Thursday, June 5, 2008

မည်သည့်နိုင်ငံတကာအကူအညီမှ ပြည်သူတို့ထံသို့မရောက်


မိုးမခ
ဇွန် ၅၊ ၂၀၀၈

ဇာဂနာကို စစ်အစိုးရက မေးမြန်းစရာရှိလို့ဆိုပြီး မနေ့ညက ခေါ်ဆောင်သွားပါတယ်။ အဲဒီမတိုင်ခင်က ကိုဇာဂနာက ပြည်ပ သတင်းဌာနတွေကို ထုတ်ဖော်ပြောဆိုရာမှာ စစ်အစိုးရကတဆင့်သွားတဲ့ နိုင်ငံတကာရဲ့ တရားဝင်အကူအညီတွေ ပြည်သူတွေထံကို မရောက်ဘူးလို့ ပြောသွားပါတယ်။ အဲဒီကိစ္စအတွက် သူ တော်တော်ခံစားရပုံ ရှိပါတယ်။

အဲသည်မတိုင်ခင်မှာ ကိုဇာဂနာတို့ စေတနာရှင်အစုအဖွဲ့တွေအနေနဲ့ ကယ်ဆယ်ရေး၊ ကူညီရေး၊ စောင့်ရှောက်ရေး၊ ကျန်းမာရေးတွေအပြင် ပြန်လည်ထူထောင်ရေးတွေအထိပါ စဉ်းစားပြီး ဆောင်ရွက်နေတဲ့အကြောင်းကို ပြည်ပစာနယ်ဇင်းများကတဆင့် ပရိသတ်က သိရှိနေကြရပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခြင်း မခံရမီ မိတ်ဆွေများကို ပြောကြားခဲ့ရာမှာ ပထမတချက်က

"UNDP ကို ကျနော်တို့က လပ္ပတ္တာ အရှေ့ခြမ်း သွားချင်လို့ အကူအညီတောင်းတာ နိုင်ငံရေး နဲ့ မပတ်သက်ချင်လို့ ပါလို့ ပြန်ပြောတယ်။ လုပ်အားပေး စေတနာရှင်တွေလည်း အဲလိုသိရတော့ တအား စိတ်ဆိုးကြတယ်။ ဒီကောင်တွေက အစိုးရ မျက်နှာညိုမှာ တယ်ကြောက်ကြတာကိုး။ သူတို့တွေကြောင့်ခက်နေတာ …" လို့ ပြောခဲ့ပါတယ်။

ဒုတိယ တချက်ကတော့ အစိုးရဆီကို အပ်ထားတဲ့ နိုင်ငံတကာက အကူအညီတွေ ဒုက္ခသည် ပြည်သူတွေဆီကို မရောက်ဘူး။ ကိုယ်ထူကိုယ်ထနဲ့ မြန်မာ လုပ်အားပေးတွေ၊ စေတနာရှင်တွေက ရှာဖွေစုဆောင်း ဆောင်ရွက်နေရတယ်။ တခေါက် တခေါက် ဆင်းရင် အနည်းဆုံး သိန်း ၇၀ ရှိတယ်။ မရတော့လည်း ရတာနဲ့ လုပ်ကြရမှာပဲ။ ဒီပုံစံနဲ့ ရေရှည် လုပ်ကိုင်သွားရင် မလွယ်ဘူး။ နိုင်ငံတကာရဲ့ တိုက်ရိုက်အကူအညီတွေ အများကြီး လိုတယ် လို့ သူ့သဘောထားကို ထုတ်ပြောသွားပါတယ်။

တတိယ အချက်ကတော့ လက်တွေ့ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက် အကူအညီ စသည်တို့ကို စာရေးပြီးတော့ ယူအင်အဖွဲ့အစည်းကြီးဆီကို တင်ပြဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းက ဌာနေ ယူအင်အဖွဲ့တခုကတဆင့် ပေးပို့ခဲ့ပေမဲ့၊ ကိုဇာဂနာရေးတဲ့စာ "ပျောက်" သွားခဲ့ပါတယ်တဲ့။ အဲသည်လို စာတင်တာဟာ နိုင်ငံရေးလုပ်တာဖြစ်လို့ မဆောင်ရွက်ပေးလိုဘူးလို့ ငြင်းလိုက်တယ်လို့ ကိုဇာဂနာက မိတ်ဆွေတွေကို ပြန်ပြောခဲ့ပါတယ်။ ကိုဇာဂနာက အခု ကျနော် နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ လူ့အသက်တွေ လိုက်ကယ်နေတာ။ ကယ်ဆယ်ရေးတွေ လုပ်နေတာလို့ ပြန်ပြောခဲ့တယ်။ အဲသည်အတွက် အတော်ကို စိတ်ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအဖြစ်တွေအပြီး နောက်တနေ့မှာ စစ်အုပ်စုက သူ့အိမ်မှာ လာရောက်ဆွေးနွေးခဲ့ပြီး ညနေ အစောပိုင်းကတည်း ဆွေးနွေးနေခဲ့ကြရာမှာ ညဥ့်နက်ပိုင်း အသံလွှင့်ဌာနတွေဆီက ဖုံးတွေ ၀င်လာချိန်မှာတော့ စစ်အုပ်စုက သူ့ကို အင်္ကျီအ၀တ်အစားအနည်းငယ်ယူပြီး လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားတော့တာပဲ ဖြစ်ပါတယ်။

ကိုဇာဂနာကို ဖမ်းဆီးချိန်မှာ သူ့လုပ်အားပေး စေတနာရှင်တချို့ ဧရာဝတီကို ဆင်းသွားပြီး ဖြစ်ပါတယ်။ တချို့ကတော့ စစ်အစိုးရ စေခိုင်းတဲ့ လေဘေးရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ မေမြို့ကို တက်သွားကြပြီ ဖြစ်ပါတယ်။

ကိုဇာဂနာ ပြောသလို ဒုက္ခသည် ပြည်သူတွေခင်မျာ တကယ်ကို ထိရောက်တဲ့ နိုင်ငံတကာက အကူအညီနဲ့ နိုင်ငံတော်အကူအညီ မရလို့ လမ်းပေါ်ထွက်ပြီး အလှူရှင်မျှော်နေရတာလား ဆိုတာကို လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြန်တက်လာတဲ့ စေတနာရှင်လုပ်အားပေးအဖွဲ့တွေရဲ့ မှတ်တမ်းအရ ကွဲကွဲပြားပြား မိုးမခအနေနဲ့ ကောက်ချက်ဆွဲပေးလို့ ရပါတယ်။

သူတို့တတွေ ဆင်းသွားတဲ့ မြို့က ဖျာပုံဖြစ်ပါတယ်။ မြို့ပေါ်မှာ ဒုက္ခသည်တွေကို ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ကူညီချင်သူတွေအနေနဲ့ မကယ - မြို့နယ်အာဏာပိုင်တွေဆီမှာ အကူအညီပစ္စည်းတွေ ထားခဲ့လို့ရတယ်။ သူတို့တွေ တဆင့်ဆောင်ရွက်ပေးမယ်လို့ ပြောလာပေမယ့် စေတနာရှင် လုပ်အားပေးအဖွဲ့က နားမယောင်ခဲ့ပါဘူး။ သူတို့ ခရီးဆက်လာချိန်မှာ ကျိုက်လတ်နဲ့ မအူပင်ဖက်မှာ ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းတွေကို တွေ့ကြပြီး၊ ပါလာတဲ့ အိုးတွေ၊ ဆန်တွေ၊ ဓာတ်မီးတွေ နဲ့ အစားအသောက်တွေ လှူဖြစ်ကြပါတယ်။ အဲဒီဒုက္ခသည်တွေဟာ နောက်နေ့ဆိုရင် ရွာပျက်တွေဆီ ပြန်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခံထားရတဲ့ သူတွေ၊ မိသားစုတွေပါ။

မေးတဲ့ မေးခွန်းက တခုတည်းပါပဲ။ နိုင်ငံတကာက အကူအညီတွေ ရရှိကြသလား။ မရပါဘူး။ ကြားတောင် မကြားဘူးပါဘူး။ ချောကလက်လည်း မကြားဖူးဘူး။ လုပ်အားပေးစေတနာရှင်တွေ ပေးတဲ့ ချိုချဉ်တွေကို ကလေးတွေက ၀မ်းသာအားရ စုပ်နေကြရတာ တွေ့ရပါတယ်။

အပျိုအရွယ် မိန်းကလေးတွေက စေတနာရှင်တွေဆီက လုံခြည်တို့၊ ဘောင်းဘီတို့ တောင်းပါတယ်။ မုန်တိုင်းအပြီးမှာ ယောင်္ကျားတွေက ပုဆိုးတွေကို မိန်းမတွေကိုပေး၊ ဘုန်းကြီးတွေက သင်္ကန်းတွေကို စုတ်ဖြဲပြီး ယောင်္ကျားတွေ၊ ကလေးတွေ ၀တ်ဖို့၊ ခြုံဖို့ပေးကြရလို့ အ၀တ်အစား မလောက်ငှပါဘူး။ ဘုန်းကြီးတွေမှာ သင်္ကန်းတောင် ကောင်းကောင်း ရုံစရာ မရှိပါဘူး။ မိဘမဲ့တဲ့ ကလေးတွေဟာ လမ်းပေါ်မှာ အဖေ၊ အမေ တစာစာ အော်ပြီး ရှာနေချိန်မှာ ကလေးတွေရဲ့ မျက်လုံးတွေကို တခြားက ဧည့်သည်တွေအဖို့ တည့်တည့်ကြည့်ရဲဖို့ သတ္တိမရှိနိုင်ကြဖူးလို့ သူတို့က မိုးမခကို အကြောင်းကြားကြပါတယ်။

ရတဲ့ ပိုက်ဆံတွေကို ဘုန်းကြီးတွေက ခွဲဝေလို့ အနီးအပါးက အိမ်တွေ အမိုးမိုးဖို့ ပေးရပါတယ်။ တအိမ်ကို မြန်မာကျပ်ငွေ ၅၀၀၀ လောက်ရကြပါတယ်တဲ့။ အဲဒီ ဘုန်းကြီးကျောင်းမှာ စာရင်းအရ ဒုက္ခသည် ၁၀၀၀ ကျော်ပါတယ်။ နိုင်ငံတကာက အကူအညီ၊ နိုင်ငံတော်က အကူအညီ ဘာမှ မရှိပါခင်ဗျား။

အဲဒီက အခုဓာတ်ပုံထဲမှာ ပါတဲ့ အပြာရောင် အမိုးအကာနဲ့ ယာယီ ဂိုဒေါင်တွေထဲမှာ စစ်အစိုးရက အဆင့်ဆင့် လက်ဆင့်ကမ်း ဖြန့်ချိတဲ့ လေဘေးအကူအညီတွေ အပုံလိုက်ရှိနေပါတယ်။ ဆန်တွေက မိုးသင့်လို့ အစိုပြန်ပြီး အောက်စော်တွေ နံလို့၊ သောက်မိရင် ချောင်းဆိုးတာသာ အဖတ်တင်မယ့် ဗီးဗီးအချိုရည်တွေကလည်း ရက်လွန်ပြီး အနံဆိုးတွေ ထွက်လို့၊ အဲဒီ ဂိုဒေါင်က အနံဆိုးကြီးက အစိုးရအကူအညီတွေ ဘာဖြစ်ကုန်ပြီလဲဆိုတာကို သက်သေ တကြော်ကြော် လိုက်နေတော့တာပါပဲ။

နိုင်ငံတကာက အကူအညီတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ထိထိရောက်ရောက် မရောက်ပါဘူး။ စစ်အစိုးရ ပျက်ကွက်မှုလား၊ အထက်က အောက်ကို အဆင့်ဆင့် ပျက်စီးနေတာကြောင့်လား။ နိုင်ငံတကာက၊ ကုလက ပြည်တွင်းမှာ ရောက်ရှိဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စိစစ် စုံစမ်းမှုတွေ မလုပ်နိုင်ကြလို့လား။ ကိုဇာဂနာပြောသလို နိုင်ငံရေး ပုဒ်မကို ကြောက်နေတာလား။ သူပြောခဲ့တာလေးနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါမယ်။

အခု ကျနော်လုပ်နေတာ နိုင်ငံရေး မဟုတ်ပါ။ လူ့အသက် ကယ်နေတာ။ ကယ်ဆယ်ရေး လုပ်နေတာပါ။

မိတ်ဆွေတို့ကော ဘာလုပ်နေလဲ။ ဘာလဲ။ ဘယ်လဲ။

A

B

C

The Kitchen မီးဖိုချောင်