Tuesday, October 28, 2008

ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်


ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်
ဂါမဏိ

၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန် အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နံဘေးမှ အကျယ်ချုပ်ကျခံနေ ရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရသည်မှာ ပိန်လှီလှသည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြားလိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့ တားဆီးစစ်ဆေးမှုများကို ရင်ဆိုင်ကျော်ဖြတ်ကြ သည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့်နားထောင်နေတတ်သည်၊ မိမိ၏ နှလုံးခုန်သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ “ကျမ နေမကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူရတာ ခက်လာတယ်” ဟု သူမက ပြောဖူးသည်။

ထိုသို့ပြောခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်သည်။ ထိုစဉ်က သူမအိမ်ထဲ ခိုးဝင်ရသည်မှာ မြန်မာ့ယူဂျီ လောက၏ အစွမ်းကုန် ကျွမ်းကျင်ပိုင်နိုင်မှု လိုအပ်ခဲ့သည်။ ကျနော်နှင့် အဖော်ရုပ်ရှင်ရိုက်သမား ဒေးဗစ်မန်ရိုကို သူမ၏ လက်ထောက် ကိုဝင်းထိန်က ကြိုခဲ့သည်။ ကိုဝင်းထိန်မှာ အကျဉ်းထောင်တွင်း ခြောက်နှစ်ကျခံခဲ့ဖူးပြီး ငါးနှစ်ကို တဦးတည်း တိုက်ပိတ်ခံ ဖြတ်သန်းခဲ့ရသည်။ ထိုသို့ကြုံခဲ့ရသော်ငြား သူ၏မျက်နှာမှာ ကြည်လင်နေပြီး လက်ဆွဲနှုတ်ဆက်ရာ၌လည်း နွေးထွေးနေသည်။ သူက ကျနော်တို့ကို အိမ်ထဲခေါ်သွားသည်။ တချိန်က ခန့်ညားထည်ဝါခဲ့သော အိမ်ကြီးမှာ ယခု အခြေအနေမကောင်းတော့သည့် ခေတ်ကာလကို ပြနေသည်။ ခြံဝင်းအတွင်း အုန်းပင်များ ဖရိုဖရဲ ပေါက်ရောက်နေသည်မှာ အင်းယားကန်ရေစပ်အထိ၊ သံဆူးကြိုးတန်းအထိ ဖြစ် သည်။ ဤသံဆူးကြိုးက ဤအိမ်သည် ၁၉၉ဝ ခုတွင် ရွေးကောက်ပွဲကို တခဲနက်အနိုင်ရခဲ့သည့် အမျိုးသမီးကြီး ၏ အကျဉ်းထောင်ဖြစ်ကြောင်း သတိရစေသည်။ ၁၉၉ဝ ခု၏ ဒီမိုကရေစီဇာတ်ဝင်ခန်းမှာ ကို့ယို့ကားယား ယူနီဖောင်းများဝတ်ထားသည့် ဗိုလ်ချုပ်များမှ ပြည်ဖုံးကားချပစ်ခြင်းကို ခံခဲ့ရလေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပိုးထမီဝတ်ထားပြီး ဆံကေသာ၌ သစ်ခွပန်း ထိုးထားသည်။ သူမသည် ထူးခြား ထင်းလင်းစွာ ဆွဲဆောင်နိုင်စွမ်းရှိပြီး သူမ၏ တည်ကြည်ချိန် မျက်နှာက သူမ၏ စွန့်လွှတ်စွန့်စား ခရီးစဉ်ကို လျှောက်လှမ်းစေသော ပိုင်းဖြတ်မှုကို ပြသနေသည်။

ကျနော်တို့က သူမတခါမှ မမှတ်မိသည့် ဖခင်ဖြစ်သူ၊ လုပ်ကြံသတ်ဖြတ်ခံရသော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် သမား ဗိုလ်ချုပ်အောင်ဆန်း၏ နံရံပြည့်ရုပ်ပုံကြီး အရှိန်အဝါ လွှမ်းမိုးနေသည့် အခန်းထဲ ထိုင်ခဲ့ကြသည်။

“ကျနော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ” ဟု ကျနော်က စမေးလိုက်သည်။

“နာမည်ကို အစအဆုံးခေါ်ဖို့ခက်ရင် သူငယ်ချင်းတွေခေါ်သလို စု လို့ပဲခေါ်ပေါ့၊”

“စစ်အစိုးရကတော့ အမြဲပဲ ပြောနေတယ်ဗျာ၊ မစုရဲ့ အခန်းကဏ္ဍ ပြီးသွားပြီတဲ့။ ဒါပေမယ့် ကဲ ... အခုဒီမှာ၊ ဘယ်လိုမှ မပြီးသေးဘူး။ အဲဒါ ဘယ်လိုလဲ မစုရေ။”

“အဲဒါက ဘာလို့လဲဆိုတော့ ဗမာပြည်မှာ ဒီမိုကရေစီအခန်းက မပြီးသေးလို့ဘဲပေါ့၊ ... [လမ်းမတွေပေါ်က] လူတွေ၊ ဒီမိုကရေစီအတွက် ဆက်လုပ်နေကြတဲ့ လူတွေ၊ ထောင်ထဲရောက်ဖူးတဲ့ လူတွေ၊ ဒီလူတွေရဲ့ သတ္တိကို ကြည့်။ အချိန်မရွေး ထောင်ထဲပြန်ရောက်ဖို့များတယ် ဆိုတာကို သိရက်နဲ့ သူတို့ လက်မလျှော့ကြဘူးရှင့်။”

“ဒါပေမယ့်လည်း မစုရယ်၊ မစုတို့ကို ထိပ်တိုက်ရင်ဆိုင်ထားတဲ့ ဘီလူးသဘက်အာဏာဆီကနေ မစုတို့ မဲပုံးမှာ နိုင်ထားတဲ့အာဏာကို ဘယ်လိုလုပ်ပြန်ရနိုင်မလဲ။”

“ဗုဒ္ဓွဘာသာမှာ အောင်မြင်ထမြောက်ရာ အကြောင်းလေးပါးဆိုတာကို ကျမတို့ သင်ခဲ့ရတယ်။ ပထမတချက်က အောင်ချင်တဲ့ဆန္ဒ၊ နောက်ပြီးတော့ မှန်ကန်တဲ့အမြင်၊ ဇွဲလုံ့လ၊ အဲဒီနောက် ဉာဏ်ပညာ ...”

“ဒါပေမယ့် ဟိုဘက်မှာက သေနတ်တွေရှိတယ်လေ မစုရဲ့။”

“ဟုတ်တယ်၊ ဒါပေမယ့် စစ်ရေးနည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ တနေ့တခြား ပိုလို့ပိုလို့ ခက်ခဲလာနေတယ်ရှင့်။ အခု အဲဒီနည်းကို လက်မခံကြတော့ဘူး။”

ကျနော်တို့က မြန်မာနိုင်ငံသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ခရီးသွားကုမ္ပဏီများ လာရောက်ရန် ဆန္ဒပြင်းနေမှုနှင့် အနောက်နိုင်ငံများရှိ “မိတ်ဆွေများ”၏ ကြောင်သူတော်ကျမှုအကြောင်းများ ဆွေးနွေးကြသည်။ “ဗြိတိန်နိုင်ငံကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့် ကူးသန်းရောင်းဝယ် ဆက်ဆံမှုများမှတဆင့် မြန်မာပြည်သူတို့သည် ဒီမိုကရေစီ အခြေခံမူများနှင့်ပတ်သက်၍ အတွေ့အကြုံ ရလာလိမ့်မည်” ဟုဆိုထားသော ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရုံး သတင်းထုတ်ပြန်ချက်ကို သူမအား ကျနော်ဖတ်ပြခဲ့သည်။

“နည်းနည်းလေးမှ မဖြစ်နိုင်ဘူး” ဟု သူမက တုန့်ပြန်သည်။ “ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေက ရေပေါ်ဆီ လက်တဆုပ်စာကိုပဲ ပိုချမ်းသာသထက် ချမ်းသာစေတယ်။ တပြည်လုံးမှာ အဓမ္မလုပ်အားပေးတွေ ဖြစ်နေတယ်။ အဲဒီစီမံကိန်းအတော်များများက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက် ရည်ရွယ်ထားပြီး ကလေး လုပ်အားနဲ့ လုပ်နေတာပဲ။”

“ကျနော်နဲ့ စကားပြောခဲ့ဖူးတဲ့ လူတွေကတော့ မစုကို သူတော်စင်တယောက်လို၊ တန်ခိုးရှင်လို ယူဆနေကြ တယ်ဗျ။”

“ကျမ သူတော်စင် တန်ခိုးရှင် မဟုတ်ပါဘူးရှင်၊ အဲဒါကို ကမ္ဘာကသိအောင် ပြောပြပေးပါ။”

“ဒါဖြင့် မစုရဲ့ မကောင်းမှုအရည်အချင်းတွေက ဘာတွေလဲ။”

“အဲ၊ ကျမက စိတ်တိုတတ်တယ်။”

“မစု စန္ဒရားက ဘာဖြစ်သွားတာလဲ။”

“ကြိုးပြတ်သွားတုန်းကကို ပြောတာလား။ ဒီကရာသီဥတုမျိုးမှာ စန္ဒယားတွေက တဖြည်းဖြည်း ပျက်စီးလာ တတ်တယ်လေ၊ တချို့ခလုတ်တွေကလည်း ကပ်လာတယ်။ ဒါနဲ့ ကျမက ခြေနင်းခလုတ်ကို ဆောင့်နင်းတော့ ကြိုးတချောင်းက ပြတ်သွားတယ်ပေါ့။”

“မစု လွတ်ထွက်သွားတယ်ပေါ့နော်၊ ... ပေါက်ကွဲသွားတယ်ပေါ့၊ ဟုတ်လား။”

“ဟုတ်ကဲ့။”

“ဟား ၊ ဒါ တကယ့်ကို စိတ်လှုပ်ရှားစရာ မြင်ကွင်းပဲဗျာ။ ဒီအိမ်ကြီးထဲမှာ မစုက တယောက်တည်း၊ ဒေါသတ အားထွက်လာတော့ စန္ဒယားကို ထုထည့်လိုက်တယ်ပေါ့။”

“ကျမပြောတယ်လေ၊ ကျမက စိတ်တိုတတ်တယ်လို့။”

“ကိုယ့်ကို ရန်ဘက်အင်အားစုက ဝိုင်းပိတ်ဆို့ထားတယ်၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ခံနေရတယ်၊ အဲသလို အခြေအနေမှာ မစုအနေနဲ့ တကယ့်ကို ကြောက်လန့်တုန်လှုပ်လာမိတဲ့ အချိန် တွေရှိခဲ့ဖူးလား။”

“ဟင့်အင်း၊ မရှိခဲ့ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျမကို ဝိုင်းပိတ်ထားတဲ့ အစောင့်တွေကို ရန်ဘက်လို့ သဘောမှ မထားတာဘဲ။ ကြောက်တယ်ဆိုတာ ရန်လိုမှုကနေ ပေါ်လာတာလေ၊ ကျမက သူတို့အပေါ် ရန်လိုတာမှ မရှိဘဲ။”

“ဒါပေမယ့် အဲဒါက ဆိုးဝါးလှတဲ့ အထီးကျန်မှုကိုရော မဖြစ်စေဘူးလားဗျ ... ။”

“သြော်၊ ကျမက တရားထိုင်တယ်လေ၊ ရေဒီယိုလည်း ရှိတယ်။ ... အထီးကျန်တယ်ဆိုတာ အတွင်းစိတ်ထဲက လာတာရှင့်၊ သိတယ်မဟုတ်လား။ လွတ်လပ်နေတဲ့ လူတွေ၊ မြို့ကြီးပြကြီးတွေမှာနေတဲ့ လူတွေလည်း အထီးကျန်တာကို ခံစားရတာပဲ၊ ဘာလို့လဲဆိုတော့ အဲဒါ အတွင်းစိတ်ကနေ လာလို့ပေါ့။”

“မစုအနေနဲ့ လုပ်ဖို့ရှိတဲ့ ပျော်စရာ ကြည်နူးစရာ အသေးအမွှားလေးတွေ ဘာတွေရှိလဲ။”

“ကျမကတော့ ဘီဘီစီ စာအုပ်စင်ကဏ္ဍက စာအုပ်ကောင်းကောင်းတအုပ် ဖတ်ပြပေးဖို့ မျှော်လင့်တယ်။ တရားထိုင်တာလည်း ပါတာပေါ့နော်။ ... ကျမ လေ့ကျင့်ခန်းတွေတော့ သိပ်ကြီးမလုပ်ဖြစ်ဘူး။ ကျမကိုယ်၌က အားကစား တအားလိုက်စားတဲ့အကျင့် တခါမှ မရှိခဲ့ဖူးဘူးလေ။”

“ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့ အားထုတ်ခဲ့ရတဲ့အခါများ ရှိခဲ့ဖူးသလား။”

“ရှိတာပေါ့။ ကျမ ငယ်ငယ်တုန်းက ဒီအိမ်ကြီးထဲမှာနော။ အမှောင်ထဲလျှောက်သွားပြီး သရဲတစ္ဆေတွေ ရှိနိုင်မယ့် နေရာအားလုံးကို လိုက်ကြည့်တယ် ... ဘာသရဲမှ မတွေ့ခဲ့ဘူး။”

ကျနော် သူမနှင့် တွေ့ဆုံခဲ့ပြီးနောက် နှစ်ကာလအချို့ ကြာသည့်တိုင်အောင် သူမပေးထားသည့် ဖုန်းနံပတ်ကို ဆက်ကြည့်ခဲ့သည်။ ဖုန်းခေါ်သံမြည်ပြီးနောက် လိုင်းသေသေသွားသည်။ တနေ့တွင်မူ ဖုန်းရသွားခဲ့သည်။

“စာအုပ်တွေပို့ပေးတာ သိပ်ကျေးဇူးတင်တာပဲ”ဟု သူမကပြောသည်။ “စာအုပ်တွေ အစုံပြန်ဖတ်ရတာ စိတ်ချမ်းသာစရာပဲရှင်။” (ကျနော်က သူမထံသို့ သူမအကြိုက် စာရေးဆရာ တီအက်စ်အီးလီးယော့ စာပေါင်းချုပ်နှင့် ယောနသံကိုး ရေးသည့် နိုင်ငံရေးမီးရှူးမီးပန်းစာအုပ် ‘ခွဲကြဝေကြပုံများကတော့’တို့ကို ပို့ပေးခဲ့သည်။) သူမ အိမ်အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ကျနော်မေးကြည့်ခဲ့သည်။

“သြော်၊ လမ်းကို ပိတ်ထားတယ်လေ၊ [စစ်တပ်က] တလမ်းလုံး အပြည့်ပဲပေါ့... ”

“ဆိုးဝါးလှတဲ့ လိပ်ခဲတင်းလင်း အခြေအနေထဲ မစု ပိတ်မိနေနိုင်တာကို မစိုးရိမ်မိဘူးလား။”

“ကျမ အဲဒီအသုံးအနှုန်းကို လုံးလုံးမကြိုက်ဘူး” သူမက အသံခပ်မာမာနှင့် ပြန်ဖြေသည်။

“လူထုတွေက လမ်းတွေပေါ် ထွက်လာတယ်။ အဲဒါလိပ်ခဲတင်းလင်းမဟုတ်ဘူး။ တိုင်းရင်းသားတွေ၊ ကရင်တွေ ကလည်း ပြန်တိုက်နေကြတယ်။ အဲဒါ အပ်ကွက် မဟုတ်ဘူး။ လူထုဘဝတွေထဲမှာ အံတုမှု အာခံမှု နေ့တိုင်းနေ့ တိုင်း ရှိနေတယ်။ အပေါ်ယံမျက်နှာပြင်မှာ အရာရာ ငြိမ်သက်နေပုံရနေတာတောင် အောက်ထဲမှာ လှုပ်ရှားမှု အမြဲရှိနေတယ်ဆိုတာ ရှင်သိတယ် မဟုတ်လား။ အခုက ရေခဲနေတဲ့ အိုင်နဲ့တူတယ်၊ ရေခဲအောက်က အိုင်ထဲမှာ ကျမတို့ တထစ်ချင်း တထစ်ချင်း ရှေ့တိုးနေတယ်။”

“အတိအကျ ဘာကိုဆိုလိုတာလဲ။”

“ကျမဆိုလိုတာက စစ်အစိုးရမှာ ရုပ်ပိုင်းစွမ်းအား ဘယ်လောက်ပဲကြီးကြီး၊ နောက်ဆုံးမှာတော့ ပြည်သူလူထုကို တားဆီိးနိုင်မှာ မဟုတ်ဘူး။ လွတ်လပ်ရေးကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ကျမတို့ခေတ်ကို ရောက်ကိုရောက် ရလိမ့်မယ်။”

(၂ဝဝ၇ အောက်တိုဘာ ၄ ရက်ထုတ် New Statesman မဂ္ဂဇင်းမှ သြစတြေးလျနိုင်ငံသား သတင်းထောက် ဂျွန် ပင်လ်ဂျာ၏ ဆောင်းပါးကို ဘာသာပြန်သည်။)

http://drlunswe.blogspot.com/

A

B

C

The Kitchen မီးဖိုချောင်