Friday, June 13, 2008

မင်းတြားကြီးရဲ့ယတြာ

မင်းတြားကြီးရဲ့ယတြာ
ရန်လိုကျွဲ
ဇွန် ၁၂၊ ၂၀၀၈

ထုံးစံအတိုင်း တနေ့သ၌တွင် ဖြစ်သည်။ ဘန်ကောက်မြို့ တက္ကသိုလ်တစ်ခုတွင် ကျောင်းသူများ၏ ၀တ်စား ဆင်ယင်ပုံကို မျက်တောင်မခတ် လေ့လာနေခိုက် တယ်လီဖုန်းက အလိုက်မသိဘဲ ထမြည်သည်။ မိုးမခ အယ်ဒီတာမင်းတစ်ယောက်က ဖုန်းလှမ်းဆက်ခြင်းပင်။ ဖုန်းထဲမှအသံက အောက်ပါအတိုင်း ထွက်ကျလာသည်။

“ဟေ့လူ၊ ခင်ဗျား မြန်မာပြည်သွားရမယ်။ နေထိုင်တည်းခိုဖို့အတွက် မပူနဲ့။ အားလုံးစီစဉ်ထားပြီးပြီလို့ ဆိုတယ်။ အဲ - ရန်ကုန်ရောက်တာနဲ့ ရန်မျိုးအောင်စေတီကိုသွား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စောင့်နေလိမ့်မယ်။ အခုချက်ချင်း မြန်မာသံရုံးကို ပြေးပေတော့၊ သံအမတ်ကြီးကိုယ်တိုင် ခင်ဗျားရန်ကုန်သွားဖို့ လေယာဉ်လက်မှတ် စီစဉ်ပေးမှာ။ ရှင်းတယ်နော်။”

ဟုတ်ပြီ၊ ကြိုက်ပြီ။ မြန်မာသံရုံးက စီစဉ်ပေးမည်ဆိုသည်ကိုတော့ အံ့သြမိသည်။ သံရုံးနှင့် ရေစက်မကုန်သေး။ အံ့သြမှုကို အသာထား၊ လေယာဉ်လက်မှတ် အလကားရမည် ဟုဆိုသဖြင့် ၀မ်းသာမိသည်။ ဘန်ကောက်တွင် ဘိုင်ကျနေသော ဂျာနယ်လစ်သမားဘ၀မို့ အငှားကားစီးဖို့ပင် အကြိမ်ကြိမ် စဉ်းစားနေရသည်မဟုတ်ပါလား။ လိုရင်းကိုရေးရလျှင် ဤသို့ဖြင့် လူထုချစ်သော မင်းတြားကြီး သန်းရွှေနှင့် ဒုတိယမ္မိ တွေ့ကြပြန်လေသည်။

သင်္ကန်းကျွန်းတွင်ရှိသော ရန်မျိုးအောင်ဘုရားသို့ ကျွန်ုပ် ရောက်လေပြီ။ ဘုရားဝင်း အတွင်းအပြင်တွင် ဂုမ္ဘန်တစ်ထောင် မဟုတ်သော်လည်း ပျောက်ကျားဝတ်စုံနှင့်စစ်သား ၁၀၀ ခန့်က ဟန်ရေးပြနေကြသည်။ မင်းတြားကြီး၏ဘေးတွင် လက်ဆွဲအိတ်ကိုယ်စီနှင့် ဆရာဝန်ဗိုလ်မှူးကြီး၂ယောက်။ မင်းတြားကြီးက စတင်နှုတ်ဆက်သည်။ ကျွန်ုပ်အား ကောင်းစွာ မှတ်မိနေသည်။

ဘယ်လိုလဲ၊ မင်း အလဲဗင်းဂျာနယ်မှာ အလုပ်မရဘူးမဟုတ်လား။

ဟုတ်ကဲ့။ ကျနော့်ကို သူတို့ အစမ်းခန့်ကြည့်ပါသေးတယ်။

ဒါဆို မင်းကို သူတို့ မကြိုက်ဘူးပေါ့။ မင်းက ခပ်ညံ့ညံ့ သတင်းထောက်ထင်ပါရဲ့။

မညံ့ပါဘူးဗျ၊ ချင်းမိုင်က စာနယ်ဇင်းကျောင်းမှာတုန်းက အတော်ဆုံး သင်တန်းသား ၁၀ ယောက်ထဲမှာ ကျနော် ပါတယ်ဗျ။ (စကားချပ်-ဟန်ကိုယ့်ဖို့ ဆိုသော်လည်း မှန်သောစကားဆိုခြင်းဖြစ်သည်။ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၁၀ ယောက်ခန့်သာရှိသည်။)

မညံ့ဘူးဆို မင်း ဘာကြောင့် အလုပ်မရတာလဲ။

ကျနော် သတင်းရေးတဲ့အခါ စာဖတ်သူနဲ့အယ်ဒီတာကိုပဲ စိတ်ထဲမှာ ထည့်ထားတာ၊ သူတို့ ဖတ်ပါ့မလား ကြိုက်ပါ့မလားပေါ့ဗျာ။ နို့ပေမဲ့ အလဲဗင်းဝိကလီးက အဲဒီလောက်နဲ့ မရဘူး ဗျ။ သတင်းရေးတဲ့အခါ စာပေစိစစ်ရေးရုံးက အန်တီမမများကိုလည်း အာရုံထားရမယ်လို့ ဆိုတယ်။ သူတို့ခွင့်ပြုအောင် ရေးတတ်ရမယ်ပေါ့ခင်ဗျာ။

သြော် ဒါကြောင့် အလုပ်မခန့်တာကိုး။ ခက်တာပဲ မင်းတို့ကောင်တွေ၊ နိုင်ငံတော်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ရတယ် ကွ။ ကဲ ကဲ သတင်းစာရှင်းလင်းပွဲ စမယ်။ အင်တာဗျူးဖို့ အဆင်သင့်ပြင်တော့။

သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆို။ ဘယ်သတင်းထောက်တွေလည်း မတွေ့ဘူးနော်။

မင်း အဓိက မေးစရာရှိတာ မေးစမ်းပါ။

ဟုတ်ကဲ့။ ပထမဆုံး မေးချင်တာကတော့ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော်အောင် လုပ်လိုက်တာ လောဘမကြီးလွန်း၊ မများလွန်းဘူးလား။

ရန်သူကို ကျွန်လိုဆက်ဆံရမယ်။

ဗျာ။

ငါ ဖြေပြီးပြီလေကွာ။ နောက်တစ်ခုထပ်မေး။

ဟုတ်- ဟုတ်ကဲ့။ ဟို- လောလောဆယ်မှာပေါ့လေ လေဘေး ဒုက္ခသည်တွေကို ပေါ့လေ တဖြည်းဖြည်း သေအောင် ပစ်ထားတယ်။ သူတို့သေမှ နိုင်ငံတကာက ပေးထားတဲ့ အကူအညီတွေကို အဆင်ပြေတဲ့နေရာမှာ သုံးမယ်လို့ စွပ်စွဲလာရင် ဘယ်လိုဖြေရှင်းမလဲ။

ရန်သူကို ကျွန်လိုဆက်ဆံရမယ်။

ဟာ … အဘကလည်း ဒါချည်းပဲ ဖြေနေတာ။ ဟုတ်ပြီဗျာ။ နောက်ဆုံးမေးခွန်း မေးမယ်။ မေးခွန်းက အဘမှာ လူစိတ်ရှိသေးလားလို့ မိုးမခပရိသတ်တစ်ယောက်က သိချင်နေကြတယ်။ ဒါကိုရော ဘာပြောချင်လဲ။

ရန်သူကို ကျွန်လိုဆက်ဆံရမယ်။

ဟုတ်ကဲ့။ မေးချင်တာတွေ ရှိသေးပေမဲ့ ဒီလောက်နဲ့ပဲ ရပ်ပါတော့မယ်။

ဟုတ်ပြီလေ။ ကဲ အမေးအဖြေပြီးပြီဆိုတော့ ပိတ်လိုက်တော့ မင်းအသံဖမ်းစက်။ မင့်စက်က တယ်လီဖုန်းလိုလို ဘာလိုလိုနဲ့ ဘာလဲကွ၊ အသံဖမ်းတာမှ ဟုတ်ရဲ့လား။

ဒါက အိုင်ဖုန်း လို့ ခေါ်ကြတာပဲ။ အသံဖမ်း၊ ဓာတ်ပုံရိုက်၊ ဖုန်းဆက်၊ အီးမေးလ်အင်တာနက်သုံးလို့ ရတယ်။ စီးတီးအက်ဖ်အမ် ရေဒီယိုနားထောင်၊ မြ၀တီ ရုပ်မြင်သံကြားတောင် ကြည့်လို့ရတယ်ဗျ။ အစုံပဲဗျာ။ ဣစ္ဆာသယဖုန်းပေါ့ဗျာ။

တယ်ဟုတ်ပါလား။ ဒါပေမဲ့ ကျည်ဆံထည့်ပြီးပစ်လို့ရရင်တော့ ပိုကောင်းမှာပဲ။

ဟုတ်ကဲ့။ အတိုင်းထက် အလွန်ပေါ့ဗျာ။ ဒါနဲ့ ကျနော် နေပြည်တော်ကို မသွားရဘဲ ရန်ကုန်ကို လာရတယ်။ ရန်ကုန်ကိုလာတော့ ရန်ကုန်အင်တာနေရှင်နယ်ဟိုတယ်မှာ တည်းရတယ်၊ ပြီးတော့ ရန်မျိုးအောင်ဘုရားကို ပြေးလာရတယ် ဆိုတော့ ရန်တွေချည်းပါပဲလား ဗျ။ တိုက်ဆိုက်တာတော့ မဟုတ်ဘူး ထင်တယ်၊

တိုက်ဆိုင်တာ မဟုတ်ဘူး။ မင်းနာမည်ကိုက ရန်လိုကျွဲမဟုတ်လား။

ဟုတ်ပဗျာ။ ဒါဆိုရင် အဘက ရန်တွေကို လာပြီး ရင်ဆိုင်တဲ့သဘောဖြစ်နေပြီ။ ဒါလည်း ယတြာချေတာပဲ မဟုတ်လား။

အင်း။

ထိုင်းမှာ အခြေစိုက်တဲ့သတင်းသမားတွေထဲမှာလည်း “ရန်”တွေရှိပါတယ်။ ရန်ကုန်သားတာတေတို့ ဘာတို့။ သူတို့လို ၀ါရင့်တွေကို မခေါ်ဘဲ ကျနော့်လို သတင်းထောက်ပေါက်စနကို ခေါ်တယ်ဆိုတော့-

ရန်ကုန်သားတာတေက အင်္ဂလိပ်တွေကို သဘောမကျဘူးလို့ ငါ့ကောင်တွေက ပြောတယ်။

အနောက်နိုင်ငံသားတွေကို သဘောမတွေ့ဘူးဆိုတော့ အဘနဲ့ အဖွဲ့ကျလို့ရပြီပေါ့။

အဲသလို ခပ်တိမ်တိမ်တွေးရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီငနဲက နိုင်ငံခြားသားမျက်နှာဖြူတွေကိုတောင် သောက်ဂရုမစိုက်ဘူး၊ ရင့်ရင့်သီးသီး ဆက်ဆံတယ်လို့ ငါ့ကောင်တွေက ပြောတာပဲ။ ဆိုတော့ ငါ့ကိုလည်း မလေးမစားလုပ်တာမျိုးတော့ ငါ လက်မခံဘူး။ ဒါကြောင့် သူ့လိုလူတွေကိုတွေ့ဖို့ အစီအစဉ် မရှိဘူး။ ယတြာချေတာပဲကွာ၊ ကိုယ်စိတ်ချမ်းသာသလို ချေမှာပေါ့။

ဟုတ်ကဲ့။ ဒါနဲ့ စောစောတုန်းက ကျနော် ဘာမေးမေး အဘအဖြေက တစ်မျိုးတည်းပဲ။ ဘာတဲ့ ရန်သူကို ကျွန်လိုဆက်ဆံရမယ် တဲ့။ အဲဒါ ကျနော်တော့ နားမလည်ဘူး။

အေး၊ အဲဒါ ငါ့ဗေဒင်ဆရာ ရွေးပေးတဲ့ အဖြေပဲ။ ဘာမေးမေး အဲဒါဖြေလို့ ဆိုတယ်။

ဟုတ်ကဲ့။ မှတ်ဖွယ်မှတ်ရာပါပဲခင်ဗျာ။ ဒါဆို ရန်သူက အမေရိကန်လား၊ ဒါမှမဟုတ် စာနယ်ဇင်းသမားတွေလား။ ဘယ်သူတွေလဲ၊ ဘယ်သူတွေကို ဆိုလိုတာလဲ။ ကျေးဇူးပြုပြီး နည်းနည်းလောက် ရှင်းပြပေးပါဦးဗျာ။ ကျနော့်အယ်ဒီတာများကို ပြန်အစီရင်ခံဖို့ လိုလို့ပါ။

ရန်သူဆိုတာ မြန်မာပြည်ထဲက မြန်မာပြည်သားတွေ ကိုယ်တိုင်ပါပဲကွာ။ မင်း ပြန်လေ့လာရင် သိပါလိမ့်မယ်။ ၁၉၈၈ တုန်းက အစိုးရကို ပြည်သူတွေက ပုန်ကန်တယ်လေ။ နိုင်ငံတော်မှာက တပ်မတော်ဟာ အစိုးရ၊ အစိုးရဟာ တပ်မတော်ပဲ မဟုတ်လား။ ဆန္ဒပြတယ် ဘာတယ်ဆိုတာ ဒါ တပ်မတော်ကို ပုန်ကန်တဲ့သဘော၊ စော်ကားတဲ့သဘော။ သူတို့က တို့ကို ရန်ဘက်ပြုတော့လည်း တို့က သူတို့ကို ရန်သူလို သဘောထားရတော့မှာပေါ့။

သြော် ဟုတ်ကဲ့။ ရှင်းသလိုလိုတော့ ဖြစ်သွားပါပြီ။ နို့ပေမဲ့ ကျွန်လိုဆက်ဆံရမယ် ဆိုတာက ဘာလဲခင်ဗျ။ ကျွန်ဆိုတာ ဘာလဲ။

မင်းနဲ့တော့ ခက်တော့တာပဲ။ ကျွန်ဆိုတာ ကျွန်ပေါ့ကွာ။ သခင်တွေက သူတို့ကို ဘာမှ ဂရုစိုက်စရာမလိုဘူးပေါ့ကွာ။ အေး အသေးစိပ် တွေ့ချင်ရင်တော့ ဧရာဝတီတိုင်းကိုသွားပေတော့။ ကဲ- ငါ ပြန်ပြီဟေ့။

ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီးသည် “ရန်သူကို ကျွန်လိုဆက်ဆံရမယ်” ဟု တဖွဖွ ရွတ်ဆိုပြီး လှုပ်တုပ်လှုပ်တုပ်ဖြင့် ထွက်သွားလေသည်။

A

B

C

The Kitchen မီးဖိုချောင်