Tuesday, May 26, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် Iowa ပြည်နယ် Des Moines မြို့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ


အမေရိကန် အနောက်အလယ်ပိုင်း ပြည်နယ်တခုဖြစ်သည့် Iowa ပြည်နယ် Des Moines မြို့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို မေလ (၂၅)ရက်နေ့ ညနေ (၉)နာရီတွင် ပြူလုပ်ခဲ့ပါသည်။ ဤနေ့သည် အမေရိကန်နိုင်ငံ၏ “စစ်သည်တော်များ အထိမ်းအမှတ်နေ့” (Memorial Day) လည်း ဖြစ်ပါသည်။

Des Moines မြို့၏ အစိုးရရုံးများ တည်ရှိရာ Locust နှင့် 3rd St. လမ်းထောင့်ရှိ ပြည်သူ့ရင်ပြင်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိခြင်း၊ ခရစ်ယာန်၊ အစ္စလမ်၊ ဗုဒ္ဓဘာသာဝင်တို့က မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အမည်ပါ မိုးပျံပူစီပေါင်းများ လွှတ်တင်ခြင်း စသဖြင့် နွေဦးကာလ ကွက်ကြားမိုးများ ကြားထဲတွင် မြန်မာတိုင်းရင်းသား အယောက် (၁၂၀) ခန့်သည် တက်ညီလက်ညီ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

ဤ ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် ပါတ်သက်ပြီး တာဝန်ရှိသူတဦးမှ “Des Moines မြို့မှာ ရောက်နေကြတဲ့ မြန်မာ တိုင်းရင်းသားတွေ အားလုံးဟာ ယခု အမိမြန်မာပြည်တွင် ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေတွေနဲ့ မျက်ခြေပြတ်မှု မရှိကြောင်း၊ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းတဲ့ကိစ္စနှင့် ပါတ်သက်ပြီး သူမအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားသွားစေနိုင်ရန် ရည်ရွယ်ပြီး ဒီနေ့ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း” ပြောကြား သွားပါတယ်။

ဤပွဲကို Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများ Community မှ ကြီးမှူး ကျင်းပခဲ့ပါသည်။ ၎င်းတို့၏ သဘောထား ကြေငြာချက်တွင် Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများအနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်း၊ တိုင်းရင်းသားပေါင်းစုံတို့၏ ခံစားနေသော လူမှုဒုက္ခ အ၀၀ကို ဦးဆောင် ဖြေရှင်းပေးနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ လက်ရှိ မြန်မာ စစ်အစိုးရ၏ မတရား အမှုဆင် ဖမ်းဆီးခြင်း၊ နှစ်ရှည်လများ အကျဉ်းကျခြင်းကို ခံစားနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့နိုင်ငံရေး ဘက်တော်သားများကို ချွင်းချက်မရှိ လွှတ်ပေးသင့်ကြောင်း၊ အကယ်၍ စစ်အစိုးရသည် အာဏာကို မတရား ဆက်လက် သိမ်းပိုက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအား မတရား ချုပ်နှောင်ခြင်း ဆက်လက်ပြုလုပ်ပါက နိုင်ငံတကာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အတူ လက်တွဲ ဆင်နွှဲသွားမည် ဖြစ်ကြောင်း ရေးသားထားပါသည်။

Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများသည် ယခင်နှစ်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲများ ကျင်းပခြင်း၊ ၂၀၀၇-ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကာလအတွင်း ထောက်ခံ ဆန္ဒပြပွဲများ၊ Campaign များကို Iowa ရှိ တက္ကသိုလ်တချို့တွင် ကျောင်းသားများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံ ပေးပို့ပေးခြင်း၊ အမေရိကန် သမတ ရွေးကောက်ပွဲ မဲဆွယ်ပွဲများ တက်ရောက်၍ မြန်မာ့အရေး တင်ပြခြင်း၊ Des Moines မြို့တွင် နှစ်စဉ် ကျင်းပသည့် အာရှ အမွေအနှစ် ပွဲတော် (Asian Heritage Festival) တွင် ပူပေါင်း ပါဝင်ခြင်း၊ Oregon ပြည်နယ်မှ New York အထိ မိုင်(၃၀၀၀)ကျော် လမ်းလျှောက်ချီတက်လာကြသည့် ကိုအေသင်နှင့် ကိုဇော်မင်းထွေးတို့ နှစ်ဦး Iowa ကို ဖြတ်လျှောက်သွားစဉ် လမ်းခရီးတလျှောက် အကူအညီများ ပေးခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့ပါသည်။ Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများ သည် မြန်မာ့အရေးနှင့် ပါတ်သက်ပြီး နောက်တန်းတွင် မရှိခဲ့ကြောင်းလည်း တာဝန်ရှိသူတဦးမှ ထပ်မံ ပြောကြားခဲ့ပါသည်။

လှုပ်ရှားမှု ဓါတ်ပုံများကို အောက်ပါနေရာတွင် ရရှိနိုင်ပါသည်။
http://picasaweb.google.com/BurmeseActivists/CandleLightVigilInDesMoinesIA#

သတင်းပေးပို့သူ ဇော်ထွဋ္ဋ်
burmeseactivists@gmail.com

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်