Sunday, June 1, 2008

ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ

ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ
ဧရာဝတီ မေ ၃၁၊ ၂၀၀၈

မေး။ ။ ဖြစ်တဲ့နေ့ကစပြီးတော့ အခုလက်ရှိကာလအထိ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ပြောပြပါ။
ဖြေ။ ။ ကျနော်တို့က မေလ ၇ ရက်နေ့ကနေ စပြီးလုပ်တာ ဒီနေ့မနက်အထိ လုပ်နေကြတယ်။ ရောက်တာလည်း မြို့အကုန်ကုန်ပြီ၊ ငပုတောတမြို့ပဲ မရောက်သေးတာ … ဒါလည်း ကျနော်သာ မရောက်တာ ကျနော်တို့အဖွဲ့က ရောက်ပြီးသွားပြီ။ အဲဒီအပြင် ကျနော်တို့အဖွဲ့က ဘယ်လိုနေရာတွေ ရောက်လဲဆိုတော့ ဘာအကူအညီမှ မရသေးတဲ့ ရွာပေါင်း ၄၂ ရွာ ရောက်ပြီးပြီ၊ ဒေးဒရဲ အပိုင်ထဲမှာ ရှိတယ်၊ စပါးဒိုင်တွေကို စုထားတဲ့ရွာ … ကျေးရွာအစုကြီး ၃ စု။ဘိုကလေး အပိုင်ထဲမှာလည်း ကျေးရွာအစုကြီး ၃ စု … အဲဒါမျိုးတွေကို ကျနော်တို့ အရောက်သွားတယ်။ အဲဒီရွာတွေ ၄၂ ရွာ ရှိတယ်၊ ဘာအကူအညီမှ မရကြသေးဘူး။ နိုင်ငံတော်အဆင့်က ပေးတဲ့ အကူအညီတင် မဟုတ်ဘူး … ယူအန်ဆီကလည်း မရဘူး၊ ဘယ်အန်ဂျီအိုမှလည်း မရောက်ကြသေးဘူး။

မေး။ ။ အဲဒီနေရာတွေမှာ ဘာတွေတွေ့ခဲ့သလဲ၊ လူတွေ ဘယ်လောက် သေသလဲ၊ ဘာအကူအညီတွေ လိုအပ်နေသလဲ၊ ရွာတွေ ဘယ်လောက် ပျက်သွားတယ်ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။
ဖြေ။ ။ ကျနော် ဥပမာတခု ပြောပြမယ်။ မငေးကြီး ဒိုင်နယ်ဆိုရင် အိမ်ခြေတထောင်ရှိတယ် … အဲဒီတထောင်မှာ ၇၀၀ က ဘာမှ မကျန်အောင်ကို လုံးဝ ပျက်စီးသွားတယ်။ အိမ်ခြေ ၃၀၀ က တိုင်လောက်၊ အခင်းလောက် ကျန်တယ်။ လူ ၂၂၁ ယောက် သေတယ်၊ ၃၀၀ က ပျောက်နေတုန်းပဲ အခုအထိ ရှာမတွေ့သေးဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး။ကျနော်တို့ရောက်တဲ့ ၂၂ ရက်နေ့အထိ အလောင်းတွေက ချောင်းထဲမှာ ဒီအတိုင်းရှိနေတုန်းပဲ။ အစိုးရက ပေးတဲ့ ဆန်နို့ဆီဘူး ၇ လုံးနဲ့ စေတနာရှင်တယောက်က လာလှူတဲ့ ခေါက်ဆွဲခြောက် တထုပ်ဆီ ရတယ်၊ အဲဒါကလွဲရင် ဘာမှမရကြသေးဘူး။ အဲဒါ မုန်တိုင်းအလွန် ရက် ၂၀ အကြာ …။ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျနော်တို့ ဘိုကလေးကနေပြီးတော့ တင်မောင်းချောင်း၊ ကြိမ်စု၊ ထိပ်ချောင်းကြီးကျေးရွာ၊ ကန်စု၊ ရွှေဘိုစု … အဲဒီနေရာတွေကို ရောက်တယ်။ အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဘာအကူအညီမှ မရသေးဘူး၊ ဘယ်သူကမှ လာမပေးဘူး … အင်္ကျီမရှိဘူး၊ ကလေးတွေက ကိုယ်တုံးလုံးနီးပါး ဖြစ်နေတယ်။အရေအတွက်က မိသားစု ၅၄၂ အိမ်ထောင်ရှိတယ် … အဲဒီအိမ်ထောင်စုတွေအားလုံး အိမ်မရှိတော့ဘူး။ အဲဒီမှာ အကျွတ်အလွတ်ဆိုတဲ့ ဘုရာလေးတဆူရှိတယ်၊ အဲဒီဘုရားကလည်း ပျက်စီးနေပါပြီ၊ ထီးတွေဘာတွေ ကျိုးကျနေပြီ … သူတို့ခမျာ အဲဒီဘုရားရင်ပြင်ပေါ်မှာ စုပြုံပြီးတော့ အိပ်နေကြတယ်။ ယူအန်မလာဘူး၊ အန်ဂျီအို မရောက်သေးဘူး … ဘာအကူအညီမှ မရဘူး။ ကျနော်တို့ ပုဂ္ဂလိက အဖွဲ့ကလေးတွေပဲ အဲဒီကို ရောက်တယ်။ ကျနော်တို့ရောက်တဲ့ အချိန်ကတော့ သူတို့ဘာမှ မရသေးလို့ တော်တော်များများ ပေးနိုင်ခဲ့တယ်။ အဆိုးဆုံးက အဲဒီမှာ ရေမရှိဘူး၊ သောက်ရေ လုံးဝမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် မိုးရွာမှ ရေခံပြီး သောက်နေရတယ်။ ရေသန့်တွေကို သင်္ဘောနဲ့တင်ပြီး သွားပို့ရတယ်။ ရေသန့်ဘူးပေါင်း တသောင်း။

မေး။ ။ အစိုးရ ရနေတဲ့ … လက်ခံထားတဲ့ နိုင်ငံတကာက အကူအညီတွေ အဲဒီဘက်ကို မရောက်ဖူးဘူးလား ခင်ဗျ။
ဖြေ။ ။ အဲဒါတွေက … ကယ်ဆယ်ရေး စခန်းတွေ ရှိတယ်ဗျ။ လပ္ပတ္တာမှာ ရှိတယ်၊ ဘိုကလေးမှာဆိုလည်း ရှိတယ် … အဲဒီစခန်းတွေမှာတော့ မိုးကာတဲတွေနဲ့ နေရတယ်၊ တတဲကို ၄၊ ၅ ယောက် နေကြတယ်။ အဲဒီမှာ ထမင်း ချက်တယ်၊ ဆန်ပြုတ်သောက်ရတယ်၊ အဲဒီဘက်တွေမှာတော့ ရတယ်။ အရည်အတွက်အားဖြင့် နည်းနည်းလေးပဲ ရှိတယ်။ ရွာတွေမှာ ရောက်နေတဲ့ လူတွေကတော့ ဘာမှမရကြဘူး။

မေး။ ။ ယူအန်က ပြောတယ်။ လွန်ခဲ့တဲ့ အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်းအထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ … အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။
ဖြေ။ ။ မှန်တယ်လို့တော့ ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေး နေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ် … ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ … ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်း မပေါက်လို့ ရေလမ်းတခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင်ကျန်နေကြတဲ့ လူတွေပေါ့ဗျာ … စိတ်မကောင်းစရာ အကြောင်းလေးတခု ကျနော် ဖြတ်ပြောပြမယ် … အဘွားကြီး တယောက်က သူ့မှာ မိသားစု ၁၁ ယောက် ရှိတယ်၊ ၁၀ ယောက်သေသွားပြီး သူတယောက်တည်း ကျန်ခဲ့တယ်။ အဲဒီလို ၁၀ ယောက် သေသွားတယ် ဆိုတာကို သူမသိဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ၊ ကျွန်းတွေပေါ်မှာ အဲဒီလို ကြောင်ပြီး ကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။

မေး။ ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတဲ့လူတွေ ဘယ်လောက် တွေ့ခဲ့သလဲ။ သူတို့တွေက ဘယ်လို အခြေအနေမျိုးမှာ ရှိနေကြသလဲ ခင်ဗျ။
ဖြေ။ ။ ၃ မျိုး တွေ့တယ်ဗျ။ တမျိုးက အရမ်းပေါက်ကွဲနေတယ်၊ အထိမခံ ရွှေပုဂံပေါ့ဗျာ … ဘာမှကို အပြောမခံဘူး၊ ဒေါသတွေ ကြီးနေတယ်၊ တချိန်လုံး စိတ်တွေတို ရန်လိုနေတဲ့ လူတွေကို တွေ့ရတယ်။ ဒုတိယ တမျိုးကျတော့ လုံးဝကို ငိုပြီးတော့ သူ့မှာ ကြုံခဲ့ရတဲ့ အခက်အခဲကြီးကို ပြန်ပြီးတော့ တချိန်လုံးတွေးပြီး ပြောကာ ပြောကာနဲ့ ငိုနေတဲ့ လူတွေကို တွေ့ရတယ်။ နောက်တခုကတော့ ဘာစကားမှကို မပြောတော့ဘူး၊ လှုပ်လဲ မလှုပ်တော့ဘူး။ ကျနော်တို့က ဆန်သွားဝေတယ်ဗျာ … တယောက်ကို ဆန် ၄ ပြည်နှုန်းနဲ့ ဝေတယ်။ နောက်ပြီးတော့ ပဲဝါ၊ ပဲကတ္တီပါ ပေးတယ်။ အဲဒါတွေကို အထုပ်တွေနဲ့ စောင်၊ ခြင်ထောင်ပါ ထည့်ပြီး တယောက်ချင်းစီကို ပေးတယ်။ အဲဒီလို ပေးတာကိုတောင် လာမယူတော့ဘူး။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး … ငါတို့ဘ၀ သေတာပဲ ကောင်းပါတယ် ဆိုတာမျိုးတွေ ရှိတယ်။

မေး။ ။ ကိုဇာဂနာ သွားခဲ့တဲ့ နေရာတွေမှာ နိုင်ငံတော်က ဘာတွေ လုပ်ပေးနေတာကို တွေ့ခဲ့ပါသလဲ။
ဖြေ။ ။ ဘာမှ လုပ်မပေးဘူး။ ရတာက အခုန ကျနော်ပြောသလို ဆန်နို့ဆီဗူး ၇ လုံးနဲ့ စေတနာရှင် တယောက် ဝေသွားတဲ့ ခေါက်ဆွဲခြောက် တထုပ်ပဲ ရတယ်။ အဲဒါ ၂၈ ရက်နေ့ ကျနော်တို့ ရောက်သွားတဲ့ အချိန်အထိ …

မေး။ ။ အဲဒီဖက်တွေကိုကျတော့ အကူပစ္စည်းကို ဘာနဲ့ ပို့ရသလဲ။ လှေတွေနဲ့ သွားတာလား။
ဖြေ။ ။ ဟုတ်တယ် … လှေနဲ့ သွားရတာ။

မေး။ ။ ကိုဇာဂနာတို့လို ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့ ဘယ်လောက်အထိ လုပ်ခွင့်ရသလဲ။
ဖြေ။ ။ အစပိုင်းကတော့ ကျနော်တို့က တွန်းလုပ်တာပေါ့ဗျာ … နည်းနည်းတော့ အခက်အခဲရှိတယ်။ ထိပ်တိုက် တိုးရတာတွေ ရှိတယ်။ ဥပမာ - ခင်ဗျားတို့က ဘာဖြစ်လို့ ကျနော်တို့ကို (အာဏာပိုင်) မတိုင်ပင်ဘဲ သွားတာလဲ၊ ကျနော်တို့ကိုပြောပါ ဘာညာဆိုပြီး နည်းနည်းညှိနှိင်းပြီး လုပ်ကျတဲ့။ ခင်ဗျားတို့ရဲ့ အသက်အန္တရာယ်ကို တာဝန်မယူဘူးတဲ့ … မယူလဲနေ၊ သေချင် သေပလေ့စေ၊ သွားမယ်ပြောပြီး တိုးဝင်သွားရတာတွေ ရှိတယ်။ စေတနာရှင်တွေ ကိုယ်တိုင် သွားလှူလို့ရတယ် အမိန့်ထွက်ပြီးတော့ သိပ်မပြောတော့ဘူး … သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့က ထုတ်တဲ့ အမိန့်လေ … သွားလာရေး ခက်ခဲ့တဲ့ နေရာတွေကို သွားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်၊ ပုဂ္ဂလိက အလှူရှင်များ မိမိသဘောနဲ့မိမိ ကြိုက်သလို လှူဒါန်းနိုင်ပါတယ်လို့ အမိန့်မှာ ပါတယ်။အဲဒီအမိန့် ထွက်ပြီးမှ တရုတ်တန်းက ကုန်သည်များအဖွဲ့၊ မဂိုလမ်းက ရွှေဆိုင်တွေတွေပါ အကူကိစ္စ လုပ်လာကြတယ်။ သူတို့တွေ ၀င်လာတော့ ဒုက္ခသည်တွေလည်း ပိုရတာပေါ့။ သူတို့တွေ ချောင်ကျတဲ့ နေရာတွေကို မသွားနိုင်လည်း ကျနော်တို့အဖွဲ့က ယူသွားပေးတယ်။ ဥပမာ - ဘိုကလေးမြို့ ဆိုပါတော့၊ အလှူရှင်တွေက မြို့ပေါ်မှာထားခဲ့ … ကျနော်တို့ သရုပ်ဆောင်တွေက ရွာတွေဆီ ယူသွားပေးပေါ့။ ကျနော်တို့ အဖွဲ့မှာ ၀ိုင်းကူလုပ်နေတဲ့ လူ ၄၂၀ ရှိတယ်။ ထိရောက်မှုရှိအောင် အဖွဲ့တွေခွဲပြီး လုပ်ကြတယ်။

မေး။ ။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား … နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေ ရွှေရောင်းသမ်းပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။
ဖြေ။ ။ အဲဒီအိပ်မက်ကလေး ကောင်းသားပဲလို့ ကျနော်ပြောချင်တယ် … ဟဲ ဟဲ ဟဲ … ဖားရှာ၊ ငါးရှာ ရှာလို့ ရမလားတော့ မသိဘူး … ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး … နာဂစ်ရနံ့ ဆိုတာရှိသေးတယ် … အဲဒီညှီနံ့ကြီးက ပြန်လာရင် ပါလာတာပဲ၊ ဘယ်သူမှ မခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလို နေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ … ငါးဖမ်းမယ့်အစား အလောင်းတွေ ဖဲ့စားမှ ရတော့မယ်။

မေး။ ။ အလောင်းကိစ္စကို မေးချင်သေးတယ်။ အခုထိ အလောင်းတွေကို သင်္ဂြိုဟ်လို့ မပြီးသေးဘူးလား ခင်ဗျ။
ဖြေ။ ။ ကောက်ကို မကောက်နိုင်သေးတာ။ ၂၈ ရက်နေ့ ဘိုကလေးက ပြန်လာတယ်။ ရွာ ၅ ရွာကို သွားခဲ့တယ်။ အဲဒီ ၅ ရွာမှာ ဗီဒီယို၊ ဓာတ်ပုံ မရိုက်နိုင်တော့ဘူး … အလောင်းတွေ များလွန်းလို့။ အနည်းဆုံး အလောင်း ၄၀ လောက် တွေခဲ့တယ်။ အဲဒါတောင် ဟိုးအစွန်ပိုင်းက အလောင်းတွေကို ကောက်ပြီးတော့ မီးရှို့လိုက်တာ တထောင်ကျော် ရှိတယ် … စေတနာရှင်တွေက မီးစက်ကြီးတွေ အလုံး ၈၀ လောက် သယ်လာပြီး မီးရှို့ပေးတာ။ ကျနော်သိသလောက် အေဇက်ဂျီတို့ ခရစ်ယန်သာသနာပြုအဖွဲ့တို့ကပေါ့။

မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်လူမျိုးတွေ အများစုနေကြတယ် … သူတို့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဘိုကလေးအပိုင်တို့ ဒေးဒရဲအပိုင်တို့မှာ ကရင်ရွာတွေရှိတယ် … အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒီက ကရင်တွေကို သဘောကျတယ်ဗျ။ ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ရွာထဲကနေကူမယ့် လူတွေကို ခေါ်တယ် … သူတို့ကို ရန်ကုန်ခေါ်လာပြီး ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ သူ့တို့က ရွာကိုပြန်ပြီး တည်ဆောက်ရေးကို ဦးဆောင်ကြမှာလေ။အရေးပေါ် လိုအပ်နေတဲ့ အမိုး၊ အကာနဲ့ အစားအသောက်စတဲ့ အကူပစ္စည်းတွေပေးပြီး ဒုတိယအဆင့် အနေနဲ့ ဒီနေ့က စပြီးတော့ ကန်စွန်း၊ ဟင်းနုနွယ်၊ ချင်ပေါင် မျိုးစေ့တွေပေးတယ်။ ဘယ်မြေမှာမဆို စိုက်လို့ရအောင် ထည့်တဲ့ မြေသြဇာပေးတယ်၊ သုံးပုံသုံးနည်းကိုလည်း သင်ပေးတယ်။

မေး။ ။ အခုလိုကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စလို့ရမယ် ထင်ပါသလား။
ဖြေ။ ။ စပါးကတော့ မရနိုင်သေးဘူး။ ဟင်းသီးဟင်းရွက်၊ ဘူးသီး၊ ခ၀ဲသီးလောက်ကတော့ ရနိုင်တယ်။ ဒီနေ့စလုပ်တယ် … ရွာတွေက ပါလာတဲ့ ကရင်တွေကို တတ်ကျွမ်းတဲ့ လူတွေနဲ့ သင်ပေးတယ်။

မေး။ ။ ကရင်လူမျိုးတွေ တိုင်းရင်သားတွေမို့ အကူအညီ မရကြဘူးလို့ ပြောကြတာတွေလည်း ရှိတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ ။ တိုင်းရင်သားမှ မဟုတ်ပါဘူး … ဗမာလည်း မရကြပါဘူး … ဘယ်သူမှ မရကြတာပါ။ စပါးပြန်စိုက်ဖို့ အချိန်က ၁၅ ရက်ပဲ ရှိတော့တယ်။ အခု ကျနော်တို့က ကုမ္ပဏီကြီးတွေကို မေတ္တာရပ်ခံပြီး လိုက်ညှိနေတာ … ထိုင်းက ပညာရှင်တွေနဲ့လဲ ညှိထားတယ်။ ရွှေကျွဲလို့ ခေါ်တဲ့ လက်တွန်း လယ်ထွန်စက်ပေါ့ … အဲဒီကောင်နဲ့ဆိုရင် နေ့ဝက်ကို တဧက ပြီးတယ်။ စက်တလုံးကို ကျပ် ၁၄ သိန်း ရှိတယ်။ ကျွန်းညိုကြီး တိုက်နယ်ကို အဓိက နေရာအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမှာ လူဦးရေ ၅၅၁၄ ဦး ရှိတယ် … အဲဒီမှာ အလုပ်လုပ်နိုင်တဲ့ ယောက်ျားဦးရေက ၃၂၀၀ ကျော် ရှိတယ်။ အဲဒီက မြေကြီးတွေကို ထိုင်းက ပညာရှင်တွေနဲ့ ပြင်ကြည့်တော့ ရတယ်။ သံဘီးတပ်တဲ့ ရွှေကျွဲ ၁၈ လုံးလောက်ရှိရင် အလုပ်စလုပ်လို့ ရပြီ။ အခုအလှူခံထားတာ ၁၀ လုံးရပြီ၊ နောက် ၈ လုံး လိုသေးတယ်။

မေး။ ။ အိမ်နီးချင်း နိုင်ငံတွေက ကျန်းမာရေးအဖွဲ့၊ ကယ်ဆယ်ရေး အဖွဲ့တွေ လာကြတယ်။ သူတို့တွေကော အဲဒီနေရာတွေကို ရောက်ကြရဲ့လား။
ဖြေ။ ။ တခြားနိုင်ငံတွေကတော့ မရောက်ဘူး။ ကျနော်တို့နဲ့အတူ ထိုင်းက အမျိုးသမီးတယောက် လိုက်လာပြီး မြေကြီးတွေ လေ့လာတာတော့ ရှိတယ်။ မနေ့က ပြန်သွားတယ် … စနေနေ့ ပြန်လာမယ်။ သူပြန်လာရင်တော့ သိရမယ်။ ဒီမြေကြီးကို ၁၅ ရက်အတွင်း စပါးစိုက်လို့ ရ မရကို။

မေး။ ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ပိုင်းကကော ဘယ်လိုအကူအညီတွေ ရပါသလဲ ခင်ဗျ။
ဖြေ။ ။ ရောက်လာတယ် … အများကြီးပဲ။ ဥပမာ - နမ္မတီး၊ မြစ်ကြီးနား၊ လားရှိုး ဘက်ကဆို ၁၀ ဘီး ကားကြီးတွေနဲ့ လာတာ။ ဆီတွေဆိုရင် ပေပါ ၂၀၀ တို့ … အခုနောက်ပိုင်း ဆင်းလာတယ်။ လားရှိုးက ဆင်းလာတဲ့ အဖွဲ့ဆိုရင် ခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပေါင်းပြီး ဆင်းလာတာ ၁၀ ဘီးကား ၁၀ စီးနဲ့။ အခုနပဲ သွားကြိုလာတာ … ရှမ်းလူမျိုးတွေ။

မေး။ ။ ရန်ကုန်မြို့ အခြေအနေကိုလည်း ပြောပြပါဦး။
ဖြေ။ ။ အဲဒီနေရာတွေကိုလည်း သွားနေရတာပါပဲ။ ဒီနေ့မနက်ဆိုရင် ဒလ၊ ကွမ်းခြံကုန်းနဲ့ ကြည့်မြင်တိုင် တဘက်ကမ်းက ညောင်ဝိုင်းကို ကျနော်တို့ အဖွဲ့တွေ သွားကြတယ်။ အဲဒီနေရာတွေက မြစ်ဝကျွန်းပေါ်လောက် ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဒါပေမယ့် အိမ်တွေပြိုသွားတယ်၊ အဲဒီလူတွေကိုလည်း လှူရတာပေါ့။ အဲဒီကလူတွေက မြစ်ဝကျွန်းပေါ်လောက်တော့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူး။

မေး။ ။ ပြည်ပက လူတွေကိုရော ကိုဇာဂနာ ဘာပြောချင်သေးလဲ။
ဖြေ။ ။ ကျနော်တို့ မတတ်နိုင်တဲ့ အတိုင်းအတာတွေ ရှိပါတယ်။ အပြင်ကလူတွေ လုပ်ပေးလို့ ရနိုင်တာတွေကတော့ ပျက်စီးသွားတဲ့ ရွာတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ဖို့ အတွက်ပါ။ ဥပမာ - ဆူနာမီ တုံးကဆိုရင် ထိုင်းနိုင်ငံမှာ ပညာရှင်တွေ ချက်ချင်း ရောက်လာတယ်။ ပြီးတော့ အိမ်တွေကို ချက်ချင်း ဆောက်ပေးလိုက်နိုင်တယ် … အဲဒီလိုမျိုး ကျနော်တို့ မတတ်နိုင်ဘူး၊ အဲဒီလောက်လည်း မချမ်းသာဘူး။ ဘီလ်ဂိတ်လို လူမျိုးကလည်း လှူတယ်ဆိုပြီးတော့ ဘယ်လိုလူတွေကို ဘာတွေ လုပ်ပေးနေသလဲဆိုတာ စဉ်းစားလို့ကို မတတ်ဘူး။အိမ်တလုံး ဆောက်ဖို့ ဘယ်လောက်မှလည်း မကုန်ပါဘူး … အဲဒီလို အိမ်လေးတွေများ နိုင်ငံတကာက ရွာတွေမှာ လာဆောက်ပေးနိုင်မယ်ဆိုရင် … …။ယူအန်ကိုတော့ မကျေနပ်ဘူး။ ကျနော်တို့ ပြည်သူတွေအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့။ အခု ဘိုကလေးမှာ ကျနော်တို့ရောက်တဲ့ ရွာတွေ ရှိတယ်ဗျာ၊ ကိုဝေဠုကျော်တို့ ရောက်တဲ့ လပ္ပတ္တာက ရွာတွေ၊ ကျနော်တို့လူတွေ ရောက်တဲ့ ငပုတောက ရွာတွေ … ကျနော်တို့မှာ မြေပုံတွေ ရှိပါတယ်၊ အဲဒီနေရာတွေကို ယူအန်က တယောက်မှ မရောက်သေးဘူးဗျာ။ ယူအန်ဖြစ်ဖြစ် … တခြား အန်ဂျီအိုဖြစ်ဖြစ် … သူတို့တွေက အစိုးရ ငြိုငြင်မှာကို ကြောက်နေတယ် … အဲဒါကို ကျနော်က မကြိုက်တာ။ ဒုက္ခသည်ကို ကူညီမှာ ဘာလို့ ငြိုငြင်တာ မခံရဲရတာလဲ။ မသွားရဘူး ပြောလည်း သွားပေါ့ဗျာ ဘာဖြစ်လဲ။ ဒါမှမဟုတ် သွားလာနေတဲ့ လူတွေကို အကူအညီ ပေးပေါ့။ ကျနော်တို့လို အလားသဏ္ဍန်တူ သွားနေတဲ့အဖွဲ့ ၄၊ ၅ ဖွဲ့လောက် ရှိတယ်။ အဲဒါတွေကိုလည်း အကူအညီ မပေးဘူး … မယက ရုံးထဲကို ပစ္စည်းတွေ သွားပို့နေတော့ ဘာသွားလုပ်မလဲ။

မေး။ ။ လူတွေ တောင်းစားတယ်ဆိုတဲ့ ကိစ္စကကော ခင်ဗျ။
ဖြေ။ ။ တကယ်တမ်း ပြောရရင် ငတ်တော့လည်း တောင်းစားမိမှာပေါ့ဗျာ … ဟုတ်တယ်မလား။ ကုန်းခြံကုန်းလမ်းမှာ အစားအသောက်တွေ ပေးကြပါနဲ့ တကယ်ငတ်မွတ်နေကြတာကိုး … တောင်းမှာပေါ့၊ သိပ် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး … ဘီစကစ်တွေ ကားပေါ်က ပစ်ချလို့ လမ်းဘေးမှာ လူးလှိမ့်ပြီး လုနေတာတော့ မရှိပါဘူး … ကားတိုက်ပြီး သေကုန်မှာပေါ့။မေး။ ။ အမေရိကန်က ပြောနေတုန်း ရှိသေးတယ်၊ တချို့နေရာတွေကို သူတို့ရဲ့ ရေပေါ်၊ မြေပေါ်မှာ သွားလို့ရတဲ့ ရှပ်ပြေး မော်တော်လေးတွေနဲ့မှ အလုပ်ဖြစ်မယ်၊ ကူညီချင်ပါတယ်လို့ တဲ့။ အဲဒီအကူအညီက အခုလို တလပြည့်လာတဲ့ ကာလမှာ လိုအပ်သေးတယ်လို့ ထင်သလား ခင်ဗျ။ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ လိုအပ်တယ် … ဒုက္ခသည်တွေက သူတို့ကို အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်က သင်္ဘောကြီးတွေ သူတို့ကို လာကူညီနေကြပါပြီဆိုပြီး အရမ်းဝမ်းသာနေကြတာ … ကျနော်တို့က ရေဒီယိုလည်း ပေးတယ်လေ … ခင်ဗျားတို့ ကမ္ဘာနဲ့ အဆက်မပြတ်အောင် နားထောင်ကြပါလို့ … သတင်းတွေ နားထောင်ပြီး တအားပျော်ကြတာ၊ အခုလို မလာတော့ဘူးလိုလိုဖြစ်တော့ သူတို့တွေ အရမ်းခံစားရတာ။ ကျုပ်တို့ကို မကယ်တော့ဘူးလား၊ ဒီအတိုင်း ပစ်ထားတော့မှာလား၊ ဒီကျွန်းပေါ်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရမှာလားလို့ အော်ကြတာ။ တယောက်တည်း၊ နှစ်ယောက်တည်းက ပြောတာ မဟုတ်ဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေပါ ပြောကြတာ။ ။

A

B

C

The Kitchen မီးဖိုချောင်