Monday, July 28, 2008

ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း

ဒုက္ခသည်အတုနည်းဖြင့် အမေရိကန်သို့ နောက်ဆုံးပေါ် လူကုန်ကူးခြင်း

ရဲရင့်မြင့်မောင် - ခေတ်ပြိုင်ဝက်ဘ်ဆိုက်

ထိုင်းနိုင်ငံသို့ရောက်အောင် လူမှောင်ခိုကုန်ကူးသည့် လုပ်ငန်းအများအပြားတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခ သည်စခန်းများမှတဆင့် အမေရိကန်နိုင်ငံရောက်အောင် လူကုန်ကူးသည့်လုပ်ငန်းမှာ ၂၀၀၆ ခုနှစ်ကစ၍ ခေတ် စားလာသည်။

အမေရိကန်နိုင်ငံ သွားရောက်အလုပ်လုပ်လိုသူ မြန်မာများအဖို့ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရရန် သာမန်အား ဖြင့် ခဲယဉ်းသည်။ ထို့ကြောင့် အမေရိကန်သွားလိုသူ ပြည်တွင်းပြည်ပ မြန်မာအချို့ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများသို့ လူကုန်ကူးပြီး ပို့သည့်နည်းလမ်းကို အသုံးချပြီး အမေရိကန်ဝင်ခွင့်ရဖို့ ကြိုးစားသည့် နည်းများ သုံးလာကြသည်။

ဥပမာ-ရန်ကုန်မြို့ရှိ နိုင်ငံရေးနှင့် မပတ်သက်သူတဦးက အမေရိကန်နိုင်ငံသွားလိုလျှင် ပွဲစားအမျိုးမျိုးမှတဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ ဒုက္ခသည်အတုလုပ်ပြီး တတိယနိုင်ငံ တခုခုရောက်အောင် လူ ကုန်ကူးကြခြင်းဖြစ်သည်။

ပွဲစားမှာလည်း အမျိုးမျိုးရှိပြီး ရန်ကုန်မှ နယ်စပ်ရောက်အောင် ပို့ပေးသည့်အဆင့် ပွဲစားများတွင်ပင် အမေရိ ကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နှင့် ရောက်နေပြီး နောက်ပိုင်း အမေရိကန်နိုင်ငံသားဖြစ်လာသူ မြန်မာအချို့ပင် ပါဝင်သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ အဆိုပါ အမေရိကန်နိုင်ငံသား မြန်မာပွဲစားများကို ရန်ကုန်ကို အ လည်အပတ် ပြန်စဉ်ကာလအတွင်း အမေရိကန်သွားလိုသူများကို အခကြေးငွေယူပြီး နယ်စပ်ပွဲစားများ ကတ ဆင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ လူမှောင်ခိုကုန်ကူးခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ အမေရိကန်အပါအ၀င် တတိယ နိုင်ငံများသို့ ထွက်ခွာသည့်လမ်းကြောင်းမှာ ယခုအခါ ငွေကြေးတတ်နိုင်သူများ၏ စားကျက်ခွင်တခုအဖြစ် ပြောင်းလဲသွား ပြီဟု နို့ဖိုးဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်အောင်က ပြောသည်။

၎င်းက “ငွေကြေးတတ်နိုင်သူတွေကတော့ စိတ်ကြိုက် လုပ်ချင်တာရတဲ့ ခွင်ဖြစ်သွားတာ (၂) နှစ် ကျော်သွားပြီ။ ကျနော်တို့စခန်းမှာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ မြန်မာတယောက် ရန်ကုန်မှာကျန်နေတဲ့ သူ့မိသား စုကိုခေါ်ပြီး ဘတ်ငွေ (၃)သိန်းလောက် အကုန်ခံပြီး ဒုက္ခသည်စခန်းက လူကြီးတွေ ရပ်ကွက်မှူးတွေနဲ့ ညှိလိုက် တာ အခုမိသားစုလိုက်ကို အမေရိကန်ရောက်ကုန်ပြီ။ ဒါက စခန်းအချို့မှာဖြစ်နေတာ၊ အထူးသဖြင့် မဲဆောက် နဲ့နီးတဲ့ စခန်းတွေမှာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်အပါအ၀င် ဒေသအသီးသီးက မြန်မာများမှာ ဒုက္ခသည်စခန်းများမှတဆင့် အမေရိကန်ရောက်ရှိရေးအ တွက် ထောင်မြင်ရာစွန့်ကာ မဲဆောက်နှင့် ဒုက္ခသည်စခန်းများရှိ အသိအကျွမ်း ဆွေမျိုးများ၊ ကြားပွဲစား များနှင့် ဆက်သွယ်ကာ ငွေထုပ်ပိုက်လာသူများ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဘဲ အလိမ်ခံရကာ ဖွတ်မရ ဓားမဆုံး ဘ၀ပျက်၍ မဲဆောက်တွင် သောင်တင်နေသူများလည်း အများအပြားရှိသည်။

ဒုက္ခသည်ပွဲစားများသည် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံကဲ့သို့ မြို့ကြီးတို့မှ လူများကိုဆက်သွယ်ပြီး တဦးချင်းအ လိုက် ဘတ်ငွေ (၅) သောင်း (မြန်မာကျပ်ငွေ ၁၇ သိန်းခန့်)၊ မိသားစုအလိုက် ဘတ်ငွေ (၁) သိန်း (မြန်မာငွေ ၃၅ သိန်းခန့်) အထိ ပွဲခယူကာ လူမှောင်ခိုကူးလျက်ရှိသည်။ မဲဆောက်တွင် နေထိုင်ပြီး ထိုင်းဧည့်နိုင်ငံသား လက်မှတ် ရရှိထားသည့် မြန်မာမိသားစု (၅) ဦးဆိုလျှင် ဘတ်ငွေ (၂) သိန်းခွဲဖြင့် စခန်းဝင်ရန်မလိုဘဲ အမေရိကန် သို့ ရောက်ရှိသွားပြီဖြစ်သည်။

ငွေအလုံးအရင်းနှင့် ပေးနိုင်သူများ ဒုက္ခသည်စခန်းအတွင်း လာရောက်နေထိုင်ရန်မလိုဘဲ ကုလသမဂ္ဂမှ လူ တွေ့စစ်ဆေးမည့်နေ့ရက်၊ ဆေးစစ်မည့်နေ့၊ လေယာဉ်စီးသင်တန်းနှင့် အခြားဗဟုသုတဆိုင်ရာ သင်တန်းတက် ရမည့်နေ့များကို စခန်းအတွင်းရှိ ပွဲစားက ဖုန်းဖြင့်ဆက်သွယ်လာပါက မဲဆောက်မှ ကားငှား၍ သွားရုံသာဖြစ် သည်။

အချို့နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဆိုလျှင် ၎င်းတို့ကိုယ်တိုင် နိုင်ငံခြားမထွက်ကြသော်လည်း ပြည် တွင်းရှိ ၎င်းတို့ဆွေမျိုးသားချင်းများ၊ အသိအကျွမ်းများအား နိုင်ငံကူးလက်မှတ်များပြုလုပ်ကာ ရန်ကုန်မင်္ဂလာ ဒုံလေဆိပ်မှ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ လာစေသည်။ ထိုမှတဆင့် နယ်စပ်ဒုက္ခသည် စခန်းများသို့ သွားကာ တတိယနိုင်ငံတခုခု ရောက်ရှိရေးအတွက် ကြိုးစားကြသူ အများအပြားရှိသကဲ့သို့ ဒေါနတောင်တန်း ကိုကျော်ပြီး နယ်စပ်မြ၀တီမြို့မှတဆင့် လာရောက်သူများလည်းရှိသည်။

အမေရိကန်ရောက်ရှိသွားသူ အမျိုးသမီးတဦးက “ရန်ကုန်ကနေ လေယာဉ်နဲ့ထွက်တယ်။ ဒေါ်လာ (၂)ထောင် ယူလာတယ်။ ဘန်ကောက်မှာ လာကြိုတဲ့ အသိတွေနဲ့ မဲဆောက်သွားပြီး ပွဲစားနဲ့ တွေ့တယ်။ စခန်းထဲ ၀င်ရဖို့ စောင့်ရတာ (၂) လကျော်ကြာတယ်။ စာအုပ်က ဘန်ကောက်အ၀င် တလနေထိုင်ခွင့်ရတယ်။ ရက်ပြည့်တာနဲ့ မဲဆောက်မှာရှိတဲ့ ထိုင်းလ၀ကရုံးမှာ တလဘတ်ငွေ (၂,၈၀၀)နှုန်းနဲ့ (၂)လ ထပ်ရတယ်။ အဲဒါပြီးရင် စာအုပ်သေပြီ။ ကန့်ထဲကိုဝင်ဖို့ စာအုပ်မသေခင် ပြီးအောင်စီစဉ်ရတယ်။ စခန်းထဲမှာနေဖို့ အိမ်ဝယ်တဲ့ကိစ္စ လူဟောင်းစာရင်းထဲ လူစားထိုးတဲ့ကိစ္စတွေကို ပွဲစားကပဲ အားလုံးစီစဉ်ပေးတယ်။ ဘတ်ငွေ (၁)သိန်းလောက် ကုန်တယ်။ လိုတဲ့ငွေကို အိမ်က အောက်လမ်းကနေ မဲဆောက်ကို ပို့ပေးတယ်။ ငွေလွှဲတဲ့ဆိုင်က ဒုက္ခသည်စခန်း အထိ ငွေလာပို့ပေးတယ်" ဟု ပြောသည်။

ဒုက္ခသည်စခန်း၌ အ၀င်အထွက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအ သင်းမှ အမည်မဖော်လိုသူတဦးက “ဒီကိစ္စ ပြောရရင်တော့ စခန်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ၊ ယူအန်ကလူတွေ ပါဝင်ပတ်သက်မှုတွေရှိတယ်။ ၂၀၀၅ ခုနှစ်က စခန်းတိုင်းမှာ ဒုက္ခသည်တွေကို မှတ်ပုံတင်လုပ်ပေးတယ်။ ဓာတ်ပုံရိုက်တယ်။ လက်ဆယ်ချောင်း စလုံး လက်ဗွေနှိပ်ရတယ်။ မှန်ပြားပေါ်မှာ လက်ဗွေနှိပ်ရပြီး ချက်ခြင်းပဲ ကွန်ပျူတာထဲသွင်းတယ်။ ဒါကို ထိုင်းပြည်ထဲရေးက ကိုင်တယ်။ ဒုက္ခသည်တွေ နိုင်ငံခြားထွက်ရဖို့ ဆုံးဖြတ်တာက UNHCR နဲ့ သက်ဆိုင်ရာ တိုင်းပြည်ရဲ့သံရုံးတွေဖြစ်တယ်။ နိုင်ငံခြားသွားဖို့ စီစဉ်တာက IOM ဖြစ်တယ်။ သူ့ အလုပ်က ဆေးစစ်မယ်။ ယဉ်ကျေးမှုသင်တန်း တက်ရမယ်။ ခရီးသွားသင် တန်း တက်ရမယ်။ နိုင်ငံခြားထွက်မယ့်လူဟာ စခန်းအုပ်ချုပ်ရေးမှူး (ပလာ)က လက်မှတ်မထိုးရင် စခန်းထဲက နေ လုံးဝထွက်ခွင့်မရှိဘူး။ အဲလိုစနစ်တကျ ရှိတဲ့ကြားမှာ နိုင်ငံခြားထွက်ရဖို့ လူသစ်တွေကို လူဟောင်းတွေနဲ့ အစားထိုးတဲ့ကိစ္စမှာ အောက်ခြေကနေစပြီး အထက်အထိ အားလုံးပါဝင်မှုမရှိရင် ဒီကိစ္စ ဘယ်ဖြစ်မှာလဲ” ဟု ပြောသည်။

မဲဆောက်တွင် စီးပွားရေးလုပ်ငန်းတခု လုပ်ကိုင်နေသည့် မူတူးဆိုလျင် အမေရိကန်သွားခါနီးမှ လူတဦးက ဘတ်ငွေ (၅) သောင်းဖြင့် လူစားထိုးရန် လာညှိသဖြင့် အမေရိကန် မသွားတော့ဘဲ ၎င်းငွေဖြင့် ရင်းနှီးပြီး မဲဆောက်မှာပင် စီးပွားရေးလုပ်ကိုင်လျက်ရှိသည်။

၂၀၀၅ ခုနှစ် ဒုက္ခသည်စခန်းများတွင် မှတ်ပုံတင်စဉ်က မဲဆောက်ဒေသအတွင်းမှ လူများ အုန်းဖျန်၊ နို့ဖိုး၊ မယ် လ စသည့်ဒုက္ခသည်စခန်းများသို့သွားကာ သက်ဆိုင်ရာ စခန်းကော်မတီဝင်များ ရပ်ကွက်မှူးများ ပွဲစားများဖြင့် ဆက်သွယ်ကာ မှတ်ပုံတင် ပြုလုပ်ကြသည်။ ရာနှင့်ချီရှိသည့် အဆိုပါလူများသည် မဲဆောက်မြို့ရှိ မြန်မာစီး ပွားရေး အလွှာအသီးသီးတွင် လုပ်ကိုင်နေကြသူ အများစုဖြစ်သည်။

မဲဆောက်ကျောက်ဝိုင်းမှ ကျောက်အရောင်းအ၀ယ် လုပ်ကိုင်ကြသည့် မြန်မာများ အနည်းဆုံး (၁၀၀) ခန့် (၁) နှစ်ကျော်ကာလအတွင်း အမေရိကန်ရောက်ရှိသွားပြီဟု သားသမီးများ အမေရိကန်ထွက်သွားသူ မြန်မာ ကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းအဆိုအရ လူတဦး အနည်းဆုံး ဘတ်ငွေ (၅) သောင်းမှ (၁) သိန်းထိ ပေါက်ဈေးရှိကြောင်း ယခု အချိန်ထိ သွားလာလုပ်ရှားသူများ မပြတ်ရှိကြောင်း၊ ပွဲစားများ မဲဆောက်တွင် အမြဲရှိကြောင်း ပြောသည်။

ခါတော်မီများ ငါးပွက်ရာ ငါးစာချနေချိန်တွင် နို့ဖိုးဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးဒုက္ခသည် NI နံပါတ် (၁၆၇) ခု၊ လူဦးရေ (၅၀၀)ခန့်သည် သံရုံးအင်တာဗျူးနှင့် ဆေးစစ်အပြီးတွင် ၎င်းတို့အား အကန့်အသတ်မရှိ ဆိုင်းငံ့ ထားကြောင်း သံရုံးမှ အကြောင်းပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခသည်တဦးက ဒုက္ခသည်မဟုတ်သည့် အကြံအဖန်များကိုတောင် လက်ခံလျှင် ဒုက္ခသည် အမှန်အကန်များအတွက် လက်ခံစဉ်းစားသင့်သည်ဟု ပြောပြီး ၎င်းကိစ္စအတွက် အမေရိကန်အစိုးရထံသို့ စုပေါင်းလက်မှတ်ရေးထိုးကာ တောင်းဆိုမှု ပြုလုပ်မည်ဟု ပြောသည်။

ဒုက္ခသည်စခန်းများမှ အမေရိကန်နှင့် တတိယနိုင်ငံတခုခု ထွက်လိုသူများကြောင့် မဲဆောက်ရှိ ပွဲစားများမှာ ဘတ်ငွေ သိန်းချီကာ မြိုးမြိုးမြက်မြက် ပွဲခရသော်လည်း စခန်းလူကြီးများ အပါအ၀င် ဒုက္ခသည်စခန်းရှိ အဓိက စီစဉ်ပေးသူများမှာ သောင်းဂဏန်းခန့်သာ ရရှိကြသည်ဟု ပွဲစားများနှင့် ရင်းနှီးသူများက ပြောသည်။

အမေရိကန်နှင့် အခြားနိုင်ငံများသို့ ရောက်ရှိပြီး ၎င်းနိုင်ငံသားများ ဖြစ်သွားကြသော မြန်မာလူမျိုးအချို့ မဲ ဆောက်သို့ ပြန်လာကာ ဆွေမျိုးသားချင်းများနှင့် တတိယနိုင်ငံတခုခု သွားလိုသူများအတွက် ကူညီမှုများရှိပြီး အချို့မှာ ပွဲစားကဲ့သို့ အခကြေးငွေများယူကာ မက်လုံးပေး စည်းရုံးမှုများကြောင့် မြန်မာအချို့ ခရီးပေါက်သူ များရှိသလို အချို့အလိမ်ခံရရုံမက အမျိုးသမီးအချို့ ဘ၀ပျက် ခဲ့ကြရသည်။

ဒုက္ခသည်စခန်းများတွင်လည်း စခန်းတာဝန်ရှိသူများကိုယ်တိုင် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ကြသဖြင့် စခန်းအတွင်း ဒုက္ခသည်အတုနှင့် အစစ်များကြားတွင် မကျေနပ်မှုများ ရှိကြသော်လည်း မပြောရဲကြောင်း၊ ၎င်းအတုများကို စခန်းတာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ထားကြောင်း၊ သာမန်လူများအနေဖြင့် ကြည့်လျှင် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုများမှ ထွက်ပြေးတိမ်း ရှောင်လာသူများဟု ထင်ရလောက်အောင် ဟန်ဆောင်ကောင်းကြကြောင်း ဒုက္ခသည်တဦးက ပြောသည်။

လူမှောင်ခိုနည်းဖြင့် ရောက်လာသည့် ဒုက္ခသည်အတုတို့သည် အချိန်မှန် ဘီဘီစီ၊ ဗွီအိုအေ နားထောင်ခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ဝေသော စာအုပ်စာတမ်းများကိုင်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းများ အလွတ်ကျက်ခြင်း၊ ၈၈ နောက်ပိုင်း အရေးကြီး မြန်မာ့နိုင်ငံရေး ဖြစ်ရပ်များနှင့် နေ့စွဲများကို အလွတ် ကျက်ခြင်းများ ပြုလုပ်ပြီး ဟန်ဆောင်ကြသည်ဟု သိရသည်။

၎င်းဖြစ်ရပ်များနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းအချို့မှ တာဝန်ရှိသူများနှင့် အန်ဂျီအိုများအား မီဒီယာများက မေးမြန်းကြရာ ကောလာဟလ သတင်းများသာ ဖြစ်သည်ဆိုပြီး အဖြစ်မှန်ကို ဖုံးကွယ်၍ တုံ့ပြန်ဖြေကြားလေ့ ရှိသည်။

သို့သော် ဒုက္ခသည်အစစ်များအား နှစ်ချီ၍ ရိက္ခာမပေးသောကြောင့် မယ်လစခန်းမှဒုက္ခသည် (၂၀)ခန့် မဲဆောက်ရှိ UNHCR ရုံးတွင် ယခင်လက လာရောက်ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများ၏ အဆိုအရ မယ်လဒုက္ခသည်စခန်းတွင် ယူအန်အသိမှတ်ပြု လက်မှတ်ရပြီး ရိက္ခာမရရှိသူ (၁၀၀) ကျော်ရှိသည်ဟု စုံစမ်းသိ ရသည်။

မဲဆောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်တဦးကမူ ဒုက္ခသည်စခန်းမှတဆင့် သွားသော် လည်း ထိုင်းမှာ အသစ်ပြဋ္ဌာန်းသည့် “လူကုန်ကူးမှုကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းဥပဒေ ဘီအီး ၂၅၅၁” အရ လူကုန်ကူးမှု မြောက်သည်ဟုပြောပြီး ယခုဖြစ်ရပ်တွင် သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်မှာလည်း လူကုန် ကူးမှုကျူးလွန်ရန် အားပေးကူညီခြင်း ပုဒ်မ-၇ အရ အကျုံးဝင်သည်ဟု ပြောသည်။

ယခုဖြစ်ရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းတကျ ဖြေရှင်းမှုမပြုဘဲ ထားမည်ဆိုပါက ဒုက္ခသည်စခန်းအချို့သည် မသမာသူများ ကြီးစိုးရာဒေသနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့် ပတ်ဝန်းကျင် ဖြစ်လာပြီး မလိုလားအပ်သော ပြဿနာများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်သည်ဟု ဒုက္ခသည်စခန်းမှ ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။ ။

Thursday, July 24, 2008

ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း


သူ လက်ဖက်ရည်ဆိုင်နားရောက်တော့ သူထိုင်နေကျ ဆိုင်အဝင်ဝ စားပွဲပုပုလေးမှာ ဘယ်သူမှ ရှိမနေတာကို တွေ့ရသည်။ မရှေးမနှောင်းပင် သူ့ကိုမြင်သော စားပွဲထိုးလေးထံမှ ရှယ်ကျဆိမ့်ဝမ်း ဟူသော အသံက သူ့ထံ လွင့်ပျံလာလေသည်။ လန်ဒန်တပွဲကိုတော့ သူကိုယ်တိုင်ပဲ ကောင်တာသို့ သွားယူလိုက်ပါသည်။ သည်နေ့တော့ သူဆိုင်ရောက်တာ နည်းနည်းစောသည်။ စောသည်ဆိုတာက သူ့အတွက် သူ ပြောခြင်း၊ တကယ်က ၁၀ နာရီထိုးခဲ့ပြီ ဖြစ်သည်။ လန်ဒန်တလိပ်ကို မီးညှိရင်း လက်ဖက်ရည်ဆိုင် နံဘေးရှိ စာအုပ်ဆိုင်သို့ သူ လှမ်းကြည့်သည်။ ဂျာနယ်တွေက တိုးလို့တွဲလောင်း။ တစောင်လောက် ဝယ်ဦးမှဟူသော အတွေးနှင့် သူ ထမည်လုပ်ပြီးမှ ဒီသတင်းတွေ ပါပဲလေ အလကား ပိုက်ဆံကုန်ပါတယ် ဟူသော အတွေးနှင့် ပြန်ထိုင်သည်။

လက်ဖက်ရည်ပင် အငွေ့ သေသွားခဲ့ပြီ။ သူ မသောက်ဖြစ်သေး။ လမ်းတဖက် မျက်နှာချင်းဆိုင်တွင် ရှိသော မန်းသီရိ တေးသံသွင်းသို့ သူ တွေတွေငေးငေး ကြည့်နေမိပြန်သည်။ ဇော်ဝင်းထွဋ်၏ မျှော်လင့်ချက်ကမ်းခြေ ဆိုင်းဘုတ်ကြီးက ထီးထီးမားမား။ ဆိုင်ရှေ့ရှိ ဗာဒံပင်ထံ သူ့အကြည့် ရောက်သွားမိပြန်သည်။ အုတ်ခုံပေါ်တွင် လူနှစ်ယောက် ကျားထိုးလျက်၊ ပလက်ဖောင်းပေါ်တွင်တော့ နီရော်ရော် ဝါကြန့်ကြန့် ရွက်ခြောက်များက ပျံ့ကျဲနေသည်။ အုတ်ခုံဘေးတွင်တော့ ….. လက်ထဲတွင် ထမင်းချိုင့်ကလေးနှင့် …. သူမြင်နေကျ ကောင်မလေးကို တွေ့လိုက်ရပါသည်။

ခဏနေတော့ ကောင်မလေးက လမ်းကိုကူး၍ သူထိုင်နေရာ လက်ဖက်ရည်ဆိုင်ဘက်ဆီ လျှောက်လာသည်။ သူ့ စားပွဲနားရောက်တော့ သူနှင့် မျက်မှန်း တမ်းမိနေပြီဖြစ်သော ကောင်မလေးက သူ့ကို လှစ်ခနဲ ပြုံးပြသည်။ သူ ပြန်ပြုံးပြ လိုက်ချိန်မှာတော့ ကောင်မလေးက သူ့ စားပွဲဘေး တိုက်လှေကားရင်းသို့ ရောက်နေပြီ။ မရေမရာ မျက်နှာထားလေးနှင့် နောက်သို့ သမင်လည်ပြန် ကြည့်သည်။ နောက်မှ စိတ်ဒုံးဒုံး ချလိုက်ဟန်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ သူကတော့ ဆက်ပြီး စောင့်ကြည့်နေမိသည်။ ၅ မိနစ်မျှအကြာ လူလတ်ပိုင်းအရွယ် လူတယောက် လမ်းတဖက်မှ ကူးလာပြီး ကောင်မလေးနောက်သို့ လိုက်တက်သွားသည်။ လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ် ညာဘက်အခန်း။ နှစ် ၂၀ ကျော် သက်တမ်းရှိပြီဖြစ်သော တည်းခိုခန်း ကလေးသို့ ဖြစ်ပါလိမ့်မည်။ နောက် သူ ထပ်တွေ့ရမည့် မြင်ကွင်းတွေကိုတော့ ရုပ်ရှင်ကားဟောင်းတခုကို ကြည့်နေရသလို သူ့စိတ်ထဲ မြင်နေမိသည်။

နာရီဝက် သို့မဟုတ် ၄၅ မိနစ်လောက်အကြာတွင် ကောင်မလေး ပြန်ဆင်းလာလိမ့်မည်။ ထို့နောက် ၅ မိနစ်မျှ ကြာလျှင် ခုနက တက်သွားသောသူ ပြန်ဆင်းလာမည်။ လက်ထဲတွင် တစ်ရှုး တာဝါတခုကို ကိုင်ထားလိမ့်မည်။ စီးကရက်တလိပ်လည်း သောက်ချင် သောက်နေလိမ့်မည်။ ဒါပဲ ဖြစ်ပါလိမ့်မည်။ သူ ဆက်ထိုင်လိုစိတ် မရှိတော့သောကြောင့် လက်ဖက်ရည်တခွက်နှင့် လန်ဒန်နှစ်လိပ်စာ ပိုက်ဆံကို ပန်းကန်ပြားနှင့် ဖိ၍ ထိုင်ရာက ထလိုက်သည်။ “ဘယ်လိုမှ အသက်ရှူ မဝဘူး” တဲ့ …. သူ ထွက်လာချိန်တွင် လက်ဖက်ရည်ဆိုင် ဆောင်းဘောက်စ် ဆီက ခင်ဘုဏ်း၏ သီချင်းသံက နောက်တွင် လွင့်ပျံကျန်နေခဲ့လေသည်။

စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် သည်လက်ဖက်ရည်ဆိုင်လေးတွင် သူ ထိုင်ခဲ့သည့် သက်တမ်းက ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ လောက်ကတည်းက၊ ဆိုင်ဖွင့်စကတည်းက ဆိုပါတော့။ သူ့အိမ်နှင့် နီးသည်တကြောင်း၊ ကက်ဆက်ကောင်းကောင်း ဖွင့်သည်တကြောင်းတို့ကြောင့် သူ ပုံမှန် ထိုင်ဖြစ်ခဲ့လေသည်။ သူ ထိုင်စက တခွက် ၁၀ လက်ဖက်ရည်သည်ပင် ယခု တခွက် ၂၀၀ ။ ယခင်ကတော့ နေ့တိုင်းမရောက်။ ၂၀၀၃ ခုနှစ်လောက်က စပြီး သူ တနေ့ သုံးခါ ရောက်ဖြစ်ခဲ့လေသည်။ နံနက်၊ နေ့လယ်၊ ည၊ သည်မှာပင် သူ တသက်လုံး နေထိုင်ခဲ့ရာ ရန်ကုန် မြို့လယ်ခေါင်၏ မြင်ကွင်းအသစ် တခုကို သူ စတွေ့ရခြင်း ဖြစ်သည်။ ထိုနေ့က မန်းသီရိတွင် သူ ခွေ ဝင်ဝယ်မိသည်။ သူ ခွေဝယ်ပြီး လက်ဖက်ရည်ဆိုင်သွားရန် လမ်းကူးမည် အလုပ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က သူ့ကို တစုံတရာ လှမ်းပြောသည်။ “သွားမလား” ဟု သူ ကြားမိလိုက်သည် ထင်သည်။ သူ တအံ့တသြ ပြန်ကြည့်တော့ ထို အမျိုးသမီး မျက်နှာလွှဲသွားသည်။ သူ ဘာမှ ပြန်မပြော မိတော့ဘဲ လမ်းကူး၍ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်။

လက်ဖက်ရည် သောက်ရင်း ဆိုင်ရှင် ဆရာကျောင်း (သူပေးထားသော အမည်ဖြစ်ပါသည်)နှင့် စောစောကအကြောင်း ပြောမိတော့ ဆရာကျောင်းက ဟက်ဟက်ပက်ပက် ရယ်လေသည်။ မင်းကလည်း ခုမှသိလား၊ ပစ္စည်းတွေ ကားဂိတ် ရောက်နေတာဖြင့် နှစ်ပတ်လောက် ရှိတော့မယ်ဟုလည်း ပြောသည်။ ဟိုမှာ ကြည့်ပါလား ၇ ယောက်၊ ၈ ယောက်လောက် ရှိတယ်ဟုလည်း လမ်းတဖက်ဆီ မေးငေါ့ပြသည်။ သည်တော့မှ သူ သတိထားမိလေသည်။ ဘတ်စ်ကား စောင့်နေသူများကြားတွင် ရောနှော ရပ်နေသော အမျိုးသမီးများ။ အများစုက ငယ်ငယ်ရွယ်ရွယ်။ တယောက်၊ နှစ်ယောက်ကတော့ အတော် အသက်ကြီးပြီ။ လက်ထဲတွင် ထီးနှင့် ထမင်းချိုင့် ကလေးများကို ကိုင်သူကိုင်ထားကြသည်။ ဝတ်ထား စားထားသည်ကတော့ နွမ်းနွမ်းပါးပါး။ သြော် … သည်လိုပါလား …။ နောက်တော့လည်း နေ့စဉ် မြင်တွေ့နေရသော ထို မြင်ကွင်းက သူ့အတွက် ရိုးသွားခဲ့သည်။
--------------------------------------

ဟိုယခင် သူ ဆယ်ကျော်သက် အရွယ်တုန်းကတော့ နတ်သမီးကလေးများ၏ အဓိက ကျင်လည် ကျက်စားရာက ကန်တော်ကြီး ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှသည် ၂၀၀၁ လောက်အထိ။ သည့်ရှေ့ပိုင်းတွင် မည်သို့ ရှိသည်ကိုတော့ သူ ငယ်ရွယ်သေးသောကြောင့် မသိ။ သို့သော် သူသိထားသည့် အတိုင်းအတာတွင်က ရန်ကုန်မြို့လယ်သည် နတ်သမီးလေးများ မွေ့လျော်ရာမဟုတ်။ ထိုစဉ်က မွေ့လျော်ခွင့်ပဲ မပြုသည်တော့လားတော့ မသိ။ ရှိတော့ ရှိသည်၊ ရှားသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

ထိုစဉ်က နတ်သမီး ကလေးများကို တွေ့ရတတ်သည်က ဆူးလေပန်းခြံလေး နားတွင် ဖြစ်သည်။ ကျောက်တံတား ရဲစခန်းနှင့် မျက်စောင်းထိုးလောက်တွင်၊ နောက် ၂၈ လမ်း ၂၉ လမ်းအောက်ဘက် ကုန်သည်လမ်းပေါ်တွင်။ သည်မျှလောက်သာ ဖြစ်သည်။ ဒါကလည်း ညပိုင်းလောက်သာ။ ယခုလို ကားဂိတ်တွေတွင် ကျက်စားခြင်း မရှိသည်ကိုတော့ မြို့လယ်တွင် တသက်လုံး နေလာခဲ့သော သူ အသိဆုံးဖြစ်သည်။ သို့သော် သည်အခြေအနေက မှောက်သောခွက်ကို လှန်လိုက်သလို ၂၀၀၃ ခုနှစ်လောက်တွင် စတင် ပြောင်းလဲသွားခဲ့သည်။ သူ စတွေ့သည်ကတော့ အထက်က ဆိုခဲ့သလို အနော်ရထာလမ်းပေါ် လမ်း ၄၀ ထိပ် ကားဂိတ်တွင် ဖြစ်သည်။ လအတော်ကြာလာတော့ ဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် သူ ခွဲခြားသိလာသည်။ ဒါကလည်း မဆန်း၊ နေ့စဉ်နေ့တိုင်း သည်လူတွေချည်း ဖြစ်နေသောကြောင့် ဖြစ်သည်။

ခွဲ၍ ပြောမည်ဆိုလျှင်တော့ နံနက်ဂိုဏ်းနှင့် ညဂိုဏ်းဟု ခွဲပြောနိုင်သည်။ ဂိုဏ်းနှစ်ဂိုဏ်း စလုံးတွင် လူက ၁၀ ယောက်ဝန်းကျင်။ များသောအားဖြင့် နံနက်ဂိုဏ်းက အပြောင်းအလဲမရှိ။ ညဂိုဏ်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိသည်။ လာနေကျသူများအပြင် အခြား ပျံကျများလည်း ရောက်လာတတ်သည်။ နံနက်ဂိုဏ်း၏ အချိန်က မနက် ၈ နာရီသာသာမှ ညနေ ၃ နာရီ ဝန်းကျင်လောက်အထိ။ ညဂိုဏ်းကတော့ ညနေ ၃ နာရီမှ ည ၁၀ နာရီ ဝန်းကျင်တိုင်။ ဘယ်သူကမှ ခွဲခြား သတ်မှတ်ထားတာတော့ မဟုတ်ပါ။ သူတို့ အလုပ်ချိန်နှင့် သူတို့ သွားချိန်ပြန်ချိန် သူတို့ဘာသာ ချိန်ကိုက်ထားခြင်း ဖြစ်ပါလိမ့်မည်။

သူ နေထိုင်ရာ ကျောက်တံတားမြို့နယ်တွင်တော့ နတ်သမီးကလေးများကို အများဆုံး တွေ့နိုင်သည်က အနော်ရထာ လမ်းပေါ်ရှိ လမ်း ၄၀ ကားဂိတ်တွင်။ တိတိကျကျ ပြောရလျှင်တော့ ၃၈ လမ်းထိပ် ပျံကျဈေးကလေးမှသည် ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား အပင်ရိပ် အုတ်ခုံများရှိရာတွင် ဖြစ်သည်။ လမ်း ၄၀ ထိပ်မှ နတ်သမီးလေးများ၏ ကွန်းခိုရာက သူထိုင်နေကျ လက်ဖက်ရည်ဆိုင် အပေါ်ထပ် တည်းခိုခန်းကလေး၌၊ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထိပ်ရှိ နတ်သမီးလေးများကတော့ ဆိပ်ကမ်းသာလမ်းထဲ ချိုးဝင်လျှင်ဝင်ချင်း တွေ့ရမည့် တည်းခိုခန်းလေးတွင်။ အဆင်ပြေရာ ပြေကြောင်းကို သူတို့ဘာသာ ခွဲခြား သတ်မှတ်ထားကြခြင်း ဖြစ်ပေလိမ့်မည်။

စီခနဲ ကြားလိုက်ရသော လူသံသူသံတို့ကြောင့် သူ သူ့သူငယ်ချင်းနှင့် စကားကောင်းနေရာက အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။ ဟိုဘက်လမ်းကူး ကားဂိတ်ဆီမှ အမျိုးသမီးတသိုက် ပြေးလာကြတာကို သူမြင်ရသည်။ ဦးတည်ရာက ဗိုလ်အောင်ကျော် လမ်းဆီသို့။ လမ်းသွားလမ်းလာတွေကလည်း ရပ်တန့် ငေးမောနေကြသည်။ သူ သေချာကြည့်လိုက်တော့ ပြေးနေသူတွေက နတ်သမီးကလေးများ။ သူ ကြည့်နေစဉ်တွင်ပင် ဗိုလ်အောင်ကျော်လမ်းကို ဖြတ်၍ ဗိုလ်တထောင် ၆ ဘက်ဆီ ဆက်ပြေးသွားကြသည်။

သည်တော့မှ သူသဘောပေါက်သည်။ ကျောက်တံတားအပိုင်မှ ဗိုလ်တထောင်အပိုင်သို့ ပြေးခြင်း။ သည်ည စီမံချက်ရှိ၍ လိုက်ဖမ်းခြင်း ဖြစ်လိမ့်မည်။ သို့သော် ရဲက နယ်ကျော်၍ မလိုက်။ ထိုစဉ်မှာပင် ကားဂိတ်ဆီမှ ဆူဆူညံညံ အသံများကို ထပ်ကြားရပြန်သည်။ သူ မနေနိုင်တော့။ ဆိုင်မှထ၍ လမ်းကူးသွားမိသည်။ လူအုပ်ကြီးအလယ်တွင် အမျိုးသမီးငယ် နှစ်ဦး။ ဖမ်းဆီးသူ နယ်ထိန်းနှင့် သူ့ ရပ်ကွက်ထဲရှိ မီးသတ်ကို ဒူးတုပ်၍ တောင်းပန် တိုးလျှိုးနေသည်ကို တွေ့ရသည်။ ခဏအကြာတွင်တော့ လက်ထိပ်ခတ်ပြီး အငှားကားတစီးကို တား၍ တင်သည်။ လူစုကွဲသော အချိန်တွင် ၁၀ နာရီ ကျော်နေခဲ့ပေပြီ။
-------------------------------------

တရက်တွင်တော့ နတ်သမီးကလေးများကို စစ်တမ်း ကောက်ကြည့်ရန် သူ စဉ်းစားမိသည်။ ဘာရယ်မဟုတ်၊ သူက လူ့ဘဝ ရုပ်ပုံလွှာတွေကို စိတ်ဝင်စားသည်။ အရောင်တွေ အရိပ်တွေကို စေ့ချင်ငုချင်သည်။ အတိမ်အနက် အကျဉ်းအကျယ်တို့ကို စူးချင်စမ်းချင်သည်။ အလင်းအမှောင် အမှိန်အဖျော့တွေကို ရှာချင်ဖွေချင်သည်။ သည်လိုနှင့် တမနက်တွင် သူ မြို့ထဲတခွင်သို့ နတ်သမီးကလေးများ လေ့လာရေး ထွက်မိသည်။ ၁၀ နာရီ သာသာခန့်။ သူ လက်ဖက်ရည်ဆိုင်မှ ထလာချိန်။ သူ့ ခရီးစဉ်ကို လမ်း ၄၀ ထိပ်မှ စသည်။ လမ်း ၄၀ ထိပ်မှ သည် ၃၈ လမ်းဈေးအထိ။ သည်တဝိုက်က နတ်သမီးကလေးများကိုတော့ သူ အားလုံးလိုလို သိပြီး ဖြစ်ပါသည်။ ၁၅ ယောက်ဝန်းကျင်။ ထို့နောက်တော့ ပန်းဆိုးတန်းကိုဖြတ်၍ ၃၆ လမ်းထိပ် ကားဂိတ်ဆီသို့ သူရောက်လာသည်။ သည်မှာလည်း ၇ ယောက်၊ ၈ ယောက်။ ဆူးလေဘုရားလမ်းရောက်တော့ သူ ညာကွေ့ပြီး ဗိုလ်ချုပ်လမ်းဆီ သွားသည်။ ရုပ်ရှင်ရုံများ အောက်တွင်လည်း နတ်သမီးကလေးများ။ ၁၄-၅ ယောက်တော့ ရှိလိမ့်မည်။ မနက်ပိုင်းကိုတော့ သည်မျှဖြင့် သူ အဆုံးသတ်လိုက်ပါသည်။

ညနေပိုင်းတွင်တော့ သူ မဟာဗန္ဓုလလမ်းဘက်သို့ ထွက်လာခဲ့သည်။ ၃၉ လမ်းထိပ် ကားဂိတ်ဆီသို့။ သည်မှာလည်း နတ်သမီးကလေးများကို အတော်များများကြီးကို သူ တွေ့ရပြန်လေသည်။ ၃၇ လမ်းထိပ် ထီရုံးမှသည် ၃၉ လမ်းထိပ်အထိ။ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တို့တွင် ကျောက်ချသူတို့က ကျောက်ချလျက်။ ကားဂိတ်တွင် ရောနှော ရပ်နေသူတို့လည်း မရှား။ ၂၀ ဝန်းကျင်တော့ ရှိလိမ့်မည်။ ကားဂိတ်ကြီးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဒါက သူ တွေ့မိသလောက်၊ မတွေ့မိသည်များလည်း ကျန်ဦးမည်။ မနက်ပိုင်းနှင့် ညပိုင်းကလည်း ကွဲဦးမည်။ သူ့လေ့လာရေး ခရီးစဉ်ကို သူ စာရင်းချုပ် ကြည့်လိုက်တော့ အယောက် ၁၀၀ ဝန်းကျင် စာရင်း ထွက်လာသည်။ သူ့တိုင်းသူ့ပြည်၏ စီးပွားရေးနှင့် လူမှုဘဝသည် ချွတ်ခြုံကျနေခဲ့ရပြီ ဖြစ်သည်။
---------------------------------

သူ တယ်လီဖုန်း လျှောက်လွှာတင်ပြီး စာတိုက်ကြီးမှ ထွက်လာတော့ နေ့လယ် ၂ ချက်ခွဲကျော်ခဲ့ပြီ ဖြစ်သည်။ မွန်းဘေကရီ ဆိုင်ရှေ့ရောက်တော့ သူ ကော်ဖီ သောက်ချင်စိတ် ပေါက်လာသည်။ ဂျာနယ်များလည်း ဖတ်ချင်၍ ဖြစ်သည်။ ဆိုင်ထဲတွင်တော့ လူတို့ ပြည့်သိပ်လျက်။ သည်မှာလည်း သူတို့ကို သူ တွေ့မိပြန်သည်။ သူတို့ကတော့ ကားဂိတ်ရှိ နတ်သမီးကလေးများထက် အနည်းငယ် ပို၍ တောက်ပသည်။ ရုပ်ရည် ရူပကာလည်း သာသည်။ အထက်လွှာဟု ဆိုရမည် ထင်သည်။ အထက်လွှာ နတ်သမီးများ။ သူတို့ ထိုင်လေ့ရှိသည်က ဗိုလ်အောင်ကျော်လမ်းကို မျက်နှာမူထားသည့် စားပွဲတွင် ဖြစ်သည်။ သည်နေရာ တခုတည်းက ဆိုင်အပြင်မှရော အတွင်းမှပါ အပြန်အလှန် မြင်နိုင်သည့် နေရာဖြစ်သည်။ သူ ငေးနေမိချိန်မှာပင် ဗိုလ်အောင်ကျော်လမ်း တဖက်ရှိ ဆက်သွယ်ရေး တယ်လီဖုန်းမှ ဝန်ထမ်း အမျိုးသမီးက ဆိုင်အပြင်မှ လက်ဟန်ခြေဟန် ပြ၍ လာခေါ်သည်။ သူတို့ထဲမှ တယောက်ထသွားပြီး ဖုန်းသွားပြောနေသည်ကို သူ မြင်နေရလေသည်။ ဒါက သူတို့၏ ဆက်သွယ်ရေး လမ်းကြောင်း။ ရေစီးကြောင်းတော့ ရေစီးကြောင်းပဲ ဖြစ်သည်။ ခေတ်ရေစီးကြောင်းဟု ခေါ်ချင်လည်း ခေါ်ဆိုနိုင်ပါသည်။

ဆိပ်ကမ်းသာ လမ်းထိပ်တွင် ကောင်မလေးကို တွေ့လိုက်ရတော့ သူ အနည်းငယ် အံ့သြသွားမိသည်။ ည ၁၀ နာရီ ပင်ထိုးတော့မည်။ သူ တွေ့နေကျ မနက်ဂိုဏ်းမှ ကောင်မလေး။ ညဂိုဏ်းသို့ပဲ ပြောင်းသွားလို့လား၊ လူသွားလူလာကတော့ အနည်းငယ် ရှင်းနေခဲ့ပြီ ဖြစ်သည်။ သူ ဘေးဘီကို ကြည့်ရင်း စိတ်ကူးတခု ရလာသည်။ ကောင်မလေးကို သူ အနည်းငယ် မေးချင်မြန်းချင်သည်။ သူနှင့် မျက်မှန်း တမ်းမိနေသောကြောင့်လည်း သူ မေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ တကယ်က သည်နေရာက သူ့အိမ်နှင့် ဘာမှမဝေး၊ သို့သော် သူ မတတ်နိုင်။ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသော စိတ်ကိုထိန်းရင်း သူ ကောင်မလေးဆီ ချဉ်းကပ်သွားမိသည်။ သူ့ကို ကောင်မလေး အထင်လွဲတော့မည်က သေချာသလောက် ဖြစ်သည်။ ဒါ့ကြောင့် သူကပဲ အရင်ဦးအောင် ရှင်းပြဖို့ သူ ဆုံးဖြတ်လိုက်သည်။

“ညီမ ညပိုင်း ပြောင်းသွားတာလား” ဟု သူ စကားစလိုက်တော့ ကောင်မလေးက “ဟုတ်တယ် အကို” ဟု တုံ့ပြန်သည်။ သူ့ကို မှတ်မိလားလို့ မေးတော့ ကောင်မလေးက ''မနက်တိုင်း လက်ဖက်ရည်ဆိုင် အဝမှာ ထိုင်ထိုင်နေတဲ့ အကို မဟုတ်လား'' ဟု ပြန်မေးသည်။ ဟုတ်ကြောင်း ပြန်ဖြေပြီး သူ့ကို တမျိုးမထင်ရန် သူ အမြန်ရှင်းပြရသည်။ သူ မေးစရာ နည်းနည်းရှိ၍ ဖြစ်ကြောင်း ပြောတော့ ကောင်မလေး အနည်းငယ် တွန့်ဆုတ်သွားသည်။ ''ရဲတို့၊ ထောက်လှမ်းရေးတို့တော့ မဟုတ်ပါဘူးနော်'' ဟု သူ့ကို မဝံ့မရဲ ပြန်မေးသည်။ မဟုတ်ကြောင်း သူ ပြောပြီး သူ သိလိုသည်တို့ကို မေးသည်။ တကယ်က ကောင်မလေးတို့က တကိုယ်တော် လှုပ်ရှားသူများ။ ချုပ်ကိုင်ထားသည့်သူ မရှိ။ တခုပဲရှိသည်။ သည်အပိုင်က နယ်ထိန်းကိုတော့ တရက် ၅၀၀ ပေးရသည်။ စီမံချက်ရှိ၍ ဖမ်းလျှင်တော့ ကိုယ်ဖြစ်ကိုယ်ခံ။ သည့်နောက်ပိုင်းတွင် မီးသတ်ကိုပါ ပေးပေးနေရသည်ဟု ပြောသည်။ ဒါကိုတော့ သူကောင်းကောင်း သိပါသည်။ သူ့ ဝန်းကျင်ရှိ ဂျပိုးတေလေများ မီးသတ်အဖွဲ့ဝင် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။

''ကိုယ်နဲ့ရင်းလို့ ရတဲ့ ပိုက်ဆံ အကိုရာ။ သူတို့မို့ မျိုရက် ဆို့ရက်တယ်'' ဟု ညည်းပြော ပြောရင်း ကောင်မလေးက စကားကို နိဂုံးချုပ်သည်။ ကောင်မလေး နေတာက ဒဂုံမှာ။ သည်အချိန် ကားရှိသေးလို့လား ဟု သူမေးတော့ သည်ညတော့ မဂိုလမ်းရှိ တည်းခိုခန်းမှာ အိပ်မည်တဲ့။ ထိုသို့ ပြောရင်း ကောင်မလေး၏ အကြည့်က သူ့ဆီ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ ကပျာကရာ မျက်နှာလွှဲရင်း ပိုက်ဆံအိတ်ကို ဖွင့်သည်။ ''ညီမအတွက် မုန့်ဖိုးပါ'' ဟု ဆိုကာ ငွေ ၁၅၀၀ ကို ကောင်မလေး လက်ထဲထည့်ရင်း သူ နှုတ်ဆက်လမ်းခွဲ လိုက်တော့သည်။ 'သဇင်' ဟု ခေါ်သော ကောင်မလေးကတော့ သူ့ ကို နားမလည်သလို ကြည့်နေပေလိမ့်မည်။
------------------------------------

ခပ်လှမ်းလှမ်းမှ တက္ကစီတားနေသော စုံတွဲကို မြင်၍ သူ့ကားကို အရှိန်လျှော့လိုက်သည်။ ဝေဇယန္တာ လမ်းမကြီးပေါ်။ ဆီဈေးတို့ ကြီးမြင့်လာသဖြင့် ခရီးသွားဟန်လွှဲ လမ်းကြုံလျှင် သူ ပရိုက်ဗိတ် တက္ကစီ မောင်းလေ့ရှိသည်။ ''ဘယ်သွားမလဲ အကို'' ဟု သူ မေးတော့ အမျိုးသားထံမှ အသံမထွက်။ အမျိုးသမီးငယ်ဆီမှသာ အသံထွက်လာသည်။ ဝေဇယန္တာလမ်းမကြီး ပေါ်တွင်ပင်ရှိသော နယ်စပ်မြို့လေး တမြို့ အမည်ကို ယူထားသည့် တည်းခိုခန်းသို့။ သူ ဈေးပြောတော့ မဆစ်တော့ဘဲ ကားပေါ်သို့ တက်သည်။ ခရီးက ဘာမျှမဝေး၊ ၅ မိနစ်သာသာ မောင်းရုံနှင့် သူ တည်းခိုခန်းရှေ့သို့ ရောက်သည်။ ''ခဏလေး စောင့်ပေးပါလား ညီလေးရာ၊ အကို အရင်မေးကြည့်မလို့'' ဟု ကားခရှင်းရင်း အမျိုးသားက ပြောတော့ သူ ခေါင်းညိတ်သည်။

သူ့တွင် ဘာမှ အထွေအထူး လုပ်စရာမရှိ။ အမျိုးသမီးငယ်ကပင် ဦးဆောင်၍ တည်းခိုခန်းအတွင်း ဝင်သွားသည်။ သူ အပြင်မှ တည်းခိုခန်းကြီးကို အကဲခတ်ကြည့်တော့ အခန်းတွေက မနည်းမနော။ ရာကျော်လိမ့်မည်ဟု သူထင်သည်။ ၅ မိနစ်မျှအကြာ စောစောက စုံတွဲ ပြန်ထွက်လာသည်။ အခန်းပဲ အဆင်မပြေသည်လား ဘာဖြစ်သည်လဲ … သူ တွေးတောနေမိစဉ်တွင်ပင် အမျိုးသားထံမှ ''အခန်းမကြိုက်လို့ ညီလေးရာ။ ဘယ်သွားရင် ကောင်းမလဲ မသိဘူး'' ဟု စကားသံ ထွက်လာသည်။ အမျိုးသမီးငယ်ကတော့ သည်ကိစ္စတွင် ကျွမ်းကျင်ဟန် ရှိသည်။ သူ့ကို ဘုရင့်နောင်ဘက်ရှိ တည်းခိုခန်းကြီးတခု၏ အမည်ကိုပြောရင်း ဈေးမေးသည်။ သူ ဈေးပြောတော့ အမျိုးသားက မဆစ်တော့ပါ။ သူကလည်း ပုံမှန်ဈေးပဲ ပြောပါသည်။ ကားမောင်းလာရင်း မိုးက ရွာလာသည်။ ဘုရင့်နောင် မီးပွိုင့် မရောက်မီတွင် သူ ဘယ်ဘက်သို့ ချိုးလိုက်သည်။ သည်လမ်းက သူ ကျောင်းသွားတိုင်း မီးပွိုင့်ရှောင်ရန် သုံးနေကျလမ်း။ တည်းခိုခန်း၏ နောက်ဘက်ရှိ ကားပါကင်တွင် သူ ကားရပ်သည်။ မိုးက ပို၍ သည်းလာသည်။ သူ့ကားပေါ်မှ စုံတွဲ ဆင်းသွားသော်လည်း သူ ကားပြန် မထွက်ဖြစ်သေး။ မိုးစဲအောင် ခဏစောင့်ရန် သူ ဆုံးဖြတ်သည်။ ထိုစဉ်မှာပင် ကားပါကင်မှ ဝိတ်တာကလေးက သူ့ထံ ချဉ်းကပ်လာသည်။ သူ့ကို ခရီးသည် လိုက်ပို့သူဟု ထင်ပုံမရ။ ''အကိုကော မတက်တော့ဘူးလား'' ဟုမေးသည်။ သူ ပြုံးရင်း ''ပြန်တော့မှာ'' ဟုပြောတော့ ဝိတ်တာလေးက သူ့အတွက် အဖော် ခေါ်ပေးမည်ဟု ဆိုပြန်သည်။ သူ နည်းနည်း စိတ်ဝင်စားလာသဖြင့် ဝိတ်တာလေးကို အကျိုးအကြောင်းမေးရင်း အခန်းတခန်းယူရန် ဆုံးဖြတ်လိုက်သည်။

၃ နာရီ တဆက်ရှင်။ သူတို့ကတော့ ရှိုးလို့ ခေါ်ကြလေသည်။ ပထမထပ်တွင် သူ အခန်းတခန်း ရသည်။ သူ အခန်းထဲရောက်ပြီး ခဏနေတော့ စောစောက ဝိတ်တာကလေး ပြန်ရောက်လာသည်။ သူ့ဘေးတွင် နတ်သမီးကလေး တဦး။ နတ်သမီးကလေးက အခြား အခန်းတခန်းမှ ကူးလာပုံရသည်။ ပိန်ပိန်သွယ်သွယ်၊ ၁၉-၂၀ အရွယ် ။ ပုံစံ အသွင်အပြင်က ညှိုးရော် နွမ်းလျနေသည်။ သူ့ကို ဟန်လုပ်ပြုံးပြနေသော နတ်သမီးလေးကို ကြည့်ရင်း သူ စောစောက စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။ သူ ဝိတ်တာလေးကို စကားလှအောင် ပြောရင်း နတ်သမီးလေးကို ပြန်လွှတ်လိုက်သည်။ အခန်းကလည်း ယူပြီးပြီ။ ခဏတော့ နေလိုက်ဦးမည်ဟူသော အတွေးနှင့် သူ အခန်းကို စေ့ငုမိသည်။ နှစ်ယောက်အိပ် ကုတင်တလုံး၊ ရေချိုးခန်း အိမ်သာတွဲလျက်၊ တီဗီတလုံးနှင့် တယ်လီဖုန်းလည်း ပါသည်။ အပြင်အဆင် အခင်းအကျင်းက သန့်သန့်ပြန့်ပြန့် တော့ရှိသည်။ သူ တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိသည်နှင့် တီဗီဖွင့်လိုက်သည်။

ချယ်နယ်တို့ကို ဟိုရွှေ့သည်ရွှေ့ လုပ်ရင်း စောစောက ဝိတ်တာလေး ပြောသွားသော ချယ်နယ်ကို သူ တွေ့ရသည်။ ၂၄ နာရီ အပြာကားများ ပြသည့်ချယ်နယ်။ အောက်ထပ်ရှိ စက်ခန်းမှ ခွေထိုးပြနေခြင်း။ သူ ပျင်းပျင်းရိရိနှင့် အိပ်ရာပေါ် လဲလျောင်းရင်း တီဗီကြည့်သည်။ အပြင်ဘက်တွင် မိုးက သည်းသည်းမည်းမည်း ရွာလျက်။ ဗုဒ္ဓဝင်မှ အလွန် ကုံလုံပြည့်စုံသော သူကြွယ်ကြီးတဦး၏ အမည်နာမကို ခံယူထားသည့် တည်းခိုခန်းကြီး တခုလုံး တိတ်ဆိတ်နေသည်။ သူ မှေးခနဲ အိပ်ပျော်သွားသည်။
--------------------------

ည ၈ နာရီ ကျော်ပြီမို့ သိမ်ကြီးဈေး၏ ညက သက်ဝင်လှုပ်ရှားလာသည်။ zero zone မှ လွင့်ပျံလာသော တေးသံများကို သူ အတိုင်းသား ကြားနေရသည်။ သူက မင်္ဂလာရုံ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့ဖခင်ကို ဆေးခန်းလိုက်ပို့ရာ တိုကင်နံပါတ် နောက်ကျသောကြောင့် နောက်တနာရီလောက်တော့ အနည်းဆုံး စောင့်ရပေဦးမည်။ လမ်းတလျှောက်ရှိ ကလပ်များကို သူ အပေါ်စီးမှ ငေးကြည့်နေရင်း ငြီးငွေ့လာသဖြင့် အောက်ဆင်း၍ လက်ဖက်ရည်သောက်ရန် ဆုံးဖြတ်လိုက်သည်။ အောက်ရောက်တော့လည်း ဘယ်မှာထိုင်ရမည်ကို သူ ဝေခွဲမရ။ သိမ်ကြီးဈေးအတိုင်း လျှောက်လာရင်း အနော်ရထာလမ်းနှင့် ဆုံရာ လူကူးတံတား အောက်ရောက်တော့ လက်ဖက်ရည်ဆိုင်ကို တွေ့သည်။ နတ်သမီးကလေးတွေ ထိုင်နေပါလား …။ မင်္ဂလာရုံနှင့် နီးနီးနားနားမှာပဲ ထိုင်တော့မည် ဟူသော အတွေးနှင့် သူ ပြန်လှည့်လာသည်။

သည်လိုနှင့် မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့် လူကူးတံတားအောက်မှ လက်ဖက်ရည် ဆိုင်ကလေးတွင် သူ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးမှ သူ သတိပြုမိလေသည်။ သည်မှာလည်း နတ်သမီးလေးများ။ သူ့ဘေးကပ်လျက် ဝိုင်းတွင် ထိုင်နေကြသည်။ ခဏကြာတော့ တယောက်က သူ့ထံမှ မီးခြစ် လှမ်းတောင်းလေသည်။ ပေးလိုက်တော့ ''ဆေးလိပ်လေးပါ ပေးပါလား'' ဟု နောက်တယောက်က ပြောင်စပ်စပ် ပြောပြန်သည်။ သူ့ဆေးလိပ်ဗူး လှမ်းပေးလိုက်ချိန်မှာပင် အခြားဝိုင်းမှ လူငယ်နှစ်ယောက် ထလာကာ နတ်သမီးကလေးတို့၏ ဝိုင်းတွင် ဝင်ထိုင်လေသည်။ နိုက်လား၊ ရှိုးလား ဟူသော အသံများ၊ တပုလင်းခွဲ နှစ်ပုလင်းဟု တုံ့ပြန်သံများ၊ ခိုးခိုးခစ်ခစ် ရယ်မောသံများ၊ သူ ထဖို့ ဆုံးဖြတ်သည်အထိ သူတို့ ညှိနှိုင်းပွဲ မပြီးဆုံးသေး။ မင်္ဂလာရုံအပေါ်ထပ် ရောက်မှ သူ့ စီးကရက်ဗူး သူ ပြန်သတိရလေသည်။ နတ်သမီးလေးများထံတွင် ကျန်နေခဲ့ပြီ။
---------------------------------------

“ဗိုက်ဆာတယ်ကွာ။ ထမင်းကြော် သွားစားရအောင်“ ဟု သူ့ သူငယ်ချင်းက ပြော၍ နာရီကို သူ လှမ်းကြည့်လိုက်သည်။ ည တချက် ထိုးတော့မည်။ သည်အချိန် ဘယ်သွားမလဲ။ ၁၇ လမ်းသွားဖို့ပဲ ရှိတော့သည်။ သူတို့ ရောက်တော့ ဆိုင်ကလေးက လူရှင်းနေသည်။ သည်ည ဘာဘောလုံးပွဲ မှမရှိ။ သည်အချိန် ထမင်းစားချင်စိတ် မရှိတော့၍ သူကတော့ လက်ဖက်ရည်ပဲ မှာလိုက်သည်။ ဆိုင်တွင် ဝိုင်းက ၃ ဝိုင်းတည်း။ ယောက်ျားလေး ဝိုင်းဆို၍ သူတို့ တဝိုင်းသာ။ ကျန်နှစ်ဝိုင်းတွင်က ကလပ်မှ ပြန်လာသော နတ်သမီးလေးများ။ သည်ဆိုင်ကလေးက ညလုံးပေါက် ဖွင့်သော ဆိုင်ကလေးမို့ သူတို့ ထိုင်နေကြခြင်း ဖြစ်သည်။ တခါတရံ စီမံချက် ရှိလျှင်တော့ နတ်သမီးလေးများက ဗိုလ်ချုပ်လမ်းပေါ်ရှိ အစိုးရ ဝင်းတဝင်းအတွင်း ဖွင့်သော လက်ဖက်ရည်ဆိုင်သို့ ပြောင်းထိုင်တတ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ၁၇ လမ်းက စစ်ကြိုခေတ်က နတ်မိမယ်များ တရားဝင် ပျော်စံရာ ဖြစ်ခဲ့ကြောင်းကိုတော့ ဆရာသော်တာဆွေ ရေးတာ သူ ဖတ်ရဖူးသည်။

နတ်သမီးလေးများကို ကြည့်ရင်း သူ တခု တွေးမိလာ၍ ပြုံးမိသည်။ သူ့ နေ့စဉ်ဘဝတွင် နတ်သမီးလေးများကို မတွေ့ရသည့်နေ့ မရှိ။ နံနက် မိုးလင်းချိန်မှ စတွေ့ လိုက်သည်မှာ ယခု ည တနာရီအထိ တွေ့တုန်း ဖြစ်သည်။ သူ့ ချစ်သူကိုပင်လျှင် သူ နေ့စဉ်မတွေ့၊ တပတ်လုံးလုံး မတွေ့ဖြစ်သည်လည်း ရှိသည်။ နတ်သမီးလေးများကိုတော့ ….. ''ဘာပြုံးတာလဲ'' ဟု မေးသည့် သူ့ သူငယ်ချင်းကို ''ဘာမှ မဟုတ်ပါဘူး'' ဟုသာ သူပြန်ဖြေလိုက်သည်။ ညက တိတ်တိတ်ဆိတ်ဆိတ်၊ ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည် သောက်လိုက်ရသဖြင့် သူ့ မျက်လုံးများ ပြန်ကျယ်လာသည်။ နတ်သမီးလေး တယောက်က သူတို့ နှစ်ယောက်ကို ကြည့်ရင်း အဖော်များအား တစုံတရာ တီးတိုးပြောသည်။ ရယ်သံများ သူကြားရချိန်တွင် လှုပ်ရှား သွားသော စိတ်ကို ဖုံးကွယ်ရန် ရေနွေးတစ်ခွက် ငှဲ့လိုက်ရလေသည်။ ဆေးရုံကြီးဘက်ဆီက ခွေးဟောင်သံ သဲ့သဲ့ကို သူကြားရသည်။ ဆောင်းဝင်လာပြီမို့ ညက တဖြည်းဖြည်း အေးစက်လာလေသည်။

နိုင်ငံခြားမှ ခေတ္တပြန်ရောက် လာသော သူငယ်ချင်းများနှင့် တွေ့ဆုံသည့် ပွဲမို့ သူတို့ဝိုင်းက အတော်ညဥ့် နက်သွားခဲ့သည်။ ဘီယာပုလင်းတို့က အလဲလဲ အပြိုပြို။ ဘယ်ဆက်သွားမလဲဟု အမေရိကားမှ သူငယ်ချင်းကမေး၍ သူ နာရီကို ကြည့်လိုက်တော့ ည တချက်ကျော်ခဲ့ပြီ။ သူတို့ ဘယ်ဆက်သွားမလဲ…။ သူတို့ တဝိုင်းလုံး မူးယစ်ရီဝေလျက်။ ခဏတဖြုတ် အိပ်လို့ရမည့် နေရာတနေရာ…။ လပေါ်သို့ တက်ရန် သူ ဆုံးဖြတ်လိုက်သည်။ လပြည့်ညမို့ လ က ထိန်ထိန်သာ နေလေသည်။

၃၉ လမ်း အထက်လမ်းရှိ တိုက်တတိုက်၏ ငါးလွှာသို့ သူတို့ရောက်တော့ ည တချက်ခွဲ ခဲ့ပြီ။ စန္ဒာငွေလမင်း၏ အမည်ကို အင်္ဂလိပ်လို ရေးသားထားသော ဆိုင်းဘုတ်ဝါဝါ ကလေးကို ကြည့်ရင်း သူ တံခါးခေါက်လိုက်တော့ ဆိုင်ရှင် မနိုင် ကိုယ်တိုင် တံခါးလာဖွင့်လေသည်။ မနိုင် က ယခင်ကတည်းက သူနှင့် သိကျွမ်းသူ။ အရင်ကတော့ အိမ်ပွဲစား၊ အခုတော့လည်း သည်ရေစီးကြောင်းထဲမှာ။ “သားကြီးပါလား။ ဘော်ဒါတွေလည်း ပါတာပဲ။ လာ လာ“ ဟူသော မနိုင် စကားအဆုံးမှာတော့ သူတို့အားလုံး အခန်းထဲ ဝင်လိုက်ကြလေသည်။ အခန်းထဲတွင် ကောင်မလေးတွေက ထိုင်သူထိုင် လှဲသူလှဲလျက်။ ဗီစီဒီခွေ မှ ဟစ်ဟော့သီချင်းကို လိုက်ညည်းသူက ညည်းနေကြသည်။ သည်ည ဧည့်သည် ပါးပုံရသည်။ “ကိုသားကြီး လက်ဖက်သုတ်စားပါဦး“ ဟူသော ကောင်မလေး တယောက်၏ ဖိတ်မန္တကပြုမှုကို သူ ပြုံး၍ ခေါင်းခါရင်း သူ့ သူငယ်ချင်းတွေအတွက် နေရာထိုင်ခင်း စီစဉ်ရသည်။ အခန်း၏ နောက်ဘက်တွင် ရှိနေတာက လူ ၅ ယောက်စာ နှစ်ခန်း။ တခန်းက လုံးလုံးအားနေသည်။ သူတို့အဖွဲ့က လူ ၆ ယောက်မို့ သူ့ သူငယ်ချင်း ၅ ယောက်ကို အခန်းတခန်း ပေးလိုက်သည်။ သူကတော့ နောက်တခန်းထဲ ဝင်ခဲ့လေသည်။

သူ ဝင်လာသည့် အခန်းထဲတွင် အခြား ဧည့်သည် ၄ ယောက်။ သူက အခန်း၏ အလယ်တွင် နေရာရသည်။ တခန်းလုံးက မှောင်မိုက်လျက်။ အိပ်ရာတို့ကို ကြမ်းပြင်ပေါ် ခင်းထားသည်။ အိပ်ရာတခုနှင့် တခုကြားတွင်တော့ ခန်းဆီးပါးကလေးများ ခြားထားသည်။ အိပ်ချင်စိတ်က စိုးမိုးနေသည်မို့ သူ့ကို နှိပ်နေသော ကောင်မလေးကိုပင် သူ ဘာမှမပြောမိ။ သို့သော် သူ ခေါင်းချလိုက်မိစဉ်မှာပင် သူ့ ဘယ်ဘက်ဘေး အိပ်ရာမှ ကောင်မလေး၏ အသံကို သူကြားလိုက်ရသည်။ “ဘာလို့ အများကြီး ယူလာတာလဲ။ တခုဆို တော်ရောပေါ့“ တဲ့။ စကားသံ သဲ့သဲ့ကို သူကြားရပြန်သည်။ ခဏနေတော့ တီးတိုးညည်းညူသံများ။ သည်အသံများနှင့်အတူ ခြေထောက်တဖက်က ခန်းဆီးစကိုကျော်၍ သူ့ အိပ်ရာဘက်ဆီ ရောက်ရှိလာသည်။ သူ ဆက်အိပ်၍ မရတော့။ မှောင်မိုက် လောင်အိုက်နေသော အခန်းထဲတွင် သူ ဇောချွေးပြန်စ ပြုလာသည်။ ခဏအကြာ ညည်းညူသံများ ထပ်ကြားရပြန်သည်။ သည်တခါ သူ့ ညာဘက်က။ သည်းမခံနိုင်တော့သည့်အဆုံး အခန်းထဲမှ ထွက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဆေးလိပ်ဗူးကို နှိုက်သည်။ ဆေးလိပ် မကျန်တော့။ သူ့ သူငယ်ချင်းများ ရှိရာ အခန်းဆီ သူ ကူးခဲ့လေသည်။

သူ့ သူငယ်ချင်းများ အခန်းတွင်တော့ မီးလင်းနေသည်။ သူငယ်ချင်းရှိရာရောက်တော့ ကောင်မလေးနှင့် စကား ပြောနေသည်ကို တွေ့သည်။ သူငယ်ချင်းထံမှ ဆေးလိပ်တလိပ် တောင်းယူရင်း အိမ်ရှေ့ခန်းဘက် သူ ထွက်ခဲ့လေသည်။ ဝရန်တာတွင် ဆေးလိပ်သောက်လိုက်မှ သူ နည်းနည်း နေသာထိုင်သာ ရှိလာသည်။ သည်မှာပင် အနှိပ်ခန်းများအကြောင်း သူ စဉ်းစားမိသည်။ ဟိုယခင်ကတော့ အနှိပ်ခန်းလုပ်ငန်းကို အကြီးအကျယ် လုပ်သည်က ဗိုလ်အောင်ကျော်လမ်း အောက်ဘက်ရှိ ဟိုတယ်ကြီး တခုတွင်။ ထိုစဉ်က ယခုလို နေရာတိုင်းတွင် မရှိသေး။ ပြီးတော့ ယခုလို လိင်ဖျော်ဖြေရေး မပါ။ အနှိပ်ခံရုံ သက်သက်မျှသာ။ အဆင်ပြေလျှင် အပြင်တွင် ချိန်းတွေ့။ သည်မျှလောက်သာ ဖြစ်သည်။

မြို့ထဲတခွင်တွင် အနှိပ်ခန်းများ မှိုလို ပေါက်လာသည်ကတော့ သူ မှတ်မိသလောက် ၂၀၀၅ ခုနှစ်မှ စ၍။ ၂၀၀၅ နှစ်ကုန်ပိုင်းလောက်တွင်တော့ မြို့ထဲရှိလမ်းတိုင်းတွင် အနှိပ်ခန်းများ ပျံ့နှံ့နေခဲ့ပြီ။ မြို့ထဲရှိ လမ်းတလမ်းတွင် အထက်လမ်း၊ အလယ်လမ်းနှင့် အောက်ဆုံးနှစ်လမ်း ဟူ၍ ဘလောက် ၄ ခု ရှိရာ ၄ ခုစလုံးကို သူ ဆိုလိုပါသည်။ ဆိုင်းဘုတ်ဝါဝါ၊ ပြာပြာလေးများ ကိုယ်စီကိုယ်ငှ။ သည်လုပ်ငန်းက များသောအားဖြင့် အထပ်မြင့် ငါးလွှာ ခြောက်လွှာ အခန်းများတွင် လုပ်လေ့လုပ်ထ ရှိသည်။ ထူးထူးခြားခြား ၃၈ လမ်းဈေးမှ ဆိုင်တဆိုင်ကတော့ မြေညီထပ်တွင် ဖွင့်ထားသည်။ ယခင်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဖွင့်ထားသည့်ပုံပင် မရှိတော့။ ပေါ်ပေါ်တင်တင်ပဲ ဖြစ်ပါသည်။ ပြီးတော့ သည်တခါ ထူးခြားသည်က အနှိပ်ခန်းအများမှာ သာမန်မဟုတ်။ လိင်ဖျော်ဖြေရာ ဌာနများ။ လာရောက်သူ အမျိုးသားများအတွက်ကလည်း ဒါက ပိုအဆင်ပြေသည်။ ယခင်ကကဲ့သို့ တကူးတက အမျိုးသမီးအဖော် လိုက်ရှာရန် မလိုတော့။ တည်းခိုခန်းလည်း သွားစရာမလို။ အနှိပ်ခန်း တဆက်ရှင်ခနှင့် နှိပ်ပေးသူ ကောင်မလေးကို မုန့်ဖိုး အနည်းအကျဉ်း ပေးလိုက်ရုံသာ ဖြစ်သည်။

သည်မှာပင် အနှိပ်ခန်းများ နာမည်ကြီးသထက် ကြီးလာသည်။ အနှိပ်ခန်း တခန်းတွင် နတ်သမီးလေးများက အနည်းဆုံး ၁၀ ယောက်ဝန်းကျင်တော့ ရှိတတ်သည်။ သြော် … မြေပေါ်သို့ မသက်သည့် ဘုံခုနစ်ဆင့် တိမ်ယံငွေနန်းမှ နတ်သမီးကလေးများ …..။ သူ အိမ်ပြန်ချင်ပြီမို့ အတွေးကို ဖြတ်ရင်း အခန်းထဲ ပြန်ဝင်ခဲ့သည်။ “သူတို့က နတ်တွေလေ အငွေ့ပဲစားတာ“ သူ့ကို ခုနက နှိပ်သည့် နတ်သမီးလေးက မကြားတကြား လှမ်းစလေသည်။ ''သည်မှာတော့ နတ်ဖြစ်တာပဲ ကောင်းပါတယ် ကောင်မလေးရယ်'' … သူ့စိတ်ထဲမှ ပြန်ပြောရင်း သူငယ်ချင်းများထံ ပြန်သွားသည်။ သူနှင့် လိုက်ပြန်မည့်သူ သိပ်မရှိ။ ကျန်သူငယ်ချင်းများက ညအိပ်ကြလိမ့်မည်။ မနိုင် ကို နှုတ်ဆက်ပြီး လပေါ်မှ မြေပေါ် ပြန်ရောက်တော့ မနက် ၃ နာရီ။ လ က သာမြဲ သာနေပါသည်။
--------------------------------

သူ စစ်တမ်းကောက်ပြီး ၃-၄ လ အကြာတွင် ကားဝပ်ရှော့တခု၌ အင်ဂျီအို အဖွဲ့တခုမှ ဝန်ထမ်းတယောက်နှင့် သွားဆုံသည်။ ကွန်ဒွန်များ ဝေငှနေခြင်း။ သူ့ကို ကမ်းပေးလိုက်သော လက်ကမ်းစာရွက်လေးကို ကြည့်ရင်း အေအိုင်ဒီအက်စ် ဖြစ်ပွားသူဦးရေ သူ့ နိုင်ငံတွင် မည်၍မည်မျှ ရှိသည်ကို သူ စုံစမ်းမိသည်။ အစိုးရ ထုတ်ပြန်ထားသော စာရင်းက ၃၈၅၀၀၀။ သို့သော် သူသိလိုသည်က တကယ့် အစစ်အမှန်။
-------------------------------

“ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း” သူ ငယ်ငယ်က ဝှက်ခဲ့သော စကားထာ ကလေးကို သူ ပြန်သတိရသည်။ “ရေလယ်ခေါင် သောင်ထွန်း” တဲ့ ။ သည်စကားထာလေးကို သူ နေ့စဉ် မြင်တွေ့နေရသော နတ်သမီးလေးများနှင့် သူ ထင်ကြည့်ဟပ်ကြည့်သည်။ သူ နေထိုင်ရာ မြို့လယ်ခေါင်သည် သောင်တခု ဖြစ်ခဲ့ပြီလား …. အခြားနေရာများထက်တော့ သောင်သောင်သာသာ ရှိ၍ နတ်သမီးလေးများ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နတ်သမီးလေးများအတွက် ဘဝလှိုင်းတံပိုးများ အကြားတွင် မနစ်မြုပ်ရန် ယာယီဖြစ်စေ ခေတ္တရပ်တည် နေရသည့်သောင်။ သည်သောင်ကကော ဘယ်လောက်ကြာကြာ ခံမည်လဲ ….။ တကယ်က သူတို့အားလုံးက သည်ခေတ်၊ သည်စနစ်၏ သားကောင်များ …

သူကကော …. သည်ခေတ်ကို ပြောင်းနိုင်ရန် သူ့တာ သူ့ဝန်ကို ဘယ်၍ဘယ်မျှ ထမ်းရွက်ခဲ့ပြီလဲ …..။ သူ စဉ်းစားရင်း ခေါင်းတို့ နောက်ကျိ ရီဝေလာသည်။ နတ်သမီးလေးများက သည်ခေတ် သည်စနစ်၏ ပြယုဂ်တခု၊ သူ့ပြည်သူ့ရွာ၏ ရုပ်ပုံလွှာတချပ် ဖြစ်နေသည်။ သည်ပန်းချီကားက စုတ်ချက် ကြမ်းလှပါလား။ သည်လိုပဲ သူ ခံစားမိသည်။ နတ်သမီးလေးများအတွက် အနာဂတ်ဟူသည် မရှိ။ မနက်ဖြန် ဆိုသည်မရှိ။ “အကိုကသာ ကွန်ဒွန် သုံးရဲ့လား မေးနေတာ။ တချို့ဖောက်သည်တွေက သုံးချင်တာ မဟုတ်ဘူး။ ညီမတို့လည်း ဘာတတ်နိုင်မှာလဲ။ မျက်စိ မှိတ်လိုက်ရတာပဲ” ကောင်မလေး၏ စကားသံက သူ့ထံ ပဲ့တင်ပြန်လာသည်။ သည်ခေတ် သည်စနစ်ကြီးအတွက် ပေးလိုက်ရသည့် တန်ဖိုးက မနည်းပါလား စိတ်ကူးယဉ်သည်ဟုပဲဆိုဆို …… သူ တင်စားခေါ်ဝေါ် မိခဲ့သော နတ်သမီးလေးများကို နောင်ဘဝတွင်တော့ တကယ့် နတ်သမီးကလေးများ သူ ဖြစ်စေလိုလှသည်။ နတ်တို့တွင် အစာနှင့် နေစရာ ရှာရန် မလိုအပ်ဟု သူ ဖတ်ဖူးမှတ်ဖူးခဲ့သောကြောင့် ဖြစ်ပါသည်။ ။

သတင်းထောက်တဦးရဲ့ ရင်ဖွင့်သံ … လပွတ္တာမြင်ကွင်း

သတင်းထောက်တဦးရဲ့ ရင်ဖွင့်သံ … လပွတ္တာမြင်ကွင်း
အောင်သက်ဝိုင်း/ လပွတ္တာ ဇူလိုင် ၁၆၊ ၂၀၀၈

ကျနော် အခု လပွတ္တာက ပြန်ရောက်ရောက်ချင်း အင်တာနက်ဆိုင်ကိုတန်းဝင်လာတာပါ။ အခြေအနေတွေက အစိုးရပြော သလို လုံးဝမဟုတ်ဘူးဗျ။ တော်တော်ကို ဆိုးတယ်။ အရင်တုန်းက ဒုက္ခသည်တွေက စခန်းတွေမှာ ဒုက္ခခံရတယ်။ အခု ကိုယ့်နေရာကိုယ်ပြန်ပြီး ဒုက္ခခံရတယ်။ ကိုင်းသောင်၊ ကညင်ကုန်း၊ ရွေး၊ ပြင်စလူ ရွာတွေရောက်ခဲ့တယ်။ ပြန်လည်ထူထောင် ရေးအတွက်ဆိုပြီး လုပ်အားဝင်ပေးခိုင်းတာ အကြီးအကျယ်ပဲ။

“မင်းတို့ ရပ်ရွာတွေ ပြန်လည်ထူထောင်ဖို့ ငါတို့စစ်သားတွေက ရောက်လာတာ။ မင်းတို့တတွေ ငါတို့နဲ့ ပူးပေါင်းလုပ်” ဆိုပြီး လုပ်အားပေးခိုင်းတာပဲ။ ရိုက်တာ၊ နှက်တာတွေလည်း ရှိတယ်။ ၃မိုင်၊ ၅မိုင်နဲ့ ရတနာဒီပ ကစားကွင်းက နေရပ်မပြန်သေးတဲ့ ဒုက္ခသည်တွေအများကြီး လုပ်အားပေးအခိုင်းခံနေရတယ်။ သူတို့က လုံးဝမပြန်ချင်ကြဘူး။ လုပ်အားပေးမလိုက်ရင် စခန်းက မောင်းထုတ်မယ်ဆိုလို့သာ လုပ်အားပေး လိုက်ကြရတာ။ စခန်းတွေကို သြဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်မယ်၊ မပြန်ရင် အကြမ်းဖက်မယ်လို့သတိပေးထားတယ်။

ကုလသမဂ္ဂကို သိပ်အထင်မကြီးနဲ့ဗျို့။ သူတို့တွေက လူထုနဲ့တသားတည်းမဖြစ်ဘူး။ ဒေါ်လာရလို့ အလုပ်လာလုပ်နေကြတာ။ ဒုက္ခသည်တွေ အရမ်းအခက်အခဲဖြစ်နေတယ်ဆိုတာ သိတာတောင် သတင်းမထုတ်ပြန်ပေးကြဘူး။ အစိုးရငြိုငြင်မှာ အရမ်း ကြောက်နေကြတယ်။ သူတို့တွေက အခြေအနေကို အမြဲထိတွေ့နေရတာ။ သိတယ်။ သူတို့ရဲ့ဒေါ်လာရနေတဲ့ လုပ်ငန်းတွေ ရပ်သွားမှာစိုးလို့ သိရဲ့သားနဲ့ မသိလိုက် မသိဘာသာ မျက်လုံးစုံမှိတ်နေကြတာ။

သူတို့အတွက်သုံးနေတဲ့ စရိတ်တွေက ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့စရိတ်ထက် များမယ်လို့ ထင်တယ်။ အိမ်အကောင်း စားတွေကို တလ ကျပ် ၁၀ သိန်း နဲ့ ၁၅ သိန်းအကြားပေးပြီး ငှားနေကြတယ်။ တကယ်လို့သာ သူတို့တွေ စေတနာရှိရင် အသုံးစရိတ်ကို လျှော့ချပြီး ဒုက္ခသည်တွေအတွက် သုံးငွေ အပိုထွက်လာအောင် လုပ်သင့်တာပေါ့ဗျာ။ ပြီးတော့ သူတို့တွေက ၀တ်ကျေတန်းကျေဗျ။ လူမှုရေးစိတ်ဓာတ်အရင်းခံပြီး လာလုပ်နေတာ မဟုတ်ဘူး။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။

အခု ထပ်တောင်းတဲ့ ဒေါ်လာ သန်း ၂၈၀ ဆိုတာ သူတို့အတွက်ပဲ နေမှာပေါ့။ ဒုက္ခသည်တွေကတော့ တာပေါ်လင်စကို အမိုး အကာလုပ်၊ ၀ါးလုံးနဲ့ တဲထိုး၊ WFP က မသေရုံပေးတဲ့ ဧည့်မထ ဆန်ညံ့ကို စားနေရတာ။ မိုးလေးရွာနေလို့ ဒုက္ခသည်တွေ အတွက် ရေအဆင်ပြေနေတာ။ မိုးသာမရွာရင်တော့ ဖြစ်လိုက်မယ့်ကပ်ရောဂါတွေ။ ဆေးကုသမှုအပိုင်းနဲ့ ပတ်သက်လို့လည်း အဲဒီ အန်ဂျီအိုတွေ မရောက်သေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ အဓိက ပြောချင်တာကတော့ ဒုက္ခသည်တွေမှာ အားကိုးရာမရှိဘူး။

ကျနော်ရောက်သွားတဲ့ ရွာတွေက ဒုက္ခသည်တွေက ကျနော့်ကိုတိုင်ကြတယ်။ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုပေါ့။ သူတို့စိတ်ထဲမှာ ကျနော်က သူတို့ကို တခုခုဖြစ်အောင် ကူညီပေးနိုင်မယ်ဆိုပြီး မျှော်လင့်နေကြတယ်။ အဲဒါ ကျနော် ၀မ်းအနည်းဆုံးပဲ။ ကျနော်က သူတို့အတွက် သတင်းရေးပေးရုံကလွဲရင် ဘာဆိုဘာမှ မတတ်နိုင်ဘူးဗျ။ ကျနော်ရေးတဲ့ သတင်းတွေက သူတို့တွေကို မကယ်တင်နိုင်ဘူးဆိုတာ ကျနော်ကိုယ်တိုင် သိတယ်။

ကမ္ဘာက သိမယ်၊ နိုင်ငံတကာက သိမယ်၊ ဒါလောက်ပဲ။ အဲဒါအကုန်ပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီး တွေတောင် လပွတ္တာ မြို့ပေါ်မှာရှိနေပြီး ဒီဒုက္ခသည်တွေကို မကူညီနိုင်တာ ကျနော်လို သတင်းထောက် တယောက်က ဘာကူညီနိုင် မှာလဲ။ ကျနော့်အတွက်တော့ သတင်းကောင်းတွေ ရမယ်၊ လူတွေဖတ်ကြမယ်၊ အရေးကောင်းရင် ချီးကျူးကြမယ်၊ ဒါပဲ။ လာမယ့် ဇူလိုင်လကုန်ဆိုရင် ၃ မိုင်၊ ၅မိုင်၊ ရတနာဒီပက လူတွေကို ဆွဲထုတ်မယ်။ တဲတွေဖျက်မယ်။ နှင်မယ်။ ပြောမရရင် ရိုက်ကောင်းရိုက်မယ်။

ဟိုးအရင် လပွတ္တာမြို့ပေါ်က ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်တွေကို ၃ မိုင်၊ ၅မိုင်နဲ့ ရတနာဒီပ စခန်းတွေကို ပို့တုန်းက ဘယ်လို ပို့ခဲ့တယ်ထင်လဲ။ ဘုရားကြီးဝင်းနဲ့ မြို့ပေါ်စခန်းက လူတွေကိုညနေ ၄ နာရီလောက် လပွတ္တာ မြို့မှာတပ်စွဲထားတဲ့ တပ်မ ၆၆ က စစ်သားတွေက နံပါတ်တုတ်တွေ သေနတ်တွေကိုင်၊ ဒုက္ခသည်စခန်းတွေကို ၀ိုင်း၊ ပြီးတော့ ကားကြီးတွေပေါ် ကို ကျွဲနွားတွေလို မောင်းတင်ခဲ့တာဗျ။ အဲဒါ အခုမှ ဒုက္ခသည်တွေက ကျနော့်ကို ပြောပြတာ။ သူတို့အဲဒီလို ထပ်လုပ်ခံရမှာ ကြောက်နေကြတယ်။

အဲဒီလို ဒုက္ခသည်စခန်းတွေကို အင်အားသုံးရွှေ့တာ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေသိတယ်။ ဘာဖြစ်လို့ သတင်းမထုတ် ခဲ့ကြတာလဲ။ အဲဒီဖြစ်ရပ်ကို မြို့ခံတွေအားလုံးလည်းသိတယ်။ အခုနောက်တကြိမ် အဲဒီလို ဖြစ်ဦးမယ်။ ပြီးတော့ စခန်းကို တာဝန်ယူထားတဲ့တပ်နဲ့ အာဏာပိုင်တွေက ညနေ အရက်မူးလာရင် “သူများ ထမင်းစားပြီး အပျင်းတက်နေတဲ့ ဟာတွေ၊ သူတောင်းစားတွေ၊ ကိုယ့်အိမ်ကိုယ် ပြန်ကြပါလား” ဆိုပြီး ဆဲတယ်။ အဲဒါ မခံနိုင်တဲ့ ဒုက္ခသည်မိသားစုတွေက၊ အထူးသဖြင့် ယောက်ျားတွေက ပြန်အော်ရင် ခေါ်ပြီးရိုက်၊ ပြီးတော့ အဲဒီမိသားစုကို စခန်းက မောင်းထုတ်တယ်။ အဲဒါ တကယ့်ဖြစ်ရပ်မှန် တွေ။ စခန်း ၃ ခုစလုံးမှာ ဖြစ်နေတာ။ ပြီးတော့ အလှူရှင်တွေလာရင် ဘာမှ မလိုအပ်ဘူးဆိုပြီး ပြောခိုင်းတယ်။ အရမ်းလှူချင် တဲ့သူတွေက ဇွဲကောင်းကောင်းနဲ့ အကြာကြီး စကားတွေပြောပြီးမှ လှူလို့ ရတယ်။ အဲဒီအခြေအနေတွေကို ကုလသမဂ္ဂ သိမှာပါ။ ဒါပေမယ့်သူတို့ ဘာကြောင့် နှုတ်ဆိတ်နေကြတာလဲ ...။

ပြီးတော့လည်း TCG (အာဆီယံ၊ ကုလသမဂ္ဂ၊ နအဖ … သုံးပွင့်ဆိုင် ဗဟိုအဖွဲ့) ဘာတွေ ဘယ်လို စာရင်းကောက် သွားတယ် မသိဘူးလို့ လပွတ္တာ မြို့ခံတွေက ပြောတယ်။ လူငယ်လေးတွေ လာတယ်တဲ့။ သူတို့က အာဆီယံ ... ဘာဘာ ညာညာ အဖွဲ့ ကပါပေါ့။ ရွာတွေမှာ ဘာတွေ ဖြစ်နေလဲသိချင်တယ်ဆိုပြီး လပွတ္တာမြို့ပေါ်မှာနေတဲ့ ရယကကို မရမက မေးတယ်။ ဟိုက ကျနော်တို့ အရမ်းကြီးမသိဘူး။ ရွာကို လိုက်ပို့ပေးမယ်ဆိုပြီးပြောတော့ အချိန်မရလို့ပါ၊ မြန်မြန်နဲ့ ခန့်မှန်းပြောပါဆိုပြီး စာရင်း တွေကောက်သွားလေရဲ့။ အဲဒါဘယ်လိုလုပ်ပြီး စာရင်းအမှန် ထွက်မလဲ။ ကျနော့်မှာ လူသက်သေတွေ၊ အထောက်အထား တွေအများကြီးရှိတယ်။ စာရင်းတွေကို အပေါ်ယံ လုပ်သွားကြတာလေ။ အဲဒါ TGC ပေါ့။ အဲဒီ အစီရင်ခံစာက အခြေအနေမှန် ကို လုံးဝထင်ဟပ်မပြနိုင်တာ သေချာပေါက်ပဲ။

ပြီးတော့ အစိုးရနဲ့ VOA နဲ့ ဖြစ်ခဲ့တဲ့ လေဆင်နှာမောင်းကိစ္စ။ အစိုးရက လေဆင်နှာမောင်း မတိုက်ဘူး။ VOA ကတိုက်တယ် ဆိုပြီး ဖြစ်ခဲ့တာ။ တကယ်တော့ တိုက်ခဲ့တယ်။ လပွတ္တာမြို့ ၃ မိုင် နားက ရွာတွေမှာ အိမ်တွေ အလုံးလိုက်ကို ကျွတ်ထွက် တာ။ သို့သော် VOA က ပြောတဲ့နေရာ လွဲသွားတာ။ အဲဒါ အစိုးရက ချက်ကောင်းရပြီဆိုပြီး ကိုင်လိုက်တာဗျ။

နောက်တခုက အစိုးရ ပြောနေတဲ့ လယ်ထွန်စက်တွေ ပေးနေတယ်။ မျိုးစပါးတွေ ပေးနေတယ်။ လှေတွေ၊ ပိုက်တွေပေးနေ တယ်ဆိုတဲ့ကိစ္စ။ ရွာက လူတွေက ကျနော့်ကို ဘာပြောလဲသိလား။ မင်းက အစိုးရဘက်ကလားတဲ့။ သူတို့ဘာမှမရဘူးတဲ့။ ရတဲ့ရွာတွေတော့ ရှိတယ်တဲ့။ ဟုတ်တယ်။ ရတဲ့ရွာတွေရှိတယ်။ သို့သော် စက်အစုတ်။ လယ်တဧကကို ဒီဇယ်ဆီ ၂ ဂါလန် ပေးတယ်။ ဒါပေမယ့် အဲဒီစက်အစုတ်တွေက ပျက်တယ်။ ပြီးတော့ ဆီအရမ်းစားတယ်။ တဧက ထွန်ဖို့ ၄ ဂါလံနဲ့ ၅ ဂါလံ ကုန်တယ်တဲ့။ ပြီးတော့ စက် ၁၀ လုံးမှာ ၃ လုံးလောက်ပဲ ကောင်းတယ်တဲ့။ အဲဒီကောင်းတဲ့ ၃ လုံးကို ကိုယ့်လယ်မှာ ထွန်နိုင် ဖို့ ရွာလူကြီးကို ၂ သိန်းလာဘ်ထိုးရတယ်။ ပြီးတော့ ပေးတာက အသုံးမကျတဲ့စပါး၊ နှံကား ဆိုတာ။ သူက ဆန်နာမည်ဆိုရင် မနောသုခပေါ့။ ကျဲလိုက်တယ်။ တပင်မှ မပေါက်ဘူး။ သူတို့အရင်ကစိုက်တဲ့ မျိုးစပါးကလည်း လုံးဝမရတော့ လယ်သမား တွေ ပက်လက်လန်ရော။

စပါးပင်မရှိတဲ့လယ်ကွင်းတွေကို မြစ်ကမ်းတလျှောက်မှာမြင်ခဲ့တယ်။ အစိုးရ လိမ်တာတွေကတော့ အံ့ရောပဲ။ စပါးပင်ရှိတဲ့ လယ်ကွင်းတွေကိုတော့ လပွတ္တာမြို့အ၀င် လမ်းတလျှောက်မှာပဲ တွေ့ခဲ့ရတယ်။ ဒါက မုန်တိုင်းသင့် ဧရိယာ တခုလုံးနဲ့ နှိုင်းရင် ဘာမှ မဟုတ်ဘူးနော်။ တကယ့်ကို ရင်မောစရာပဲ။

ဒုက္ခသည်တွေကြောင့် ဒုက္ခသည်စခန်းကို အုပ်ချူပ်တဲ့ လူကြီးမင်းတွေနဲ့ မြို့ရဲ့ ရယက၊ မရက ဆွေတော်၊ မျိုးတော်၊ လပွတ္တာ မြို့ခံ အိမ်ပိုင်ရှင်တွေ အတော့်ကို ချမ်းသာလာကြပြီ။ စားသောက်ဆိုင်တွေဆိုတာ ကြက်ပျံမကျ။ ပြီးတော့ လပွတ္တာမှာ UN က မမတွေ၊ ကိုကိုတွေ၊ ဦးကြီးတွေ၊ တခြား INGO က ကိုကို၊ မမ၊ ဦးကြီးတွေရဲ့ ချစ်ဇာတ်လမ်းလေးတွေကတော့ ဒေါ်လာငွေ ရာချီပေးငှားထားတဲ့ အိမ်ကြီး အိမ်ကောင်းတွေပေါ်မှာ ရှိလာပြီ။


ဒုက္ခသည်တွေကို လျစ်လျူရှုတဲ့သူတို့ကို ကျနော်တကယ်မုန်းတယ်။ ဒါပေမယ့် ဘာမှမသိရှာလေတဲ့ ဒုက္ခသည် အများစုက တော့ UN နဲ့ INGO က ကျပ်ငွေ သောင်းဂဏန်းနဲ့ ဆန်လေးတွေပေးတာကို ကယ်တင်ရှင်ကြီးတွေအလား ထင်မှတ်ယူဆ ကိုးကွယ်နေကြတယ်ဗျ။ ဆရာမ၊ ဆရာဆိုပြီး လေးလေးစားစား ရိုရိုသေသေ အောက်ကျို့ ဆက်ဆံနေကြတယ်။ အေးပေါ့ လေ။ အစိုးရက လုပ်မပေးတာထက်စာရင် သူတို့ကလုပ်ပေးနေတော့ ကယ်တင်ရှင်ကြီးတွေလို့ ထင်နေတာ သိပ်တော့ မဆန်းပါဘူး။ ကျနော်ကတော့ သူတို့ကို ဆောရီးပဲ။ အပြောကတော့ ရွှေမန်းတင်မောင်၊ အကကတော့ ချိုမိုင်မိုင်ဆိုတာတွေ။

အရင် ခရီးစဉ်တုန်းက ဒုက္ခသည်တွေကို သနားစိတ်၊ ဒီUN နဲ့ INGO တွေကို မုန်းတဲ့စိတ်နဲ့ ပြန်ခဲ့ရတယ်။ အခု ခရီးစဉ်လည်း ဒီလိုပဲ၊ နောက်ခရီးစဉ်လည်း ဒီလိုပဲလာဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေက လူစိတ်မရှိတဲ့သူတွေ ဖြစ်နေလို့ပါ။ အိုကေ။ ကျနော်ပြောတာတွေ စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ရင်ထဲမှာ တော်တော်လေး ပေါ့သွားပြီ။

မမွှေးနိုင်တော့တဲ့ ညမွှေးပန်းကလေးများ

မမွှေးနိုင်တော့တဲ့ ညမွှေးပန်းကလေးများ
အောင်သက်ဝိုင်း/ရန်ကုန် ဇူလိုင် ၄၊ ၂၀၀၈


ရန်ကုန် - ပြည်လမ်းမဘေးတနေရာ၊ အင်းလျားကန်ဘောင်ရှေ့ တံတားဖြူ မှတ်တိုင်နားက မှုန်ပျပျ လမ်းမီးတိုင်အောက်မှာ အသက်၁၆နှစ်အရွယ် မိန်းကလေးတဦး တစုံတရာကို မျှော်လင့်စောင့်စားနေပါတယ်။ ည၈နာရီကျော်ချိန်ဖြစ်လို့ လူအသွားအလာ နည်းပါးနေပေမယ့် မိန်းကလေးငယ်ကတော့ အကြောက်အလန့် ရှိပုံမရပါဘူး။

ဖွေးဆွတ်နေတဲ့အဖြူရောင်အင်္ကျီ၊ အနက်ရောင်စကတ်ကို ၀တ်ဆင်ထားတဲ့ ကောင်မလေးရဲ့ ပါးပြင်ထက်မှာ သနပ်ခါး ပါးကွက်ကြီးနှစ်ခုကို ခပ်ထူထူ လိမ်းထားတယ်။ ညာဘက်လက်မှာ ချာလီထီး တချောင်းကိုင်ထားပြီး သူ့မျက်လုံးတွေကတော့ လမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ မော်တော်ကားတိုင်းကို လှမ်းမျှော်ကြည့်နေပါတယ်။

လမ်းမပေါ်ကို မျှော်ငေးကြည့်နေတုန်း ရုတ်တရက်ဆိုသလို တက္ကစီအငှားယာဉ်တစီး ဟွန်းသံပေးရင်း သူ့နားမှာရပ်လိုက်တယ်။ ကားပေါ်က ခပ်၀၀အမျိုးသားကြီးတဦး ဆင်းလာပြီး သူ့နားကို တိုးကပ်လာပေမယ့် ကောင်မလေးက စိုးရိမ်ထိတ်လန့်ဟန်မပြဘဲ ရဲတင်းစွာနဲ့ အမျိုးသားကြီးနားကို ချဉ်းကပ်သွားပါတယ်။

“တခါလျှော့(လိင်ဆက်ဆံချိန် တနာရီနီးပါးခန့်ကို ဆိုလိုခြင်းဖြစ်သည်)ရင် ၄၅၀၀။ တညလုံး ဆိုရင်တော့ ၁၅၀၀၀။ စိတ်တိုင်းကျစေရမယ်။ စိတ်တိုင်းမကျရင်ငွေမပေးနဲ့။ လူနှစ်ယောက်ထိ လက်ခံတယ်”လို့် ကောင်မလေးဆီက စကားသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာ ခပ်၀၀အမျိုးသားက ခန္ဓာကိုယ် သိမ့်သိမ့်တုန်အောင် ရယ်မောရင်း ရီဝေတဲ့မျက်လုံးတွေနဲ့ ကောင်မလေးကို စိုက်ကြည့်နေပါတယ်။

ခဏအကြာမှာ ကောင်မလေးရဲ့ပုခုံးကို သူ့ညာလက်နဲ့သိုင်းဖက်လို့ တက္ကစီဆီ ခေါ်သွားတယ်။ အဲဒီနောက်မှာ တက္ကစီကားဟာ အရှိန်ပြင်းပြင်းနဲ့ ရန်ကုန်မြို့တွင်း နေရာတခုဆီ ဦးတည် ထွက်ခွာ သွားပါတော့တယ်။ အဌားယာဉ်ပေါ်မှာလိုက်ပါသွားတဲ့ ကောင်မလေးကတော့ ညမွှေးပန်းလို့ အများခေါ်ကြတဲ့ ဆယ်ကျော်သက်အရွယ် ပြည့်တန်ဆာမလေးတဦးပါပဲ။

စားဝတ်နေရေးအဆင်မပြေမှု၊ စီးပွားရေး ကြပ်တည်းမှုတွေနဲ့ အလုပ်အကိုင် ရှားပါးမှု တွေကြောင့် ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေ၊ အချက်အချာကျ လမ်းဆုံလမ်းခွတွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံနဲ့ ကားဂိတ်တွေမှာ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်အသက်မွေး ၀မ်းကြောင်းပြုလာတဲ့ ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ်တွေ တနေ့တခြား တိုးပွားများပြားလာတာကို တွေ့ရှိနေရပါတယ်။

လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကတော့ နယ်မြို့တွေနဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေက အများဆုံးဖြစ်ပြီး နာဂစ်မုန်တိုင်း မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ပြီးချိန်မှာတော့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်တဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တွေနဲ့ အခြားအသက်အရွယ်စုံအမျိုးသမီးတွေ အရေအတွက်အားဖြင့် ပိုပြီးများလာတယ်လို့ ရန်ကုန်မြို့ခံ တွေကပြောပါတယ်။

ညနေ ၄နာရီအချိန် ရန်ကုန်မြို့တော်ရဲ့အချက်အချာကျ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ဘေးမှာရှိတဲ့ သွင်ရုပ်ရှင်ရုံအနီးကနေ ကျနော်လမ်းလျှောက်သွားနေတုန်း “အကိုဘာလိုချင်လဲ ပြောကြည့်လေ။ ဒီမှာ အရွယ်စုံ ဆိုက်မျိုးစုံရှိတယ်။ ကြိုက်တာရွေးလို့ရတယ်။ အပြုအစုကောင်းတယ်”ဆိုတဲ့ စကားသံနဲ့အတူ အသက် ၄၅နှစ်အရွယ် အမျိုးသမီးကြီးတဦး ချဉ်းကပ်လာတယ်။

အမျိုးသမီးကြီးရဲ့နောက်မှာအသက် ၁၅နှစ်အရွယ်ကနေ အသက် ၃၀ကျော်အရွယ်ထိ အမျိုးသမီး၉ဦးလောက် ကပ်လျက်လိုက်လာတယ် သူတို့တွေရဲ့ မျက်လုံးတွေက ၀ါကျင်ကျင်အရောင် ပေါက်နေပြီး နှုတ်ခမ်းတွေမှာ အနီရောင်ရင့်ရင့် နှုတ်ခမ်းနီတွေ ရဲပတောင်းခတ်လို့နေတယ်။

မျက်နှာတွေက ချောင်ကျနေပြီး အသားအရေက မွဲခြောက်ခြောက် ရှိနေပေမယ့် သူတို့ အားလုံးက ကျနော့်ကို လျော့တိလျော့ရဲ ဟန်ဆောင်အပြုံးတွေနဲ့ ကြိုဆိုနေလေရဲ့။ သူတို့ဆီက ဈေးခပ်ပေါပေါ ကုလားရေမွှေးနံ့က နှာခေါင်းထဲအရှိန်ပြင်ပြင်း တိုးဝှေ့ ၀င်လာတယ်။

အသားအရေ အဖြူရောင်သန်းပြီး အရပ် ၅ ပေကျော်နဲ့ ကြည့်ပျော်ရှုပျော်ရုပ်ရည်ရှိတဲ့ အသက် ၂၀ကျော်အရွယ် မိန်းကလေးတဦးကို ရွေးချယ်ခေါ်ဆောင်ပြီး ရန်ကုန်မြို့ထဲ ဆိပ်ကမ်းသာလမ်း အထက်ဘလောက်မှာရှိတဲ့ တည်းခိုခန်းတခုကို ရောက်ရှိချိန်မှာ ည၈နာရီလောက်ဖြစ်နေပါပြီ်။ တည်းခိုခန်းက အထပ်မြင့် တိုက်တခုရဲ့ ဒုတိယထပ်မှာ ဖွင့်ထားပြီး အထဲဝင်လိုက်တာနဲ့ ကိုးပေပတ်လည် အခန်းကျဉ်း အခု ၃၀ လောက်တွေ့ရတယ်။

တချို့အခန်းတွေမှာ မှိန်ပျပျ အနီရောင်မီးလုံးကလေးတွေ ထွန်းထားတာတွေ့ရပြီး တချို့ အခန်းဝမှာတော့ အတွင်းခံပဲပါတဲ့ ကိုယ်လုံးတီးသာသာ ကောင်မလေးတွေ မတ်တပ်ရပ်ရင်း တစုံတဦးကို စောင့်ဆိုင်းနေဟန် မြင်တွေ့ရတယ်။ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတွေမှာပဲ မြင်ခဲ့ဖူးတဲ့ မြင်ကွင်းမျိုးပါ။

တည်းခိုခအနေနဲ့ အခန်းတခန်းကို နာရီနဲ့ ငှားရင် တနာရီ ကျပ် ၂ ထောင် ကျသင့်မှာဖြစ်ပြီး တညလုံးငှားမယ် ဆိုရင်တော့ ကျပ် ၅၀၀၀ ပေးရမယ်လို့ တည်းခိုခန်း မန်နေဂျာက ပြောတယ်။

ငှားလို့ရတဲ့ အခန်းနံပါတ်၂၁ရှိရာသွားဖို့ တခြားအခန်းတွေကို ဖြတ်သန်းသွားတဲ့အချိန်မှာ အခန်းကျဉ်းလေးတွေထဲက ညည်းသံသဲ့သဲ့ကြားရတယ်။ ဆေးလိပ်မီးခိုးငွေ့တွေ၊ အရက်နံ့၊ ဘီယာနံ့တွေနဲ့ အပေါစားရေမွှေးနံ့တွေ ထောင်းထောင်း ထလို့နေတယ်။

အခန်းထဲရောက်ချိန်မှာတော့ “ကျမက မိသားစု ၃ ဦး၊ အမေ၊ မောင်လေးနဲ့ ကျမ စုစုပေါင်း ၃ ယောက်ပေါ့။ အဖေက ဆုံးသွားတာကြာပြီ။ မိသားစုဝမ်းရေးအတွက် ကျမ ဒီအလုပ်ကိုလုပ်နေတာ”လို့ ကောင်မလေးက လိုရင်းတိုရှင်း မိတ်ဆက်တယ်။ သူ့နာမည် မြဝေတဲ့။

အဲဒီကောင်မလေးက ကြည့်မြင်တိုင်ညဈေးနားက ရပ်ကွက်တခု မှာနေပြီး သူ့အမေကတော့ အသက် ၆၀ကျော်အရွယ် နာတာရှည် ရောဂါခံစားနေရတယ်၊ သူ့ မောင်လေးကတော့ ခြေတဘက် ကျုံလှီနေတဲ့ ပိုလီယို ရောဂါဝေဒနာရှင်လေးဖြစ်တယ်လို့ ရှင်းပြတယ်။

“အမေနဲ့မောင်လေးအတွက် ဒီအလုပ်မှမလုပ်ရင် ကျမ ဘယ်လိုမှ လုံလောက်တဲ့ ငွေရှာနိုင်မှာ မဟုတ်ဘူး။ တညကို အိမ်ကိုပြန်တဲ့ တက္ကစီခနုတ်ပြီး အနည်းဆုံး ၁၀၀၀၀လောက်ရမှ တနေ့ စားဖို့နဲ့ အမေ့ဆေးဖိုး ကာမိတယ်” လို့ မြဝေက ပြောတယ်။

မြဝေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အသက် ၁၇နှစ်အရွယ်က စတင်ဝင်ရောက် လုပ်ကိုင်ခဲ့တာဖြစ်ပြီး အဲဒီအလုပ်မလုပ်ခင်က ကာရာအိုကေဆိုင်တွေနဲ့ အနှိပ်ခန်းတွေမှာ ၁နှစ်ကျော် ကြာအောင် အလုပ်လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“ကာရာအိုကေ ဆိုင်မှာ ၃လလုပ်ဖူးတယ်။ အဓိကလုပ်ရတာက ဆိုင်မှာ သီချင်းလာဆိုရင် အရက်သောက်တဲ့ သူတွေဘေးမှာထိုင် အရက်ငှဲ့ပေး၊ သီချင်းကူဆိုပေးရတယ်။ ဧည့်သည်က သဘောကျရင် ဘောက်ဆူးပေးတယ်။ ဧည့်သည်သဘောကျအောင် သူတို့ ဟိုကိုင် သည်ကိုင် လုပ်သမျှခံရတယ်” လို့ပြောပြတယ်။

ကာရာအိုကေဆိုင်မှာ အလုပ်လုပ်စဉ်က သူ တလ ကျပ် ၁၅၀၀၀ လစာရပြီး၊ ဧည့်သည်ကို ဖျော်ဖြေနေတဲ့ အချိန်မှာ တနာရီ ၄၀၀ ရတယ်လို့ သူကပြောပြတယ်။ ရတဲ့ ဘောက်ဆူးကိုတော့ ဆိုင်နဲ့ သူ ငါးဆယ်ရာခိုင်နှုန်းဆီ ခွဲဝေယူရတယ်လို့ ဆိုပါတယ်။

“ဧည့်သည်တဦး ကာရာအိုကေဆိုင်မှာ အပန်းလာဖြေရင် ဆိုင်က တနာရီကို ကျပ် ၅၅၀၀ကစပြီး ၁၅၀၀၀ထိ ဝန်ဆောင်မှုအလိုက် ဈေးအမျိုးမျိုးယူတယ်။ ဧည့်သည်ကို ဖျော်ဖြေပေးရတဲ့ ကျမတို့ကတော့ ငွေနည်းနည်းပဲ ရတယ်။ တလကို ကျပ် ၆၀၀၀၀ လောက်ပဲရတော့ မိသားစုအတွက် ဘယ်လိုမှ မလုံလောက်ဘူး။ အဲဒါနဲ့ ဝါးတန်းလမ်းက အနှိပ်ခန်းတခုမှာ အလုပ် သွားလုပ်တယ်” လို့ မြဝေက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

ရန်ကုန်မြို့တော်ရဲ့ အချက်အချာကျ လမ်းမတော်မြို့နယ်၊ ၀ါးတန်းလမ်းမှာရှိတဲ့ အနှိပ်ခန်းတခုမှာ ဝင်အလုပ်လုပ်လိုက်တာဟာ သူ့ဘ၀ရဲ့အချိုးအကွေ့ကြီးတခု ဖြစ်ပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းကို ဝင်ရောက်မိစေတဲ့ ပထမဆုံး ခြေလှမ်း ဖြစ်တယ်လို့ မြဝေက ဆိုပါတယ်။

“အနှိပ်ခန်းမှာ အလုပ်ဝင်ပြီး ၂ရက်လောက်ကြာတော့ အနှိပ်ခန်း ထောင်ထားတဲ့ မာမီက ညည်းအလုပ်တခု လုပ်ရမယ်၊ ငွေ၃သောင်းလောက်ရမယ်လို့ပြောပြီး ဟိုတယ်တခု ပို့ပေးတယ်”လို့ သူ့ဘ၀ရဲ့ပထမဆုံး လိင်ဖျော်ဖြေမှုပေးခဲ့ရတဲ့ အဖြစ်အပျက်ကို ရှင်းပြတယ်။

မြဝေဟာ ဟိုတယ်မှာ အသက်၄၀ကျော်အရွယ် တရုတ်နိုင်ငံသားတဦးနဲ့ တညတာ လိင်ဆက်ဆံခဲ့ရပြီး အဲဒီညဟာ သူမအတွက် ငရဲခန်းတခုကို ရောက်သွားသလို ခံစားရတယ်လို့ သူရဲ့ပထမဆုံး အတွေ့အကြုံကို မဲ့ပြုံးပြုံးရင်း ရှုင်းပြတယ်။

“ဟိုတယ်ရောက်တော့ တရုတ်တယောက်နဲ့ တွေ့ရတယ်။ သူပြောတာ ကျမနားမလည်၊ ကျမပြောတာ သူနားမလည်နဲ့ပေါ့။ ဆက်ဆံတဲ့ အချိန်ကျတော့ ပထမဆုံးဆိုတော့ အရမ်းနာတယ်။ ငိုပြီး တောင်းပန်တာ။ မရဘူး”လို့ မြဝေက ပြောတယ်။

သူမရဲ့ ပထမဆုံးလိင်ဆက်ဆံဖက် တရုတ်အမျိုးသားဟာ သူ့ရဲ့လိင်အင်္ဂါကို ပုံမှန် မဟုတ်အောင် ပြုပြင်ထားတာကြောင့် အပျိုစင်တဦးဖြစ်တဲ့ မြဝေအဖို့ အသည်းခိုက်အောင် နာကျင်ခဲ့ရတယ် လို့ ဆိုပါတယ်။

“တိရစ္ဆာန်တကောင်လို ပုံစံမျိုးစုံနဲ့ ဆက်ဆံခံခဲ့ရတာ။ အဲဒီတရုတ်နဲ့ ဆက်ဆံပြီး ကျမ တပတ်လောက် ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး။ ဒါပေမယ့် အခုတော့လည်း ရိုးသွားပြီ”လို့ မြဝေက ရယ်ရယ်မောမောနဲ့ ကျနော့်ကိုပြောတယ်။

မြဝေနဲ့ကျနော် အခန်းကပြန်ထွက်လာချိန်မှာ ည ၁၁နာရီတိတိရှိနေပြီ။ တည်းခိုခန်း ဧည့်ကြိုကောင်တာမှာ ငွေရှင်းနေတုန်း ရုတ်တရက် ၀တ်စုံပြည့် ၀တ်ဆင်ထားတဲ့ ရဲနှစ်ဦး တည်းခိုခန်းထဲ ၀င်လာတဲ့အတွက် ကျနော်ရော၊ မြဝေပါ ခေါင်းနပန်းကြီး စိုးရိမ်ထိတ်လန့်သွားတယ်။ ဒါပေမယ့် တည်းခိုခန်း မန်နေဂျာကတော့ ကြောက်ရွံ့ဟန် မပြတဲ့အပြင် ရဲတွေကို ဖော်ရွေတဲ့ အပြုံးနဲ့ ဆီးကြိုတာ တွေ့ရတယ်။

“ဆရာတို့ လာပါ။ ထိုင်ပါ”လို့မန်နေဂျာကပြောပြီး တည်းခိုခန်းဧည့်ကြိုကောင်တာဘေးက ပလတ်စတစ် ထိုင်ခုံတွေမှာ နေရာချထားပေးလိုက်တယ်။ ခဏအကြာမှာ မန်နေဂျာက ငွေစက္ကူတွေ ထည့်ထားဟန်ရှိတဲ့ ခပ်ထူထူစာအိတ်ကြီးတလုံး ရဲတွေဆီကို လှမ်းပေးလိုက်တယ်။ အဲဒီနောက် ရဲနှစ်ဦးဟာ မန်နေဂျာကို နှုတ်ဆက်လို့ တည်းခိုခန်းထဲကနေ ထွက်ခွာသွားပါတယ်။

“မစိုးရိမ်ပါနဲ့။ ကျနော့်အသိ ရဲတွေပါ”လို့ တည်းခိုခန်းမန်နေဂျာက ကျနော်နဲ့ မြဝေကို ပြောဆိုနှစ်သိမ့်တယ်။ တည်းခိုခန်းက အပြင်ကို ရောက်ရှိချိန်မှာတော့ ည ၁၁ နာရီ ၂၅ မိနစ်ရှိနေပါပြီ။

ရန်ကုန်မြို့တော်မှာ လိင်ဖျော်ဖြေရေးလုပ်ငန်း ဦးစားပေးလုပ်ကိုင်ကြတဲ့ တည်းခိုခန်း၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းနဲ့အလှပြင်ဆိုင်တွေ တနေ့တခြား တိုးပွားများပြားလာတာကို တွေ့နေရပါတယ်။ အထူးသဖြင့် တည်းခိုခန်း ဖွင့်လှစ် လုပ်ကိုင်သူတွေ အလွန်များပြားလာပါတယ်။

မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ လမ်းမတော်အပါအဝင် မြို့တွင်း လူဦးရေထူထပ်တဲ့ မြို့နယ်ကစလို့ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လို မြို့ဆင်ခြေဖုံး နေရာတွေမှာ တည်းခိုခန်းတွေကို အရေအတွက် များများ တွေ့ရတယ်။

“အအေးခန်းတည်းခိုရိပ်သာ”ဆိုတဲ့ သဘောတရားက ရပ်ဝေးကလာတဲ့ ဧည့်သည်တွေ ခေတ္တ အဆင်ပြေ တည်းခိုစေဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်လုပ်ကိုင်စေတာဆိုပေမယ့် ရန်ကုန်မြို့ရဲ့ တည်းခိုခန်းတွေက အဲဒီသဘောတရားကို ဖီလာဆန့်ကျင်လို့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ အဓိကလုပ်ကိုင်ရာ ဌာနကြီးတွေ ဖြစ်လာပါတယ်။

“တည်းခိုခန်း လိုင်စင်ရဖို့ စည်ပင်၊ ရဲနဲ့ နယ်မြေမယကတွေရဲ့ ထောက်ခံချက်တွေ အများကြီးယူရတယ်။ လွယ်လွယ်နဲ့မရဘူး”လို့ အင်းစိန်မြို့နယ်က တည်းခိုခန်းပိုင်ရှင်တဦးက ပြောတယ်။

တည်းခိုခန်းလိုင်စင် လွယ်လွယ်မရနိုင်ဘူး ဆိုပေမယ့် ရန်ကုန်မြို့မှာ “အအေးခန်း တည်းခိုရိပ်သာ”၊ “တည်းခိုရိပ်မွန်”၊ “ဧည့်ရိပ်သာစခန်း”စတဲ့ နာမည်ဆိုင်းဘုတ်တွေတပ်ပြီး ဖွင့်လှစ်ထားတဲ့ တည်းခိုခန်း ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒီတည်းခိုတွေမှာ နေ့ရော ညပါ လိင်ဖျော်ဖြေရေး လုပ်ကိုင်တဲ့ ဆယ်ကျော်သက်နဲ့ အရွယ်စုံပြည့်တန်ဆာတွေ အများအပြား ရနိုင်တယ်လို့ ရန်ကုန်မြို့ခံ လူငယ်တွေက ပြောပါတယ်။

“လိုင်းကြေးဆိုတာရှိတယ်။ တည်းခိုခန်းဖွင့်ထားတဲ့ မြို့နယ်ကိုလိုက်ပြီး လိုင်းကြေးက အနည်းဆုံး တလ ၃သိန်းကနေ ၁၀သိန်းထိရှိတယ်” လို့ တည်းခိုခန်းမှာ ၀င်ရောက်အလုပ်လုပ်ဖူးတဲ့ ရန်ကုန်မြို့သား လူငယ်တဦးက ပြောပြတယ်။

တည်းခိုခန်းတွေဟာ ဖွင့်လှစ်ထားတဲ့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိပြီး တကယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ရှောင်တခင်စစ်ဆေးမှုတွေ ရှိမယ်ဆိုရင် မြို့နယ်ရဲစခန်းတွေက အကြောင်းကြားပေးတာကြောင့် ပြည့်တန်ဆာတွေ ကြိုတင်ဖယ်ရှားကြတဲ့အတွက် ဖမ်းဆီးအရေးယူဖို့ ဆိုတာမဖြစ်နိုင်ဘူးလို့ အဲဒီလူငယ်ကဆိုတယ်။

“အောက်ခြေ မြို့နယ်ရဲနဲ့ အပိုင်ပေါင်းထားတော့ အထက်ကဘယ်လောက်ပဲ စစ်ဆေးရေးတွေ လုပ်လုပ် လွတ်ကြတာများတယ်”လို့ လှိုင်သာယာ ဒဂုံဧရာအဝေးပြေးဝန်းအနီးက ရွှေကောင်းကင် တည်းခိုခန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်တဦးက ပြောပြတယ်။

တည်းခိုခန်းတွေဟာ အရွယ်စုံ ပြည့်တန်ဆာအမျိုးသမီးတွေနဲ့ အဆက်အသွယ်ရှိပြီး တချို့တည်းခိုခန်းတွေကတော့ ကိုယ်ပိုင်ပြည့်တန်ဆာတွေ ထားကြတယ်လို့ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်နေတဲ့ စီးပွားရေးသမားတွေနဲ့ နီးစပ်သူတွေက ပြောပြတယ်။

“အများစုကတော့ ပစ္စည်းတွေ(ပြည့်တန်ဆာ)နဲ့ ချိတ်ဆက်ပြီး လုပ်ကြတာ။ အကောင်ကြီးကြီး (ရာထူးကြီးမားသည့် စစ်အရာရှိ၊ ရဲအရာရှိ)တွေနဲ့ ပိုင်တဲ့ တည်းခိုခန်းတွေကတော့ ကိုယ်ပိုင် ပစ္စည်းတွေ မွေးထားတယ်”လို့ လမ်းမတော်မြို့နယ်အတွင်းမှာ တည်းခိုခန်းဖွင့်လှစ်ထားတဲ့ စီးပွားရေးသမားတဦးနဲ့ နီးစပ်သူ တဦးက ရှင်းပြတယ်။

လိင်ဖျော်ဖြေရေး အဓိကထားလုပ်ကိုင်နေကြတဲ့ တည်းခိုခန်းတွေဟာ တနေ့ကို ငွေကျပ် ၇သိန်းကျော် အမြတ်ရှိတယ်လို့ သိရပါတယ်။

“တည်းခိုခန်းရဲ့ဝန်ဆောင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မှာ မူတည်ပြီး အမြတ်က မတူဘူး။ သာမန် ပစ္စည်းတွေခေါ်ပေးပြီး အခန်းငှားတဲ့ တည်းခိုခန်းတခု ဆိုရင်တောင် အမြတ်ငွေ ၅သိန်းနဲ့ ၇သိန်းလောက် ၀င်ငွေရှိတယ်။ လုပ်ငန်းအကြီး(ကိုယ်ပိုင် ပြည့်တန်ဆာရှိပြီး အခန်း ၅၀ အထက်ရှိတဲ့ တည်းခိုခန်း)လုပ်နိုင်တဲ့ သူတွေရဲ့ အမြတ်ကတော့ ကျပ်သိန်း ဆယ်ဂဏန်း အထက်မှာရှိတယ်” လို့ ရန်ကုန်မြို့ခံ ကားပွဲစားတဦးက ဆိုပါတယ်။

တည်းခိုခန်းတွေလိုပဲ လိင်ဖျော်ဖြေရေး အဓိကထားလုပ်ကိုင်နေကြတဲ့ ကာရာအိုကေ ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင်တွေလည်း အမြတ်ငွေ တနေ့ သိန်းဆယ်ဂဏန်း အထက်မှာရှိတယ်လို့ အဲဒီကားပွဲစားက ရှင်းပြတယ်။

“နိုက်ကလပ်တွေ၊ ဘားတွေလည်း ပစ္စည်းတွေနဲ့ စီးပွားရှာရတာပဲ။ ဒါပေမယ့် ကလပ်နဲ့ ဘားကျတော့ လူကြီးသားသမီးတွေနဲ့ ချမ်းသာတဲ့သူတွေပဲ အဓိကလာကြတယ်။ ရန်ကုန်မြို့မှာနိုက်ကလပ်နဲ့ ဘားတွေက လက်ချိုးရေလို့ရအောင် နည်းတယ်” လို့ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ပိုင်အိုးနီးယားကလပ်က စားပွဲထိုး လူငယ်တဦးက ပြောပြတယ်။

ဆယ်ကျော်သက်အရွယ်အပါအဝင် အသက်အရွယ်မျိုးစုံ ပြည့်တန်ဆာတွေကို တည်းခိုခန်း၊ ကာရာအိုကေ၊ အလှပြင်ဆိုင်၊ နိုက်ကလပ်နဲ့ ဘားတွေမှာသာမက ရန်ကုန်မြို့တော်ရဲ့ လမ်းမကြီးတွေ၊ ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေ ကားဂိတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ လူစည်ကားရာ ဈေးတွေမှာလည်း အလွယ်တကူ ရှာဖွေတွေ့နိုင်တယ်လို့ ရန်ကုန်မြို့ခံ ကားပွဲစားတွေနဲ့ တက္ကစီအငှားယာဉ် ဒရိုင်ဘာတွေက ပြောပါတယ်။

“မြို့ထဲမှာဆိုရင် လမ်း၄၀၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးတ၀ိုက်။ ပြီးတော့ ဗိုလ်ချုပ်ဈေးနဲ့ သွင်၊ ၀ဇီရာ၊ ဆုထူးပန်၊ မြို့မနဲ့ တခြားရုပ်ရှင်ရုံအောက်တွေမှာ နေ့ရောညပါ ဇယားတွေ(ပြည့်တန်ဆာတွေ)ရှိတယ်”လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ တက္ကစီ ဒရိုင်ဘာတဦးက ပြောပါတယ်။

ရန်ကုန်မြို့လမ်းမတွေနဲ့ လူစည်ကားရာ နေရာတွေမှာ တွေ့ရတဲ့ ပြည့်တန်ဆာတွေကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ အများဆုံးဖြစ်ပြီး သူတို့တွေရဲ့ အသွင်အပြင်က ပြည့်တန်ဆာမှန်း မြင်ရုံနဲ့ သိနိုင်တယ်လို့ ဟံသာဝတီ ကားပွဲစား တန်းက ပွဲစားတဦးက ရှင်းပြတယ်။

သောင်းဂဏန်းချီရှိနေတဲ့ ရန်ကုန်မြို့လမ်းမတွေပေါ်က ပြည့်တန်ဆာတွေရဲ့ ဘ၀ကလည်း လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဧည့်သည်ရဖို့ ကြိုးစားရင်း ရဲတွေရဲ့ အဖမ်းအဆီးကို လွတ်အောင် ရှောင်ရတယ်လို့ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံနားမှာ ပုံမှန် အလုပ်လုပ်လေ့ရှိတဲ့ အသက် ၂၀ ကျော်အမျိုးသမီးငယ်လေးတဦးက ပြောပြတယ်။

“ရဲကိုလည်းရှောင်ရ၊ မူးရူးပြီးအုပ်စုလိုက် ငွေမပေးဘဲ ဆက်ဆံတဲ့သူတွေလည်း ရှောင်ရတယ်။ အရှောင်မတတ်လို့ လွန်ခဲတဲ့လက ကျမ ရဲဖမ်းခံရတယ်။ ငွေ၇သောင်းပေးပြီး ပြန်လွတ်လာတာ။ ငွေမပေးနိုင်တဲ့ ကျမ သူငယ်ချင်းတွေကတော့ ပုဒ်မ ၃(ခ) ပြည့်တန်ဆာပုဒ်မနဲ့ ထောင်ဒဏ် တနှစ်ထိ ကျကုန်တယ်” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ပြည့်တန်ဆာတွေဟာ ခုခံအားကျဆင်းမှုရောဂါအကြောင်း သိရှိနားလည်ကြပြီး ဧည့်သည်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးအသုံးပြုခိုင်းတယ်လို့ ကျနော်မေးမြန်းခဲ့တဲ့ ပြည့်တန်ဆာ၂၀ကျော်က ပြောတယ်။

“ကွိုင်(ကွန်ဒုံး) သုံးခိုင်းတယ်။ ကွိုင်မသုံးရင် ကျမကတော့ မဆက်ဆံဘူး။ ဒါပေမယ့် တခါတလေ အရမ်းမူးနေတဲ့သူတွေ ဆိုရင် ပြောမရဆိုမရနဲ့ ဆက်ဆံခံရတာမျိုးကတော့ ခြွင်းချက်ပေါ့”လို့ အသက် ၂၇ နှစ်အရွယ် လှိုင်သာယာမြို့နယ်က အမျိုးသမီးတဦးက ဆိုပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ဆယ်ကျော်သက် ပြည့်တန်ဆာ အမျိုးသမီးတွေ ပိုမို များပြားလာတာကို တွေ့ရပြီး ဈေးလည်း ကျလာတယ်လို့ သူက ဆက်ပြောပါတယ်။

“အပြိုင်အဆိုင် ဧည့်သည်ရှာရတယ်။ အရင်တုန်းက တခါဆက်ဆံရင် ကျပ် ၄၅၀၀၊ ၅၀၀၀ အခုတော့ ၃၀၀၀ဆိုရင်လည်း လိုက်ရတာပဲ။ အဲလိုမှမလိုက်ရင်အလုပ်မဖြစ်ဘူး။ တချို့ဆိုရင် ထမင်းကျွေးရင် တော်ပြီဆိုပြီး လိုက်တဲ့သူတွေတောင်ရှိနေတော့ ဈေုးအရမ်းကိုင်လို့မရဘူး”လို့ အဲဒီအမျိုးသမီးက ပြောပြပါတယ်။

Sex And The (Burmese) City by Aung Thet Wine


Young women dance in a Rangoon nightclub. (Photo: Pat Brown / The Irrawaddy)


"One area of the economy where Cyclone Nargis caused prices to drop"

Rangoon- THEY’re known fancifully as nya-hmwe-pan, or “fragrant flowers of the night,” although the reality of after-dark life for Rangoon’s increasing number of prostitutes isn’t so romantic.

The number of “fragrant flowers” walking the streets and working the bars of Burma’s major city has reportedly soared since Cyclone Nargis ripped into the Irrawaddy delta and tore families apart. The arrival of desperate young women ready to trade their bodies for the equivalent of two or three dollars has depressed Rangoon prices still further, and the new girls on the block face not only police harassment but the hostility of the “old timers.”

One afternoon in central Rangoon, I went hunting for an interview subject in one of the city’s main thoroughfares, Bogyoke Aung San Street. I didn’t have far to look.

Outside the Thwin cinema, a woman in her forties approached me with the offer of a girl of my choice. She was accompanied by about nine heavily made-up young women, ranging in age from the mid-teens to their thirties.

I chose a girl in her twenties and took her to a brothel posing as a guesthouse, making it clear to her that I only wanted to obtain an interview. She agreed.

The “guesthouse” rented its 30 or so rooms to “short stay” guests, charging 2,000 kyat (US $1.6) for an hour and 5,000 kyat ($4) for the night.

Its corridors reeked of cigarette smoke, alcohol and cheap perfume. Scantily dressed women lounged beyond open doorways, waiting for customers. I was reminded of similar scenes from foreign movies.

I rented Room 21, and once inside the young woman introduced herself as Mya Wai. For the next hour or so we talked about her life and her job.

“There are three of us in my family. The other two are my mother and younger brother. My father passed away a long time ago. My mother is bedridden and my brother is also sick. I have to work in this business to support my family,” she told me.

She had not come to Rangoon to escape the aftermath of the cyclone, she said, but lived near the night market of Rangoon’s Kyeemyindaing Township.

Mya Wai described vividly the daily struggle to survive—“I need to make at least 10,000 kyat ($8.50) a day to cover the family food bill, medicines and travel costs.”

She started out at the age of 16 working in a karaoke bar and took up full-time prostitution about one year later.

“My job in the karaoke bar was to sit with the customers, pour their drinks and sing along with them. Sure, they would touch me, but I had to tolerate that.”

She earned a basic monthly salary of 15,000 kyat ($12.50), plus a share of the tips and an additional 400 kyat (33 cents) an hour when entertaining a customer. It wasn’t enough to support herself and her family, so she moved to a massage parlor on War Dan Street in Rangoon’s Lanmadaw Township.

“A couple of days after I started work there, the owner sent me to a hotel, saying I could earn 30,000 kyat ($22.50) from a customer there.”

She was still a virgin and described that experience as “my first night in hell.” Her client was Chinese, a man in his 40s with sexual demands that were strange and painful for young Mya Wai.

“He treated me like an animal,” she said. “I couldn’t walk properly for one week. But I’m used to all that now.”

The interview over, it was dark when we left the guesthouse, and I was alarmed to see two uniformed police officers in the entrance. Soliciting for prostitution is illegal in Burma and the sex trade can also get customers into trouble.

But the guesthouse owner didn’t turn a hair—and it soon became apparent why. To my alarm, he invited them in, sat them down and, after some pleasantries, he handed them a large envelope, clearly containing money. The policemen smiled and left.

“Don’t worry, they’re my friends,” the guesthouse owner assured me.

Brothels masquerading as guesthouses are mushrooming all over Rangoon, despite the difficulty of obtaining licenses. “It’s not that easy,” a guesthouse owner in Insein Township told me. “You have to obtain all kinds of documents from the police and local authorities.”

Once licensed, a guesthouse owner still has to nurture good relations with the neighborhood police, paying annual “levies” ranging from 300,000 kyat ($250) to 1 million kyat ($800). The money buys advanced warnings from the local police if a raid is planned by superior officers.

It’s a profitable arrangement for both sides. Guesthouses used by outside sex workers can earn up to 700,000 kyat ($590) a day by renting out its rooms, while an establishment employing its own women can make more than 1 million kyat ($800), sources told me.

Tuesday, July 8, 2008

ပြည်တွင်းပြည်ပ ခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ (၈-၇-၀၈)

ပြည်တွင်းပြည်ပ ခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ (၈-၇-၀၈)

လက်ရှိဦးဆောင်မှုပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပ အတိုက်အခံခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)
ဒေါက်တာလွဏ်းဆွေ

မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သား တစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက် ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။

နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။

ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမ ဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန် အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အ ရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာ ၀န်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။

တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။
(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု
(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟို ကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်းအားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက် လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိ သည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။

အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင် တောင်းပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။

ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။

အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက် နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။

ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာ ရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါ ရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အ ထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်း ပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။

ကြည့်လုပ်ကြပါဦး ခေါင်းဆောင်တို့ …။

တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)

Monday, July 7, 2008

ဝှီး ဖတ် ဖတ် ဖြစ်သွားတဲ့ ကွန်ဖရင့် (သရော်စာ)

ဝှီး ဖတ် ဖတ် ဖြစ်သွားတဲ့ ကွန်ဖရင့် (သရော်စာ)

သိကြားမင်း

(ပေးပို့သူ ။ ။ အခြေအနေ ကိုက်ညီနေဆဲဖြစ်၍ ပြန်လည်ဆန်းသစ်ရန် ပေးပို့လိုက်ပါသည်။ ဇူလိုင်လ၊ ၂၀၀၈)

ဒေါက်တာစိန်ဝင်းတို့အဖွဲ့ အီတလီနိုင်ငံ တူရင်မြို့မှာ ကွန်ဖရင့်လုပ်တယ် ကြားတော့ သကြားမင်းလည်း မြန် မာအရေးကို အနီးကပ် စောင့်ကြည့်နေတဲ့အတွက် ကွန်ဖရင့်ကို သွားရောက် သတင်းယူဖို့ သူရွေးချယ်ထား တဲ့ မြန်မာ့ရေးရာ အထူးကျွမ်းကျင်သူ နတ်သားကို သတင်းထောက်ယောင်ဆောင်ပြီး သတင်းယူခိုင်းလိုက်သတဲ့။ သတင်းထောက်လည်း ဒေါက်တာစိန်ဝင်းကို အင်တာဗျူးလုပ်တော့တယ်။

နတ်သား ။ ။ ကျနော် ရေဒီယို ဖရီးရိုက်စားက သတင်းထောက်ပါ။ ဒေါက်တာစိန်ဝင်းခင်ဗျား အန်စီဂျီ-ရူး ဘီအဖွဲ့ရဲ့ ဖွဲ့စည်းခဲ့ရတဲ့ ရည်ရွယ်ချက်

စိန် ။ ။ လှော်တက်ကြီး တစ်ခုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ အန်စီဂျီ-ရူးဘီကို မုနပုလောမှာ ၁၉၉၀ ခုနစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။

နတ်သား ။ ။ အသေးစိတ်လေး နည်းနည်းလောက် ရှင်းပြပါလား။

စိန် ။ ။ အော် … ဒီလိုပါ။ ကျောင်းသားလေးတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးက လှေကြီးတစီးနဲ့ တူပါတယ်။ သူတို့ လှေကို လုပ်တတ်ပေမယ့် လှော်တက် မလုပ်တတ်ဘူးလို့ ကျနော်တို့ အမတ်မင်းတွေက ယူဆတယ်။ ဒါကြောင့် ကျနော်တို့က လှေကြီးကို ခရီးပေါက်အောင် လှော်နိုင်ဖို့အတွက် လှော်တက်ကြီးတခု လုပ်မယ်။ လှော်မယ်။

နတ်သား ။ ။ လှေကလေးကို လှော်မည်ပေါ့။

စိန် ။ ။ ဟုတ်တယ်။

နတ်သား ။ ။ ၁၇ နှစ်တောင် ကြာခဲ့ပြီ။ ဒီတော့ လှော်တက်ကြီး လုပ်ကိုင်ပြီးစီးမှု အခြေအနေ။

စိန် ။ ။ ဒါကတော့ ဒီလိုရှိတယ်။ ကျနော်တို့မှာ အခက်အခဲတွေ ရှိတယ်။ ပထမတစ်ခုက ကျနော်တို့ အမတ်တွေ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်လောက်အောင် ဖြစ်နေကြတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ထမထိုးမိကြဖို့အတွက် မျက်စိပိတ်ထားကြဖို့ ကျနော်ညွှန်ကြားထားပါတယ်။

ဒုတိယက ကျနော်တို့ တယောက်နာမည်ကို တယောက်ကြားရင် အော်ဂလီဆန်သလို ဖြစ်လာတယ်။ ကျနော်ဆိုရင် နားကို အမြဲပိတ်ထားရပါတယ်။ အမတ်တွေ လုပ်ပုံကိုင်ပုံတွေက သောက်တလွဲတွေ ဖြစ်နေတော့ ကျနော်တို့ ပြောမိရင် ထပြီး နားရင်းအုပ်မိနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အမတ်တွေဟာ ပါးစပ်ကို ကြိုးစားပမ်းစား ပိတ်ထားရပါတယ်။

နတ်သား ။ ။ မမြင်ရ၊ မကြားရ၊ မပြောရဆိုတဲ့ မျောက်သုံးကောင်လို ဖြစ်နေတာပေါ့။

စိန် ။ ။ ဟုတ်ပါတယ်။

နတ်သား ။ ။ သနားစရာ မျောက်တွေပါလား။ ဒီတော့ လှော်တက်ကြီး စီမံကိန်း ဘယ်လိုဖြစ်လာသလဲ။

စိန် ။ ။ အင် … ဒါကတော့ ဒီလိုရှိတယ်။ ဒီလိုအခြေအနေမှာတော့ လှော်တက်တော့ လုပ်လို့မရတော့ဘူး ဆိုတာကိုသိတော့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် ကွန်ဖရင့်မှာ ကျနော်တို့ ဗျူဟာပြောင်းလိုက်တယ်။ ဒါကတော့ လှော်တက်တော့ မလုပ်နိင်ရင် လှော်တက်နဲ့တူတဲ့ ယောင်းမလုပ်ဖို့ ကျနော်ရဲ့ အဆိုပြုချက်ကို အမတ်တွေ အားလုံးက ထောက်ခံမှုနဲ့ ယောက်မလုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

နတ်သား ။ ။ အိုး မိုင်ဂေါ့၊ ဒေါက်တာစိန်ဝင်း၊ ယောင်းမလေးနဲ့ ရှစ်လေးလုံး ဒီမိုကရေစီလှေကြီးကို လှော်နေရင် ခရီးဘယ်တော့ ပေါက်တော့မလဲ။

စိန် ။ ။ ခရီးပေါက်တာ မပေါက်တာ သွားတာ မသွားတာ အရေးမကြီးဘူး။ ကျနော်တို့ဟာ လှေကို လှော်နေပါတယ် ဆိုတာကို ဟန်ဆောင်နိုင်ဖို့ပဲ။

နတ်သား ။ ။ အိုး အိုင်ဆီး။ ယူက အရှေ့က လှော်နေတဲ့ပုံ ဟန်ဆောင်တယ်။ ယူ့လူတွေကလည်း လှော်နေတဲ့ပုံ ဟန်ဆောင်မယ်။လူတွေက ယူတို့အဖွဲ့ သောက်ရမ်း အလုပ်လုပ်နေတယ်လို့ ထင်မယ်။ (ဝေါင်း) ဂွတ် အိုင်ဒီယာ။

စိန် ။ ။ ဟုတ်ပါတယ်။

စိန် ။ ။ ကျနော်တို့ ညီလာခံပြီးသွားရင် ချောင်းထဲသွားမယ်။ အမတ်တွေကို လှေကြီးကို လှော်နေတဲ့ပုံ ခင်ဗျား ဓာတ်ပုံရိုက်ပြီး သတင်းစာထဲ ထည့်ပေးပါ။ ရေဒီယိုကလည်း လွှင့်ပေးပါ။

နတ်သား ။ ။ စိတ်သာချပါ။ ခင်ဗျားတို့ ယောင်းမလုပ်ပြီးရင် ကျနော့်ကို ပြောပါ။ ကျနော် ဓာတ်ပုံရိုက်ပါမယ်။ ခင်ဗျားတို့ ယောင်းမလုပ်တာ ဘယ်တော့ပြီးမလဲ သိပါရစေ။

စိန် ။ ။ မနက်ဖန်ကာဆိုရင် ပြီးမှာပါ။ မနက်ဖန်မှာ ကွန်ဖရင့် ပိတ်ပွဲလုပ်မယ်။ ကျနော်တို့ လုပ်ထားတဲ့
ယောင်းမအသစ်ကိုလည်း တွေ့ရမယ်။

( နောက်တနေ့မနက်)

နတ်သား ။ ။ ဒေါက်တာစိန်ဝင်း။ ယောင်းမ ပြီးသွားပြီလား။ ယောင်းမလည်း မတွေ့ပါလား။

စိန် ။ ။ ယောင်းမ လုပ်တာပဲဗျ။ ယောင်းမလုပ်ရင်း လုပ်ရင်းနဲ့ ပျက်သွားတယ်။

နတ်သား ။ ။ အိုး မိုင်ဂေါ့။ ခင်ဗျားပြောတော့ ယောင်းမလုပ်မယ်ဆို။

စိန် ။ ။ ဟုတ်တယ်။ ယောင်းမ လုပ်တာပဲ။ ယောင်းမ မဖြစ်ပေမယ့် ပစ်လိုက်ရင်တော့ ၀ှီးဖတ်ဖတ်လို့တော့ မြည်သေးတယ်ကွ။

နတ်သား ။ ။ အဓိပ္ပါယ်က …

စိန် ။ ။ ငါတို့ လုပ်တယ်လေ။ ယောင်းမ မဖြစ်ပေမယ့် ၀ှီးဖတ်ဖတ်လို့ မြည်သားပဲ။ ငါတို့လုပ်လို့ မြည်တာပေါ့။

နတ်သား ။ ။ အိုင်ဆီး

ဒါနဲ့ ကွန်ဖရင့်ပိတ်ပွဲ အခမ်းအနားကို ကြွေးကြော်သံနဲ့ ရုတ်သိမ်းလိုက်ကြတယ်။ ကြွေးကြော်သံကို ဒေါက်တာစိန်ဝင်းက ညောင်နာနာအသံနဲ့ တိုင်လိုက်တယ်။

စိန် ။ ။ ဒီမိုကရေစီရရှိရေး
အမတ်များ (သံပြိုင်) ။ ။ ၀ှီးဖတ်ဖတ် … ၀ှီးဖတ်ဖတ်

စိန် ။ ။ စစ်အာဏာရှင် တိုက်ဖျက်ရေး
အမတ်များ (သံပြိုင်) ။ ။ ၀ှီး … ဖတ်ဖတ်၊ ၀ှီးဖတ်ဖတ်။

စိန် ။ ။ အရေးတော်ပုံ
အမတ်များ (သံပြိုင်) ။ ။ ၀ှီး ဖတ် ဖတ် … ၀ှီးဖတ်ဖတ်။

နောက်တနေ့ တာဝတိံသာတိုင်း သတင်းစာမှာတော့ အန်စီဂျီ- ရူးဘီအဖွဲ့ရဲ့ တူရင်ကွန်ဖရင့်ကို ခြောက်လိုင်း စာလုံးမဲကြီးနဲ့ ၀ှီးဖတ်ဖတ် ဖြစ်သွားတဲ့ ကွန်ဖရင့်လို့ ပါလာလေတော့သတည်း။

သိကြားမင်း

http://drlunswe.blogspot.com

Tuesday, July 1, 2008

ဂျီနိုဆိုက်ဒ် (လူမျိုးတုံး သုတ်သင်မှု)


မေ(၂)ရက်နှင့် (၃)ရက်က အင်အားပြင်းထန်မှုအဆင့် ကြယ် ၄ ပွင့်ရှိ၍ တနာရီ မိုင် ၁၂ဝ နှုန်းဖြင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ မြန်မာနိုင်ငံတွင် လူ (၂)သိန်းခန့် သေသည်ဟု ကုလသမဂ္ဂနှင့် အန်ဂျီအိုများက ခန့်မှန်းကြသည်။ နအဖက ၁၃၃၆၅၅ ယောက်သေဆုံး ပျောက်ဆုံးနေသည်ဟု ဆိုသည်။ အမည်မဖော်လိုသည့် နအဖအစိုးရ အရာရှိကြီးတဦးကမူ သေဆုံးသူ အရေအတွက် ၆ သိန်းကျော်သည်ဟု တရားမဝင် ပြောပြသည်။ ဤသို့ မုန်တိုင်းကြီးများ တိုက်ခတ်မှုဒဏ်ချက်ကို အခြားဘဝတူ တတိယကမ္ဘာ နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ယခုလို တွေ့ရသည်။

လွန်ခဲ့သည့် ၁၇ နှစ်ဖြစ်သော ၁၉၉၁ ခုက ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တွင် လူ ၁၃၅ဝဝဝ (တသိန်းသုံးသောင်းခွဲ) သေခဲ့သည်။ သို့သော် ၂ဝဝ၇ နိုဝင်ဘာလက ဆီဒါဆိုင်ကလုန်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ)ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၁ဝဝဝဝ (တသောင်း) ခန့်သာသေခဲ့သည်။ အိန္ဒိယနိုင်ငံတွင်လည်း ၁၉၉၉ နိုဝင်ဘာလက သြရစ်သ ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တိုက်ရာ လူ ၁ဝဝဝဝ (တသောင်း) သေခဲ့သည်။ ၂ဝဝ၆ နိုဝင်ဘာလက ဒူးရင်းတိုင်ဖွန်းမုန်တိုင်း (ကြယ် ၄ ပွင့်၊ တနာရီ မိုင် ၁၄ဝ) တိုက်၍ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် လူ ၁၅ဝဝ သေခဲ့သည်။ ၂ဝဝ၄ မတ်လမှာ ဂါဖီလို ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တိုက်၍ အာဖရိကတိုက် မာဒါဂါစကာနိုင်ငံတွင် လူ ၄ဝဝ နီးပါး သေခဲ့သည်။

လွန်ခဲ့သည့် ၃၈ နှစ်ဖြစ်သော ၁၉၇ဝ က အရှေ့ပါကစ္စတန် ဆိုင်ကလုန်း (ကြယ် ၃ ပွင့်၊ တနာရီ ၁၁၅ မိုင်) တွင် လူ ၅ သိန်း သေခဲ့သည်။ လွန်ခဲ့သည့် နှစ် ၄ဝ ဖြစ်သော ၁၉၆၈ ခု မေလက ရခိုင်ပြည် တပြည်လုံးကို စိစိညက်ညက် ကြေသွားစေခဲ့သည့် ထိုခေတ်က နာမည်ကျော် ရခိုင်လေမုန်တိုင်းကြီး (ကြယ် ၄ ပွင့်၊ တနာရီ မိုင် ၁၅ဝ) တွင် လူ ၁ဝဝဝ ကျော်သာ သေခဲ့သည်။ လူ ၁၈ဝဝ ကျော် သေသဖြင့် အကြီးအကျယ် နာမည်ပျက် သိက္ခာကျသွားသော အမေရိကန်နိုင်ငံ၏ ၂ဝဝ၅ ခုနှစ် သြဂုတ်လ ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းမှာ ကြယ် ၅ ပွင့် အဆင့်ရှိပြီး တနာရီ ၁၇၅ မိုင်နှုန်း တိုက်ခတ်ခဲ့သည်။

ဤအချက်များကိုကြည့်လျှင် ၂ဝ ရာစု အကုန်နှင့် ၂၁ ရာစု အစပိုင်း၌ ဆင်းရဲခေတ်နောက်ကျသည့် တတိယကမ္ဘာ နိုင်ငံများတွင် ၂ဝ ရာစု အလယ်ပိုင်းနှင့် ယှဉ်ပါက ယေဘုယျအားဖြင့် လေမုန်တိုင်းဒဏ် ခံနိုင်ရည်ပြင်ဆင်မှု တိုးတက်လာသည်ကို တွေ့ရသည်။ သို့သော် မြန်မာနိုင်ငံမှာ ခြွင်းချက်ဖြစ်နေသည်။ ကြယ် ၄ ပွင့်အဆင့်၊ တနာရီ မိုင် ၁၂ဝ ဆိုင်ကလုန်းမုန်တိုင်း တခုကြောင့် ပုံမှန်အားဖြင့် ၂၁ ရာစုဆန်း တတိယကမ္ဘာ နိုင်ငံတနိုင်ငံတွင် လွန်ရောကျွံရော လူ ၁ဝဝဝဝ ခန့်သာ သေနိုင်သည်။

သို့သော် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်၏ ယုတ်ညံ့မှု၊ ကိုယ်ကျိုးကြည့်မှုများကြောင့် ကာကွယ် ကယ်တင်နိုင်ရမည့် အပြစ်မဲ့ ပြည်သူ့အသက်ပေါင်းများစွာ မလိုအပ်ဘဲ အလွန်အကျွံ ဆုံးရှုံးခဲ့ရသည်။ မုန်တိုင်းကြိုတင် သတိပေးစနစ် ညံ့ဖျင်း (သို့) မရှိ၊ ကြိုတင်ကာကွယ်ရေး အဆောက်အဦစနစ် ညံ့ဖျင်း (သို့) မရှိ၊ ပညာပေးစနစ်များ ညံ့ဖျင်း (သို့) မရှိ။ ဤသို့ဖြင့် နအဖနှင့် နာဂစ်လက်အောက်တွင် အလွန်ဆုံးအားဖြင့် သေဆုံးသူ ၁ဝဝဝဝ (၁ သောင်း)မှာ နာဂစ်ကြောင့်ဖြစ်ပြီး၊ ယင်းထက်ပိုလွန်၍ သေဆုံးသူများမှာ မသေသင့်ဘဲနှင့် နအဖစစ်အုပ်စု ပယောဂကြောင့် သေဆုံးရခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်း အကူအညီများကို ပိတ်ပင်ခြင်း၊ အကန့်အသတ် အမျိုးမျိုး ချမှတ်ခြင်းတို့ကြောင့် နောက်ထပ် အသက်များ ထပ်မံဆုံးရှုံးရခြင်း၊ မလိုအပ်ဘဲ ရုပ်ခန္ဓာအရနှင့် စိတ်ပိုင်းဆိုင်ရာအရ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာ ပျက်စီးခြင်းများလည်း ကြီးကြီးမားမား ရှိနေသည်။

မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးမှု အပါအဝင် လူ့အခွင့်အရေး ဆုံးရှုံးရမှုများ၊ စီးပွားရေး အခွင့်အလမ်း ဆုံးရှုံးရမှုများကြောင့် မြန်မာနိုင်ငံသား ၂ သန်း ထိုင်းနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်း အလုပ်လုပ်နေရကာ မလေးရှားနိုင်ငံတွင်လည်း ၅ သိန်းနှင့် ၁ သန်းကြား ရွှေ့ပြောင်းလုပ်ကိုင်နေရသည်။

ဤသို့ တရားမဝင် ရွှေ့ပြောင်းကူးဝင်လာကြရာ၌ ၂ဝဝ၈ ဧပြီ ၉ ရက်က ထိုင်းနိုင်ငံ ရနောင်းမှ ထိုင်းတောင်ပိုင်းသို့ ခိုးပို့သည့် ကွန်တိန်ကားထဲ လေမွန်းပြီး မြန်မာ ၅၄ ယောက် သေခဲ့ရသည်။ ၂ဝဝ၇ ဒီဇင်ဘာ ၂ဝ ရက်ကလည်း ကော့သောင်းမှ ရနောင်းသို့ ခိုးကူးသည့် စက်လှေမှောက်၍ မြန်မာနိုင်ငံသား ချင်းလူမျိုး ၄၅ ယောက်သေခဲ့ရသည်။ ၂ဝဝ၈ မတ် ၂ ရက်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး လှေစီးပြေး ဒုက္ခသည် ၅ဝ ပင်လယ်ထဲ မျောနေသည်ကို သီရိလင်္ကာရေတပ်က တွေ့ရှိကယ်ဆယ်ခဲ့ရသည်။ နှစ်ပတ်ကြာ မျောနေစဉ်အတွင်း အစာရေစာပြတ်၍ လူ ၂ဝ သေခဲ့ရသည်။ ၂ဝဝ၈ မတ် ၈ ရက်ကလည်း ရိုဟင်ဂျာလူမျိုး လှေစီးပြေး ဒုက္ခသည် ၁၂ဝ ပါ စက်လှေတစီး ဘင်္ဂလားပင်လယ်အော်ထဲ နစ်မြုပ်ခဲ့ရာ ၅ ယောက်သာ အသက်ရှင်ခဲ့သည်။ ၂ဝဝ၇ ဇွန်လက ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဝန်ကျောက်တွင် တရားမဝင် မြန်မာအလုပ်သမားများကို ခိုးပို့သည့် ကားမှောက်၍ ၂၅ ယောက် သေခဲ့ရသည်။

ဤလထဲမှာပင် တာ့က်ခရိုင်အတွင်း မြန်မာအလုပ်သမားများ ခိုးပို့သည့် ကားတိုက်၍ ၁ဝ ယောက် သေသေးသည်။ ၂ဝဝ၆ အောက်တိုဘာလတွင် ထိုင်းနိုင်ငံ သင်းဘူ ရီဒေသ၌ အလားတူ လူမှောင်ခိုကား မှောက်၍ ၅ ယောက်သေကာ ၂၈ ယောက် ဒဏ်ရာရခဲ့သလို ၂ဝဝ၇ အောက်တိုဘာတွင်လည်း ပက်ခ်ျဘူရီအရပ်တွင် လူမှောင်ခိုကား မှောက်၍ တရားမဝင် မြန်မာအလုပ်သမား ၈ ယောက်သေကာ ၁၄ ယောက် ဒဏ်ရာရခဲ့ပြန်သည်။ ၂ဝဝ၈ ဇန်နဝါရီ ၁၅ ရက်တွင်မူ ကန်ချနဘူရီဒေသ ရေလှောင်ကန်ကို ခိုးဖြတ်နေသော လူမှောင်ခိုလှေ မှောက်၍ ကလေးငယ်များ အပါအဝင် မြန်မာ ၇ ယောက် သေခဲ့သည်။ ၂ဝဝ၈ ဖေဖော်ဝါရီ ၂၇ ရက်တွင်မူ ရနောင်းမှ ဟတ်ယိုင်သွား လူမှောင်ခိုကားကို ထိုင်းလုံခြုံရေးက ပစ်ခတ်၍ ၉ နှစ်သား ရခိုင်ကလေး မောင်ဦးမင်းစိုးသေပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။

နအဖစစ်အစိုးရ လက်ထက်တွင် ကရင်ပြည်၌ ရွာပေါင်း ၃ဝဝဝ ကျော် ဖျက်ဆီးခံရပြီး ကရင်အရပ်သား ၃ဝဝဝ ကျော် အသတ်ခံရသည်။ ကရင်ပြည်၊ မွန်ပြည်နှင့် တနင်္သာရီဒေသတို့တွင် ပြည်သူ ၆ သိန်းကျော်မှာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် IDP ဖြစ်နေပြီး ရွာပုံး ရွာရှောင်များတွင် နေရာအတည်တကျမရှိ လှည့်လည်ရွှေ့ပြောင်း နေထိုင်နေရသည်။ ကရင်ပြည်တွင် ၁၉၈၈ နှင့် ၂ဝဝ၄ ကြား၌ အနည်းဆုံး ကရင်အမျိုးသမီး ၁၂၅ ယောက် မုဒိမ်းကျင့်ခံရသည်။ ကရင်နီပြည်တွင်လည်း ပြည်သူ ၁ သိန်းနီးပါးမှာ အလားတူ အိုးအိမ်မဲ့ဒုက္ခသည် ဖြစ်နေသည်။ ဤဒေသများတွင် ၅ နှစ်အောက်ကလေး သေနှုန်းမှာ မြန်မာတနိုင်ငံလုံး ပျမ်းမျှနှုန်းထက် နှစ်ဆကျော်နေသည်။

ရှမ်းပြည်တွင်မူ ရွာပေါင်း ၂ဝဝဝ ခန့်ဖျက်ဆီးခံရပြီး ရှမ်းပြည်သူ ၂ဝဝဝ ခန့် အသတ်ခံရသည်။ ရှမ်း လူထု ၄ သိန်း ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် ဖြစ်နေသည်။ ၁၉၉၆ နှင့် ၂ဝဝ၁ ကြား၌ အနည်းဆုံး အမျိုးသမီး ၆၂၅ ယောက် မုဒိမ်းကျင့်ခံရသည်။ ဤသည်မှာ လက်လှမ်းမှီသလောက် ကောက်ယူရရှိသည့် စာရင်းသာ ဖြစ်သည်။ တကယ်တမ်းအားဖြင့် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တို့တွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး အရေအတွက်၊ အသတ်ခံရသည့် ပြည်သူလူထု အရေအတွက်တို့မှာ အထက်ပါ စာရင်းများထက် များစွာပို သည်။ အိုးအိမ် အတည်တကျမရှိ တောထဲတောင်ထဲ လှည့်ပတ်ရှောင်ပုန်း နေကြရသဖြင့် ငှက်ဖျား၊ တီဘီ၊ အာဟာရချို့တဲ့မှုနှင့် ရောဂါဘယ အမျိုးမျိုးကြောင့် ထောင်သောင်းချီ၍လည်း မသေသင့်ဘဲ သေနေကြရသည်။ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း ပြည်သူလူထု နှစ်သိန်းကျော်မှာ ထိုင်းနယ်စပ်သို့ နယ်စပ်ကျော် စစ်ပြေးဒုက္ခသည်များအဖြစ် ရောက်ရှိနေရသည်။

၂ဝဝ၇ စက်တင်ဘာလက သံဃာတော်တို့၏ လှုပ်ရှားမှုကို နအဖစစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာ ဗုဒ္ဓဘာသာ သံဃာတော် ၁၅ ပါးအပါအဝင် ဆန္ဒပြသမား ၁ဝဝ နီးပါး အသတ်ခံခဲ့ရသည်။ ၁၉၈၈ ခုနောက်ပိုင်း မြန်မာနိုင်ငံမှ အကျဉ်းထောင်များအတွင်း၌လည်း နိုင်ငံရေးအကျဉ်းသား ၁၅ဝ နီးပါး သေဆုံး ခဲ့ပြီဖြစ်သည်။ ထောင်နှင့်သောင်းနှင့် ချီသော သာမန်ရာဇဝတ် အကျဉ်းသားများလည်း အကျဉ်းထောင်များ၊ ရဲဘက်စခန်းများ၊ ရှေ့တန်းစစ်မြေပြင်များ၌ သေဆုံးခဲ့ကြ၊ သေဆုံးနေကြသည်။

စင်စစ်အားဖြင့် နအဖစစ်အာဏာရှင်တို့၏ ပေါ်လစီများ၊ လုပ်ရပ်များ၊ တွေးခေါ်စဉ်းစားမှုများမှာ ညံ့ဖျင်းခြင်း၊ မှားယွင်းနေခြင်းမျှ မဟုတ်ပေ။ ဆရာမြသန်းတင့် ပြောဖူးသည့် ဆိုးယုတ်ခြင်း ဖြစ်သည်။ Evil ဖြစ်သည်။ ဟစ်တလာ အပါအဝင် ကမ္ဘာပေါ်မှ အဆိုးဆုံး အာဏာရှင်များနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ သံဃာကိုပင် ဗြောင်အတိအလင်း သတ်ရဲသော ဗမာပြည်အာဏာရှင်တို့အတွက် မလုပ်နိုင်စရာ ဆိုးယုတ်မှုဟူသည် ဘာမှမရှိ။

ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရလက်ထက် ၁၉၇၅ မှ ၁၉၇၉ အထိ လေးနှစ်အတွင်း ပြည်သူ ၂ သန်း သေခဲ့ရာ လူငါးသောင်းမှ ရှစ်သောင်းမှာ အသတ်ခံရခြင်းဖြစ်ပြီး ကျန်တသန်းကျော်မှာ ခမာနီအစိုးရ ပေါ်လစီများကြောင့် ငတ်ပြတ်ဖျားနာ ပင်ပန်းဆင်းရဲ၍ သေကြရခြင်း ဖြစ်သည်။ အရှေ့တီမော နိုင်ငံတွင်လည်း အင်ဒိုနီးရှားနိုင်ငံက ၁၉၇၅ မှ ၁၉၉၉ အထိ တိမောသား ၂ သောင်းကို သတ်ခဲ့သည်။ သို့သော် အင်ဒို နီးရှား အစိုးရကြောင့် ဖြစ်ရသည့် ငတ်ပြတ်ပင်ပန်းမှုနှင့် ရောဂါဘယများကြောင့် နောက်ထပ် တိမောသား ၉ သောင်းသေခဲ့သည်။

အီရတ်အာဏာရှင် ဆဒ္ဒန်ဟူစိန်က ၁၉၈၈ ခုနှစ်တွင် ကာ့ဒ်တိုင်းရင်းသားလူမျိုး ၅ သောင်းကို ဓာတုလက်နက်ဖြင့် လူမျိုးတုံး စစ်ဆင်ရေး လုပ်ခဲ့သည်။ ရဝမ်ဒါနိုင်ငံ၌ အာဏာရှင်အစိုးရနှင့် လက်ပါးစေတို့က ၁၉၉၄ ဧပြီလမှ ဇူလိုင်လအထိ ရက်ပေါင်း ၁ဝဝ အတွင်း လူ ၈ဝဝဝဝဝ (ရှစ်သိန်း)ကို သတ်ပစ်ခဲ့သည်။ ၁၉၉၂-၉၅ မှာ ဆားဘီးယားနှင့် သြဇာခံ ဘော့စ်နီးယား ခွဲထွက်ဆာ့ဘ်တို့က ဘော့စ်နီးယား - ဟာဇီဂိုဗီးနား တွင် မွတ်ဆလင်များအပေါ် လူမျိုးတုံး စစ်ဆင်ရေး လုပ်ခဲ့သည်။ ၁၉၉၅ ဇူလိုင်လက ဆဘရင်နီကာမြို့တွင် ဘော့စ်နီးယား အရပ်သား ၈ဝဝဝ ကို ဗိုလ်ချုပ်ကြီး မလာဒစ် ဦးစီးသော ဆားဘီးယားတပ်က သတ်ပစ်ခဲ့သည်။ လူမျိုးတုံးသတ်ပွဲများ အဓိက ကျူးလွန်သည့် ဆာ့ဘ်လက်မရွံ့တပ်ဖွဲ့ အမည်မှာ စကော်ပီယံ ဟူ၏။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီနိုင်ငံက ဂျူးလူမျိုး ၆ သန်း၊ ဆိုဗီယက်ပြည်သူ ၂၅ သန်းနှင့် သောင်းနှင့်ချီသော ဥရောပပြည်သူများကို သေစေခဲ့သည်။ အတော်များများမှာ ငတ်ပြတ်မှုဒဏ်၊ ရောဂါဘယဒဏ်တို့ဖြင့် အသက်ဆုံးရခြင်း ဖြစ်သည်။ စစ်ကြီးအပြီး၌ ဂျာမန်ဖက်ဆစ် ခေါင်းဆောင်များအား နျူရင်ဘတ် စစ်ခုံရုံးမှာ ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ ဂျီနိုဆိုက်ဒ် (လူမျိုးတုံး သုတ်သင်မှု) ဆိုသော အယူအဆသည် ဥပဒေပိုင်းအရ ထိုအချိန်မှ အစပြုခဲ့ပြီးနောက် ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထားသည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။

“နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။

(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊
(ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေခြင်း၊
(ဂ) တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ်ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊
(ဃ) ယင်းလူအုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊ (င) ယင်းလူအုပ်စုမှ ကလေးသူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”

၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

“လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံး လိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း။... ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ဖျက်ဆီးပစ်ရန် အထူးရည်ရွယ်ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။”

ဂျီနိုဆိုက်ဒ် အဓိပ္ပာယ်ဖွင့်ဆိုချက် အပိုဒ်ခွဲ (ခ) မှာ မနုဿဗေဒ ပညာရှင် ကဗျာဆရာ ဖေသက်နီ ပြောခဲ့ဖူးသည့် မဲန်တယ်လ်ဂျီနိုဆိုက်ဒ် ခေါ် စိတ်ဓာတ်ရေးရာ ဂျီနိုဆိုက်ဒ်ကို ဆိုလိုခြင်း ဖြစ်သည်။ ပြည်သူ ပြည်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်များ၊ ကျင့်ဝတ်တန်ဖိုးများ၊ စာရိတ္တ စာရဏတရားများကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ နအဖလက်ထက်တွင် ကိုယ်ကျိုးကြည့် အကျင့်ပျက်မှုများ နိုင်ငံနှင့်အဝှမ်း ထိန်းမနိုင် သိမ်းမရ ရုပ်ပျက်ဆင်းပျက် ကြီးထွားနေသည်။ သာမန်ပြည်သူထဲမှ ဖြစ်လာသော ရယက၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ်တို့သည် စစ်အာဏာရှင်တို့ထံမှ အရိုးအရင်းလေး ရဖို့အတွက် ဇာတ်တူသားဖြစ်သော ပြည်သူလူထုကို ရက်ရက်စက်စက် စားကုန်ကြသည်။ ဤသို့ စာရိတ္တ စာရဏ ပျက်ပြားမှုများ တနိုင်ငံလုံး လွှမ်းမိုးကြီးစိုးနေရာ နယ်စပ်ကျော်လွန်၍ ဒုက္ခသည်စခန်းများ၊ အတိုက်အခံ အဖွဲ့များထဲမှာပင် ရင်မောတုန်လှုပ်ဖွယ် လှိုက်စားနေသည်။

ဂျီနိုဆိုက်ဒ်သည် လူသားမျိုးနွယ် ဆန့်ကျင်ရေး ရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလ အတွက်သာမက စစ်မဖြစ်သည့် ကာလအတွက်လည်း အကျုံးဝင်သည်။

ဂျီနိုဆိုက်ဒ် ကျူးလွန်သည့် အာဏာရှင် နိုင်ငံများတွင် လူ့အသက်ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများ ပျံ့နှံ့နေပြီး အာဏာရှင် ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲ ဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ သရုပ်ပျက်များ၊ ဥပဒေဘောင် ပြင်ပကလူများ၊ အောက်တန်းစား လူမျိုးများ၊ ခွဲထွက်ရေး သမားများ၊ သောင်းကျန်းသူ အဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမားများ၊ နယ်ချဲ့ လက်ပါးစေများ၊ ပုဆိန်ရိုးများ၊ လူတန်းစား ရန်သူများ၊ တန်ပြန်တော်လှန်ရေးသမားများ စသဖြင့် တံဆိပ်အမျိုးမျိုး သမုတ်ပြီး ဂျီနိုဆိုက်ဒ်ကို ကျူးလွန်ကြခြင်း ဖြစ်သည်။ ကိုယ့်အတွက်ကိုမူ မြင့်မြတ်သော တာဝန် ထမ်းဆောင်နေသူများ၊ မြင့်မြတ်သော လူမျိုးများ၊ အမျိုးဘာသာသာသနာ သန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ အသိအမြင် ပြည့်ဝရင့်ကျက်သူများ၊ တိုင်းပြည်ကို အဓိက စောင့်ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိက အနစ်နာခံနေသူများ၊ အမျိုးသားနိုင်ငံရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေးသမားများ စသည်ဖြင့် မိမိတို့ ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့် ပြည်သူ၊ နိုင်ငံတော်၊ အချုပ်အခြာအာဏာ၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို ဆိုင်ဆိုင် မဆိုင်ဆိုင် ရေလဲနှင့် သုံးလေ့ရှိသည်။

ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ဂျာမန်ကွန်မြူနစ်ပါတီတို့က နာဇီအာဏာရှင်အစိုးရကို အကြမ်းမဖက်ရေးနည်း၊ လက်နက်ကိုင်ပုန်ကန်နည်း၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်နည်း စသည့်နည်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့ကြသည်။ ၁၉၄၄ ခုတွင် ဒီမိုကရေစီလိုလားသူ ဗိုလ်ချုပ်များဦးစီး၍ ဂျာမန်စစ်တပ်က ဟစ်တလာကို ဗုံးခွဲလုပ်ကြံ အာဏာသိမ်းရန် အထိပင် စီစဉ်ခဲ့သည်။ မအောင်မြင်ခဲ့။ နောင်တွင် ဘူလ်ဂေးရီးယား သမ္မတ ဖြစ်လာမည့် ဂျာမန်ကွန်မြူနစ်ခေါင်းဆောင် ဒီမီထရော့ဗ် (ရိုက်ခ်ျစတက်လွှတ်တော် မီးရှို့မှုဖြင့် အမှုဆင် အဖမ်းခံရပြီးနောက် တရားခွင်၌ ကမ္ဘာကျော်လျှောက်လဲချက် ပေးခဲ့သူ)သည် ကွန်မြူနစ်ပီပီ ပြည်တွင်းမှ ပြည်သူ့အင်အားကို အဓိကထားပြီး နာဇီအာဏာရှင်စနစ် ဖြုတ်ချရေး အယူအဆကို ရပ်တည်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အမေရိကန်-အင်္ဂလိပ်- ရုရှား မဟာမိတ် စစ်အင်အားဖြင့် ဂျာမန်အာဏာရှင်စနစ် ဖြုတ်ချရေးကို တက်ကြွစွာ လှုပ်ရှား အကျိုးဆောင်ပေးသူ ဖြစ်သွားသည်။ အီတလီ ဖက်ဆစ်အာဏာရှင်တို့ကို လည်း အီတလီ ကွန်မြူနစ်ပါတီ၊ အီတလီ ဆိုရှယ်လစ်ပါတီ၊ အက်ရှင်ပါတီ၊ ခရစ်ယာန် ဒီမိုကရက်ပါတီ စသည်တို့က လက်နက်ကိုင်တိုက်ပွဲ အပါအဝင် သဏ္ဍာန်အမျိုးမျိုးဖြင့် ဆန့်ကျင်အံတုခဲ့ကြသည်။ အလားတူ ဂျပန်ဖက်ဆစ်တို့ကိုလည်း ဂျပန်ကွန်မြူနစ်ပါတီနှင့် ဒီမိုကရေစီအင်အားစုများက လျှို့ဝှက်အံတုခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုတို့မှ (အဏုမြူဗုံး အပါအဝင်) စစ်ရေးနည်းလမ်းဖြင့်သာ ဂျာမန်၊ အီတလီ၊ ဂျပန် ဖက်ဆစ်အာဏာရှင်တို့ကို ဇီဝိန်ခြွေပစ်နိုင်ခဲ့သည်။

သည်ဘက်ခေတ်တွင်လည်း ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံး အာဏာရှင်တို့ကို ပြင်ပမှ အင်အား သုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေနိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက်သေ သာဓကများဖြစ်သည်။ (နောက်ဆက်တွဲ ပြဿနာများတွင်သာ ငြင်းစရာများ ပေါ်တတ်သည်။ သို့ရာတွင် နဂိုမူလ အာဏာရှင် ပြဿနာလောက် မကြီးတော့သည်မှာ သေချာသည်။)

မည်သို့ပင်ဖြစ်စေ ပြည်တွင်းမှ အာဏာရှင် ဆန့်ကျင်ရေးသမား အတိုက်အခံများ၊ ပြည်သူများ၏ လှုပ်ရှားမှုများကိုမူ လုံးဝပစ်ပယ်၍ မရ။ ဤပြည်တွင်းလှုပ်ရှားမှုများ ရှိမှသာ ပြည်ပမှ အင်အားသုံး စွက်ဖက်မှုအတွက် လမ်းခင်းလမ်းပြရာ ရောက်မည်ဖြစ်သည်။ ကမ္ဘောဒီးယားမှ ခမာနီခွဲထွက် သူပုန်ခေါင်းဆောင်များ ဖြစ်သော ဟင်ဆာရင်နှင့် ဟွန်ဆင်၊ ဘုရင့်ဂိုဏ်း သူပုန်ခေါင်းဆောင် မင်းသားကြီး သီဟာနု၊ ရဝမ်ဒါမျိုးချစ်တပ်ဦး သူပုန်အဖွဲ့ခေါင်းဆောင် ပေါလ်ကာဂါမီ၊ အရှေ့တိမောမှ ဖရီတီလင် သူပုန်အဖွဲ့ခေါင်းဆောင် ဂတ်စ်မာအိုနှင့် ဟိုဆေးရားမို့စ်ဟိုတာ၊ ဘော့စ်နီးယားမှ ရွေးကောက်ခံသမ္မတ အလီယာ အီဇက်ဘီဂိုဗစ်ခ်ျ၊ ကိုဆိုဗို လွတ်မြောက်ရေးတပ်မတော် သူပုန်အဖွဲ့ခေါင်းဆောင် ဟာရှင်သက်ဆီနှင့် အဂင်ချီကူး၊ လိုင်ဘေးရီးယား ညီညွတ်ရေး ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး သူပုန်အဖွဲ့ခေါင်းဆောင် ဆီကူကွန်နယ်နှင့် သောမတ်နင်မလီ၊ ဆီယာရာလီယွန်းမှ ရွေးကောက်ခံသမ္မတ ကက်ဘာ၊ ဟေတီမှ ရွေးကောက်ခံသမ္မတ ဘုန်းတော်ကြီး အာရစ္စတိဒ်၊ အာဖဂန်နစ္စတန်မှ သူပုန်ခေါင်းဆောင် ရှားမာဆွဒ် စသူတို့ ရှိ၍သာ ပြင်ပမှ အင်အားသုံး ဝင်ရောက်နိုင်ခြင ဖြစ်သည်။ ခြွင်းချက်အားဖြင့် အချို့အာဏာရှင်နိုင်ငံများတွင် မဟာဗျူဟာမြောက် တူးမြောင်း၊ မဟာဗျူဟာမြောက် ရေနံစသည့် ထူးခြားချက်များကြောင့် ပြင်ပမှ အင်အားသုံး ဝင်ရောက်ခြင်းလည်း ရှိသည်။

ထူးခြားချက်မှာ အာဏာရှင်ကို ပြည်တွင်းအင်အားစုများက လက်နက်ကိုင် အကြမ်းပတမ်းနည်း ဖြင့် အုံးအုံးခြိမ့်ခြိမ့် တုံ့ပြန်ရင်ဆိုင် ပွက်လောရိုက်နေသော high-intensity conflict နိုင်ငံများတွင် ပြည်ပမှ အင်အားသုံးဝင်ရောက်မှု ပိုလုပ်လေ့ရှိသည်။ မြန်မြန်ပွဲပြတ်လေ့ ရှိသည်ကို တွေ့ရသည်။ ပြည်တွင်းလှုပ်ရှားမှု လုံးဝမရှိ (သို့မဟုတ်) မပြင်းထန်သည့် low- intensity conflict အာဏာရှင်နိုင်ငံကို ပြင်ပမှ အင်အားသုံး စွက်ဖက် ပွဲသိမ်းပေးခြင်း ပြုလေ့မရှိ။ အထူးသဖြင့် အကြမ်းမဖက် ငြိမ်းချမ်းစွာ အံတုသည့် နည်းလမ်းများကို လည်းကောင်း၊ ဒိုင်ယာလော့ကို မဟာဗျူဟာအဖြစ်လည်းကောင်း စွဲစွဲမြဲမြဲ ကျင့်သုံးနေသည့် အာဏာရှင် နိုင်ငံများကို ပြင်ပမှ အင်အားသုံး စွက်ဖက်ခြင်း မရှိပေ။ သို့ရာတွင် တဖက်မှကြည့်ပါက ယင်းကဲ့သို့ အာဏာရှင်နိုင်ငံများမှာ ကြယ် ၂ ပွင့် ကြယ် ၃ ပွင့်အဆင့် အာဏာရှင်နိုင်ငံများလောက်သာ ဖြစ်တတ်ပြီး ပြည်တွင်းအင်အား သက်သက်ဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းနိုင်စွမ်းရှိကြသည်။

သို့ဖြစ်၍ ကမ္ဘာပေါ်မှ အာဏာရှင်များအနက် ဆိုးယုတ်မှုအဆင့် ကြယ် ၄ ပွင့် ကြယ် ၅ ပွင့်အထိ ရောက်သွားသည့် ဂျီနိုဆိုက် အာဏာရှင်များကို ပြင်ပမှ စစ်ကူအင်အားများကသာ ပွဲသိမ်းပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပြီး ပြည်တွင်းအင်အားစုများက အာဏာရှင်ကို ခြိမ့်ခြိမ့်သဲသဲ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ပွဲဝင်လေ၊ ပြည်ပမှစစ်အင်အားများ အမြန်ဆုံး ဝင်ရောက်ကူညီနိုင်ရေးကို လှုံ့ဆော်အားပေးရာ ရောက်လေဖြစ်သည်။ ဤနည်းဖြင့်သာ ဂျီနိုဆိုက်အာဏာရှင်ကို force out လုပ်နိုင်မည် ဖြစ်သည်။ ပြည်တွင်းအင်အားစုများက မည်သည့်တိုက်ပွဲမှ ဆူပွက်လှုပ်ရှားမနေဘဲ ပါးစပ်မှ ထိုင်အော်နေရုံမျှဖြင့် မည်သည့်နိုင်ငံခြား စစ်တပ်မှ ဝင်တိုက်ပေးလိမ့်မည် မဟုတ်ပါကြောင်း။

ဂါမဏိ

ရည်ညွှန်း ။ ။Encyclopedia Brittanica, Wikipedia


A

B

C

The Kitchen မီးဖိုချောင်