Thursday, May 14, 2009

မစ္စတာယက်တော အင်းလျားကန်အတွင်း ခုန်ဆင်းခြင်း


ဝီလျံ ယက်တော အချုပ်ခန်း နံရံကို မှီပြီး ထိုင်နေသည်။ ရန်ကုန်မြို့ အင်းလျားကန် အတွင်း အဖမ်းခံရသည်မှာ ယနေ့ဆိုလျှင် ၇ ရက် ပြည့်ပြီ။ ၇ ရက်အတွင်း နှစ်နှစ် ခြိုက်ခြိုက် အိပ်စက်ရသည့် အချိန်က ၇ နာရီ မပြည့်သေး။ မြန်မာပြည် ထောက်လှမ်းရေးတို့၏ စစ်ကြောရေး လုပ်ပုံ လုပ်နည်းအကြောင်း ဖတ်ရှုခဲ့သမျှ အမှန်တွေပါပဲလား ဟုလည်း ဆင်ခြင်မိသည်။ ထိုအခိုက် အချုပ်ခန်း အတွင်းသို့ ကိုယ်ရောင် ကိုယ်ဝါ တောက်ပသူ တယောက် ဝုန်းခနဲ ရောက်လာသည်။

ယက်တော။ ။ ဟာ … လန့်လိုက်တာဗျာ၊ ခင်ဗျားက ဘယ်သူလဲ။

ရုက္ခစိုး။ ။ ငါလား၊ ငယ်နာမည် ကြက်တော၊ အဲလေ ယောင်လို့ ကျုပ်က ရုက္ခစိုးဗျာ။ သစ်ပင်စောင့်နတ် ဆိုပါတော့။

ယက်တော။ ။ တံခါးလည်း မဖွင့်ဘဲနဲ့ ခင်ဗျား ဘယ်အပေါက်ကနေ ဝင်လာတာလဲ။

ရုက္ခစိုး။ ။ ဒါကိုတော့ ပြောလို့ ဘယ်ဖြစ်မလဲ။

ယက်တော။ ။ လွယ်လွယ်လေးနဲ့ ဒီကို ရောက်လာတယ်ဆိုတော့ အပြင်မှာ အစောင့်တွေ မရှိဘူးလား။

ရုက္ခစိုး။ ။ ဘာလို့ မရှိရမှာလဲ၊ ရဲ အယောက် ၃ဝဝ လောက် အစောင့် ချထားတယ် အပြင်ဘက်မှာ။ မင်းတောင် အစောင့်တွေကြားက ရေကူးတတ်ရင် ငါက ပိုတောင် လုပ်တတ်သေးတယ်။

ယက်တော။ ။ ကျနော်က ရမ်ဘိုကို မျှော်နေတာ။ ခင္ဗ်ားက ျမန္မာရမ္ဘုိလား။ ခင်ဗျား …ခင်ဗျားက ကျနော့်ကို လာကယ်တာပေါ့။ (မျက်လုံးကို ပြူးကြောင်ကြောင်လုပ်ပြီး မေးလိုက်သည်။)

ရုက္ခစိုး။ ။ ထပ်သရီး၊ ငါက မင်းကို ကိုယ်ဖျောက်ပေးလို့ မရဘူး ကွ။ ကယ်လို့ရလည်း မင်းကိုတော့ မကယ်နိုင်ပါဘူးကွာ။ မင်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ထပ်သွားမယ်ဆိုရင် ကွိုင်ပဲ။ အမှုတွေ ထပ်တိုးပြီး အိမ်အကျယ်ချုပ်ဘဝနဲ့ပဲ သူ့ခမျာ နိဂုံးချုပ်တော့မယ်။

ဦးရုက္ခစိုးက သူ့ကို မကယ်ထုတ်နိုင်ဟု ဆိုသဖြင့် ရေကူးချန်ပီယံ ယက်တော ခေါင်းငိုက်စိုက် ကျသွားသည်။

ရုက္ခစိုး။ ။ စိတ်ဓာတ်မကျပါနဲ့ကွာ။ မင်းက အခုဆို ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်နေပြီ။ သံရုံးကလည်း ထောင်ဝင်စာ လာတွေ့မှာပါ။ ရေကူးတဲ့ ရိုဟင်ဂျာတွေလည်း ကမ္ဘာကျော်သွားသလို၊ မင်းလည်း ကမ္ဘာကျော်သွားပြီ ဆိုတော့ လူတွေလည်း ရေကူးသင်တန်းတက်ဖို့ ပြင်နေကြတယ် ဆိုပဲ။

ယက်တော။ ။ ကျနော် အဲဒီလောက်အထိ မရည်ရွယ်ပါဘူးဗျာ။

ရုက္ခစိုး။ ။ မင်း မရည်ရွယ်တာ ခဏ ထားလိုက်ဦး၊ အခု မင်း ရေအကူးကောင်းလို့ အစိုးရကတောင် နိုင်ငံခြား ခရီးသည်တွေကို ဗီဇာ တင်းကျပ်လိုက်ပြီ ကွ။ ရေကူးတတ်ရင် ဗီဇာ မပေးဘူး တဲ့။ ဧရာဝတီက ဟန်လေးတောင် အဲဒီ အကြောင်း ကာတွန်း ဆွဲထားသေးတယ်။ ကဲ… မင်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဘာကြောင့် သွားရတာလဲ ပြောစမ်းပါဦး၊ အပြင်မှာတော့ မင်းရဲ့ စွန့်စားခန်း အကြောင်း အားလုံးက သိချင်နေတယ်။

ယက်တော။ ။ ကျနော် မသွားပါဘူး၊ ဒါပေမယ့် အဖြစ်မှန်ကို ပြောရမယ် ဆိုရင်တော့ အရှည်ကြီးပေါ့ဗျာ။

ရုက္ခစိုး။ ။ လိုရင်းပြောပါကွာ။ အချိန်မရှိဘူး။ မင်းကို စစ်ကြောရေး ဝင်ဖို့ လာခေါ်ကြဦးမယ် ထင်တယ်။

ယက်တော။ ။ ဒီလိုဗျ။ ကျနော့်ကို ဗိုလ်ချုပ်မောင်အေးက ငှားထားတာ။

ရုက္ခစိုး။ ။ ဘာလဲ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့လား။

ယက်တော။ ။ စကားဆုံးအောင် နားထောင်ပါဦး။ ကျနော်က စိတ်ရောဂါ အထူးကု ဆရာဝန်ပါ။ ဗိုလ်ချုပ်သန်းရွှေ စိတ်ရောဂါရနေတာကို ကုပေးဖို့ ဗိုလ်ချုပ်မောင်အေးက အကူအညီတောင်းလို့ ဒီကို လာရတာပါ။

ရုက္ခစိုး။ ။ သြော် … လက်စသတ်တော့ မောင်ရင်က ဆရာဝန် ဖြစ်နေတာကိုး။

လူတချို့ ထင်ကြသကဲ့သို့ မစ္စတာယက်တောက စီအိုင်အေ ရေကူး ချန်ပီယံ မဟုတ်ဘဲ စိတ်ရောဂါ အထူးကု ဟု ဆိုသဖြင့် ဦးရုက္ခစိုးက အထင်ကြီးသွားသည်။

ယက်တော။ ။ ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တော်တော်လေး ဆိုးနေတယ်။ အထူးသဖြင့် ဒီနှစ်ထဲမှာ ပိုဆိုးလာတယ်လို့ သိရတယ်။

ရုက္ခစိုး။ ။ ဟုတ်လား၊ ဘယ်လောက်အထိ ဆိုးနေလို့လဲ။ မနှစ်တုန်းကတော့ အုန်းသီးထဲ ဘယ်သူ ရေထည့်သလဲ လို့ စာရေးဆရာ ဘောဂဗေဒကို ဖုန်းဆက်ပြီး လှမ်းမေးတယ် တဲ့။ ဆရာဘောက ဖြေရခက်လို့ ဆိုပြီး အမေရိကန်အထိ သွားပြီး စတေးရှောင်နေရတယ်။

ယက်တော။ ။ အုန်းသီးထဲ ဘယ်သူ ရေထည့်သလဲ သိချင်တာက တော်သေးတာပေါ့၊ အခုဟာက အဲဒီထက် ဆိုးတယ်။ မြန်မာပြည်မှာ ဆန်စပါး တောင်ပုံ ရာပုံ ဖြစ်နေပြီလို့ လျှောက်ပြောနေတာ မကြားလိုက်ဘူးလား။ ပြီးတော့ နေပြည်တော်မှာ မြို့သစ် ၅ မြို့ တိုးချဲ့တော့ နာမည်တွေကို ဒက္ခိဏသီရိ၊ ပုပ္ဗသီရိ စသဖြင့် သာမန် မဟုတ်တဲ့ နာမည်တွေ ပေးတယ်လို့ ပြောတယ်။

မစ္စတာယက်တော၏ ရှင်းပြချက်ကြောင့် ဦးရုက္ခစိုး စိတ်လေသွားသည်။

ရုက္ခစိုး။ ။ အင်း … ရောဂါက မသေးပါလား။ ရာသီဥတုကလည်း ပူတာကိုး … ။

ယက်တော။ ။ ဒေါ်ကြိုင်ကြိုင်လည်း စိတ်တိုနေတယ်၊ မြို့သစ် ၅ ခုရဲ့ နာမည်တွေမှာ သီရိ ဆိုတာကို ထည့်ထားတာ သူ မကြိုက်ဘူး။

ရုက္ခစိုး။ ။ ဘာမကြိုက်စရာ ရှိသလဲကွ၊ သီရိ ဆိုတာ ကျက်သရေ ရှိခြင်း၊ တင့်တယ်ခြင်းကို ပြောတာပဲ။

ယက်တော။ ။ အဲဒါတော့ ကျနော် မသိဘူး၊ ဒေါ်ကြိုင်ကြိုင်ကတော့ သူ့ကို နေ့တိုင်း စကားနာ ထိုးနေတယ် ပြောတာပဲ၊ ဒါ ရှင့်ရဲ့ ငယ်ရည်စား နာမည် မဟုတ်လား ဘာညာ ပေါ့ဗျာ။

ရုက္ခစိုး။ ။ ခေါ်ရခက်တဲ့ နာမည်တွေ ပေးထားတာ ဆိုတော့ အင်း…ဒီစိတ်ကူးကတော့ အတော့်ကို ပုံမှန်မဟုတ်တာဘဲ။ ခက်တယ် … ခက်တယ် … ဘုရင်ရူးနဲ့ လှေလူးနဲ့ ဆိုတော့ ခက်ကုန်ပြီပေါ့။ ဒီတော့ မင်းကရော သူ့ကို ဆေးကုပေးခဲ့ရဲ့လား။

ယက်တော။ ။ ဆေးပညာချည်းပဲ အားကိုးလို့ မရဘူး ဗျ။ စိတ်ပညာလည်း သုံးရတယ်။ သူ့ရောဂါက နေပြည်တော်တွေ ဘာတွေ တည်ဆောက်တာကို ခရေဇီဖြစ်တဲ့ ဘုရင်ရူး ဆိုတော့ ဒါဟာ မြန်မာပြည် နိုင်ငံရေးနဲ့လည်း ဆက်စပ် နေတာကြောင့် နိုင်ငံရေး ဂုရုကြီးတချို့ကိုလည်း ချည်းကပ်ရတယ်။ ကျနော် Turd Group လို့ ခေါ်တဲ့ အုပ်စုတွေနဲ့ တွေ့ခဲ့တယ်။ အဆင်ပြေတဲ့ ကုထုံးတခု ရလိုရငြား သူတို့ကို ချဉ်းကပ်ရတာပေါ့။

ယက်တောပြောသည့် Turd Group ဆိုသည့် စကားလုံးကို ဦးရုက္ခစိုး မသိပါ၊ Third Group နှင့် အတူတူပဲ ဖြစ်မည်ဟု တွေးလိုက်မိသည်။

ရုက္ခစိုး။ ။ မြန်မာ့နိုင်ငံရေးမှာတော့ Turd Group တွေ၊ Elite တွေရဲ့ ရွှေခေတ်ပဲဟေ့။

ယက်တော။ ။ သူတို့ပြောတဲ့အတိုင်းဆို သူတို့က ရိုးရိုး Elite မဟုတ်ဘဲ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသွားဖို့ စည်းရုံး လှုံ့ဆော်ပေးမယ့်သူတွေ ဖြစ်ကုန်ပြီ တဲ့။ အရင်က နအဖ ငှားခဲ့တဲ့ အမေရိကန်က DCI တို့ထက် ခြေတံလက်တံ ရှည်တယ် ဆိုပဲ။ ဝါရှင်တန်က လူတွေကိုတောင် ခါးပိုက်ထဲ ထည့်ထားနိုင်တယ် တဲ့။

ရုက္ခစိုး။ ။ အတိုက်အခံတွေ သုံးမရတော့လည်း ဒီ Turd Group တွေ ခေတ်ကောင်းတာပေါ့ကွာ။ အတိုက်အခံ ဆိုတာက အမြဲတမ်း အတိုက်အခိုက်ပဲ ခံနေတာကိုး။ ကဲ … Turd Group တွေထဲက ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ။

ယက်တော။ ။ Exclusive Elite စာစောင် ထုတ်တဲ့ ဒေါက်တာ ထိပ်ပြောင် နဲ့ တွေ့တယ်။ ထိပ်ပြောင်ဆီက ဘာ အကြံဉာဏ်မှ မရပါဘူးဗျာ။ သူက ကျုပ်ကို မြန်မာ့နိုင်ငံရေး တတိယအုပ်စုထဲ ဝင်ပြီး လုပ်ဖို့ပဲ စည်းရုံးတယ်။ တတိယအင်အားစု အားကောင်းရင် မြန်မာပြည်ဟာ ပြဿနာ အကုန်လုံး ပြေလည်ပြီး ထောင်တက်သွားမယ် တဲ့။

ကုထုံးရှာခါမှ နောက်ထပ် ဝေဒနာသည် တယောက်နှင့် ဆုံရပြီဟု ဦးရုက္ခစိုး စဉ်းစားမိပြီး ပြုံးလိုက်သည်။

ရုက္ခစိုး။ ။ ထိပ်ပြောင်ဆီက အိုင်ဒီယာ မရတော့ ဘယ်ကို သွားလဲ။

ယက်တော။ ။ အန်ဟူး နဲ့ တွေ့တယ်၊ သူက ဥရောပ အခြေစိုက် နိုင်ငံရေးသမား တဲ့၊ သူ အခု ရန်ကုန် ရောက်နေတယ်ဆိုပဲ။ သူကတော့ ရေကူးဖို့ အစီအစဉ် မရှိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေနဲ့တော့ ဂေါက်သီး ရိုက်ဖို့ ချိန်းထားတယ် လို့တော့ ပြောတယ်။ ဂေါက်ရိုက်ရင်းနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်မယ်လို့ ဆိုတယ်။

မစ္စတာယက်တော စကားကြောင့် ဦးရုက္ခစိုး မျက်လုံး ပြူးသွားသည်။

ယက်တော။ ။ ပြီးတော့ အန်ဟူးက ပြောတယ်၊ ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတယ် ဆိုတာ ကြောက်လို့ ဖမ်းထားတာကွ တဲ့။ ဗိုလ်သန်းရွှေက ကြောက်တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အစွမ်းထက်တဲ့ ဆေးရှိရင် ရှိမယ်၊ ဆေးမရှိတောင် အနည်းဆုံး အကြံဉာဏ်လေးတော့ ပေးနိုင်မယ် လို့ ပြောတယ်။ ကျနော်လည်း ဆေးတွေ ကုထုံးတွေ ရဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်။ ဆရာဝန်တယောက်အတွက် လူနာက အရေးအကြီးဆုံး မဟုတ်လား။

ရုက္ခစိုး။ ။ သြော် … ကုထုံးရှာတာတော့ ဟုတ်ပါပြီ၊ မင်းက ဗိုလ်သန်းရွှေကို တွေ့ပြီးပြီလား၊ စမ်းသပ်ပြီးပြီလား။

ယက်တော။ ။ တွေ့ပါ့ဗျာ၊ တွေ့ပါ့။

ရုက္ခစိုး။ ။ ဟုတ်လား ဘယ်အိမ်မှာ တွေ့တာလဲ၊ ရန်ကုန်အိမ်လား၊ နေပြည်တော်အိမ်လား။

ယက်တော။ ။ အိမ်မဟုတ်ဘူးဗျ၊ နန်းတော်ကြီး၊ နန်းတော်ကြီး။ ကျုပ်တွေ့ဖူးတဲ့ လူနာတွေထဲမှာ ဒီလူနာက အနေအထိုင် အခမ်းနားဆုံး၊ အတောက်ပြောင်ဆုံးပဲ။

ရုက္ခစိုး။ ။ သူနဲ့တွေ့တော့ ဘာပြောလဲ၊ ရောဂါ အခြေအနေ ဘယ်လို ရှိလဲ။

ယက်တော။ ။ ကျနော်လည်း ချော့မော့ပြီး ပြောရတာပေါ့။ အခြေအနေကတော့ သိပ်မကောင်းဘူး။ သူ့ကို စစ်ဆေး စမ်းသပ်ဖို့ အချိန် အတော်ကြာအောင် ညှိရတယ်၊ ပြောရတယ်။ နောက်ဆုံးမှ သဘောတူညီချက်တခုနဲ့ စစ်ဆေးခွင့် ရသွားတယ်။

ရုက္ခစိုး။ ။ ဟုတ်လား၊ ဗိုလ်ချုပ်သန်းရွှေနဲ့ သဘောတူညီချက်တခု ရတဲ့အထိ ညှိနိုင်တယ် ဆိုတော့ မင်း ထပ်ပြီးတော့ ကမ္ဘာကျော်တော့မယ်၊ နိုဗဲလ်ဆုတွေတောင် ရချင် ရနိုင်တယ်၊ ပြောပါဦး ဘာ သဘော တူညီချက် ရသွားတာလဲ။

ယက်တော။ ။ သူ့ ကျန်းမာရေးကို စစ်ဆေးခွင့် ရချင်ရင် ချစ်မငြီးတဲ့ သူ့သမီးတော်ထဲက တယောက်ယောက်ကို လက်ဆက်ရမယ် လို့ ပြောတယ်။ ဒါကြောင့် ကျနော်လည်း စိတ်ညစ်ညစ်နဲ့ ရန်ကုန် ပြန်လာတယ်၊ အင်းလျားကန်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်လိုက်တယ်။ ကံဆိုးချင်တော့ ရဲက ဖမ်းပြီး အမှုဆင်လိုက်တော့ ယက်တောရဲ့ဘဝ အခုလို ဇာတ်သိမ်းရတော့တာပါပဲ။

ထိုသို့ ပြောဆိုပြီး မစ္စတာ ယက်တောသည် တဟီးဟီးဖြင့် ဟီးချ ငိုကြွေးလေသည်။ ။

ဧရာဝတီအွန်လိုင်း

A

B

C

The Kitchen မီးဖိုချောင်