Tuesday, June 10, 2008

မြစ်ဝကျွန်းပေါ် ဆိုတာ အမည်းရောင် နယ်မြေ

မိုးမခမိုးမခနဲ့ စကားလက်ဆုံ - မြစ်ဝကျွန်းပေါ် ဆိုတာ အမည်းရောင် နယ်မြေ
မိုးမခ
ဇွန် ၁၀၊ ၂၀၀၈

မိုးမခမိတ်ဆွေများရဲ့ အသံနဲ့ အတွေ့အကြုံတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

မေး - ပြန်ရောက်လာကြပြီလား၊ ကယ်ဆယ်ရေး လုပ်သားကြီးတွေ။
ဖြေ - ကယ်ဆယ်ရေး လုပ်သားကြီးလို့ အော်မပြောပါနဲ့။ တိုးတိုးလုပ်ပါဗျာ။ မြန်မာပြည်မှာ ကုသိုလ်ရတဲ့ လုပ်ငန်းမှန်သမျှက ယူဂျီအလုပ်ဖြစ်သွားပြီ အကို။ ဒီမှာ တိတ်တိတ်ပုန်း ခိုးဝှက်လုပ်ကိုင်နေရတာ။ လူတွေကို လှူဖို့ ဆန်အိတ်ထမ်းပြီး ဆင်းလာတာကို လက်ပစ်ဗုံးတွေ တကိုယ်လုံးပတ်ပြီး ဆင်းလာတဲ့ အသေခံအကြမ်းဖက်သမားမှတ်လို့ဆိုပြီး လုံထိန်းတွေက ပစ်ထည့်လိုက်မှဖြင့် …။

မေး - အလို၊ လုံထိန်း ဆိုပါကလား။ သူတို့လည်း ကယ်ဆယ်ရေးလုပ်သားတွေ အတွက် အသက်အန္တရာယ် ကာကွယ်ဖို့ နိုင်ငံတော်က နေရာချပေးထားသကိုး …။
ဖြေ - ဟုတ်ပါ့ အကိုရေ။ ကော့မှူး ကွန်ခြံကုန်းဖက် ဒီတခေါက် ဆင်းကြတာလေ။ အဝေးပြေးလမ်း တလျောက်လုံး ဓါတ်တိုင် တတိုင်စာလောက် ခြားပြီး တန်းစီပြီးစောင့်နေကြတာ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည် မဟုတ်ဘူးဗျို့။ စစ်လက်နက် အပြည့်နဲ့ ဗုးံသီးတွေ၊ လောင်ချာတွေ၊ သေနတ်တွေ၊ ဒုတ် ဓါးတွေနဲ့ လုံထိန်း တပ်သားတွေ တောက်လျောက်ပဲ။

မေး - ဟိုက်၊ ရမ်ဘို အပိုင်း ၄ ကြည့်ပြီး အရူးထကုန်ကြတာ ကျနော်တို့ အတိုက်အခံတွေချည်း မှတ်တာ။ လက်စသတ်တော့ စစ်အုပ်စုက လုံထိန်းတွေလည်း ပါသကိုး။
ဖြေ - ဟုတ်ကဲ့ပါ အကို။ ရန်ကုန်ကနေ အဝေးပြေးလမ်းမပေါ်မှာ တောင်းရမ်းစားသောက်နေတဲ့ ဒုက္ခသည် ပြည်သူလူထုကြီးကို ရိုက်နှက် ကန်ကျောက်ပြီး ရှင်းလင်းရေးတွေလုပ်၊ အလှူရှင်တွေကိုလည်း ကားပေါ်က အလှူတွေ ပစ်ချ လှူဒါန်းမှုတွေ မလုပ်နိုင်အောင် အင်အားသုံး အရေးယူ စသည့်တာဝန်တွေကို နေ့ရော ညပါ ထမ်းဆောင်နေကြတာပေါ့ အကို ရယ်။ အားရစရာပါပဲ။ စစ်အစိုးရ စီမံကိန်းတခုဖြစ်တဲ့ တဲပေါ်ကလူ တိုက်ပေါ်တင် … အဲလေ လမ်းဘေးကလူ ရွာပျက်ဆီ မောင်းထုတ်တဲ့ လုပ်ငန်းကို လုပ်နေတာပါ ခင်ဗျာ။

မေး - ခင်ဗျားတို့ရဲ့ မြေအောက်လုပ်ငန်းကြီး အဲလေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီတခေါက် အလုပ်ဖြစ်ကြရဲ့လားဗျာ။
ဖြေ - ဖြစ်ပါတယ်။ ဒီလိုပဲပေါ့။ ရှိတာလေးတွေ စုဆောင်းပြီး သွားရတာပေါ့ဗျာ။ ကိုဇာဂနာကို စစ်အစိုးရက ဖမ်းလိုက်တော့ ကိုယ်ထူကိုယ်ထ အလှူရှင်တွေတချို့က လန့်သွားကြတယ်။ ဒါပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့၊ သာသနာ့အလံ လွှင့်ထူပြီး ချီတက်နေတဲ့ ကယ်ဆယ်ရေး ကူညီရေးအဖွဲ့တွေကတော့ ရဲရဲကြီး တိုးနေကြတာပဲ။

မေး - တပ်မတော် ရမ်ဘိုတွေ အဲလေ လုံထိန်းတွေက ဘာမှ မလုပ်ဘူးလား။
ဖြေ - အ ကုသိုလ်ကြီးပြီး ပြိတ္တာဖြစ်မယ့် စစ်အစိုးရနဲ့ တကွသော အပေါင်းအပါများက အလှူုခံတွေကို လမ်းပေါ်မလာအောင် မောင်းထုတ်၊ အလှူရှင်တွေကို ကားလမ်းပေါ်မှာ မလှူရဲအောင် ခြိမ်းခြောက်နေပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့ ကားတွေကိုတော့ စွေစောင်းပြီး မျက်စောင်းထိုးပြီး ကြည့်တဲ့ အဆင့်ပဲရှိသေးတယ်။

မေး - လှူချင်ရင် ခွင့်တောင်းပြီးတော့ လှူရမှာပေါ့နော်။
ဖြေ - ဟုတ်တယ်။ ဟုတ်တယ်။ အခွင့်မရှိ မလှူရ ဆိုတာ အမှန်ပဲ။ အရပ်သားတွေ၊ စီးပွားရေးအုပ်စုတွေက လှူချင်ရင် မြို့တွေမှာ ၀င်ပြီး မှတ်ပုံတင်ရတယ်။ ဂိတ်ကြေးတွေ၊ ချလံတွေ ဖြတ်ကြရတယ်။ အဲဒီ စာရွက်စုတ်ကလေး ခေါင်းပေါ်တင်ပြီး အဲလေ ကားခေါင်းပေါ်တင်ပြီး သွားကြရင်တော့ လမ်းပေါ်က လုံထိမ်းတွေက ဘာမှ မလုပ်ဘူး။ လမ်းပေါ်က တဲထိုးပြီး စောင့်နေတဲ့ စစ်သားတွေက အဲဒါကို စစ်ဆေးပြီး ကားတွေကို လွှတ်တယ်။

မေး - သူတို့တွေကိုကော ဘယ်လို ဒါနပြုကြရသလဲ။
ဖြေ - စစ်တပ်က အလှူရှင်ကားတွေကို တားတယ်။ မြို့နယ် အာဏာပိုင်တွေဆီမှာ လှူထားခဲ့ဖို့ပြောတယ်။ နောက်ပြီးတော့ အလှူရှင်တွေက အင်တင်တင်လုပ်ရင် သူတို့က သိန်း ၃၀ မှာ သိန်း ၂၀ ကို ယူထားလိုက်ပြီး ကျန်တဲ့ ၁၀ သိန်းနဲ့ ရွာတွေကို သွားလှူဖို့ အကြပ်ကိုင်တယ်။ နောက်ဆုံး အဲလိုမျိုး မရရင်တော့ သူတို့ကို ဂိတ်ကြေးတို့၊ စာရွက်စာတမ်းကြေးတို့အဖြစ် ၃ သောင်း ၄ သောင်း ပေးပြီး လာဘ်ထိုးပြီး ချီတက်ကြရတာပေါ့ဗျာ။

မေး - လုပ်တတ်တယ်နော်။ သူတို့လည်း သတင်းစာတွေ ဖတ်ပြီးတော့ အတုယူကုန်တာနဲ့တူတယ်။ နိုင်ငံတော် အကြီးအကဲတွေက ထိပ်ကပိတ်ပြီး တောင်းစားနေတော့။
ဖြေ - အဲဒါတော့ မဖြေပါရစေနဲ့။ အမှုကြီးမှာ စိုးလို့။ အခုလို အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အာဏာရှင်များနဲ့ အပေါင်အပါတွေက မဟာဂရုဏာနဲ့ လှူဒါန်းခွင့်ပေးထားတာကို ကျေးဇူးတင်လှရပါပြီ။

မေး - ဒုက္ခသည် လက်မှတ်တို့၊ ဒုက္ခသည် စာအုပ်တို့တွေလည်း ထုတ်ပေးထားတယ်လို့ ကြားတယ်။
ဖြေ - ဟုတ်တယ်။ ဆိုရှယ်လစ်ခေတ်က ပြည်သူ့ဆိုင်တို့ သမဆိုင်တို့က ကုန်ဝယ်စာအုပ်လိုမျိုးဗျာ။ အဲဒီစာအုပ်နဲ့ နိုင်ငံတော်ဆီက ဒုက္ခသည်ခွဲတမ်းကို ထုတ်ယူလို့ရတယ်လို့ ပြောတယ်။ ဒီနေ့ သွားကြားထိုးတံ အချောင်း ၁ ထောင်ကို ဒုက္ခသည် အိမ်ထောင်စု တစုချင်းအတွက် လုံလောက်အောင် ထုတ်ပေးနေပြီ။ မယူမနေရက ဆံပင်ဆိုးဆေး ရွှေရောင်နဲ့ အုံးခွံရောင် ၂ မျိုးထဲက တမျိုး ထုတ်ပေးမယ် ဆိုတာမျိုး ဖြစ်နေတယ်။ ဟား ဟား ( ရယ်သံ)။

မေး - တကယ် အဲသလိုမျိုး ထုတ်ပေးနေတယ်။
ဖြေ - သရော်ပြီး ငေါ့ပြီး ပြောတာ အကို။ နိုင်ငံတော်က ဒုက္ခရောက်နေတဲ့ ပြည်သူကို သွားကြားထိုးတံတို့ ဆံပင်ဆိုးဆေးတို့တောင် သဒ္ဒါပါ့မလား။ ဦးနှောက်များ ရှိရင် စဉ်းစားတတ်မှပေါ့။

မေး - ဟုတ်ကဲ့ပါဗျာ။ ခင်ဗျားတို့တတွေ၊ ဘုန်းတော်ကြီးတွေ၊ ပြည်သူတွေ ကူနေကြတာကကော ပျံပျံနှံ့နှံ့ ရှိကြရဲ့လား။
ဖြေ - မရှိပါဘူးဗျာ။ ကူရမယ့် ကယ်ရမယ့် တာဝန်က ငါတို့ တာဝန်ဆိုပြီး ကျနော်တို့တတွေက သွားကြရတာကိုး။ ခင်ဗျားကို မြင်စေ့ချင်တယ်။ ရပ်ကွက်တခုက အိမ်တအိမ်မှာ၊ ဘုန်းကြီးကျောင်း တကျောင်းမှာ ကားကြီးတွေ ပြင်နေပြီဆိုရင် လူကြီးတွေ လူငယ်တွေက ၀ိုင်း သတင်းမေးကြတယ်။ ကယ်ဆယ်ရေး သွားမလို့လား ဆိုပြီး။ ပြီးတာနဲ့ သူတို့ အထုတ်လေးသူတို့ ပြင်ပြီး လုပ်အားအလှူလိုက်ပေးချင်လို့ဆိုပြီး ခွင့်တောင်းကြတော့တာပဲ။ သူတို့က ပစ္စည်းတွေ၊ ငွေကြေးတွေ မတတ်နိုင်ပေမယ့် သူတို့မှာ ရှိတဲ့ စေတနာနဲ့ လုပ်အားနဲ့ သူတို့လည်း လိုက်ကူကြမယ် ဆိုပြီးတော့ ၀ိုင်းပြီး လိုက်လာကြတာနော်။ အဲဒါ ကျနော်တို့ မြန်မာတွေ။

မေး - နိုင်ငံတကာ အဖွဲ့အစည်းတွေက အဲသည်လို ကိုယ်ထူကိုယ်ထ အလှူရှင်တွေ၊ လုပ်အားအလှူရှင်တွေနဲ့ ပူးပေါင်းပြီး၊ အသိအမှတ်ပြုပြီး လက်တွဲပြီး မလုပ်ကြဘူးလားဗျာ။
ဖြေ - သူတို့က နိုင်ငံတော်နဲ့ လက်တွဲပြီး လုပ်နေရရှာတာပါ အကိုရယ်။ ကျနော်တို့တွေကို ဘယ် ခေါင်းထဲ ထည့်စဉ်းစားမလဲ။ ကြက်ခြေနီအလံတို့၊ ယူအင်အလံတို့တောင် လူထုက အလွဲသုံးစား မလုပ်ရဆိုပြီး လိုက်တားနေတဲ့နောက်တော့ ကျနော်တို့မှာ ထူစရာ အလံက သာသနာ့ အလံပဲ ရှိတော့တယ်။

မေး - အခု ခင်ဗျားသွားတာက ကော့မှူးဖက်ပေါ့။ ဟုတ်လား။ ဘယ်လို ထူးခြားတာ ရှိလဲ။
ဖြေ - ဒုက္ခသည်တွေ၊ အလှူရှင်တွေဟာ နိုင်ငံတော်ရဲ့ ရန်သူတွေလို့များ ၀ါဒ ဖြန့်ထားသလား မသိပါဘူးဗျာ။ ညဖက် မိုးရွာကြီးထဲ ကျနော်တို့ကားကြီးနဲ့ သွားကြတာ တလမ်းလုံး မိုးကာခြုံပြီး ကင်းစောင့်နေတဲ့ လုံထိန်းတွေဆိုတာ တန်းစီနေတာပဲ။

မေး - သူတို့ အဲလိုလုပ်တော့ ခင်ဗျားတို့က ဘယ်လို လှူကြရသလဲ။
ဖြေ - စနစ်တကျတော့ ဘယ်ရှိမလဲ။ ကြားသလောက်၊ သိသလောက်၊ သွားနိုင်သလောက် လုပ်ကြရတာကိုး။ တချို့ရွာတွေဆို သူတို့ဆီကို လာမလားလို့ မျှော်နေကြတာတဲ့။ အလှူကားတွေက ကပ် ကပ်ပြီး ကျော်ကုန်ကြတယ်တဲ့။ လမ်းပေါ်ထွက်လည်း အကူမတောင်းရဲဘူးတဲ့။ ရွာချင်း ဆက်ပြီး သတင်းပို့ထားတာပေါ့နော်။ မြို့ပေါ်တက်ကြတော့လည်း စစ်သားတွေ၊ လုံထိမ်းတွေ တွေ့တော့ ဆက်မသွားရဲတာနဲ့ ပြန် နောက်ဆုတ်လာကြတဲ့ အိမ်တွေ၊ မိသားစုတွေ အများကြီးပဲ။

မေး - သတင်းတွေ မထွက်ရင် ဘယ်လို ကူကြ၊ ကယ်ကြမှာလဲ။
ဖြေ - အဲဒါတော့ အကိုတို့ပဲ ဖြေပါတော့။ ကိုဇာဂနာက အဲဒီအကြောင်းတွေကို လူရှေ့ထွက်ပြီး အများသိအောင် လိုက်ပြောနေတာ။ အဲသလိုမျိုး ပြောရေးဆိုခွင့်ရှိသူတွေက များများထုတ်ပြောမှ ကျယ်ကျယ်ပြန့်ပြန့် သိကြမှာ။ ၀ိုင်းလုပ်နိုင်မှာ။ အရေးယူတာတွေ ဘာတွေလဲ လုပ်လာနိုင်မှာ။ အဲလိုမျိုးတော့ ထင်တာပဲ။

မေး - နိုင်ငံတော်ကတော့ နာဂစ်မုန်တိုင်းကြီးကို အောင်မြင်စွာ နှိမ်နှင်းဆုံးမလိုက်ပြီဆို။
ဖြေ - အုတ်ပုံတောင် ရေထဲမျောသွားလို့၊ မြေကမူပေါ်မှာ ကျောင်းဆိုင်းဘုတ်ကို မှီထားပြီး ကျောင်း မရှိဘဲ၊ ကျောင်းသားမရှိဘဲနဲ့ ကျောင်းတွေ ဖွင့်ပြီပြောတာဟာ မုန်တိုင်းကို အောင်နိုင်ပြီလို့ ဆိုလိုသလား အကို။ ကျောင်းသားတွေဟာ ကျောင်းမတက်နိုင်ဘူး။ ကလေးတွေဟာ မိဘတွေနဲ့အတူ အကူအညီတွေ လက်ဖြန့်ပြီး လိုက်တောင်းနေကြရတယ်။ လိုက်ပြီး တန်းစီနေကြရတယ်။

မေး - သူတို့တွေ သူတောင်းစားတွေ ဖြစ်ကုန်မှာကို နိုင်ငံတော်က စိုးရိမ်တယ်လေ။
ဖြေ - ဘယ်သူက တောင်းစားချင်မှာလဲ အကို။ တန်းစီပြီး ဆန်နို့ဆီဗူးတလုံး လာတောင်းနေတဲ့ သူတွေထဲမှာ ဆန်စက်ပိုင်ရှင်တွေပါတယ်။ သူရင်းငှားတွေ ပါတယ်။ တံငါသည်တွေပါတယ်။ စက်လှေပိုင်ရှင်တွေပါတယ်။ အခု သူတို့အားလုံး အတူတူပဲ။ ဒုက္ခသည်တွေ။ သူတောင်းစားတွေ မဟုတ်ဘူး။ အဲဒီ ဒုက္ခသည်တွေကို ကူမယ် ကယ်မယ်ပြောပြီး တကယ် မလုပ်နိုင်ဘဲ အရပ်ထဲ လှည့်ပြီး တောင်းနေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကမှ သူတောင်းစားတွေ။

မေး - ခင်ဗျား အခုတွေ့ရတဲ့ အခြေအနေတွေက ကော့မှူး၊ ကွမ်းခြံကုန်းဖက်က အခြေအနေတွေကို မျက်မြင် ပြန်ပြောပြနေတာပေါ့နော်။
ဖြေ - ဟုတ်တယ်။ ခုနင်က သိန်း ၃၀ ကို ဆက်ကြေးတောင်း အသိမ်းခံလိုက်ရတာကတော့ ဘိုကလေးဖက်မှာ။ နိုင်ငံခြားက လာတဲ့ အလှူရှင်တွေ။ မြန်မာတွေပါပဲ။ သူတို့ကို စစ်တပ်က အနိုင်ကျင့်သွားတာပေါ့။

မေး - ခင်ဗျားပြောပုံအရကတော့ နိုင်ငံတော်က ဧရာဝတီတိုင်းကို စစ်ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာတခုလို သဘောထားပြီး ကျင့်ကြံနေသလိုပဲ။
ဖြေ - ဟုတ်တယ်။ ကျနော်တို့ ဧည့်သည်တွေကိုလည်း ရန်သူတွေလို သဘောထားပြီး ကြည့်နေတယ်။

မေး - ဒီထက်ပိုပြီး ဘာဖြစ်လာနိုင်သေးသလဲ။
ဖြေ - ဒုက္ခသည်တွေကို ပြန်ပေးဆွဲထားတာပါ။ အလှူတွေကလည်း အရှိန်ကျလာနေပြီ။ လူ သိန်း ၂၀ လောက် ဒုက္ခရောက်နေတာကို အရပ်က ဘယ်လောက်ကြာကြာ ကူနိုင်မှာလဲ။ တယောက်က ငွေ ၁၀၀၀ ပေးကြည့်ပါ။ ခင်ဗျားတို့ အခေါ် ၁ ဒေါ်လာပေါ့။ နာဂစ် ဒုက္ခသည်တွေအတွက် တနေ့ကို ဒေါ်လာ သိန်း ၂၀ လိုနေတယ်။ အစိုးရအဆင့် နိုင်ငံတကာ အဆင့်ကပဲ ကူနိုင်မယ်။ တကယ်တမ်းမှာ ကျနော်တို့တတွေက တနေ့တာအလှူကို ဘယ်ကနေ ရေရှည် ရှာနိုင်မှာလဲ။

မေး - ဆေးကုတာ မပါသေးဘူး။ ပြန်လည်ထူထောင်တာ မပါသေးဘူး။ ခင်ဗျားပြောတာက နေ့စဉ် ကျွေးမွေးစောင့်ရှောက်တဲ့ စာရိတ်ကို ပြောတာ။
ဖြေ - ဟုတ်တယ်။ အလောင်းတွေ မီးရှို့တာလည်း မပါသေးဘူး။ ကော့မှူး ကွန်းခြံကုန်းဖက်မှာ နာရေးအဖွဲ့က လူတွေ လာပြီး အလောင်းတွေ ရှင်းပြီး မီးရှို့ပေးနေတာ ကျနော်တွေ့ခဲ့တယ်။ အလောင်းတွေ အများကြီးပဲ။ လူတွေတောင် မကိုင်ရဲလို့ ဘုန်းကြီးတွေကိုယ်တိုင် ဆွဲပြီး မီးသဂြိုလ်ပေးကြတယ်။ ပရိတ်တွေ ရွတ်ပေးကြတယ်။ နာရေးအဖွဲ့နဲ့အတူ သုခဆေးခန်းကလူတွေလည်း တပါတည်း ဆေးကုပေးကြတယ်။ နာဂစ်မှာ လူ ၁ သိန်း ခွဲ ကျော် သေတယ်။ သတင်းစာအရ။ ခင်ဗျားတို့ အလောင်း ၁ လောင်းကို ၁ ဒေါ်လာ နှုန်းနဲ့ မီးသဂြိုလ်သလား။ ဒေါ်လာ ၁ သိန်းခေါ်ကျော် လိုတယ်။ ဒါတောင် တခြား စရိတ် မပြောသေးဘူး။

မေး - ခင်ဗျား တွက်ပြတဲ့ပုံကတော့ ကျနော်လို လူပြိန်းတောင် မျက်ဖြူဆိုက်သွားတယ်။ အကူအညီက မနည်း လိုနေတာပဲ။
ဖြေ - ကိုယ်ထူကိုယ်ထ အလှူရှင်တွေဆိုတာ နောက်ပိုင်းကျရင် အစိုးရ အပေါင်းအပါတွေနဲ့ လက်တွဲပြီး လုပ်ကိုင်လာကြဖို့ ဖိအားပိုပေးခံကြရလာနိုင်တယ်။ နိုင်ငံတကာကအဖွဲ့တွေ၊ ကုလတွေကတောင် အစိုးရနဲ့ လက်တွဲပြီး လုပ်နေကြရတော့၊ အရပ်သားစေတနာရှင်တွေနဲ့ အစုအဖွဲ့တွေဟာ သူတို့ကယ်ဆယ်ရေး လုပ်ငန်းတွေ ချောမွေ့စေဖို့ အစိုးရကို ပေးကမ်း ချော့မော့ပြီး လုပ်ကိုင်လာကြတဲ့ အကျင့် ဖြစ်လာမှာ စိုးတယ်။ အခု စစ်တပ်က လက်နက်ပြပြီး အင်အားသုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို စွက်ဖက်လာပြီကိုး။

မေး - ခင်ဗျားပြောပုံအရ အစိုးရမင်းများနဲ့ အဆင်ပြေအောင် တဖက်လှည့်နဲ့ ညှိနှိုင်းပြီး လမ်းကြောင်းဖွင့်ပေးလိုက်တဲ့ ပရိုဖယ်ရှင်နယ် ကယ်ဆယ်ရေး လုပ်ငန်းများ၊ အစုအဖွဲ့များကို အလှူရှင်တွေက မျက်စိကျလာမယ့် ပုံပဲ။
ဖြေ - ဟုတ်ပါ့ဗျာ။ ကင်မရာ တလုံးကို ငွေ ၁ သောင်းကျော် လောက် လာဘ်ပေးပြီး ခိုးဝှက် သယ်လာရတာဗျာ။ နောက်ဆိုရင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ကယ်ဆယ်ရေး ခရီးသွားလုပ်ငန်းကြီး၊ ဒုက္ခသည် ကယ်ဆယ်ရေး လွတ်လပ်စွာ လုပ်နိုင်မည်၊ ဓာတ်ပုံလည်း ရိုက်နိုင်မည်၊ တဲတွေ ထိုးနိုင်မည်။ ရေ လှူ မီးလှူ ကျောက်ပြား လှူ၊ ရွှေပြားကပ် … အဲလေ ယောင်လို့။ အလှူငွေ ၁၀ သိန်း လှူရန်အတွက် နိုင်ငံတော်ကို သိန်း ၂၀ လွတ်လပ်စွာ ပေးနိုင်မည် ဆိုတာမျိုးတွေ ကြေညာလာမှာတောင် စိုးရတယ်။

မေး - အဲသလို ပွင့်လင်းတဲ့ခေတ်ရောက်လာရင် ခင်ဗျားတို့က ဘာဆက်လုပ်မှာလဲ။
ဖြေ - ကျနော်တို့ကတော့ ယူဂျီပဲပေါ့ဗျာ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစိုးရနဲ့ မပတ်သက်ပဲ ခိုးဝှက်ပြီး နိုင်သလောက် ဆက်လုပ်မှာပဲ။ တော်ကြာ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ်မှာ သူတို့တွေနဲ့ ဆွေမျိုးစပ်နေရအုံးမယ်။ လှူလည်း လှူခဲ့ပါရဲ့။ သူတို့နဲ့လည်း ပတ်သက်ခဲ့တော့ သံသရာမှာ သူတို့နဲ့ ဆက်ပြီး စခန်းသွားဖို့ကိုတော့ ဆလံ အပြန် တသိန်း သ ပါတယ်။ ကန်တော့ဆွမ်းပါလို့။

မေး - အော် မေးမလို့။ ခင်ဗျားတို့ ရေဒီယိုတွေလည်း လှူတယ် မဟုတ်လား။
ဖြေ - လှူပါတယ်။ သူတို့ကို ပြည်ပ ရေဒီယိုတွေ နားထောင်နိုင်အောင် ပြသခဲ့ပါတယ်။ ဧရာဝတီရဲ့ ကယ်ဆယ်ရေး သတင်းတွေ၊ လှုပ်ရှားမှုတွေ၊ ကူညီနေတာတွေကို ကြားရ၊ သိရအောင် ရေဒီယိုနားထောင်ကြ ဆိုပြီး အားပေးခဲ့ရတာပေါ့နော်။

မေး - ၀မ်းသာကြမှာပေါ့။
ဖြေ - ၀မ်းသာပါတယ်ဗျာ။ ခင်ဗျားတို့လို အင်တာနက်တွေ၊ ကွန်ပြူတာတွေ၊ ချော့ကလက်တွေမရှိတဲ့ ဒုက္ခသည်တွေက ရေဒီယိုတော့ သိကြပါသေးတယ်။ သူတို့ကလည်း သူတို့တွေအကြောင်းကို ကမ္ဘာအရေး၊ အခြေခံဥပဒေအရေး၊ ဓာတ်ဆီဈေး အရေးတွေကြားထဲမှာ တခုတ်တရ ပါမလားရယ်လို့ နားစွင့် နားထောင် နေကြတာပေါ့ခင်ဗျာ။

မေး - သူတို့အကြောင်းတွေချည်း ရေဒီယိုတွေက လွှင့်ပေးနေရမယ်လို့ မျှော်လင့်နေတာလား။
ဖြေ - အင်းလေ။ သူတို့တွေက လာသမျှ လူတွေကို ရင်ဖွင့်နေကြတာ။ သူတို့ ဘယ်ရွာကပါ။ ဘယ်သူတွေ ပျောက်။ ဘယ်သူတွေ သေကုန်ပါပြီ။ ဘယ် နှရက် ငတ်နေပါပြီ။ ဘယ်နေရာတွေမှာ ဘယ်လို အကူအညီ လိုနေပါတယ် စသည်ဖြင့် လာတဲ့ လူတွေ၊ အဖွဲ့တွေကို ရင်ကွဲမတတ် လိုက်ပြောနေကြတာဗျာ။ ပြီးရင် ညဖက်ကျ လူတွေစုပြီး ရေဒီယိုတွေ နားထောင်ကြတာ။ သူတို့တွေအကြောင်းတွေ၊ သူတို့တွေလို လူတွေနဲ့ ပတ်သက်ပြီး သတင်းပို့တာတွေကို စောင့်မျှော်နေကြတာဗျာ။

မေး - သူတို့အကြောင်းတွေကိုတော့ တိတိကျကျ အကုန်ဘယ်လိုက်ပြောနိုင်ပါ့မလဲ။
ဖြေ - ဟုတ်ပါတယ်ဗျာ။ အဲဒါတော့ ကျနော် နားလည်ပါတယ်။ သူတို့က ဒုက္ခသည်တွေဆိုတော့ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ဆိုတဲ့ ရေဒီယိုဆိုတဲ့ ကောက်ရိုးမျှင်လေးကိုလည်း ဆွဲထားတာပေါ့။ ကျနော်တို့ ပေးတဲ့ ရေဒီယိုကြိးကို တယ်လီဖုံးပြောသလိုတောင် ပြန်အော်ပြီးတော့ ပြောလို့ရရင် ပြောချင်နေတာဗျာ။

မေး - သူတို့တွေနဲ့ ပတ်သက်တာတွေ များများ လွှင့်ဖို့၊ မျှော်လင့်တယ်ပေါ့။
ဖြေ - အဲသလိုမျိုးပေါ့ဗျာ။ ဥပမာ ဘန်ကီမွန်းဆိုတဲ့ လူကြီးလာပြီး ဘယ်နေရာမှာ မဏ္ဍပ်ဆောက်ပြီး စတုဒိသာကျွေးနေပြီလို့ကြားရင် သူတို့ အဲဒီကို သားမြေးတွေ စုပြီး ချီတက်ကြမှာပေါ့။ သားပျောက် သမီးပျောက်လို့ ရူးသွပ်နေတဲ့ မိဘတွေဆိုတာ သူတို့အကြောင်း အားလုံးက သိကြရင် ၀ိုင်းဝန်း စောင့်ရှောက်မှု ပိုရကြမှာပေါ့။ သူတို့တွေ ငတ်နေပေမယ့် ဘ၀တူတွေ တနေရာမှာ အကူအကယ်တွေ ရနေကြပြီလို့ကြားရင် မျှော်လင့်ချက်တွေကို အမြင့်မားဆုံး လွှင့်ထူလို့ အားတင်းပြီး သူတို့ ပြင်ဆင် စောင့်ဆိုင်းနေကြမှာပေါ့။

မေး - အင်း။ အဲဒါကိုတော့ ကျနော်တို့ အထက်ကို ဆက်တင်ပြလိုက်ပါ့မယ်လို့ ပြန်ပြောရမလို ဖြစ်နေပြီ။
ဖြေ - နာဂစ်က ထားခဲ့တဲ့ မျက်ရည်တွေ အများကြီးပဲ အကို။ အဖေနဲ့ သားနဲ့ သစ်ပင်ပေါ်မှာ တင်ကျန်ခဲ့တယ်။ မိန်းမနဲ့ ကလေး ၃ ယောက်က တကွဲစီ ဖြစ်သွားပြီ။ အဖေက ကျိုးတော့မယ့် နဲ့နဲ့ သစ်ပင်ပေါ်မှာ စဉ်းစားတယ်။ ငါ အသက်ရှင်ကျန်ရစ်ခဲ့ရင် ကျန်တဲ့ မိန်းမနဲ့ ကလေးတွေကို ဆက်ပြီး လုပ်ကျွေးနိုင်တယ်။ ငါနဲ့ သားလေးနဲ့ အတူတူ အသေမခံနိုင်ဘူး ဆိုပြီး သူ့သားလေးကို လက်လွှတ်လိုက်တယ်။ နောက်နေ့ကျတော့ သူ့မိန်းမနဲ့ ကလေးတွေ အားလုံး သေသွားပြီဆိုတာ သိရတော့ အဲဒီအဖေဆိုတာ ဖြေဆည်လို့ မရနိုင်တော့ဘူး။ ရူးသွားတယ်။ နံငယ်ပိုင်းလေးနဲ့ လျောက်သွားရင် သတိရရင် ငိုပြီး အဲဒီဇာတ်ကို ပြောတယ်။ ပြီးရင်တော့ သီချင်းတွေ ဆိုနေတော့တာပဲ။ အဲသလိုမျိုးတွေ အများကြီးပဲအကို။ ကလေးတွေဆိုတာ ဘယ်ကမှန်းမသိတဲ့ ကလေးတွေ။ မျက်လုံးကြောင်တောင်နဲ့။ မုန့်ဝေပေးတယ်ဆိုရင် ပျော်ပြီး တန်းစီးပြီး တိုးစား။ ရတဲ့ ကစားစရာလေးတွေနဲ့ အခြားကလေးတွေနဲ့ တိုးဝှေ့ ကစား။ ခဏနေရင်တော့ အသိပြန်ဝင်လာချိန်မှာ မျက်ရည်တွေ တွေတွေကျပြီး ငိုလို့။ အဖေ အမေ ဆိုပြီး တကြော်ကြော် အော်ပြီး လျောက်ခေါ်နေတော့တာတွေ … အများကြီးပဲ။

http://moemaka.blogspot.com

No comments:

Post a Comment

A

B

C

The Kitchen မီးဖိုချောင်