Friday, August 15, 2008

ဇာဂနာ (သို့မဟုတ်) လူထုနှလုံးသည်းပွတ်နှင့် ရင်ခုန်သူ

ဇာဂနာ (သို့မဟုတ်) လူထုနှလုံးသည်းပွတ်နှင့် ရင်ခုန်သူ
မင်းဟန်(ဆောင်းပါး-ခေတ်ပြိုင်)

(က)
ကိုသူရ မိခင်၏ဇာတိက မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကဖြစ်သည်။ အထက်တန်း ကျောင်းသား မောင်သူရ ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း မိခင်ဇာတိ တောင်စွန်းသို့ အလည်ရောက်၍ နေသည်။ ဆွေမျိုးများ နှင့်တရုန်းရုန်း။ ကေလာသတောင်သို့ တက်သည်။ ကျိုက်ထီးဆောင်း ဘုရားသို့ သွား၏။ ဆွေမျိုးညီအစ်ကို မောင် နှမများနှင့်။ ရန်ကုန်သား မောင်သူရ ကျေးလက်တွင် ပျော်နေ၏။ ထိုစဉ် တောင်စွန်းသို့ အငြိမ့်ပွဲဝင်၏။ အငြိမ့်က မော်လမြိုင်အငြိမ့်။ ဗလာပွဲပင်။ စင်ထိုးသည်နှင့် မောင်သူရ အငြိမ်မနေနိုင်တော့ စင်ပေါ်တက်ချင်နေ၏။ ဆွေမျိုးများက မြှောက်ပေးကြ၏။ အငြိမ့်မှ လူရွှင်တော်ကြီးများနှင့် ရင်းနှီးအောင် ကြိုးစားပေးကြ၏။ မြို့ခံများက ဧည့်ခံရင်း လူရွှင်တော်ကြီးများနှင့်ရင်းနှီးသွားကြသည်။

လူရွှင်တော်ကြီးနှစ်ယောက်က မောင်သူရအား ပျက်လုံးတွေ တိုက်ပေး၏။ သင်ပေး၏။ မောင်သူရက ခြေတကြွကြွ။ ဆွေမျိုးများကလည်း အားပါးတရ။

ညရောက်ပြီ။ အငြိမ့်ထွက်ပြီ။ (၁၅)နှစ်သား မောင်သူရလည်း လူရွှင်တော်အ၀တ်အစားများနှင့် စင်ပေါ်မှာ။ ညနေက လူရွှင်တော်ကြီးများ တိုက်ပေးထားသည့် ပျက်လုံးများကို ပျက်ရန်အသင့်။ စင်ပေါ်ရောက်တော့ ညနေက ပျက်လုံးများ သင်ပေးခဲ့သည့် လူရွှင်တော်ကြီး နှစ်ယောက်က လူရွှင်တော်လေး မောင်သူရအား လှည့်၍ပင် မကြည့်။ သူတို့နှစ်ဦးပင် ပျက်လုံးများအား ရေပက်မ၀င် ပျက်၍နေကြ၏။ ပရိတ်သတ်က တ၀ါးဝါး တဟားဟား။ လူရွှင်တော်လေး မောင်သူရ ငေါင်၍ နေသည်။ ဘယ်အချိန် သူဝင်ပျက်ရပါ့မလဲ။ တွေး၍ ကြည့်၏။ ငေး၍ ကြည့်၏။

ဤသို့နှင့် ဇာတ်စင်ပေါ်၌ တောကြည့်တောင်ကြည့် ဖြစ်၍လာသည်။ ပရိသတ်အား ကြည့်ရင်း အားငယ်လာသည်။ လူရွှင်တော်ကြီး နှစ်ယောက်ကတော့ မှင်မောင်းအပြည့်နှင့် ပျက်၍ ကောင်းဆဲ။ တဖြည်းဖြည်းနှင့် လူရွှင်တော်လေး မောင်သူရ ဇာတ်စင်ပေါ်၌ နေရင်း ရင်ထဲ၌ မျက်ရည်တွေ ပြည့်လာ၏။ အငြိမ့်စင် တိုင်အကွယ်သို့ မသိမသာခိုဝင်ရင်း တိုးဝင်ရင်းနှင့်။ ပရိသတ်အား မျက်နှာမပြ၀ံ့တော့။ နှင်းမှုန်များအောက်၌ မောင်သူရ ချွေးများးစို၍ နေခဲ့ရ၏။

ထိုစဉ်က ဇာဂနာဟူ၍ မဖြစ်သေး။ “ကျနော့် ဘ၀မှာ ဘယ်လိုမှ မမေ့နိုင်ခဲ့သလို သင်ခန်းစာ အကြီးကြီးရခဲ့တဲ့ အချိန်တခုပါပဲ။ ကိုယ့်မှာ ကျည်ဆန်မရှိလို့ဆိုပြီး သူများပစ်တာ ခံခဲ့ရတာပါ။ သည့်အတွက်ကြောင့်လည်း ကျနော်ဝမ်းစာပြည့်အောင် ကြိုးစားခဲ့ရသလို နေရာရအောင် ကြိုးစားခဲ့ရပါတယ်” ( ရတီ -၂၀၀၆ ခုနှစ် မတ်လ - စာမျက်နှာ ၁၇၄ မှ ) “ဇာဂနာ”

(ခ)
ကိုသူရ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားဘ၀တွင် ကျောင်းအတွင်း ကပွဲများ၌ အငြိမ့်ကဖြစ်လာ၏။ ဆဌမအကြိမ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ဘွဲနှင်းသဘင် အခမ်းအနား၌ အငြိမ့်ပွဲပါ၏။ ကိုသူရတို့၏ အငြိမ့်။ “ပုလဲသွယ်အငြိမ့်” ဟူ၍ အမည်ပေးသည်။ အခြား ကျောင်းသားများနှင့်အတူ ကိုသူရလည်း လူရွှင်တော် လုပ်သည်။ ပုလဲသွယ်အငြိမ့်တွင် လူရွှင်တော် လေးယောက်ရှိ၏။ မိုလာ၊ စကေလာ၊ တင်ချာနှင့် ဇာဂနာဟူ၍ အမည်ပေးကြ၏။ အားလုံး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများနှင့် ရင်းနှီးသည့် အသုံးအဆောင် အမည်များ။ ဤတွင် ကိုသူရမှ ဇာဂနာဖြစ်လာခဲ့၏။ (ကို)ဇာဂနာ၏ အနုပညာဖြေဖျော်မှုက သစ်ပုပ်ပင်နှင့် အင်းယားကမ်းစပ်၌ပင် ရပ်၍မနေ။ ပြည်သူလူထုအတွင်းသို့ တိုး၍ စီးဝင်ရန် ကြိုးစား၏။ ရန်ကုန်တက္ကသိုလ် (လှိုင်)မှ အနုပညာရှင်များနှင့် ပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမတွင် ဖျော်ဖြေခဲ့ကြ၏။ ဂီတဘက်မှ ကိုင်ဇာ၊ ဗထူး ချစ်၊ မောင်မောင်ချန်တို့နှင့် တွဲမိလာခဲ့၏။

(ဂ)
ရန်ကုန်မြို့တော်ခန်းမရှေ့ စင်တင်ဖျော်ဖြေပွဲ ပြီးသည့်နောက် (ကို)ဇာဂနာ စဉ်းစားသည်။ ကံ့ကော်တောအား ကျော်ခဲ့ပြီ။ လူထုကြီးအတွင်း များများနဲ့မြန်မြန် ပျံ့နှံ့နိုင်အောင် အနုပညာကို ဘယ်လိုဖြန့်မလဲ။ အငြိမ့်စင်ပေါ် တက်ကပါက တပွဲကြည့်မှ ပရိသတ်က ငါးထောင်၊ တသောင်း။ နည်းသည်။ အားမရ။ (ကို)ဇာဂနာ စဉ်းစား၏။ ကြားခံမီဒီယာ အသုံးပြုရမည်။ အများဆုံးနှင့် အမြန်ဆုံး ပျံ့နှံ့နိုင်သည်က ရုပ်မြင်သံကြား။ TVပရိသတ်က သန်းဂဏန်းအထိရှိသည်။ တနိုင်ငံလုံး တနံတလျား။ ချက်ချင်းပျံ့နှံ့မည်။ ဤတွင် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ် တွင် ဖျော်ဖြေအငြိမ့် ကပြနိုင်ရေးအတွက် (ကို)ဇာဂနာ လုံးပမ်း၏။

၁၉၈၄ ခုနှစ်။ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်အား မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေနိုင်ရေးအတွက် (ကို)ဇာဂနာ ကြိုးစား၏။ ထိုစဉ်က “မိုးနတ်သူဇာအငြိမ့်”အား ထူထောင်ပြီးဖြစ်သည်။ မင်းသမီးက (မ)သီတာဝင်း။ လူရွှင်တော်များက တတ်တူ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့် ဇာဂနာ တို့ဖြစ်သည်။ ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ်တွင် (ကို)ဇာဂနာက သမိုင်းရေးရာ နောက်ခံထားသော အငြိမ့်ခန်းအား လုပ်ချင်၏။ (ကို)ဇာဂနာ အချိန်ပေး၍ လုပ်ခဲ့ရသည်။ ရှေ့မီ အနုပညာသည်ကြီးများနှင့် တွေ့၏။ မေး၏။ မှင်တက်ခဲ့ရ၏။ အမေ (ဒေါ်)အောင်ကြည်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဂီတလုလင်မောင်ကိုကို၊ (ဒေါ်)ထား၊ မြန်မာ့အသံ ဦးသစ္စာတို့က (ကို)ဇာဂနာအား ကူညီပေးကြ၏။ လမ်းညွှန်ပေးခဲ့ကြ၏။ ဤသို့နှင့် သမိုင်းအချက်အလက် များအား (ကို)ဇာဂနာ မှတ်သား ရှာဖွေခဲ့ရ၏။
၁၉၄၇ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်ဌာနအား ဆရာကြီး ဦးဥာဏ ခေါင်းဆောင်၍ ဖွဲ့စည်းခဲ့၏။ ပြဇာတ်ဌာန၏ ဌာနမှူးက ဒဂုံဆရာတင်။ ဆရာရန်နိုင်စိန်က ထိုဌာန၏ ၀န်ထမ်း တဦး။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ လွတ်လပ်ရေးရလျှင် မြန်မာ့အသံမှ ထုတ်လွှင့်ရန် လွတ်လပ်ရေးသီချင်း တပုဒ်လိုသည်။ ရှိပြီးသီချင်းက ဆရာရွှေတိုင်ညွန့် ရေးသည့် ဂျပန် ခေတ်ရွှေရည်စိမ် လွတ်လပ်ရေးပေးတုန်းက သုံးခဲ့သည့် သီချင်းဖြစ်သည်။ မသုံးချင်။ သို့နှင့် သီချင်းသစ်အား ရွေးကြ၏။ ဆရာကြီးဦးဥာဏက စာသားရေးပြီး ဆရာရန်နိုင်စိန်က အသံထည့်၏။ ဤသို့နှင့် လွတ်လပ်ရေးသီချင်းသစ် တပုဒ်ရလာ၏။ ဤသီချင်းအား ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀)မိနစ်တွင် မြန်မာ့အသံမှ လွတ်လပ်ရေး ကြေညာပြီးသည်နှင့် ထုတ်လွှင့်ခဲ့၏။

ဤသီချင်းအား (ကို)ဇာဂနာက ၁၉၈၄ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာ့ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ် ဖြေဖျော် ခန်းတွင် “မိုးနတ်သူဇာ အငြိမ့်” ၏ အဖွင့်သီချင်းအဖြစ် ပြန်၍ ဖော်ထုတ်ခဲ့၏။

“… ဗမာဟေ့ ဗမာ ကမ္ဘာရှေ့မှာ ဗမာဟေ့လို့ ကြွားဝင့်စရာ တို့အဆင့်အတန်းနဲ့ လျှမ်းတင့် ဝေဆာပြီ ဒါတို့ပြည် ဒါတို့မြေ ဒါတို့ပြည် အဖိုးမဖြတ်တဲ့ လွတ်လပ်ရေးနဲ့ အေးချမ်းသာယာစည် တိုင်းရင်းသား လူမျိုးတိုင်းသည် အခွင့် အရေးညီညီ တကယ်လွတ်လပ်ပါပြီ” (ရတီ-၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် ၊ စာမျက်နှာ ၁၇၃ မှ)

(ဃ)
ဇာဂနာနှင့် မိုးနတ်သူဇာက ခွဲ၍မရတော့။ တွဲ၍သာ မြင်နေကြရသည်။ ဇာဂနာ၏ ပျက်လုံးများက လူထုကြားမှ လာသည့် ပျက်လုံးများဖြစ်၍ လူထုနှင့်ထိမိ၏။ ခေတ်ကြီးက သရော်စာများနှင့် ပြည့်နေ၍ ဇာဂနာ၏ ပျက်လုံးများက ခေတ်နှင့်ညီ၍နေသည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေရသလို နိုင်ငံအနှံ့ မြို့ကြီးများတွင်လည်း စင်တင်၍ ဖျော်ဖြေကြရသည်။ ဇာဂနာက မိုးနတ်သူဇာအား ဤမျှနှင့် အားမရ။ ရပ်မနေချင်။ အငြိမ့်သဘင်အား ပြောင်းလဲချင်၏။ ဤတွင် မိုးနတ်သူဇာမှ စလိုသည်။

ထိုင်မသိမ်းတွေဝတ်၊ ဆံထုံးကြီးတွေထုံးပြီး အငြိမ့်မင်းသမီးတွေ ကနေတာကြာပြီ။ ရိုးလောက်ပြီ။ ကိုရီးယားမှာလို၊ ဗီယက်နမ်မှာလို ယပ်တောင်ယိမ်းတွေ၊ လယ်သမားယိမ်းတွေလိုမျိုးနှင့် အငြိမ့်ကို တင်ဆက်ချင်သည်။

ကောက်စိုက်သမ သီချင်း။ အငြိမ့်မင်းသမီးနှင့်အဖွဲ့က ကောက်စိုက်သမ၀တ်စုံနဲ့ လယ်ကွင်းထဲတွင် ကောက်စိုက်ရင်း သီချင်းဆိုမည်။ ပြီးလျှင် အကအပိုဒ်ပြောင်း။ ဒီတော့ မင်းသမီးဝတ်စုံ နှင့်ပြန်ကမည်။ တင်ဆက်ပုံပြောင်းမည်။ အကြောင်းအရာက လူထုဘ၀သို့ ၀င်မည်။

ညဘက် အပျိုမလေးတွေအနား ကာလသားလူပျိုတွေ လူပျိုလှည့်မည်။ လသာသာတွင်။ ကောင်မလေးတွေက ဗိုင်းငင်ချင် ငင်နေကြမည်။ လူပျိုကာလသားတွေက အနားတွင် စကားထာဝှက်မည်။ ကျေးလက်ကို ဖော်မည်။ သီချင်းက ကျေးလက်သီချင်း။ ပြီးလျှင်တော့ အငြိမ့်မင်းသမီးက အကစွမ်းရည်ပြဖို့ အတွက်ကတော့ စင်ပေါ်တက်ပြီး ကစေမည်။ ဤတွင်လည်း မင်းသမီး၏ အကကို တယောက်တည်း ကနေသည်ထက် ပို၍ “ကြွ”စေရန် အားဖြည့်မှုအဖြစ် ဟာမိုနီယိမ်းအဖွဲ့ကို ထည့်မည်။ မင်းသမီးနှင့် ယိမ်းအဖွဲ့၏ အကသည် ဆန့်ကျင်ဘက်ဆန်မည် ဆိုသော် ကြည့်သူအမြင်တွင်မူ လိုက်ဖက်မှု ရှိနေရမည်။ ဤသို့ မိုးနတ်သူဇာတွင်စ၍ အငြိမ့်ရှုတင်အား ပြောင်းချင်၏။ ပြောင်းလဲလိုသော ဇာဂနာနှင့် ရှေးရိုးစွဲတို့အကြား ပြဿနာဖြစ်၏။

ပဋိပက္ခသည် ကြီး၍လာသည်။ နောက်ဆုံး မိုးနတ်သူဇာ ကွဲခဲ့၏။ မင်းသမီး (မ)သီတာဝင်း ဦးဆောင်သည့် မိုးနတ်သူဇာနှင့် (ကို)ဇာဂနာ အသစ်ထူထောင်သည့် မြပုဏ္ဏာမာအငြိမ့် ဟူ၍။

မြပုဏ္ဏာမာတွင် (ကို)ဇာဂနာနှင့် တွဲဖက်အညီဆုံးက “အရိုင်း” ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော တင်ဆက်မှု အသစ်များနှင့် မြပုဏ္ဏာမာအား စခဲ့ကြ၏။ မြန်မာ့ရုပ်မြင်သံကြားမှ “အမှတ်တရ ရတနာပုံ” အစီအစဉ်တွင် မြပုဏ္ဏာမာ၏ “ရှေးအငြိမ့်၊ အမျိုးသားအငြိမ့်”အစီအစဉ်တို့အား တင်ဆက်ဖျော်ဖြေခဲ့၏။ (ကို)ဇာဂနာ၏ “နေကောင်းသွားမှာပါ” ၊ “ အားလည်း နာတယ်၊ ခင်လည်း ခင်တယ်” ၊ “သနားတယ်” ၊ “သိနေတယ်လေ” ။ ပျက်လုံးများက လူထုစကား ဖြစ်၍လာသည်။

လူရွှင်တော်များနှင့် ပျက်လုံးများမှာမူ ပြောစရာမရှိ။ “အား” ကောင်းသည်ဟု ဆိုရမည်။ မြပုဏ္ဏာမာ၏ အငြိမ့်ခန်း အဖွင့်အား ပရိသတ် စိတ်ဝင်စားရန် (ကို)ဇာဂနာတို့ ပြင်ကြရပြန်သည်။ မင်းသမီး၏ အကအား ပရိသတ်က တခုတ်တရ ထိုင်ပြီး ကြည့်ရှုချင်စေရန် မြပုဏ္ဏာမာ၏ အငြိမ့်အဖွင့်တေးထပ်အား အမျိုးသားနေ့ ဂုဏ်ပြုတေးထပ်နှင့်စသည်။ ရုပ်ရှင်မင်းသားကြီး (ဦး)၀င်းဦးက ရေးပေး၏။

“….. မျိုးမြန်မာ စံပမာပြုသိရန်ဆို ကနက်၏သဏ္ဍန် သီဟာကြငှာန်း ရွှေနန်းရွှေထီး ပြည်ကြီး ဟန်ထည် စည်တီး သံကြွယ် တခေတ်တချိန်ကလျှမ်း...” (ရတီ-၂၀၀၆ခုနှစ် ဖေဖော်ဝါရီလထုတ် စာမျက်နှာ -၁၈၁ မှ)

(င)
၁၉၈၈ ခုနှစ် “၈”လေးလုံး အရေးတော်ပုံကြီးအတွင်း၌ (ကို)ဇာဂနာသည် အနုပညာရှင် တဦးအနေနှင့် ဒီမိုကရေစီအရေး တိုက်ပွဲတွင် တက်တက်ကြွကြွ ပါဝင်ခဲ့၏။ ရန်ကုန်မြို့ရှိ လူထုတရားပွဲများတွင် (ကို)ဇာဂနာက အုပ်စိုးသူ အာဏာရှင်များအား သရော်သည့် ပျက်လုံးများက ထိမိလှ၏။

မကြာ။ ၁၉၈၈ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက (ကို)ဇာဂနာအား ရန်ကုန်မြို့ ဘားလမ်းရှိ စံပယ်ဦးစာပေတိုက် အတွင်းမှာပင် ၀င်ရောက်၍ ဖမ်းဆီးခဲ့၏။ အငြိမ့်စင် မီးရောင်အောက်မှ နံရံလေးဘက်အကြား အမှောင်တိုက်အတွင်းသို့ (ကို)ဇာဂနာ ရောက်သွားခဲ့တော့၏။ သို့သော် (ကို)ဇာဂနာ၏ ပျက်လုံးများကမူ လူထုအကြား၌ ပျံ့နှံ့၍နေ၏။ စစ်အုပ်စုမှ သေနတ်ပြ၍ (ကို)ဇာဂနာ၏ ပျက်လုံးများအား ဖမ်းဆီး၍မရ။

(စ)
“အင်းစိန်”မှ ပြန်လာခဲ့ပြီးနောက် (ကို)ဇာဂနာ အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရတော့။ အာဏာရှင်တို့သည် (ကို)ဇာဂနာ၏ ပျက်လုံးများအား ဒီဝီဇံတပ်မကြီးတခု၏ ကျည်ပစ်အားထက် ကြောက်လန့်ဟန်တူ၏။ (ကို)ဇာဂနာအား အ ငြိမ့်ကခွင့် လုံးဝခွင့်မပြုတော့။

(၁၉)နှစ်လုံးလုံး (ကို)ဇာဂနာ အငြိမ့်ကခွင့်မရ၊ ပျက်လုံးထုတ်ခွင့်မရ။ ကန့်လန့်ကာ။ မီးရောင်အောက်၌ ဖျော်ဖြေ ကပြခွင့်မရသည့် (ကို)ဇာဂနာ။ ဘာလုပ်မည်နည်း။ သူ၏ အနုပညာက “ရပ်”၍ မနေ။ “အ”၍ မသွား။ လူထုထံသို့ စီးဝင်ရန် ကြိုးစားဆဲ။ (ကို)ဇာဂနာသည် ကန့်လန့်ကာ မီးရောင်အောက်မှနေ၍ ပိတ်ကားဖလင်ကြားနှင့် ဖန်သားပြင်သို့ ကူးပြောင်းရန် သူ့၏အနုပညာအား လူထုထံသို့ စိမ့်ဝင် စီးဆင်းစေပြန်၏။

ဤတွင် ဟာသသရုပ်ဆောင် (ကို)ဇာဂနာ ဒါရိုက်တာ မောင်သူရဟူ၍ ဖြစ်လာခဲ့ပြန်၏။ အငြိမ့်စင်တွင် ကိုယ်တိုင် မီးရောင်အောက်သို့ မ၀င်နိုင်သော်လည်း ကန့်လန့်ကာ နောက်ကွယ်မှနေ၍ ၀ါယမ စိုက်ပြန်သည်။ ကင်းကောင်၊ ဂေါ်ဇီလာ၊ ညောင်ညောင်၊ ထင်ပေါ်၊ ဒိန်းဒေါင်၊ အာနိုး၊ ထိန်ထိန်၊ စုတ်ဖွား၊ ချက်စူးတို့အား (ကို)ဇာဂနာက မီးရောင်အောက်သို့ ရောက်အောင်ပို့ပေး၏။

အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရသည့် (ကို)ဇာဂနာသည် ဖန်သားပြင်မှတဆင့် “မိုးအငြိမ့်”ဟူ၍ VCDနှင့် လူထုအား ဖျော်ဖြေပြန်၏။ အောင်မြင်၏။ လူထုမှ အားပေး၏။ ထို့နောက် ရာဇာနေ၀င်းနှင့် “ရာဇာကြီး နှစ်ပါးခွင်”အား ဒါရိုက်တာ မောင်သူရမှ ရိုက်၏။ အငြိမ့်စင်မြင့်မှ လုပ်ချင်သည်များအား လုပ်ခွင့်မရခင် (ကို)ဇာဂနာမှ လုပ်နေခြင်း ဖြစ်၏။ သြခက်စတြာနှင့် နှစ်ပါးက၏။ မြေ၀ိုင်းအကလည်း ပါ၏။

အငြိမ့်စင်မြင့်မှစ၍ ပရိသတ်သိခဲ့ရသော (ကို)ဇာဂနာသည် (၁၉)နှစ်လုံးလုံး အငြိမ့်ကခွင့်မရခဲ့။ သို့သော် လူထုပရိသတ်ကမူ လူရွှင်တော် ဇာဂနာအဖြစ် သူတို့၏ နှလုံးသည်းပွတ်၌ စွဲမြဲစွာ ထင်နေဆဲ။ အငြိမ့်ကပြခွင့် မရသည့်နောက် ရုပ်ရှင်နှင့် ဗွီဒီယိုတို့တွင် သရုပ်ဆောင်သည်။ ဟာသသရုပ်ဆောင် (ကို)ဇာဂနာအဖြစ် လူထုပရိသတ်က လက်ခံအားပေးကြ၏။ တဖန် ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားများရိုက်၏။ ဒါရိုက်တာ မောင်သူရအဖြစ်နှင့်။ ဒါရိုက်တာ မောင်သူရ ရိုက်ကူးသည့် ဇာတ်ကားများက မဲပြာပုဆိုးကားများ မဟုတ်။ တွေးစရာပါ၏။ စဉ်းစားရန်ပါ၏။ နိမိတ်ပုံ များ သုံး၏။ သင်္ကေတများ ပါ၏။ ထူးသည်ဟု ဆိုရမည့်ကားများ။

(ဆ)
လွန်ခဲ့သည့် (၂)နှစ်လောက်က ကြည့်ခဲ့ရသည့် VCD ဇာတ်ကားအား ပြန်၍သတိရမိသည်။ ဒါရိုက်တာက မောင် သူရ။ မင်းသမီး တယောက်မှ မပါ။ မင်းသားဟု ပြော၍ရမည်က လူမင်း။ အဓိက ဇာတ်ကောင်များက (ကို)ဇာဂနာနှင့် (ကို)ကျော်သူတို့ နှစ်ယောက်။ ဇာတ်ရံများ ပါသည်။ အားလုံး လူရွှင်တော်များပင်။ ညောင်ညောင် တယောက်ကိုတော့ မှတ်မိနေ၏။ (ကို)ကျော်သူနှင့် (ကို)ဇာဂနာ တို့နှစ်ယောက် ငွေကြေးပြည့်စုံသည့် လုပ်ငန်းရှင်ကြီးများ။ သူတို့နှစ်ယောက် အလောင်းအစား ပြုလုပ်ကြ၏။ အခြေခံမရှိသော သူတယောက်အား ငွေကြေးများ ပုံပေးလိုက်လျှင် ဘာဖြစ်သွားမလဲ။ အလုံးစုံပျက်စီးခြင်းသို့ ဆိုက်သွားမည်လား။ ဒါမှမဟုတ် ...။

လောင်းကြေးက ကော်ဖီခါးခါး တခွက်ကြေး။ ဤတွင် ဒါရိုက်တာ မောင်သူရ ရိုက်ပြ၏။ လူမင်းက ရန်ကုန်ဆင်ခြေဖုံး ကျူးကျော် ရပ်ကွက်တွင် နေသည်။ ပထွေးက အရက်သမား၊ အမေက ပထွေးကို ကြောက်ရသည်။ ပထွေးက မင်းသားကြီး (ဦး)အောင်လွင်။ လူမင်းက မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုတွင် လုပ်သည့် အလုပ်ကြမ်းသမား။ ပထွေးနှင့် ကြီးခဲ့ရသည့် လူငယ်တဦး။ ပညာမသင်ခဲ့ရ။ လောကနီတိ မသိ။ လုပ်ခထဲမှ ပထွေးအား အရက်ဖိုးပေးရသည်။ ဤဇာတ်ကောင် လူမင်းအား (ကို)ကျော်သူနှင့် (ကို)ဇာဂနာက ငွေကျပ်ဆယ်သိန်း ခေါ်ပေးပြီး သူဘာဖြစ်မည်ကို အလောင်းအစားလုပ်ကြ၏။ မကြာ ငွေဆယ်သိန်းအား မစီမံတတ်၍ လူမင်း အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်သွား၏။ မိခင်သေ၏။ ဘ၀ပျက်၏။

ဤတွင် (ကို)ကျော်သူနှင့် (ကို)ဇာဂနာတို့၏ ဒိုင်ယာလော့များနှင့် ဇာတ်လမ်းအားပို့၏။ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေးဓနတို့ကား ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပဲ ပိုင်ဆိုင်နေပါက မိမိနှင့် မိမိပတ်ဝန်းကျင်ကိုပါ အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်စေကြောင်း။ ပြီးပြီ။

သို့သော် ကျနော်က ဒါရိုက်တာ မောင်သူရရိုက်ပြသည့် “နိမိတ်ပုံ”များအား ရှာနေမိသည်။ လူမင်းအား လူမင်းအ ဖြစ် မမြင်တော့။

(ကို)ဇာဂနာက အနုပညာတွင် အဘက်ဘက်မှ အောင်မြင်သည်ဟု ဆိုရမည်။ ဘာကြောင့်နည်း။ (ကို)ဇာဂနာက သူ၏အနုပညာအား သူ၏နှလုံးသားနှင့် ဖန်တီး၏။ သူ့နှလုံးသွေးက လူထု၏ နှလုံးသွေးနှင့် ဆက်၍ စီးမျှောနေသည်။ လူထုရင်ခုန်လျှင် (ကို)ဇာဂနာ ရင်ခုန်၏။ လူထု ရယ်ရွှင်လျှင် (ကို)ဇာဂနာ ရယ်ရွှင်၏။ လူထုတိုက်ပွဲဝင်လျှင် ထိုတိုက်ပွဲ၌ (ကို)ဇာဂနာရှိ၏။ ထို့ကြောင့် (ကို)ဇာဂနာ၏ အနုပညာက လူထု၏ အနုပညာ။ လူထုနှလုံး သည်းပွတ်မှ လာသည့် အနုပညာ…။

(ပြည်သူ့အနုပညာရှင်များအား ဂုဏ်ပြုပါသည်)

http://drlunswe.blogspot.com/

A

B

C

The Kitchen မီးဖိုချောင်