Sunday, June 29, 2008

‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု’

Saturday, 28 June 2008
‘မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု’

(၀င်းတင့်ထွန်း)
နယ်စပ်ဘ၀ ၀တ္ထုတိုများ အမှတ်(၉)

( ၁ )
‘မောင်မောင်’ဆိုတဲ့ကောင်ဟာ စီးပွားရေးသမားတယောက်ပါ။ စီးပွားရေးသမားတွေထဲမှာ‘ဘနဖူးသိုက်တူးချင်’ တဲ့ ကောင်တွေ တော်တော်များများရှိတာမှန်ပေမဲ့၊ အဲသလောက်လောဘ ဇောတိုက်တဲ့စီးပွားရေး သောင်းကျန်းသူမျိုးတွေထဲမှာ မောင်မောင် တယောက်မပါခဲ့ဖူးဘူးဆိုတာတော့ ကျမ်းကျိန်ပြောရမယ်ဆိုရင်လဲ ပြောရဲပါတယ်။ တကယ်ပါ။ ဒါကြောင့်လဲ ကိုယ့်ဟာကိုယ် အမြဲလိပ်ပြာသန့်သန့်နဲ့နေနိုင်ခဲ့သလို မောင်မောင့်အပေါ် ယုံကြည်သူတွေလဲရှိခဲ့ပါတယ်။ စီးပွားရေးကလဲ ဖြစ်ထွန်းသင့်သလောက်တော့ ဖြစ်ထွန်းခဲ့ပါတယ်။ ကျောင်းကနေဘွဲ့ရပြီးကတည်းက စီးပွားရေးလောကထဲ ခြေစုန်ပစ်ရောက်လာတော့လဲ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကြီးကြီးကျယ်ကျယ် ပြသာနာမရှိခဲ့ပါဘူး။ မိဘတွေဆွေမျိုးသားချင်းတွေ ကိုယ်တိုင်ကလဲ ကုန်သည် ကြီးမျိုးရိုးတွေ မဟုတ်လား။

လူကတရုတ်သွေးပါတော့။ ကျောင်းကပြီးလို့ စီးပွားရေးလုပ်တော့ မယ်ဆိုတော့။ မိဘတွေ ကရော ဆွေမျိုးသားချင်းတွေကပါ တရုတ်-ဗမာနယ်စပ်သွားလုပ်ဖို့ပဲ တိုက်တွန်းကြတာပေါ့။ တရုတ်စာ တရုတ်စကားကလဲ တတ်ပြီးသားဆိုတော့။ နယ်စပ်မှာဘာမှသိပ်ပြီးမကြာလိုက်ပါဘူး။ ကိုယ်လဲ ရာဘရိတ် ထောင်ဘရိတ်လောက် တော့ ကိုင်နိုင်တဲ့ စီးပွားရေးသမား တယောက် ဖြစ်လာခဲ့တာပေါ့။

မိဘဆွေမျိုးအ၀န်းအ၀ိုင်း တွေဖက်က ရေခံမြေခံရှိပြီးသားဆိုတော့။ တရုတ်ပြည်ဖက်က ဘယ်ကုန် ယူချင်သလဲ။ ကြိုက်သလောက် ယူလို့ရပါတယ်။ ရောင်းပြီးငွေချေ ဒါမှမဟုတ် နှစ်ကုန်မှ စာရင်းရှင်း၊ ကြိုက်တဲ့ကုန်ကို ကြွေးယူလို့ ရပါတယ်။ ဒါနဲ့ နှစ်ဆယ်နဲ့ချီပြီး ကြာလာတဲ့အခါ ကိုယ်လဲ ကုန်သည်ကြီးတယောက် စီးပွားရေး သမားကြီး တယောက်အဖြစ်တော့ ရောက်လာခဲ့ရပါတယ်။

ကုန်သည်ဆိုတာ မြတ်မယ့်ဥစ္စာ လိုက်လုပ်ကြလေ့ရှိ တယ်ဆိုပေမဲ့ ကျနော်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ ကိုယ်သန်ရာသန်ရာ တလိုင်းကောင်း နှစ်လိုင်းကောင်းပဲ လုပ်ခဲ့ပါတယ်။ နယ်စပ်မှာ ကုန်သည်ကြီးတွေ တော်တော်များများဟာ သွင်းကုန်ရော ပို့ကုန်ပါ လုပ်ကြလေ့ရှိပေမဲ့။ ကျနော်ကတော့ သွင်းကုန်ပဲ အဓိက ထား လုပ်ခဲ့ပါတယ်။ သွင်းကုန်ဆိုတာ ဗမာပြည်ဖက်က သွင်းမယ့်ကုန်။ တရုတ်ကုန်ကိုပဲသွင်းပြီး လက်ကားဖြန့်တဲ့အလုပ်ကို ပြောတာပါ။

အဲဒီတော့ ကုမ္မဏီတော့ ထောင်ရ တာပေါ့။ ဒီခေတ်က ကုမ္မဏီခေတ် မဟုတ်လား။ ကိုယ်ပိုင်ကုမ္မဏီမရှိပဲ ဘယ့်နှယ်လုပ် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်မလဲ။ လက်ကား ဖြန့်တဲ့အခါ ပိုပြီးအဆင်ပြေအောင် ရန်ကုန်မှာလဲ ကုမ္မဏီခွဲတခု ထောင်ထားပါတယ်။ ကိုယ်တိုင်ကတော့ နယ်စပ်မှာပဲ ထိုင်ထား လိုက်တယ်။ ဒီဖက်ကနေ ဖုန်းနဲ့ပြော ဖုန်းနဲ့လုပ်ပေါ့ ။

လူက နယ်စပ်မှာပဲ အနေကြာလာတော့ ရန်ကုန်တို့မန္တလေးတို့မှာလဲ မနေချင်ဘူး။ ကိစ္စ၀ိစ္စရှိလို့ သွားရတာတောင် ရာသီ ဥတုကကိုယ်နဲ့သိပ် သဟဇာတမတည့် သလို ဖြစ်ဖြစ်လာတယ်။ နယ်စပ်ကမှ ကိုယ်နဲ့ပိုတည့်သလိုလို ခံစားလာရတယ်။ ဒါပေမဲ့ လူက တရုတ်သွေးတာ ပါတာ ကိုယ့်ကိုမွေးလာခဲ့တာက ရန်ကုန်လဲ မဟုတ်သလို မန္တလေးလဲ မဟုတ်ပါဘူး။ မြို့ကြီး ပြကြီးလဲ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်မှာတောင် ပင်လယ်ဝမှာ မွေးလာခဲ့တာဗျ။

မူလတန်း ကျောင်းသားထိအောင် ပင်လယ်ဝမှာပဲနေ လာခဲ့ရတာဗျ အရွယ်ရောက်တော့ ရန်ကုန်မှာလဲ အကြာကြီး ဘွဲ့ရတဲ့အထိနေခဲ့ဖူးသလို။ မန္တလေးမှာလဲနေခဲ့ထိုင်ခဲ့ဖူးပေမဲ့ ရင်ထဲမှာ စွဲနေမိတာက မြစ်ဝကျွန်းပေါ်ပဲ၊ ပင်လယ်ဝပဲ။ မကြာမကြာ သတိတရ ဖြစ်ဖြစ်နေတတ်တာကလဲ ပင်လယ်ဝပဲ။

အုပ်လိုက်မျောသွား တတ်တဲ့ ဗေဒါအုပ်တွေကို သတိရတယ်။ လမုတောနဲ့ဓနိတောကို သတိရတယ်။ တရှဲရှဲ အသံပေးရင်း ဘယ်ညာယိမ်းထိုးနေတတ်တဲ့ အုန်းတန်းအုန်းတော အုန်းလက် အုန်းရွက်တွေကိုလဲ သတိရတယ်။ အိပ်မက်တွေထဲထိအောင် သတိရနေတတ်တာကတော့။ နေ၀င်ခါနီးမှာ နေလုံးနီနီကြီး ပင်လယ်ထဲ တရွေ့ရွေ့ငုပ်ဆင်းသွားတဲ့ မြင်ကွင်းပါပဲ။ ကဗျာ ဆန်ဆန်ပြောရရင်တော့ ၀င်တော့မယ့်ဆည်းဆာမှာ နေလုံးနီနီကြီး ပင်လယ်ထဲ ရေသောက်ဆင်း သွားတဲ့ မြင်ကွင်းပါပဲ။ ငယ်ငယ်တုန်းကဆိုရင် အဲဒီအချိန် အဲဒီမြင် ကွင်းကို တမေ့တမောကို ထိုင်ထိုင်ကြည့်နေတတ်ဖူးတာ ခဏခဏပါပဲ။

ပြောချင်တာက ကျနော်ဟာ ကျနော့်မွေးရာဇာတိ ကိုဘယ် တော့မှ မမေ့နိုင်ခဲ့ဘူးဆိုတာပါပဲ။ လူကရှမ်းကုန်းပြင်မြင့်မှာ လာပြီးအခြေချမိထားတော့။ စိတ်ကသာ ရောက်ပေမဲ့။ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ဝကို ကိုယ်တိုင်မရောက်နိုင်တာတော့ ကြာပြီပေါ့ဗျာ။ ဟော...ရောက်မယ့်ရောက်ရတော့လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ စိတ်မ ကောင်းခြင်းကြီးစွာနဲ့ တက်သုတ်ရိုက်ပြီး ရောက်ခဲ့ရတော့တယ်ဗျာ။ ဘာလို့လဲ သိလား။ နာဂစ်ကြောင့်ပေါ့ဗျာ...နာဂစ် ကြောင်...နာဂစ်ကြောင့် ...

( ၂ )
နာဂစ် ၀င်မွှေသွားတဲ့အတွက် ရန်ကုန်ရော မြစ်ဝကျွန်းပေါ်တခုလုံး တော်တော်ကို ခံလိုက်ရတယ်ဆိုတဲ့သတင်း စ၀င်လာ တော့။ တော်တော်ကို တုန်လှုပ်သွားမိတယ်။ စီးပွားရေးအရ ရန်ကုန်ကကုမ္မဏီခွဲ ပြုတ်ပြုတ်ပြုန်းသွားနိုင်တာကို တွေးမိပြီး စိုးရိမ်သွားလို့ မဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်ဖက်မှာ အထူးသဖြင့် ပင်လယ်ဝနဲ့ ဘိုကလေးနယ်ဖက်မှာ လူတွေတော်တော်ကို သေကြေကြ တယ် ဆိုတဲ့သတင်း ကြားလိုက်ရလို့ပါ။

ရန်ကုန်က ကုမ္မဏီက လူတွေက နာဂစ်ဝင်မွှေပြီး နောက်နှစ်ရက်မှာပဲ နည်း အမျိုးမျိုးနဲ့ကြိုး စားပြီး ချက်ချင်းသတင်းပို့လို့ ကိုယ့်ကုမ္မဏီကဘာမှ ထိခိုက်ဆုံးရှုံးမှု မရှိလိုက်တာကိုလဲ သိလိုက်ပါတယ်။ ဘယ်သူသေသေ စိတ်သာရှိရင် အမြတ်ထုတ်ချင်တောင် အမြတ်ထုတ်လို့ရတဲ့အခြေအနေတွေတောင် ပေါ်လာပါသေးတယ်။ ဟုတ်တယ်လေ... ကျနော့် ကုမ္မဏီက စက်ပစ္စည်းတွေ ဖြန့်နေတဲ့ကုမ္မဏီလေ ရေစုပ်စက်၊ မော်တာ၊ပန့်နဲ့ ချိန်းစော လို့ခေါ်တဲ့ လွှစက်တွေ အဓိကဖြန့်နေတဲ့ ကုမ္မဏီပဲ။

တချို့ကုမ္မဏီတွေများ စက်တွေကို ဈေးနှစ်ဆသုံးဆ ခုန်တက်ပစ်လိုက်ကြတယ်။ အရင်ကရောင်း ဈေးတသိန်း နှစ်သောင်းသုံးသောင်းရှိတဲ့ ချိန်းစောလွှစက်တလုံးကို နှစ်သိန်းခွဲသုံးသိန်း ဖြစ်သွားတယ်။ သွပ်တချပ်တသောင်းဖြစ်သွားတယ်။ အိမ်ရိုက်သွပ်သံတချောင်း သုံးရာအထိ ဖြစ်သွားတယ်။ အိမ်ခေါင်မိုးတွေအကုန်လန် သွပ်ပြားတွေ ပြုတ်ပျက်ထွက်ကုန်ကြတော့ မ၀ယ်မဖြစ် ပစ္စည်းတွေ မဟုတ်လား။ ရောင်းတာတောင် တံခါးပိတ်ပြီး ရောင်းရတဲ့ပစ္စည်းတွေ ဖြစ်သွားတာ ခင်ဗျားလဲ ကောင်း ကောင်းကြားမှာပါ။ကုန်သည်ဆိုတာ လုပ်ငန်းရှင်ဆိုတာ အမြတ်ကောင်း

ကောင်းရချင်တယ်ဆိုပေမဲ့ သူများတွေ ဒုက္ခ သုက္ခအကြီး အကျယ် ရောက်နေကြတုန်း အမြတ်ထုတ်မှ ရမယ့်အမြတ်ငွေမျိုး ကျနော်မယူချင်ဘူး။ မောင်မောင်ဆိုတဲ့ကောင် မယူချင်ဘူး။ ဒါကြောင့် ကျနော် ဘယ်လို လှမ်းအမိန့်ပေးခဲ့သလဲ သိလား။ ဒို့ကုမ္မဏီက စက်ပစ္စည်းတွေဘာမှထပ်ပြီး ဈေးမတက်နဲ့အရင် ရောင်းမြဲ ဈေးအတိုင်းရောင်း။ ဘယ်ကုမ္မဏီတွေ ဈေးတက်တက် ဈေးတက်မရောင်းနဲ့လို့ ချက်ချင်း အမိန့်ပေးခိုင်းလိုက်တယ်။ အဲဒီမှာ ကျနော့်လိုပဲ စက်ပစ္စည်းတွေပဲ ရောင်းနေတဲ့ကုမ္မဏီတချို့က ကုန်သည်ကြီးတချို့က ‘မောင်မောင် မင်းရူးနေသလား -တဲ့။ အရောင်းအ၀ယ်ဆိုတာ ၀ယ်လိုအားနဲ့ ရောင်းလိုအား ကြည့်ပြီး။ ၀ယ်လိုအား Demand ကသိပ်များနေပြီး ရောင်းလိုအား သွင်းနိုင်အား Supply က သိပ်နည်း နေရင်။ ကုန်ဈေးနှုန်းဟာ တက်လာရမှာပဲ။ တက်ရောင်းရမှာပဲ။ ဒါ တရားပဲ။

ဒါမှမဟုတ် မင်းက ဒို့ဈေးတက်ရောင်းတာကို တမင်ဂွတိုက်ပြီး လုပ်ပြလိုက်တာလား-တဲ့။ ပြီးတော့ ထပ်ပြောကြ သေးတယ်။ အဲဒီလိုဆိုရင် -မင်းကုမ္မဏီထဲကရော ဂိုဒေါင်ထဲလှောင်ထားတာတွေ ရှိသမျှကိုပါ ဒို့ ကုမ္မဏီတွေ အခုမင်းရောင်းနေတဲ့ ဈေးနှုန်းအတိုင်းလွှဲပေးလိုက်၊ ဒို့အကုန်ချုပ်ပြီး ၀ယ်မယ်။ မင်းရောင်းနေတဲ့ ဈေးနှုန်း အတိုင်း အကုန်ပေးမယ်။ မင်း ပစ္စည်းတွေ အားလုံးကို ဒို့ဝယ်မယ်-တဲ့ ’။ မကျေမနပ် နဲ့ပြောလိုက်ကြတာဗျာ။ မောင်မောင် ပြုံးနေလိုက်တယ်။ ပြီးတော့ မောင်မောင် ပြောလိုက်တယ်။ ဟေ့ ဘယ်သူ့မှ ပစ္စည်းတွေအားလုံး ချုပ်ပြီးမရောင်းဘူး။ ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ်ပဲ ရောင်းမယ်ပြောပြီး တကယ်လိုအပ်လို့ မလွှဲသာလွန်းလို့ လာဝယ်ကြ သူတွေကိုပဲ ဈေးမတက်ပဲ အရင်ရောင်းနေကြဈေးအတိုင်းပဲ လက်လီ နှစ်လုံးချင်းသုံးလုံးချင်းပဲ ဆက်အရောင်းခိုင်းလိုက်တယ်။

ကျနော် ပိုက်ဆံမလိုချင်လို့ မဟုတ်ဘူးဗျ။ ပိုက်ဆံတွေတအားကြီးကို ချမ်းသာနေလို့လဲ မဟုတ်ပါဘူး။ဒါပေမဲ့ လူတွေအ သက်တွေသေကြ၊ ဒါလောက်တောင် ဒုက္ခသုက္ခတွေရောက်နေကြတဲ့အချိန်မှာ မတန်တဆ ဈေးတက်ရောင်းလဲ မလွှဲသာမရှောင်သာ ၀ယ်ကြရရှာတော့မယ့်အချိန်မျိုးမှာ ကျနော် သူတို့ အပေါ်လည်မြိုညှစ် မယူချင်ဘူးဗျာ။ မတော်မတရားအမြတ်ထုတ် မယူချင်ဘူးဗျာ။ အမြတ်ထုတ်ပြီး ပြန်ရောင်းစားမယ့် သူတွေလက်ထဲလဲ ရောက်မသွားရအောင် ကုမ္မဏီကကောင်တွေကိုလဲ လှမ်းပြောထားလိုက်တယ်။ တကယ်ဒုက္ခရောက်လို့ တကယ်သုံးမယ့်သူတွေလက်ထဲ ရောက်အောင်ရောင်းကြကွာ...လို့။ ဈေးလဲ လုံးဝ မတက်ရဘူး...လို့။

အဲဒီတော့ ရန်ကုန်က ကျနော့်ကုမ္မဏီမှာ လာ လာ ၀ယ်လိုက်ကြပုံများ ဘာပြောကောင်းမလဲ။ ဒီဆိုင်က ဈေး ချိုတယ် ဟ၊ သဘောထားကောင်းတယ် ဟ..နဲ့ တဲ့။ ဘုန်းကြီးတွေ ဦးပဇင်းတွေပါ ဆိုင်ကိုလာပြီး ၀ယ် ကြသတဲ့။ ခင်ဗျားတို့လဲ ကြားကြ သိကြတဲ့အတိုင်းပဲလေ။ နာဂစ် ၀င်ပြီးမွှေသွား ရက်စက်သွားလို့ ရန်ကုန်ရော မြစ်ဝကျွန်းပေါ်ရော တုန်းလုံးပက်လက်ဖြစ်သွားရတာတွေက သစ်ပင်ကြီးတွေ ဧရာမသစ်ပင်ကြီးတွေ ကုန်သလောက် နီးပါး မဟုတ်လား။ လမ်းတွေပေါ်ရော အိမ်တွေပေါ်မှာပါမြင်မကောင်းအောင် အလဲလဲအပြိုပြိုဖြစ်ကုန် ဖိမိကုန် ထိခိုက်ကုန်ကြ ရတယ် မဟုတ်လား။

မုန်တိုင်းစဲတာနဲ့ မရှင်းမဖြစ် စရှင်းကြရတဲ့ ပြသာနာက အမြစ်ကနေပါ ကျွတ်ထွက်လဲပြိုနေတဲ့ ဒီတုံးလုံး ပက်လက် သစ်ပင်အိုကြီးတွေကို မဟုတ်လား။ ဒါလောက်ကြီးတဲ့ သစ်ပင်ကြီးတွေမျိုးစုံကို လက်ထိုးလွှလေးတွေလောက်နဲ့ ရှင်းနေ လို့ကတော့ ဘယ်ပြီးတော့မလဲ။ ချိန်းစောကြီးတွေ စက်လွှကြီးတွေနဲ့ ရှင်းရတော့တာဗျ။ အဲဒီတော့ အဲဒါကြီးတွေ ဘယ်လောက်ရောင်းကောင်းလိုက်မလဲ။ ခင်ဗျားစဉ်းစားကြည့်၊ ပုံမှန်ဈေးထက် နှစ်ဆကျော် ခုန်တက်တောင် ရောင်းကြတယ်။


ကျနော်လဲ ဈေးတက်ရောင်းရင် ရတာပဲ။ လာ လာ ၀ယ်ကြတဲ့အထဲ ဘုန်းကြီးတွေ ဦးပဇင်းတွေကိုယ်တိုင် လာကြတယ်ဗျာ။တပါး နှစ်ပါး။တကျောင်းနှစ်ကျောင်းနဲ့ ပိုက်ဆံမတတ် နိုင်တော့တဲ့ ကိုယ်တော်တွေ ကျောင်းတွေက။ စုပေါင်းပြီး တောင်လာဝယ်ကြသတဲ့။ ပြီးတော့ အဲဒီသံဃာတော်တွေကိုယ်တိုင် သင်းပိုင်ကို ခါးတောင်းကျိုက်ပြီး လွှဆွဲကြ အမြင်မတော်တာတွေ ရှင်းပေးကြတော့တာလဲ အားလုံးတပြည်လုံးအသိ၊ တပြည်လုံးအမြင်ပါပဲဗျာ။ အဲဒီလို အခြေအနေမှာ သံဃာတော်တွေ လူထုတွေ အပေါ်မှာ ကျနော်ဘယ်လိုမှ အမြတ်မထုတ်ချင်ဘူး။ အမြတ်မထုတ်နိုင်ဘူးဗျာ။

ဒါကြောင့်မို့ တချို့လူတွေက သောက်ရူးလို့ ကင်ပွန်းတပ်ပေးကြ ပြောနေကြတဲ့အထဲကကို ကျနော် အဲသလိုပုံမှန်အတိုင်းပဲ ရောင်းခဲ့တာဗျ။ ကျနော့်ဘ၀မှာ တသက်နဲ့တကိုယ် ပီတိအဖြစ်ရဆုံးအချိန်ကို ပြပါဆိုရင်။ ကျနော် အဲဒါကို ပြလိုက်မှာပဲ။ စိတ်မကောင်းတဲ့ ကြားကနေ ဖြစ်လိုက်ရတဲ့ ပီတိပေါ့ဗျာ။ ခင်ဗျားတို့ အနုပညာသမားတွေရဲ့ ဝေါဟာရ နဲ့ဆိုရင်- ကြေကွဲ ပီတိ ပေါ့ဗျာ။

အဲ-အဲ-နောက်ထပ် ပီတိတခု ရှိသေးတယ်။ အဲဒါကိုလဲ ဘယ်လို ပြောရမလဲ။ ကျနော်တော့ ဝေါဟာရရှာလို့ မရဘူး။ တသက်နဲ့တကိုယ် ဒီလိုအကြီးအကျယ် ဒုက္ခရောက်နေကြချိန်မှာ တကယ်ဒုက္ခရောက်နေကြသူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပန်းစားနဲ့မရောက်ရောက်အောင် သွားပြီးတတ်နိုင်သမျှ အောင်အောင်မြင်မြင် အ ကူအညီ ပေးနိုင်ခဲ့တာကိုပဲ ပြောရမှာဗျ၊ အောင်အောင်မြင်မြင် ကြိုးစားပန်းစား ရောက်အောင်သွားပြီး ကူညီနိုင်ခဲ့တာ အကူအညီပေးနိုင်ခဲ့တာအပေါ်မှာတော့ တဖက်ကနေပြောရရင် ကျေနပ်တယ်။ ၀မ်းသာ တယ်။ ပီတိဖြစ်ရတယ်။

ဒါပေမဲ့... တဖက်ကနေပြောရရင်လဲ တော်တော်ကို စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေရော။ အကြီးအကျယ် ဒေါသထွက်စရာ အော့နှလုံးနာစရာတွေပါတွေ့ခဲ့ရတယ်ဗျာ။ ပီတိက အေးအေး မြမြ ကြည်ကြည်လင်လင်လေး ဖြစ်နေရမယ့်အစား။ ပူလောင်ရတာ တွေရော- နောက်ကျိ ရတာတွေပါအကုန်ကို ရောနေရတော့တာပါပဲဗျာ။ သောမန တွေရော...ဒေါမနတွေပါ အကုန် ခံစားလိုက်ရတော့တာပါပဲဗျာ။ အဲဒီတော့...ဒီလို ပီတိမျိုးကိုဘာပီတိလို့ ကင်ပွန်းတပ်ရမလဲ၊ ခင်ဗျားဟာခင်ဗျားပဲ ကြိုက်သလိုသာ နာမည်တပ်ပေရော့။ ကျနော်ကတော့ ကျနော်လက် တွေ့ကြုံတွေ့ခဲ့ရသလို၊ ခံစားရသလိုပဲ ပြောပြမယ်။

မုန်တိုင်းဝင်ပြီးပြီးချင်း ရန်ကုန်ရဲ့အခြေအနေပဲ စကြားကြရတာလဲ အားလုံးအသိပါပဲ။ နောက်မှ မီဒီယာတွေကျေးဇူးနဲ့ တဖြေးဖြေးချင်းကြားလိုက်ကြရတာက နာဂစ်ကြောင့် အထိ အနာဆုံးနေရာဟာ မြစ်ဝကျွန်းပေါ်ဆိုတာပဲ။ မြစ်ဝကျွန်းပေါ်မှာမှ ဘိုကလေးနဲ့လပွတ္တာဟာ ကျောကော့အောင် ခံလိုက်ကြရတာ သိလိုက်ရတယ်။ သေဆုံးသွားကြရရှာသူတွေလဲ သောက် သောက်လဲမဟုတ်လား။ ဘိုကလေးနဲ့ပင်လယ်ဝလို့ ကြားလိုက်ရတာနဲ့ ရင်ထဲ ကျင်ကနဲနေအောင် ခံစားလိုက်ရပြီး။ တော်တော်ကိုစိတ်မချမ်းမသာ ဖြစ်မိတယ်။ ဘိုကလေးနယ်နဲ့ ပင်လယ်ဝဟာ မောင်မောင့်ချက်မြှုပ်မွေးရာဒေသမဟုတ်လား။

မောင်မောင် ဆိုတဲ့ကောင်ဟာ တရုတ်သွေးပါတဲ့ ကောင်ပေမဲ့။ ဇာတိသွေးကပဲ စကားပြောလာသလား မသိပါဘူးဗျာ။ ငါ့ ဇာတိချက်မြှုပ်နယ်ကိုတော့ မရောက်ရောက်အောင်သွားပြီး ငါတတ်နိုင်သမျှ အကူအညီသွားပေးမယ်။ လှူနိုင်သမျှလှူဒါန်းမယ်ဆိုတဲ့ စိတ်ကတ ဖွားဖွားနဲ့ ၀င်လာခဲ့တယ်ဗျ။ ကိုယ်နဲ့ရင်းတဲ့ ကုန်သည်ကြီးတွေထဲက သဒ္ဒါတရားထက်သန်သူတချို့ကိုလဲ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေး နွေးပြီး ကျနော်ကိုယ်တိုင်က သိန်း(၁၀၀)မတည်လိုက်တယ်ဗျာ။ ကျနော်လုပ်ချင်တာကို နားလည်ယုံကြည်တဲ့လူ လေးငါးဦးကလဲ အသီးသီးဝိုင်းဝန်းထည့်ဝင်ပါဝင်ကြတော့။ သိန်း(၂၀၀)လောက် ဖြစ်သွားတယ်။ ဒီထဲက လိုက်နိုင်တဲ့သူ အလှူရှင်နှစ်ယောက်ကိုပါ အတူခေါ်ပြီး နာဂစ်အပြီး တပတ်အကြာမှာပဲ ရန်ကုန်အရောက် ဆင်းခဲ့ကြတယ်။

နယ်စပ်က ရနိုင်သမျှ သင့်တော်မယ်ထင်ရတဲ့ အ၀တ်အထည်လေးတွေကိုလဲ သိမ်းကျုံးပြီးဆွဲခဲ့ဝယ်ခဲ့ကြတယ်ဗျ။ လေဘေးဒုက္ခသည်တွေ ဝေဖို့အတွက် ဆိုတော့။ ကလေးဝတ်ရော လူကြီးဝတ်ရော။ ယောက်ကျားဝတ်ရော မိန်းမ၀တ်ပါ ရသမျှအစုံပါပဲဗျာ။ ပီနံအိတ်ကြီးတွေနဲ့(၁၈)လုံး အပြည့်အသိပ်ထည့်ပြီး သယ်သွား ခဲ့ကြတယ်ဗျ။ အဓိကကျတဲ့ဆန်နဲ့ရေသန့်ပုလင်းတွေကိုတော့ ရန်ကုန်ကျမှ ၀ယ်မယ်ဆိုပြီး တက်သုတ်ရိုက်သွား ကြတယ်။

အဲ...ရန်ကုန်မှာ စိတ်ချရတဲ့နေရာသွားပြီး ဆန်သွားဝယ်တော့။ ဆန်ရောင်းတဲ့ ဆန်ကုန်သည် အမျိုးသမီးက ‘လေဘေး ဒုက္ခသည်တွေကို ဝေဖို့ လှူဖို့ ဆန်ဝယ်ချင်တာ မဟုတ်လား...တဲ့။ ဒုက္ခသည်တွေဝေဖို့ဆိုရင် ဒီလိုဈေးပေါပေါ ဆန်ကိုပဲ ၀ယ်သွားလို့’အကြံပေးပြီး ကျနော်တို့ကို ထိုးပြတာက တော်တော်ကိုညံ့တဲ့ ဆန်တွေဗျာ။ ဆန်တွေက ဖုံစုတ်စုတ် ၀ါတာတာအရောင်တွေဗျ။ ရေစို ဆန်တွေပေါ့ဗျာ။ ဈေးလဲအနိမ့်ဆုံး အမျိုးအစားတွေပေါ့။ သူကတော့ အိတ်များများရတော့ လူများများ ပြီများများ ဝေနိုင်အောင် အကြံကောင်း ဥာဏ်ကောင်း ပေးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ မောင်မောင်က မြစ်ဝကျွန်းပေါ်မွေးလာတဲ့ကောင်ပဲ။ ဒီလိုဆန်မျိုးက မြစ်ဝကျွန်းပေါ်မှာ ၀က်ကျွေးတဲ့ ဆန်လောက်ပဲအဆင့်ရှိတာ သိတာပေါ့။ အဲဒီတော့..ဟာ..ဒီဆန်မျိုးတော့ ကျနော်မဝေဘူး။ မပေးဘူး။ ဆန်ဖြူဖြူပဲပေး။ လူစားလို့သင့်လျော်မယ့် ဆန်ပဲလိုချင်တယ်လို့ပြောပြီး ကောင်းတဲ့ဆန်ပဲ ၀ယ်လိုက်တယ်။ ဆန်ချောမဟုတ်ပေမဲ့ ဆန်ကြမ်းထဲမှာတော့ လူစားလို့ကောင်းမယ့်ဆန်မျိုးပဲရွေးပြီး အိတ်(၅၀၀)၀ယ်လိုက်တယ်။

ပြီးတော့ ကဒုံ ဧရာ ပင်လယ်ဝအထိ လိုက်မယ့် မော်တော်ကြီးကြီးတစီး လိုက်ရှာရ ငှါးရ ပြန်တယ်ဗျ။ မော်တော်ကလဲ ရှားလိုက်တာဗျာ။ ပင်လယ်ဝအထိ လိုက်ချင်တဲ့ မော်တော်က တော်တော်ကို ရှာရတယ်။ အကြောင်းက အပြန်မှာ ဟိုသတ္တဝါတွေက မော်တော်ကိုပေါ်တာဆွဲလိုက်မှာကိုကြောက်သလို။ ရာသီဥတုကလဲ သိပ်ငြိမ်သေးတာမဟုတ်တော့ နည်းနည်းတော့ စိုးရိမ်နေသေးတာကိုး။

နောက်တကြောင်းကတော့.. ဟိုကသည်က အာဏာပိုင်အဆင့်ဆင့်ဆိုတဲ့ ကောင်တွေကလဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တာတားမြစ်တာ ဟန့်တားနှောက်ယှက်တာတွေ အကြီးအကျယ် လုပ်နေတဲ့အချိန်ကြီး မဟုတ်လား။ ပြီးတော့ ဆီဈေးတွေကလဲ ခေါင်ခိုက်အောင်ကို ထိုးပြီးတက်နေချိန်ဗျာ၊ ဆီဈေးက တဂါလံကို တသောင်း အထိတောင် ခုန်တက်သွားတယ် မဟုတ်လား။

နာဂစ်လက်ချက်နဲ့ မော်တော်တွေ စက်လှေတွေ သင်္ဘောတွေ တော်တော်များများကလဲ ဆုံးရှုံးပျက်စီးသွားကြ တာတွေက မနည်းမနောဆိုတော့ ရေယာဉ်တွေကလဲ သိသိသာသာကို နည်းနေတဲ့ အချိန်ဖြစ်နေပြန်တယ်ဗျာ။ အဲဒီကြားထဲကပဲ မဖြစ်ဖြစ်အောင်သွားမယ်ဆိုပြီး ကြိုးစားပန်းစား လိုက်ပြီးရှာကြတော့ မော်တော်ကြီးကြီး တစင်းကို ရှာလို့ရလာတယ်ဗျာ။

မော်တော်ပိုင်ရှင်က သူလိုက်ပို့မယ်...တဲ့။ ဈေးကတော့ တပြားမှ မဆစ်နဲ့။ ဆီဈေးက ဒီလောက်တောင်ကြီး နေတာ။ အသွားအပြန် သိန်း(၃၀)ပေးရမတဲ့။ ဒါတောင်...ကျနော်တို့သွားမှာက ပင်လယ်ဝဖက်ဆီက မုန်တိုင်းသင့်ဒုက္ခရောက် နေသူတွေဆီ အကူအညီသွားပေးမှာ။ အလှူအတန်းသွားလုပ်မှာ ဖြစ်လို့၊ မွန်မြတ်တဲ့ ကုသိုလ်ခရီး ဖြစ်နေလို့လိုက်မှာ ဖြစ်တယ်လို့ဆိုသဗျ။

ကျနော်ကလဲ -ကိုင်း-မထူးဘူး။ သုံးဆယ်ဆိုလဲသုံးဆယ်ပေါ့ဗျာ၊ လိုအပ်တဲ့ဆီလုံလုံလောက်လောက်သာ ထည့်ထား။ ရာသီဥတုအခြေအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကောင်းကောင်းမွန်မွန် သင့်တော်မယ့် စက်ဆရာနဲ့ အလုပ်သမားတွေသာ လုံလုံလောက်လောက်ဖြစ်အောင် ထည့်သွင်းစီစဉ်ပေးလိုက်၊ ကျနော်ငှါးမယ် ဆိုပြီး စင်းလုံးပြတ်အော်ဒါငှါးလိုက်တယ်။ အဲ...အဲဒီလို မော်တော်လဲ ရှာပြီးပြီ၊ ဆန်အိတ်တွေလဲ အိတ်(၅၀၀)တင်ထားပြီးပြီ၊ တရုတ်ဖက်ခြမ်းကနေ ဆွဲလာခဲ့တဲ့ အ၀တ်အစားမျိုးစုံ ပီနံအိတ်ကြီး(၁၈)လုံးလဲ တင်ထားပြီးပြီ။ လမ်းခရီးစားစရာ သောက်စရာတွေလဲ တပတ်ဆယ်ရက်စာ မပူရအောင် ဖြည့်ဆည်း ထားပြီးပြီ ဆိုတဲ့အချိန်မှာ ဘယ်လိုထွက်မှာလဲ။

လမ်းမှာ အကုသိုလ်တွေ သတ္တ၀ါတွေ မိစ္ဆာတွေ ဂြိုလ်ဆိုးတွေက တနေရာရာကနေ တားဆီးပြီး ရစ်လာရင် နှောက်ယှက်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူ့ခွင့်ပြု မိန့်နဲ့ထွက်လာသလဲဆိုပြီး ၀ိုင်းပြီး ဗျင်းကြရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာကြီးက ထပ်ပြီးပေါ်လာပြန်တယ်ခင်ဗျ။ လှူချင်တာတောင် လွယ်မှတ်သလား။ အဲ...အဲဒီမှာ ကိုယ့်စေတနာ ကိုယ့်အကျိုး ပေးလာတယ်လို့ပဲ ပြောရမလား။ ဘယ်လိုပြောရမလဲ မသိပါဘူး။ နာမည်ကြီး ဆရာတော်ကြီး တပါးနဲ့သွားပြီး တိုက်တိုက်ဆိုင်ဆိုင် ကြုံလိုက်ရတယ်။ ဘယ်ကနေဘယ်လို တိုက်ဆိုင်သွားရသလဲဆိုတော့။ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်နော်၊ ကျနော်တို့ အဲဒီလို ဖြစ်နေတာ ဆရာတော်က ကြားသွားတော့။

‘ဟ...အဲဒီကုမ္မဏီက ကောင်တွေလား...တဲ့။ လွှစက်တွေ ဈေးမတက်ပဲ ရောင်းနေတဲ့ ကုမ္မဏီက ကောင်တွေလား...တဲ့။ ဒို့သံဃာတွေ ဦးပဇင်းတွေတချို့ သစ်ပင်ကြီးတွေ တုံးလုံးပက် လက်ဖြစ်နေတာ ရှင်းပစ်ဖို့ မရှိရှိတဲ့ ငွေလေးတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်ပြီး လွှစက်တွေ ၀ယ်ရာမှာ ဈေးမတက်ပဲ နဂိုဈေးအတိုင်း ရောင်းပေးလို့ သူတို့ကိုယ်တိုင် ကိုယ်တော်တွေအချင်းချင်းကြား ပြောဆိုနေသံတွေ သာဓုခေါ်သံတွေ ထွက်လာနေတဲ့ ကုမ္မဏီက တကာတွေလား’တဲ့။ ‘ဟုတ်ပါတယ်ဘုရား’လို့လျှောက်ထားသူတွေက လျှောက်ထားလိုက်ကြတော့။ အဲဒီ ဆရာတော်ကြီးကပဲ ‘ငါ လုပ်ပေးမယ်။ ငါ ဆောင်ရွက်ပေးမယ်။ ငါ့အစီအမံနဲ့ လာတယ်ဆိုတာပြော-’ဆိုပြီး သူ့နည်းသူ့ဟန်နဲ့သူ စီစဉ်ကူညီပေးလိုက်တော့ ကျနော်တို့လဲ တက်သုတ်ရိုက်ပြီး ထွက်နိုင်တော့တာပေါ့ဗျာ။

နာဂစ်ပြီးလို့တပတ်အကျော် (၁၁)ရက်နေ့မှာပဲ ကျနော်တို့ မော်တော်ကြီး ရန်ကုန်ကနေအောင်အောင်မြင်မြင် ထွက်နိုင်လာခဲ့တာပေါ့ဗျာ။ ကျနော်နဲ့အတူ အလှူရှင်တွေလဲဖြစ်တဲ့ ကျနော့်မိတ်ဆွေလေးယောက် ကိုယ်တိုင်ကိုယ်ကျ မော်တော်နဲ့ လိုက်လာခဲ့ကြတယ်ဗျ။

မော်တော်ထွက်ခါနီးမှာပဲ သောက်ရေသန့်ပုလင်း အတွဲလိုက် အတွဲလိုက် (၂၀၀)ကျော်လောက်ကိုလဲ ဆွဲပြီးတင်လာခဲ့ကြသေးတယ်ဗျ။ ခေါက်ဆွဲခြောက်ထုပ်ဖာတွေ ကိုလဲ အနားကနေ ရနိုင်သမျှ တော်တော်များများ ဆွဲပြီး တင်လာခဲ့ကြသေးတယ်ဗျ။

အင်း...လမ်းခရီးတလျောက် သိပ်ပြီးထူးထူးထွေထွေဘာပြဿနာမှ မပေါ်ခဲ့ပေမဲ့၊ ကိုယ့်ဇာတိ ကိုယ်ပြန်ပြီး အောင်အောင် မြင်မြင်လှူနိုင်တော့မယ်ဆိုပြီး ပီတိလေး တောင်ဖြစ်လိုက်မိသေးပေမဲ့။ မော်ကျွန်းကျော်ကတည်းက ရင်ထဲကို ထစ်ဆို့ဆို့ကြီး ဖြစ်လာတာပါပဲ၊ ပတ်ဝန်းကျင်တခုလုံးဟာ မြင်မကောင်းအောင်ပါပဲဗျာ။ ဘာတခုမှ ရှုရက်စရာ မရှိတော့အောင်ကို အပျက်အစီးတွေက နေရာတိုင်းလိုလိုပါပဲ။

ရန်ကုန်ကအထွက်ကတည်းက အပျက်အစီးတွေ နာဂစ်ရဲ့ခြေရာလက်ရာတွေကိုတော့ နေရာအနှံ့တွေ့ခဲ့ ရပေမဲ့ ဘိုကလေးနယ်ထဲဆီ ၀င်လာလေလေ အပျက်အစီးတွေက မြင်မကောင်း ရှုမကောင်းအောင် များလာလေလေလို့ခံစား လိုက်ရတယ်ဗျာ၊ တကယ်ဗျာ...တကယ် တကယ်၊ မြစ်ဝကျွန်းပေါ်ဇာတိ မဟုတ်တဲ့ ကျနော့် မိတ်ဆွေတယောက်ကတောင် ဟင်းကနဲ ဟင်းကနဲ သက်ပြင်းရှည်ကြီးကို ခဏခဏချနေရ လောက်အောင် မြင်ကွင်းတွေက ဆို့နင့်စရာကြီးတွေချည်းဖြစ်နေတော့။ မြစ်ဝကျွန်းပေါ်သား ဇာတိစစ်စစ်ဖြစ်ခဲ့တဲ့ ကျနော့်လိုကောင်ရဲ့ရင်ထဲ ဘယ့်နှယ်ဖြစ်နေမလဲဆိုတာ ခင်ဗျားဟာ ခင်ဗျားပဲ မှန်းကြည့် ပေရော့။

ဘိုကလေးနား နီးလာလေ အလောင်းတွေက ဟိုနားတလောင်း ဒီနားတလောင်း စပြီးတွေ့လာရတယ်ဗျ။ ရေပေါ်မှာ ပေါလောပေါလောနဲ့ပေါ့။ ဘိုကလေးလဲ ကျော် ရော အလောင်းတွေက ပိုပိုပြီးများလာလိုက်တာ ဟိုနားတစု ဒီနားတစု ခပ်စိပ်စိပ်ကို တွေ့လာရတယ်။ စိတ်မကောင်းစရာဗျာ။ အလောင်းတွေထဲမှာ ကလေးလေးတွေရော သက်ကြီးရွယ်အိုတွေရော အစုံမှ အစုံဗျာ။ အလောင်းတွေကလဲ ဖေါင်းကား ဖူးရောင်လို့။ မှောက်ရက်ရော ပက်လက်ပါ ရေပေါ်မှာ ပေါလောပေါလောနဲ့။

မော်တော်ပေါ် ပါလာတဲ့ မော်တော်အလုပ်သမားလေးတယောက်က ပြောတယ်။ ‘ ဒါ...ဘာများအုံးမလဲ။ ပြီးခဲ့တဲ့ သုံးလေးရက်ကဆိုရင် မော်တော်တွေစက်လှေတွေ ဖြတ်သွားရတာ အလောင်းတွေနဲ့ချည်း တိုးတိုးနေရလို့။ စက်နဲ့ လာမငြိရအောင် ဟိုဖက်ဒီဖက် နှစ်နေရာကနေ ထိုးဝါးကြီးတွေကိုယ်စီကိုင်ပြီး မျောလာနေတဲ့ အလောင်းတွေ ကိုထိုးဝါးတွေ နဲ့ချည်း ထိုးထိုးဖယ်ဖယ်ပစ်ပြီးတောင် သွားရတာ။ အခုဟာက ဘာဟုတ်သေးလဲ’တဲ့။ ကဲ ခင်ဗျားဟာ ခင်ဗျား မှန်းသာ ကြည့်ပေရော့ဗျာ။ ကျနော်တို့မော်တော်ကြီး သွားနေ တော့လဲ ရေလယ်မှာသာ အလောင်းတွေက ဒီလောက်မများတော့တာ။ ဟိုနား တမျောမျော ဒီနား တမျောမျော - ကြည့်လေရာ တွေ့နေရတုန်း။ ဒီထဲမှာ ကျွဲသေကြီးတွေ နွားသေ ခွေးသေတွေကလဲ မနဲဘူး။ ကျွဲ ဆိုတာ တော်တော်ကို ခံနိုင်ရည်ရှိတဲ့ သတ္တ၀ါ၊ ရေ လဲ အင်မတန်ကြိုက်၊ ရေထဲလဲ တနေကုန် ရေစိမ်ခံပြီး နေနိုင်တဲ့ အကောင်မျိုး၊ အဲဒီလိုအကောင်မျိုးတွေတောင် ဒီနာဂစ်နဲ့ ကျတော့ အတုံးအရုံးဖြစ်ပြီး သေသွားရတယ်ဆိုတော့ ဒီမုန်တိုင်းဟာ ဘယ့်လောက်ပြင်းမလဲ ဆိုတာ စဉ်းစားသာ ကြည့်ရော့ဗျာ။

အဲ...မိန်းမလှကျွန်းနားလဲရောက်ကရော။အလောင်းတွေကတော့ မြင်မကောင်းအောင်ကို တွေ့ရတော့တာပါပဲ။ ကမ်းစပ်တွေမှာရော ကျွန်းပေါ်တွေမှာပါ။ သစ်ပင်ကြားတွေ မှာရော။ တောစပ်တွေမှာပါ ဘယ်နေရာကြည့်ကြည့် လူသေအလောင်းတွေချည်းပါပဲဗျာ။ စစ်ဖြစ်ထားတဲ့စစ်မြေပြင်မှာ အလောင်းတွေ တုန်းလုံးပက်လက်ဖြစ်နေတဲ့ မြင်ကွင်းတွေ ဓါတ်ပုံတွေ ကင်မရာရိုက်ချက်မျိုးတွေကို ကျနော် အများကြီး မြင်ဖူးတွေ့ဖူးတာပေါ့။

အဲဒီမြင်ကွင်းတွေက သွေးရဲရဲ သံရဲရဲတွေပဲပိုမယ်။ ဒါလောက် ခြောက်ချားစရာ မကောင်းဘူးလို့တောင် ပြောလိုက်ချင်တယ်။ အခုဟာကဗျာ...အလောင်းတွေကိုက ဖူးရောင်ဖေါင်းကားပြီး သပြေသီးမှည့်ရောင် ပေါက်နေကြပြီး တကယ့်ကို အလောင်း ဒိုက်ပုံတောကြီးလိုကို ဖြစ်နေတာ။ တကယ့်ကို မြင်မကောင်း ရှုမကောင်းအောင်ပါဗျာ။ မော်တော်ကလဲ ဖြေးဖြေးချင်းခုတ်နေရတာ ဆိုတော့၊ ပထမတော့ ကျနော် စိတ်နဲ့လိုက်ပြီး တလောင်းနှစ်လောင်း လိုက်ပြီးရေတွက်ကြည့်နေမိသေးတယ်။ ထောင်ဂဏန်းလောက် ရောက်လာတော့ ဆက်ပြီးတော့ကို မရေနိုင်တော့ဘူးဗျာ။ အနဲဆုံး ဟောဒီမိန်းမလှကျွန်းတ၀ိုက်မှာကို ကျနော်တို့ မော်တော်ပေါ်ကနေ မြင်ရတာကို အနဲဆုံးငါးထောင်အထက်ရှိတယ်။

ရန်ကုန်ကနေ ကျနော်နဲ့လိုက်လာခဲ့တဲ့ ကျနော့်သူငယ်ချင်း တရုတ်မျက်နှာတောင် တုန်တုန်ရီရီနဲ့ ဖြူပတ်ဖြူလျော် ဖြစ်သွားတယ်။ လူကတရုတ်သွေး ပါတဲ့အပြင် အစားကောင်းအသောက် ကောင်းတွေ ကြိုက်လွန်းစားလွန်းလို့အမြဲလိုလို ပန်းရောင်သန်းနေတဲ့ ကျနော့်သူငယ်ချင်းရဲ့မျက်နှာဟာ တကယ်ကို ဖြူပတ် ဖြူရော်ဖြစ်သွားတယ်။ အလောင်းတွေကို ကြည့်ပြီးသွေးမရှိတော့သလိုကို ဖြစ်သွားတယ်။ ဘယ်နေရာ ကြည့်ကြည့် အလောင်းတွေချည်းလေဗျာ။

မိန်းမလှကျွန်းဆိုတာ မိုင်နှစ်ဆယ်ပတ်လည်လောက်ရှိတဲ့ တကယ့်ကျွန်းကြီးဗျ။ ဟိုတုန်းကဆိုရင် အမြဲတန်းစိမ်း လန်းစိုပြေနေတဲ့ တကယ့်ဒီရေတောကြီး။ ဘေးမဲ့တောကြီးဗျ။ အဲဒီမှာလူနေအိမ်ခြေမရှိပဲနဲ့ ဒီအလောင်းတွေက ဘယ်ကနေရောက်လာသလဲဆိုတော့ ဘိုကလေးနယ်တလျောက် ပတ်ပတ်လည်က ဓါးမြချောင်းလောက်အထိ ရွာတွေရွာတွေက ရွာလုံးပြုတ် ကွင်းလုံးပြုတ်သွားရတဲ့ နေရာတွေကနေ လာတင်ရတဲ့ အလောင်းတွေပဲဗျ။

ဒီမိန်းမလှကျွန်း တလျောက်ကအခြေအနေ မြင်ရရှုရတာတွေနဲ့ မော်တော်သမားလေးတွေ ပြောတာတွေနဲ့တင် ချိန်ထိုးကြည့်ရရင်။ ကျနော့်အထင်... ဒီ ဘိုကလေးနယ်တခုထဲမှာတင် အနဲဆုံး သေဆုံးရသူ သိန်းဂဏန်း ရှိလောက်တယ်ဗျာ။ အဲဒါ သူတို့က ပြောတယ်။ ဒါ ခင်ဗျားမြင်ရတာ ကမ်းစပ်လောက်ပဲ ရှိသေးတယ်။ ကမ်းစပ်ကနေ မြင်ရတာလောက် ရှိသေးတယ်။ ကျွန်းပေါ်မှာလဲ အများကြီး ရှိသေးသတဲ့။

ကဲ...စဉ်းစားသာ ကြည့်တော့ဗျာ။ ဘုန်းကြီးကျောင်းလေး တကျောင်းပဲ ကျန်ခဲ့တဲ့ရွာမှာ ဘုန်းကြီးကျောင်းတောင် ကျောင်းတိုင် တိုင်ငုတ်လောက်ပဲ ကျန်ခဲ့တာတို့။ တရွာလုံး အိမ်တိုင်ငုတ်တိုလေး သုံးလေး ငုတ်ပဲ ကျန်ခဲ့တာတို့။ ဘာမှတောင် မကျန်ခဲ့ပဲ ရေပြင်ဖြစ် ကျန်ခဲ့တာတို့ အို... ကြားရ ကြားရ နားဝမသက်သာတွေကလဲ အများကြီးမှ အများကြီးဗျာ။

တယောက် ပြောတာကတော့ဗျာ။ အဲဒီတုန်းက ရေတက်နေ တုန်းကများ။ ရေပြင်ပေါ် ရောက်နေတဲ့ မော်တော်ပေါ် သင်္ဘော ပေါ်ကနေအောက်ကို ခြေထောက်ချ ကြည့်လိုက်မိရင်။ တချို့ နေရာတွေများ အိမ်ခေါင်မိုး ခြေထောက်နဲ့တိုက်မိ စမ်းမိတာမျိုး အထိတောင် ရှိသတဲ့။

မုန်တိုင်းပြီးလို့တပတ်ကျော်မှ ကျနော်တို့ ရောက်တာတောင် အလောင်းတွေက ဒီလောက်များ နေသေးတယ်ဆိုတော့။ ဒီတပတ်ကျော်အတွင်းလှိုင်းတွေ ဒီရေတွေနဲ့ ပင်လယ်ထဲအထိ ရောက်သွား မျောသွား ပါသွားပြီးသားကလဲ ဘယ်လောက်တောင် ရှိနေပြီလဲ။ ဘယ်သူမှရေတွက်လို့ရနိုင်မှာ မဟုတ်ဘူး။

ရွာလုံးကျွတ်သွားရတဲ့ နေရာတွေမှာ ရွာတောင်မရှိတော့တာ ဒီအလောင်း တွေကို ဘယ်သူကမှလဲလာပြီး ဆယ်တော့ မြှုပ်တော့မယ့်သူ မရှိတော့ဘူးဆိုတော့ စဉ်းစားကြည့်လိုက်မိရင်။ တော်တော်ကို ကြေကွဲစရာ စိတ်မချမ်းမြေ့စရာကြီးပါဗျာ။

အဲ...ဒီကြားထဲမှာ...လူမဆန်တဲ့ကောင်တွေကလဲ ရှိလိုက်သေးဗျာ။ ဘယ်လို လူမဆန်တယ် မှတ်သလဲ။ လှေတွေသမ္မာန်တွေ လေးငါးစင်းလောက်နဲ့ အလောင်းတွေကို လှန်လှောရှာဖွေပြီး ရွှေတိုရွှေစ လိုက်လံရှာဖွေ ဖြုတ်ယူနေကြတဲ့ အကောင်တွေလေဗျာ၊ ကျွန်းပေါ်အထိတက်ပြီး လိုက်လံရှာ ဖွေနေကြတဲ့ကောင်တွေကလဲ အယောက်နှစ်ဆယ်လောက်တောင်ရှိမတဲ့။ အဲဒီလို ရွှေတိုရွှေစ ရှာနေကြတဲ့အကောင်တွေကို ကျနော်တို့ ကိုယ်တိုင်လှမ်းမြင်ရတယ်။

သူများမှာ ကံဆိုး မိုးမှောင်ကျလို့သေကြရရှာတဲ့အကြားမှာ သူတို့မှာ အတော်တွက်ခြေကိုက်တဲ့ လုပ်ငန်းကြီးတခု ရလိုက်ကြသလိုပါ့။ ဘယ့်လောက် များ လူမဆန်လိုက်တယ် မှတ်သလဲ။ အလောင်းက လက်မှာ လက်ကောက်ပါတာတွေ့ရင်။ လက်ကနေတောင် ချွတ်မယူဘူး။ မြန်မြန်ဆန်ဆန်ယူရအောင် လက်ကိုဖြတ်ယူတယ်။ နားက နားကပ်ပါတာတွေ့ရင် နားရွက်ကို ဖြတ်ယူသတဲ့ဗျာ။ တောက်... လူကမွေးတဲ့ ကောင်တွေမှ ဟုတ်ရဲ့လား မသိပါဘူးဗျာ။

တချို့လူတွေကတော့ ‘သေပြီးသွားမှပဲဗျာ။ ဒီလို လုပ်ယူသွားလို့ အဲဒီလိုယူတဲ့ သူတွေအဖို့ ရွှေငွေအဖိုးတန်ပစ္စည်းတွေ ရလိုက်တယ်ဆိုရင်လဲ အလကားမဖြစ်တော့ပဲ သူတို့မှာ သုံးစရာ စွဲစရာလေးတွေ ဖြစ်သွားသေးတယ်လို့သဘောထား ကြည့်လိုက်ပေါ့ဗျာ’လို့ပြောချင် ပြောကြမယ်။ ကျနော်ကတော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။ ဒါ...လူ မဆန်တာပဲဗျ။ အဲဒီတုန်းက အဲဒီလို ရလာတဲ့ ရွှေတို ရွှေ စတွေကို အဲဒီလို လူတွေက ဘိုကလေးမြို့ပေါ်အထိ တက်ရောင်းကြတာ ရှိသတဲ့ဗျ။

အဲဒီလို ရွှေတိုရွှေစကို ၀ယ်တဲ့သူတွေကလဲ လက်ခံပြီးဝယ်တာ ရှိသတဲ့ဗျ။ ဈေးကောင်းကောင်း နှိမ်ပြီး ခိုးကြောင် ခိုးဝှက်ဝယ်ကြရာမှာ ရွှေဈေးက တကျပ်သား တသိန်းတောင်မပေးရဘူးဆိုပဲ။ အပြင်ပေါက်ဈေးက ရွှေဈေး(၅)သိန်းကျော်ဖြစ်နေချိန်မှာ တသိန်းတောင်မပေးရပဲ ၀ယ်ကြဆိုပဲ။ ကျနော်တို့နိုင်ငံမှာ ဒီလောက်တောင် ဖြစ်နေကြပြီလားလို့တောင် တွေးလိုက်မိပြီး တဖက်က တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။

စာရိတ္တတွေ အဖျက်စီးခံထားလိုက်ကြရတာဟာ တော်တော်နဲ့ကုစားလို့တောင် ရတော့မှာ မဟုတ်ပါဘူးဗျာ။ သူဌေးဆိုတဲ့ကောင်ကလဲ သူဌေးအလျောက်။ အခြေအနေမဲ့ဆိုတဲ့ကောင် ကလဲ အခြေအနေမဲ့ ဆိုတဲ့ အလျောက် တော်တော်ကို စာရိတ္တတွေက ထိခိုက်ကုန်ကြပြီဗျ။ ..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလူတွေ...ဖြစ်ကုန်ကြ ရတော့ တာပါပဲဗျာ။

အဲ...လမ်းခရီးအတွေဏ္ဍအကြုံတွေ ဆက်ပြောအုန်းမယ်။ လမ်းမှာ လှေအိုလေးတွေရရာ သမ္မာန်စုတ်လေးတွေနဲ့ အပြေး အလွှား လှော်ခတ်လာကြပြီး စားစရာ သောက်စရာ ၀တ်စရာလေးတွေ တတ်နိုင်သမျှ ကူညီခဲ့ပါဗျာ...လို့ ကျနော်တို့ မော်တော်နားအထိ ကပ်လာပြီးတောင်းကြတယ်။ တချို့လဲ ခပ်လှမ်းလှမ်းဆီကနေ အော်ပြီး အကူအညီ တောင်းကြတယ်။

ကျနော်တို့လဲ ရေသန့် ပုလင်းအတွဲတွေ ခေါက်ဆွဲခြောက်ထုပ်ဖာလေးတွေ ပစ်ပေးခဲ့ပါတယ်။ အနားထိ ရောက်လာတဲ့ အကူအညီတောင်းလာသူတွေကိုတော့ ဆန်တအိတ်စ နှစ်အိတ်စ ချပေးခဲ့တာတွေရှိသလို အဝတ်အိတ်ထုပ်ဖေါက်ပြီး သင့်သလို စွန့်ကြဲဝေငှပေးခဲ့တာတွေ ရှိပါတယ်။ ဘယ်သူမှတော့ လက်ချည်း ဗလာဖြစ်မသွားရအောင် ချင့်ချိန်ပြီး ပေးပစ်ဝေပစ်ခဲ့ပါတယ်။ အဓိက ဝေဖို့လှူဖို့ ရည်မှန်းသွားခဲ့တာက ကျနော့်ဇာတိမွေးရာ ကဒုံကနိဖက်ကိုဆိုတော့။ လမ်းမှာ တွေ့ရတာတွေ များများစားစားတော့ မဝေခဲ့နိုင်ဘူးပေါ့ဗျာ။ တတ်နိုင်သမျှ မလွတ်ရအောင်တော့ ပေးခဲ့ ကမ်းခဲ့ ကူခဲ့ပါတယ်။ ဘိုကလေးတနယ်လုံးဟာလဲ ကိုယ့်နယ်ပဲ မဟုတ်လား။

ကျနော့် မွေးရပ် ဇာတိရွာလေး ရောက်တော့။ တော်တော်ကို ၀မ်းနည်းဝမ်းသာ ခံစားရတယ်။ နာဂစ်ရဲ့ဒဏ်ကို ဘယ်သူမှ မလွတ်အောင်ခံထားရတယ်။ ဒါပေမဲ့ အဆိုးဝါးဆုံး ခံလိုက်ရတဲ့ တခြားရွာတွေနဲ့စာရင်တော့ တော်တော် တော်သေးတယ်လို့ ပြောရမှာပဲ။ ရွာလုံးပြုတ်ဖြစ်သွားတဲ့အထဲမပါဘူး။ ဒဏ်ရာတွေ ကြားထဲမှာ ရွာအဖြစ် ရပ်အဖြစ်တော့ ပီပီသသ ကျန်နေရစ်ပါသေးတယ်။

တခြားတခြားသော ဆိုးဆိုးဝါးဝါး ခံလိုက်ကြရတဲ့ရွာတွေက ပြေးလာကြ တက်လာကြတဲ့ ဒုက္ခသည်တွေတောင် တော်တော်များများ ရောက်လို့ဗျ။ ဒီဖက်ကနေ ဘိုကလေးတက်သွားကြ။ မအူပင် ရောက်သွားကြသူတွေလဲရှိလို့။ ကျနော်တို့ရောက်တဲ့ အချိန်မှာတော့ တခြားရွာက ဒုက္ခသည်တွေ အရင်ရက်တွေကလောက် မများတော့ပဲ ရွာခံရပ်ခံတွေပဲ အများဆုံး ရှိတော့တယ်လို့ ပြောကြသဗျ။ ဟာ...ဒုက္ခသည်တွေကတော့ ရှိတာပေါ့။ ဒီမှာလဲ ထိတော့ ထိထားတာပဲဟာ။ နာဂစ်လက်ချက်နဲ့တော့ ဘယ်လွတ်မလဲ။ နည်းတာနဲ့များတာ၊ ကုန်းကောက်စရာ မကျန်အောင် ခံလိုက်ကြရတာနဲ့ အဲသလောက်အထိ မခံလိုက်ကြရတာ။ ဒါလောက်ပဲ ကွာတာ။ ခံတော့ ခံလိုက်ကြရတာချည်းပါပဲ။ အခံရကြီးနဲ့ အခံရလေးပဲကွာတာ။

အဆိုးဆုံး ခံလိုက်ကြရသူတွေဟာ အဆင်းရဲ ဆုံးလူတွေချည်းပေါ့ဗျာ။ မုန်တိုင်းရဲ့ ပြင်းအားက အတူတူဆိုရင်။ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ တိုက်တွေ အိမ်တွေက ခေါင်မိုးလန်တာ မှန်တွေတံခါးတွေ ကွဲအက်ယိုင်ရွဲ့သွားတာလောက်ပဲ ရှိမယ့်အချိန်မှာ။ အိမ်အိုနဲ့ တဲစုတ်တွေ။ အဖြစ်လောက်ဆောက်ထားရတဲ့ ဆင်းရဲသားအိမ်တွေမျိုးကတော့ စုတ်ပြတ်သတ်သွားရတော့မှာပေါ့။ တဲလေးတွေ ထရံကာလေးတွေကတော့ ဘယ်ရောက် သွားမှန်းမသိရအောင်ကို တစစီလွင့်စင်သွားရတော့တာပေါ့။

ဆင်းရဲလေလေ ခံရလေလေသာမှတ်။ ကျနော်တို့ရွာမှာလဲ နာဂစ်ပြီးတော့ အကြမ်းဖျင်းအားဖြင့် လူအတန်းအစား သုံးမျိုးလောက် ဖြစ်လာတာတွေ့ရတယ်။ ချမ်းသာတဲ့လူတွေနဲ့ အာဏာပါဝါရှိတဲ့ကောင်တွေ။ အာဏာပိုင်အဆင့်ဆင့်ရဲ့ လက်ကိုင်ဒုတ်လို ကောင်မျိုးတွေက တအုပ်စု။ ဆင်းရဲမွဲတေပြီး အကြီးအကျယ်ဒုက္ခ ရောက်နေကြသူ လက်တွေ့ကပ်ဆိုးဒဏ်သင့်နေကြရသူတွေက တအုပ်စု။ အစက ဒီရွာကမဟုတ်ပဲ မုန်တိုင်းဒဏ်ကြောင့် ရွာလုံးပြုတ်သွားကြရ ရွာပျက်သွားကြရတဲ့ အနီးအပါး နေရာပေါင်းစုံ ရွာပေါင်းစုံကနေ ဒုက္ခသည်တွေအဖြစ် ရောက်လာကြသူတွေက တအုပ်စု။ အုပ်စုသုံးစုလောက် ဖြစ်နေတာ သွားတွေ့ရတယ်။

အဲဒီထဲမှာ ငယ်တုန်းက ကျောင်းနေဖက်တချို့ ငယ်သူငယ်ချင်းတချို့ သိဟောင်း ကျွမ်းဟောင်းတွေတချို့လဲ ပြန်တွေ့ရတယ်ဗျ။ တယောက်နဲ့ တယောက်ကတော့ ဘယ်ထပ်တူ တူမလဲဗျာ၊ သူတို့ ဘ၀တွေ အခြေအနေတွေကလဲ အမျိုးမျိုးပဲ။ ဘာပဲဖြစ်ဖြစ် ခုတင်ကပြောတဲ့ အုပ်စုသုံးမျိုးထဲက တမျိုးမျိုးတွေချည်းပါပဲ။ ကျနော် ရောက်လာတာမြင်တော့ အားလုံးလိုလိုကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်လို့ပြောရမှာပဲ။ ဘာပဲပြောပြော ကျနော်က ကျနော်တတ်နိုင်သလောက် ရွာကိုကူညီဖို့လာတဲ့သူကိုးဗျ။ အဲဒီထဲမှာ လက်ရှိရွာမှာ အာဏာပါဝါရှိနေတဲ့ ကောင်တချို့လဲပါတယ်။

ကျနော်ကလဲ ခင်ဗျားသိတဲ့အတိုင်းပဲ။ လူအမှမဟုတ်တာ။ ကုန်သည်ကြီး မျက်စေ့ကလဲ ရှိပြီးသားပဲဟာ။ အဲဒီတော့ ကိုယ်လှူမယ့် တန်းမယ့်ဟာလေး အဖုအထစ်မရှိရအောင်ရော သူတို့တွေလဲ ကျေကျေနပ်နပ် ဖြစ်သွားအောင်ပါ တွက်ချက်ပြီး အဲဒီ အာဏာပါဝါ ရှိနေတဲ့ အသိကောင်တွေကို ရောက်ရောက်ချင်း ‘ငါကတော့ ကိုယ့်ရွာကိုယ်မမေ့လို့။ ဒုက္ခရောက်နေကြတဲ့သူတွေကိုလာပြီး သံယောဇဉ်စိတ်နဲ့ လာလှူတာ တန်းတာ ကူညီတာပဲကွာ။ အဲဒါ...မင်းတို့လဲ ငါ့ကို ၀ိုင်းကူညီကြအုန်း’လို့ပြောလိုက်တယ်။ ပြီးတော့ ဦးဦးဖျားဖျား အဲဒီကောင်တွေ အိမ်အတွက်လဲ ဆန်အိတ်တအိတ်စီ အရင်ဆုံး ပေးပစ်လိုက်တယ်။

ယူလာတုန်းက ပီနံအိတ်ကြီး (၁၈)လုံးပေမဲ့။ လမ်းမှာ တလုံးဖေါက်ပြီး ဝေငှပစ်ခဲ့လို့(၁၇)လုံးကျော်ကျော်ပဲ ရှိတော့တဲ့ တရုတ်နယ်စပ်က အ၀တ်အထည်အိတ်ကြီး တွေကိုလဲ အဲဒီထဲက တယောက်ရဲ့ အိမ်ထဲအထိ သယ်ပြီး ချထားလိုက်တယ်။ သင့်မယ်အ၀တ်အထည်လေးတွေ ရွေးပြီးတယောက်မကျန် ထိုက်သင့် သလောက်စီ အရင်ဆုံး လက်ဆောင်ပေးပစ်လိုက်တယ်။

ပြီးတော့မှ အခုရွာမှာ လူဘယ်နှယောက်လောက် ရှိနေသလဲ။ အိမ်ထောင်စုက ဘယ်နှအိမ်ထောင်စုလောက် ရှိနေသလဲ။ ဘယ်ကနေ ရောက်လာ ရောက်လာ အခုရှိနေတဲ့ ဒုက္ခသင့်နေကြသူအားလုံး ရွာရှိလူကုန်သာ အကုန်ပါအောင် တွက်ချက်ကြည့်ပေးကွာ...လို့ပြောပြီး နယ်စပ်ကတည်းကပါလာတဲ့ ကျနော့်မိတ်ဆွေ ကုန်သည်ကြီးနှစ်ယောက်ရော ရန်ကုန်ကလိုက်လာတဲ့ မိတ်ဆွေကိုပါ အတူခေါ်ပြီး ရွာလည်လမ်းကနေ နေရာအနှံ့ လိုက်ကြည့်မိတယ်။

ပြီးတော့ အိမ်ပြန်ရောက်တော့ သူပြောတဲ့ လူဦးရေနဲ့ ကျနော်တို့သယ်လာတဲ့ ဆန်အိတ်(၅၀၀)နီးပါးကို ပြီဖွဲ့ပြီး။ တယောက် ဘယ်နှပြီလောက် ဝေလို့ရနိုင်မလဲဆိုတာ တခါတည်း တွက်ကြည့်လိုက်မိတယ်။ လမ်းမှာ နည်းနည်းပါးပါး ချပေးခဲ့တာတွေလဲ ရှိသေးတော့ ဆန်က အိတ်(၅၀၀)နီးပါးပဲ ကျန်တော့တာပေါ့ဗျာ။ တွက်ကြည့်လိုက်တော့ တယောက် နှစ်ပြီနှုန်းတော့ ကောင်းကောင်းဝေနိုင်သေးတာ တွက်မိပြီး လူတယောက် နှစ်ပြီနှုန်း လိုက်ပြီး အဝေခိုင်းလိုက်တယ်။

ကျနော်တို့ကိုယ်တိုင်လဲ ကိုယ်တိုင်ကိုယ်ကျ ချင်ပြီး ဝေပေးတာတွေ လိုက်ဝေပေးတာတွေ ရှိသလို။ သူတို့တွေကိုလဲ အဝေခိုင်းလိုက်ရတာ ရှိတာပေါ့။ ဘယ်လိုလုပ်ပြီး ကိုယ့်ဟာကိုယ်ချည်းတော့ နေရာစုံ ရောက်အောင် နှံ့အောင် လူစေ့အောင် ဝေပေးနိုင်မလဲဗျာ။ ပြီးတော့ ကိုယ်တိုင်ကလဲ မြန်မြန်ဆန်ဆန် ပြီးအောင် ဝေလိုက်ချင်တာပါတော့။ ကိုယ်ကိုယ်တိုင်လဲဝေ။ သူတို့ကိုလဲ လိုက်ဝေပေးပါလို့ ပြောလိုက်ရတာပေါ့ဗျာ။

အဲဒီမှာ...ဘာ ထပ်တွေ့လိုက်ရပြန်သလဲသိလား။ ဒီခေတ်မှာ ရွာလူကြီး ရပ်လူကြီး လူတွင်ကျယ် လုပ်နေကြသူ တွေထဲမှာ အကျင့်ဆိုး ဥာဉ်ဆိုးက ဘယ်လောက်ပါနေကြသလဲ သိလား။ သူတို့ကို ဦးဦးဖျားဖျား တအိမ် ဆန်တအိတ်စီ ပေးထားပြီးသား ဖြစ်တဲ့ကြားထဲက။ ဆန်အိတ်ကို ထပ်ပြီး ကဲ့ထားခိုးထား လိုက်ကြသေးတယ်ဗျာ။

ကိုယ်ကိုယ်တိုင်က ဆန်အိတ် ထမ်းပြီး အိမ်ပေါက်စေ့ လူတိုင်းစေ့အောင် လိုက်ဝေနိုင်တာ မဟုတ်တော့။ သူတို့တွေကိုပါ လိုက်အဝေခိုင်းရတာဆိုတော့။ အဲဒီလို သူတို့ကိုယ်တိုင်လိုက်ဝေပေးရတဲ့ အချိန်လေး နေရာလေးတွေ ကြားထဲမှာ မဖြစ်ဖြစ်အောင် ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာပေါ့ ဗျာ။

ကျနော်တို့က ဒီဖက်ခြမ်း သွားဝေနေရင်။ သူတို့က ဟိုဖက်ခြမ်း သွားဝေနေရင်းက။ ရသမျှအချိန် လေးတွေ ကြားထဲမှာ သူတို့အတွက် ထပ်ပြီး ကဲ့ထားလိုက်ကြ ယူထားလိုက်ကြတာမျိုးပေါ့။ အကြံအဖန်လုပ်ပြီး ကဲ့ထား ယူထားလိုက်ကြတာမျိုးပေါ့။အိတ် (၁၀၀)လောက်နဲ့လောက်ရမယ့် ရပ်ကွက်တခုမှာ (၁၀၂)အိတ်လောက် ကုန်သွားတာမျိုးလုပ်ပြီး (၂)အိတ်လောက်က ကိုယ်တွက်ချန်ထားပြီး ဝေပေးလိုက်တာမျိုးပေါ့ဗျာ။ ကိုယ်ကလဲ သူတို့ကို ဟုတ်မဟုတ် ဘယ်လိုသွား စာရင်းစစ်ကြည့်လို့ဖြစ်မတုန်း။

ဒုက္ခသည် တွေကလဲ ကိုယ်ရတာလေးပဲ ကိုယ်ယူပြီး ဆန်တွေ ဘယ်လောက်စာရင်းကွာနေပါတယ်။ ဘုံးသွားတာတွေ ရှိနေပါတယ်လို့ ဘယ်လိုလုပ်ပြီး စောဒက တက်မတုန်း။ ရတာလေးနဲ့ပဲ ယူသွားရမယ့် သဘောချည်းဆိုတော့။ အဲဒီကောင်တွေ ကြိုက်သလို ကဲ့ဖို့ အခွင့်အလမ်းကလဲ ပွင့်နေတာကိုးဗျ။

ရှိသမျှ လူတွေ ကြီးကြီးငယ်ငယ် အကုန်လာကြပါ ။ ကျနော် ဆန်လှူချင်လို့ပါ...လို့ပြောပြီး တန်းစီလာသမျှတွေကို ဆွမ်းကြီးလောင်းသလို တယောက်ချင်း ကိုယ်ကိုယ်တိုင် အကုန်ဝေပေးနိုင်တယ် ဝေခွင့်ရတယ် ဆိုရင်တော့လဲ။ အဲဒီလို ဘယ် ကဲ့လို့ခိုးလို့ရမလဲဗျာ။ အခုဟာက သူခိုးကို သွားပြီး အကူအညီတောင်း အဝေခိုင်းရတာမျိုး ဖြစ်နေတယ်။ ယုန်ကို မုံလာဥ ဂိုဒေါင်အစောင့် ခိုင်းထားလိုက်ရသလိုမျိုး ဖြစ်နေတာကိုး။ များများမခိုးတာ အကုန်မဘုံးလိုက်တာကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်ရဦးမယ့်ကိန်းမျိုး ဖြစ်နေတယ်။

လှူချင်တာတောင် စိတ်တိုင်းကျ ကြိုက်တဲ့ပုံစံနဲ့မှ လှူလို့မရတာ။ နဲနဲပါးပါး အဲဒီလို အကဲ့ခံလိုက်ရတာ အဘုံးခံလိုက်ရတာ ရှိပေမဲ့။ အလှူကတော့အလှူမြောက် သွားခဲ့ပါတယ်။ လူတိုင်းလူတိုင်း ဆန်နှစ်ပြီစီတော့ အကုန်ရသွားကြတယ်ဗျ။ မရလိုက်တဲ့သူ မရှိဘူး။ ကျန်သွားတဲ့လူတော့ မရှိဘူး။ ခိုးတဲ့ကောင်တွေ ခိုးလိုက်ကြတာကိုတော့ သူ့အကုသိုလ်နဲ့သူ။ သူ့အပြစ် နဲ့သူ...လို့ပဲ သဘောထားလိုက်ရတော့တာပဲ။

ဒုက္ခသည်တွေအတွက်ထဲကတောင်၊ သူတပါးရဲ့ အလှူအတန်း ဒါနထဲကတောင်၊ ရက်ရက် စက်စက် ခိုးရက်လိုက်တာ။ မျက်နှာပြောင်လိုက်တာ- လို့ပဲ သဘောထားလိုက်ပါတယ်။ အဲ...အဲဒီလိုပဲ။ ဆန်တွေမှ မဟုတ်ဘူးဗျ။ တရုတ်နယ်စပ်ကနေ ဆွဲလာခဲ့တဲ့ အ၀တ်အထည်အိတ် ပီနံအိတ်ကြီး(၁၈)လုံးထဲက (၁၇)လုံးခွဲ ကျော်ကျော်လောက်ထဲကလဲ နည်း နည်းပါးပါးတော့ သမခံလိုက်ရတယ်။

ချထားရတဲ့အိမ်က မိသားစုဝင်တွေက သူတို့ကြိုက်တဲ့အ၀တ်အစားလေးတွေ ကောင်းတာလေးတွေကို စိတ်တိုင်းကျ ရွေးချယ် ယူထားလိုက်ကြပြီး။ ကိုယ့်ဟာကိုယ် ခွဲတမ်းယူထားလိုက်ကြတာမျိုး။ ဦးဦးဖျားဖျား ရထားပြီးသား ဖြစ်တာတောင်။ အားမရနိုင်သေးပဲ ထပ်ပြီး နှိုက်ထားလိုက်ကြတာမျိုးပေါ့ဗျာ။

တရုတ်နယ်စပ်ကနေ အသစ်တွေချည်း ၀ယ်သွားတာဖြစ်ပေမဲ့။ အားလုံးက တမျိုးတစားထဲတွေချည်းမှ မဟုတ်တာ။ အမျိုးမျိုးအစားစားကိုးဗျ။ ဈေးပေါတာလဲပါ။ ဈေးသင့်တာလဲပါ။ လှတာလဲပါ မလှတာလဲပါ။ အရောင်အသွေး ဒီဇိုင်းမျိုးစုံ ဆိုက်စုံဆိုတော့။ လူကြီးအိမ်က မိသားစုဝင်တွေကတော့ အရင်ဦးအောင် ဖေါက်ပြီး။ ဘိုးဘွားပိုင်ပစ္စည်း စိတ်တိုင်းကျ ခွဲယူသလို ယူထား လိုက်ကြတာဗျ။

ကျန်တာမှ တွေ့သမျှ ဒုက္ခသည် တွေကို ရော့..အင်..ဆိုပြီး။ စေတနာသုံးတန် ပြဌာန်းပြီး မြန်မြန်ဆန်ဆန် ဝေငှပေးလိုက်ရတယ်။ တော်တော်များများ တော့ရသွားကြပါတယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ သာဓုခေါ်သွားကြ ၀မ်းသာ သွားကြတာတွေလဲ ကိုယ်တိုင်ကိုယ်ကျမြင်လိုက်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပေးလိုက်ရရင်း ပီတိသောမန၏တွေ ခံစားလိုက်ရတာလဲ ရှိပါတယ်။

ခုတင်က ပြောသလို နဲနဲပါးပါးတော့ စိတ်မကောင်းဖြစ်စရာတွေ ဒေါမနဿ ဖြစ်စရာတွေလဲ ရှိတော့ရှိတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အလှူအတန်းတော့ မြောက်ပါတယ်။ နယ်စပ်ကလိုက်လာတဲ့ အလှူရှင်တွေရော ရန်ကုန်ကမှ ပါလာတဲ့ ကျနော့်မိတ်ဆွေတွေရော။ အခုလို လှူလိုက်ရ ကမ်းလိုက်ရ ပေးလိုက်ရ ဝေလိုက်ရတာအပေါ်မှာတော့ စိတ်မကောင်းစရာတွေကြားထဲကနေ ၀မ်းသာပီတိတွေတော့အားလုံး ကိုယ်စီကိုယ်ငှ ခံစားလိုက်ကြရပါတယ်။ အောင်အောင်မြင်မြင် လှူဒါန်းလိုက်နိုင်တယ်ပေါ့ဗျာ။

အဲ...ရွာမှာ အဲဒီလို ရောက်ပြုနေရတုန်း ဘာထပ်ပြီး တွေ့ခဲ့ရသေးလဲဆိုတော့။ နိုင်ငံတော်အစိုးရမင်းများက မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေအတွက်ဆိုပြီး စစ်တပ်ကတပ်ခွဲ တခွဲ ချထားတယ်ခင်ဗျ။ လုံခြုံရေးတို့ ဘာတို့ဆိုတဲ့ခေါင်းစဉ်နဲ့ နေမှာပေါ့ဗျာ။ တပ်မ(၆၆)က တပ်ခွဲဆိုလား ဘာလား မသိပါဘူး။အဲဒီက တာဝန်ရှိသူ အရာရှိ ဆိုတဲ့ကောင်ကလဲ မနက်လင်းကတည်းက အရက်တစွတ်စွတ်သောက်ပြီး တနေကုန်မူးနေတာခင်ဗျ။

ရွာက တာဝန်ရှိတဲ့ လူကြီးဆိုတဲ့သူတွေက သူ့ကိုပဲ ကျေနပ်အောင် ဧည့်ခံပြုစုနေရတာလဲ တွေ့ခဲ့ရတယ်။ အဲဒီအရာရှိ ဆိုတဲ့ကောင်ဆီက ဘာအကူအညီမှ မရပဲ သူ့ကိုပဲ ပြုစုဧည့် ခံနေရတာနဲ့ အချိန်ကုန်တဲ့သူကကုန်။ အရက်နဲ့မြည်းဖို့ ကြက်ရှာပေးရ ငါးရှာပေးရပေါ့ဗျာ။ ကျနော့်ကျောင်းနေဖက် တယောက်ကလဲ ရွာမှာ အာဏာပါဝါရှိသူ တယောက်အဖြစ် ပါနေတော့ ကျနော်တို့ လှူခဲ့တန်းခဲ့ရာမှာ ဘာပြဿနာမှ မပေါ်ခဲ့ရပါဘူး။

စောစောက ပြောခဲ့သလို ကျနော်တို့ကလဲ အုတ်အော်သောင်း တင်းဖြစ်အောင် ဘာမှမလုပ်ပဲ တက်သုတ်ရိုက်ပြီး မြန်မြန်ဆန်ဆန် လှူခဲ့ တန်းခဲ့ ဝေခဲ့ငှခဲ့တာလဲဖြစ်တော့။ အရက်မူးနေတဲ့ အဲဒီတပ်ခွဲမှူးဆိုတဲ့ ကောင်ဆီက ဘာပြဿနာရှာတာမှလဲ မကြုံခဲ့ရပါဘူး။ ကျနော်တို့ကလဲ ညဆိုရင် ရွာထဲတောင်မအိပ်ခဲ့ပါဘူး။ ကိုယ့်မော်တော်ပေါ် ကိုယ်ပြန်အိပ်ခဲ့ကြပြီး နှစ်ရက်ထဲနဲ့ အကုန်အောင်အောင်မြင်မြင် ပြီးမြောက် လာခဲ့ကြပါတယ်။

နှစ်ရက်ပဲကြာပြီး ပြန်လာခဲ့ကြတော့။ အပြန်လမ်း မှာ ဘိုကလေးကို ခဏတော့ ၀င်ကပ်ခဲ့ကြည့်ခဲ့ကြ သေးတယ်ဗျ။ ဘိုကလေးမှာကတော့ ဒုက္ခသည်တွေ အများကြီးပေါ့ဗျာ။ ကျနော်တို့ရောက်တဲ့အချိန်မှာ ဦးတေဇတို့ ဘာတို့ဆိုတဲ့ ထူးကုမ္မဏီကဟာတွေလဲ ရောက်နေတဲ့ အချိန်ကြီးပေါ့။

ဟိုကုမ္မဏီ ဒီကုမ္မဏီက ဆိုတဲ့ဟာတွေလဲ အများကြီး တွေ့ခဲ့ရ သပေါ့။တချို့ကလဲ လှူတာတန်းတာက နဲနဲရယ်။ ပစ္စည်းတွေ ရှေ့ကချပြီး ဓါတ်ပုံရိုက်ခံတဲ့သူက ဓါတ်ပုံရိုက်ခံကြ။ မှတ်တမ်းတင် ဗီဒီယို ရိုက်တဲ့သူက ရိုက်ပေါ့ဗျာ။ ရှိုးပြနေတဲ့သူက ခပ်များများပါ။ လမ်းမှာတွေ့လိုက်ရတဲ့ ဒုက္ခသည် သုံးလေးဦးပြောပြတာကတော့။ သူတို့မှာ အခုမှ ဆန်နို့ဆီဗူး နှစ်လုံးစီနဲ့ အာလူးက သုံးလုံးလားပဲ ရသေးဆိုပဲဗျ။

ဒါ -ရီစရာ ပြောတာမဟုတ်ဘူးနော်။ အဲဒီဒုက္ခသည်တွေကိုယ်တိုင် ပြောပြသွားတာ။ ကျနော် ပြောတာမဟုတ်ဘူး။ ကျနော်တို့မှာကလဲ ပင်လယ်ဝဖက်မှာ ယူသွားတာတွေ အကုန်လှူခဲ့ပြီးပြီဆိုတော့။ သြော် -ဒုက္ခ၊ဒုက္ခ...လို့ပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကိုယ့်ဟာကိုယ် ရင်ထဲညည်းပြီး သက်ပြင်းချရင်း အသာတပ်ခေါက် ပြန်လာခဲ့ရတယ်။

ဘိုကလေးမြို့ကနေ ပြန်အလာမှာ ကျနော့် သူငယ်ချင်းတယောက်က ကျနော် ငယ်ငယ်ကတည်းက ပုစွန်တုပ် ကြိုက်တတ်တာသိလို့။ မော်တော်ပေါ်ကို ပုစွန်တုပ် ခြောက်ကောင်လားပဲ ၀ယ်တင်လာခဲ့တယ်။ ကျနော် စားရအောင်ဆိုတဲ့ စေတနာနဲ့ပေါ့။ ဘိုကလေးဈေးထဲကပဲ ၀ယ်လာတာနဲ့တူပါတယ်။ ပုစွန်ထုပ်ကြီးတွေက အကြီးကြီးဗျာ။ ခြောက်ကောင်ကို တပိသာလောက်တောင် ရှိမလားပဲ။

အမှန်အတိုင်း ပြောရရင်။ ပထမတော့ ကျနော်လဲ တော်တော်ကို ပျော်သွားတယ်ဗျ။ အပြန်လမ်းမှာ ကနေ့ညစာတော့ ပုစွန်ထုပ်ကြီးတွေနဲ့အားရပါးရစားလိုက်ကြမယ်ပေါ့။ ကိုယ်ရည်မှန်းထားတဲ့အတိုင်း ကိုယ့်ကိုမွေးခဲ့တဲ့ ဇာတိ ရပ်ရွာအထိ ရောက်အောင်သွားပြီး ကိုယ်ပဲ ကမကထပြုပြီး။ အခုလို အချိန်ကြီးမှာ ကိုယ်တတ်နိုင်သမျှ အောင်အောင်မြင်မြင် လှူဒါန်းကူညီနိုင်ခဲ့ပြီးပြီ။ တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင် ကျေးဇူးပြုနိုင်ခဲ့ပြီးပြီ ဆိုတဲ့အတွေးနဲ့ စိတ်ညစ်ညူးစရာတွေကိုလဲ ခေါင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်တယ်ဗျ။

အစက သိန်း(၁၀၀)ပဲ မတည် ရည်စူးထားခဲ့တာက နောက်ထပ် (၃၀)ကျော်လောက် ထပ်ဆောင်းလိုက်ရပြီး ကိုယ်ကပဲ သိန်း(၁၃၀)။ ကျန်တဲ့ ကိုယ့်မိတ်ဆွေရင်းတွေကလဲ စေတနာပေါက်ပြီး ပါကြထည့်ကြနဲ့စုစုပေါင်း သိန်း(၂၀၀)ဖိုး လောက်တော့ လှူနိုင်ခဲ့ကြပြီပြီဆိုပြီး ပီတိဖြစ်စရာတွေဆီပဲ လှည့်ပြီး အာရုံပြုနေလိုက်မိပါတယ်။

တရုတ်တွေဆိုတာ အထူး သဖြင့် စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ကြကိုင်ကြတဲ့ တရုတ်တွေဟာ ရည်မှန်းထားကြတဲ့ လုပ်ငန်းဆောင်တာတခုခု ပြီးမြောက်ပြီးပြီဆိုရင်။ ညစာစားပွဲကြီးလိုဟာမျိုးနဲ့ စားတတ်သောက်တတ် အထိမ်း အမှတ်ပြုတတ်ကြတယ် မဟုတ်လား။ ကျနော်ကလဲ ဗမာပြည်မှာမွေးပြီး ဗမာပြည်ကို ချစ်တတ်တဲ့ကောင်ပေမဲ့။ တရုတ်သွေးတော့ ပါတဲ့ကောင်မဟုတ်လား။ စီးပွားရေး လုပ်တော့လဲ တရုတ်နယ်စပ်မှာပဲ အခြေစိုက်ပြီး တရုတ်တွေနဲ့ပဲ တော်တော်ဆက်နွယ်လုပ် ကိုင်နေရပြန်တော့ တရုတ်အကျင့်တွေ ဓလေ့တွေနဲ့ကလဲ တော်တော်ကို ကျင့်သားကျ နေရတဲ့ကောင်မဟုတ်လား။ ဒီတော့ ကနေ့ည ညစာကိုတော့ ကိုယ့်အကြိုက်ဆုံး ပုစွန်ထုပ်ကြီး တွေနဲ့လဲ ကြုံနေရပြန်တော့။ ကောင်းကောင်းစားပစ် လိုက်မယ်လို့လဲ စိတ်ကို ဒုံးဒုံးချပစ်လိုက် မိတယ်ဗျ ။

မော်တော်အုံနာကိုယ်တိုင်ကလဲ မော်တော်သမားလေးတွေကို ကောင်းကောင်းခိုင်းထားတော့ ကောင်လေးတွေကလဲ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ပြုတ် နေကြတယ်ပေါ့ဗျာ။ နယ်စပ်ကနေ လိုက်လာတဲ့မိတ်ဆွေတွေရော။ ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းတွေ ကိုပါ ကြည့်လိုက်တော့လဲ။ သူတို့အားလုံး ရင်ပေါ့သွားကြသလို ပုံမျိုးတွေ့ရတယ်ခင်ဗျ။ လမ်းမှာ တချက်တချက် စိတ်အနှောက်အယှက် ဖြစ်ရတာကတော့ တခါတခါ တွေ့နေရသေးတဲ့ လူသေအလောင်းတွေနဲ့ အပုပ်နံ့တွေပဲ။

မိန်းမလှ ကျွန်းနားတ၀ိုက် ပင်လယ်ဝအသွားတုန်းက တွေ့ခဲ့ရသလောက်။ ရန်ကုန်အပြန်လမ်းမှာ လူသေအလောင်းတွေ တွေ့ရတာမများတော့ပေမဲ့။ အပုပ်နံ့တွေကတော့ ဗျာ...လေအဝှေ့မှာ သိသိသာသာကို နံနေတုန်း ရနေတုန်းဗျ။

ထမင်းစား ဖို့အသင့်ဖြစ်ပြီလို့မော်တော်သမားလေးတွေ ပြောလာလို့ထမင်းစားပွဲကြီး ပြင်ထားရာဆီ ကျနော်တို့ မိတ်ဆွေတသိုက် လာခဲ့ကြ တော့။ ထမင်းဝိုင်းက မော်တော်အုံနာအပါအ၀င် ကျနော်တို့ ခြောက်ယောက်စာအတွက်ပဲ သီးသီးသန့်သန့် ကောင်းကောင်း မွန်မွန်ပြင်ထားတာ ခင်ဗျ။ အဲဒီမှာ ပုစွန်ထုပ်ကြီးတွေကို စပယ်ရှယ်ချက်ထားတဲ့ပန်းကန်ကြီးကို သပ်သပ်အုပ်ဆောင်း နဲ့တောင်အုပ်ပြီး အလယ်တည့်တည့်မှာ ခင်းကျင်းထားတာ တွေ့ရတယ်။

အမှန်အတိုင်း ပြောရရင် ကျနော့်အကြိုက်ပေါ့ဗျာ။ အဲ...အဲ...အုပ်ဆောင်း လေး အသာမလိုက်ပြီး ပုစွန်ထုပ်ကြီး ပန်းကန်ကိုလဲ ကြည့်လိုက်ကရော။ အခုမှ အိုးပေါ်က ချထားခါစ အငွေ့တထောင်းထောင်းထနေတုန်း ပုစွန်ထုပ်တွေဆီက အနံ့တမျိုး ထောင်းကနဲရလိုက်တယ်။ ဘာနံ့မှတ်သလဲ။ လမ်းတလျောက်လုံးရနေရတဲ့ လူသေ အလောင်းတွေဆီက ပုပ်နံ့မျိုးဗျာ။ တကယ့်ကို လူသေပုပ်နံ့မျိုး။ ကိုယ်မှ စိတ်ထဲစွဲနေလို့ဒီအနံ့မျိုး ရတာလား ထင်မိပြီး။ တခြားသူတွေမျက်နှာ ဆီကြည့်လိုက်မိတော့လဲ။ သူတို့တတွေလဲ စိတ်မသက်သာဖြစ်သွားကြတဲ့ပုံ အထင်းသားပေါ် နေတယ်။

တယောက်က ပုစွန်ထုပ်တကောင်ရဲ့ခေါင်းကို ဇွန်းနဲ့ဖိပြီး ဖဲ့လိုက်တော့။ အနံ့က ပိုပြီးတောင် စူးကနဲဖြစ်ပြီး သိသိသာသာ အဲဒီအနံ့ကြီးထွက်လာတယ်။ စားချင်စိတ်ကို တခါထဲ ပျောက်သွားရတာပါပဲဗျာ။ ဒါတောင် ပုစွန်ထုပ်နော်။ ဂဏန်းလိုအကောင်မျိုးသာ ဆိုလို့ကတော့။ ဒိထက် ပိုဆိုးနိုင်တယ်။ လူသေအလောင်းတွေ ထိုးဆွကိုက်ဖဲ့စားပြီး ကြီးထွားလာရလို့လားတော့ မသိပါဘူးဗျာ။ အနံ့ကတော့ အဲဒီအနံ့မှ အဲဒီအနံ့အစစ်။ ကျနော်က မြစ်ဝကျွန်းပေါ်မှာမှ ပုစွန်ပေါတဲ့ ပင်လယ်ဝမှာ မွေးလာကြီးလာရတဲ့ကောင်ပဲ။ ပုစွန်ရဲ့အနံ့ဟာ ဘယ်လို အနံ့ဆိုတာ ကောင်းကောင်းကျွမ်းပြီး သိပြီးသားပဲ။

တချက်တောင် ပြို့ကနဲ ဖြစ်သွားမိတယ်။ ထမင်းဝိုင်းက လူတွေအားလုံးမျက်နှာဟာလဲ ဇာတ်မတိုက်ထားရပဲ တပုံစံထဲ ဖြစ်သွားတယ်။ အားလုံး သက်ပြင်းကြီးတွေ ကြိတ်ချလိုက်မိကြတယ်။ ဘယ်လိုလုပ် ထမင်းစားနိုင်တော့မလဲဗျာ။ ထမင်းဝိုင်းကို အသိမ်းခိုင်းလိုက်ရပြီး။ အဲဒီနေ့ညစာကို ခေါင်ဆွဲခြောက် ထုပ်လေး ရေနွေး စိမ်ပြီး ဗိုက်ပြည့်ပြီးရော စားလိုက်ကြရ တော့တာပေါ့။

(၃)
အဲဒါတွေကတော့ ကျနော့်ရဲ့ နာဂစ်ဒဏ်သင့် အလှူခရီးအတွေ့အကြုံတွေပေါ့ဗျာ။ လူဆိုတာ ကိုယ်ရွေးချယ်ခွင့်မရှိပဲ မွေးဖွားလာခဲ့ကြရတယ်ဆိုပေမဲ့။ ကိုယ့်ကို မွေးဖွားလာခဲ့ရာ ဇာတိရပ်မြေဆိုတာ မမေ့ကောင်းတဲ့အရပ်။ တတ်နိုင်သမျှ ကျေးဇူးဆပ်အပ်တဲ့ အရပ်ဆိုတော့ ကျနော်တတ်နိုင်သမျှ လှူခဲ့တန်းခဲ့ ပေးကမ်းခဲ့ပြီးပါပြီ။ အောင်အောင်မြင်မြင် သွားရောက်နိုင်ခဲ့တာအပေါ် ကျနော်ကျေနပ်ပါတယ်။ ပီတိလဲ ဖြစ်ခဲ့ရပါတယ်။

ပီတိနဲ့အတူ စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေလဲ တွေ့ခဲ့ရတာတော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ပြောရရင် ကိုယ်ပြုနိုင်သမျှ ကုသိုလ်လေး စေတနာသုံးတန် ပြဌာန်းပြီး ပြုခဲ့ရပြီးပါပြီ။ ခိုးကြ ၀ှက်ကြ ကဲ့ကြ ယူကြတာ တွေအပေါ်လဲ ကောင်းကောင်းမြင်သိ ရှုမြင်လိုက်ရပြီး တရားရမိပါတယ်။ ဘယ်လိုနှလုံးသွင်း ရမယ်ဆိုတာလဲ သဘောပေါက်ပါတယ်။..ဒီမင်း..ဒီစိုး..ဒီသူခိုး..နဲ့..ဒီမိုး..ဒီလေ..ဒီလူ.. တွေကိုးဗျ။

အဲဒီတော့ ကျနော့်ရဲ့ဒီအလှူ ဒီခရီးစဉ်တခုလုံးအပေါ် နိဂုံးချုပ်ပြီး ပြောရမယ်ဆိုရင်...
ကျနော့်တယောက်ချင်းအနေနဲ့ကတော့ ... ‘မိစ္ဆာ ဗာလ အလစ်တော ရောရှုရပြီး။ နိဗ္ဗာန ပစ္စယော ဟောတု ’ ပါပဲခင်ဗျာ။ ဟုတ်တယ် ... မိစ္ဆာ ဗာလ အလစ်တော ရော ရှု ။ နိဗ္ဗာန ပစ္စယော ဟောတု ... ပါပဲ ခင်ဗျာ။

( ၀င်းတင့်ထွန်း )
၂၂-၆-၂၀၀၈
( မှတ်ချက်။ တရုတ်-မြန်မာနယ်စပ်မှ ကုန်သည်ကြီး ‘ကို - -’သို့ ရည်ညွှန်းအပ်ပါတယ်။ )

http://komoethee.blogspot.com/

A

B

C

The Kitchen မီးဖိုချောင်