်ပေါ့သွပ်သူဟု ဆိုလေမည်လော။ ။

http://www.mizzimaburmese.com

A

B

C

The Kitchen မီးဖိုချောင်