Sunday, March 1, 2009

အိုဘားမားရဲ့တရုတ်ပေါ်လစီ


အိုဘားမားရဲ့တရုတ်ပေါ်လစီ
ရှင်ဒိသာ Friday, February 20, 2009


အိုဘာမားရဲ့တရုတ်ပြည်ဆိုင်ရာပေါ်လစီမှာ သူ့တဦးချင်းအနေနဲ့ မတူတာတချို့ ရှိကောင်းရှိနိုင်ပေမဲ့ သူ သမ္မတ တာဝန် စယူချိန်မှာတော့ တရုတ်အမေရိကန် ဆက်ဆံရေးဟာ အပြောင်းအလဲရှိမှာမဟုတ်ပါဘူး။(ယွမ်ပင်း)

၁၉၇၈ခုနှစ်၊ သံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်ကစလို့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စု အပြန်အလှန် ဆက်ဆံရေးဟာ လှိုင်းထနေသလိုပါပဲ။ အရင်သမတတွေဖြစ်တဲ့ ရော်နယ်ရီဂင်၊ ရစ်ချတ်နစ်ဆင်၊ ဂျော့အိတ်ခ်ျဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်နဲ့ ဂျော့ဘုရှ်တို့ အာဏာရချိန်မှာ နှစ်ဖက်ဆက်ဆံရေးဟာ အနိမ့်အမြင့် မညီမညာရှိခဲ့တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေပါတယ်။ ဒါပေမဲ့ အခုကတော့ မတူပါဘူး။ မနှစ်က အမေရိကန်သမတ မဲဆွယ်ပွဲ ကာလတွေတုန်းက တရုတ်အမေရိကန်ဆက်ဆံရေး အကြောင်းကို သိပ်ပြောတာ မတွေ့ရသလောက်ပါပဲ။ ဒီအစား သမတလောင်း ၂ယောက်က တရုတ်အမေရိကန်ဆက်ဆံရေးရဲ့ အရေးကြီးမှုနဲ့ တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းသွားဖို့ကိုပဲ ထုတ်ဖော်ပြောဆိုကြပါတယ်။ ဒါကြောင့် ယေဘူယျ ပြောရရင်တော့ အိမ်ဖြူတော်ကို အိုဘားမားရောက်ပြီး နောက်ပိုင်းမှာလည်း တရုတ်အမေရိကန် ဆက်ဆံရေးဟာ ထူးထူးခြားခြား ပြောင်းလဲမှာ မဟုတ်ပါဘူး။

တည်ငြိမ်တဲ့ နှစ်ဖက်ဆက်ဆံရေး

မှန်တန်းကျတဲ့ သံတမန်ဆက်ဆံရေး အနှစ်၃၀ အကြာမှာ တရုတ်နဲ့ အမေရိကန်အကြား နှောင်ကြိုးက အတော်လေး ခိုင်မာလာပါတယ်။ သူတို့နှစ်ဦးအကြား ဆက်ဆံရေးဟာလည်း ရန်သူမဟုတ်၊ မိတ်ဆွေမဟုတ် ဆက်ဆံရေးကနေ အကျိုးတူ မိတ်ဆွေအဖြစ်နဲ့ လက်ရှိမှာ အပြုသဘော ပူးပေါင်းဆောင်ရွက်သူတွေအဖြစ် ပြောင်းလဲသွားပါပြီ။ နှစ်နိုင်ငံဟာ အခုအခါမှာ နိုင်ငံရေး အဆင့်တိုင်းမှာ ဆက်ဆံနေကြပါတယ်။ နှစ်ဖက်ကုန်သွယ်ရေး ပမာဏဟာ သုညနီးပါးကနေ ၂၀၀၇ ခုနှစ်မှာ ဒေါ်လာ ၃၅၀ဘီလျံထိ တိုးပွားလာပါတယ်။ တကယ့် နက်ရှိုင်းတဲ့ အပြန်အလှန်မှီခိုမှုကို ဖန်တီးလိုက်တာပါ။ ဒါ့အပြင် နှစ်နိုင်ငံဟာ အကြမ်းဖက် ဆန့်ကျင်ရေးနဲ့ မြောက်ကိုရီးယား၊ အီရန် နျူကလီးယားအစီအစဉ်လို ကိစ္စတွေမှာ စစ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးကို စတင်လုပ်ဆောင်နေကြပါပြီ။ တရုတ် အမေရိကန် ဆက်ဆံရေးဟာ လုံးလုံးလျားလျားကို ရင့်ကျက်တည်ငြိမ်နေပါပြီ။

သမတဂျော့ဘုရှ်အုပ်ချုပ်ရေးလက်ထက်မှာ သူ့ရဲ့တရုတ်ပြည်ဆိုင်ရာပေါ်လစီကို ရီပတ်ဘလီကန်ရော ဒီမိုကရက်ပါ နှစ်ဖက်စလုံးက ယျေဘူယျအားဖြင့် လက်ခံကြပါတယ်။ အိုဘားမားနဲ့ ဒီမိုကရက်ပါတီက အကြမ်းဖက် ဆန့်ကျင်ရေး၊ အီရတ်၊ ရုရှနဲ့ ဥရောပပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ဘုရှ်ရဲ့ပေါ်လစီတွေ အပေါ်မှာသာ အဓိကအလေးထား ဝေဖန်ကြတာဖြစ်ပြီး အာရှ-ပစ္စဖိတ်ပေါ်လစီတွေအပေါ်မှာတော့ ဝေဖန်တာတွေ မရှိပါဘူး။ အိုဘားမားရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအဖွဲ့တွေရဲ့ ဆန်းစစ်ချက်အရ ပြောရရင် သူ့ရဲ့ဦးစားပေး အစီအစဉ်တွေမှာ စီးပွားရေးကို ပြန်လည်ကယ်ဆယ်ဖို့နဲ့ အီရတ်က စစ်သားတွေပြန်ဆုတ်ရေး၊ အာဖဂန်နဲ့ ပါကစ္စတန်က အခြေအနေတွေ အပြောင်းအလဲ ဖြစ်ရေးနဲ့ ရုရှ၊ ဥရောပပြည်ထောင်စုနဲ့ အမေရိကန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်ရေးတို့ဟာ ပထမဦးစားပေးဖြစ်မှာပါ။ ဒါကြောင့် အိုဘားမားရဲ့ တရုတ် ပေါ်လစီဟာ အရင်က မူတွေအတိုင်း ဆက်သွားမှာပါ။

တရုတ်ပြည်အပေါ်မှာ အိုဘားမားရဲ့အဖွဲ့တွေရဲ့ အမြင်တွေက အတော်လေး လက်တွေ့ကျပြီး ကျိုးကြောင်း ဆီလျော်ပါတယ်။ ဒုသမတ ဂျိုးဘိုင်ဒင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အားလုံးက တရုတ်ပြည်အပေါ်မှာ အစွန်းရောက်တဲ့ သဘောထားတွေ မရှိကြပါဘူး။ အိုဘားမားရဲ့ အာရှရေးရာ ပေါ်လစီအဖွဲ့မှာ တရုတ်ကျွမ်းကျင်သူ အများအပြား ပါ,ပါတယ်။ သူတို့အမြင်တွေက အများအားဖြင့် လက်တွေ့ကျပြီး အခြေအနေနဲ့ ကိုက်ညီပါတယ်။ နှစ်ဖက်စလုံးမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါတဲ့ အခွင့်အလမ်းတွေ ရှိတယ်လို့ တရုတ်ပြည်က ယုံကြည်ပါတယ်။ လုံခြုံရေးနယ်ပယ်မှာ အိုဘားမားအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ ဒီအထဲမှာ အီရတ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အီရန်၊ မြောက်ကိုရီးယားက နျူကလီးယားကိစ္စတွေ အပါအ၀င် အများအပြားဟာ တရုတ်ပြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

ဒါ့အပြင် ရာသီဥတု အပြောင်းအလဲ၊ စွမ်းအင်၊ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တားဆီးရေးနဲ့ ကုသရေးစတဲ့ ကမ္ဘာ့ပြဿနာတွေ အတော်များများမှာ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုဟာ အများကြီး ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသေးတယ်။ စစ်အေးခေတ် ပြီးကတည်းက အမေရိကန်အစိုးရသစ်တိုင်းဟာ သဘောထား တပုံစံတည်းပဲ ပြသကြပါတယ်။ အာဏာရလာတဲ့ သမတတွေဟာ တရုတ်ပြည်အပေါ်မှာ ရပ်တည်ချက် တင်းမာကြပါတယ်။ နောက် ၁ နှစ် ၂နှစ်အကြာမှ ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ အနေအထားကို ပြန်ရောက်လာပြီး တရုတ်-အမေရိကန် ဆက်ဆံရေးဟာ တက်ကြွစွာ အကောင်အထည် ပေါ်လာခဲ့တာပါ။ အိုဘားမားရဲ့ အဖွဲ့က တရုတ်ပြည်နဲ့ပတ်သက်လို့ လက်တွေ့ကျသလို တဖက်မှာလည်း ပညာရှင်တွေနဲ့ လူထုအမြင်က နှစ်ဖက်ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခုကို ဖန်တီးပေးပါတယ်။

အပြောင်းအလဲ ၄ခု

ဂရုစိုက်ရမယ့် အပြောင်းအလဲ ၄ ခု ရှိတယ်။ ပထမက အမေရိကန်အုပ်ချုပ်ရေးအပြောင်းအလဲ၊ အိုဘားမားရဲ့အောင်ပွဲက အမေရိကန် နိုင်ငံရေးမှာ သမိုင်းဝင်တဲ့ အရေးပါမှု တခုဖြစ်တယ်။ နောက် တရုတ်ပြည်အပေါ် သူ့ရဲ့သဘောထားကတော့ ၀ိုးတိုးဝါးတား ရှိနေတုန်းပဲ။ အရင်သမ္မတ ဘီလ်ကလင်တန်တုန်းကတော့ တရုတ်-အမေရိကန်ဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာ သိတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ မဟာဗျူဟာ မိတ်ဆွေဖွဲ့တာ လုပ်ခဲ့တာဖြစ်တယ်။ သူ့ဇနီး ဟီလာရီကလင်တန်ကလည်း နှစ်ဖက်ဆက်ဆံရေးရဲ့ အရေးကြီးမှုကို အသိအမှတ်ပြုတယ်။ သူမက ၂၁ ရာစု အတွင်းမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆက်ဆံရေးဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ နိုင်ငံခြားရေးမဂ္ဂဇင်းမှာ ချက်ချင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ တရုတ်ပြည်အပေါ် မတူတဲ့ ပေါ်လစီနဲ့ သူ့ယောက်ျားနဲ့ ဆန့်ကျင်ဖက်လှမ်းဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ချေရှိတယ်။

ဘိုင်ဒင်ကတော့ တကယ့်အခန်းက ပါဝင်ကပြနေတယ်။ သူဟာ ၀ါရှင်တန်မှာ နိုင်ငံခြားရေးနဲ့ပတ်သက်ပြီး ထင်ရှားကျော်ကြားတဲ့ ကျွမ်းကျင်သူတဦးဖြစ်ပြီး သူ့ရဲ့သံခင်းတမန်ခင်း ကျွမ်းကျင်မှုအပေါ်မှာ ဒုသမတအဖြစ် အိုဘားမားက ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံခြားရေး ၀န်ကြီးတယောက်ဖြစ်နေတဲ့ ဟီလာရီကလင်တန်ရဲ့ အနေအထားက နိုင်ငံခြားရေးမှာ အရမ်းသြဇာလွှမ်းမိုးမှုရှိတာကြောင့် အခြေအနေကို ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် တရုတ်ပြည်အပါအ၀င် အမေရိကန်နိုင်ငံခြားရေးပေါ်လစီအပေါ်မှာ ဒီခေါင်းဆောင် ၃ ယောက် စည်းလုံး ညီညွတ်မှု ရှိ-မရှိ ဆိုတာက သက်ရောက်ပါလိမ့်မယ်။

ဒုတိယအပြောင်းလဲက အစိုးရဖွဲ့စည်းမှု အပြောင်းအလဲပါ။ ပထမအပြောင်းအလဲက အမေရိကန်ပြည်ထောင်စု ကွန်ဂရက်နဲ့ ဆိုင်ပါတယ်။ အထွေထွေရွေးကောက်ပွဲက အိုဘားမားရဲ့ ပုဂ္ဂလိကအောင်ပွဲတင် မဟုတ်ပါဘူး။ ဒီမိုကရက်ပါတီရဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။ အခု ဆီးနိတ်နဲ့ အောက်လွှတ်တော် နှစ်ခုစလုံးထဲမှာ အများစု အမတ်တွေ ရထားပါတယ်။ အိမ်ဖြူတော်နဲ့ ကွန်ဂရက်က နိုင်ငံရေးဖြစ်စဉ်တွေကို ထိထိရောက်ရောက် လျင်လျင်မြန်မြန် ပုံသွင်းပါလိမ့်မယ်။ အိုဘားမားအုပ်ချုပ်ရေးက နှစ်ဖက်အပြန်အလှန်ဆက်ဆံရေးကို ရှေ့တိုးအောင် လုပ်ဆောင်ချင်သလား ဒါမှမဟုတ် တရုတ်ပြည်နဲ့ ရန်ဖြစ်ဖို့ ကြိုးစားချင်သလား ဆိုတာမှာ မူတည်ပြီး ကွန်ဂရက်ရဲ့ ထောက်ခံမှုကို ရရှိဖို့များမှာ ဖြစ်ပါတယ်။

အစိုးဌာနတွေအကြား ဆက်ဆံရေးဟာလည်း သမတတဦးချင်းစီရဲ့ အုပ်ချုပ်ရေး ပြောင်းတိုင်းပြောင်းတိုင်း အပြောင်းအလဲ ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနတို့မှာ ပေါ်လစီ ရေးဆွဲတဲ့အခါမှာ လွှမ်းမိုးအသာစီးရရေး အတွက် တိုက်ပွဲဆင်တဲ့ သမိုင်းရှိပါတယ်။ ဘယ်ဌာနက အထက်စီးရမလဲ ဆိုတာက တရုတ်-အမေရိကန်ဆက်ဆံရေးအပေါ် သက်ရောက် ပါလိမ့်မယ်။ ၂၁ ရာစုထဲ ရောက်လာတဲ့ အချိန်မှာတော့ ဘဏ္ဍာရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာန၊ စွမ်းအင်ဌာန၊ ပြည်ထဲရေးဌာနဲ့ ထောက်လှမ်းရေး အေဂျင်စီတွေလိုပဲ အခြားဌာနတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိကြပါတယ်။

တတိယအပြောင်းအလဲက အမေရိကန်နိုင်ငံရေးရှုခင်း ပြောင်းနေတာပါ။ ဒီမိုကရက်ရဲ့အောင်ပွဲက အမေရိကန် လူ့အဖွဲ့အစည်းအတွင်းက ဒီမိုဂရပ်ဖစ်(အသက်၊ လူမျိုး။ ပညာ၊ ဆင်းရဲချမ်းသာ စတဲ့ လူဦးရေဖွဲ့စည်းမှု အချိုးအစား)အပြောင်းအလဲကြောင့် ဖြစ်သလိုပဲ လူထုရဲ့ ဘုရှ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်မှုတွေရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။ အခုအခါမှာ စုစုပေါင်း အမေရိကန်လူဦးရေရဲ့ ၃၄%ဟာ လူဖြူမဟုတ်သူတွေပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ၂၃%ပဲ ရှိတာပါ။ ဒါ့ပြင် အသက်ကြီးမှ ကလေးမွေးသူတွေက လူမှုဖူလုံရေး စနစ်အပေါ်မှာ ပိုပြီး ဖိအားများလာနေပါတယ်။ ဒုက္ခကြုံနေတဲ့ ထုတ်လုပ်ရေးနဲ့ စက်မှုကဏ္ဍ တွေကလည်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသမားတွေရဲ့ ကုန်သွယ်ရေး ပေါ်လစီတွေအတွက် ပိုပြီးအကျိုးရှိဖို့ ဖြစ်လာနေတယ်။ ဒီအပြောင်းအလဲအားလုံးက တရုတ်-အမေရိကန် ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆက်ဆံရေးအပေါ်မှာ အကြီးအကျယ် သက်ရောက်မှာဖြစ်ပါတယ်။ အိုဘားမားကိုတော့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသမားလို့ တံဆိပ်မတပ်လိုပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ သူ့ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှု လျော့နည်းအောင်တော့ တခုခု လုပ်ရမှာ ဖြစ်တယ်။

စတုတ္ထအပြောင်းအလဲက နိုင်ငံတကာပတ်ဝန်းကျင် ပြောင်းနေတာပဲ။ အထူးသဖြင့် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း၊ စီးပွားရေး ကျဆင်းမှုနဲ့ အခြားတိုးပွားလာနေတဲ့ ကမ္ဘာ့အရေးကိစ္စတွေပဲ ဖြစ်ပါတယ်။ ဝေါစထရိ လမ်းမမှာ တိုက်ခတ်တဲ့ မုန်တိုင်းက ဘဏ္ဍာရေး နယ်ပယ်ထက်ကို ပိုထိခိုက်တယ်။ ဒါက တကယ့်စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေး ကျန်းမာမှုကို ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်။ ဒါကြောင့် အိုဘားမားအုပ်ချုပ်ရေးက စီးပွားရေး ပြန်နာလန်ထူရေးကို သူ့ရဲ့ ထိပ်တန်း ဦးစားပေးထဲမှာ ထားရတာဖြစ်တယ်။ တကယ်လို့ တရုတ်ပြည်ကသာ ဒီဘက်မှာ အိုဘားမားကို ကူညီနိုင်မယ်ဆိုရင် သမ္မတသစ်ဟာ တရုတ်-အမေရိကန်ဆက်ဆံမှု တိုးတက်ရေးကို ပျော်ပျော်ရွှင်ရွှင် လုပ်မှာဖြစ်တယ်။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ နှစ်ဖက်အပြန်အလှန်ဆက်ဆံရေးဟာ အပြောင်းအလဲ ရှိပါလိမ့်မယ်။

ရာသီဥတုအပြောင်းအလဲ၊ စွမ်းအင်နဲ့ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး စတဲ့ ကမ္ဘာ့ပြဿနာရပ်တွေမှာ အိုဘားမား အုပ်ချုပ်ရေးက ဆက်လက်လွှမ်းမိုးမှုရအောင် ကြိုးစားမှာပါ။ ဒါကလည်း ဒီနယ်ပယ်တွေမှာ တရုတ်ပြည်အတွက် မျှော်လင့်စရာတွေ ပိုတိုးလာပါလိမ့်မယ်။

ဖြစ်နိုင်ဖွယ် စိန်ခေါ်မှုတွေ

အန္တရာယ်အရှိဆုံးက တရုတ်-အမေရိကန်ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုပါပဲ။ နှစ်နိုင်ငံစလုံးက စီးပွားရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။ အိုဘားမားအနေနဲ့ ဈေးကွက်ကို ပြန်လည်ဆယ်မဖို့ အလုပ်ရှုပ်နေလိမ့်မယ်။ ဒါက ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို လှုံ့ဆော် အားပေးတာဖြစ်ပြီး နေထိုင်မှု အဆင့်အတန်းကို တိုးတက်စေမှာဖြစ်တယ်။ ဒီအတောအတွင်းမှာ တရုတ်အစိုးရဟာ ဘွဲ့ရကာစ ပညာတတ်တွေနဲ့ ကျေးလက်အလုပ်သမားတွေအကြား အလုပ်လက်မဲ့ဖြစ်နေတာမျိုးလို ပြဿနာတွေ ဖြေရှင်းနေရတာ။ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ လုပ်နေရတာ၊ စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ပြည်တွင်း ၀ယ်လိုအား တိုးတက်စေဖို့ တွေမှာ လုံးပမ်းနေရမှာပါ။ နှစ်ဖက်စလုံးနဲ့ဆိုင်တဲ့ ဒီစိုးရိမ်ပူပန်စရာတွေက နှစ်ဦးနှစ်ဖက်ကုန်သွယ်ရေးကို မရှောင်မလွှဲသာ အန္တရာယ်ပေးမှာဖြစ်ပြီး သူတို့ရဲ့ပေါ်လစီရေးရာ ပြင်လွယ်ပြောင်းလွယ်ဖြစ်မှုကို အကန့်ခံရမှာ ဖြစ်ပါတယ်။

အိုဘားမားအဖွဲ့က တရုတ်ပြည်အတွက် စာရင်းတခု လုပ်ထားပါတယ်။ တကယ်လို့ဒါကို မဖြည့်ဆီးနိုင်ဘူးဆိုရင် အိုဘားမားရဲ့ တရုတ်ပြည်ဆိုင်ရာ ပေါ်လစီက ခက်ခဲလာစေမှာ ဖြစ်ပါတယ်။ ဒီစာရင်းမှာ တောင်းဆိုထားတာတွေက တရုတ်ပြည်က အမေရိကန် ပြည်ထောင်စုရဲ့အကြွေးတွေကို ဆက်ဝယ်ရမယ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ ရင်နှီးမြှုပ်နှံမှုတွေ ဆက်တိုးရမယ်။ တရုတ်-အမေရိကန် ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းတိုင်ပင်မှုတွေ ဆက်လက်အားကောင်းအောင်လုပ်ရမယ် ဆိုတာတွေပါပဲ။ သူ့စီးပွားရေးနဲ့ နိုင်ငံရေးအကျိုးစီးပွားအပေါ် အခြေခံပြီး တရုတ်ပြည်က ဒီလိုအပ်ချက်တွေထဲက အချို့ကို ကျေနပ်အောင် လုပ်ပေးနိုင်မှသာ ဖြစ်ပါတယ်။ ဒါတွေကတော့ အိုဘားမားအုပ်ချုပ်ရေးအပေါ်မှာ ပထမဆုံး စတင် ထိတွေ့လိုက်ရတဲ့ ခံစားမှုအမြင်တွေ အနေနဲ့ ကျန်ရစ်နေမှာပါ။

ကော်ပိုရေးရှင်းတွေက သူတို့အလုပ်တွေကို နိုင်ငံရပ်ခြားကို ရွှေ့သွားတော့ အမေရိကန်အလုပ်သမားတွေ အတော်များများ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ ဒီလူတွေကို ဒီမိုကရက်တွေက ကိုယ်စားပြုနေတယ်။ ဒီလူတွေက သူတို့အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ဖို့ အိုဘားမားအပေါ်မှာ ပို ဖိအားပေးရပါမယ်။ တရုတ်ပြည်ရဲ့အလုပ်သမား စံချိန်စံညွှန်းတွေကို ငွေကြေးတန်ဖိုး လျှော့ချခြင်း၊ ထုတ်ကုန်ပစ္စည်း စိတ်ချအာမခံမှု၊ ပညာဆိုင်ရာ ပစ္စည်းဥစ္စာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခွင့်နဲ့ ဘဏ္ဍာရေးဈေးကွက် နောက်ထပ် ဖွင့်ပေးရေး စတဲ့ ခေါင်းစဉ်တွေအောက်မှာ အသေးစိတ် စစ်ဆေးနေရပါမယ်။

သံခင်းတမန်ခင်း နယ်ပယ်မှာလည်း သဘောထားကွဲစရာ အလားအလာ ရှိနေပါတယ်။ အိုဘားမား အုပ်ချုပ်ရေးက အီရတ်ကနေ အာဖဂန်နစ္စတန်ကို စစ်သားတွေ ရွှေ့ပြောင်းရေးမှာ ပထမ ဦးစားပေး လုပ်ပါလိမ့်မယ်။ နောက် ရုရှ၊ ဥရောပတို့နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေး ပြင်ဆင်ဖို့ကို စဉ်းစားပါလိမ့်မယ်။ ပြီးမှ နျူကလီးယားကိစ္စတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား၊ အီရန်တို့နဲ့ စေ့စပ်ဆွေးနွေးရေးကို ဆက်လုပ်ပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ဒီကိစ္စတွေအပေါ်မှာ တရုတ်ပြည်က အပြုသဘော အခန်းကနေ ပါဝင် လုပ်ဆောင်ဖို့နဲ့ တာဝန်ယူမှုရှိတဲ့ နိုင်ငံကြီးတခု အနေနဲ့ ဖြစ်စေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီဝန်ထုပ်ဝန်ပိုး တွေကို ပီကင်းအနေနဲ့ ၀ါရှင်တန်နဲ့အတူ ဘယ်လောက် မျှဝေထမ်းပိုးနိုင်မလဲ ဆိုတာက အိုဘားမားစမ်းသပ်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ မှတ်ကျောက် ဖြစ်ပါလိမ့်မယ်။ အမေရိကန် အစိုးရအနေနဲ့ စီးပွားရေးကနေ အာရုံလွှဲဖယ်သွားဖို့အတွက် သံတမန်ရေး ကိစ္စတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီအပေါ် အခြေခံပြီး အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က သူ့ရဲ့တောင်းဆိုမှုတွေကို တိုးကောင်း တိုးလာနိုင်ပါတယ်။ ဥပမာ၊ တရုတ်ပြည်ကို စစ်သားစေလွှတ်ဖို့ တောင်းဆိုတာ၊ ဒါမှမဟုတ် အာဖဂန်နစ္စတန်ကို ငွေကြေးအကူအညီပေးဖို့ တောင်းဆိုတာ၊ တဖက်ကလည်း မြန်မာနဲ့ ဆူဒန်အပေါ်ထားရှိတဲ့ တရုတ်ပြည်ရဲ့ဆက်ဆံရေးကို ဆက်လက် ဖိအားပေးနေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဟာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

လူ့အခွင့်အရေးနဲ့ သဘောတရားရေး ကိစ္စတွေကတော့ အထင်အရှားရှိနေတုန်းပါပဲ။ ဒါပေမဲ့ အခုတော့ တခြားနည်းနဲ့ပဲ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနေပါတယ်။ လောလောဆယ်ဆယ်မှာ ဒီအရေးကိစ္စတွေက တရုတ်နဲ့ အမေရိကန် ပြည်ထောင်စု အကြားမှာ အနုစား အင်အား(soft power) ပြိုင်ဆိုင်မှုအပေါ်မှာ ဗဟိုပြု နေကြတယ်။ အိုဘားမားက အမေရိကန် တန်ဘိုးကို ထိန်းသိမ်း ကာကွယ်ဖို့ အတွက် ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ပုံရိပ်နဲ့ သူ့ရဲ့ ဗိုလ်ကျစိုးမိုးရေး အနေအထားကို ပြန်လည်ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်။ နှစ်နိုင်ငံအကြား ပဋ္ဋိပက္ခဖြစ်မယ့် အလားအလာတွေကတော့ ဒီနယ်ပယ်တွေမှာ လျော့နည်းသွားမှာ မဟုတ်ပါဘူး။

(စာရေးသူဟာ တရုတ်ပြည် ခေတ်ပြိုင်နိုင်ငံတကာ ဆက်ဆံရေးတက္ကသိုလ်၊ အမေရိကန်လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။)

(Source: Obama's China Policy by Yuan Peng: Beijing Review)

ရှင်ဒိသာ


http://www.naytthit.com/

A

B

C

The Kitchen မီးဖိုချောင်